Thursday, December 31, 2009

ကိုချစ်ဖေရဲ့ ၂၀၀၉ မှ ၂၀၁၀ နှစ်များ

ကိုချစ်ဖေရဲ့ ၂၀၀၉ မှ ၂၀၁၀ နှစ်များ

ဘလော့မိသားစုတွေနေတဲ့ ရပ်ကွက်ထဲ ကိုချစ်ဖေ မယောင်မလည်နဲ့ရောက်လာခါစ ရပ်ကွက်
ထဲ ဟိုကြည့်ဒီကြည့် သိတဲ့သူတွေကလဲ အိမ်ကိုဖိတ် ကိုချစ်ဖေကလဲ အတင်းဝင်လည်တဲ့ အ
ခါဝင်လည်နဲ့ ဟိုကဒီက ကမ္ဘာပျက်မယ် ကမ္ဘာပျက်မယ်လဲကြားနေရတော့ တထိတ်ထိတ်နဲ့ပေါ့.
နောက်တော့ ရပ်ကွက်ထဲမှာဒီလိုပဲရှိတယ် ဆိုတာသိသွားမှ အကြောက်ပြေပေါ့.


ကိုချစ်ဖေက ဒီဘလော့ဆိုတာကြီးကို စသိတာကတော့ ၂၀၀၆ ထဲကပါ အတူနေသူငယ်ချင်း
မောင်ချမ်းမှိုင်းရယ် ဂျပန်ကညီငယ် မျောက်ခုနှစ်ကောင်ရယ် ပြောပြခဲ့တာ မျောက်ခုနှစ်ကောင်
ကဆို လုပ်တောင်ပေးခဲ့သေးတယ် ကိုချစ်ဖေကလဲ အကောင်ကြီးပြလို့ အရိပ်ကြည့်မစရာမလို
တော့ဘူးလို့ ထင်တဲ့သူ ကွန်ပြူတာဆိုတာ ရွာကတယ်လီဗေးရှင်းအသေးစားလေးမှာ စာရိုက်
လို့ရတာလေး ပိုတဲ့ဟာပဲထင် အင်တာနက်ဆိုတာကြီးကလဲ အီးလ်မေးပို့မဲ့သူရှိမှရယ် အသုံးတဲ့
တာပါ ကိုယ်က ဘိုစာလဲမတတ်ဘာမတတ်နဲ့ သိပ်တော့ အသုံးဝင်လိမ့်မယ်လဲ မမျှော်လင့်ပါ
ဘူး။

နောက်တော့ ၂၀၀၇ သံဃာတော်တွေ မေတ္တာပို့လမ်းလျှောက် တော့မှ သတင်းလေးဘာလေး
ကြည့်တတ်လာတာ နောက် ဘလော့ဂါဆိုတာ ဘလော့ဆိုတာတွေ တွင်တွင်ကြားဖူးလာတာပါ
တော်တော်အသုံးဝင်မှန်းတော့ သိလာသား နအဖ စစ်အစိုးရမင်းကြီးတွေ မကြိုက်တဲ့စာ ရေး
လို့ သတင်းတင်လို့ရတဲ့အရာမှန်းသိလာတော့ နည်းနည်းတော့ စိတ်ဝင်စားလာတယ် ကိုယ်က
မြန်မာလိုလဲ စာကကောင်းကောင်းမရိုက်တတ် ဘယ်ကနေဘယ်လိုလုပ်လို့ရမှန်းလဲမသိတဲ့အ
ချိန် သူငယ်ချင်းကိုရန်နောင်က ဘလော့ဂါတွေစာရေးကောင်းကြောင်း ဖတ်စရာမှတ်စရာတွေ
အများကြီးရှိကြောင်း သေသေချာချာ လင့်ပါပေးလာပြီးဖတ်ခိုင်းတော့မှ အော ဂလိုပါလားလို့ပို
သိသွားတာလေ။

အဲ့ဒီတုန်းက အမကြီးမခင်မင်းဇော်တို့ အမကြီးမမိုးချိုသင်းတို့ကတော့ ခုကိုချစ်ဖေ မျောက်အုံး
သီးရ သလို တဖောင်ဖောင်ရေးနေတဲ့အချိန်ပေါ့ (အမကြီးလို့ ခေါ်ရတာကသူတို့က ဘလော့
လောကမှာ အထင်ကရတွေလေ.အပြင်မှာတော့ အသက်ငယ်တာပေါ့ တော်ကြာသူတို့ကို အသက် ၅၀တန်းတွေလို့ သွယ်ဝိုက်ပြောသလို ဖြစ်နေလို့ ဒေါပွနေဦးမယ်) ကိုချစ်ဖေကတော့ စီဘောက်ထဲလဲ မရေးတတ် ကော်မန့်လဲ မရေးတတ် (တကယ်က မှားနှိပ်မိရင် ကွန်ပြူတာကြီးမှ ပျက်သွားမလားနောက် မြန်မာလိုလဲ စမ်းတ၀ါးဝါး ရိုက်နေရချိန် ဆိုတော့ မရေးတတ်တော့ မရေးဖြစ်ပေမဲ့ ဖတ်လို့ရမှန်းတော့ သိလာပြီ) ကိုနေဖုန်းလတ်ကလဲ နှစ်၂၀ တွေဘာတွေကျတော့ တော်တော်အထင်ကြီးလာပြီ ဘလော့ဂါတွေကို အားကျလာပြီ ကျည်ကွယ်မျက်ကွယ်ကနေ ထဆဲနေတဲ့သူတွေ ထက် မတရားဓါးမိုးထားတဲ့အောက်ကနေ မျက်စောင်း ပြန်ထိုးရဲတယ် ခုခံဖို့ပြင်ဆင်ရဲတယ်ဆို နည်းတဲ့သိတ္တိမှတ်လို့လေ။

နောက် ဆရာကိုမိုးသီးဇူလိုင်တို့ ဆရာဒေါက်တာလွမ်းဆွေတို့ ဆရာနစ်နေမန်းတို့ ဆီမှာလဲ သ
တင်းတွေ သွားဖတ်ဖြစ် ဆရာမိုးသီးဇူလိုင် ဘလော့ဆို စုံနေတာပဲ ဟုတ်တာတွေရော မဟုတ်
တာတွေရော ရောချတာတွေရော ညာသံပေးတာတွေရော ဆိုတော့ မအားဘူးဆိုတဲ့ကြားက မ
သွားတော့ပါဘူး ဆိုတဲ့ကြားက သွားသွားဖတ်ရသေးပေါ့။

နောက်ကိုချစ်ဖေကလဲ ကဗျာရူးစာရူးဆိုပေမဲ့ ဖတ်ပဲဖတ်ချင်တာ ရေးရတာက မရေးတတ်
တော့ မရေးချင်တာလဲပါတာပေါ့ နောက်အယ်ဒီတာမင်းများ နှစ်သက်မှသာရွေးချယ်လေ့ရှိတဲ့ ဓလေ့ကြီးကို စိတ်ထဲက မနှစ်သက်တာလဲပါသပေါ့.(ကိုယ်တခါတလေရေးတဲ့ ကဗျာလေးတွေ ပို့တဲ့အခါ ကဗျာအသက်ဓါတ်အနုပညာမမြောက်လို့ မရွေးခံရလို့ စိတ်မကောင်းဖြစ်ပြီး ကိုယ့်
ဟာ စာပေလောကမှာ စာရေးသူဖြစ်ဖို့ ပါရမီနည်းရှာသူရယ်လို့ တကယ်ထင်မိတာပါ) ခုလို
ကိုယ်ရေးချင်တာ (ကိုယ်တာဝန်ယူရင်) ရေးလို့ရတယ်ဆိုတာ သဘောကျပေမဲ့ တနှစ်မှကဗျာ
နှစ်ပုဒ်လောက် မရေးမနေနိုင်ဖြစ်ပြီးချရေးလေ့ရှိသူဆိုတော့ ဘလော့ဆိုတာကိုယ်နဲ့လဲ မဆိုင်
လှသလိုပဲပေါ့လေ။

ဟော.ဖြစ်ချင်တော့ ၂၀၀၉ ဇွန်လကုန်မှာ မောင်ချမ်းမှိုင်း မင်္ဂလာဆောင်လာရင်းနဲ့ အဖေါ်
ကောင်းလို့ ဒုလ္လဘ္ဘရဟန်းဝတ်ဖြစ်ပြီး အဆုတ်အအေးပတ်ရာကနေ ဆေးရုံတက်လိုက်ရတဲ့ အ
ထိ ဖြစ်သွား လူကလဲနားနေရ နားမနေရင်လဲ အလုပ်ရယ်မှ လုပ်ဖို့က ကျမ်းမာရေးက အခြေအ
နေမပေးတော့ ဒီလိုပဲနေရတာပေါ့လေ။ အဲ့ဒီအချိန်မှာ ဆရာမပန်ဒိုရာတို့ ဆရာသစ်ကောင်း
အိမ်တို့ နဲ့လဲရင်းနှီးနေ သူငယ်ချင်းကိုရန်နောင်နဲ့ကလဲ ဘလော့ရေးဖို့ ကိုယ်နှစ်သက်တဲ့စာတွေ
စုပေး တင်ပေးဖို့လဲ ပြောထားဖူးတော့ ဘလော့ကိုလုပ်ချင်နေပြီ။ လုပ်လဲမလုပ်တတ်သေး နောက် သူငယ်ချင်း k2tmaung နဲ့ ကိုလင်းလက် (ကျနော့်ဒိုင်ယာယီ) တို့ လုပ်ပေးလို့ ကိုချစ်
ဖေ ဘလော့ကြီးကို ရရှိသွားပါလေရော ကိုပြည်စုံ နဲ့ ကိုနိုင်ဇော်ထွန်း တို့ကလဲ ထပ်မံပြင်ဆင်
ပေး ကိုယ်ရေးတာလေးတွေ လာအားပေးနဲ့ စရေးရာကနေ အများသူငါတွေကြိုက်နှစ်သက်တာ
ရော အမြင်ကပ်တာတွေရောရေးဖြစ်တော့တာပါပဲ

ကိုချစ်ဖေ ကျမ်းမာရေးကဆိုးပြီး နားနေရတဲ့အချိန်အားနေတာလဲ ပါတာပေါ့ဗျာ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေ မိတ်ဆွေတွေ အားပေးတိုက်တွန်းကူညီမှုနဲ့ ကိုချစ်ဖေ စာရေးဖြစ်တော့တာပါ
အားလုံးကိုကျေးဇူးတင်ပါတယ် တကယ်ပါ ဟိုတုန်းက ပြောချင်ရာရာတွေကို စိတ်ရှည်ရှည်နဲ့
နားထောင်ပေးမဲ့သူလဲ မလိုတော့ဘူးလေ (၀ဋ်ကျွတ်သွားတယ်လို့လဲ ပြောလို့ရသပေါ့) ကိုချစ်
ဖေလဲ ရင်ထဲပြောချင်ရာလေး ပြောရတော့ ရင်ထဲပေါ့သပေါ့ သူငယ်ချင်းတွေလဲ တိုးလာသပေါ့
အများရေးတဲ့ စာတွေလဲ ဖတ်ဖြစ်သွားတာပေါ့ ခုတော့ ဘလော့မိသားစုရွာကြီးထဲ ဒီနေ့ ဘယ်
သူပို့စ် တင်မလဲ အကိုကြီးကိုမင်းဒင်လား အကိုဆောင်းယွန်းလလား ကိုနေ့သစ်လား အမမပန်
ဒိုရာ တို့ မဆုမွန်တို့လား မအိန္ဒြာတို့မငယ်နိုင် တို့ ကိုကျောက်တို့ ကိုတိုးကြီးတို့လား ကိုလူထွေး
တို့ ကလူသစ်တို့လား ရွာသားလေးဝိုင်တီယူတို့ ရပ်ကွက်ကလား အကိုကိုနေ့များ နဲ့ တော
ကျောင်းဆရာလား ညီလေးဖိုးစိန် တို့ ရပ်ကွက်က ကိုမိုးကုတ်သား မမိုးခါးတို့ မကိကိ တို့လား အမ မိုးချိုသင်းတို့ အမခင်မင်းဇော်တို့ အမမေငြိမ်းတို့ဖက်ကလား အမမယ်ကိုးတို့ ညီမလေးရီ
မိုးပြည့်တို့ ကိုကျေးလက် ကိုဦးမသန္တာတို့များလား ကိုညိမ်းညို ကိုအောင်သာငယ် ကိုချမ်းလင်း
နေ နဲ့ အဓိပ္ပါယ်ဖေါ်ပြရန်ခက်ခဲသော ကိုညီလင်းဆက် ကိုယောဟန်အောင် ဆရာရစ်တို့ မိုးမခ
ကိုဇာနည်ရဲ့ ငါသာလျှင်ငါ့ဘလော့ရဲ့အရှင်သခင်(သိပါတယ်ဗျာ) တို့ဖက်ကလား ကိုပေါတို့လား
ဆရာနစ်နေမန်းတို့လား ညီမလေးဂျူနီယာလွင်ဦးနဲ့ အဖြူရောင်ညီမလေး နှင်းနဲ့မာယာ
မဂျူနီယာလွင်ဦးတို့ရပ်ကွက်ဖက်ကလား ကျနော့်ပြူတင်းပေါက်လေးဘေးက အဖြူရောင်နတ်
သမီးနဲ့ ကျနော့်ဆရာ ကိုပြည်စုံတို့ ကိုလင်းလက် မကေတူး ကိုနိုင်ဇော်ထွန်းတို့ဖက်ကလား
ကိုဂင်ကြီး ကိုသစ်ခက်သံလွင်နဲ့ ကိုယောနသံ ကိုသစ်ကောင်းအိမ်ညီမလေးကဗျာဦးတို့များ အ
သစ်တင်ပြီလား ကြည့်ရဖတ်ရနဲ့ အတော်လေး စိတ်ဝင်စားရပါတယ်ဗျာ ။

အားနေတဲ့အချိန်တွေကို အကျိုးရှိသွားတာပေါ့ တကယ်တော့ ဆက်ကာဆက်ကာ ရပ်ကွက်အ
လိုက် လည်ဖြစ်တာတွေလဲ ရှိသေးဗျ ဘာပဲဖြစ်ဖြစ် ၂၀၀၉ ခုနှစ်ကုန်ပိုင်းမှာ ကိုချစ်ဖေ မရေးရ
မနေနိုင်လို့ ရေးခဲ့တာတွေ ကို သည်းခံဖတ်ရှု့သူများ အားပေးတိုက်တွန်းကူညီခဲ့သူများအားလုံး
ကိုကျေးဇူးတင်ပါတယ် (နောက်လဲ သည်းခံကြရပါဦးမည်.ဟဲ) နှစ်ဟောင်းက ကျမ်းမာရေးမ
ကောင်းခဲ့တာတွေ အဆင်မပြေဖြစ်ခဲ့ရတာတွေ မအီမလည်ခံစားရတာတွေ ၀မ်းနည်းစိတ်ပျက်
ဖွယ်ရာတွေ အားလုံးကို ထားခဲ့ပါပြီ။

ကိုချစ်ဖေရဲ့မေမေ ပြောသလို “သားရယ်.သူတို့တွေလဲ သူတို့တတ်သလောက် လုပ်နိုင်သ
လောက် နားလည်သလောက် လုပ်ကြတာပဲ ဘယ်လိုမှသဘောမထားတော့နဲ့” စကားကို ကြား
ယောင်မိပြီး ထားချင်သည်ဖြစ်ဖြစ် မထားချင်သည်ဖြစ်ဖြစ် ကြည့်လို့မသင့်တော်တဲ့ မကြည့်ချင်
တဲ့ ဗွီဒီုယိုဇာတ်ကားကိုကျော်ပြီး ရစ်ပြီးကြည့်ရသလိုထားခဲ့ပါပြီ။

ဒီနေ့ ဒီဇင်ဘာလ (၃၁)ရက် (၆၆)နှစ်မြောက်မေမေ့မွေးနေ့မှာ မေမေကို သတိယနေရင်းထားခဲ့
ရမှာတွေအားလုံးထားခဲ့ပြီး မွေးမြူရမှာတွေ ကြိုဆိုဂုဏ်ပြုရမှာတွေကို တွေးတော မွေးမြူဖို့ပြင်
ဆင်ရင်း ၂၀၁၀ ခုနှစ်ကို ကြိုဆိုလိုက်ပါပြီ ကိုချစ်ဖေနဲ့ သဘောကိုက်ညီသူ မကိုက်ညီသူအား
လုံး မင်္ဂလာကျက်ရေ တိုးပြီး ကျမ်းမာပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Read more...

Wednesday, December 30, 2009

နှစ်သစ်ကြို ကြောင်တကောင်ရဲ့ အတ္ထုပ္ပတ္တိ





နှစ်သစ်ကြို ကြောင်တကောင်ရဲ့ အတ္ထုပ္ပတ္တိ

တောင်ပေါ်တက်လို့တက်
တောင်အောက်ဆင်းလို့ဆင်း
ဖြစ်ချင်ရာဖြစ်
ဘရိတ်မရှိတဲ့ကားကြီးလို..

အွန်လိုင်းပေါ်ကိုတက်
ချက်တင် အတင်းဝင်လို့ဝင်
ခံတွင်းပျက်နေတဲ့ကြောင်
တောဝင်သလို…

တတောင်တက် တတောဝင်နဲ့
မိုင်တိုင်လေးဆယ်တော်တော်ကြီးကျော်
ပြေးကြည့်လို့ အချစ်မရှိတဲ့ကောင်
ကြောင်တကောင်လို ကြောင်တောင်တောင်

လာပြန်ပြီဟေ့..
၂၀၁၀ …
၂၀၁၀ မှာ
အရင်နှစ်တွေလို
မဖြစ်စေရသောဝ်..
ခံတွင်းတော်တော်ပျက်တဲ့ကြောင်။ ။

ကိုချစ်ဖေ

သူငယ်ချင်းကဗျာဆရာမနှင့် စကားစမြည် တောအကြောင်းတောင်အကြောင်း ပြောရင်း ကြောင် တကောင်ရဲ့ အတ္ထုပ္ပတ္တိ ကိုခံစားရပါကြောင်း နှစ်သစ်မှာရွှင်လန်းကြပါစေသော်..

Read more...

Monday, December 28, 2009

အစ်ကို






အစ်ကို

တနေ့ကျတော့
စာသင်ခန်းထဲမှာ ဆရာမက
ကျောင်းသားလေးတယောက်ကို ထခိုင်းပြီး
မေးခွန်းတခုမေးတယ်
မင်းကြီးလာရင် ဘာဖြစ်ချင်သလဲတဲ့
ကျောင်းသားလေးက ထရပ်ပြီး
ဆရာမကို အကြာကြီးစိုက်ကြည့်နေတယ်

ပြီးမှလေသံတိုးတိုးလေးနဲ့ ဖြေလိုက်ရဲ့
(နားထောင်စမ်းပါ)
“ကျနော်ဟာ ခြေတဖက်ဆာနေတဲ့ ကောင်လေးတယောက်
ဖြစ်ချင်ပါတယ်” တဲ့

ဆရာမက တအံ့တသြနဲ့
ကျောင်းသားလေးကို ကြည့်ကာ
ဘာဖြစ်လို့လဲ သားတဲ့
ထပ်ပြီးမေးလိုက်ပေါ့

ဒီတော့ကျောင်းသားလေးက
အရည်လဲ့နေတဲ့ မျက်လုံးအစုံကို ပုတ်ခတ်ပြီး
ဦးခေါင်းကို ငုံ့ကာ
ဆရာမကြားနိုင်ရုံ တိုးတိုးလေး ပြောလိုက်တယ်
“ကျနော့် ညီမလေးက ခြေတဖက်မသန်ဘူး
ဆရာမ” တဲ့

နေမျိုး
(ရုပ်ရှင်တေးကဗျာ-အောက်တိုဘာ ၂၀၀၁)

Type the rest of your post here.

Read more...

Thursday, December 24, 2009

စာကလေးသုံးကောင်

ကျနော်ခံစားရတဲ့ ကိုခွန်ဆိုင်းရဲ့ ကိုယ်တွေ့ စာလေးဖြစ်မယ်ထင်ပါတယ် ကောင်းကင် အနုပညာမဂ္ဂဇင်းကနေကူးယူဖေါ်ပြပါတယ်.
(၁)



ကျွန်တော်ထင်တယ်။ လူတယောက် ဘ၀ မှာအရေးပါမှုတို့ ဘ၀က အရေးတယူပြုရမှုတို့ ဆိုတာတွေဟာ တယောက်နဲ့ တယောက် တချိန်နဲ့တချိန် တူကြမှာ မဟုတ်ဘူး။ လသားဘ၀ ကလေးတုန်းကတော့ အမေ့နို့အုံလေးက ကျွန်တော့်အတွက် အရေးအပါဆုံးဖြစ်ခဲ့မှာ သေချာတယ်။ ကျောင်းနေဘ၀ရောက်တော့ စာမေးပွဲ မှန်မှန်အောင်ချင်တာတို့၊ အတန်းထဲ ပထမ ရချင်တာတို့၊ ဆရာဝန်ဖြစ်ချင်နေတာ တို့က အရေးပါမလားဘဲ။ နောက် အရွယ်ရောက်လာတော့ ချစ်သူရဲ့ လက်ကလေး တဖက်ကို မြတ်မြတ်နိုးနိုး ကိုင်ထားချင်တဲ့ စိတ်ဖြစ်တဲ့နေ့တို့၊ သူ့မွေးနေ့ မွေးလရာသီမှာ ကံ့ကော်ပန်းတွေ မရမက ရှာခဲ့ရတာတို့က အရေးပါနေခဲ့ပြီး တချိန်မှာ ကျတော့လည်း သူမကို တသက်လုံး ဆွေးမြေ့ မျက်ရည်ကျစေ လမ်းခွဲစေခဲ့ရတာတွေ၊ မိခင်ကိုလည်း နင့်နင့်သီးသီး ရင်ကျိုးစေ၊ ဆရာဝန်ဘ၀ကိုလည်း အပြီးစွန့်ခဲ့စေအထိ ဘ၀ရဲ့ တောင့်တ ရူးသွတ်မှုတွေ ပြောင်းသွားခဲ့ပြီး အရေးပါမှုတွေက တမျိုး ဖြစ်ကုန်ပြန်တယ်။


ဆိုပါတော့။ ခင်ဗျားကို (၈)ပေ (၁၂)ပေ အခန်းတခုထဲမှာ (၁၀) နှစ်၊ အနှစ် (၂၀) တန်သည်၊ ပိတ်လှောင်ထားကြပြီ ဆိုပါတော့၊ ဒါဆို ခင်ဗျားလည်း ခင်ဗျားဘ၀ရဲ့ အရေးပါမှုတွေ ပြောင်းကုန်မှာ အသေအချာဘဲလို့ ကျွန်တော် ရဲရဲပြောနိုင်တယ်။ ခင်ဗျား သိပ်ချစ်နေတဲ့ ကောင်မလေးကို မေ့ထားလိုက်စမ်းပါဗျာ။ အဲဒီအရေးပါမှုဟာ ရှေ့တန်း တက်မလာနိုင် တော့ဘူး။ အဲဒီအချိန်မှာ ခင်ဗျား သံယောဇဉ်တွေ စည်းစိမ်တွေ၊ ခင်ဗျားတတ်ထားတဲ့ ပညာတွေ၊ ပိုင်ထားတဲ့ ဂုဏ်ဒြဗ်တွေက ဘာမှ သုံးစားလို့မရဘဲ ခင်ဗျား တခုတ်တရ တန်ဘိုးနဲ့ တည်ဆောက်ထားတဲ့ ဘ၀ဆိုတာကလည်း အစိတ်စိတ် အမွှာမွှာ၊ ခင်ဗျားကိုယ်ခင်ဗျားလည်း နံရံမှာ ထောင်ထားတဲ့ ဖွဲအိတ်တအိတ်နဲ့ တူနေသလားလို့ တခါတခါ ခံစားရလိမ့်မယ်။ ရေညှိတွေ၊ အနယ်တွေ ထ နေတဲ့ရေကို နေ့တိုင်း သောက်နေရလို့ ရေသန့်သန့်လေး တခွက် သောက်ချင်စိတ်က အရမ်းကိုဖြစ်နေတာတို့ သောက်ခွင့်ရလိုက်ရင် စိတ်ပျော်သွားတာတို့ တွေဖြစ်နေလိမ့်မယ်၊ ဘာမှမဟုတ်တဲ့ ကိစ္စကို အမှုလုပ် နှစ် (၃၀) နေရမယ်ဆိုလို့ တချက်တချက် ပေါက်ကွဲနေတဲ့ သူငယ်ချင်းတယောက်ကို သူ့အမေ ဆေးရုံတက်နေတာ ဖွင့်ပြောလိုက်ဘို့ သင့်မသင့်တို့၊ ပြီးခဲ့တဲ့ (၂) ရက် လောက်ကရတဲ့ သတင်းတခုကို အတည် ပြုနိုင်ဘို့ သတင်းစာကို ဖတ်ရဘို့လိုတယ်။ ကိုယ့်ခြုံစောင် လာဒ်ထိုးပြီး ၀န်ထမ်းတယောက် ဆီမှာ သတင်းစာနဲ့ လဲလိုက်ရမလားတို့၊ ဖွက်ထားတဲ့ အဘိဓါန်လေးကို တိုက်ဝင်း သန့်ရှင်းရေး သမားလေး တွေ့သွားတဲ့ကိစ္စ နှုတ်ပိတ်နေအောင် စည်းရုံးဘို့ ဆိုတာတွေက အရေးပါနေ လိမ့်မယ်။



ပြည့်လျှံနေတဲ့ အိမ်သာခွက် တခွက် ကိစ္စကလည်း တကယ့် ရေးကြီးခွင်ကျယ်ကိစ္စ မဟာဒုက္ခ ဖြစ်လာတတ်သေးတယ်၊ ခင်ဗျားမရီနဲ့။ လူတယောက် ၀မ်း ထပ်သွားဘို့ သူက ခွင့်မပြုတော့လို့ မြန်မြန် သွန်ရဖို့ မိုးမြန်မြန် လင်းပါစေလို့ ဆုတောင်းနေရတဲ့ အန္တရာယ် လွယ်ထားရတဲ့ မနက်ခင်းမျိုးတွေ။ (၈) ပေ၊ (၁၂) ပေ အခန်းလေးထဲက လူ (၈) ယောက်လုံးရဲ့ စိတ်တွေ အိမ်သာခွက် ဆီရောက်နေအောင် အိမ်သာခွက်က ဖမ်းစား လွမ်းမိုးထားလိမ့်မယ်၊ သွန်ပြီးသွားမှ စိတ်သက်သာရာ၊ စိတ်ချမ်းသာရတာ ကိုယ်စီရကြတာတို့။ ငါ့ကိုယ်ငါ မပိုင်ပါလားဟ ဆိုတဲ့ နဖူးတွေ့ ဒူးတွေ့တရား၊ ဒုက္ခ အသေးစားတချို့ကို ပြတ်ပြတ် ထင်ထင် ဖြစ်သွားတာတို့ ဖြစ်လိမ့်မယ်။ တခါ ပြစ်ဒဏ် သင့်စရာ တခုခု ထပ်လုပ်လိုက်လို့ အ၀တ်တထည် ကိုယ်တခုနဲ့ ဆင်းဆင်းရဲရဲ ပိတ်လှောင်ခံနေရခိုက်မှာ ကံကောင်းလို့ ရလာတဲ့ ဆားလေး တဇွန်းအတွက်တောင် ထားစရာ သိမ်းထားစရာ မရှိတဲ့ ကာလမျိုးတွေ၊ အဲဒီအချိန်မှာ ဗန်ဒါရွက်ကလေး တရွက်နဲ့ ထုပ်ထားလိုက်ရတာမျိုး၊ ဗန်ဒါရွက်လေး ကောက်ပေးတဲ့လူက အခရာကျ ကျေးဇူးတင်ခဲ့ရတာ၊ ဗန်ဒါရွက် အရေးပါခဲ့တာ အဲဒီ ဗန်ဒါရွက်ကို မှတ်မှတ်ရရ ဖြစ်နေတာတွေ ရှိလိမ့်မယ်။ ပါရမီပါလို့ ရှာနိုင်ကျင့်နိုင် ရင်လည်း - နအတ္တ အထိ ဖြတ်ကနဲ မြင်စွမ်းသူတောင် ဖြစ်လာနိုင်သေး။



ခုနေတော့ လွန်ခဲ့တဲ့ (၁၈) နှစ် လောက်တုန်းက ကျွန်တော့်ဘ၀မှာ စာကလေးသုံးကောင် အရေးပါခဲ့တဲ့အကြောင်း ခင်ဗျားတို့ကို ကျွန်တော်စပြီး ပြောချင်တယ်။ သူတို့တွေက ကျွန်တော့်ကို အဖေ စိတ်ဝင်အောင် အမေ စိတ်ဖြစ်အောင် မိဘတာဝန်က ဘာလဲ သိအောင် သင်ပေးခဲ့တာမို့ပါ။ အကြင်နာတရားတွေကို တမ်းတရင်း အဖေါ်ငတ် ပူလောင်နေတဲ့ ကျွန်တော့် ဘ၀ကြမ်းကြီးထဲ သုံးလ၊ လေးလစာလောက် ကွပ်လပ်ဖြည့်ပေးခဲ့ကြ ငြိမ်းအေးစေခဲ့ကြ။ မေတ္တာ ငတ်တီးကျပြီး အထီးကျန် ဖြစ်နေတဲ့ ဧကစာရီ ဘ၀ထဲ နေ့စဉ် သုံးကောင်သား အားကိုး တွယ်တာမှုတွေနဲ့ ဝင်ရောက်ခဲ့ကြ၊ ကျွန်တော့် ရင်ဘတ်ပေါ်မှာ ခေါင်းခါခါ လည်ခါခါ တီတီတာတာလုပ် နှုတ်သီးလေးတွေနဲ့ ထိုးဆိတ် ဆော့ကစားကြခဲ့ရင်းက၊ တကျီကျီအော် အစာတောင်းရင်းက၊ မစင်တွေယိုကြရင်း က၊ ခေါင်းမြှုပ် ပုဆစ်တုတ် အိပ်ကြရင်းက ကျွန်တော့်ကို စုန်ရေ မေတ္တာစိတ်တွေ အကြောင်း သင်ကြားပေးခဲ့ကြတာ၊ ဘ၀ကို ရှင်သန်အောင် မွေးတဲ့နေရာမှာ ဘာတွေက အရေးကြီးသလဲဆိုတာမျိုးကို သူတို့ အသက်တွေနဲ့ ရင်းပြီးကာမှ ကျွန်တော့်ကို နားလည်စေ ခဲ့တာတွေ၊ ဒါတွေကို ပြောချင်နေတယ်။



(၂)


--------------------------------------------------------------------------------


အဲဒီနေ့က ကျွန်တော့် အခန်းရှေ့ ပြုတ်ကျလာတဲ့ စာသိုက်ထဲမှာ မိကြီး၊ မိစွာ၊ မိငယ် ဆိုပြီး ဖြစ်လာမယ့် စာပေါက်လေး (၃) ကောင် ပါလာတယ်။ သူတို့နေရာ သူတို့ ပြန်ရောက်အောင် တင်ဘို့ ဆိုတာက လက်တွေ့ ဘ၀ အခြေအနေ မပေးဘူး။ အနဲဆုံး လူ (၃) ယောက်ဆင့်ပြီး ထမ်းတက်မှ မီလုမီခင် လက်တကမ်းကို ရောက်မယ့် ပေ(၂၀)ကျော် အမြင့်။ ဒါကလည်း ကိုယ့်ကို မကြည်လင်နေတဲ့ ၀န်ထမ်းများ မြင်လိုက်လို့က အင်မတန်ကြီးလေးတဲ့ အမှု၊ တစုံတရာ ကြံစည်မှုလို့ ခေါင်းစဉ်တပ်လိုက်ရင် ပြီးပါလေရော။ ရောက်နေတဲ့ နေရာအရ ဒါဟာ ပုဒ်မကြီး။ သူတို့လေးတွေကို ပစ်ထားလိုက်ပြန်ရင်လည်း မကြာခင် သေသွားကြတော့မှာ။ ဒါနဲ့ ကောက်ယူထားလိုက်ရတယ်။ အရင့်အရင် ဒီနေရာမျိုးတွေ ရောက်တုန်းကလည်း ဒီလိုဘဲ ကောက်မွေးဖူးတယ်။ မအောင်မြင်ဘူး။



မအောင်မြင်ဘူးလို့ပြောရတာက မွေးလိုက်တဲ့ စာကလေးက ရှင်ချင်ရှင်မယ်။ ဒါပေမယ့် ဘ၀ပျက်နေတဲ့ `စာ´၊ ဘ၀ပျောက်နေတဲ့ စာကလေး ဖြစ်လာတာဘဲရှိတယ်။ အရွယ်ရောက် လာတဲ့နေ့မှာ သူဟာ`စာ´တော မတိုးတော့ဘူး။ `စာ´လောက စာကလေးတွေရဲ့ ပင်ကိုယ်ဘ၀ဆီ ပြန်မသွားနိုင်တော့ဘူး။ လူနားမှာဘဲနေ လူကျွေးတာစားပြီး စာညွန့်တုန်း သွားကြ၊ တကြောင်းကြောင်းနဲ့ ဘ၀ ဇာတ်သိမ်းရတာချည်းဘဲ။ အောင်မြင်တယ်ဆိုတဲ့ အဓိပ္ပါယ်က ကိုယ်မွေးလိုက်တဲ့စာကလေးဟာ အရွယ်ရောက်လာတဲ့တနေ့ `စာ´လောကကို ပြန်ဝင်ဆန့်သွားပြီး အများတကာ`စာ´တွေလို ပျံသန်းနိုင် အစာရှာနိုင် အသက်ရန်ရှာတဲ့ အန္တရာယ်ဘေးတွေကနေ ရှောင်တိမ်းနိုင်စွမ်းနဲ့ ကိုယ်ပိုင်`စာ´ မိသားစုဘ၀တွေကို ထူထောင်နိုင်စွမ်းရှိတာကိုပြောတာ။ နုစဉ်မှာတော့ ကိုယ်မွေး လိုက်တဲ့စာကလေး တခြားပျံမသွားစေချင်ဘဲ ကိုယ်နားမှာတ၀ဲလည်လည် ပွတ်သီးပွတ်သတ် တက်လိုက်ဆင်းလိုက် လုပ်နေရင် ကျေနပ်နေခဲ့တာပေါ့။ တခြားပျံမသွားနိုင်အောင် အတောင်ကို တချောင်းကျော်နှုတ်ထားဖြတ်ထား၊ လုပ်ထားလိုက်ပေါ့။



ဒါပေမယ့် ပြန်ဆင်ခြင်နိုင်တဲ့ တနေ့ တွေးကြည့်လိုက်တဲ့အခါ တော်တော်မတရားပါလား။ ကိုယ်စိတ်ကျေနပ်ဘို့ တခုအတွက် သက်သက် တကိုယ်ကောင်းကြံလိုက်တာ။ ကိုယ့်အတ္တအတွက် သူ့ဘ၀ကို အပိုင်ယူထားလိုက်တာမျိုး ခံစားမိလာတယ်။ သူ့မှာ ကိုယ်ပိုင်ဘ၀မရှိတော့ဘူး၊ ကိုယ်ပေးမှ ရတဲ့ဘ၀ဘဲ ရှိတော့တယ်။ ဘ၀ရဲ့ တန်ဘိုးအကြီးဆုံး လွတ်လပ်ခွင့်ဆိုတာ သူဆုံးရှုံးနေပါလား။ သူ့ကို လွတ်လပ်စေချင်တယ်။ ကိုယ့်လိုဘ၀မျိုးမဖန်တီးချင်ဘူး။ ဒီလိုသဘောပေါက်လာတယ်။ ကဲ ဒီတခါတော့ သူတို့ကို အောင်မြင်အောင် မင်းဘယ်လိုမွေးမလဲ။ လက်ထဲရောက်လာတဲ့နေ့တုန်းက သူတို့ကိုကြည့်လိုက်တော့ တကယ်မှတကယ့် ကိုရက်သားလေးတွေ။ မျက်လုံးတွေမပွင့်ကြသေးဘူး။ ခေါင်းနဲ့ကိုယ်က ဆတူ။ အူခွေလေးတွေ၊ ဥ ဘ၀တုန်းက မိခင်ငှက်မကြီးကထည့်ပေးလိုက်တဲ့ ယာယီရိက္ခာ အနှစ်ဝါလုံးလေးတွေကိုတောင် ၀မ်းရေပြား ပါးပါးမျှင်မျှင်လေးအောက်မှာ မြင်နေရတုန်း။ အမွှေးလေးတွေက အရေပြားအောက်တွေမှာ ရေးတေးတေး မဲညိုညိုလေးတွေအဖြစ်ဘဲ ရှိနေကြတုန်း။ အားယူနေတုန်း။ သူတို့ငှက်လေးတွေမှာ အမွှေးဆိုတာက ခေါင်းနဲ့ တောင်ပံတွေကနေ စပေါက်လေ့ ရှိတယ်။



မွေးစမှာ အရေးအကြီးဆုံးက သူတို့ကို အောင်အောင်မြင်မြင်အစာခွံ့နိုင်တာဘဲ။ ဒီအရွယ်လောက်ကလေးတွေဆိုရင် လက်ထဲထည့်ပြီး နှုတ်သီးဖြဲအစာခွံ့တာကိုသူတို့ ခံနိုင်ရည်မရှိဘူး။ လက်ပူမိသေတာများတယ်။ ဒါကြောင့်နည်းသစ်ရှာရတယ်။ ဇာကနာလို ညှပ်ကလေးဖြစ်အောင် ဖျာစလေးတွေနဲ့ ထွင်လိုက်။ ထမင်းလုံး၊ ဆန်စေ့လေးတွေ ညှပ်နိုင်အောင် လုပ်လို့ ရပြီဆိုရင်တော့ သူတို့ကို အစာခွံ့လို့ရပြီ။ ဒါပေမယ့် သူတို့နဲ့အရင် နားလည်မှုတည်ဆောက်ဘို့လိုတယ်။ အရေးကြီးတဲ့ သင်္ကေတက သူတို့နဲ့ နီးစပ်တဲ့ အသံတခု ပုံမှန်ပြုဘို့နဲ့ အသိုက်ကလေးကို နဲနဲပုတ်လိုက်ဘို့ဘဲ။ စာမကြီးတွေရဲ့သင်္ကေတက အစာချီပြီး ရောက်လာပြီဆိုရင် အသံပြုလေ့ရှိတယ်။ တောင်ပံ ခတ်သံလည်း ပေးတယ်။ ခေါင်းထောင် ပါးစပ်လေးတွေ ဟ ပြီး အစာတောင်းတာနဲ့ ချီလာ ငုံလာတဲ့အစာကို အာခေါင်ထဲ ရောက်အောင် ထည့်ပေးလိုက်တာ။ ကိုယ်ကတော့ သူ့နှုတ်သီးလောက် ဘယ်တိကျမလဲ။ ငှက်မကြီးတွေက သားသမီးတွေ ပေါက်ပြီများဆိုရင် မမောနိုင် မပန်းနိုင် တနေကုန် အစာရှာပြီး ခေါက်တုန့်ခေါက်ပြန်သွား အစာခွံ့နေတာဘဲ တွေ့ရမယ်။ ကိုယ်လည်း ခုတော့ ငှက်မကြီးလို တနေကုန် အလုပ်ရှုပ်နေတော့တာ။



ဘ၀ဟာ တခါတခါတော့ ဟာသပြဇာတ်လို့ ဆိုလို့ရတယ်။ အတိတ် တချိန်တုန်းက ကိုယ်ဟာ မြို့လည်ခေါင်မှာ လဘက်ရည်ဆိုင်ကြီး တဆိုင်တည်ခဲ့တာမျိုး ဖြစ်ချင်ဖြစ်။ အချက်အခြာ နေရာတခုမှာ အထူးကုဆေးခန်းတခု ထူထောင် လည်ပတ်နေတာ ဖြစ်ချင်ဖြစ် အဲဒီ အခါတုန်းက ကိုယ့် နေ့တဓူဝ ခေါင်းထဲရှိမှာတွေက လယ်ဂျာတွေ ဂျူတီဇယားတွေ။ လစဉ်အ၀င်အထွက်စာရင်း ကိန်းဂဏန်း (၇) လုံး (၈)လုံး ကိစ္စတွေနဲ့ ရှုပ်ထွေးပြီး သာရေးနာရေး ကိစ္စတွေတောင် ပျက်ကွက်ဖူးလိမ့်မယ်။ လဘက်ရည်ဆိုင် ၀န်ထမ်း (၂၅) ယောက်၊ ဆေးခန်းက ၀န်ထမ်း (၂၈) ယောက်ကို လစာရှင်းပေးဘို့၊ တချို့ မိသားစုတွေကို အရေးပေါ် ဆေးကုစားရိတ် ကြိုတင်ထုတ်ပေးဘို့။ အချင်းချင်း ရန်ဖြစ်နေတာရှင်းဘို့။ စကားများရလေ့ရှိတဲ့ ဂျူတီ ဇယားခွဲဘို့ ဆိုတဲ့ကိစ္စတွေ ခုတော့ ခေါင်းထဲမှာ ဒါတွေ ရှိမနေတော့ဘူး။ အရေးဆက်ပါမနေ တော့ဘူး။ ကိုယ်နဲ့မဆိုင်တော့ဘူး။



လက်ထဲက ဥမမယ် စာမမယ်လေး (၃) ကောင်ကို ဘယ်လို အသက်ရှင်အောင် မွေးမလဲဆိုတာကမှ ကိုယ့်ကိစ္စ။ အရေးပါအရေးကြီးနေတယ်။ ဇလုတ် လေးတွေဖေါင်းနေဘို့လိုတယ်။ ဒီလိုအစာခွံ့နိုင်ဘို့ တနေကုန် ကြိုးပန်းနေရတာ ရီစရာ မကောင်းဘူးလား။ အချိန်တိုတိုလေးမှာ အပေးအယူတွေ၊ နားလည်မှုတွေ သံယောဇဉ် တွေတည်ဆောက်၊ တနေ့တခြား မျက်လုံးလေးတွေ ပွင့်လာတာ။ အမွှေးလေးတွေထွက် လာတာ။ ခုန်ဆွ ခုန်ဆွ လုပ်တတ်လာကြတာ။ အတောင်ကို ခတ်ရင်း အားယူလာကြတာ၊ ဒီလို တိုးတက် လာတာတွေကြည့်ပြီး ပျော်။ ဒါက လဘက်ရည်ဆိုင် ရောင်းအားတက် လာတာ။



အနီးအနားက လူနာတွေက အားကိုးတကြီး ကိုယ့်ဆေးခန်းလာတဲ့ ကိစ္စလောက် တော့ဘယ်အရေးပါမလဲ။ ဒါပေမယ့် ဒီလို ဘ၀ကို သေအောင် သတ်ထားတဲ့ နေရာတခုမှာ ကိုယ့်စိတ်နှလုံးကို ရှင်သန်စေခြင်းနဲ့ ပတ်ဝန်းကျင်က ဘ၀တူတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ရှင်သန်အောင် ကြိုးပမ်းခြင်းကိစ္စဟာလည်း ပစ္စက္ခရဲ့ ဧရာမကိစ္စဘဲဗျ။ အထီးအမ ခွဲတတ်လို့ သမီး နံမည်တွေ ပေးထားတာတော့ မဟုတ်ဘူး။ မိကြီးဆိုတာက အထွားဆုံးမို့ ပေးတဲ့နာမည်။ မိစွာဆိုတာက သူများထက် အကြောက်အလန့်နည်းပြီး အစာခွံရင် အတင်းလုတတ်လို့။ မိငယ်ဆိုတာက အညှက်ဆုံးမို့။ အဖေဖြစ်ရင် သမီးကို အချစ်ပိုတယ်ဆိုတဲ့ တချို့ စိတ္တဗေဒ ပညာရှင်တွေပြောတာ မှန်ကောင်းမှန်မလား။ အိပ်နေတုန်း ကိုယ့်ရင်ဘတ်ပေါ်ခုန်တက်။ အတောင်အလက်လေးတွေ အားကောင်းလာတော့ ပခုံးပေါ်ပျံတက်၊ အစာဆာရင် နှုတ်သီးနဲ့ လူကိုဆိတ်။ ဒီလို ရှင်သန်လာမှုလေးတွေက လူကို ကြည်နူးစေတယ်။



အသက်ရှင်နေသေးတဲ့ သတ္တ၀ါမှန်ရင် ပုရွက်ဆိတ်ကလေး တကောင်ကအစ ကိုယ့်အသက် ကိုယ်နှမျောတယ်ဗျ။ မယုံရင် ရေထဲပစ် ချကြည့်။ မသေမခြင်း သူ့ ရှင်ရာရှင်ကြောင်း အကြောက်အကန် ရုန်းကန် ပြသွားလိမ့်မယ်။ သတ္တ၀ါလေး သေးသေးလေးတွေ ဆိုပေမယ့် ဘ၀ကိုတွယ်တာစိတ် ကြောက်စိတ်ဆိုတာတွေ အားလုံးမှာ ရှိတယ်။ အားကိုး တွယ်တာတတ်မှုရှိတယ်။ မေတ္တာကို သူတို့နားလည်သလို အသိအမှတ်ပြု တုန့်ပြန်နိုင်စွမ်းရှိတယ်။ တခါတခါ လူ တချို့ထက် သာသေးတယ်။ အမွှေးလေးတွေ အားယူပြီး တော်တော်စုံစုံ ထွက်လာတော့ အရေးတကြီး ဆက်ပြီး လေ့ကျင့် သင်ကြားရတာ နှစ်ခုက ကိုယ်ဖာသာ အစာ ကောက်တတ်လာအောင် ကောက်ချင် စိတ်ဖြစ်အောင် လုပ်ဖို့နဲ့ ယုံယုံကြည်ကြည် ပျံသန်းရဲတဲ့ စိတ် ဖြစ်အောင် လုပ်ဖို့ဘဲ။ အသက်ရှင်နေဆဲ ဘ၀တိုင်းမှာ အသက်ဆက်ရှင်သန်ဘို့ ဒီနှစ်ခုလုံးဟာ အရမ်းလိုအပ် ရေးပါလှတယ်။



``ညှာတာမှု ကင်းတဲ့ လောကကြီးထဲ ရောက်လာကြရင် ဘ၀ဆိုတာ သေကွဲရှင်ကွဲတွေနဲ့ ပြည့်နှက်နေတာမဟုတ်လား။ ခွံ့ပေးမှ အစာ စား တတ်မယ်ဆိုရင် ဘ၀မှာ ဘယ်လိုမှ အသက်ဆက်မရှင်သန်နိုင်ဘူး သမီးတို့ရေ။´´ ဒီ အဖေကြီးဆိုတဲ့ ဘ၀ကလည်း ယာယီပဲ။ နောက်၅မိနစ်မှာ ဘယ်ရောက်မယ်ဆိုတာ ရိပ်စားလို့မရဘူး။


ကဲ ပစ္စည်းသိမ်း၊ အခန်းအပြင် ထွက်ခဲ့ဆိုတဲ့ အမိန့်ဝင်လာတာနဲ့ ချက်ချင်း ခရီးအရပ်တခုကို စ ရတာမျိုး။ သမီးတို့ကို ခေါ်သွားခွင့် မရနိုင်ဘူး။ ထားခဲ့ရမှာ။ အဲဒီအချိန်မှာ သမီးတို့ကို ခုလို အစာဆက်ခွံ့ဘို့ စိတ်ရှည်တဲ့လူကို တွေ့ဘို့ဆိုတာထက် အရေစုတ်ပြီး ဟင်းလေး တနပ် လုပ်လိုက်ဘို့ စိတ်ကူးရှိသူတွေကသာ များနေတဲ့ အရပ်မှာ သမီးတို့ကို စိတ်ချရအောင် သင်ပေးခဲ့ရမှာတွေက အများကြီး။ အဖေကြီး နောက်ဆံမတင်းချင်ဘူး။ ယုံယုံကြည်ကြည်ပျံရဲအောင်လုပ်ရတာတော့ သိတ်မခက်လိုက်ဘူး။ သူတို့လေးတွေ ကိုယ်တိုင်က အတောင်အားကိုးတဲ့ အမျိုး။ နဲနဲမြင့်တဲ့ နေရာတခုမှာတင် ခုန်ချခိုင်း။ တပေ နှစ်ပေ စတဲ့အမြင့်ကနေ လွှတ်ချကြည့်။ ပထမတော့ ဂျွမ်းထိုး မှောက်ခုန်ပေါ့။ နောက်တော့ ဟန်ကျပန်ကျ ထိန်းနိုင်လာ။ အကျကောင်းလာကြရော။ အကျကောင်း အောင်ပျံတတ်ရင် နောက်ထပ်က လိုရာကိုရောက်အောင်ဦးတည်ပျံတတ်ဘို့ ထပ်လေ့ကျင့်ရတယ်။ တမံသလင်းပေါ်ကနေ ရှေ့ တံခါး သံတန်းပေါ်ရောက်ဘို့ အခါခါ ပျံကြရတယ်။ သံတိုင်ဝင်တိုက် ပြုတ်ကျ၊ အရှိန်လွန်ပြုတ်ကျ၊ ခြေကုတ် မမြဲပြုတ်ကျ။ အထပ်ထပ်ပျံကြမှ နောက်ပိုင်းမှာ လိုရာ ဦးတည်ရာကို မှန်းဆပြီး ပျံတတ်လာ၊ ကျော့ကျော့လေး အတောင်ရုတ် သိမ်းတတ်၊ ဟန်ရ ပန်ရ နားတတ်လာကြတယ်။



ဒါပေမယ့် ကိုယ်ဖာသာ အစာကောက်အောင် ကျင့်ရတာကျတော့ခက်တယ်။ သူတို့က ပါးစပ်လေးတွေဟပေးထားပြီး ကိုယ်ကခွံ့ပေးတာကို တော်တော် သဘောကျကြ တယ်။ ပျင်းတာတော့မဟုတ်ဘူး။ အားကိုးသမှုလို့ပြောမလား။ တိုက်ခန်းထဲက လှမ်းကြည့်လိုက်လို့ အခန်းရှေ့ အုတ်တံတိုင်း ဘောင်ရိုးတွေပေါ်မှာ တခါတခါ မိခင်နဲ့အပျံ လိုက်သင်နေတဲ့ ငှက်ပေါက်လေးတွေ တွေ့ရင်လည်း အတော်ကြီးတဲ့ အထိ ကိုယ်ဖာသာ အစာ မကောက်ချင်ကြသေးဘဲ အမေခွံ့တာကိုဘဲ အတောင်လေးတွေ တခါခါလုပ်ရင်း စာမကြီးက ခွံ့တဲ့အထိ ကျီကျီကျာကျာလုပ် အစာတောင်းနေတာ တွေ့ရမယ်။



``ဒါပေမယ့်သမီးတို့ရေ ဘ၀ဟာ တခါတခါ နွဲ့ချင်ပေမယ့် ခွင့်မပေးတတ်ဘူး၊ လိုရာရောက်အောင် ပျံနိုင်မှ။ အစာကောက်တတ် အစာရှာတတ်မှ သမီးတို့ဘ၀တွေ ဆက်နိုင်မှာ။ ဘာမှ မသေချာမရေရာတဲ့ ဒီလောကကြီးမှာ ကိုယ့်ကိုယ်ကိုအားကိုးစမ်းပါ။ အဖေကြီးနဲ့က တရက်ရက်မှာ ခွဲရမှာ။ မုချ။´´သူငယ်ချင်းတယောက်က အကြံပေးတယ်။ ခင်ဗျား သူတို့ကို ကိုယ့်ဖာသာ အစာကောက်တတ်အောင် သင်ရတာ ခက်နေရင် ယင်ကောင်တွေ ဖမ်း ချကျွေးကြည့်။ ကောက်စားလိမ့်မယ်။ ယင်ကောင် ပိုးကောင်လေးတွေကို သူတို့သိတ်ကြိုက်တယ်လို့ အကြံပြုတယ်။ ဟုတ်လောက်တယ်။ ဒါနဲ့ ကျွန်တော်လည်း ငါးပါးသီလ ကျိုးတော့တာပေါ့။ ယင်ကောင်တွေ ဖမ်းပြီး သူတို့ရှေ့ မသေမရှင်လေးတွေ ချထား။ လှုပ်လှုပ်ရွရွလုပ်နေတာ ပထမတော့ သူတို့စိတ်ဝင်တစားပေါ့။ နောက် နှုတ်သီးနဲ့ ထိုးဆိတ်ကြည့်ရင်းက ကောက်စား တတ်သွားကြတယ်။ တနေ့တနေ့ ယင်ကောင်တွေဖမ်းဖမ်းကျွေးလိုက်ရတာ။



နောက်တော့ ကိုယ်လည်းဝမ်းကိုက်၊ သူတို့လည်း ၀မ်းကိုက်ဝမ်းပျက်တွေဖြစ်ကြပါရော။ ဒါနဲ့ သာလာဆပ်လို မက်ထရိုလို ၀မ်းနဲ့ပတ်သက်ရာ လူသောက်တဲ့ ဆေးမျိုးရှာ၊ လုပ်မိလုပ်ရာ တွေ၊ အဲဒီဆေးကိုဘဲ အမှုန့်လေးနဲနဲရေထဲဖျော်တိုက်။ မိကြီးနဲ့မိငယ်ကတော့ နလံ ပြန်ထူကြတယ်။ မိစွာက နဂိုက ခပ်ကဲကဲ ခပ်စွာစွာဆိုတော့ ယင်ကောင်တွေသူများထက် အများဆုံးစားမိလားမသိဘူး။ ဒီဒဏ်ကိုမခံနိုင်ရှာဘူး။ ဘာတခွန်းမှမပြောဘဲ လောကကြီး ထဲက ငြိမ်ငြိမ်လေးထွက်ခွါသွားပါတယ်။ ကိုယ်ရေချိုးထွက်တော့မှ ရေကန်ဘေးမြေနဲနဲ ပျော့ရာမှာသူကိုမြှုပ်နှံပေးလိုက်တယ်။ သမီးလေး လောကထဲက တိတ်တိတ်လေး ထွက်သွားတဲ့အခါ အဖေ့မှာရှိတဲ့ ၀န်တာက သိက္ခာရှိရှိ အိနြေ္ဒရရနဲ့ အပြစ်ကင်းတဲ့ ဘ၀လေးတခု အဆုံးသတ်စေဘို့ပဲ။ ပုရွက်ဆိပ်တွေ တအုံအုံစားနေရင် သမီးဘ၀ ဇာတ်သိမ်းက ဘယ်မှာလှမလဲ။ ဒီအတွက် ဒီအဖေလည်း တာဝန်ရှိမှာဘဲလေ။ ဒီလိုနဲ့ သမီးတို့ ကိုယ်ဖာသာ အစာကောက်တတ်အောင် သင်ရင်းက သမီးတကောင် အသက်ပေးလိုက်ရပါတယ်။



နောက်ပိုင်းတော့ စိုက်ခင်းထဲ သွားတဲ့သူတွေဆီမှာ တခြား ပိုးကောင်လေး ယူလာခဲ့ဘို့မှာ ကော်ဖီမစ် ဖျော်တိုက်ရင်း သတိပေး၊ မမေ့အောင်မှာရ။ ပိုးကောင်လေးတွေရလာတော့ အဲဒါတွေကို ချကျွေးရင်း၊ ဒါမှမဟုတ်ထမင်းလုံးကို တခါတခါပြာလူးပြီး ယင်ကောင်လိုလိုဘာလိုလိုလုပ် ညာကျွေးရင်းနဲ့ အစာတွေ ကိုယ်ဖာသာ ကောက်တတ်လာကြတယ်။ ပျံတတ် အစာကောက်တတ်ပြီဆိုတော့ နောက်ထပ်သင်ကြားရတာက အမျိုးတူ စာကလေးအုပ်တွေနဲ့ ရောတတ်အောင် ကျင့်ပေး ရတဲ့အလုပ်။ ဒါလည်းအရေးကြီးတာဘဲ။ ပထမ စာကလေးတွေ ကိုယ့်အခန်းရှေ့မှာ စုပြုံကျနေအောင် လာအစာစားအောင် ထမင်းလုံးလေးတွေ ပစ်ချကျွေးရင်း သူတို့ထဲကို ရောလွှတ်ပေးရတယ်။ မွေးကတည်းက လူ့ လက်ထဲမှာ ကြီးလာတာဆိုတော့ အစပထမ ကိုယ့်သမီးတွေက အမျိုးအရင်းတွေကို ပြန်ကြောက်နေ စိမ်းနေရှာကြတာကလား။ စာအုပ် တွေ ကျလာတာနဲ့ အခန်းထဲပျံပြေးဝင်လာရော။ မဖြစ်ဘူး။ စာကလေးအုပ်တွေထဲရောက်အောင် အကြိမ်ကြိမ်ပြန်ပြန်ထည့်ရတယ်။ နောက်တော့ ယဉ်သွားတယ်။ စာကလေး အုပ်တွေနဲ့ ရောတတ် အစာကောက်တတ်လာပြီ။



ဒါပေမယ့် မိကြီးမိငယ်က သဘာဝအတိုင်း မွေးဖွား ရှင်သန်လာတဲ့ စာကလေးတွေနဲ့ အတော်ကွာ နေတာတွေ့ရတယ်။ အစာသွက်သွက် လက်လက်ကောက်တာ၊ အန္တရာယ်လို့အချက်ပေးလိုက်တာနဲ့ တညီတညာဝုန်းကနဲ ပျံပြေးကြတာ သူတို့မလုပ်တတ်ဘူး။ စာအုပ်ကြီးထပျံပြေးရင် သူတို့နှစ်ကောင်သား ကျန်နေရော။ အဲဒါပြဿနာ။ စာလောကမှာ သူတို့အတွက် အန္တရာယ်ရှိနေတယ်လို့ယူဆပြီး အချင်းချင်းအချက်ပေးတဲ့ သင်္ကေတတွေ၊ အစာကောက်ရင်း တဖက်ကမျက်စိ လျင်လျင်ထားရတာ။ ကျီးကန်း၊ ဂျိုးသိန်း၊ လေးဂွဆိုတဲ့အန္တရာယ်တွေ အချိန်မရွေးကျနိုင် တာကို သတိမလပ်ဘို့ဆိုတာတွေက အဖေကြီး ဘယ်သင်တတ်မလဲ။ အဖေကြီးတောင် အန္တရာယ် မရှောင်နိုင်လို့ လောလောဆယ် ကံကြမ္မာရဲ့ လက်ခုတ်ထဲမှာမို့လား။ လူစွမ်းကောင်းမှ မဟုတ်တာ။ ဘယ်တတ်နိုင်ခဲ့မလဲ။ ဘ၀တူ အဲဒီစာကလေးတွေကြားမှာ ရောရင်းနဲ့ လက်တွေ့သင်ကြား လေ့လာ ကြတော့ပေါ့သမီးတို့ရေ။


ဒီလိုနဲ့ တရက်တော့ သမီးနှစ်ကောင် သူ့အမျိုးစာကလေးအုပ်ကြီးထဲရော အစာကောက်နေတုန်း ဗြုန်းဆိုစာအုပ်ကြီးက မာကဓ ဗေဒနဲ့ အချင်းချင်း အသံပြု သုတ်ကနဲ ထပျံသွားတယ်။ မိကြီး မိငယ် နှစ်ကောင်ထဲ ကြောင်စီစီနဲ့ ထီးထီးကျန်နေတုန်း ကျီးမဲကြီး သုတ်ကနဲ ဆင်းလာတာ တွေ့လိုက်တယ်။ မြန်မှမြန်။ မိကြီးကို ကုတ်သွားပါတယ်။ ကျီးမဲကြီး လက်သဲ တွေကြားမှာ ကြောက်လန့်တကြား ငယ်သံပါအောင် အော်သွားတာကို တော်တော်ဝေးဝေးထိ ကြားရတုန်း။ သံတိုင်တွေကိုင်ပြီး ရပ်ကြည့်နေရတာကလွဲလို့ ကျွန်တော် ဘာလုပ်နိုင်မှာလဲ။ ဒီ အခန်းလေးထဲက ထွက်လိုက်လို့မှ မရတာ။



``အဖေကြီး ဘာမှ မတတ်နိုင်ဘူး သမီးကြီးရေ။ မိငယ် သမီး ပြန်လာခဲ့ ပျံဝင်ခဲ့တော့၊ အဲဒါအန္တရာယ်။ တွေ့ပြီလား။ သမီး အမကြီးတော့ ပါသွားရှာပြီ။´´ မိငယ်ကကြောက်ကြောက်လန့်လန့် အခန်းထဲပျံပြေးလာတယ်။



အော် လောကကြီးထဲ ပျံသန်းရှင်သန်ဘို့ ခုမှကြိုးစားခါစ သမီးကြီးတကောင် အရွယ်မတိုင်ခင် အသက်ပေးလိုက် ရပြန်ပါလား။ အဲဒီညမှာတော့ အလင်းငှက်သီချင်းကို နှစ်ခေါက်ထပ်ဆိုမိတယ်။ နိုင်ရာစား သားရဲဥပဒေ ဆိုတဲ့အပိုဒ်ရောက်တော့ ကျီးမဲကြီးကိုမြင်တယ်။ တိရိစ္ဆာန်လောကမှာ နိုင်ရာစားကြတာက သားရဲ ဥပဒေဘဲ။ ဘာ အပြစ်တင်စရာ ရှိမလဲ။ ယဉ်ကျေးပါတယ်ဆိုတဲ့ လူ့အဖွဲ့အစည်းထဲတောင် နိုင်ရာစားကြ။ ကြီးနိုင်ငယ်ညှင်း နှိပ်စက်ကြသေးတာဘဲ။



အခန်းထဲ နံရံပေါ်က ငုတ်ကလေးကိုချိတ်ပြီးလုပ်ထားတဲ့ အသိုက်ကလေးထဲမှာတော့ မိငယ်တကောင်ထဲ။ တကောင်ထဲကျန်တော့ရှာတဲ့ မိငယ်အတွက် ခွန်အားဖြည့်မိငယ် ဆိုတဲ့သီချင်းကို နစ်နစ်နဲနဲဆိုမိတယ်။ ဒီနေရာမျိုးမှာ တခါတခါ တချို့သီချင်းတွေ ဆိုရတာ ရင်ဘတ်ထဲက ထွက်ကျလာသလိုဘဲ။



.... နေ၀င်ညကို ကူးဖြတ်ပြီးမှ ရောင်နီလာတဲ့ နေ့သစ်ကို ရောက်မယ်…. ယုံကြည်ခြင်းနဲ့ ကြိုးစားထားမှ တချိန်မှာ အောင်မြင် လွတ်မြောက်နိုင်မယ်လေ…….. အန္တရာယ်လမ်းဟာ မချောမွေ့တတ်တော့ ရင်ဆိုင်ရန် ခွန်အားဖြည့် မိငယ်ရေ……..




တရက်နှစ်ရက်တော့ မိငယ်ကို အပြင်ထုတ် စာကလေးအုပ်တွေကြား ချထားရမှာ ကျွန်တော် လက်တွန့်နေတယ်။ နောက်တော့ မဖြစ်ပါဘူးလေ။ သူ့ဘ၀သူ ကြောင်းနိုင်ဘို့ ဒါဟာ ဖြတ်ကျော်ရမယ့် အဆင့်ဘဲလို့ အားတင်းပြီး စာအုပ်တွေ လာရင်ပြန်လွှတ်ပေးတယ်။ ရေချိုးဘို့ ခဏထွက်ရတဲ့ အပေါင်းအသင်း တယောက်ယောက်ကိုတော့ ကျီးမဲကြီး ကပ်လာတဲ့ အရိပ်အယောင်တွေ့ရင် ခြောက်လှန့် မောင်းထုတ်လိုက်ဘို့ မှာရတာပ။ ပထမတော့ ကိုယ်က အသံပြုလိုက်ရင် မိငယ်လေးက ပြန်ပြေးဝင်လာတတ်တယ်။ အခန်းကို ပြန်လာတဲ့အခါ တခါတခါလည်း သံတိုင် တံခါးဘောင်မှာ နားတတ်။ တခါတခါလည်း ကိုယ့်ပခုန်းမှာ နားတတ်။ ဒီအပြုအမူတခုနဲ့ဘဲ သူနဲ့ကျွန်တော့်ကြားက တည်ဆောက်ခဲ့ကြတဲ့ အကြီးမားဆုံး နားလည် ယုံကြည်မှုတွေကို ဖွဲ့ဆိုပြချင်ပါတယ်။ ဒါလေးတခုနဲ့ သူနဲ့ ကျွန်တော့်ကြားက ချစ်ခြင်းမေတ္တာဘွဲ့ကို အနက်ရှိုင်းဆုံး ကျွန်တော် ကျူးရင့်ပြချင်ပါတယ်။ နောက်ပိုင်းမှာတော့ မိငယ်လေးက စာအုပ်ကြီးနဲ့အတူ လိုက်ပျံသွားတတ်စပြုပါပြီ။ တခါတခါ စာအုပ်ကြီးပျံရာနောက် လိုက်ပျံရင်းက သူကိုယ်တိုင်လည်း ချီတုံချတုံ ဖြစ်နေတယ်ထင်ပါတယ်။ နီးစပ်ရာ တံတိုင်းပေါ်မှာ တကျီကျီအော်ရင်း စာအုပ်ကြီးနဲ့ လိုက်ပျံနေရကောင်းနိုး အဖေကြီးရှိတဲ့ အခန်းထဲ ပြန်ဝင်ရကောင်းနိုးပေါ့။




``လိုက်သွားလိုက်သမီးရေ အဖေကြီးက အမျိုးအရင်းမဟုတ်ဘူး။ ပျံတတ်တဲ့ အမျိုးမဟုတ်ဘူး၊ အဖေကြီး လိုက် မစောင့်ရှောက် နိုင်ဘူးကွဲ့။´´ အဲဒီအချိန်မှာ ကိုယ်ကလည်း ၀မ်းသာ ၀မ်းနဲပါ။



သမီးကို သူ့ဘ၀တူ စာကလေးတွေနဲ့ ရောနှောပျံသန်းရှင်သန်နေသွားစေချင်တဲ့ဆန္ဒနဲ့။ မကြာခင် မိငယ်လေးက အဖေါ်တွေ ရတော့မယ်၊ လွတ်လပ်ပျော်ရွှင်ဖွယ် တကယ့်ဘ၀ အစစ်ကို ရတော့မယ်ဆိုပြီး ၀မ်းသာတာက တဖက်။ တချိန်ထဲမှာ မိငယ်လေး ငါ့ကို ထာဝရ စွန့်ခွါ သွားတော့မယ်ဆိုတာ ကိုသိနေ၊ တိတ်တိတ်ဝမ်းနဲနေတာက တဖက်ပေါ့။ ဒါပေမယ့် ဒီအချိန်မှာသူရဲ့ လေဟုန်စီး မယ့်၊ လေဆန်ပျံမယ့် သန်စွမ်းလာနေတဲ့ သူ့အတောင်တွေကို နှုတ်ထားလိုက်ဘို့ ဖြတ်ထားလိုက်ဘို့ဆိုတဲ့ အတ္တစိတ်တွေတော့ ကိုယ့်မှာမရှိတော့ဘူး။ ဒီလိုနဲ့ မိငယ်လေး တကောင် ဘ၀မှန်ထဲက အဖေါ်စစ်တွေကို သူရှာဖွေတွေ့ရှိခဲ့ပါပြီ။ တညနေမှာတော့ အိပ်တန်းတက်ချိန်ထိ အခန်းကို သူပြန်မလာဘူး။ သူ့ အိပ်တန်း အစစ်ကို တွေ့သွားပြီ ထင်ပါတယ်။ တညလုံး သမီးတကောင် အန္တရာယ်ကင်းရဲ့လား။ စိတ်ပူနေလို့၊ နောက်တနေ့ မိုးလင်းမှာ စာအုပ်တွေ ကိုယ်အခန်းရှေ့ မြန်မြန်ကျပါစေ ဆုတောင်းနေမိတယ်။ မခွဲဖူးတော့ သမီးငယ်ကိုသတိရနေတာ။ စာအုပ်တွေ ကိုယ့်အခန်းရှေ့ ကျလာတော့ သမီးကို ရှာကြည့်တယ်။ တွေ့မှစိတ်အေးသွားတယ်။ မိငယ်ကို မှတ်မိနေတာပေါ့။သူက တခြား စာကလေးတွေလောက် စကား မများတတ်သေးဘူး မဟုတ်လား။ မငြင်းခုန်တတ် သေးဘူး၊ တုံ့နှေးတုံ့နှေး ဖြစ်တတ်တုန်း၊ လှုပ်ရှားမှုတွေက နှေးနှေးကွေးကွေးရှိတုန်း မဟုတ်လား။



လူ့လက်ထဲက ထွက်သွားခါစဆိုတော့ ဘိုသီဖတ်သီ အရောင်အသွေး ကလည်း ညှင်းသိုးသိုး ဖြစ်နေတယ်ထင်ရတယ်။ နောက်ညတော့ ထူးထူးခြားခြား အခန်းထဲက နံရံ အိပ်တန်းဟောင်းလေးမှာ သူ ပြန်အိပ်တယ်။ ``မနေ့ညက အပြင်မှာအိပ်တာ ချမ်းလို့လားသမီး။ အိပ်တန်းမရှိသေးလို့ ချမ်းချမ်းစီးစီး ကြုံသလို အိပ်ခဲ့ရတာလား။ အိပ်ရတာ စိတ်ထဲမှာ မလုံခြုံလို့လား။´´ စိတ်ထဲကမေး ၀မ်းသာဝမ်းနဲလည်း ဖြစ်နေတာပေါ့။ နောက်နေ့တော့ စာကလေးတွေ ထုံးစံအတိုင်း အိပ်ယာ စောစောထကြတော့ သူလည်း အစောကြီး ထပျံသွားပါတယ်။ တနေကုန် စာ အုပ်ကြီးသွားရာနောက် လိုက်ပြီး သူပျံ နေလိုက်တာ။ လွတ်လပ်လို့၊ ပျော့ပါးလို့။ သူ သင်ကြား လေ့လာစရာတွေကို လေ့လာ သင်ကြားနေပုံပါဘဲ။ အစာလာကောက်လိုက်၊ ပျံသွားလိုက်။



ကိုယ်ကတော့ ကိုယ် အခန်းရှေ့ သူတို့ ပျံကျလာမှ ဒီတခေါက် ငါ့သမီးလေး ပါလာသလား လိုက်လိုက် ရှာကြည့် တွေ့ရင်စိတ်ချမ်းသာရ အသင့်ချန်ထားတဲ့ ထမင်းလုံးလေးတွေပစ်ကျွေးရင်း ဧည့်ခံရပေါ့။ ``နား ရမယ့် အိပ်တန်း တွေ့ပြီလား။ အဖေါ်တွေကော ရပြီလား။ အချင်းချင်းပြတဲ့ အန္တရာယ် အချက်ပေး သင်ခန်းစာနဲ့ သင်္ကေတတွေကော ကျေညက်ပြီလား။ မျက်စိရှင်ရှင် နားရှင်ရှင်နဲ့ အန္တရာယ်ကို သတိထားရင်း အစာကောက်ရတဲ့ သင်ခန်းစာတွေကော တက်ပြီးပြီလား။´´ အခန်းထဲကနေ လှမ်းမေး နေမိတယ်။ နောက်ရက်တွေမှာ သမီး သူ့အဖေကြီး အခန်းမှာ ပြန်မအိပ်တော့ပါဘူး။



သူမ ပြောတတ်လို့ဖြစ်မှာ။ နောက်ဆုံး နှုတ်ဆက်တဲ့ အနေနဲ့ ညက သူ လာအိပ်သွားတာဖြစ်မှာ။ အချိန်တော်တော်ကြာတဲ့အထိ မိငယ်ကို ကိုယ်က စာကလေးအုပ်တွေထဲမှာ လိုက်ရှာရင်း မှတ်မိနေတုန်းပါ။ နောက်တော့ ကိုယ်လည်းေ၀၀ါးစပြုလာပြီ။



အသက်ကရပြီ။ မျက်စိတွေကလည်း သိပ်မှ မလျင်တော့တာ။ မိငယ်က စာ အစစ် ပီသ လာလေလေ အဖေကြီးတယောက်ေ၀၀ါး လာလေလေပေါ့။ သမီးရဲ့လှုပ်ရှားပုံ ပြုမူပုံ ပျံသန်းပုံတွေဟာ မြန်ဆန် ညီညာ တိကျ သေသပ်သွားတဲ့အခါပေါ့။ ဘာဘဲဖြစ်ဖြစ် စာကလေးအုပ်တွေ အခန်းရှေ့ကျလာတိုင်း ကျွန်တော်ကတော့ အသင့်ဆောင်ထားတဲ့ ထမင်းလေးတွေ ပစ်ချ ကျွေးဖြစ်ပါတယ်။



အနဲဆုံး အတွေးထဲမှာ သမီးမိငယ် လေးတကောင် သူ့အဖေကြီးကို တခါတခါ အမှတ်ရကောင်းရလို့ ပြန်လာတဲ့အခါ သူနဲ့ပါလာတဲ့ သူ့ သူငယ်ချင်းတွေကိုဖြစ်စေ။ သူ့ ကောင်လေးကိုဖြစ်စေ ``တွေ့လား ငါ့အဖေကြီးက သဘောကောင်းတယ်´´ လို့ ကြွားချင်ရင် ကြွားလို့ရအောင်ပေါ့။ ခွန်အားဖြည့် မိငယ် သီချင်းကို ဆိုတဲ့ညတိုင်း၊ စာကလေးအုပ်တွေ အခန်းရှေ့ကျတဲ့ မနက်တွေ တိုင်းမှာ သမီးကို သတိရနေတုန်း လွမ်းတတ်နေတုန်းဘဲ သမီးရေ။

မိုးတွေရွာနေတယ်။ မိုးစိုထဲသိတ်မထွက်နဲ့သမီး။


ခွန်ဆိုင်း

(၉၀ ပြည့်လွန်နေ့များအမှတ်တရ)


Read more...

Saturday, December 19, 2009

ဆယ်စုနှစ်များ ဂီတ





ဆယ်စုနှစ်များ ဂီတ

၁။
ငါ့ဂီတကို အသေသတ်ဖို့
ငါ့တယောပြားလေးကို ရိုက်ချိုးခဲ့

၂။
သူသိမသွားတာ..

လှိုင်းခေါင်းဖြူတွေဟာ
မနက်စောစောနိုးတဲ့ငှက်ကလေးဟာ
*မိကွန်ထောရဲ့ မျက်လုံးလေးတွေဟာ
မီးရထားစက်ခေါင်းတခုနဲ့ တောဘူတာရုံလေးဟာ
ဈေးသက်သာတဲ့ ထမင်းဆိုင်လေးဟာ
ယောင်ကိုင်းနာကျင်နေတဲ့ လက်ကလေးတဖက်ဟာ
ကိုယ့်အလောင်းကိုယ်ထမ်း တိုက်တဲ့တိုက်ပွဲတွေဟာ
မြို့သစ်လေးတခုရဲ့ ဈေးတန်းလေးဟာ
အချစ်ကလွဲလို့ ဘာမှ မငတ်မွတ်ခဲ့တဲ့ကောင်မလေးဟာ

ငါ့ဂီတ

မရိုးတဲ့ ငါ့သီချင်း

၃။
ချစ်ခြင်းတွေဖွဲ့မည်
စစ်ခင်းတဲ့အရပ်တွေ
ကျဆုံးပါစေ.

မိုးစဲနေ
*မိကွန်ထော ကိုထူးအိမ်သင် သမီးလေးပါ။


Type the rest of your post here.

Read more...

Thursday, December 17, 2009

အုတ်ဂူထဲက လာတဲ့စာ

Letter from the Grave
(မိုးမခမှ ကူးယူဖေါ်ပြပါသည်။ ခုရက်များအတွင်း ကိုချစ်ဖေ ပြန်ဖတ်ပြန်ခံစားမိတာတွေပါ )


သီရိလင်္ကာမှ နာမည်ကျော် သတင်းစာအယ်ဒီတာ Lasantha Wickramatunga သည် မကြာသေးမီက လုပ်ကြံခံခဲ့ရသည်.


အုတ်ဂူထဲက လာတဲ့စာ
ကေ ဘာသာပြန်သည်
ဇန်န၀ါရီ ၂၄၊ ၂၀၀၉



ပြီးခဲ့တဲ့ ကြာသပတေး နေ့က သီရိလင်္ကာ နိုင်ငံရဲ့ The Sunday Leader သတင်းစာ အယ်ဒီတာ တယောက်ဖြစ်တဲ့ အသက် ၅၂ နှစ် အရွယ် Lasantha Wickramatunga ဟာ အလုပ်ကနေ အိမ်အပြန်ခရီးမှာ မော်တော်ဆိုင်ကယ်စီး သေနတ်သမား ၂ယောက်ရဲ့ ပစ်ခတ် သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်။ The Sunday Leader သတင်းစာရဲ့ စုံစမ်းဖော်ထုတ် ရေးသားချက်တွေဟာ လက်ရှိ အစိုးရနဲ့ သူ့ရဲ့ တမီးလ် ခွဲထွက်ရေးသမားများအပေါ် ဆင်နွှဲနေတဲ့ စစ်ကို ပြင်းပြင်းထန်ထန် ဝေဖန် ထောက်ပြမှုတွေ ရှိခဲ့တယ်။ ဝစ်ကရာ ကိုယ်တိုင်ကိုလည်း အရင်ကတည်းက တိုက်ခိုက်ခံရတာတွေ ရှိခဲ့ဖူးပါတယ်။ သူကလည်း သူ လုပ်ကြံ ခံရနိုင်တယ်ဆိုတာ သိတဲ့အတွက် သူသေသွားခဲ့ရင် ဖော်ထုတ် တင်ပြဖို့ စာတစောင် ရေးထားခဲ့တာပါ။ ဒီနေ့ပဲ အဲဒီ စာကို သူရဲ့ မိတ်ဆွေ တချို့ဆီကနေ ရခဲ့တာပါ။ အပြည့်အစုံကို အောက်မှာ ဖတ်ကြည့်ပေးပါ။ ဒီစာဟာ ခင်ဗျားတို့ ဒီနေ့ ဖတ်လိုက်ရတဲ့ တခြားစာတွေနဲ့ လုံးဝ ကွဲပြားခြားနားတယ်လို့ ကျနော် ပြောပါရစေ။



သမိုင်းနောက်ခံ အကျဉ်းချုပ်ကတော့ သီရိလင်္ကာ အစိုးရဟာ နိုင်ငံရဲ့ လူများစု ဖြစ်တဲ့ ဆင်ဟာလိမျိုးနွယ်တွေရဲ့ ထောက်ခံမှုကို ရထားတယ်။ လူနည်းစု တမီးလ် မျိုးနွယ်တွေကို ကိုယ်စားပြုနေတဲ့ ခွဲထွက်ရေး စစ်သွေးကြွ အုပ်စုတွေနဲ့ စစ်ခင်းနေခဲ့တယ်။ ၁၉၈ဝ ပြည့်နှစ်လွန်ကတည်းက ဖြစ်ပါတယ်။ အခု နှစ်များ အတွင်းမှာတော့ အမေရိကန် နဲ့ တချို့နိုင်ငံတွေက အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ တမီးလ်ပျောက်ကျားသူပုန် (LTTE) နဲ့ အစိုးရအကြား စစ်ပွဲ ပုံစံကနေပြီး ပြိုင်ပွဲများ ပုံစံ ဖြစ်လာပါတယ်။ တမီးလ် ပျောက်ကျားတွေကလည်း တမီးလ် ပြည်သူတွေရဲ့ ခံစားချက်ကို ထင်ဟပ် သလိုလို ပြောဆိုပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေကတော့ ကလေးစစ်သား အသုံးပြုမှုတွေ၊ အသေခံ ဗုံးခွဲမှုတွေနဲ့ တခြား သွေးပျက်ဖွယ်ရာများသာ ဖြစ်နေပါတယ်။ အပြန်အလှန် တိုက်ခိုက်ခဲ့ကြစဉ်က ဆင်ဟာလိ လူမျိုး ထောင်ပေါင်း များစွာ အသတ်ဖြတ်ခံခဲ့ရသလို အခုလည်း အစိုးရကလည်း တမီးလ်လူမျိုးများကို လက်စတုံး သတ်ဖြတ်မှုတွေ မရေတွက်နိုင်အောင် လုပ်နေပါတယ်။

အခု ဝစ်ကရာရဲ့ စာထဲမှာ ရည်ညွှန်းထားတဲ့ လက်ရှိ သမ္မတ မဟင်ဒါဟာ လူ့အခွင့်အရေးနဲ့ ပြုပြင် ပြောင်းလဲရေးတွေ လုပ်မယ် ဆိုပြီး အာဏာရယူခဲ့သူ တယောက်ပါ။ သို့သော်လည်း အခု လက်ရှိမှာတော့ တမီးလ်ပျောက်ကျား ပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ သီရိလင်္ကာတပ်တွေဟာ စာနယ်ဇင်း သတင်းသမားတွေကို တင်းတင်း ကြပ်ကြပ် ကန့်သတ်ပြီးမှ တမီးလ်နယ်မြေတွေထဲကို သွားခွင့် ပြုခဲ့တယ်။ ဒေသခံ စာနယ်ဇင်းသမားတွေကိုလည်း စစ်ဆင်ရေးကို သစ္စာဖောက်တယ်လို့ စွပ်စွဲပါတယ်။ အဲဒီလို မဟုတ်တမ်းတရား စွပ်စွဲချက်တွေနဲ့ သူတို့ကိုရော ရုံးခန်းတွေကိုပါ တိုက်ခိုက်ဖို့ အကြောင်းရှာခဲ့တာဖြစ်တယ်။ ဝစ်ကရာ ကလည်း သူ အသတ်ခံရလိမ့်မယ်လို့ သိနားလည်ထားပြီး အဲဒီလို လုပ်ကြံမှု အတွက် တာဝန်ရှိတဲ့သူဟာလည်း အစိုးရ ကိုယ်တိုင်ပဲ ဖြစ်လိမ့်မယ် ဆိုတာ သိထားပါတယ်။

သီရိလင်္ကာက ထုတ်ပြန်တဲ့ သတင်းတချို့အရ အစိုးရက ဝစ်ကရာ အသတ်ခံရမှုကို ရှုတ်ချလိုက်ပြီး စုံစမ်းမှုတွေ ပြုလုပ်ဖို့လည်း အမိန့် ထုတ်ထားတယ်လို့ ဆိုပါတယ်။ သီရိလင်္ကာ စာနယ်ဇင်းသမားများနဲ့ လူအချို့ကတော့ ဒီနေ့ မြို့တော် ကိုလံဘိုမှာ အသံတိတ် ချီတက် ဆန္ဒပြကြတယ်။ ပြင်သစ် အခြေစိုက် နယ်စည်းမထား သတင်းထောက်များ အသင်း ကတော့ ဆန္ဒပြချီတက်ပွဲကို ထောက်ခံလိုက်ပြီး `ဝစ်ကရာ အသတ်ခံရခြင်း အတွက် လက်ရှိ မဟင်ဒရာ အစိုးရနှင့် အပေါင်းအပါများတွင် တိုက်ရိုက် တာဝန်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဝစ်ကရာ အပေါ် မုန်းတီးမှုများ ဖြစ်ပေါ်ရန် လှုံ့ဆော်ခဲ့ကြပြီး စာနယ်ဇင်းများအပေါ် ထိပါး စော်ကားမှုများကိုလည်း မပြစ်မယူဘဲ ကြည့်နေခဲ့ကြသောကြောင့် ဖြစ်သည်´ လို့ စာထုတ်ပြန်ပါတယ်။

ဒါကတော့ သူ့ရဲ့စာပါ။
ဘယ်အတတ်ပညာကမှ သူ့ရဲ့ ပညာရှင်တွေကို ဖန်တီးမှုအနုပညာနဲ့ လက်နက်ကိုင် အင်အားစုတွေကို ကူညီလိုက် ဆိုပြီး အသက်စွန့်ခိုင်းမှာ မဟုတ်ပါဘူး။ သီရိလင်္ကာမှာ ဆိုရင်တော့ စာနယ်ဇင်းပညာ ပေါ့။ သိပ်မကြာခင်နှစ်တွေတုန်းက လွတ်လပ်တဲ့ သတင်းဌာနတွေ တိုးမြှင့် တိုက်ခိုက်ခံလာရတယ်။ မီးရှို့ခံရတယ်၊ ဗုံးခွဲခံရတယ်။ ချိတ်ပိတ်ခံရတယ်။ အကြပ်ကိုင်ခံကြရတယ်။ မရေတွက်နိုင်တဲ့ သတင်းသမားတွေလည်း အနှောင့်အယှက် ပေးခံရတယ်။ ခြိမ်းခြောက်ခံရတယ်။ အသတ်ခံခဲ့ရတယ်။ အဲဒါတွေ အားလုံးကို ခံခဲ့ရတဲ့ အတွက်လည်း ကျနော် ဂုဏ်ယူပါတယ်။ အထူးသဖြင့် နောက်ဆုံး တခုပေါ့။

ကျနော်ဟာ စာနယ်ဇင်းလောကမှာ အဆင်ပြေပြေနဲ့ အချိန်အတော်ကြာ လုပ်ခဲ့ပါတယ်။ တကယ်တော့ ၂ဝဝ၉ ဟာ The Sunday Leader ၁၅ နှစ်မြောက်တဲ့ နှစ်ပါ။ ဒီအချိန်ပဲ သီရိလင်္ကာမှာ အများကြီး ပြောင်းလဲခဲ့တယ်။ တော်တော် များများဟာ အဆိုးဖက်ကို ပြောင်းတယ် ဆိုတာကိုတော့ ပြောစရာ မလိုတော့ပါဘူး။ ကျနော်တို့တွေဟာ သွေးဆာနေတဲ့ ဦးဆောင်သူတချို့ရဲ့ ရက်ရက် စက်စက် ချေမှုန်း သတ်ဖြတ်တာတွေနဲ့ ပြည့်နှက်နေတဲ့ ပြည်တွင်းစစ်ကြီးထဲ ရှိနေကြတယ်။ အကြမ်းဖက်မှု ဆိုတာကို အကြမ်းဖက်သမားတွေကပဲ ဖန်တီးဖန်တီး၊ အစိုးရတွေ ကိုယ်တိုင်ကပဲ လုပ်ဆောင်လုပ်ဆောင် ယနေ့ ကမ္ဘာမှာတော့ ဖြစ်စဉ်တခု ဖြစ်နေခဲ့ပါပြီ။ တကယ်တော့ သတ်ဖြတ်ခြင်းဟာ အခြေခံ လက်နက်တခုလို ဖြစ်လာနေတာပါ။ ဒီလိုနဲ့ နိုင်ငံတွေဟာ လွတ်လပ်မှုရဲ့ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေကို ထိန်းချုပ်ဖို့ ဖြစ်လာရတော့တာပဲ။ ဒီနေ့ သတင်းသမားတွေ ဖြစ်မယ်။ နက်ဖန် တရားသူကြီး ဖြစ်မယ်။ ဘယ်လိုလူမျိုးအတွက်မဆို စွန့်စားမှုတွေ ဒီ့ထက်ပိုများမှာ မဟုတ်တော့ပါဘူး ဒါမှမဟုတ် လောင်းကြေးက ဒီ့ထက် ပိုနည်းမှာ မဟုတ်တော့ပါဘူး။

ဒါဆို ကျနော်တို့ ဘာလို့ လုပ်နေကြတာလဲ။ တခါတခါ ကျနော်လည်း စဉ်းစားမိပါတယ်။ ကျနော်ကိုယ်တိုင်လည်း အိမ်ထောင်ရှင် တယောက်၊ ချစ်စရာကောင်းလှတဲ့ ကလေးသုံးယောက်ရဲ့ ဖခင်ပါ။ ကျနော့်မှာလည်း တရားဥပဒေ နဲ့ စာနယ်ဇင်းလုပ်ငန်း ဆိုတဲ့ အလုပ်တာဝန်ထက် မကတဲ့ မိသားစုတာဝန်နဲ့ လုပ်ဆောင်ရမှာတွေ ရှိတာပါပဲ။ ဒီလို စွန့်စားဖို့ တန်ရဲ့လား။ လူအများကတော့ မတန်ဘူးလို့ ပြောကြတယ်။ မိတ်ဆွေတွေကလည်း ပိုကောင်းတဲ့ ပိုလုံခြုံတဲ့ တရားရေးဘက်မှာပဲ ပြန်ထမ်းဆောင်ဖို့ ပြောကြတယ်။ နှစ်ဖက်စလုံးက နိုင်ငံရေး ခေါင်းဆောင်တွေ အပါအဝင် တချို့ဆို နိုင်ငံရေးထဲ ဝင်ဖို့ထိ၊ နောက်ဆုံး ကြိုက်တဲ့ဝန်ကြီးဌာနယူဖို့အထိ ပြောလာ ကမ်းလှမ်းလာကြတာတွေ ရှိပါတယ်။ သံတမန်တွေက ဆိုရင်လည်း သီရိလင်္ကာမှာ ရင်ဆိုင်နေရတဲ့ စာနယ်ဇင်းသမား တယောက်ရဲ့ မလုံခြုံမှုကို အသိအမှတ်ပြုပြီး လုံခြုံတဲ့လမ်းကြောင်းတွေ နိုင်ငံသား အခွင့်အရေးတွေတောင် ပေးကြပါတယ်။ ဘယ်လို အကြောင်းနဲ့မှ ကျနော် ကုပ်ကပ်နေရမှာလဲ။ ရွေးချယ် မျှော်မှန်းချက် တခု အတွက် ဖက်တွယ်နေတာ မဟုတ်ပါဘူး။ ရာထူးအဆင့်အတန်း၊ ကျော်ကြားမှု၊ ငွေ ဆိုတဲ့ ခေါ်သံတွေကလည်း ရှိနေပါတယ်။ ဒါပေမဲ့ ဒါက အသိတရားရဲ့ ခေါ်သံပါ။

The Sunday Leader ဟာ အငြင်းပွားဖွယ်ရာ သတင်းစာတစောင်ပါ။ ဘာဖြစ်လို့လဲ ဆိုရင် ကျနော်တို့က ကျနော်တို့မြင်တဲ့အတိုင်း ပြောလို့ပါ။ သူခိုးပဲဖြစ်ဖြစ် လူသတ်သမားပဲ ဖြစ်ဖြစ် ကျနော်တို့က ဒီအတိုင်း နံမယ်ပေးလိုက်တာပါပဲ။ စကားလုံး နုလှတွေနဲ့ ဖုံးကွယ်မထားပါဘူး။ စုံစမ်း ဖော်ထုတ်ထားသမျှ ဆောင်းပါးတွေဟာလည်း သက်သေ စာတမ်း အပြည့်အစုံနဲ့ပါ။ ကြီးမားတဲ့ စွန့်စားမှုတွေ ကြားထဲက အဲဒါတွေကို ရောက်အောင် ပို့ပေးကြတဲ့ ပြည်သူ့စိတ်ဓာတ် အပြည့်ရှိတဲ့ နိုင်ငံသားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော်တို့ဟာ အရှုပ်တော်ပုံတွေကို တခုပြီး တခု ဖော်ထုတ် တင်ပြခဲ့ပါတယ်။ ဒီ ၁၅ နှစ် အတွင်းမှာ မှားယွင်းမှု ရှိတယ်လို့ ဘယ်တစုံတယောက်ကမှ သက်သေ မပြနိုင်ခဲ့သလို တရားလည်း အစွဲ မခံခဲ့ရပါဘူး။

စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် ဆန္ဒထုတ်ဖော်နေသူ သီရိလင်္ကာ သတင်းသမားတဦး (photo: Reuters)


လွတ်လပ်တဲ့ သတင်းဌာနတွေဟာ ကြေးမုံ မှန်တချပ်လိုပါပဲ။ အဲဒီထဲမှာ ပြည်သူတွေက မျက်တောင်တုတွေ ဆံပင်ပေါ်က ခေါင်းလိမ်းဆီတွေကို အတိုင်းသား မြင်နိုင်တာပါ။ ခင်ဗျားတို့ သားသမီးတွေကို ပိုမိုကောင်းမွန်တဲ့ အနာဂါတ်တွေ ပေးနိုင်ဖို့ ကျနော်တို့ဆီကနေပြီး ခင်ဗျားတို့ နိုင်ငံအတွက် အထူးသဖြင့် ခင်ဗျားတို့ ရွေးကောက်တင်မြှောက်ထားတဲ့ လူတွေရဲ့ စီမံအုပ်ချုပ်မှုကို သင်ခန်းစာယူပါ။ တခါတလေ ဒီမှန်ထဲမှာ မြင်ရတဲ့ ပုံရိပ်က စိတ်ချမ်းသာစရာ ကောင်းချင်မှ ကောင်းမှာပါ။ ဒါပေမဲ့ ခင်ဗျားဟာ ပက်လက်ကုလားထိုင်မှာ အေးအေးဆေးဆေး ထိုင်ပြီး ငြီးတွား ဝေဖန်နေမယ့် အချိန်မှာ ခင်ဗျားရှေ့မှာ မြင်နေရတဲ့ မှန်ကို ကိုင်ထားတဲ့ စာနယ်ဇင်းသမားတွေကတော့ အသက်နဲ့လဲ စွန့်စား လုပ်နေကြရတာပါ။ ဒါဟာ ကျနော်တို့အတွက် ခေါ်သံပါ။ ရှောင်လွဲ မနေခဲ့ကြပါဘူး။

သတင်းစာတိုင်းမှာ သူ့ကိုယ်ပိုင် အာဘော် ရှုဒေါင့် ရှိမှာပါ။ ကျနော်တို့မှာလည်း ကျနော်တို့ကိုယ်ပိုင် ရှိတယ် ဆိုတာ မငြင်းကွယ်ပါဘူး။ ကျနော်တို့ရဲ့ အဓိဋ္ဌာန်က သီရိလင်္ကာနိုင်ငံကို ထင်သာ မြင်သာရှိတဲ့ ဘာသာအယူဝါဒစွဲ ကင်းတဲ့၊ လွတ်လပ် မျှတတဲ့ ဒီမိုကရေစီနိုင်ငံတခု အဖြစ် မြင်ချင်တာပါပဲ။ အဲဒီ စကားလုံးတွေကို စဉ်းစားကြည့်ပါ။ စကား တလုံးချင်းမှာ သိပ်ကို လေးနက်တဲ့ အဓိပ္ပာယ်တွေ ရှိပါတယ်။ ထင်သာမြင်သာ ရှိရပါမယ်။ ဘာအတွက်လဲ ဆိုရင် အစိုးရ တရပ်ဟာ ပြည်သူလူထု အတွက် ပွင့်ပွင့်လင်းလင်း အသိပေး နေရမှာဖြစ်ပြီး သူတို့ရဲ့ ယုံကြည်မှုကို အလွဲသုံးစား မပြုသင့်လို့ပါ။ ဘာသာအယူဝါဒစွဲ ကင်းရပါမယ်။ ဘာဖြစ်လို့လဲ ဆိုရင် ကျနော်တို့နိုင်ငံလိုမျိုး လူမျိုးစု ပေါင်းစုံ၊ ယဉ်ကျေးမှု ပေါင်းစုံ ပါဝင်နေတဲ့ လူ့အဆောက်အဦးတခုမှာ အယူဝါဒစွဲကင်းမှသာ အားလုံး ညီညွှတ် ပါဝင်နိုင်မယ့် အခြေခံကောင်းတခု ရှိနိုင်မှာမို့ပါ။ လွတ်လပ်မျှတမှု ရှိရပါမယ်။ ဘာကြောင့်လဲ ဆိုရင် လူသားတိုင်းဟာ မတူညီစွာ ဖန်တီးတည်ရှိ နေကြတာကို ကျနော်တို့ အသိအမှတ်ပြုလို့ပါပဲ။၊ တခြားတပါးသောသူကို သူဖြစ်တဲ့အတိုင်း လက်ခံနိုင်ဖို့ လိုအပ်ပြီး ကိုယ်ဖြစ်စေချင်သလို ပြုလုပ်လို့ မရပါဘူး။ ပြီးတော့ရင် ဒီမိုကရေစီနည်းလမ်းကျ ရပါမယ်။ ကဲ - ခင်ဗျား ကျနော့်ကို ဒီမိုကရေစီ ဘာဖြစ်လို့ အရေးကြီးလဲလို့ ရှင်းပြစေချင်ရင်တော့၊ ဒီသတင်းစာကို ဝယ်နေတာသာ ရပ်လိုက်ပါတော့။

Sunday Leader သတင်းစာဟာ လူအများစုရဲ့ အမြင်ကိုသာ ဖော်ပြရင်း လုံခြုံမှု ဘယ်တုန်းကမှ မရှာခဲ့ပါဘူး။ ရင်ဆိုင်စရာကို ရင်ဆိုင်လိုက်တာပါပဲ။ ဒီလိုပုံစံနဲ့ပဲ သတင်းစာကို တင်ဆက်နေခဲ့ပါတယ်။ တဖက်မှာ ပြောစရာရှိတာက ဒီနှစ်တွေထဲမှာ ကျနော်တို့ အတွေးအမြင် အယူအဆ တွေကို အသေအချာ ရှင်းလင်းဖော်ပြ ဖြစ်တဲ့အတွက် တခါတလေ လူတချို့အတွက် နားဝင်ချိုချင်မှ ချိုမှာပါ။ ဥပမာ ခွဲထွက်ရေး အကြမ်းဖက်သမားတွေကို အမြစ်ပြတ် ခြေမှုန်းရမယ် ဆိုတဲ့ အချိန်မှာ အကြမ်းဖက်မှုရဲ့ မူလဇစ်မြစ် အကြောင်းခံကို ပြန်သုံးသပ်ဖို့ဆိုတဲ့ အမြင်ကို တောက်လျှောက် ရေးသား နေပါတယ်။ အစိုးရကိုလည်း သီရိလင်္ကာ လူနည်းစု လူမျိုးစုတွေရဲ့ နာကျည်းချက် ဒေါသတွေကို အကြမ်းဖက်မှု ဆိုတဲ့ မှန်ပြောင်းကြီးနဲ့ မကြည့်ဘဲ သမိုင်းစာမျက်မှာတွေမှာ ပြန်ရှာကြည့်ဖို့ အမြဲ တိုက်တွန်းနေတယ်။ ကျနော်တို့ဟာ အကြမ်းဖက်ဝါဒ ဆန့်ကျင်တဲ့ စစ်ပွဲလို့ နာမည်တပ်ပြီး အစိုးရ ကိုယ်တိုင်က အကြမ်းဖက်နေမှုကို ထောက်ပြခဲ့တယ်။ သီရိလင်္ကာဟာ ကမ္ဘာပေါ်မှာ သူ့ ပြည်သူတွေကို အလှည့်ကျ ဗုံးထောင်နေတဲ့ တခုတည်းသောနိုင်ငံ ဆိုတဲ့ သွေးပျက်စရာ အဖြစ်ကြီးကိုလည်း ဖုံးကွယ် မထားခဲ့ဘူး။ အဲဒီလို အမြင် ရှုထောင့်တွေကြောင့် ကျနော်တို့ကို သစ္စာဖောက်တွေလို့ အမည်တပ်တယ်။ ဒါဟာ သစ္စာမဲ့မှု ဆိုရင်လည်း ကျနော်တို့ ဂုဏ်ယူကျေနပ်စွာနဲ့ပဲ လက်ခံပါ့မယ်။

လူတော်တော်များများက The Sunday Leader မှာ နိုင်ငံရေး ရည်မှန်းချက်တွေ ပါနေတယ်လို့ သံသယ ရှိကြတယ်။ အဲဒါ မဟုတ်ပါဘူး။ အကယ်၍များ ကျနော်တို့က အတိုက်အခံပါတီထက် ပိုပြီး အစိုးရအပေါ် ဝေဖန်နေပုံ ပေါက်နေတယ် ဆိုရင်တော့ ( ခရစ်ကက် စကားနဲ့ပြောရရင် ) ကွင်းခေါင်ခေါင်ဘက် ဘောလုံးသွားပစ်လို့ ဘာအဓိပ္ပာယ်မှ မရှိဘူးဆိုတာ ကျနော်တို့ ယုံကြည်မိလို့သာ ဖြစ်ပါတယ်။ UNP အာဏာရနေတဲ့ တလျှောက် ကျနော်တို့ ရပ်တည်ခဲ့တဲ့ နှစ်တွေ အတွင်းမှာ မတရားမှု ချစားမှု မှန်သမျှကို ဖော်ထုတ်ရင်း သူတို့ရဲ့ အသားထဲက အကြီးဆုံး ဆူးတချောင်း အဖြစ် သက်သေ ပြနိုင်ခဲ့တာကို အမှတ်ရမိတယ်။ တကယ်တော့ ကျနော်တို့ တောက်လျှောက် ပုံနှိပ်ထုတ်ဝေလာခဲ့တဲ့ စိတ်မသက်သာစရာ အမှန်တရားတွေက ဒီအစိုးရကို အကျပိုင်း ရောက်အောင် ကောင်းကောင်းကြီး တွန်းပို့ချင် ပို့နေခဲ့မှာပါ။

ဒီစစ်ပွဲကို ကျနော်တို့ မကြိုက်ဘူး ဆိုတာကို "ကျား(သူပုန်) တွေကို ထောက်ခံတယ်" လို့ ဘာသာ မပြန်သင့်ပါဘူး။ တမီးလ်ခွဲထွက်ရေးကျား ဆိုတာတွေဟာ ဒီဂြိုဟ်ကြီးပေါ်မှာ စွဲကပ်လာတဲ့ အရက်စက်ဆုံးနဲ့ သွေးအဆာဆုံး အဖွဲ့အစည်းတွေထဲက တခု အပါအဝင်ပါ။ ဒါပေမဲ့ သူတို့ကို အပြုတ်တိုက်ပစ်ရမယ်လို့လည်း ကျနော်တို့ အနိုင်ပိုင်း မပြောခဲ့ပါဘူး။ ဒါပေမဲ့ တမီးလ် ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ပြီး ဒီလို ရက်ရက်စက်စက် ဗုံးထောင် သတ်ဖြတ်နေခြင်းဟာ မှားယွင်းယုံတင်မက ဓမ္မကို စောင့်ရှောက် ထိမ်းသိမ်းသူများလို့ ပြောနေတဲ့ ဆင်ဟာလိ လူမျိုးတွေအတွက် ရှက်စရာ ဖြစ်တယ်။ ဆင်ဆာ တားမြစ်မှုတွေကြောင့် လူထုက မသိမမြင်နိုင်တဲ့ ဒီလို ရက်စက် ကြမ်းကြုတ်မှုတွေဟာ ဆင်ဟာလိတွေအတွက် အမြဲ မေးခွန်းထုတ်စရာ ဖြစ်နေမှာပါ။

နောက်တခုက တိုင်းပြည်ရဲ့ မြောက်ဘက်နဲ့ အရှေ့ဘက်မှာ စစ်တပ်က သိမ်းပိုက် တပ်စွဲထားမှုဟာ အဲဒီဒေသမှာ ရှိတဲ့ တမီးလ် လူမျိုးတွေအတွက် ကိုယ်ပိုင် လေးစား စောင့်ထိန်းမှုတွေ အကုန်လုံးကို ဖယ်ရှားပြီး တသက်လုံး ဒုတိယတန်းစား နိုင်ငံသားအတွေအဖြစ် တွန်းပို့စေတော့မှာပါ။ စစ်ပြီးချိန်မို့ သူတို့အတွက် ပြည်လည် တည်ဆောက်ရေးတွေ ဖွံ့ဖြိုးရေးတွေ ပါဆိုတဲ့ စကားလုံးတွေနဲ့ အချိုသပ် နိုင်မယ်လို့ မမျှော်လင့်ပါနဲ့။ စစ်ရဲ့ ဒဏ်ရာတွေက သူတို့အတွက် သေရာပါ အမာရွတ်တွေပါ။ ပိုပြီးတော့ ခါးသက် မုန်းတီးမှုတွေ ပြည့်နေတဲ့ ပြင်ပလူတစုနဲ့သာ ရင်ဆိုင်လာရဖို့သာ ရှိလာပါလိမ့်မယ်။ နိုင်ငံရေးနည်း နဲ့ ဖြေရှင်းလို့ရမဲ့ ပြဿနာတွေကနေပြီး ပုပ်ပွနေတဲ့ ဒဏ်ရာကြီးအဖြစ် တသက်လုံး နာကျင် အမျက်ရှ နေရပါလိမ့်မယ်။ ကျနော့် စကားတွေက စိတ်တို၊ အချဉ်ပေါက်နေဟန် ပေါ်နေမယ် ဆိုရင်တော့ ဒါဟာ ကျနော် ခုရေးတဲ့ စာကို အများစု ပြည်သူတွေနဲ့ အစိုးရကလူတွေ နံရံတခုပေါ်မှာ ပီပီသသ ရှင်းရှင်းလင်းလင်း ဖတ်ခွင့်မရနိုင်လို့ ပါပဲ။

ကျနော့်ကို ဖြစ်ရပ်နှစ်ခုနဲ့ လူမဆန်စွာ စော်ကားခဲ့တယ်ဆိုတာ လူတော်တော်များများ သိကြပါတယ်။ တခုက ကျနော့်အိမ်ကို စက်သေနတ်နဲ့ မွှေနှောက် ပစ်ခတ် သွားတာပါ။ အစိုးရက သံကောင်း ဟစ်ပြီး ကတိပေးတာက လွဲလို့ တိုက်ခိုက်ခဲ့တဲ့ လူဆိုးတွေ အပေါ်မှာ ရဲဘက် စုံစမ်းစစ်ဆေးမှုတွေ ဖိဖိစီးစီး မရှိခဲ့ပါဘူး။ အဲဒီလူတွေကိုလည်း ဘယ်တုန်းကမှ မဖမ်းမိခဲ့ပါဘူး။ အဲဒီလို ကိစ္စရပ်တွေ အားလုံးကြောင့် တိုက်ခိုက်ခဲ့သူတွေဟာ အစိုးရ ခိုင်းစေ ထောက်ပံ့ခဲ့တယ်ဆိုတာ ယုံကြည်စရာ အကြောင်း ရှိပါတယ်။ အခု နောက်ဆုံး ကျနော် အသတ်ခံရပြီ ဆိုရင်တောင်၊ ဒါဟာ အစိုးရက သတ်တာပဲ ဖြစ်ပါလိမ့်မယ်။

Lasantha Wickramatunga သည် ကားမောင်းနေစဉ် ဦးခေါင်း၊ ရင်ဘတ်တို့ကို ပတ်ခတ် လုပ်ကြံခံခဲ့ရသည်။ (photo: Reuters)


ဒီနေရာမှာ လှည့်ကွက်တခု ဖြစ်တဲ့ ကျနော်နဲ့ မဟင်ဒါဟာ ရာစုနှစ် တစိတ်ကျော်ကျော် သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ် ဆိုတာကို လူတော်တော်များများ မသိခဲ့ကြပါဘူး။ တကယ်ဆို ကျနော်ထင်တယ်။ သူနဲ့စကားပြောတဲ့အခါ သူရဲ့ ရှေ့နာမည်နဲ့ `အိုရာ´ ဆိုတဲ့ ရင်းနှီးနေတဲ့ ဆင်ဟာလိ နာမည်ကို သုံးတဲ့ လူအနည်းငယ်ထဲမှာ ကျနော်လည်း တယောက်ပေါ့။ သတင်းစာ အယ်ဒီတာတွေကို ပုံမှန် တွေ့ဆုံတတ်တဲ့ အစည်းအဝေးတွေကို ကျနော် မတက်ရောက်ပေမဲ့၊ သမ္မတရဲ့ အိမ်မှာ ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေချည်းပဲ လွတ်လွတ်လပ်လပ် တွေ့ဆုံလေ့ရှိတဲ့ ပွဲမှာလည်း မတွေ့ဖြစ်တာ တလကျော်လောက် ရှိပါပြီ။ အဲဒီမှာ ကျနော်တို့ စကားတွေ ဖလှယ်ကြတယ်။ နိုင်ငံရေး အကြောင်းတွေ ဆွေးနွေးကြတယ်။ တချိန်က နေ့ရက်ဟောင်းတွေကို နောက်ပြောင်ရင်း သတိရတတ်ကြတယ်။ အဲဒီမှာ သူ့ကို မှတ်ချက်ပေး ဝေဖန်ကြတာလည်း ရှိတာပေါ့။

- - - - - - -


မဟင်ဒါ -
၂ဝဝ၅ မှာ SLFPပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် အရွေးခံရတဲ့ အချိန်မှာ ဒီသတင်းစာ ကော်လံလောက် မင်းကို နွေးနွေး ထွေးထွေး ကြိုဆိုတဲ့နေရာ မရှိခဲ့ပါဘူး။ တကယ်တော့ မင်းရဲ့ ရှေ့နာမည်ကို မခေါ်ဖြစ်တော့ဘဲ ငါတို့လမ်းခွဲ နေခဲ့ကြတာ ဆယ်စုနှစ် တစုစာ ရှိခဲ့ပြီလေ။ မင်း လူ့အခွင့်အရေးနဲ့ လွတ်လပ်မျှတမှု တန်ဖိုးတွေအပေါ် လုပ်ဆောင်ခဲ့ကြတုန်းက ငါတို့အတူ ရှိခဲ့ကြတာ တကယ့် လေကောင်းလေသန့်တွေကို ရှုရှိုက်ခဲ့တဲ့ အချိန်တွေပေါ့။ အဲဒီနောက်တော့ မိုက်မဲတဲ့ အပြုအမှု တခုနဲ့အတူ မင်းဟာ ဟန်ဘန်တိုတာ ဒေသ ကူညီရေး အရှုပ်တော်ပုံမှာ ပါဝင် ပတ်သက် နေခဲ့ပြီ။ အဲဒီ ဇာတ်လမ်းကို ငါတို့ ဖော်ထုတ်ပြီးတာနဲ့ တပြိုင်နက် မင်းကို ငွေတွေ ပြန်ပေးဖို့ တိုက်တွန်းခဲ့တယ်။ ရက်သတ္တပတ် အတော်ကြာတော့ မင်း ပြန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ မင်းရဲ့ ဂုဏ်သိက္ခာကို အများကြီး ထိခိုက်သွားခဲ့တယ်။ ဒါဟာ မင်း ခုထက်ထိ မကျေချမ်းနိုင် မမေ့နိုင် ဖြစ်နေတဲ့ တခုပေါ့။

မင်းကိုယ်တိုင်ပဲ ငါ့ကို ပြောခဲ့ဖူးတယ်၊ သမ္မတရာထူးကို မမက်မော ပါဘူးတဲ့။ မင်း မက်မော တောင့်တ နေဖို့လည်း မလိုခဲ့ပါဘူး။ အခွင့်အရေးက မင်းဆီကို ရောက်လာခဲ့တာပါ။ မင်း ငါ့ကို ပြောဖူးသေးတယ်၊ မင်းရဲ့ သားတွေဟာ မင်းရဲ့ အကြီးကျယ်ဆုံး ပျော်ရွှင်ကျေနပ်မှုပဲ တဲ့။ အဲဒါကြောင့် တိုင်းပြည်ရဲ့ ယန္တယားကို လည်ပတ်ဖို့ မင်းညီအကိုတွေနဲ့ ပစ်ထားပြီး မင်းရဲ့သားတွေနဲ့ပဲ မင်း ပျော်ရွှင်နေခဲ့တယ်။ အခုတော့ ဒီ ယန္တယားကြီးက ကောင်းလွန်းလို့ ငါ့ရဲ့သားသမီးတွေကို အဖေမဲ့အောင် လုပ်သွားခဲ့ပြီ ဆိုတာ အားလုံး ရှင်းရှင်းလင်းလင်း မြင်ရပါလိမ့်မယ်။

ငါသိတယ်။ ငါ့ အသုဘမှာ မင်းလုပ်နေကျ အတိုင်း ဟန်ဆောင်ပန်ဆောင် အသံကောင်းတွေ ဟစ်ပြီး ရဲတပ်တွေကို အမှုစစ်ဆေးဖို့ မင်း အမိန့်ထုတ်ဦးမယ်။ ဒါပေမဲ့ အတိတ်က မင့် အမိန့်ထုတ်ခဲ့ဘူးတဲ့ တခြား စစ်ဆေး ဖော်ထုတ်မှုတွေလိုပဲ ဒီတခါလည်း ဘာမှ အဖြေထွက်လာမှာ မဟုတ်ပါဘူး။ အမှန် ကို ပြောရရင် ငါတို့ နှစ်ယောက်လုံး ဒီ သေဆုံးမှု နောက်ကွယ်မှာ ဘယ်သူ ရှိတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ သူ့နာမည်ကို မပြောရဲကြဘူး။ အဲဒီအပေါ်မှာ ငါ့ဘဝတင် မကဘူး၊ မင့် ဘဝပါ မှီတည်နေရတယ်လေ။

ဝမ်းနည်းစရာ ကောင်းတာက မင်းရဲ့ ငယ်ဘဝ အချိန်တွေက တိုင်းပြည် အတွက် အိမ်မက် မက်ခဲ့တာတွေဟာ ဒီ သုံးနှစ်လောက်ကလေး အတွင်းမှာပဲ လေပူပေါင်းတွေ ဖြစ်သွားခဲ့တာပဲ။ မျိုးချစ်စိတ် ဆိုတဲ့ နာမည်အောက်မှာ မင်းဟာ လူ့အခွင့်အရေးတွေကို နင်းချေပစ်ခဲ့တယ်။ အတောမသတ်တဲ့ ငွေကြေးချစားမှုတွေကို ကြည့်နေခဲ့တယ်။ မင်း အရင်က သမ္မတတွေလိုပဲ ပြည်သူ့ ဘဏ္ဍာတွေကို ဖြုန်းတီးပစ်ခဲ့တယ်။ တကယ်တော့ မင်းရဲ့ လုပ်ရပ်တွေက အရုပ်ဆိုင်ထဲမှာ ကလေးတယောက် ရုတ်တရက် စိတ်ရူးပေါက်ပြီး လျှောက်ဆော့နေသလို ဖြစ်နေတယ်။ ဒီ ဥပမာပုံပြချက်ကမှ နဲနဲ လွဲချင် လွဲနေဦးမယ်။ ဘာဖြစ်လို့လဲ ဆိုရင် ဘယ်ကလေး တယောက်ကမှ မင်းလုပ်ခဲ့သလို ဒီမြေပေါ်မှာ သွေးတွေ မစွန်းပေစေခဲ့ပါဘူး။ အခု မင်း မမြင်ဖူးခဲ့တဲ့ အာဏာ ပါဝါတွေကို ယစ်မူးနေပေမဲ့ အဲဒီသွေးကြွေး အမွေတွေနဲ့ သိပ်ချမ်းသာနေမယ့် မင်းရဲ့သားတွေ အတွက် မင်း နောင်တရလာဦးမှာပါ။ အဲဒီ နောင်တကလည်း ကြေကွဲစရာတွေကိုပဲ သယ်ဆောင်လာမှာပါ။ ငါ့အတွက်ကတော့ ဒါဟာ ငါ့ရဲ့ ပိုင်ရှင်ကို တွေ့ဖို့ သွားတာပဲလို့ စိတ်ရှင်းပါတယ်။ ငါ ဆန္ဒပြုပါတယ်။ နောက်ဆုံး မင်းအချိန် ရောက်လာရင် မင်းလည်း အဲဒီလိုပဲ ခံယူ နားလည်နိုင်ပါစေလို့။ ငါ ဆန္ဒပြုပါတယ်ကွာ။

ငါ့အတွက်တော့ ငါဟာ ဘယ်သူ တဦးတယောက်ကိုမှ ဦးမညွှတ်ခဲ့ဘဲ ငါ့လမ်းကိုငါ တည့်တည့် မတ်မတ် လျှောက်ခဲ့တယ် ဆိုတာကို သိနေတဲ့အတွက် ငါ ကျေနပ်တယ်။ ဒီလမ်းကို ငါတယောက်တည်း လျှောက်ခဲ့တာလည်း မဟုတ်ဘူး။ တခြား စာနယ်ဇင်း နယ်ပယ် အသီးသီးက ငါ့ရဲ့ ရောင်းရင်း သတင်းသမားတွေနဲ့အတူ လျှောက်ခဲ့တာပါ။ ရောင်းရင်းအများစုက အခုဆိုရင် သေတဲ့သူကသေ၊ တရားစီရင်တာ မခံရဘဲ ထောင်တွေထဲ ရောက်လိုရောက်၊ ဝေးလံတဲ့ နိုင်ငံတွေအထိ ပြေးနေရတယ်။ တချို့တွေကတော့ သေမင်း အရိပ်အောက် လမ်းလျှောက်နေကြရတယ်။ မင်း တချိန်က ခက်ခက်ခဲခဲ တိုက်ယူခဲ့ရတဲ့ လွတ်လပ်မှုတွေ ဆိုတာ သမ္မတကြီးအဖြစ် မင်း ရွေးချယ်ခံရတော့ ပျောက်ကုန်ပြီလေ။ မင်းရဲ့ မျက်စိအောက်မှာပဲ ငါအသတ်ခံခဲ့ရတဲ့ အဖြစ်ကို မင်း ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ဒီလူသတ်သမားတွေကို ကာကွယ်ပေးဖို့က လွဲလို့ မင်းမှာ ရွေးချယ်စရာ မရှိဘူး ဆိုတာကိုလည်း ငါ သိတယ်။ မင်း ဒီလိုပဲ လုပ်ရလိမ့်မယ်လို့ကို ငါ နာနာကျင်ကျင် သိနေပါတယ်။ အပြစ်ရှိတဲ့ တယောက်ဟာလည်း ဘယ်တော့မှ ရာဇဝတ်မှု ကျခံရမှာ မဟုတ်ဘူး ဆိုတာ မင်း မြင်နေမှာပါ။ မင်းမှာ ရွေးချယ်စရာ မရှိပါဘူး။ မင်း အတွက် ငါ စိတ်မကောင်း ခံစားရပါတယ်။ ပြီးတော့ မင်းရဲ့ ဇနီးသည် ရှာရန်သီ နောက်တခါ အပြစ်ဖြေဖို့ သွားတဲ့အခါ အကြာကြီး ဒူးထောက်ရတော့မယ်။ သူ မလုပ်ခဲ့တာတွေအတွက်၊ ပြီးတော့ မင်း ရာထူးမြဲနေအောင် သူ့အမျိုးအဆွေတွေ ပြုခဲ့တာတွေ အတွက် သူအပြစ်ရှိတယ်ဆိုပြီး သူ ဝန်ခံရရှာတော့မယ်။

Sunday Leader ရဲ့ စာဖတ် ပရိသတ်တွေကိုတော့၊ ကျနော်တို့ရဲ့ ဦးတည်လုပ်ဆောင်ချက်တွေကို ထောက်ခံတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောရုံကလွဲလို့ ကျနော် ဘာမှ မပြောနိုင်တော့ပါဘူး။ ကျနော်တို့တွေဟာ လူမသိ သူမသိ အဖြစ်အပျက်တွေကို ဖော်ထုတ်ခဲ့တယ်။ ကိုယ့်ဘာသာကိုယ်တောင် မရပ်နိုင်လောက်အောင် ကြောက်ရွံ့ တုန်လှုပ်နေတဲ့ လူတွေအတွက် ကျနော်တို့ ရပ်တည်ပေးခဲ့တယ်။ ကိုယ့် ရင်းမြစ် ဇာတိကိုတောင် မသိနိုင်တော့လောက်အောင် အာဏာဆိပ် တက်နေတဲ့ ဦးချိုကြီးတွေကို ထူးခပ်ခဲ့တယ်။ အကျင့်ပျက် ခြစားမှုတွေ၊ ချွေးနှဲစာ အခွန်ငွေတွေ ဖြုန်းတီးနေတာတွေကို ဖော်ထုတ်ခဲ့တယ်။ ဒီနေ့ ဝါဒဖြန့် စကားတွေ ဘယ်လောက်ပဲ ရှိနေပါစေ ဆန့်ကျင်တဲ့ အမြင်တွေကိုလည်း ခင်ဗျားတို့ ကြားသိခွင့် ရခဲ့ပြီ။ အဲဒီအတွက် ကျနော်နဲ့ ကျနော့်မိသားစုဟာ တနေ့မှာ ပေးဆပ်ရလိမ့်မယ်လို့ သိနေခဲ့တဲ့ အဖိုးအခကိုလည်း ပေးခဲ့ပါပြီ။ အဲဒီ အတွက်လည်း ကျနော် အသင့်ရှိတယ်၊ ရှိနေခဲ့တယ်။ အဲဒီလို မဖြစ်အောင်လည်း ကျနော် ဘာမှ မကာကွယ်ခဲ့ဘူး။ ဘာလုံခြုံရေးမှ မထားဘူး။ ဘာ ကြိုတင်ပြင်ဆင်မှုမှ မလုပ်ခဲ့ဘူး။

ကျနော်ဟာ အပြစ်မဲ့တဲ့ လူထောင်ပေါင်းများစွာကို သတ်ဖြတ်ပြီး လူတစုရဲ့ အကာအကွယ်ကို ယူထားတဲ့သူ့လို သူရဲဘောနည်းတဲ့ကောင် မဟုတ်ဘူး ဆိုတာ ကျနော့်ကို သတ်တဲ့လူကို သိစေချင်လိုက်တာ။ အခု ရေးခဲ့တာတွေထဲမှာ ကျနော်ဟာ ဘာလဲ။ ကျနော့်ကို သတ်တော့မယ်၊ ဘယ်သူက သတ်မယ် ဆိုတာ ကျနော် အများကြီး ရေးခဲ့ပါပြီ။ ကျန်တာတွေကိုတော့ ဘယ်အချိန်မှာ ဆက်ရေးကြမလဲ။

- - - - - - - -


Sunday Leader ဟာ တရားတဲ့ တိုက်ပွဲကို ဆက်တိုက်သွားမယ်လို့လည်း ပြောခဲ့ ရေးခဲ့ပြီးပြီ။ ဒီတိုက်ပွဲကိုလည်း ကျနော် တယောက်တည်း တိုက်ခဲ့တာ မဟုတ်ဘူး။ ဒီသတင်းစာကြီးကို ပိတ်မပစ်ခင်အထိ ကျနော်တို့တွေ အများကြီးဟာ အသတ်ခံရနိုင်တယ်၊ ခံကြရလိမ့်မယ်၊ ကျနော့်ကို လုပ်ကြံသတ်ဖြတ်ခြင်းဟာ လွတ်လပ်ခြင်းကို အနိုင်ပိုင်းသွားခြင်းလို့ မမြင်ကြဘဲ ရှင်သန်ကျန်ရစ်သူတွေရဲ့ခြေလှမ်းတွေကို ရှေ့တလှမ်း တိုးစေမယ့် ယုံကြည်မှု ခွန်အားတွေပဲ ဖြစ်လာမယ်လို့ ကျနော် မျှော်လင့်ပါတယ်။

တကယ်ပဲ ကျနော်မျှော်လင့်ပါတယ်။ ဒါဟာ ကျနော်တို့ အမိမြေမှာ လူသားတွေ လွတ်လပ်တဲ့ ခေတ်သစ်တခုကို တွဲဆောင်ယူဖို့ အင်အားတွေ လှုံ့ဆော်ပေးပါလိမ့်မယ်။ မျိုးချစ်စိတ်ဓာတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူအများကို သတ်ဖြတ်နေပေမဲ့ လူသား ၀ိညာဉ် အညွန့်အညောက်တွေဟာ တုံးမသွားဘူးဆိုတဲ့ အချက်ကလည်း သမ္မတကြီးရဲ့ မျက်စိကို ဖွင့်ပေးလိမ့်မယ်လို့လည်း ကျနော် မျှော်လင့်ပါတယ်။

ဒီလို ဘာကြောင့်စွန့်စားရတာလဲလို့ လူတွေက မကြာခဏ ကျနော့်ကို မေးကြတယ်။ ကျနော် အသတ်ခံရလိမ့်မယ်လို့ ပြောကြတယ်။ ကျနော် သိတာပေါ့။ ဒါဟာ မရှောင်လွှဲနိုင်ပါဘူး။ ဒါပေမဲ့ .. အခု ကျနော်တို့ မပြောရင် တိုင်းရင်းသား လူနည်းစုတွေ၊ ဒုက္ခရောက်နေသူတွေ၊ ဖမ်းဆီးနှိပ်စက်ခံနေရသူတွေ အတွက် စကားပြောပေးဖို့ လူတယောက်မှ ကျန်တော့မှာ မဟုတ်ဘူး။

စာနယ်ဇင်း လုပ်သက် တလျှောက်လုံးမှာ ကျနော့်ကို အားအင်တွေ ပေးခဲ့တဲ့ ဂျာမန် ဘုန်းတော်ကြီး Martin Niemoller ဆိုတာ ရှိခဲ့တယ်။ ငယ်တုန်းက သူဟာ ဂျူးဆန့်ကျင်ရေး သမားတယောက် ဖြစ်ပြီး ဟစ်တလာကိုလည်း ထောက်ခံခဲ့တယ်။ ဂျာမဏီမှာ နာဇီတွေ အာဏာရလာတဲ့အခါ သူက နာဇီဝါဒဆိုတာ ဟစ်တလာက ဂျူးတွေကို လိုက် သုတ်သင်နေတာ သက်သက် မဟုတ်ပဲ ဒါဟာ လူတယောက်ရဲ့ မတူညီတဲ့ အမြင်တခုလို့ပဲ ယူဆခဲ့တယ်။ ဒါပေမဲ့ သူလည်း အဖမ်းဆီးခံရပြီး ၁၉၃၇ ကနေ ၁၉၄၅ အထိ အလုပ်ကြမ်း စခန်းတွေမှာ အသတ်ခံရလုနီးပါးထိ နေခဲ့ရဖူးတယ်။ သူ အကျဉ်းကျစဉ် အတွင်း ကဗျာတပုဒ် ရေးခဲ့တယ်။ အဲဒီကဗျာကို ကျနော် ဆယ်ကျော်သက် အရွယ်မှာ ပထမဆုံး ဖတ်လိုက်တဲ့အခါက စပြီး စိတ်ထဲမှာ ခြောက်ခြောက် ခြားခြားကို စွဲမြဲ သွားခဲ့မိတယ်။

ပထမ အကြိမ် ဂျူးလူမျိုးများကို ဖမ်းဆီးသောအခါ
ကျွန်ုပ် ဘာတခွန်းမျှ မဟ
ကျွန်ုပ်က ဂျူးလူမျိုး မဟုတ်သည့်အတွက်....

နောက်.. ကွန်မြူနစ်များကို ဖမ်းဆီးရန် ရောက်လာပြန်
ကျွန်ုပ် ဘာတခွန်းမျှ မပြောပါ
ကျွန်ုပ် ကွန်မြူနစ် တယောက် မဖြစ်ခြင်းကြောင့်....

နောက်တဖန်.... အလုပ်သမား သမဂ္ဂ၀င် များ အပေါ်
ဖမ်းဆီးရန် ရောက်လာပြန်
ကျွန်ုပ် စကားတခွန်းမျှ မဆို
ကျွန်ုပ်သည် အလုပ်သမား သမဂ္ဂ၀င် မဟုတ်သောကြောင့်....

ယခု..ကျွန်ုပ်ကို ဖမ်းဆီးရန် လာကြပါပြီ
သို့သော်... ကျွန်ုပ်အတွက် ပြောဆိုဖို့တဦး တယောက်မျှ မရှိတော့.... ။

ခင်ဗျားတို့ ဘာမှ မမှတ်ထားချင်ဘူး ဆိုရင်တောင် The Sunday Leader ဟာ ဟောဒီမှာ ခင်ဗျားတို့အတွက် ဆိုတာကို မှတ်ထားပေးပါ။ ဆင်ဟာလိတွေ၊ တမီးလ်တွေ၊ မူဆလင်တွေ၊ ဇာတ်နိမ့်တွေ၊ လိင်တူချင်းနှစ်သက်သူတွေ၊ အစိုးရ အတိုက်အခံတွေ၊ အနှိမ်ခံနင်းပြားတွေအတွက် ဖြစ်ပါတယ်။

The Sunday Leader သတင်းစာတိုက် ၀န်ထမ်းတွေကလည်း ဆက်ပြီး တိုက်နေပါဦးမယ်။ ဦးမညွတ်၊ မကြောက်ရွံ့ပါဘူး။ ခင်ဗျားတို့လည်း အဲဒီလို သတ္တိမျိုးတွေနဲ့ အသားကျလာပါလိမ့်မယ်။

အဲဒီလို စွန့်စားမူမျိုးကိုလည်း တစုံတရာ ခံစားခွင့်ရဖို့အတွက် မလုပ်ကြပါနဲ့။ ကျနော်တို့ သတင်းသမားတွေ ဘယ်လို စွန့်လွတ် စွန့်စားမူကိုပဲ လုပ်လုပ်၊ ဒါဟာ ကျနော်တို့ရဲ့ ကိုယ်ပိုင် ဂုဏ်ရောင် ထွန်းပြောင်ဖို့အတွက် လုပ်တာ မဟုတ်ဘဲ... အများအတွက် လုပ်တယ် ဆိုတာကို ဘယ်သူကမှ သံသယ မရှိစေပါနဲ့။

အဲဒီလို စွန့်လွတ်မှုတွေနဲ့ ခင်ဗျားထိုက်တန်တယ် မတန်ဘူး ဆိုတာကတော့ တပိုင်းပါ။ ကျနော် ကြိုးစား ဆောင်ရွက်ခဲ့တယ် ဆိုတာကိုတော့ ဘုရားသခင် သိပါတယ်။ ။



မူရင်း- http://www.newyorker.com/online/blogs/stevecoll/2009/01/letter-from-the.html

(မှတ်ချက်- ကဗျာ ဘာသာပြန်အား အင်္ဂလန်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့မှ ထုတ်ဝေသော လူ့အခွင့်အရေး လက်စွဲ ဗမာပြန်စာအုပ်မှ ယူပါသည်)

Read more...

Wednesday, December 16, 2009

ရည်းစားစာ

















်




ရည်းစားစာ

ကျနော့်ရဲ့
မခင်သစ်ပင်။

အချစ်ဆိုတာပွဲလမ်းသဘင်ဖြစ်ရင်
ကျနော်နဲ့ မခင်သစ်ပင်ရဲ့ဇာတ်မှာ
ဘယ်သူကန့်လန့်ကာလဲ
တောတောင်လျှိုမြောင်ပိတ်ကားရှေ့
ကျနော်အော်ခေါ်နေတာ
အနှစ်သုံးဆယ်။


မခင်သစ်ပင်။
ဇာတ်လမ်းအရ ငိုချင်လည်းငိုရမယ်
ပျော်ချင်လည်း ပျော်ရမယ်
ကျနော် တယောမထိုးတတ်ဘူး
ရောမမြို့ကြီး မီးလောင်ရင်လည်း
ကြည့်မနေနိုင်ဘူး
ကျနော်ဟာ သာမန်လူဖြစ်ပြီး
ကျနော်ဟာ ချစ်တတ်လို့။

မခင်သစ်ပင်
ကျနော်တို့ နှစ်ယောက်ကြား
ဘာကြောင့် ဘာသာပြန်တယောက်ခေါ်ထားသလဲ
ကျနော်က ချစ်ခြင်းမေတ္တာကို အမှီအခိုကင်းချင်တယ်
ခင်ဗျားက ရင်ခုန်သံကို ဈေးကြီးကြီးရချင်တယ်
မုဆိုးတပိုင်း မိန်းမရိုင်းတွေဘာတွေလဲ
ခေတ်မရှိတော့
အင်ကြင်းပင်ကလည်း ရှာရခက်တယ်

ကျနော့်ရဲ့မခင်သစ်ပင်
မခင်သစ်ပင် ပွင့်ပြမှာလား
ကျနော် ခုတ်ပစ်ရမှာလား
ဒါမှမဟုတ် ဘုရားမှာ လှုမလား
ကျနော်နဲ့ ခင်ဗျားကြားမှာ
ပန်းတပွင့်ခြားနေတယ်။ ။

ဝင်းမြင့်
(ရင်ဝေးကြယ်မှကူးယူဖေါ်ပြပါသည်)

Read more...

Tuesday, December 15, 2009

မုန်တိုင်း









မုန်တိုင်း

တခါက
သစ်ရွက်ကပါးချလို့
မျက်ရည်ကျခဲ့ရတဲ့ငါပါ
ခု...ဟော့ဟို တောအုပ်ကို
တပင်ခြင်း ဆွဲနှုတ်ဖို့
ငါပြန်လာခဲ့ပေါ့။ ။

(1990-ကျော်နှစ်တွေ.အနောက်ရိုးမရဲ့တောင်စွယ်မြို့လေးမှာ.တောရဆောက်တည်ခဲ့တုန်းက
စစ်အစိုးရစပါးကြီးမြွေတကောင်ရဲ့ ၀မ်းဗိုက်ထဲမှာ.အလှောင်ခံခဲ့ကြရတုန်းက.
တောရကအပြန် သူငယ်ချင်းကဗျာဆရာ
တယောက် ရေးခဲ့တာပါ.သူ့နာမည်ကိုတော့.ဖေါ်ပြဖို့ ခွင့်ပြုချက်မတောင်းခဲ့လို့.ပြည်တွင်းမှာလည်းနေထိုင်သူမို့ပါ)

Type the rest of your post here.

Read more...

Saturday, December 12, 2009

ကျမ်းမာရေး

ကျမ်းမာရေး

ဒီလိုပါပဲဗျာ.ခင်ဗျားက ခင်ဗျားမဟုတ်သလို တိမ်းစောင်းခဲ့မှတော့ မျက်ခင်းစိမ်းစိမ်းတွေလည်း
သိပ်မလန်းတော့ပါဘူး ကလေးလေးတွေလက်ထဲက လွတ်ထွက်သွားတဲ့ ရောင်စုံဗူးဗေါင်းလေး
တွေကိုငေးရီရင်း ဘ၀မှာဘာမှ မယ်မယ်ရရမဖြစ်ချင်တော့တာကြာပါပြီ.အမေကျမ်းမာရေး မ
ကောင်းဘူးတဲ့ ဗိုက်တွေရောင်တယ်တဲ့ ခြေထောက်တွေဖေါတယ်တဲ့ သားကဆယ်စုနှစ် ၂ ခု
စာအိမ်က ထွက်သွားတယ်တဲ့


ဒီလိုပါပဲညီမလေးရာ.နင်ထောင်ဝင်စာထုတ်ကလေးကိုင်လို့ ငါ့ကိုကြည့်နေတုန်းက အကြည့်ကို
ငါသတိရလိုက်တာ.ငါကတော့ တသက်စာထိုင်ကြည့်နေရတဲ့ကောင်ပါ ဘဲဥတလုံး ၂၀၀ လက်
ဖက်ရည်တခွက် ၃၀၀ ထက် ဆန်တပြည်ဖိုးတိုးတိုးလာနေ တယ်တဲ့.အောက်တိုဘာ မြောက်
ပြန်လေဖျော့ဖျော့ကို ခိုစီးလာတဲ့ ရွှေဝါရောင် စပါးခင်းကြီးတွေလဲ မလန်းတော့ပါဘူးကွယ်.
ငါတို့တွေကကော ဖေါင်စီးရင်းဘာလို့ ရေငတ်နေကြရတာလဲ.တို့ဇာတိမှာ မှ ရေတိုင်းငံသလား
ဟာ.ငတ်တယ်ငတ်တယ် ငါငတ်တယ်.ငါကတော့အကြိမ်ကြိမ်ငတ်ကြီးကျနေတဲ့ကောင်ပါ.

နင့်လက်လေးတွေရဲ့ ကျမ်းမာရေးကို ငါဆုတောင်းပေးပါတယ် ငါဘာမှမလုပ်နိုင်တဲ့အခါမှ ဆု
တောင်းခြင်းကို မလုပ်ချင်ပါဘူးဟာ.ငါအဝေးက ပြန်ရောက်စ နင်လက်လေးတွေရောင်လို့ နင်
ငိုတော့အနာဂါတ်ကို နင် တွက်ငိုခဲ့တာ ငါမသိခဲ့ဘူး ငါဟာ ထုံထုံအအကောင်ပါ နုံ့နုံ့ချာချာ
ကောင်ပါ ပိုက်ဆံတပြားမှ မရှိလည်း သိက္ခာရှိချင်သေးသတဲ့.ဘာမှန်းမသိတဲ့ကောင်ပါ မိုက်
မိုက်မဲမဲကောင်ပါ.ကောင်းကင်ကိုဖူးချင်လို ထွက်ခဲ့တဲ့ခရီး မှာ နေကြာတခင်းထဲမှာ ဆိုက်ပရပ်
လမ်းကအပြန်မှာ အာလူးစားသူတွေရဲ့မျက်လုံးတွေထဲမှာ အမှန်တရားကို ထည့်ထားဖို့ ပန်းချီ
ဆွဲခဲ့တယ်ဆိုရင် ငါက ဘာဆွဲရမှာလဲဟာ.နင့်အတွက်က အားလူးဆိုတာ ဟင်းဦး.ဟင်းဖျား.

နိုင်ငံရေးတွေ မပါချင်ပါဘူးဟာ..နိုင်ငံရေးတွေက ငါတို့မျိုးဆက်တွေကို ဆွဲထည့်တာပါ တော
ကျောင်းဆရာလေးကို ဆွဲထည့်တာပါ ရုံးစာရေးမလေးရဲ့ သားအကြီးကောင်လေးကို ဆွဲခေါ်
သွားတာပါ စိတ်ကူးယဉ်တတ်တဲ့ ကောင်မလေးရဲ့ ကောင်လေးကို ဆွဲခေါ်သွားတာပါ အရက်
ဆိုင်အိုလေးကို ဆွဲထည့်သွားတာပါ စာသင်ခန်းခေါင်မိုးလေးကို ဆွဲထည့်သွားတာပါ ကလေး
တွေကို စစ်ထဲ ထားခဲ့တာပါ အမေ့ကို ငါကထားခဲ့တာပါ

မငိုပါနဲ့ဟာ. ဥာဏ်အားနဲ့ လုပ်မစားနိုင်တဲ့ကောင် ကျမ်းမာရေးမကောင်းတဲ့ အခါအများသူငါလို
ရောင်းမကောင်းတဲ့ ၀က်သားတုတ်ထိုးသည်လေးလို အထည်ချူပ်စက်ရုံက ကောင်မလေးလို
ပင်စင်စားစာရေးကြီးတယောက်ရဲ့ ချို့ငဲ့ငဲ့ ရှိမှုတွေလို နာကျင်အသားမာ တက်နေတဲ့ နင့်လက်
ကလေးလို လို………လို..

Read more...

Wednesday, December 9, 2009

ငါလွမ်းတယ် ဒီဇင်ဘာ

ငါလွမ်းတယ် ဒီဇင်ဘာ.

ဒီဇင်ဘာခဲ့ပေါ့ ဒီဇင်ဘာပေမဲ့ နှင်းကိုဝေးနေတုန်း ဒီဇင်ဘာဆို နှင်းတဖွဲဖွဲနဲ့ တတွဲထဲ မှတ်ထား
ဖြစ်တာဒီဇင်ဘာ ဒီဇင်ဘာကလည်း ကမ္ဘာကြီးပူနွေးတယ် ဘာညာအကြောင်းပြပြီး ဒီဇင်ဘာက
ဒီဇင်ဘာလိုပဲကျင့်တာပေါ့ ဒီဇင်ဘာကျင့် ဒီဇင်ဘာကြံနဲ့ ဒီနေ့မှ နှင်းကိုခေါ်လာတယ်


ဒီဇင်ဘာဆို ကျနော်လဲဒီဇင်ဘာ ချမ်းလဲချမ်းတယ် လွမ်းလဲလွမ်းတယ်သီချင်းလို

အလွမ်းသီချင်းမရေးတဲ့ ကျနော့်သူငယ်ချင်း ကိုကျော်ဇောကတော့ ဒီဇင်ဘာမှမဟုတ်ပါဘူး.တ
ဘ၀စာလုံးချမ်းနေခဲ့ရတာပါတဲ့.လွမ်းတာတွေထည့်မပြောချင်တော့ပါဘူးတဲ့ ထညက်အရက်မီး
တောက်ပူပူလေးမှုတ်သောက် ကန်ဇင်းရိုးကိုခေါင်းအုံး ကောက်ရိုးစောင်လေးခြုံရင်း ဒီဇင်ဘာ
နတ်တော်မှာသာတဲ့ ဒီဇင်ဘာလကို ငေးချင်တယ်တဲ့.

ချင်ခြင်းဆိုပေမဲ့ ဘာရယ်ညာရယ်လဲ မဟုတ်ပါဘူး သူလိုငါလို သူလိုငါလိုပါပဲ ဒီချိန်ဆိုငါးဒန်
ဝမ်းတွင်းသားနဲ့ ငါးများများရစေကြောင်း ဆုတောင်း အဘိုးမြှောက်ထားပြီးသား အဘိုးသောက်
ထားပြီးသား လန်ဒန်စီးကရက်လေးဖွါရင်း ဒီဇင်ဘာကိုကြိုခဲ့တာပါပဲ..၀ဲတားပိုက်ဘေးမှာ ပေါ့
ဒီဇင်ဘာ.

သောက်ဖေါ်စားဖက် ပိုက်သမားလဲဖြစ် တောကျောင်းဆရာလဲဖြစ် ဆရာလေးကိုအောင်နိုင်
က လာမဲ့ဒီဇင်ဘာမှာ ဒီအလုပ်တွေစုပေါင်း ကပြားအလုပ်သမား ပိုက်သမားနဲ့ ကျောင်းဆရာ
ပေါင်းထားတဲ့ ဘ၀ကနေ့ ပိုက်သမားစစ်စစ်ဖြစ်ဖို့ အချိန်ပေးတဲ့အနေနဲ့ မြေဖြူနဲ့ ဘောဖျက်
ကို ပိုက်တဖောင်လှေတစင်းနဲ့ လဲလှယ်ရတော့မယ်တဲ့ ခြေခင်းလက်ခင်းသာသာ မသာသာ ဒီ
ဇင်ဘာ။ စုန်ဆင်းစရာ ပင်လယ်ရယ်တော့ရှိသေး ငါးမရရင်တော့ ဘီကီနီမလေးတွေကို ငေးလို့
မရတဲ့ ဒီပင်လယ်ကမ်းခြေမှာ အဖေမဖြစ်ရတဲ့ ဘ၀ကိုကျိန်ဆဲ ဒီဇင်ဘာကို လှုံ ဒီဇင်ဘာလိုနွေး
ပြီး ဒီဇင်ဘာလိုပဲ အချိန်တန်တော့ အိမ်ပြန်ရတော့မှာပေါ့. ဒီဇင်ဘာ

ကိုချစ်ဖေကတော့..

ကျောချလို့ဓမြရယ်လို့ မတွေးအားတဲ့ ဘ၀ထူထူကြီးနဲ့မျက်နှာသစ် အလုပ်သစ်ရှာထွက်သွားရသူ
တွေရဲ့ အိမ်အပြန်လမ်းကို ဒီ ဒီဇင်ဘာ ဒီရေအတက်မှာ သူစောင့်နေမယ်တဲ့..ဒီဇင်ဘာ

ကိုချစ်ဖေက အလုပ်သစ်ရယ်မှ မယ်မယ်ရရမရှာတတ်တာဒီဇင်ဘာ သူသူငါငါသောက်ရတဲ့ မိုးခါး
ရေလေးတောင် သူမသောက်ခဲ့ရရှာဘူး ဒီဇင်ဘာ.ဒီဇင်ဘာကတော့ တချိန်က ဒီဇင်ဘာတွေလို
ဒီဇင်ဘာလို နှုတ်ဆက်ပြီး ဒီဇင်ဘာလို ထွက်ခွာသွားတော့ မှာပေါ့ ဒီဇင်ဘာ။

ဘာဘာညာညာမပြောပါနဲ့တော့ ဒီဇင်ဘာ ဒီလူကို ဒီကွင်းနဲ့ ဒီအလင်းနဲ့ ထားခဲ့တာက ထားခဲ့
တာပါပဲဗျာ ဒီဇင်ဘာ။


Read more...

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP