Monday, June 3, 2013

ဒီနေ့ ကျနော်အလုပ်လုပ်တဲ့ ဈေးထဲကို သူငယ်တန်းကလေးတွေ လေ့လာရေးလာကြတယ်။ ဆရာမက
သားတို့သမီးတို့ ၂ ယောက်စီတွဲထားနော်လို့ပဲ ပြောတာကြားတယ် ယောက်ကျားလေးက ယောက်ကျား
လေး သပ်သပ် မိန်းကလေးက မိန်းကလေး သပ်သပ်တွဲလို့ ပြောတာမကြားရဘူး ကလေးတွေကလဲ အ
နားမှာ ရှိတဲ့သူကို တွဲ လိုက်တာပဲ တွဲဆို တကယ်ကို လည်ပင်းဖက်တက်သူဖက် လက်ချင်းချိတ်တဲ့သူ
ချိတ်ကြ တွဲလိုက်တာပဲ နင်က အသားမဲလို့ နင်က အသားဝါလို့ နင်က အဖြူမို့ နင်က ဘာ ဘာသာမို့ နင်
က ဘာဘာသာမရှိလို့ နင်က မိန်းကလေးမို့ နင်က ယောက်ကျားလေးမို့ မခွဲကြပါဘူး။

အဖေါ်အကူ ပါလာတဲ့ မိဘတွေက အမှတ်တရ ဓါတ်ပုံတွေ ရိုက်လို့ ကလေးတွေက ပျော်လို့ လွတ်လပ်
လို့ အေးချမ်းလုံခြုံ စိတ်ချလို့ ချင်ခင်ရင်းနှီးကြလို့ အစားအစာရောင်းတဲ့ ဈေးတန်းဘက်ရောက်လာပေမဲ့
ကလေးလေးတွေမှာ အစာဝ နေတဲ့ မျက်လုံးလေးတွေပဲ တွေ့ ၇တယ်...ကျနော်တို့ ကလေးလေးတွေ
သတိရတယ် ကျနော်တို့ ကလေးလေးတွေ ဘယ်တော့များ အစာ၀၀ အေးအေးချမ်းချမ်း အဖိအနှိပ် အ
ချိန်းအခြောက် အကြောက်အလန့် ဘေးက ဝေးကြ၇မလဲ တပူက မပြီးသေးဘူး လူမျိုးရေး ဘာသာရေး
အမုန်း မီးတောက်တွေက စ တောက်နေရပြန်ပြီ။ အခက်အခဲကြီးကြီးထဲက ရုန်းကြကန်ကြ ရဦးမယ်။

အမုန်းမီးတွေ အဆင့်တန်းခွဲခြားမှု့တွေ မြန်မြန်ချုပ်ငြိမ်း ကွယ်ပျောက်ပါစေဗျာ။

Read more...

သောင်းညွန့်အေးဆီ ရေးတဲ့စာ

ထောင်မှာ ငါးဝါ
ဘုန်းကြီး တ၀ါ
ပြည်ပြေး ကိုးဝါ
အချစ်ရေးမှာ တသံသရာ

အ၀ိဇ္ဇာ ပစ္စယာ တဏှာ
တဏှာ ပစ္စယာ ဝေဒနာ
ဝေဒနာ ပစ္စယာ ဘာညာဘာညာ
ကဲ..
နှစ်သံသရာပဲ ဖြစ်ဖြစ်
မင်းကို ချစ်တယ်..
သောင်းညွန့်အေးကို ချစ်တယ်
သားကြီး ကြည်လင်အေးကို ချစ်တယ်..

ဟောဟို ပင်လယ်တကြောကို
ပိုက်မျှောပြီး ပြန်ခဲ့မယ်။ ။

မိုးစဲနေ

Read more...

Monday, November 26, 2012




စိမ်းလန်းရေးဆုတောင်း။

ငှက်တွေက အုပ်ဖွဲ့ ပျံသန်းနိုင်ပြီး
ငါတို့က ဘာလို့ တယောက်ကျောကို
တယောက်ခုတ်ဖြတ် စားသောက်ချင်တာလဲ။

ရောင်နီတွေ ပြိုကျလာမဲ့ လမ်းလေးမှာ
တယောက်လက်ကို တယောက်တင်းတင်းဆုတ်
ကိုယ့်အစာကို သူ့ကျွေး ကိုယ့်အနာကို သူက ဖေး
စမ်းချောင်းလေးတွေ ပိုအေးပါစေတော့။

မီးလောင်ပြင်ထဲမှာ အနာတရတွေကို မေ့နိုင်စွမ်းပေးတော်မူပါသခင်။
အာမင်။

မိုးစဲနေ
(၁၁.၀၅.၂၀၁၂)

Read more...

Friday, August 31, 2012

ကျနော့်..ရဲ့ ဘလော့လေးဆီ အပြန်

ကိုချစ်ဖေရဲ့ ဘလော့လေးထဲကို ပြန်မရောက်တာကြာလို့ ဖုန်တွေတက် ပင့်ကူအိမ်တွေ ရှုပ်နေလို့ လမ်းမနည်းရှာဝင်ရတယ်ဗျာ တကယ်တော့ အသစ်ပေါ်လို့ အဟောင်းပစ်တာရယ် ဘာရယ်မဟုတ်ပါဘူး အဖေ့ဘုတ်ကို ရောက်နေတာပါ အဖေ့ဘုတ်က သတင်းတွေ အတင်းတွေ အငြင်းတွေ စုံတယ်မဟုတ်လား ဒီတော့ ကိုချစ်ဖေလဲ မျောနေတာပါ တကယ်တော့ ကိုရေးချင်တာ တွေကို သည်းခံပြီးတင်ပေး ခေါင်းလေးခံပြီး တင်ပေးထားရတဲ့ ဘလော့လေးက သနားစရာ..နောက်ကို တော့ အဲ့လောက် အဆက်မပြတ်ဖို့ သတိထားပါ့မယ်....

Read more...

Tuesday, November 1, 2011

မျက်ရည်နှင့် ရင်းခဲ့ရသော သောက်ရေချိုတခွက်

မျက်ရည်နှင့် ရင်းခဲ့ရသော သောက်ရေချိုတခွက် "ဒကာကြီးတို့ တွင်းတူးအဖွဲ့တွေ လာမယ်ဆိုလို့ ဘုန်းကြီး ၀မ်းသာလိုက်တာဗျာ။ ညကတညလုံး အိပ်မ ပျော်ဘူး" ဘုန်းတော်ကြီး ဦးကောသလ္လ၏ မျက်လုံးအိမ်ထဲတွင် အပြုံးရိပ်တို့ ၀င်းလျက်။ နှလုံးသားထဲမှ မေတ္တာ ဓါတ်တို့ဖြင့် ယိုစိမ့်ထွက်ကျလာသော စကားများက စမ်းရေစီးသလို တသွင်သွင် စီးဆင်းနေလျက်။ ၁၅ ပေ ပတ်လည်ခန့် ရှိမည့် သိမ်ကျောင်းလေးထဲတွင် ဖျာအစုတ်လေုးတချပ် ခုတင်အိုလေးတလုံးနှင့် ယိုင် နဲ့နဲ့ ဆက်တီထိုင်ခုံ အကြမ်းလေး တလုံး။ တကယ့် တောကျောင်း သင်္ခမ်းလေးပါပဲ။ှ ထိုအချိန်တွင် ကျနော်တို့ ရိုက်ကူးရေး အဖွဲ့သားများက အချိန်မဖြုန်းနိုင်။ ဆရာတော်နှင့် တွေ့ ဆုံခန်း ရိုက်ဖို့ ပြင်ဆင်ကြသည်။ အရှေ့တိုင်း စောဘဦး၊ ဂွမ်းဂွမ်း ဒစ်ဂျစ်တယ် ကွန်ပြူတာမှ ဗွီဒီယိုကင်မ ရာဆရာ ကိုသိန်းလွင်တို့က ရိုက်ကွင်းကို ပြင်ဆင်ကြသည်။ “ဆရာတော် အနေနဲ့ ဒီအရပ်ဒေသမှာ ရေသန့် စက်ရေတွင်းဖြစ်ပေါ်လာအောင် ကြိုးစားခဲ့တဲ့ အပိုင်း လေး မိန့်တော်မူပါဘုရား" ကျနော်၏ လျှောက်ထားချက်။ “ဒီလိုဗျာ။ ကျုပ်တို့ အရပ်မှာ မြစ်ဝကျွန်းပေါ်ဆိုပေမဲ့ နွေအခါ ရေငန်တက်လာရင် မြစ်တွေ ချောင်း တွေက ရေတွေ အားလုံး ငန်တူးကုန်တော့တာ သောက်ရေအတွက် လေးငါးမိုင်လောက်ဝေးတဲ့ အရပ်ကို လှေလှော်ပြီး သွားသယ်ကြရတယ်။ဆင်းရဲတဲ့သူ အများစုကတော့ ဒီရေငန်ကိုပဲ ကြိတ်မှိတ် သောက်ကြ ရတာကလား။ မြန်မာလို ၁၃၆၀ ပြည့်နှစ်က ကျုပ်တပည့် မိန်းကလေးတယောက်ဆို အဲ့ဒီရေငန်ရေပျက် သောက် ပြီး ၀မ်းလျှောရောဂါကြောင့် အသက်ဆုံးခဲ့ရတယ်။ အလွန်လိမ္မာတဲ့ ကလေး၊ ဆရာသမားမိဘအပေါ် အ လွန်အလိုက်သိတဲ့ ကလေးဗျ။ သူ အခုရှိနေရင် ကိုးတန်းလောက် ရောက်ပြီပေါ့။ အဲ့ဒီတုန်းက စိတ် မကောင်းလွန်း လို့ ဘုန်းကြီးတန်မဲ့ မျက်ရည်တောင် ကျမိတယ်ဗျာ" သက်တော်(ရ၀)နီးပါးခန့် ဆရာတော်၏ စကားရိပ်များတွင် ကြေကွဲသံတို့ ရောယှက်။ မျက်နှာတော် ညိုးလျှော့။ “ဒီလိုနဲ့ တနှစ်ကို တယောက် နှစ်ယောက် ကတော့ ဒီရေငန်ကြောင့် ၀မ်းပျက် ၀မ်းလျှေ လျှောဖြစ်ပြီး ပျက်စီးကြရတာကိုး။ ဒါနဲ့ ဘုန်းကြီးစဉ်းစားတယ် အခုပေ ၄၀၀ လောက်တူးးတဲ့ အ၀ီစိတွင်းတွေမှာ ရေချိုထွက်တယ်လို့ ကြားဖူးတယ်။ မော်ကျွန်းက သိကျွမ်းတဲ့ ဒကာ ဒကာမတွေကို ပြောကြည့် အလှုခံရရင် ကောင်းမလားပေါ့ ။ နောက် မော်ကျွန်းရောက်တဲ့အခါ ဟာဂျီ ဦးသောကြာ စတိုး က ဦးသောကြာသမီးတွေကို ပြောကြည့်တယ်။ သူတို့က သုံးသောင်းလှုပါမယ်။ ဒါပေမဲ့ ဒီလုပ်ငန်းမျိုးလုပ် တာ ၀ါသနာပါတဲ့ ဒကာကြီးဆီသွားပါဆိုလို့ ဒကာကြီးဆီ လာခဲ့တာလေ။ ဒကာကြီးက တပည့်တော် အ လုပ်တွေ မအားလို့ တလလောက်အချိန်ပေးပါ ဆိုပြီး နောက် ဈေးကွက်ဂျာနယ်မှာ ဘကြီးထွန်း (မော်ကျွန်း) နာမည်နဲ့ သတင်းတိုလေးရေးပြီး အလှုခံတယ်။ ရန်ကုန်က တခါမှ မတွေ့ဘူး မမြင်ဘူးတဲ့ ယောမင်းကြီးလမ်းက ဦးကြူးတို့ အေ၀မ်းဝမ်း ၀က်အူချောင်းလုပ်ငန်းတို့ ၊ ဦးတူး ဒေါ်တင်တင်ရီတို့က နှစ် သိန်းကျော်လှုတယ် မဟုတ်လား" မှန်ပါသည် ကျနော်၏ ဂျာနယ်သတင်းကို ဖတ်ပြီး လူချင်း တခါမှ မတွေ့ဖူး မသိဖူးပါပဲ လျက် ကျနော်ထံ ဖုန်းဆက်ခေါ် ကျနော်လူကိုယ်တိုင်သွားတော့လဲ သိန်းဂဏန်းငွေကို ယုံကြည်စွာ လှု လိုက်ပုံမှာ အံ့သြစရာ၊ သို့သော် တကယ်တော့လဲ ဆင်းရဲ ချို့ တဲ့တဲ့ အရပ်ဒေသရှိ လူအများအပေါ် ၌ ထားရှိသော ဖြူစင်သန့်ရှင်းသည့် စေတနာ ဆန္ဒ ကုသိုလ်ဓါတ်လှိုင်း တို့က အလှုရှင်တို့၏ သဒ္ဒါတရား ကို လှုံ့ဆော် ကူညီပေးခြင်းသာ ဖြစ်ပေမည်။ “ဒကာကြီးတို့က လှုဖြစ်တယ်လို့ ကတိပေးတာကို ရွာကလူကြီးတွေ၊ ရာအိမ်မှုးတို့ ၊ ကာလသား အဖွဲ့တို့ကို ပြောပြတော့ သူတို့က မယုံဘူးဗျ။ ဆယ့်တသိန်း ဆယ်နှစ်သိန်းလောက် ကုန်တာဆိုတော့ စဉ်း စားတာပေါ့ဗျာ။ ဒကာကြီးဆီက ဂျာနယ်မှာ ပါတဲ့ သတင်းဖြတ်ပိုင်းလေး နဲ့ စာကို ထပ်ပြီးထုတ်ပြ တာတောင်မှ မယုံတ၀က် ယုံ တ၀က်ပဲ ရှိသေးတာ" “ဒါပေမဲ့ ကျုပ်ကတော့ ယုံကြည်တယ်။ အများ ကောင်းကျိုး လုပ်တဲ့ လုပ်ငန်းဆိုတာ လူနတ်ဗြဟ္မာ ချစ်တဲ့ အလုပ်ပဲဗျာ။ အားလုံး ၀ိုင်းကူကြမှာပေါ့ တနေ့ ကတောင် ဟိုဖက်ရွာကို တရားပွဲကြွ တော့ 'ငါတို့တော့ ရေချိုသောက်ရပြီဟေ့' ဆိုပြီး မိုက်နဲ့ ကို အော်ပြောလိုက်တာဗျ" “အဲ့ဒီ ပေါင်တချောင်း ကျူချောင်း ကနစိုချောင်းက ရွာသားတွေကလဲ ၀မ်းသာလို့ သူတို့လဲ နီးနီး နားနားလာခပ်လို့ ရပြီပေါ့ဗျာ။ ရေချို တစည်ကို ၁၅၀၀ကျပ်နဲ့ သူတို့ လဲ ၀ယ်မသောက်နိုင်ဘူးလေ အားလုံးကောင်းကျိုး ပါဗျာ" ဆရာတော်၏ ကျေကျေနပ်နပ် ချမ်းချမ်းသာသာ ကြီး ပြုံးနေသော မျက်နှာကို ဖူးမြင်ရင်းက ကျ နော်၏ စိတ်ထဲတွင် အအေးဓာတ်များ ပြည့်လာလေသည်။ ကျောင်းတော်ရာ၊ အောင်လှိုင်ကျေးရွာမှာ မော်ကျွန်းမှ နှစ်နာရီကျော်ကျော် မောင်နှင်မှ ရသည်။ မ နက် ရ နာရီခန့် ထွက်ရာ ၁၀ နာရီ ခန့်တွင် ရွာသို့ ရောက်၏ ကျနော်တို့ ကိုမြင်သည်နှင့် ရွာသူရွာသား များ လာကြိုကြ၏ အ၀ီစိတွင်း တူးအဖွဲ့က အားကြိုးမာန်တက် တူးနေဆဲ။ သူတို့က ကျနော်တို့ ထက် တရက်ကြိုရောက်သည်။ ကမ်းနံဘေး ကျောင်းပေါ်တွင် ခဏထိုင်ပြီး ဆရာ တော်ရှိရာ သိမ်ကျောင်းငယ်သို့ တွေ့ဆုံမေးမြန်းရန် သွားကြ၏။ မသွားခင် ရွာသားတဦးက လွန်ခဲ့သော တလက ခုနှစ်နှစ် သမီးငယ်လေး တဦး ၀မ်းပျက် ၀မ်းလျှောရောဂါဖြင့် ဆုံးပါးသွားပုံကို စိတ်မကောင်းစွာ ပြောပြလေသည်။ ထိုအကြောင်းအရာကို မေးလိုသ ဖြင့် ကလေးမိခင်ကို ခေါ်ပေးဖို့ ပြောထား၏။ ဆရာတော်က စကားပြောနေရင်း ခဏရပ်သွားကာ တံခါးဝ သို့ ကြည့်လျက် "ဟဲ့ မဌေးလား" ဟု မေးသည်။ “ တင်ပါ့ဘုရား" “ကျတော့် နဘေးတွင့် ထိုင်ရင်း ဆရာတော်ကို ၀တ် ဖြည့်နေသော ထိုအမျိုးသမီးမှာ အသက် ၅၅နှစ် လောက် ထင်ရသည်။ သို့သော် ကျနော်သေချာကြည့်တော့ အသက် ၄၀ကျော်ပဲ ရှိမည်။ ဆင်းရဲပင် ပန်းမှုများကြောင့် အသက် ၁၅နှစ်စာခန့် ပို၍ အိုစာနေပုံရ၏။ လည်ပင်းတွင် စတီးကြိုး ဆွဲထားသော သူ့ ပုံမှာ ကျေးလက်၏ သဘာဝရုပ်ပုံလွှာပေလား။ “ သမီးလေး ဆုံးသွားတဲ့ ကလေး အမေလား" “ဟုတ်ကဲ့" သူ့ပုံသဏ္ဍာန်မှာ ကျနော်နှင့်တကွ ရိုက်ကူးရေးအဖွဲ့ ကို ကြောက်ရွံ့ စိုးရိမ်နေဟန်ပင်။ “ဒီလိုပါ ကျနော်တို့ က အ၀ီစိတွင်း အလှုရှင်တွေပါ။ မဌေးသမီးလေး ဆုံးပါးသွားတဲ့ အကြောင်း သိချင်လို့ပါ။ ကလေးက အသက် ဘယ်လောက်ရှိပြီလဲ" “သမီးက အသက် ခုနှစ်နှစ်၊ ကလေးငါးယောက်မှာ သူက နို့ညှာ အဲ့ဒီနေ့က ကျမတို့ ရွာမှာ မရှိဘူး။ ကွင်းထဲမှာ အလုပ်သွားလုပ်တယ်။ သူကနေ့လည်ခင်း သရက်သီးတွေ စားတယ် ပြောတာပဲ။ ရေကလဲ သောက်စရာမရှိတော့ ချောင်းထဲကရေပဲ ခပ်သောက်ရတာပေါ့။ ည ၁၀နာရီလောက်ကြ တော့ ၀မ်းလဲသွားတယ် အန်လည်း အန်တယ်။ အဲ့ဒီညနေ အိမ်ပြန်ရောက်တော့ သူကောင်းသေးတယ်။ ကျမက ငရုတ်သီး ထောင်းခိုင်းတော့ တချက်နှစ်ချက် ထောင်းပြီး ဆက်မထောင်းနိုင်ဘူး။ ကျမက လဲ ဘယ်သိမလ၊ ခေါင်းကိုတောင် တချက် ခေါက်လိုက်မိသေးတယ်” ထိုစကား အရောက်တွင် မဌေး စကားသံ တိမ်ဝင်သွား လေသည်။ “ သေတော့မယ့် ကလေးကိုလေ၊ ကျမခေါင်းခေါက်မိလိုက်တာ" စကားသံ ဆို့နင့် ကြေကွဲဖွယ်၊ စိတ်နှလုံး ထိခိုက်ဖွယ် ကောင်းလှသော ထိုမြင်ကွင်းကို ငေးကြည့် နေရင်းကပင် ကျနော်သည်လဲ မျက်ရည်ဝိုင်းမိ ခဲ့၏။ မဌေးသည် ဆို့ဆို့ နင့်နင့်ကြီး ရှိုက်လျက် အသံမ ထွက်ဘဲ သောကပရိဒေ၀တို့ လောက်မြိုက်ခြင်းကို တင်းခံလျက်က မျက်ရည်တို့ စီးကျလာလေ သည်။ ကျနော်လဲ ဘာဆက်ပြောရမှန်းမသိ။ ရိုက်ကူးရေး တဖွဲ့ လုံးမှာလဲ စိတ်ထိခိုက်စွာ ငြိမ်သက်နေလျက်၊ မဌေးသည် တုန်တုန်ရီရီဖြင့် ခေါင်း မှ နွမ်းဖပ်နေသော တဘက်အပိုင်းအစ ညစ်ထေးထေးဖြင့် မျက်နှာကို အုပ်ကာ ရှိုက်ငင် နေလေသည်။ “ ည ၁၁ နာရီမှာ ၀မ်း သုံးခါသွားတယ်။ ၁၂ နာရီလောက်ကျတော့ အဖေတို့ာ အမေတို့ ငါ သေတော့မယ် ထင်တယ်လို့ ပြောတယ်။ ခဏလေး ကြာတော့ ဘုရား ဘုရား ဘုရား လို့ သုံးခါရွတ်ပြီး ဆုံးတာပဲ" မဌေး၏ စိတ်ထဲတွင် သမီးလေး၏ နောက်ဆုံးအချိန် ပြကွက်များ ပြန်ပေါ်လာပြန်ပြီ။ ဒုတိယအ ကြိမ် သည်းထန်စွာ ရှိုက်ငင်ပြန်၏။ “ အေးဗျာ မဌေးရယ် စိတ်မကောင်းပါဘူး။ နောင် ဒီလို သောက်ရေကြောင့်ဝမ်းပျက် ၀မ်းလျှော အသက် အန္တရာယ် ထိုခိုက်တာမျိုး မဖြစ်ရအောင် ကျနော်တို့ လာလှုဒါန်းးတာပါ ။သမီးလေး ကောင်းရာ သုဂတိလားပါစေလို့ ဆုတောင်းပါတယ်ဗျာ" ကျနော်လဲ တတ်သမျှ မှတ်သမျှ အားပေးနှစ်သိမ့်မိ၏ “ ဒါဆို ကျမ ပြန်တော့မယ် “ ဆရာတော်ကို ၀တ်ဖြည့်ပြီး မဌေးပြန်သွားသော်လည်း သူ ဆို့ နင့်စွာ ပြောခဲ့သော စကားသံက ကျနော်တို့၏ နှလုံးသားအတွင်း အဆိပ်ပြင်းပြင်း ဆူးတချောင်း စိုက်ထည့်သွားသလို စိတ်နှလုံး ထိခိုက် ဖွယ်ကောင်းလှ၏။ “ သေတော့မယ့် ကလေးကိုလေ ကျမခေါင်းခေါက်မိလိုက်တာ” ဆရာတော်နှင့် တွေ့ဆုံပြီး တွင်းတူးအဖွဲ့ ရှိရာသို့ ရိုက်ကူးရေးအဖွဲ့ သွားသည်။ ကျနော်တို့ ခဏ နားကြတော့ ၁၂ နာရီထိုးပြီ အားလုံး ခဏ နားချိန်တွင် ကျနော်ကဆရာတော် သီတင်း သုံးရာ သိမ်ကျောင်းလေးသို့ ပြန်သွားပြီး ဆရာတော်ကို ခွင့်ပန်ကာ ခတ္တ တရားအာရုံပြုသည်။ ပြီးတော့ ဆရာသမားများ ဖြစ်ကြသော ကျေးဇူးရှင် လယ်တီဆရာတော်၊ ဆရာကြီး ဦးဘခင် ဆရာကြီးဦးဂိုအင်ကာနှင့် တကွ သာသနာတော်စောင့် သမ္မာဒေ၀ နတ်အပေါင်းတို့အား ဤ ကောင်းမြတ်သော အများအကျိုး ဆောင်ရွက်သည့် အလှုဒါနကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအ တွက် လိုအပ်သောအား လိုအပ်သောအကူအညီ လိုအပ်သော အစောင့်အရှောက်တို့ကို ပေးတော်မူကြပါ ရန် တိုင်တည်သည်။ ပြီးတော့မှာ ဤကျေးရွာနှင့် တကွ အနီး ပတ်ဝန်းကျင်ရှိ မြင်အပ် မမြင်အပ်သော လူနတ် သတ္တ၀ါ အပေါင်းတို့ ကျမ်းမာ ချမ်းသာကြပါစေဟု မေတ္တာပို့သည်။ မေတ္တာပို့ပြီးသည်နှင့် နှလုံးအိမ်၌ အလွန်အေးသော ခံစားချက်တခု ဖြစ်ပေါ်လာခဲ့၏ ထို့ကြောင့် ပင် ပြုဖွယ်ကိစ္စများ ပြီးသည်နှင့် ဆရာတော်အား ဤရေတွင်းမှာ ရေအောင်မည်ဖြစ်ကြောင်း လျှောက် ထားမိ၏။ ပေ ၄၀၀ အထက်တွင်းတူးရာတွင် တခါတရံ ရေမထွက်ခြင်း၊ ထွက်သောရေ မသန့်ခြင်း ရေ နောက်ပဲထွက်ခြင်းများ ရှိတတ်၏ ထိုအခါ နှစ်ကြိမ်ပြန်တူးရလျှင် အနည်းဆုံး ပိုက်ဖိုး နှစ်သိန်းခွဲခန့် ထပ် မံ ကုန်ကျတတ်ပါသည်။ ကျနော်ထင်သည့် အတိုင်းပင် ၂၉ရက်နေ့က စတူးသော တွင်းမှာ ၀၃၀.၄.၂၀၀၇ မနက်ပိုင်း၌ ရေ အောင်သည်။ ပေ ၄၆၀။ ရေထွက်လည်း သန်၏။ ရေလဲချို၏။ “ရေချိုထွက်ပြီ" ဆိုသော သတင်းမှာ နှစ်နာရီခန့်အတွင်း အိမ်နီးချင်းရွာများသို့ ပျံ့နှံ့သွားပြီး လှေ ငယ်ကလေးများပေါ်တွင် အိုးခွက်များ တင်လျက် လာရောက် သယ်ယူကြလေတော့သည်။ ကြည်နူးဖွယ် ကောင်းလေစွ။ ၈၆၀×၄၀၀×၅ ပေ ရေကန်ကြီး တခုပါ လှုဒါန်းရာ ရေကန်က မပြီးသေးသဖြင့် နီးစပ်ရာ ကျောက်စည်ပိုင်း တခုထဲ ထည့်၍ ပေးရသည်။ ကျနော့်စိတ်ထဲတွင် ပိုက်ဆံ ငါးသိန်း ဆယ်သိန်းခန့်ကို ထမင်းစားဝိုင်း တ၀ိုင်င်း ပျော်ပွဲတပွဲ လောက်ဖြင့် သုံးဖြုံးပစ်နိုင်သော ပုဂ္ဂိုလ်များ ဤစာကို ဖတ်ရှုမိပြီး လှုဒါန်းကြလျှင် ဘယ်လောက်ကောင်းမ လဲဟု တွေးကာ မချင့်မရဲ ဖြစ်မိလေသည်။ နောက်တနေ့တွင် မော်ကျွန်းမြို့ ရွှေဒင်္ဂါးလက်ဖက်ရည်ဆိုင်၌ သူငယ်ချင်းများနှင့် စကားပြောကြရင်း ထို စိတ်မကောင်းစရာ ဖြစ်ရပ်လေးကို ပြန်ပြောမိသည်။ ထို့နောက် ကျနော်၏ စိတ်ကူးတွင် "မေတ္တာရေစင် ဖောင်ဒေးရှင်း" ဟူသော အမည်ဖြင့် မြစ်ဝကျွန်းပေါ်ရှိ ရေငန်ထိုးသော အရပ်များတွင် နှစ် လက်မ အ၀ီစိတွင်းအား တူးဖော်မည့် အစီအစဉ် ရှိလာကြောင်း ဖွင့်ပြောပြ၏။ ရေမြင်ပါလျက် ရေမသောက်ရသော ဘ၀များ၊ ရေပတ်လည်ဝိုင်းလျက် ရေငတ်ဆာလောင်နေသော ဘ၀များစွာ၏ တစိတ်တဒေသကိုမျှပင် ဖြစ်စေ သောက်ရေ မွတ်သိပ်နေသော ဆန္ဒများကို ဖြည့်စွမ်းနိုင်ကြ ပါစေ၊ ချမ်းသာမှု့ ရကြပါစေဟု ဆန္ဒပြင်းစွာ ဖြစ်မိကြောင်းကိုလည်း ပြောမိလေသည်။ “မေတ္တာ ရေစင်" ထိုစကားလုံးလေးများကို ရွတ်လိုက်လျှင်ပင် နှလုံးသားထဲ အေးမြသွားသည်။ “ မေတ္တာရေစင် ဖောင်ဒေးရှင်း” လူသားအချင်းချင်း ချမ်းသာမှု ရစေချင်သောစေတနာမှန် ရှိကြသည့် အလှုရှင်များ၏ စွမ်း အားဖြင့် ဆိုလျှင် တနှစ်ကို သုံးတွင်းတော့ တူးနိုင်မည်ဟု ယုံကြည်သည်။ လက်ဖက်ရည်ဆိုင်တွင် သူငယ်ချင်းတယောက်က “ ဒီ အလုပ်လောက် ကိုများကွာ ဒီလောက် ကြီးကြီးကျယ်ကျယ်လို့ မင်း ထင်နေသလား” ဟု အထေ့အငေါ့ ပြောသည်။ ခါတိုင်းစကားနိုင် လုပြောနေကြ ဖြစ်သဖြင့် ကျနော်လုပ်သော အလုပ်တိုင်း ဒီလိုပဲ ပြောနေကြ ကျနော်ကလဲ သူ့ကို ပြောနေ ကြ။ သို့သော် ယခုကိစ္စတွင်တော့ မတူပါ။ ငွေကြေးပမာဏအားဖြင့် တဆယ့်နှစ်သိန်းဟု ဆိုနိုင်သော် လည်း ကျနော်တို့၏ နှလုံးသား အတွင်းရှိ အများကို ချမ်းသာစေချင်သည့် မေတ္တာတရာ၏ မမာဏကို မည်သို့ တိုင်းတာမည်နည်း။ ယခုလောလောဆယ်တွင်တော့ ကျနော့်ဆိုင်ဝန်ထမ်းများက “မေတ္တာရေစင် ဖောင်ဒေးရှင်း” ၏ ၀န်ထမ်းများ အလှုရှင်များ ထည့်ဝင်သော ရန်ပုံငွေကို စုစည်းကာ တနှစ်ကို သုံးတွင်း တူးမည်။ တတွင်း တူးပြီးတိုင်း ၄င်းတွင်း အမှတ်စဉ်တွင် ပါဝင်လှုဒါန်းသော အလှုရှင်အမည်များကို ရေကန်တွင်တပ်ထားခဲ့ မည်။ အလှုရှင်များထံသို့ ငွေစာရင်းရှင်းတမ်း ဂုဏ်ပြုလွှာ။ ရွာသူရွာသားများ သောက်ရေချိုကို ပျော်ရွှင် စွာ သုံးစွဲကာနေသည့် ဓါတ်ပုံတပုံ၊ ကမ္ပည်းကျောက်ပြား ဓာတ်ပုံတပုံတို့ ပြန်ပို့ ပေးမည်။ တွေးနေရင်း ကပင် ကျနော်လည်း စိတ်နှလုံး ပျော်ရွှင်ကြည်နူးလာမိလေသည်။ “မေတ္တာရေစင် ဖေါင်ဒေးရှင်း" တွင် မည်သည့် ဘာသာဝင် မည်သည့်လူမျိုးမဆို အလှုငွေ ထည့် ၀င်နိုင်သည်။ တကယ်တော့ ဘယ်ဘာသာ ဘယ်လူမျိုးမဆို လူဟာလူပါပဲ။ လူတယောက်မှာ လောဘ ဒေါသ မောဟ ရှိတတ်သလို ကရုဏာတရား၊ မေတ္တာစိတ်၊ ကိုယ်ချင်းစာစိတ် လည်းရှိသည်။ လူအများ ချမ်းသာမှု ရစေချင်သော ကြည်လင်အေးမြသည့် စေတနာလည်း ရှိသည်ဟု ယုံကြည်သည်။ ထို မေတ္တာတရား အလင်းရောင်တို့ တစစီပြန့်ကျဲနေရာမှ စုစည်းလိုက်သောအခါ အင်မတန်အား ကောင်းသည့် ကြီးမားကျယ်ပြန့်သော အအေးဓာတ် အလင်းအားကြီး ဖြစ်မလာနိုင်ဘူးလား။ အခုတော့ ထိုအအေးဓါတ် အလင်းဓါတ်ကြီး၏ အကျိုးသက်ရောက်မှု အဖြစ် မေတ္တာရေစင် ဖောင် ဒေးရှင်း စီမံကိန်း တွင်းအမှတ် ၁ ကို မော်လမြိုင်ကျွန်းမြို့နယ် နတ်မှုးကျေးရွာအုပ်စု၊ ကျောင်းတော်ရာ အောင်လှိုင် ကျေးရွာလေးတွင် တူးဖေါ်အောင်မြင်ခဲ့ပါပြီ။ ကျနော့် စိတ်အာရုံထဲတွင် ရေချိုစက်ရေတွင်း ဖွင့်ပွဲနေ့က ပျော်လွန်း၍ ငိုကြရရှာသော သက်ကြီး ရွယ်အို ဘိုးဘွားနှစ်ဦး၊ အားရကျေနပ်လွန်း၍ အပြုံးပန်းဝေနေသော ဆရာတော် အိမ်တွင်ရှိသမျှ ရေပုံးရေ ခွက်၊ အိုးခွက်ပါမကျန် လှေပေါ်တင်၍ ရေချိုလာသယ်ကြသော ရွာသူရွာသားများ၊ ထိုမှ "သေတော့မယ့် ကလေးကို လေ ကျမခေါင်းခေါက်မိတာ" ဟု မချိတင်ကဲ ဆို့နင့်စွာ ရေရွတ်ရရှာသော ကလေးအမေ မဌေး တို့၏ မျက်နှာများကို ရုပ်ရှင်အနှေး ပြကွက်များ သဖွယ် ပြန်မြင်မိပြန်၏။ သြော်... “မျက်ရည်နဲ့ ရင်းခဲ့ရသော သောက်ရေချို တခွက်" ပေတကား။ ဘကြီးထွန်း(မော်ကျွန်း) ဖုန်း-၀၄၂-၅၀၁၈၂

Read more...

Tuesday, October 18, 2011

မွေးနေ့နဲ့ အော်သံ

ကိုမင်းကိုနိုင် ၄၉ နှစ်မြောက် မွေးနေ့မှသည် အသက်ရာကျော်ရှည်၍ ပြည်သူများ၏ အကျိုး တိုင်းပြည်အကျိုးကို သယ်ပိုးနိုင်ပါစေ.. လို့..ဆုတောင်းပေးပါတယ်။ ဆုတောင်းပေးသာပေးရပါတယ်ဗျာ ကိုမင်းကိုနိုင် အသက်ရာကျော်ရှည်ပြီး ပြည်သူ့အကျိုးကို သယ်ပိုး နေခဲ့ရင် ၂၀၀၈ ဖွဲ့စည်းပုံကြီးကလဲ ဆက်လက်တည်မြဲနေဦးမယ်ဆိုရင် ကိုမင်းကိုနိုင် ဆက်ပြီး ထောင်ထဲမှာနေရဦးမလားလို့လဲ တွေးနေမိပါတယ်။ ကျနော်တို့တွေ ဖမ်းဆီးခံနိုင်ငံရေးသမားတွေ လွတ်မြောက်ရေး ဆိုပြီးအော်လိုက် အော်တဲ့သူတွေက ဖမ်းခံရတဲ့ နိုင်ငံရေးသမားတွေဖြစ်လိုက် ထပ်အော်လိုက်ကြ နောက် ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရတော့ ဒေါ်အောင်ဆန်းစုကြည်လွတ် မြောက်ရေး ဒို့အေ၇း အော်ကြရပြန်ကော အော်တာက ဒို့အလုပ် လွှတ်တာက သူတို့အလုပ် ဆိုပြီးအော်ကြရတာကိုးဗျာ။ တကယ့်တကယ်ဒေါ်စု ကိုလွှတ်ပေးပြီး ဘာဆက်အော်ရမှန်းမသိ ကြောင်တောင်တောင်တောင်ဖြစ်ရမလားမသိ ဒေါ်စုကလဲ လွှတ် လာလိုက် ပြန်ဖမ်းခံရလိုက် ပြန်အော်လိုက်ကြ ပြန်လွတ်လာလိုက် ကိုး ဒေါ်စုလွတ်လာပေမဲ့ မလွတ်သေးတဲ့ ကိုမင်းကိုနိုင် ဦးခွန် ထွန်းဦးနဲ့ အခြား အညတ နိုင်ငံရေးအကျဉ်းသားတွေ နိုင်ငံရေးအကျဉ်းသား ပုဒ်မ အတတ်မခံရတဲ့သူတွေလဲ ရှိသေးတော့ တခါ လွတ်မြောက်ရေး အော်ရပြန်ကောဗျာ။ ကျနော်တို့က အမြဲပဲ အော်နေရမှာလား အော်ရင်ကော သူတို့က လွှတ်ပေးလို့လား လွှတ်လွှတ်မလွှတ်လွှတ် အော်ရမှာပဲလား လွှတ် တာဟာ အော်တာနဲ့ တိုက်ရိုက်ပတ်သက်နေသလား။ ကျနော်လဲ စဉ်းစားနေမိပါတယ်။ ကျနော်တို့ အော်တိုင်းတော့ လွှတ်ပေးတယ် ရယ်တော့ မရှိပါဘူး။ သူတို့ လွှတ်ပေးချင်လို့သာ လွတ်တယ်ပဲ ရှိတာပါ။ သူတို့ကကော လွှတ်ပေးချင်သလား ဆိုတော့ လွှတ်မပေး ချင်ပါဘူး မလွှတ်ရင် မဖြစ်တဲ့အခြေအနေမျိုးမှာ လွှတ်ပေးတာမျိုးပါ။ တကယ်က အကုန်လုံးကို ချွင်းချက်မရှိလွှတ်ပြီး မြန်မာပြည်ရဲ့ ပြဿနာအရပ်ရပ်ကို စုပေါင်းဝိုင်းဝန်းဖြေရှင်းကြမယ်ဆို ပြေလည်မှာပါ။ ခုတော့ မလွှတ်မဖြစ်မှ လွှတ် မတွေ့မဖြစ်မှ တွေ့ ဆိုတာ အမြဲတမ်း ပါပဲ လွတ်ခါနီးလူတွေကို လွှတ် တာမျိုး မလွှတ်တာထက်စာရင် နည်းနည်းလွှတ်တာ မဆိုးဘူး ကောင်းပါတယ် ဆိုတာ မျိုး ကျနော်တို့ ဖက်က အမြဲပြောနေရတော့တာပါပဲ။ အဲ့ဒီလိုပြောတော့ မင်းက လွှတ်တာ မကြိုက်လို့လား မကျေနပ်လို့ လားလို့ မေး ရင် ကျနော်သဘောနဲ့ဆို မကျေနပ်ပါဘူး အစထဲက ဖမ်းဖို့ မကောင်းတဲ့သူတွေကို နှစ်ရှည်ဖမ်းထားပြီးမှ ပြန်လွှတ်တယ်ဆိုရင်တောင် ဒါ..အရင်းပဲ ပြန်ရသေးတာ..ဖိနပ်တို့ လက်နှိပ်ဓါတ်မီးတို့ ဦးထုတ်တို့ငှါးထားတာ သုံးလို့ဝမှ ပြန်ရတဲ့ သူရဲ့ အရင်းပြန်ရခြင်းမျိုးပဲ ခံစား ရတာပါ။ ခုတော့ ဖိနပ်ဟောင်းတော့ပြန်ပေးတယ် လက်နှိပ်ဓါတ်မိးနဲ့ ဦးထုတ်ဆက်ယူထားဦးမယ် မင်းဖိနပ်အသစ်လေး စီးသွားဦးမယ်လို့ ဗိုလ်ကျတဲ့ အပေါက်မျိုးပါ ဗိုလ်တွေဆိုတော့လဲ ဗိုလ်ကျတာနေမှာပေါ့လေ။ ဒါပေမဲ့လဲ ကျနော်တို့တွေ အပေါ်သာ ဗိုလ်ကျနိုင်တာပါ လက်နက်ကိုင်ထားသူချင်း အပေါ်မှာတော့ ဗိုလ်မကျနိုင်ပါဘူး။ ဒါပေမဲ့လဲဗျာ ကမ္ဘာကြီးပေါ်မှာ စီးပွါးပျက်လို့ ရာသီဥတုဖေါက်ပြန်လို့ ဒုက္ခသုက္ခတွေရောက်ပါတယ် ဆိုကာမှ ကိုယ့်အခြင်းခြင်း ညီ ညွတ်ဖို့က အူလှိုက်သည်းလှိုက်မဖြစ်တာ ဆိုးပါတယ်။ ဒါပေမဲ့လဲ ဘာတတ်နိုင်မှာလဲလေ။ ဒါမေမဲ့ လူများစုကြီးရဲ့ ကိုယ်စား တကယ် ပဲ လူထုကို ကိုယ်ခြင်းစာနာပြီး လူထုနဲ့အတူ လူထုရှေ့က ရပ်တည်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားဆိုတာ လွှတ်ချင်လို့ အကုန်လွှတ် လိုက်တယ်ပဲထားဦး။ တကယ်လွတ်လပ်မှု့ မရှိတဲ့ ကျနော်တို့ နိုင်ငံမှာ နောက်ထပ်ဖိနှိပ်မှုတွေရှိတိုင်း နောက်ထပ်တွန်းလှန်ပုန်ကန် မှုတွေရှိနေဦးမှာပါ။ ဒါဆို နိုင်ငံရေးအကျဉ်းသားတွေ ထပ်ပေါ်လာဦးမှာပေါ့။ ကျနော်တို့ကလဲ ထပ်အော်ရဦးမှာပေါ့လေ။ အဲ့ဒီလို မအော်ရင် မင်းက ဘာလုပ်မလဲဆိုလဲ ကိုယ်က စွမ်းတဲ့သူမှ မဟုတ်ပဲလေ။ ဘာတတ်နိုင်မှာလဲ။ အော်တာကိုက ဒို့အလုပ် ရယ်လိုဖြစ်နေပါပြီ တခါတလေတော့လဲ အော်ရတာကိုလဲ ရှက်လာပါပြီ။ ဒါပေမဲ့လဲ အော်ကြရဦးမှာပါ။ အော်တယ်ဆိုရင်တောင် ကျနော်တို့က ကျည်ကွယ်မျက်ကွယ်မှာ သူသေသေ ကိုယ်ကျေကျေ အော်လို့ရတဲ့သူတွေပါ။ ပြည်တွင်းထဲက နိုင်ငံရေးအကျဉ်းသား အကုန်လွှတ် စာတန်းပါတီရှပ်ဝတ်ထားသူတွေလို မဟုတ်ပါဘူး။ ဒီလူတွေ က အကျဉ်းထောင်နဲ့ရင်းပြီး( အော်နည်းတမျိုးနဲ့)လုပ်ကြတာပါ။ ဒီလူတွေက ပျော်လို့ ဗွီဒီယိုအရိုက်ခံရချင်လို့ မရင့်ကျက်လို့တော့ ဟုတ်မယ်မထင်ပါဘူး။ အမျိုးသား သွေးစည်းညီညွတ်ရေးကို ဖျက်လို့ ဖျက်ဆီး လုပ်တာလဲမဟုတ်ပါဘူး။သံဃာတော်တွေနဲ့ ကျောင်းသားပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ အမျိုးသားရင်ကြား စေ့ရေးတောင်းဆိုမှု့ကို အကြမ်းဖက်နှိမ်နင်းခံရခြင်းနှစ်ပတ်လည်နေ့ ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်နေ့ လုပ်တာ မလုပ်သင့် ဘူးလားဗျာ။ သေဆုံးသွားရသူတွေ အဖမ်းဆီးခံရသူတွေက ပျော်လို့ လုပ်ကြတာမှ မဟုတ်တာပဲလေ။ မိသားစုတွေ ချစ်သူတွေရဲ့ ရင်တွေ ကြေမွလို့။ ကျနော်တို့မှာ လူစုပြီး ကျနော်တို့ ဆန္ဒကို မဖေါ်ထုတ်ရင် ဘယ်လို ဖေါ်ထုတ်ရပါမလဲ။ ခဏလောက်တော့ စောင့်ကြည့်ပါဦးတဲ့။ စောင့်ရတာလဲ မောပါ့ အော်ရတာလဲ မောပါ့ မောတော့မောတာပေါ့ ဒါပေမဲ့ အော်တော့လဲ အော်ကြရဦးမယ်ထင်တာပါပဲ။ ဒီတော့ ကိုမင်းကိုနိုင်နဲ့ ၈၈ ခေါင်းဆောင်တွေကိုလဲ အပြင်မှာ အမြဲလွတ်လွတ်လပ်လပ်နဲ့ နိုင်ငံအကျိုး တိုင်းပြည်အကျိုးကို အမြန်ဆုံးလွတ် မြောက်လာပြီး နောက်ထပ်လဲ အမြဲလွတ်လပ်နေပြီး လုပ်နိုင်ကိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။ ပြဿနာရဲ့အရင်းအ မြစ်ကို မရှင်းပဲ အကိုင်းအခက်လောက်ပဲ ပြုပြင်ရှင်းလင်းလုပ်နေသ၍တော့ နောက်နှစ်ပေါင်း ဆယ်ချီရာချီ ကျနော်တို့ မျိုးဆက် အလိုက် အော်နေကြရဦးမှာပါပဲ မအော်ပါနဲ့လို့ တားလို့ ရတာမျိုးမှ မဟုတ်တာ ဒါလူထုအသံ လူထုရှေ့က မားမားရပ်သူတွေရဲ့ အ သံကိုး နိုင်ငံရေးအကျဉ်းသားဆိုတာ မိုးပေါ်ကကျလာတဲ့သူတွေမှ မဟုတ်တာကိုးလေ။ ဒီတော့ မအော်ချင်ပေမဲ့လဲ အော်ဖို့တော့ ပြင်ထားကြရဦးမှာပါပဲ။ နောက်နှစ်မှ သည် တသက်လုံး ကိုမင်းကိုနိုင်မွေးနေ့နှင့် ကိုမင်းကိုနိုင်အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါ စေ လို့ မအော်ရပါစေနဲ့တော့ဗျာ။

Read more...

Wednesday, September 21, 2011

ခွေးသားစားကြရာဝယ်

တခါတလေတော့လဲ ရေများရေနိုင် မီးများမီးနိုင်ခေတ်ကြီးမှာ မျက်နှာငယ်ရပါတယ်ဗျာ ဒီအချိန်မှာ ဒီလိုပြောနေကြတာတွေဟာ
နောက်တချိန်မှာ ကြတော့ မမှန်တော့ပြန်ပါဘူး လူများစုကြီးက လူများစုကြီးကဖြင့် သဘောတူကြတယ်ဆိုရင်ဖြင့် ပြီးသွားတော့
တဲ့ဟာကိုး ဒါကြောင့်မို့လို့လဲ ဒီလူများစုကြီးကို လူများစုကြီးရဲ့ ဆန္ဒကို မနှစ်သက်နိုင်ပဲ ငါတကော ကောချင်တဲ့သူတွေ ကိုချစ်
ဖေတို့ နိုင်ငံတော်ကြီးမှာ များမှများ ဖြစ်နေရသလား ပဲ။ ဒါပေမဲ့လဲ လူများစုကြီးရဲ့ဆန္ဒကို အသိအမှတ်ပြုရသလို လူနည်းစုကြီးရဲ့
ဆန္ဒသဘောသဘာဝကိုလဲ အလေးထား လေ့လာသင့်တာပဲ အသိအမှတ်ပြုသင့်တာပဲ မဟုတ်လား။

သြော်..ကိုချစ်ဖေလဲ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေမိပြန်ပါပြီ ဘာမှမဟုတ်ပါဘူး အခုရက်ထဲ ငယ်ငယ်တုန်းက အ
ကြောင်းလေးတွေ ပြန်တွေးမိနေလို့ပါ ကိုချစ်ဖေတို့ ငယ်ငယ်က ကိုချစ်ဖေတို့ နေတဲ့မြို့က ကရင်နဲ့ ဗမာနဲ့ အတူတွဲနေကြတဲ့မြို့
မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်မပါသေးပဲ။ ကျေးရွာအုပ်စု ၁၁၅ အုပ်စုမှာ ၆၅ အုပ်စုက ကရင်စကားပဲ ပြောကြတဲ့ရွာ အခြားရွာတွေ က ကရင်တ၀က်
ဗမာတ၀က်နေကြတဲ့ရွာတွေ ဗမာရွာတွေကြားမှာ ကရင်ရွာလေးတရွာ ကရင်ရွာလေးတွေကြားမှာ ဗမာရွာလေးတရွာ အဲ့ဒီလို အ
တူနေကြ သူ့စကားကိုယ်တတ် ကိုယ့်စကား သူနားလည် ကြတာကိုးဗျ။

ဗမာရွာလေးတွေက နည်းနည်းကြီးလို့ ကရင်ရွာလေးတွေက ကျောင်းသွားတက်ကြရတယ်ဆို ကရင်ကလေးတွေက အလိုလို ဗမာ
လိုတတ်ကုန်ကြရော ကရင်ရွာလေးက နည်းနည်းကြီးလို့ ဗမာကလေးတွေက ကျောင်းသွားတက်ကြတယ်ဆို ကရင်စကား အကုန်
တတ်ကုန်ကြ ဆိုသလို နေကြတာကိုး ဟိုးလွတ်လပ်ရေးမရခင် အင်္ဂလိပ်အပြေး ဂျပန်အ၀င် ကရင်ဗမာ အထိကရုန်းဖြစ်ကြတုန်းက
တောင် တချို့နယ်တွေမှာ အခြင်းခြင်း အကာအကွယ်ပေးကြ ကူညီကြနဲ့ နေကြတာပါ တရွာနဲ့ တရွာ သတ်ကြ ဖြတ်ကြတာတွေ
လဲ ရှိတော့ ရှိတာပေါ့ ဒါပေမဲ့ သေသေချာချာ စာရင်းချကြည့်ရင် လူဦးရေနဲ့စာရင် ဒေသတခုလုံးနဲ့စာရင် အတော်ကို နည်းပါတယ်
ဒါပေမဲ့လဲ နောက်ပိုင်းမှာ လူမျိုးတမျိုးရဲ့ စရိုက် အားနည်းချက် အားသာချက်လေးတွေအပေါ်မှာ အနိုင်ယူ အသာစီးယူပြီးပြောကြ ဆိုကြတာတွေတော့လဲ ရှိကြပါတယ်။

တကယ့်တကယ်သေသေချာချာ နားလည်သဘောပေါက်လာတဲ့အခါမှာတော့ လူမျိုးတမျိုးရဲ့ ဓလေ့ထုံးစံ နဲ့ အင်္ဂလိပ်ကို
လိုနီဖြစ်ခဲ့ရတဲ့အချိန် နယ်ချဲ့တွေရဲ့ သွေးခွဲအုပ်ချုပ်ရေးက စခဲ့တဲ့ ပြဿနာတွေပါ တဦးနဲ့တဦး ညှိနှိုင်းရင် နားလည်မှုရှိရင် အဲ့ဒီပြ
ဿနာတွေ ဟာ ဘာမှ မဟုတ်တော့ဘူး ထင်တာပါပဲ။ ခက်တာက အင်အားကြီးတဲ့ လူမျိုးစုက လူနည်းစုကို လက်နက်အားကိုး
နဲ့ အနိုင်ကျင့်ပြီး ပြဿနာတွေကို မရှင်းပဲ ငြိမ်းချမ်းညီညွတ်စွာ အတူတကွပူးတွဲ မနေထိုင်ပဲ နေရင်တော့ အနိုင်ပဲ ရမှာပါ ငြိမ်းချမ်း
ရေးတော့ မရနိုင်ပါ ငြိမ်းချမ်းရေးမရရင် ဖွံဖြိုး တိုးတက်မှုတော့ မရနိုင်ပါဘူး လူမျိုးစုကြီးတခုလုံး အိမ်ပြောင်းသလို ကိုယ့်ဘိုးဘွားမိဘ ဓါးမဦးချနေထိုင်လာတဲ့ နေရာကနေ အားလုံးပြောင်းရွေ့ထွက်ခွါသွားဖို့ ဆိုတာ
မဖြစ်နိုင်ပါဘူး မဖြစ်လဲ မဖြစ်ကောင်းပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့ ညီညီညွတ်ညွတ် တန်းတူရည်တူရှိမှဖြစ်မှာ မဟုတ်ပါလား။

သြော်..ဘယ်ရောက်ကုန်ပါလိမ့် ခုတလောငြိမ်းချမ်းရေးအသံတွေ ကြားပါများလို့ သံယောင်လိုက်သွားမိတာ ကိုချစ်ဖေပြောချင်တာ
က ဒါမဟုတ်ပါ ခွေးသားအကြောင်း ကိုချစ်ဖေတို့ ငယ်ငယ်တုန်းက ၀က်သားဈေးက တပိဿာ ၁၄ ကျပ် အမဲသားက ၁၂ ကျပ် လက်ဖက်ရည်တခွက်
တကျပ် အဲ့ဒီအချိန်တုန်းက ခွေး သားက တပိဿာကို ၆ ကျပ်ရယ်ပါ ခွေးသားကို မင်းတို့ မြို့ကလဲ အဲ့ဒီလို ပေါ်ပြီးရောင်းကြသ
လား ဆိုတော့ မရောင်းကြပါဘူး မရောင်းကြဘူးလားဆိုတော့လဲ ရောင်းကြပါတယ်။ အဲ ခိုးရောင်းကြတာပါ။ ဒီတုန်းက ကိုချစ်ဖေ
နဲ့ ခင်မင်တဲ့ သူငယ်ချင်းတွေ မိသားစုတစုက ခွေးသားစားပါတယ် ခွေးသားစားတယ်ဆိုတာ အဲ့ဒီတုန်းက မစားကောင်းဘူး ရွံစရာ
ကောင်းတယ် ခွေသားစားတယ်ဆိုတာ ဒီ.....တွေပဲစားတာ ပြောကြဆိုကြတော့ ဗြောင်တော့မစားကြဘူးပေါ့ဗျာ ဒါပေမဲ့လဲ ရရင်တော့ ဆေးဖက်ဝင်တယ် အပူနိုင်တယ် ဒူလာကောင်းတယ် မီးယပ်ကောင်းတယ် ဘာညာဆိုပြီးစားကြတာပါပဲ။

မသိလို့ စားတာရှိကြသလို စားမိပြီးမှ ကြိုက်လို့ ဆက်စားကြတဲ့သူတွေလဲ ရှိပါတယ် အဲ့ဒီလူတွေထဲမှာ ကိုချစ်ဖေလဲ ပါပေါ့ အစကတော့ ကြောက်ကြောက်ရွံရွံနဲ့စားတာပါ နောက်တော့ အခြောက်လှမ်း အချဉ်ထည့် အချိုချက် အစပ်ချက် တရုတ်ချက် ကု
လားချက် ကာလသားချက် အကုန်ချက် ကိုစားတော့တာပါ။ စားပေမဲ့ သိုသိုသိပ်သိပ်ပေါ့ဗျာ။ မစားတဲ့လူများစုကြီးက အများစုကိုး
စားပြန်ရင် ပြောကြတော့မှာကိုး ဒါပေမဲ့ ထူးဆန်းတာက ကိုချစ်ဖေတို့ မြို့ကနေ ခဏထွက်သွားတဲ့ ငါးနှစ်တာ ကာလအတွင်းမှာ
ပြောင်းလဲသွားတာကို ပြောရရင် ယုံကြပါ့မလားမသိ ကိုချစ်ဖေ ၁၉၉၄ ခုနှစ် နှစ်ဆန်းပိုင်း အိမ်ပြန်ရောက်တော့ ခွေးသားအတူ
တ၀တပြဲ စားခဲ့တဲ့ သူငယ်ချင်းက လာခေါ်ပါတယ် ချစ်ဖေ မင်းကို ငါစပါယ်ရှယ်ဧည့်ခံဖို့ ငါ ဆိတ်ကတုံးသားရှာထားတယ် ခုရက်
ထဲရရင် မဆုံရတာကြာပြီ မကျွေးရတာကြာလို့ မင်းကို ငါလာခေါ်မယ်လို့ ပြောရှာပါတယ် ဒါပေမဲ့ ကိုချစ်ဖေက စိတ်ပြောင်းသွားပါ
ပြီ ဘာဖြစ်လို့လဲ မသိဘူး ကိုယ်က အနိုင်ကျင့်ခံရတာတွေ များလာလို့လားမသိ သခင့်အပေါ် သခင်လို့ သူက သတ်မှတ်ထားတဲ့
သခင်က သူ့ခွေးလို့ သတ်မှတ်မှတ် မမှတ်မှတ် သခင့်အပေါ်သစ္စာရှိတဲ့ သခင်ပြုသမျှ လည်စင်းခံတဲ့ ခွေးလေးတွေအသက်ကို နိုင်ထက်စီးနင်းသတ်ဖြတ်ပြီး မစားချင်တော့ပါဘူး။

ဒါကြောင့် သူငယ်ချင်းကို ငါအခု ခွေးသားမစားတော့ဘူး လို့ ပြောတော့ သူက "မနောက်နဲ့ဟေ့ကောင် မင်းဘာမှတ်လို့ လဲ ခွေး
သားကို ဟိုတုန်းက ဒို့.....တွေ ခွေးသားစားတုန်းက အမဲသားဈေးရဲ့ တ၀က်ပဲ ရှိတယ်ကွ ခု .....တွေ ပါ ခွေးသားစားလာ
တော့ ..အမဲသားဈေးထက် ၂ ဆ ပိုဈေးကြီးသွားပြီ ဟေ့ကောင်ရေ" တဲ့.."တို့.....တွေ ခွေးသားစားတယ် ခွေးသားစားတယ်
နဲ့..မင်းတို့.....တွေ ခွေးသားလဲစားရော ဈေးက ၂ ဆပေးတောင် ရက်စောင့်ရတယ် ဟေ့ကောင်ရေ"..တဲ့.ခွေးစား စားတယ်
ဓလေ့ကလဲ သိပ်မထူးဆန်းကြတော့ဘူးဆိုပဲ။

လူများစုကြီးက စားလာကြတာကိုး လူများစုကြီးက မစားတုန်းကတော့ဖြင့် ဘာဖြစ်သလေး ညာဖြစ်သလေးနဲ့ ပြောပါတယ် တခါတလေ တော့လဲ လူများရင် အမှန်များ ဖြစ်သွားသလား လူညီရင် ဤ ကိုတောင် ကျွဲ ဖတ်လို့ ရတယ်ပြောကြသကိုးဗျ။

ဒါကြောင့်ပြောပါတယ် ရေများရေနိုင် မီးများမီးနိုင် လို့ပြောကြတာထင်တယ် ဒါပေမဲ့ ရေများရေနိုင်မီးများမီးနိုင် ဆိုပေမဲ့လဲ အနည်း
စု ကိုတော့ အင်အားနည်းတဲ့သူတွေ လက်နက်မဲ့တဲ့သူတွေအပေါ်မှာ အနိုင်အထက် အဓမ္မ မလုပ်မနေရ အတင်းအကြပ် လုပ်ရမဲ့ နတ်ပြည်ရောက်အောင် ဇိကုတ်တင်သင့် တင်ရမှာပဲ ဆိုတဲ့ အာဏာရှင် စနစ်ကြီးကိုတော့ မကြိုက်တော့တာ မရှိစေချင်တော့တာ အမှန်ပါပဲဗျို့..ခွေးသားစားကြမယ်ဆိုလဲ ညီညီညွတ်ညွတ် မစားကြဘူးဆိုလဲ ညီညီညွတ်ညွတ်ပေါ့ နောက်ဆုံး မညီညွတ်ရင်တောင်မှ
ဒုတ်ဆွဲ ဓါးဆွဲ မလုပ်ကြကြေးပေါ့နော်..။ အသက်တွေလဲ ရလာကြမှပဲ။ အန္တရယ်မရှိဘူးဆို သူများကို မထိခိုက်ဘူးဆို စားချင်သူ
တွေ စားကြတာ စားကြပါစေပေါ့ဗျာ။.

Read more...

Saturday, June 18, 2011

လက်မှတ်

လက်မှတ်
ကိုချစ်ဖေတို့ ငယ်ငယ်က ကိုချစ်ဖေတို့ ကျောင်းပိတ်ရက် အဖိုး ရေချိုးတဲ့အချိန်ဆို
အဖိုးအကျီအိပ်ကပ်ထဲမှာ အမြဲတမ်းထည့်ထားတတ်တဲ့ အဖိုးက သူ့အိပ်ထဲက နေ
ဘယ်တော့မှ ဘယ်သူ့ကိုမှ ပေးမကိုင်တဲ့ ပိုက်ဆံအိပ်ကလေးကို မောင်နှစ်မသုံးယောက်
တိတ်တိတ်ကလေး ယူ့ ပြီးရင် ပိတ်ဆံအိပ်ကလေးကို အဖိုးခေါင်းအုံးအောက် ဒါမှမ
ဟုတ် ပက်လက်ကုလားထိုင်ပေါ် နေရာရွေ့ထား အဖိုးက ရေချိုးပြီးလို့ ပြန်လာပြီး သူ့
အကျီအိပ်ကပ်ထဲမှာ ပိုက်ဆံအိပ်မတွေ့တော့ဘူးဆိုရင် ပြာပြာသလဲဖြစ်ပြီ ပြီးအနီး အ
နားကို စိုးရိမ်တကြီးလိုက်ရှာ နောက်ပြန်တွေ့ပေါ့။

ကျနော်တို့ မောင်နှမသုံးယောက်က အမြဲပြုံးပြုံး ပြုံးပြုံးနေတတ်တဲ့အဖိုး အဲ့ဒီလို ပြာပြာ
သလဲ ဖြစ်ပြီဆို ကလေးတွေ သဘာဝပျော်လို့ နောက်တော့ အဖိုးကကျနော်တို့ လက်
ချက်မှန်း ရိပ်မိသွားပြီး ရေချိုးသွားတဲ့နားအထိ ယူသွားရရှာပါတယ်။

မျက်စေ့အောက်ကလဲ အပျောက်မခံတော့ပါ ဒါပေမဲ့ ကျနော်တို့ မောင်နှမတွေက ဘာ
ကြောင့် အဖိုး(မေမေရဲ့ အဖေ)ခုလို ပြာပြာသလဲ ဖြစ်ရတာလဲ ဆိုတာကို မသိပါဘူး အဖိုး
ကျနော်တို့ကို မုန့် ၀ယ်ကျွေးတိုင်း သူကိုယ်တိုင် မမြင်မစမ်းနဲ့ ပိုက်ဆံကို ရှင်းပေးတာ
ရယ် ပိုက်ဆံအိပ်ကို အကိုင်မခံတာရယ် အမြဲတမ်း တစမ်းစမ်း လုပ်တတ်တာရယ် လောက် ပဲသိပြီး အဖိုးကို စ နောက်တာပါ။ တကယ်တော့ ကျနော်တို့ ငယ်ငယ် မူလ
တန်း ကျောင်းသား အရွယ် မဆလ(စစ်တပ်ပါတီ) ခေတ်မှာ လူမျိုးခြား တရုတ်လူမျိုး
အဖိုးကို မဆလ လူဝင်မှုကြီးကြပ်ရေးက ၀န်ထမ်းတွေက နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေခဲ့တာပါ။

နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးတယ်ဆိုတဲ့နေရာမှာ စိတ်ညစ်ပြီး မြန်မာပြည်ကနေ အပြီးပြန်
ထွက်ခွာသွားအောင် စနစ်တကျလုပ်ခဲ့တယ်လို့ ထင်ပါတယ် အသက် ၄၀ ကျော်ကထဲ
မြန်မာပြည်ကို ရောက်ခဲ့တဲ့ အသက် ၇၀ ကျော်အဖိုးကို လူဝင်မှု့ ကြီးကြပ်ရေးရုံးကို ခဏ
ခဏခေါ် ခရီးသွားသေးလား တိုင်းရင်းသားမှတ်ပုံတင်ကို ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်
ခဲ့တာလဲ ခုဘုံကျောင်းကို မှန်မှန်သွားလား ဘယ်သူ့ ထောက်ပံ့မှု့နဲ့ ရပ်တည်နေသလဲ
လက်ရှိ တရုတ်ပြည်အစိုးရကို နှစ်သက်သလား စသဖြင့် အမြဲ ခေါ်ခေါ်မေးမြန်း စစ်ဆေး
လေ့ရှိပါတယ်။ အဲ့ဒီလို ခေါ်စစ်ဆေးနေရုံတင်မက တခါမှာ အဖိုးရဲ့ မှတ်ပုံတင်ကိုပါ စစ်
ဆေးစရာရှိလို့ဆိုပြီး သိမ်းယူထားလိုက်ပါတယ်။

မြန်မာပြည်မှာ အနှစ် ၃၀ ကျော် ဘာရာဇ၀တ်မှုကိုမှ မကျူးလွန်ပဲ ရိုးရိုးမြန်မာ ပြည်သား
တဦးလို နေထိုင်လာခဲ့ပြီးမှ အသက် ၇၀ ကျော်ဝန်းကျင်ကြမှ မှတ်ပုံတင်ကို သိမ်းယူခံရ
တယ်ဆိုတော့ အဖိုး စားမ၀င်အိပ်မပျော်တော့ပါ လူဝင်မှု့ကြီးကြပ်ရေးရုံးကို သွား မပီက
လာပီကလာနဲ့ မှတ်ပုံတင်ပြန်တောင်း ရုံးက ဟိုရက်ရွေ့ ဒီရက်ရွေ့နဲ့ နောက်ဆုံး အဖိုး
တော်တော်ကို စိတ်ဆင်းရဲပါတယ်။ သူဘာအပြစ်လုပ်မိလုပ်လဲ အဲ့ဒီလိုလုပ်မိလို့ အပြစ်
ရှိတယ်ဆို တခါထဲသာ သေနတ်နဲ့ ပစ်သတ်လိုက်ပါ ကျည်ဆံတတောင့်မှ ငါးကျပ်ပဲ တန်ပါတယ် ဆိုပြီး အဖိုးက လ၀ကအရာရှိတွေကို ပြောလဲ ပြန်မပေးပါဘူး အဖိုးအနေနဲ့
အတော်ပဲ စိတ်ဆင်းရဲခဲ့မှာပါ။ နောက်တော့ ကိုချစ်ဖေတို့ အဖေ ဦးလေးတွေကလဲ လိုက်အာမခံ အသက်လဲကြီးပါပြီ ဘယ်ခရီးမှလဲ မသွားပါဘူး ဘယ်သူတွေနဲ့မှလဲ အဆက်အသွယ်မလုပ်ပါဘူး ဆိုပြီး လိုက်ပြောမှ အဖိုးရဲ့ မှတ်ပုံတင်လေးပြန်ရပါတယ် အဲ့ဒီမှတ်ပုံတင်လေးကိုလဲ သူ့လက်ထဲက အဖိုးဆုံးသည့်အထိ အပျောက်မခံတော့ပါ။

လွတ်လပ်ရေးမရခင် ၁၉၃၂ ခုနှစ် ၀န်းကျင်လောက်ကတည်းက မြန်မာပြည်ကို အလုပ်
လာလုပ် ရတဲ့ပိုက်ဆံလေး တရုတ်ပြည်ကို ပြန်ပို့ လုပ်ခဲ့တဲ့အဖိုးဟာ ၁၉၄၈ မြန်မာပြည်
လွတ်လပ်ရေးရပြီးကတည်းက မြန်မာပြည်မှာပဲ အပြီးနေထိုင်တော့မယ် ဆုံးဖြတ်ပြီး တိုင်းရင်းသား မှတ်ပုံတင်ကို လုပ်ထားခဲ့တာပါ အဖိုးတို့တုန်းက တိုင်းရင်းသားမှတ်ပုံ
တင်နဲ့ နိုင်ငံခြားသားမှတ်ပုံတင် နှစ်သက်ရာနှစ်မျိုးစလုံးလုပ်ခွင့်ရှိတဲ့အထဲက မြန်မာပြည်
မှာပဲ နေထိုင်တော့မယ်လို့ ဆုံးဖြတ်ထားတဲ့ အဖိုးက တိုင်းရင်းသားမှတ်ပုံတင်ပဲ လုပ်ခဲ့ပြီး
တိုင်းရင်းသားမှတ်ပုံတင်ရရှိခဲ့တာပါ ။

ကိုချစ်ဖေတို့ အဖွားရွာမှာ ရိုးရိုးရွာသားတယောက်လိုပဲ ရှာဖွေစားသောက် သားသမီး
တွေ အိမ်ထောင်ကျ အသက်ကြီးပြီး အလုပ်မလုပ်နိုင်တော့မှ အမေတို့ အဒေါ်တို့နဲ့ အတူ နေထိုင်တာပါ အဖိုးက အသက်ကြီးလာပေမဲ့ အမြဲတမ်း အလုပ်ကို ရိုးရိုးသား
သားလုပ် ဖြောင့်ဖြောင့်မတ်မတ်နေ ကြိုးကြိုးစားစားလုပ် ဆင်းရဲရင် ဆင်းရဲပါစေ သား
သမီးတွေကို မတရားရှာဖွေ မကျွေးနဲ့ ဆိုတာ အဖိုးရဲ့ တရားပါ။ အိမ်မှာလဲ အဖိုးလုပ်နိုင်
တဲ့အလုပ်တွေကို အဖိုးက ကိုယ်တိုင်ပဲ လုပ်ပါတယ် အဖိုးရဲ့ အကျီဘောင်းဘီ(အဖိုးက
တရုတ်ဘောင်းဘီပဲ အမြဲဝတ်ပါတယ်)ကို ကိုယ်တိုင်ပဲ လျှော်ဖွတ်တာပါ သားသမီးတွေ
လျှော်ပေးတာတောင် မကြိုက်ပါဘူး။

အဲ့ဒီလို ရိုးရိုးသားသားနေထိုင်လာခဲ့ အဖိုးအတွက် လက်ထဲက အမြဲ မချတဲ့ ပိုက်ဆံအိပ်
လေးထဲမှာ အဖိုးရဲ့ မြန်မာတိုင်းရင်းသားမှတ်ပုံတင်လေးရှိနေတာပါ။ ကိုချစ်ဖေတို့ နိုင်ငံရဲ့ လူဝင်မှု့ ကြီးကြပ်ရေး ဥပဒေအရ တရားမ၀င် ၀င်ရောက်လာတဲ့ နိုင်ငံခြားသားကို လွတ်
ရက်မရှိ ထောင်အကျဉ်းချထားတာမျိုးတွေလဲ ရှိတော့ အဖိုးအနေနဲ့ ထိတ်လန့်တာမျိုး ဖြစ်မှာပါ။

အရင်တုန်းကတော့ တရားဝင်နေထိုင်ခွင့်နဲ့ တရားဝင်လက်မှတ်ဆိုတာမျိုးကို ပြောသံ
ကြားနေကြုံနေပေမဲ့ သိပ်စိတ်ဝင်တစားရယ်မဖြစ်ခဲ့ပါဘူး ကိုချစ်ဖေတို့ ကိုယ်တိုင် အိမ်
နီးချင်းနိုင်ငံမှာ တရားမ၀င်နေထိုင်ရတော့မှ တိုင်းတပါးနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်
လက်မှတ်တခုခုဟာ အရေးပါတယ်ဆိုတာ ပိုခံစားမိလာတာပါ။ ကိုယ်လဲ ခုတော့ ကိုယ့်
မှာရှိတဲ့ လက်မှတ်လေးကို တစမ်းစမ်း ပိုက်ဆံအိပ်လေး ထဲက မထုတ်တမ်းထည့်ထား
ပေမဲ့ ခဏခဏ ထုတ်ကြည့်နေတတ်ပါပြီ ပျောက်သွားခဲ့ရင်လို့ စိုးရိမ်တတ်နေပါပြီ။

ကိုချစ်ဖေတို့ တရားဝင်နေထိုင်ခွင့်ရတဲ့ နိုင်ငံသားမှတ်ပုံတင်ရထားတဲ့ မြန်မာပြည်မှာဆို
ရင်တော့ ကိုချစ်ဖေတို့ အတွက် ဘာပူစရာလိုမလဲ လို့တော့လဲ မထင်ပါနဲ့ မြစ်ဝကျွန်း
ပေါ်မှတ်ပုံတင်နဲ့ ရန်ကုန်သွားရင် ဧည့်စာရင်းတိုင်ရ အခန့်မသင့်ရင် စစ်ဆေးမေးမြန်းခံ
ရ တပြည်လုံးအတူတူပါပဲ ကိုယ်တိုင်းပြည် ကိုယ့်နိုင်ငံထဲမှာ လွတ်လပ်စွာ သွားလာခွင့်
တည်းခိုနေထိုင်ခွင့် တကယ်တော့ရကြတာမဟုတ်ပါ။

ကချင်ပြည်နယ်မှာနေထိုင်တဲ့ မှတ်ပုံတင်နဲ့ ကရင်ပြည်နယ်လာရင် သင်္ကာမကင်း မေး
မြန်းခံရ ဟိန်းဟောက်ခံရ နဲ့ ကိုယ့်နိုင်ငံသားဖြစ်တယ်ဆိုတာ မှတ်ပုံတင်ပေါ်မှာ ဆိုသလို
ဖြစ်နေတာပါ။ တကယ်တော့ ကိုချစ်ဖေတို့ သာမာန်အရပ်သားတွေက တတိယတန်းစား
နိုင်ငံသားတွေ ကန့်သတ်ခံ နိုင်ငံသားတွေ နိုင်ငံသားကဒ် မရသူတွေ ဖြစ်နေခဲ့တာကြာပါ
ပြီ နိုင်ငံခြားတိုင်းပြည် တပြည်ပြည်မှာ တရားဝင်နေထိုင်ခွင့် လက်မှတ်ရှိထားခဲ့ရင်
တောင် ကျနော်တို့ သွားချင်တဲ့နေရာကို သွားနိုင်ခွင့်မျိုးရနိုင်ပါသေးတယ်လေ။

တကယ့်တကယ် ကိုယ့်မှာရှိတဲ့ လက်မှတ်လေးနဲ့ ကိုယ့်နိုင်ငံအနှံ့ လွတ်လွတ်လပ်
လပ် နေထိုင်ခွင့် သွားလာခွင့် ဘယ်တော့မှ ရနိုင်လာမှာပါလိမ့် လို့တွေးနေမိတယ်ဗျာ။

Read more...

Sunday, April 17, 2011

ဝမ်းရေး

ဝမ်းရေး

နို့ဆာတဲ့သား
အမေမျှော်တဲ့
ညနေ။

အမေ..
အမေ..
သားပျောက်တဲ့..အမေ

ဒီတောင်ရိုး
မုဆိုး ပုခုံးပေါ်
သွေး..စက်လက်နဲ့ ပါသွားတယ်။ ။


မိုးစဲနေ

Read more...

Friday, April 8, 2011

အရင်တုန်းကလို..

ငယ်ငယ်တုန်းကတော့ အသက် ငါးဆယ်တန်း လူကြီးဆိုတာ အဖိုးကြီးတွေပါလားလို့ ထင်ထား
ခဲ့တာ ကိုယ်ကိုယ်တိုင် ငါးဆယ်နားကို တော်တော်ကြီးကပ်လာတော့ (၃ နှစ်အလို)မှ သြော်..
အသက်ငါးဆယ်ဆိုတာလဲ ငယ်သေးတာပဲ ပြေးနိုင်လွှားနိုင် အလုပ်လုပ်နိုင်သေးတာပဲ လို့ ပဲ ဖြေတွေးပါတယ်။ တကယ်တော့ ဒါဏ်ရာဒါဏ်ချက်ပေါင်းစုံ ကြုံရင်ကြုံသလို စား အိပ် စနစ်တ
ကျရယ် ကျမ်းမာရေးအသိရှိရှိရယ် ကိုယ့်ကိုကိုယ်စောင့်ရှောက်ခဲ့ မဟုတ်လေတော့ ခုအချိန်မှာ
တော်တော်လေး ကျမ်းမာရေး ချို့ယွင်းလာတာတော့ အမှန်ပါပဲ။

တကယ်က သိပ်ငယ်လှတော့တဲ့အရွယ်တော့ မဟုတ်တော့ပါဘူး ဒုတိယအရွယ်ထဲကို ထဲထဲ
ဝင်ဝင် ရောက်ခဲ့ပြီးပြီ တတိယအရွယ်ကို ကူးခါနီးဆိုပါတော့ ကိုချစ်ဖေကို မွေးတော့ ကိုချစ်ဖေ
အဖိုးက ၄၂ နှစ်ပဲရှိသေးဆိုပဲ ခု ကိုချစ်ဖေရဲ့ ညီလေးအရွယ်ပေါ့။ ဘာရယ်တော့လဲ မဟုတ်ပါ
ဘူး နေရင်းထိုင်ရင်း သွားလာလုပ်ကိုင်ရှာဖွေ စားသောက်ရင်း ကြီးလာခဲ့ကြရာက မတွေ့ဖြစ်
တော့တဲ့ မတွေ့ နိုင်တော့တဲ့ ငယ်သူငယ်ချင်းတွေကို သတိယလာမိတာရယ် အချိန်လေးက
ရနေတာရယ် နဲ့ ရေးမိတာပါ။

ကိုချစ်ဖေ ခုတလော သူငယ်ချင်း နှစ်ယောက်ကို သွားသတိယနေမိတယ် ကိုချစ်ဖေ ငါးတန်း
နှစ်မှာ တခန်းထဲ ဘေးချင်းကပ် ရှေ့နောက် အတူထိုင်ခဲ့ရတဲ့ သူငယ်ချင်းတွေပါ။ ကိုချစ်ဖေ ငါး
တန်းဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၆ နှစ်လောက်က ပေါ့။ တယောက်က မာမွတ်တဲ့ ကျောင်း
နာမည်ကိုက မာမွတ် အရပ်ရှည်ရှည် အသားလတ်လတ် အိန္ဒိယနွယ်ဖွား ဘာသာခြား ကလေး
ဘ၀ထဲက အလွန်းသည်းခံတတ် စိတ်ရှည်တတ်တဲ့သူ အဲ ကလေးဘ၀တုန်းကတော့ ဘယ်သိ
ပါ့မလဲနော။ အသက်ကြီးလာမှ ပြန်တွေးကြည့်မိတာ။

သူက မုန့်စားကျောင်းဆင်းရင် အခြားသော သူငယ်ချင်းတွေလို မုန့်ရောင်းတဲ့ ဈေးတန်းဖက်
သွား မုန့်တခုခု ၀ယ်စား အဲ့ဒီလိုမျိုး မရှိပါဘူး အခန်းထဲက သူထိုင်တဲ့ စာရေးခုန်လေးမှာပဲထိုင်
ဟိုငေးဒီငေး အခြားသူငယ်ချင်းတွေက မုန့်စားဖို့ ခေါ်လဲ မစား လာကြွေးရင်လဲ ပြုံးပြီး ငါမဆာ
လို့ပါ မင်းတို့ မုန့်ပေးတာ ကျေးဇူးတင်ပါတယ် ဆိုတာမျိုး ကလေးဘ၀လေးထဲက ပြောတတ်သူ
တနေ့ နေ့လည် မုန့်စားကျောင်းဆင်း ကျောင်းပြန်တက်ခါနီး ကိုချစ်ဖေနဲ့ ဘေးခြင်းကပ် အတူ
ထိုင် မာမွတ်က သူ့ခုံ်လေးမှာ မထိုင်ပဲ ဗလာစာအုပ်ထဲက စာရွက်ဟောင်းလေးနဲ့ သူ့ ခုံလေး
ကို ထပ်ခါတလဲလဲ သူပွတ်နေတော့ ကိုချစ်ဖေလဲ မနေနိုင်ပဲ “ဟေး..မာမွတ် မင်းခုံက ဘာဖြစ်
လို့လဲ” လို့ မေးဖြစ်တယ်။ သူက “ ဘာမှ မဖြစ်ပါဘူးကွာ ငါလွှတ်ပစ်လိုက်ပါပြီ” တဲ့ အဲ့ဒါနဲ့ ကို
ချစ်ဖေကလဲ “ မင်းဘာဖြစ်လို့ ဘာကို လွှတ်ပစ်ပြီး ဘာလို့ ခုံကို သုတ်နေတာလဲ” လို့ ထပ်မေး
တော့မှ “ ငါမပြောချင်ပါဘူးကွာ” တဲ့ ကိုချစ်ဖေက မရမကမေးတော့မှ “ဟိုကောင်တွေကွာ..
ငါ့ ခုံထဲမှာ ငါမစားတဲ့ အသားကို လာထည့်ထားတယ် ခုံတွေကိုလဲ သုတ်သွားတယ်” တဲ့။

ဘယ်ကောင်တွေလဲ လို့ မေးနေတုန်း “ ဟေ့ကောင် ချစ်ဖေ မင်းက သိရင်ဘာလုပ်မလို့လဲ ငါ
တို့ သုတ်တာ ကွာ” လို့ ကိုချစ်ဖေတို့ထက် အသက်ကြီးတဲ့ အရွယ်လဲကြီးတဲ့ မောင်မောင်က ပြောလာပါတယ် ကိုချစ်ဖေကလဲ တော်တော်ကို ခံပြင်းတယ် သူ့ဘာသာနေတဲ့ ဘာသာခြား သူငယ်ချင်းကို အုပ်စုဖွဲ့ အရွယ်အားကိုးနဲ့ အနိုင်ကျင့်တယ်လို့ ခံစားရတယ် အဲ့ဒါနဲ့ “ မင်းတို့ မ
တရားဘူး မင်းတို့ အနိုင်ကျင့်တာ” လို့ ကိုချစ်ဖေက ပြောလဲပြောရော ဘာပြောကောင်းမလဲ
ကိုချစ်ဖေကို သူတို့ ညီအကိုတွေ ၀ိုင်းထိုးကြိတ် လိုက်တာ ကြယ်တွေလတွေ မြင်သွားတာပါပဲ။

မာမွတ်နဲ့ ဘေးက အခြားသူငယ်ချင်းတွေ ၀ိုင်းမဆွဲရင် ဘယ်လောက်တောင်ခံရမလဲ မသိဘူး
ဒါပေမဲ့ ဘယ်နေမလဲ ရန်ဖြစ်တယ်ဆိုတဲ့ သတင်းက ပြန့်သွားတော့ အတန်းပိုင်ဆရာ ဦးအောင်
မြင့် ရောက်လာပြီး ရန်ဖြစ်တဲ့ကောင်တွေ အကုန် ခုန်ပေါ်တက် လက်ပိုက်နေဆိုလို့ ကိုချစ်ဖေ
လဲ အပစ်ပေးခံရတဲ့ထဲ အဆစ်ပါရသေး။

အဲ့ဒါနဲ့ နောက် ရှစ်တန်းလောက်မှာ မာမွတ်ကျောင်းက ထွက်ပြီး သူ့အဖေပိုင် သံလုပ်ငန်းကို ၀င်လုပ်ပါတယ်။ ကိုချစ်ဖေတို့ ၁၀ တန်းလောက်မှာ သူ့အိမ်က ပေးစားတဲ့ သူနဲ့ ဘာသာတူ ဆွေမကင်း မျိုးမကင်းကောင်မလေးနဲ့ အိမ်ထောင်ကျသွားပါတယ်။ နောက် ကိုချစ်ဖေလဲ မြို့က
နေထွက်ပြီး ၁၉၉၄ အိမ်ပြန်လာတော့ မာမွတ်က အတော်ပဲ စီးပွားဖြစ်နေပါပြီ ကိုချစ်ဖေက
တောမှာ စပါးကြိတ်တဲ့စက်လေးလုပ်တော့ လိုအပ်တဲ့ စက်ပစ္စည်းကို သူ့ဆိုင်မှာပဲ ၀ယ်ရတာ
ပါ မာမွတ်တို့ ဆိုင်က ပစ္စည်းမှန် ဈေးမှန်ဖြစ်ပြီး သူတို့ဆိုင်မှာမရှိရင်လဲ ဈေး မနာရအောင် ပစ္စည်းအမျိုးအစားသိအောင် အမြဲပြောပြပါတယ်။

ကိုချစ်ဖေကတော့ စဉ်းစားတာပေါ့ မာမွတ်က ငယ်ငယ်တုန်းကလဲ စိတ်ရှည်ပြီး သည်းခံတယ်
စိတ်ထားလဲကောင်းတယ် သူ့ဘ၀က ပုံမှန် အေးအေးချမ်းချမ်း လဲရှိပါတယ်ပေါ့ တကယ်တော့
ကိုချစ်ဖေက နောက်မှ သိတာပါ သူက ကိုချစ်ဖေတို့ မြို့က သူတို့ ဘာသာ ဘုရားကျောင်းဂေါ
ပက လူကြီး ဦးမာမွတ် ဦးမာမွတ်နဲ့ အားလုံးက လေးလေးစားစား ရှိကြတာဆိုပဲ။ ကိုချစ်ဖေက
တော့ ဘယ်ဘာသာ မို့ ကောင်းတယ် မကောင်းဘူးရယ် မဆိုလိုချင်ပါဘူး လူပုဂ္ဂိုလ်
အနေနဲ့ ပြောတာပါ။ စိတ်ရှည်သည်းခံတတ်တဲ့ သူငယ်ချင်းက ကြီးလာတော့လဲ သူ့ဘာသာ သူ
ရိုးရိုးအေးအေးနဲ့ သူ့မိသားစု ဘ၀လေးကို တည်ဆောက်နေတာပါပဲ။ နောက် ကိုချစ်ဖေတို့ မြို့
ကနေ ဂေါပကလူကြီးတွေထဲက လူရွေးပြီး ဘုရားဖူး လွှတ်တော့ သူပါသွားပါတယ်။ ကိုချစ်ဖေ
က နောက်တော့ သူပြုံးနေတယ်။ ဟိုး..ငယ်ငယ်တုန်းက ပြုံးတဲ့ အပြုံးမျိုး။ ကိုချစ်ဖေက တော့
ကျွတ်ဆပ်ဆပ် မာကျောကျော မဟုတ်ရင် မတရားရင် မတတ်သာလို့သာ ငြိမ်နေရင် ငြိမ်နေရ
မယ် အခွင့်သာတာနဲ့ ပြန်ပြောဖို့ ပြန်တုန့်ပြန်ဖို့ အမြဲ တွေးမိနေတတ်တော့ ပြဿနာ အလီလီ
နဲ့ သူ။ သြော် တွေးမိတာပါ ဘ၀ဆိုတာ ရိုးရိုး သားသား စိတ်ရှည်ရှည် နဲ့ ဖြတ်သန်းရင်လဲ ရ
ပေသား ကလားပေါ့ဗျာ။

နောက် သူငယ်ချင်းတယောက် ကတော့ အဲ့ဒီငါးတန်းတုန်းက စသိတာပါပဲ။ သူက ပန်းချီသ
မား သူ့ မှာ ပုံဆွဲတဲ့ ဗလာစာအုပ်သက်သက်ရှိတယ် အဲ့ဒီထဲမှာ ပုံလေးတွေ သူအမြဲဆွဲပါတယ်
သူ့ ဆွဲတဲ့ ပုံလေးတွေကို ကိုချစ်ဖေက သဘောကျ အထင်ကြီးရင်း ခင်သွားကြတာ သူက စာ
ရေးရင် လဲ အမြဲ သေသေသပ်သပ် အင်္ကျီအ၀တ်အစား ၀တ်ရင်လဲ သေသေသပ်သပ် သူက
စကားပြောလဲကောင်းတဲ့သူ သူ့ဘေးမှာ သူငယ်ချင်းတွေက အမြဲဝိုင်းပြီး သူပြောတာ နား
ထောင်နေရသူမျိုး အင်္ဂလိပ်ရုပ်ရှင်ကား အတူတူကြည့်ကြတာခြင်း အတူတူ တလုံးမှ နားမ
လည်တာခြင်းလဲ အတူတူ သူပြန်ပြောပြတဲ့ အင်္ဂလိပ်ရုပ်ရှင်ဇတ်ကားကို အားလုံးက နားထောင်
ရလောက်အောင် ပြောတတ်တာမျိုး ကလေးဘ၀ထဲက ဇ က ရှိတာ။ သူ့နာမည်က ဇော်မင်း။

တနေ့တော့ သူက ကျောင်းကို ကျောက်ခဲလို အတုံးလေး တတုံး ယူလာပါတယ် အခြား ဘယ်
သူ့ကိုမှ မပြပဲ ကိုချစ်ဖေကို ပြပါတယ် အဲ့ဒါ မင်းသိလား ဆေးသကြားတုံး ကွ သောက်ရေ အိုး
ထဲကို စိမ်ထားရင် ရေချိုတယ် အဲဒါ ငါတို့ အတန်းထဲက သူတွေ ရေချိုချိုသောက်ရအောင် မင်း
နဲ့ ငါနဲ့ သောက်ရေအိုးထဲကို ထည့်ထားမယ် မင်းဘယ်သူ့မှ မပြောနဲ့ အဲ့ဒါနဲ့ သောက်ရေအိုး နှစ်
အိုး ထဲကို ကိုချစ်ဖေနဲ့ သူနဲ့ အတူ ဆေးသကြားတုံးလေးကို စိမ်ထားလိုက်တယ်။ အိုးနှုတ်ခမ်း
စပ်ကို ဆေးသကြားမြန်မြန်ပျော်အောင် လက်နဲ့ ပွတ်ပေးလိုက်သေး။

နောက် သိပ်မကြာပါဘူး သောက်ရေချို တယ် သောက်ရေချိုတယ်ဆိုပြီးသောက်လိုက်ကြ ခ
ဏနေ အိမ်သာကိုပြေး ဆီးစွန့်လိုက်ကြနဲ့ ဆေးသကြားက ဆီးရွှင်တယ်ဆိုပဲ။ အဲ့ဒီလိုနဲ့ သိပ်မ
ကြာဘူး ဒါဘယ်သူလုပ်တာလဲ ဆိုပြီး နားမလည်ပါးမလည်နဲ့ လုပ်ရလား အားလုံး ဒုက္ခရောက်
ကုန်ရင် ဘယ်လိုလုပ်မလဲ ဆိုပြီး ဆေးသကြားတရားခံကို ရှာပါလေရော မဖေါ်ရင် တတန်းလုံး
ကို ရိုက်မယ် အမှန်အတိုင်း ၀န်ခံရင် အပြစ်ကို လျှော့ပေးမယ် ဆိုတော့ တရားခံ ကိုချစ်ဖေတို့
နှစ်ယောက်လဲ တယောက် သုံးချက်စီ အရိုက်ခံရ ပါလေရော။

ခုတော့ အဲ့ဒီသူငယ်ချင်းက သစ်တောဌါနမှာ တောခေါင်း လုပ်ရတာ သူများ မသထာရေစာပေး
တာကျွေးတာစားရလို့ ဆိုပြီး အလုပ်ကထွက်ပြီး ၀ိပဿနာ အားထုတ်ရင်း ဘုန်းကြီးအပြီးဝတ်
သွားပါပြီ။ တကယ့်ကို အပီအပြင် ဘုန်းကြီးစာလိုက် တရားအားထုတ် ဓမ္မာစရိယတန်းအောင်
အောင်လုပ်ပြီး တောရွာလေးတရွာမှာ ရိပ်သာထောင်မယ်လို့ ရည်ရွယ်ထားတယ် လို့ ကိုချစ်ဖေ
ကို အဲု့ဒီတုန်းက ပြောပြပါတယ်။

ခု..ရက်ထဲကြမှ ငါးတန်းတုန်းက ငယ်သူငယ်ချင်း နှစ်ယောက်ကို သတိယနေမိတာ။ ကိုချစ်ဖေ
နဲ့ ခုချိန် ပြန်တွေ့ ရင် ချစ်ဖေ မင်းကတော့.. အရင်တုန်းက လိုပဲ..အရင်တုန်းကလိုပဲ လို့ ပြောခံ
ရဦးမလားမသိ။

Read more...

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP