Showing posts with label အတွေ့အကြုံ. Show all posts
Showing posts with label အတွေ့အကြုံ. Show all posts

Friday, April 8, 2011

အရင်တုန်းကလို..

ငယ်ငယ်တုန်းကတော့ အသက် ငါးဆယ်တန်း လူကြီးဆိုတာ အဖိုးကြီးတွေပါလားလို့ ထင်ထား
ခဲ့တာ ကိုယ်ကိုယ်တိုင် ငါးဆယ်နားကို တော်တော်ကြီးကပ်လာတော့ (၃ နှစ်အလို)မှ သြော်..
အသက်ငါးဆယ်ဆိုတာလဲ ငယ်သေးတာပဲ ပြေးနိုင်လွှားနိုင် အလုပ်လုပ်နိုင်သေးတာပဲ လို့ ပဲ ဖြေတွေးပါတယ်။ တကယ်တော့ ဒါဏ်ရာဒါဏ်ချက်ပေါင်းစုံ ကြုံရင်ကြုံသလို စား အိပ် စနစ်တ
ကျရယ် ကျမ်းမာရေးအသိရှိရှိရယ် ကိုယ့်ကိုကိုယ်စောင့်ရှောက်ခဲ့ မဟုတ်လေတော့ ခုအချိန်မှာ
တော်တော်လေး ကျမ်းမာရေး ချို့ယွင်းလာတာတော့ အမှန်ပါပဲ။

တကယ်က သိပ်ငယ်လှတော့တဲ့အရွယ်တော့ မဟုတ်တော့ပါဘူး ဒုတိယအရွယ်ထဲကို ထဲထဲ
ဝင်ဝင် ရောက်ခဲ့ပြီးပြီ တတိယအရွယ်ကို ကူးခါနီးဆိုပါတော့ ကိုချစ်ဖေကို မွေးတော့ ကိုချစ်ဖေ
အဖိုးက ၄၂ နှစ်ပဲရှိသေးဆိုပဲ ခု ကိုချစ်ဖေရဲ့ ညီလေးအရွယ်ပေါ့။ ဘာရယ်တော့လဲ မဟုတ်ပါ
ဘူး နေရင်းထိုင်ရင်း သွားလာလုပ်ကိုင်ရှာဖွေ စားသောက်ရင်း ကြီးလာခဲ့ကြရာက မတွေ့ဖြစ်
တော့တဲ့ မတွေ့ နိုင်တော့တဲ့ ငယ်သူငယ်ချင်းတွေကို သတိယလာမိတာရယ် အချိန်လေးက
ရနေတာရယ် နဲ့ ရေးမိတာပါ။

ကိုချစ်ဖေ ခုတလော သူငယ်ချင်း နှစ်ယောက်ကို သွားသတိယနေမိတယ် ကိုချစ်ဖေ ငါးတန်း
နှစ်မှာ တခန်းထဲ ဘေးချင်းကပ် ရှေ့နောက် အတူထိုင်ခဲ့ရတဲ့ သူငယ်ချင်းတွေပါ။ ကိုချစ်ဖေ ငါး
တန်းဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၆ နှစ်လောက်က ပေါ့။ တယောက်က မာမွတ်တဲ့ ကျောင်း
နာမည်ကိုက မာမွတ် အရပ်ရှည်ရှည် အသားလတ်လတ် အိန္ဒိယနွယ်ဖွား ဘာသာခြား ကလေး
ဘ၀ထဲက အလွန်းသည်းခံတတ် စိတ်ရှည်တတ်တဲ့သူ အဲ ကလေးဘ၀တုန်းကတော့ ဘယ်သိ
ပါ့မလဲနော။ အသက်ကြီးလာမှ ပြန်တွေးကြည့်မိတာ။

သူက မုန့်စားကျောင်းဆင်းရင် အခြားသော သူငယ်ချင်းတွေလို မုန့်ရောင်းတဲ့ ဈေးတန်းဖက်
သွား မုန့်တခုခု ၀ယ်စား အဲ့ဒီလိုမျိုး မရှိပါဘူး အခန်းထဲက သူထိုင်တဲ့ စာရေးခုန်လေးမှာပဲထိုင်
ဟိုငေးဒီငေး အခြားသူငယ်ချင်းတွေက မုန့်စားဖို့ ခေါ်လဲ မစား လာကြွေးရင်လဲ ပြုံးပြီး ငါမဆာ
လို့ပါ မင်းတို့ မုန့်ပေးတာ ကျေးဇူးတင်ပါတယ် ဆိုတာမျိုး ကလေးဘ၀လေးထဲက ပြောတတ်သူ
တနေ့ နေ့လည် မုန့်စားကျောင်းဆင်း ကျောင်းပြန်တက်ခါနီး ကိုချစ်ဖေနဲ့ ဘေးခြင်းကပ် အတူ
ထိုင် မာမွတ်က သူ့ခုံ်လေးမှာ မထိုင်ပဲ ဗလာစာအုပ်ထဲက စာရွက်ဟောင်းလေးနဲ့ သူ့ ခုံလေး
ကို ထပ်ခါတလဲလဲ သူပွတ်နေတော့ ကိုချစ်ဖေလဲ မနေနိုင်ပဲ “ဟေး..မာမွတ် မင်းခုံက ဘာဖြစ်
လို့လဲ” လို့ မေးဖြစ်တယ်။ သူက “ ဘာမှ မဖြစ်ပါဘူးကွာ ငါလွှတ်ပစ်လိုက်ပါပြီ” တဲ့ အဲ့ဒါနဲ့ ကို
ချစ်ဖေကလဲ “ မင်းဘာဖြစ်လို့ ဘာကို လွှတ်ပစ်ပြီး ဘာလို့ ခုံကို သုတ်နေတာလဲ” လို့ ထပ်မေး
တော့မှ “ ငါမပြောချင်ပါဘူးကွာ” တဲ့ ကိုချစ်ဖေက မရမကမေးတော့မှ “ဟိုကောင်တွေကွာ..
ငါ့ ခုံထဲမှာ ငါမစားတဲ့ အသားကို လာထည့်ထားတယ် ခုံတွေကိုလဲ သုတ်သွားတယ်” တဲ့။

ဘယ်ကောင်တွေလဲ လို့ မေးနေတုန်း “ ဟေ့ကောင် ချစ်ဖေ မင်းက သိရင်ဘာလုပ်မလို့လဲ ငါ
တို့ သုတ်တာ ကွာ” လို့ ကိုချစ်ဖေတို့ထက် အသက်ကြီးတဲ့ အရွယ်လဲကြီးတဲ့ မောင်မောင်က ပြောလာပါတယ် ကိုချစ်ဖေကလဲ တော်တော်ကို ခံပြင်းတယ် သူ့ဘာသာနေတဲ့ ဘာသာခြား သူငယ်ချင်းကို အုပ်စုဖွဲ့ အရွယ်အားကိုးနဲ့ အနိုင်ကျင့်တယ်လို့ ခံစားရတယ် အဲ့ဒါနဲ့ “ မင်းတို့ မ
တရားဘူး မင်းတို့ အနိုင်ကျင့်တာ” လို့ ကိုချစ်ဖေက ပြောလဲပြောရော ဘာပြောကောင်းမလဲ
ကိုချစ်ဖေကို သူတို့ ညီအကိုတွေ ၀ိုင်းထိုးကြိတ် လိုက်တာ ကြယ်တွေလတွေ မြင်သွားတာပါပဲ။

မာမွတ်နဲ့ ဘေးက အခြားသူငယ်ချင်းတွေ ၀ိုင်းမဆွဲရင် ဘယ်လောက်တောင်ခံရမလဲ မသိဘူး
ဒါပေမဲ့ ဘယ်နေမလဲ ရန်ဖြစ်တယ်ဆိုတဲ့ သတင်းက ပြန့်သွားတော့ အတန်းပိုင်ဆရာ ဦးအောင်
မြင့် ရောက်လာပြီး ရန်ဖြစ်တဲ့ကောင်တွေ အကုန် ခုန်ပေါ်တက် လက်ပိုက်နေဆိုလို့ ကိုချစ်ဖေ
လဲ အပစ်ပေးခံရတဲ့ထဲ အဆစ်ပါရသေး။

အဲ့ဒါနဲ့ နောက် ရှစ်တန်းလောက်မှာ မာမွတ်ကျောင်းက ထွက်ပြီး သူ့အဖေပိုင် သံလုပ်ငန်းကို ၀င်လုပ်ပါတယ်။ ကိုချစ်ဖေတို့ ၁၀ တန်းလောက်မှာ သူ့အိမ်က ပေးစားတဲ့ သူနဲ့ ဘာသာတူ ဆွေမကင်း မျိုးမကင်းကောင်မလေးနဲ့ အိမ်ထောင်ကျသွားပါတယ်။ နောက် ကိုချစ်ဖေလဲ မြို့က
နေထွက်ပြီး ၁၉၉၄ အိမ်ပြန်လာတော့ မာမွတ်က အတော်ပဲ စီးပွားဖြစ်နေပါပြီ ကိုချစ်ဖေက
တောမှာ စပါးကြိတ်တဲ့စက်လေးလုပ်တော့ လိုအပ်တဲ့ စက်ပစ္စည်းကို သူ့ဆိုင်မှာပဲ ၀ယ်ရတာ
ပါ မာမွတ်တို့ ဆိုင်က ပစ္စည်းမှန် ဈေးမှန်ဖြစ်ပြီး သူတို့ဆိုင်မှာမရှိရင်လဲ ဈေး မနာရအောင် ပစ္စည်းအမျိုးအစားသိအောင် အမြဲပြောပြပါတယ်။

ကိုချစ်ဖေကတော့ စဉ်းစားတာပေါ့ မာမွတ်က ငယ်ငယ်တုန်းကလဲ စိတ်ရှည်ပြီး သည်းခံတယ်
စိတ်ထားလဲကောင်းတယ် သူ့ဘ၀က ပုံမှန် အေးအေးချမ်းချမ်း လဲရှိပါတယ်ပေါ့ တကယ်တော့
ကိုချစ်ဖေက နောက်မှ သိတာပါ သူက ကိုချစ်ဖေတို့ မြို့က သူတို့ ဘာသာ ဘုရားကျောင်းဂေါ
ပက လူကြီး ဦးမာမွတ် ဦးမာမွတ်နဲ့ အားလုံးက လေးလေးစားစား ရှိကြတာဆိုပဲ။ ကိုချစ်ဖေက
တော့ ဘယ်ဘာသာ မို့ ကောင်းတယ် မကောင်းဘူးရယ် မဆိုလိုချင်ပါဘူး လူပုဂ္ဂိုလ်
အနေနဲ့ ပြောတာပါ။ စိတ်ရှည်သည်းခံတတ်တဲ့ သူငယ်ချင်းက ကြီးလာတော့လဲ သူ့ဘာသာ သူ
ရိုးရိုးအေးအေးနဲ့ သူ့မိသားစု ဘ၀လေးကို တည်ဆောက်နေတာပါပဲ။ နောက် ကိုချစ်ဖေတို့ မြို့
ကနေ ဂေါပကလူကြီးတွေထဲက လူရွေးပြီး ဘုရားဖူး လွှတ်တော့ သူပါသွားပါတယ်။ ကိုချစ်ဖေ
က နောက်တော့ သူပြုံးနေတယ်။ ဟိုး..ငယ်ငယ်တုန်းက ပြုံးတဲ့ အပြုံးမျိုး။ ကိုချစ်ဖေက တော့
ကျွတ်ဆပ်ဆပ် မာကျောကျော မဟုတ်ရင် မတရားရင် မတတ်သာလို့သာ ငြိမ်နေရင် ငြိမ်နေရ
မယ် အခွင့်သာတာနဲ့ ပြန်ပြောဖို့ ပြန်တုန့်ပြန်ဖို့ အမြဲ တွေးမိနေတတ်တော့ ပြဿနာ အလီလီ
နဲ့ သူ။ သြော် တွေးမိတာပါ ဘ၀ဆိုတာ ရိုးရိုး သားသား စိတ်ရှည်ရှည် နဲ့ ဖြတ်သန်းရင်လဲ ရ
ပေသား ကလားပေါ့ဗျာ။

နောက် သူငယ်ချင်းတယောက် ကတော့ အဲ့ဒီငါးတန်းတုန်းက စသိတာပါပဲ။ သူက ပန်းချီသ
မား သူ့ မှာ ပုံဆွဲတဲ့ ဗလာစာအုပ်သက်သက်ရှိတယ် အဲ့ဒီထဲမှာ ပုံလေးတွေ သူအမြဲဆွဲပါတယ်
သူ့ ဆွဲတဲ့ ပုံလေးတွေကို ကိုချစ်ဖေက သဘောကျ အထင်ကြီးရင်း ခင်သွားကြတာ သူက စာ
ရေးရင် လဲ အမြဲ သေသေသပ်သပ် အင်္ကျီအ၀တ်အစား ၀တ်ရင်လဲ သေသေသပ်သပ် သူက
စကားပြောလဲကောင်းတဲ့သူ သူ့ဘေးမှာ သူငယ်ချင်းတွေက အမြဲဝိုင်းပြီး သူပြောတာ နား
ထောင်နေရသူမျိုး အင်္ဂလိပ်ရုပ်ရှင်ကား အတူတူကြည့်ကြတာခြင်း အတူတူ တလုံးမှ နားမ
လည်တာခြင်းလဲ အတူတူ သူပြန်ပြောပြတဲ့ အင်္ဂလိပ်ရုပ်ရှင်ဇတ်ကားကို အားလုံးက နားထောင်
ရလောက်အောင် ပြောတတ်တာမျိုး ကလေးဘ၀ထဲက ဇ က ရှိတာ။ သူ့နာမည်က ဇော်မင်း။

တနေ့တော့ သူက ကျောင်းကို ကျောက်ခဲလို အတုံးလေး တတုံး ယူလာပါတယ် အခြား ဘယ်
သူ့ကိုမှ မပြပဲ ကိုချစ်ဖေကို ပြပါတယ် အဲ့ဒါ မင်းသိလား ဆေးသကြားတုံး ကွ သောက်ရေ အိုး
ထဲကို စိမ်ထားရင် ရေချိုတယ် အဲဒါ ငါတို့ အတန်းထဲက သူတွေ ရေချိုချိုသောက်ရအောင် မင်း
နဲ့ ငါနဲ့ သောက်ရေအိုးထဲကို ထည့်ထားမယ် မင်းဘယ်သူ့မှ မပြောနဲ့ အဲ့ဒါနဲ့ သောက်ရေအိုး နှစ်
အိုး ထဲကို ကိုချစ်ဖေနဲ့ သူနဲ့ အတူ ဆေးသကြားတုံးလေးကို စိမ်ထားလိုက်တယ်။ အိုးနှုတ်ခမ်း
စပ်ကို ဆေးသကြားမြန်မြန်ပျော်အောင် လက်နဲ့ ပွတ်ပေးလိုက်သေး။

နောက် သိပ်မကြာပါဘူး သောက်ရေချို တယ် သောက်ရေချိုတယ်ဆိုပြီးသောက်လိုက်ကြ ခ
ဏနေ အိမ်သာကိုပြေး ဆီးစွန့်လိုက်ကြနဲ့ ဆေးသကြားက ဆီးရွှင်တယ်ဆိုပဲ။ အဲ့ဒီလိုနဲ့ သိပ်မ
ကြာဘူး ဒါဘယ်သူလုပ်တာလဲ ဆိုပြီး နားမလည်ပါးမလည်နဲ့ လုပ်ရလား အားလုံး ဒုက္ခရောက်
ကုန်ရင် ဘယ်လိုလုပ်မလဲ ဆိုပြီး ဆေးသကြားတရားခံကို ရှာပါလေရော မဖေါ်ရင် တတန်းလုံး
ကို ရိုက်မယ် အမှန်အတိုင်း ၀န်ခံရင် အပြစ်ကို လျှော့ပေးမယ် ဆိုတော့ တရားခံ ကိုချစ်ဖေတို့
နှစ်ယောက်လဲ တယောက် သုံးချက်စီ အရိုက်ခံရ ပါလေရော။

ခုတော့ အဲ့ဒီသူငယ်ချင်းက သစ်တောဌါနမှာ တောခေါင်း လုပ်ရတာ သူများ မသထာရေစာပေး
တာကျွေးတာစားရလို့ ဆိုပြီး အလုပ်ကထွက်ပြီး ၀ိပဿနာ အားထုတ်ရင်း ဘုန်းကြီးအပြီးဝတ်
သွားပါပြီ။ တကယ့်ကို အပီအပြင် ဘုန်းကြီးစာလိုက် တရားအားထုတ် ဓမ္မာစရိယတန်းအောင်
အောင်လုပ်ပြီး တောရွာလေးတရွာမှာ ရိပ်သာထောင်မယ်လို့ ရည်ရွယ်ထားတယ် လို့ ကိုချစ်ဖေ
ကို အဲု့ဒီတုန်းက ပြောပြပါတယ်။

ခု..ရက်ထဲကြမှ ငါးတန်းတုန်းက ငယ်သူငယ်ချင်း နှစ်ယောက်ကို သတိယနေမိတာ။ ကိုချစ်ဖေ
နဲ့ ခုချိန် ပြန်တွေ့ ရင် ချစ်ဖေ မင်းကတော့.. အရင်တုန်းက လိုပဲ..အရင်တုန်းကလိုပဲ လို့ ပြောခံ
ရဦးမလားမသိ။

Read more...

Tuesday, November 10, 2009

စစ်အစိုးရအကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ(၅)








စစ်အစိုးရ အကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ(၅)

ကျနော်အလုပ်ကျသည်က ရေဘုတ် ရေဘုတ်မှာ ရေဆွဲခပ်ထည့်ပေးရခြင်း နှင့် လေးထောင့်သံ
ပုံး (၂)ပုံးကို တံပိုးဖြင့်ထမ်းရခြင်း(၂)ပိုင်းရှိသည်။ ထိုသို့ရေထမ်းရခြင်းမှာလည်း တကယ်တော့
ငွေညစ်ခြင်းပါ ကျနော်တို့ကို ရေတွင်းမှရေကို အမျိုးသမီးထောင်သို့ ထမ်းခိုင်းခြင်းဖြစ်သည်။ အမျိုးသမီးဆောင်ရေကန်ထဲသို့ အမျိုးသမီးများချိုးရန်ရေကို လူအင်အားဖြင့်ထမ်းခိုင်းခြင်းဖြစ်
သည်။

ယခင်အ၀ီစိရေပိုက်မှ ရေလာသည် ခုနောက်ပိုင်းမလာတော့ မလာခြင်းသည်လည်း ၀န်ထမ်း
များအတွက်ပိုကောင်းသည်။ ထိုရေကိုထမ်းဖြည့်ခိုင်းခြင်းဖြင့် ငွေညှစ်နိုင်သည်။ တကယ်တော့
မတရားမှုသာ အချူပ်တရားခံသည် ပြစ်ဒါဏ်ကျခံရန်မသေချာသေး ထိုသို့အလုပ်များကို ခိုင်း
ခြင်း အဆမတန်ခိုင်း၍ ငွေညစ်ခြင်းသည် မတရားဖိနှိပ်ခြင်းသာဖြစ်သည်။ ကျနော် ထိုအချိန်မ
တိုင်မှီကပင် စိတ်ကူးထားသည်။ တတ်နိုင်သလောက်တော့လျှော့ပေးမည် အသေးအဖွားလေး
များကို လျှော့ပေးမည် သိပ်ဖိနှိပ်လာလျှင်တော့ ငွေမပေး ဘာမှလည်းလဒ်မထိုး ဖြစ်ချင်ရာဖြစ်
ရင်ဆိုင်တိုးပစ်မည် ဟုစဉ်းစားထားသည်။

ထို့ကြောင့် ကျနော်အနေအထိုင်ကျစ်ကျစ်လစ်လစ် သိုသိုသိပ်သိပ်နေသည်။ ထိုင်ဆိုထိုင်သည်
ထဆိုထပေးသည် ခေါင်းငုံဆိုခေါင်းငုံပေးသည်။ ဆန့်ကျင်ခြင်းမပြု သို့သော် ထိုသို့ လိုက်နာပေး
သော်လည်း သိပ်ဖိနှိပ်လာလျှင် တော့ကျနော်မခံ။ နောက်ရိုးရိုးအကျဉ်းသားများထဲတွင်နေထိုင်
ရသည်က သိပ်ခက်သည်။ နေရာတိုင်းတွင် မတရားမှု ဖိနှိပ်မှု ချူပ်ချယ်မှု စော်ကားမှု အနိုင်
ကျင့်မှုများရှိသည်။ ကိုယ်က နေရာတကာ ဆန့်ကျင်တွန်းလှန်လျှင် မတွန်းလှန်ဝံ့သူများက မုန်း
သည်။

ဥပမာ- ဆေးလိပ်ခိုးသောက်ခြင်း အကြောင်းပြောချင်ပါသည် ဆေးလိပ်ကို အကျဉ်းသားများက
ထောင်ဝင်စာမှသွင်းလို့မရ ထိုဆေးလိပ်ကို ထောင်ဝန်းထမ်းများက ခိုးသွင်းပေး၍သာ သောက်
ရခြင်းဖြစ်သည်။ ထိုသို့ခိုးသွင်းခြင်းအလုပ်ကို တယောက်ထဲ ပြုလုပ်နေခြင်းမဟုတ် အကျဉ်း
ထောင်ဝန်ထမ်းများ အားလုံးပြုလုပ်ကြခြင်းဖြစ်သည်။ သို့သော် ကိုယ်ဆေးလိပ်သောက်၍ အ
ရေးယူခံရသောအခါ ကိုယ့်ကို ထောင်ဝန်ထမ်းက ယူလာပေးသည်ဟု ပြောလို့မရပေ။ ပြော
လျှင်လည်းအရေးမယူပေ။ ကိုယ်သာမဟုတ်မမှန်ပြောသည်ဟုအရိုက်ခံရမည် ထို့ကြောင့်မိ
လျှင်လည်းကောက်ရလို့ သောက်သည်ဟုပြောလည်း ဆက်မမေး ထောင်မှုးများက ယုံပေး
သည်။

သို့သော် ဆေးလိပ်သောက်ခြင်းကို မိလျှင် ဆေးလိပ်သောက်ခြင်းကို ပိုတင်းကြပ်လိုက်သည်။ ထိုအခါ အကျဉ်းသားတို့သည် ထိုဆေးလိပ်သောက်အကျဉ်းသားသည် သိုသိုသိပ်သိပ်မ
သောက်သည့်အတွက်ကြောင့် အဖမ်းခံရသည် ထို့ကြောင့် ငါတို့အားလုံး ပိုကြပ်သွားသည် ဟု
ဆေးလိပ်သောက်တရားခံကို အပြစ်တင်သည်။ ထောင်အာဏာပိုင်များ၏ မတရားမှုကိုတော့
နည်းနည်းလေးမှထည့်မတွက် ထို့ကြောင့်ထောင်ထဲတွင် နေရာတကာတိုင်း၌ ဆန့်ကျင်လို့မရ
သူများကြောက်သလို ကိုယ်ပါလိုက်ကြောက်မှသာ အဆင်ပြေသလိုရှိသည်ထိုသို့ဖြစ်နေအောင်
လည်းစီမံထားခြင်းဖြစ်သည်။

ကျနော်တို့ ပုသိမ်ထောင်သည် ထောင်တွင်း ထမင်းကျွေးရာတွင် ပုံစံဖြင့်ကျွေး၍ မရ ပုံစံဖြင့်
ကျွေးပါက ထောင်တွင်းဆူပူမှုအမြဲဖြစ်တတ်သည် ဟုလည်းနာမည်ကြီးသည်။ ကျနော်ရှိနေစဉ်
ထောင်တွင်းထမင်းကို ၀၀ မ၀ ၀ ကျွေးသလောက်စားရန် အကြိမ်ကြိမ်လုပ်သည် သို့သော်မရ
ထောင်အတွင်းဆူမည့်အရိပ်အယောင် မြင်လာသဖြင့် အုပ်ချူပ်သူများဖက်က လျှော့သွားသည်
ထိုသို့ အကျဉ်းသားညီညွတ်မှုရှိသော ထောင်တွင်ပင် ထောင်တွင်းရသင့်ရထိုက်သော အခွင့်အ
ရေးအတွက် တောင်းဆိုသော တိုက်ပွဲဝင်သူများကို အားမပေး မထောက်ခံချင်သူများရှိသည်။

ထိုသူများမှာ လူများစု ဥပမာ- ထောင်တွင်းထမင်းပုံစံရိုက်မည်ဆိုပါက နိုင်ငံရေးပြစ်မှုကြောင့်
ထိမ်းသိမ်းထားသူများ သို့ ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများက ရှေ့ကနေရပ်သည် တ
ထောင်လုံးထမင်း၀၀ စားရရေးအတွက် သူတို့တောင်းဆိုသည်။ ထိုအခါ ထောင်အာဏာပိုင်
များက ထောင်စည်းကမ်းများကို မလိုအပ်ပဲ ပိုကြပ်လိုက်သည်။

ထိုအခါ အကျဉ်းသားများက နိုင်ငံရေးသမားများကြောင့် သူတို့အနေအထိုင်ကြပ်တည်းသွား
သည်ဟုသာ သဘောထားသည် ရေရှည်အကျိုးအတွက်မပူးပေါင်းချင် ထိုသို့သောအခြေအ
နေကြီးကို ထောင်အာဏာပိုင်တွေက အသုံးကောင်းကောင်းချခဲ့သည်။

ထိုသို့သောအခြေအနေတွင် ယာယီအလုပ်ချခွင့်ရသော တပ်ကြပ်ကြီးသည် ကျနော့်ကိုလည်း
ချန်မထားပေ ၀င်းမောင်ခေါက်ဆွဲကြော်ကိစ္စအတွက် ကျနော့်ကိုအစာမကျေသော တပ်ကြပ်
ကြီးသည် ကျနော့်ကိုပညာပေးသည်။ ရေတွင်းထဲမှ ရေဆွဲသမားများ ဆွဲပေးသောရေကို ကျ
နော်အပါအ၀င် အချူပ်သမား (၆)ယောက်လောက်က ရေထမ်းရသည်။ ဓါတ်တိုင်တတိုင်ခွဲခန့်
ဝေးသောနေရာမှ ရေကိုထမ်း၍ ၀င်းခြင်းဆက်နေသော အမျိုးသမီးဆောင်သို့ ရေထမ်းပို့ရ
သည် အမျိုးသမီးဆောင်ဗူးဝတွင် ကျနော်တို့ ခဏစောင့်ရသည်။ သော့ဖွင့်သည် တံခါးဖွင့်
သည် ရေထမ်းကို မချရ သော့ဖွင့်ပြီးလျှင် အစဉ်လိုက် တယောက်ခြင်းဝင်၍ ရေထမ်းကို ချပေး
ရသည် အထဲမှတဆင့် အမျိုးသမီးရေထမ်းသမားများက ချထားသောရေထမ်းကို ဆက်ထမ်း
ကြသည်။ သူတို့က ဓါတ်တိုင်တတိုင်အကွာအဝေးလောက် ဆက်ထမ်းရသည် ကိုယ်ကသူတို့
ထမ်းပြီးသော ရေထမ်းပုံးလွတ်ကို ပြန်ယူလာရသည်။ ရေတွင်းသို့နောက်တခေါက် ပြန်သွားရ
သည် အားလုံးပြီးလျှင် တံခါးကိုပြန်ပိတ်သည်။ နောက်တခါလာမှ တခါသော့ပြန်ဖွင့်သည်။ ရေ
ထမ်းလျှက်ရပ်စောင့်နေကြရသည်။ သူတို့ကစည်းကမ်းအတိုင်း လုပ်သည်ဟုပြောသည်။

ရေလာထမ်းသော မိန်းမများကိုမကြည့်ရ စကားမပြောရ ရေထမ်းချထားပြီး ပုံးလွတ်ကိုကောက်
ယူလာရသည်။ ထိုသို့ ရေထမ်းချရန် ပုံးလွတ်ကောက်ယူရန်ကို မိန်းမထောင်ဝန်ထမ်းများက
ကြီးကြပ်သည်။ တခုခုမှားယွင်းလျှင် အရိုက်ခံရမည်။ ထိုမိန်းမထောင်ထဲသို့ ၀င်၍ ကိုယ့်ကိုရိုက်
မည်။ ရေထမ်းအလွတ်နှင့်အပြန်မှာ အမြန်လျှောက်ခိုင်းသည်။

သို့သော် ထိုရေထမ်းအမျိုးသမီးများသည် အမျိုးသမီးဆောင်ထောင်ဝန်ထမ်းများကို ပိုင်အောင်
ပေါင်းသင်းထား၍ အမျိုးသမီးထောင်မှ အမျိုးသားထောင်တွင်းရောက် ချစ်သူ ခင်ပွန်းကို ပေး
လိုသော စာတိုလေးများကို သယ်လာတတ်သည်။ အဆောင်နာမည် လူနာမည် အဘနာမည်
လိပ်စာပါသော စာလေးများကို သယ်လာ၍ ထိုထောင်ဝန်ထမ်းအမျိုးသမီးအလစ်တွင် သို့မ
ဟုတ် မသိချင်ယောင်ဆောင်နေသောအချိန်တွင် ကျနော်တို့ ရေထမ်းအမျိုးသားများကိုပေး၍
အကူအညီတောင်းတတ်သည်။

အမျိုးသားများကလည်း အကျဉ်းသားအခြင်းခြင်း စာနာ၍ ကူညီပေးကြသည်က များသည် အ
မျိုးသားများကလည်း ထိုသို့ကူညီပေးရခြင်းက လွယ်ကူသည်တော့မဟုတ် ထောင်တွင်းစာပေး
စာယူခြင်းအမှုသည် ရိုက်နက်ခံ၍ ဒေါက်ခြေကျင်းနှင့်တိုက်ပိတ်ပြစ်ဒါဏ်ကျသွားနိုင်သည်။ သို့
သော်လည်း အရဲစွန့်၍ ကူညီကြပါသည် ဘ၀တူခြင်း စာနာကြသည်။

ထိုတံခါးများကို ကြီးကြပ်သော တပ်ကြပ်ကြီးသည် ၀န်ထမ်းများသည် ထိုအချက်ကို ကောင်းစွာ
သိသည် ထိုကြောင့်အစထဲက ရေထမ်းသမားများကိုခြောက်ထားသည် သို့မဟုတ်ကြေငြာထား
သည်။“ မင်းတို့ ရေထမ်းတာရေပဲထမ်းနော် အခြားရှုပ်ရှုပ်ရှက်ရှက်ဆို သေမယ်” ဟုပြောထား
သည်။ သို့သော်ဥပဒေသည် အပြင်၌သာမဟုတ် ထောင်တွင်း၌ သိသာထင်ရှားစွာ အလျှော့အ
တင်းရှိသည်။ ဥပဒေသည် တဦးချင်းစီအတွက် သီးခြား ထိုအမှုကို သူများလုပ်၍ ကိုယ်လိုက်
လုပ်လျှင် မရ အရိုက်ခံသွားရမည်။

ကျနော်တို့ မနက်ပိုင်း အထမ်း(၂၀)ကျော်ထမ်းရသည် (၃၀)နီးပါး ရေကို တံပိုးနှင့် ထမ်းလေ့
ထမ်းထတော့မရှိ သို့သော် ကျနော်ရအောင်ထမ်းသည် အပြောမခံနိုင် အရိုက်မခံနိုင် သို့သော်
ထိုသို့ လုပ်နေရင်းနဲ့ အပြစ်ရှာရိုက်ဖို့ကြိုးစားလာရင် တော့ သည်းမခံနိုင်။ လူကပေါက်ကွဲခါနီး
ယမ်းအိုးကြီးလိုဖြစ်နေသည်။ ကျနော်တို့သည် ထိုအချိန်က သုံ့ပမ်းအကျဉ်းသားဘ၀။ ကျနော်
တို့မှန်သောဖက်က ရပ်ခဲ့သည် ထိုသို့ရပ်ခဲ့ခြင်းကိုပင် အုပ်ချူပ်သူများက မကြိုက် ထို့ကြောင့်ဖိ
နှိပ်မှုအပြင်းထန်ဆုံး လူတန်းစားအဆင့်အတန်းခွဲခြားခံရဆုံးသော အကျဉ်းသားဘ၀ကို ပို့လိုက်
သည်။ ကျနော်တို့ ရှုံး၍မဖြစ် စိတ်ဓါတ်လေလွင့်သွား၍မဖြစ်။ သို့သော်ထောင်ထဲမှာ ကိုယ်ကလူ
သစ် ကိုယ်တယောက်ထည်း စိတ်ဓါတ်ကျ၍မဖြစ်။

နံနက်(၁၀)နာရီမှာ ထမင်းစားရန် ကျနော်တို့ကို အလုပ်ရပ်နားခိုင်းလိုက်သည်။ ရေပုံးများကို စ
တိုခန်းထဲသေချာစွာ ပြန်သိမ်းပေးရသည်။ ထို့နောက်ကျနော်တို့ ထမင်းစားခွက်များယူနိုင်ခြင်း
ရေချိုးခြင်းများပြုလုပ်နိုင်ပေပြီ။ သို့သော်တခါတလေ ရေချိုးခွင့်မရ။ ညနေမှ ချိုးရသည်။ ထောင် ဥပဒေသည် ထို အဆောင်များတာဝန်ခံ တပ်ကြပ်ကြီး၏ မျက်နှာအလျှော့အတင်းနှင့်
တိုက်ရိုက်ပတ်သက်သည်။

ထမင်းစားရုံသို့ အကျဉ်းသားအားလုံး အဆောင်ရှေ့တွင်(၂)ယောက်တတွဲ တန်းစီ၍ အဆောင်
လှည့်ကျ ထမင်းစားရုံသို့သွားစားရသည် သွားစားသည့်အခါတွင်လည်း ထောင်ပုံစံ(၂)ယောက်
လက်ခြင်းတွဲထားရသည်။ ထိုင်ဆိုသည့်အခါ ထိုင်ရသည်။ ထောင်ပိုင်ထောင်မှုး ထောင်ထဲသို့
ဝင်လာသောအခါ အင်္ဂလိပ်လက်ထက်က ရေးဆွဲထားသော အကျဉ်းထောင်အက်ဥပဒေ လက်
စွဲ ထဲကအတိုင်း ဆောင်ကြောင့်ထိုင် အချူပ်ဆိုလျှင် ဘယ်လက်ကို ညာလက်ထပ် ထောင်ကျ
ဆိုလျှင် ညာလက်ပေါ်ကို ဘယ်လက်ထပ် ခေါင်းကို ၉၀ံ အောက်စိုက်ထားရသည့် ပုံစံထိုင်ခြင်း
ဖြင့်ထိုင်ရသည်။ စည်းကမ်းထိမ်းသိမ်းရေး သို့မဟုတ် တန်းစီးက ပုံစံဟုအော်လိုက်လျှင် အ
ကျဉ်းသားအားလုံး ပုံစံထိုင်၍ အရိုအသေပေးရသည်။ ထိုဥပဒေ ကို လွတ်လပ်ရေးရပြီးချိန်တွင်
ဖျက်သိမ်းလိုက်သည် ခုမှတဖန်ပြန်ကျင့်သုံးခြင်းဖြစ်သည်ဟုလည်း ပြောကြသည်။သေသေချာ
ချာတော့မသိ။

လူတွေကို ပဒေသရာဇ်ခေတ် ကျေးပိုင်ကျွန်ပိုင်ရှင်ခေတ်က ကဲ့သို့ နှိမ့်ချဆက်ဆံလိုက်ခြင်းသာ
ဖြစ်သည်။ ထိုဥပဒေ ကို အကျဉ်းထောင်လက်စွဲ ဥပဒေအရကျင့်သုံးသည်ဆိုလျှင် အကျဉ်းသား
များရပိုင်ခွင့် အခွင့်အရေးများကိုရော အပြည့်အ၀ ကျင့်သုံးခြင်းပြုလုပ်ပါသလားဆိုလျှင် မလုပ်
ပါ။ ထမင်းစားရုံသို့ (၁၀)ယောက်တသုတ် အယောက်(၂၀)တသုတ် ထမင်းစားရုံ တန်းစီး၏ အ
မိန့်ဖြင့် ထမင်းထိုးရသည် ပဲဟင်းထိုးရသည်။ ထမင်းက ပထမ တခါ ပေးမလောက်လျှင် နည်း
နည်းထပ်တောင်း၍ ရသည်။ ပဲဟင်းက နို့ဆီဘူးတခွက် ငပိကတော့ လုံးဝကို အရသာမရှိသည့်
ဈေးအပေါဆုံးငပိ အကျဉ်းသားအများစုက မစားနိုင် မစားနိုင်မှသာ ရိက္ခာဂိုဒေါင်ကိုင်ထောင်မှုး
မှ လျှော့ဝယ်နိုင်လေလေ အိပ်ထဲရောက်လေလေဖြစ်သည်။ ထိုငပိသည် သာမာန်ခွေးကလေး
များပင် ကျွေးလျှင်မစား။ သို့သော် လူစင်စစ်တို့သည် စားကြရသည်။ ထိုငပိက တစွန်းရမည်။

ညနေဖက်တွင် ပဲဟင်းအစား တာလပေါခေါ် ဟင်းချို ဟုခေါ်သော ဟင်းရွက်ပြုတ်ရည် ရသည်
သို့သော်စားစရာ မရှိ ထောင်ဝင်စာမလာနိုင်သော အကျဉ်းသားများအတွက် တို့စရာပြုတ် ဖြစ်
သည်။ မိမိအိမ်က ပို့ထားသော ငပိကျော် ငံပြာရည်ကျော်လေးများဖြင့် စားရသည်။ ထိုထမင်း
စားရုံထဲတွင် သစ်သားတန်းလျားကြီးများရိုက်ထားသည်။ တဖက်လျှင် လူ(၂၀)လောက် ကြပ်
ကြပ်တည်းတည်း ထိုင်လို့ရသည်။ ထမင်းစားချိန်တွင် စကားမပြေရ စကားပြောလျှင် ပြောသူ
ရောလက်ခံနားထောင်သူကော ရိုက်သည် စားနေရင်း စကားပြောမပြောကို စည်းကမ်းထမ်း
သိမ်းရေး တန်းစီးများက ကြည့်နေသည်။ ကိုယ့်ထမင်းကိုယ်စား စကားမပြောနဲ့ ကိုယ့်ထမင်း
ကိုယ်စား အော်နေသည် နေရာကြပ်ကြပ်ထဲ ဟိုဖက်နည်းနည်းလောက်တိုးပေးဖို့ပြောသည်ကို
တောင် စိတ်မထင်လျှင် နောက်ကရောက်နေသော ကြိမ်လုံးကိုင်ဆောင်ခွင့်ရသူများက ရိုက်
လျှင်ခံရသည်။

တခါတလေစည်းကမ်းထိမ်းသိမ်းရေးများက ကြိမ်လုံးဖြင့်ထောက်၍ ဘေးနည်းနည်းစိတ်ပေး
လိုက်ဆိုလျှင်လည်းစိတ်ပေးရသည် မြန်မြန်စားနောက်လူတွေစောင့်နေတယ် စကားမပြောနဲ့
ငါ -ိုး မသားတွေ မအေ-ိုးတွေ စားစရာရှိစား အမိန့်ပေးသံများကလည်း ဆူညံနေသည်။ တဖြန်း
ဖြန်းရိုက်နေသောအသံ ကိုယ်နှင့်မဆိုင်ရင် မကြည့်နဲ့စားစရာရှိစား အမှုတွဲသွားမယ် လို့ပြော
တာလည်းကြားရမည်။ ကျနော်ရောက်နေသော ပုသိမ်ထောင်သည် အကျဉ်းသား(၁၂၀၀) ခန့်
ထိုအချိန်ကရှိသည်။ တသုတ်ပြီးတသုတ် ကျွေးသည်။ မနက်(၈)နာရီခွဲ (၉)နာရီမှ စ၍ မနက်
(၁၁)နာရီခွဲ ထိကျွေးသည် ထိုအချိန်မှပြီးသည်။

ထိုသို့ ကျနော်ထမင်းရုံသို့ အိမ်ကပို့ထားသော ငပိကျော်လေး အမဲခြောက်ကျော်လေးထည့် င
ရုတ်သီးစိမ်းတောင့်လေးထည့် ပြီး ထမင်းထိုး ပဲဟင်းထိုး တနေရာလွတ်မှာ သိုသိုသိပ်သိပ်ဝင်
ထိုင်စားရသည်။ သို့သော်ကျနော်ကံကောင်းပါသည် ကျနော့်သူငယ်ချင်း ၀င်းမောင် က ထိုထ
မင်းရုံ တန်းစီး လူတကာကို လိုက်ရိုက်နေ၍ ကျနော်ကိုလည်းရိုက်တော့မလားထင်ရသည်။ သို့
သော် ၀င်းမောင်က ကျနော့်ကို မရိုက်ပါ အကာအကွယ်သာပေးသည်။ပဲဟင်းလိုက်ထပ်ထည့်
ပေးသည်။ ပဲဟင်းထိုးသူကလည်း အကောင် ထမင်းရုံတွင်အလုပ်ကျသည့်လူ။ သူနှင့်အဆင်
ပြေလျှင် ပဲဟင်း(၂)ပုံစံ တခါထဲထိုးပေးသည်။ တကယ်ကတယောက်တပုံစံ တပုံစံသည် နို့ဆီ
ခွက်ကို ကိုင်းတပ်ထားသည့် နို့ဆီခွက်တခွက်ဖြစ်သည်။ ပဲဟင်းထိုးသမားသည် ၀င်းမောင်က
ထည့်ပေးဆို ထည့်ပေးရသည်။ ကျနော်က ရိုးရိုးအကျဉ်းသားများထက် အခွင့်အရေးပိုမယူချင်
ယူရမှာလည်းရှက်သည်။ သို့သော်ဝင်းမောင် ကျနော် ပလပ်စတစ်ဇလုံကို မသွားပြီး ထည့်ယူ
လာသည်။ ကျနော်ဘာသာထပ်မတောင်းချင်။ ပဲဟင်းတခွက်အတွက် လူတကာကို မာန်မဲနေ
သူများကို မျက်နှာချိုမသွေးချင် ကျနော်တကယ်မငတ်သေးလို့လည်း ဖြစ်နိုင်သည်။

ကျနော် ထမင်းတလုပ် တုတ်တချက် စကားကို နားလည်သွားသည် ယခင်ကကြားပဲကြားဖူးခဲ့
သည် ခုမျက်ဝါးထင်ထင်မြင်နေရလေပြီ အများစုကြီးမှာ ထောင်ဝင်စာမလာနိုင်ကျသူများဖြစ်
သည်။ စိတ်ဆင်းရဲမှုဒါဏ် စိတ်ဖိစီးမှုဒါဏ် အနိုင်ကျင့်ခံရမှု အဟာရမပြည့်ဝမှု ပေါင်းစုံ ခံစားနေ
ကြရ၍ လားမသိ အသားအရေ မဲသွားသည် ခြောက်သွားသည် အသားပွလာသည်။ မျက်လုံး
တွေဝါလာသည် ဆံပင်တွေကျွတ်ကုန်သည် အမြဲညိုးညိုးငယ်ငယ်နေကြရသည် လူတကာကို
ကြောက်ရွံနေကြရသည်။ ထိုသို့ထမင်းစားရုံကို ထမင်းသွားစားဖို့ တန်းစီကြရင် စိုးဦးနဲ့ ခင်ဝင်း
အောင်ကိုသိကျွမ်းသွားသည်။ အတူသွားအတူစားဖြစ်လာသည်။

ထိုအချိန်က ကျနော်က ရေထမ်းဘုတ်တွင်ကျ၍ ခင်ဝင်းအောင်က ဒင်ဘုတ်တွင်ကျသည် စိုးဦး
က ဥယာဉ်စောင့် စိုးဦးက ပထမအကြိမ်ထောင်ထဲတွင် (၂)လခွဲ လောက်နေပြီး လွတ်ငြိမ်းချမ်း
သာခွင့်ဖြင့်လွတ်သွားသည်။ စိုးဦးက လူအေးလူပျော် အမေကိုချစ်သော သား အရက်ကလေး
ကလည်းသောက်တတ်သည် ဆေးခြောက်လည်း လက်မလွှတ် (၁၀)တန်းကျတော့ ကျောင်း
ဆက်မတက် မဖြေတော့ အလုပ်က အီးပီစီ မြို့နယ်လျှပ်စစ်ဌါနတွင် ရုံးအကူ အဖေက ဖိုမင်ကြီး
ဘ၀နှင့်ကွယ်လွန်ခဲ့၍ သူ့အကိုအရင်းက အဖေမဆုံးပါခင်ကပင် လျှပ်စစ်ဌါနတွင် အလုပ်ရခဲ့
သည်။ ထို့ကြောင့်အဖေဆုံးပါးသွားသောအခါ အလုပ်သမားတန်းလျားမှာ ဆက်နေခွင့်ရသည်။
အကိုကြီးက လူလွတ်လူပျိုကြီး။

စိုးဦး၏ ၀ါသနာက ဖဲ လောင်းကစား နောက်မူးယစ်ဆေး ရုံးအားရက်များတွင် သူဖဲဝိုင်းလိုက်ရှာ
သည် အမေ့ကို အပ်ထားသောလစာလေးထဲမှ ပြန်တောင်းပြီး ဖဲရိုက်သည်။ ဖဲကို ခဏခဏရှုံး
သည်။ သူ့ဘာသာကြားပေါက် အပြင်ကရလာသောငွေဖြင့်လည်းရိုက်သည်။ အမေကအဖေရှိ
စဉ်ကတည်းက အလုပ်သမားတန်းလျားမှာအိမ်ဆိုင်လေးဖွင့်ထားသည်။ အဖေမရှိတော့သော
ပညာရေးတပိုင်းတစနှင့် စိုးဦးကိုပါ လူကြီးတွေကထပ် အလုပ်သွင်းပေးခဲ့ခြင်းဖြစ်သည်။

စိုးဦးက ဟိုစပ်စပ်ဒီစပ်စပ် အဓိက ကတော့ဖဲဝိုင်း ဖဲဝိုင်းတွေ့လျှင် သူမနေနိုင် ထိုသို့ ဖဲဝိုင်းကို
ဝါသနာဖြင့်သွားနေရာမှ ဖဲလိမ်ချတာတွေကို သူသိလာသည် တတ်လည်း တတ်လာသည်
သို့သော်သူက သူများလိမ်သည်ကို ဘယ်လိုလိမ်လည်းသိချင်၍သာ သင်ထားခြင်းဖြစ်သည်။
သူကိုယ်တိုင်တော့ လိမ်မရိုက်သည့်သူ။

တနေ့ သူအားတဲ့ရက်ဖဲဝိုင်း တ၀ိုင်းသို့ရောက်သည် သူ့အတွက်နေရာတနေရာ တအိမ်စာရ၍ ၀င်ရိုက်ဖြစ်သည်။ ထိုဝိုင်းထဲတွင် သူနှင့်မျက်နှာစိမ်းသူ တယောက် ပါသည်။ ထိုသူကိုခေါ်လာ
သူမှာ ဆိပ်ကမ်းတ၀ိုက်တွင် ဗိုလ်ကျနေသော လက်ဝှေ့သမား လူမိုက် စိန်ဦး သို့သော် သူမသိ။


လူမိုက်များနှင့်လည်း အဆက်အစပ်မရှိ ထိုလူမိုက်စိန်ဦးက လက်ရဲဇက်ရဲ ထောင်ထဲဝင်လိုက်
အပြင်ပြန်ထွက်လိုက်နှင့် ထောင်ကိုခြင်ထောင်မှတ်သည့်သူ တချိန်က နာမည်ကြီးမြို့နယ်လက်
ရွေးစင်လက်ဝှေ့သမား စိုးဦးက လက်ဝှေ့လည်းဝါသနာမပါတော့ သူ့ကိုမသိ လူနှင့်နာမည်နှင့် မ
တွဲမိ နာမည်တော့ကြားဖူးသည်ပေါ့။ ထိုဖဲဝိုင်းမှာ စိန်ဦးခေါ်လာသောသူက ဖဲလိမ်ရိုက်သည်။
တကယ်က ဝေစုတူသူခြင်း ဖြစ်သည်။ ဖဲကိုလိမ်ရိုက်မည် အကြောင်းကြောင်းကြောင့်ပြဿနာ
ပေါ်လျှင် လူမိုက်စိန်ဦးအရှိန်ဖြင့် ဗိုလ်ဆက်ကျရန်လည်းဖြစ်သည်။

ဝိုင်းကလဲအရှိန်ရလာသည်။ ထိုသူဖဲလိမ်ရိုက်နေသည်ကို စိုးဦးကသိသည်သူကမလုပ်ရန်မျက်
နှာရိပ်မျက်နှာကဲဖြင့်သိကြောင်းပြောသည် မရ။ နောက်ဆုံး သူမခံနိုင် ဖဲဝိုင်းကိုသိမ်း၍ ရှုံးထား
သော ပိုက်ဆံပြန်ပေးရန်တောင်းသည်။ ထိုအချိန်မှာ စိန်ဦးနှင့် သူညှိသည် စိန်ဦးက ဒါရိုးရိုးက
စားတာ ပြန်ပေးရအောင်မင်းက ဘာကောင်လဲဟုဖြဲသည်။ စိုးဦးက ဘာမှမပြော ခါးထဲမှာအမြဲ
ဆောင်တတ်သော ဓါးမြှောင်ဖြင့် တချက်ထဲပဲထိုးသည်။ ဆေးစာမှာ ၀ဲဖက်နှလုံးအိမ်ကို စူးချွန်
သော ဓါးလက်နက်ဖြင့် ထိုးစိုက်ခဲ့ခြင်း ဖြစ်သည်။ အော်တောင်မအော်နိုင် စိုးဦးကလက်မြန်
သည်။ ဓါးနှင့်ထိုးပြီး စိန်ဦးလဲကျသွားချိန် စိန်ဦးခေါ်လာသော ဖဲလိမ်ရိုက်သူထံမှ ပိုက်ဆံအရင်း
ပြန်တောင်းသည်။ ရှုံးနေသူများကို ပြန်ခွဲပေးသေးသည်။ ထိုသူဘာမှမပြောရဲတော့ပါ။ စိုးဦးက
ငယ်ငယ်ထဲက ဓါးဆောင်တတ်သည်။ ဓါးရှိလျှင် သူအားရှိသည်။လုံခြုံသည်ဟု သူခံစားရသည်
သို့ပေမဲ့ ထိုသို့သူဓါးကိုင်ဆောင်တတ်တာကို ဘယ်သူမှမသိ။ မသိအောင်ကိုင်သည်။ စိန်ဦး
တော့သေပြီဆိုတော့မှ ဒါစိန်ဦးလားလို့ မေးမိသည်။

အိမ်ရှင်ကို ရဲစခန်းကို အကြောင်းကြားရန် ကျနော်အဖမ်းသွားခံမည့်အကြောင်းပါ ရဲကိုပြောရန်
ပြောသည် အိမ်ခဏပြန်မည် ဆိုပြီး အိမ်ပြန်ရေမိုးချိုးသည် ထမင်းစားသည်။ အမေကမသိ ရဲ
တွေအိမ်ရှေ့သို့ရောက်လာမှ အမေ ကျနော်လူတယောက်ကို သတ်လာတယ် ခုအဖမ်းခံလိုက်
သွားတော့မယ် လို့ပြောသည်။ အမေက ရဲတွေတွေ့လို့သာ ယုံလိုက်ရသည်။သူခဏခဏပြော
သည် အဲ့သည်နေ့က အမေရဲ့ အံ့သြပြီး တခုခုကိုယူကျူံးမရ ဖြစ်သွားတဲ့မျက်နှာကို သူမမေ့နိုင်။

သို့သော်သူကံကောင်းသည် သူအချူပ်အကျဉ်းသား ဘ၀နှင့်(၂)လခွဲခန့် နေပြီးချိန်တွင် အချူပ်
အကျဉ်းသားအားလုံး အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ထဲ ပါသွားသည် (၄၅)ရက်အတွင်း တ
ရားပြန်လည် စွဲဆိုခြင်းမရှိပါက အပြီးလွတ်သည်။ စိန်ဦးမိသားစုဖက်က ကျေအေး၍ သူကွင်း
လုံးကျွတ်လွတ်သွားသည်။

ထိုထောင်ကလွတ်လာသည့် ရက်များအတွင်း သူကောင်းကောင်းမွန်မွန်နေသည်။ အရက်
လည်းသောက်ချင်စိတ် မရှိ ဖဲလည်းမရိုက်ချင်တော့ အမေသဘောတူသော ကောင်မလေးနှင့်
ရုပ်ရှင်တွေဘာတွေသွားကြည့်သည်။ သီတင်းကျွတ်ရင် အိမ်ထောင်ပြုရန် အမေကနားချသည်
သူကလည်း ထိုကောင်မလေးကို သဘောကျသည် သူထက်ငါးနှစ်ခန့်ငယ်သည်။ သူတို့လျှပ်
စစ်မိသားစုဝင်းထဲကပင် ကောင်မလေးက ဆယ်တန်းအောင်ပြီး သမ၀ါယမရုံးမှာ အလုပ်ရှိ
သည် သူ့အမေကိုချစ်သည် သူ့အမေကလည်း ချစ်သည် အိမ်ခန်းခြင်းက မျက်စောင်းထိုးနေ
လာကြသည့် ဓါတ်သိတွေ စိုးဦးအနေတည်တာ ပျော်တတ်တာ တ၀န်းလုံးဘယ်သူဖြစ်ဖြစ်တဲ့
တာ ခင်မင်တတ်တာ ရှိသည်။ စိုးဦးမှာမကောင်းတာက ဖဲ တခါတလေအရက်။ မိန်းမကိစ္စကင်း
သည် သူ့အမေကလွဲ၍ သူဘယ်မိန်းကလေးကိုမှ မချစ်ဖူးဘူး ခုအရက် ဖဲ ပြတ်သွားပြီ နောင်တ
လည်းရသွားပြီ သူကကောင်မလေးကို သဘောကျခြင်းမှာ သူ့အမေကသဘောကျ၍ ဖြစ်
သည်။

ကောင်မလေးက ရိုးရိုးအေးအေးနေတတ်လာလည်း သူ သဘောကျသည်။ ဘာပဲဖြစ်ဖြစ် သ
တင်းကျွတ်လျှင် သူ့အမေကသူတို့(၂)ယောက်ယူဖို့ စီစဉ်ပြီးသား ကောင်မလေးမိဘတွေနှင့်က
လည်း(၂)အိမ့်(၁)အိမ် ထို့ကြောင့်သူနဲ့ ရုပ်ရှင်သွားကြည့်ကြခြင်းဖြစ်သည်။ ရုပ်ရှင်ကြည့်သည်
ဆို၍ အထင်မကြီးကြပါနှင့် ရိုးရိုးရုပ်ရှင်ကြည့်ခြင်းသာဖြစ်သည်။ သူငယ်ချင်းများ အသိများနှင့်
ဆုံသောအခါ သူရှက်အန်းအန်းတော့ဖြစ်သည်။ ရုပ်ရှင်ရုံထဲတွင် ရုပ်ရှင်ကိုစိတ်ဝင်တစား သူ
ကြည့်ဖြစ်သည်။ ထိုအချိန်က နာမည်ကြီးရုပ်ရှင် (ဦး)ကျော်ဟိန်းနှင်(ဒေါ်)့ ချိုပြုံးကား“မွန်း
တည့်ချိန်မှာနေ၀င်သည်” ကျော်ဟိန်းက ဆိုက်ကားသမားအဖြစ် ချိုပြုံးက ပြည့်တံဆာ သူတို့
နှစ်ဦးပြန်ဆုံတဲ့အခန်း မှာ ချိုပြုံးကဇာတ်ဝင်းခန်းအရ ကျော်ဟိန်းဆိုက်ကားကို ငှါးစီးရင်း“ ဒီ
မှာ ဖိုးကျော် တို့တွေခု မှပဲပြန်ဆုံတော့တယ်ဟာ နင်ကတော့ သိမလားမသိဘူး ငါကတော့
လောကကြီးကို အရွဲ့တိုက်လိုက်တာ လောကကြီးကတော့ ဘာမှမဖြစ်ဘူး ငါကတော့ နင်မြင်
တဲ့အတိုင်းပဲ ဖာ ဖြစ်သွားပြီ” တဲ့ ထိုစကားပြောခန်းပါသည်။

သူထိုကားကို ကြိုက်သည် ဘ၀သရုပ်ဖေါ်ဇာတ်ကား ဒါပေမဲ့သူ ရုပ်ရှင်ကြည့်ရင်း သူရင်ခုန်နေ
သည်။ တခါမှ သူမဖြစ်ဖူး သူ့ကနေကြာစေ့ကွာစေ့မစား ရုပ်ရှင့်ရုံထဲမ၀င်ခင် ဆေးလိပ်သောက်
သည် ကောင်မလေးကတော့ နေကြာစေ့ ဇီးထုတ် ကွာစေ့တွေဝယ်သည် သူလည်းဘေးက
လိုက်လာသည်။ ရုပ်ရှင်ရုံထဲမှာ သူစားဖို့ ကော်ဖီ သကြားလုံးလေး ကို အခွံခွာကြွေးသည် သူ
သိသိသာသာရင်ခုန်နေခဲ့သည်။ နှစ်ကြိမ်တိတိ သူပျော်လည်းပျော်နေသည်။ ပျော်ရင်ခုန်ကြီး
ဖြစ်နေသည်။ သူကကောင်မလေးကို ချစ်သည်ဟုမပြော ကောင်မလေးကလည်း စဉ်းစားဦး
မယ်လေလို့ မပြော။ အိမ်ပြန်ရောက်တော့ ကောက်မလေး လက်ကလေးကိုတောင် သူဆုပ်
ကိုင်မလာခဲ့မိတာကို နောင်တရနေသည်။

သူထောင်ကလွတ်လာထဲက အမေ့ကိုဈေးကူရောင်းပေးသည် ဈေးဝယ်ပေးသည် ဟင်းချက်
ပေးသည် လက်ဖက်ရည်တောင်ထွက်မသောက်ဖြစ်တော့ မင်္ဂလာဆောင်ရင် ပိုက်ဆံအကုန်
အကျများမှာမို့ သူချွေတာနေသည်။ သို့သော် ကံကြမ္မာကတော့ မညှာတာ ရက်စက်စရာရှိရင်
ရက်စက်သည်။

Read more...

Sunday, November 8, 2009

စစ်အစိုးရ အကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ(၄)










စစ်အစိုးရ အကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ (၄)


ထောင်ထဲသို့ရောက်လာသော အချူပ်သစ် ထောင်ကျသစ်များကို ထောင်ကျပုံစံခန်း အချူပ်ပုံစံ
ခန်းတို့သို့ အရင်ပို့ပါသည် ထောင်အတွင်းမှာ လိုက်နာရမည့်စည်းကမ်းများကို သင်ကြားပေးရန်
ဖြစ်ပါသည်။ ထောင်ထဲမှာသတ်မှတ်ထားသော လိုက်နာရမည့်စည်းကမ်းများကို ထိုရောက်လာ
သောညမှာ ပုံစံသင်ပါသည်။ပုံစံသင်ကြားမှုသည်စည်းကမ်း လိုက်နာရန်ဖြစ်သော်လည်းထောင်
တွင်းရောက်ရောက်ခြင်းညတွင် အကျဉ်းထောင်ကိုကြောက်ရွံသွားအောင် စတင် ချိုးနှိမ်သော
အလုပ်လည်းဖြစ်ပါသည်။

အသက်ဘယ်လောက်ကြီးကြီး မင်းနာမည် မင်းအသက် မင်းအဖေနာမည် အပြင်မှာနေတုန်းက
ဘာလုပ်စားလဲ စာတတ်လား မှတ်ပုံတင်ရှိလား ဘာမှုဖြစ်လဲ ဘယ်ရဲဖမ်းလဲအရင်ထောင်ကျ
ဘူးလား စသည်တို့ကို နောက်တနေ့ ထောင် အချူပ်ရုံးခန်းသို့ သွားရောက်စဉ် ဖြေကြားနိုင်ရန်
သင်ကြားပေးခြင်းဖြစ်သည်။ သို့သော် ပုံစံသင်သော ဒုတန်းစီး တန်းစီးတို့ကို ပူဇော်ပသခြင်းမရှိ
ပါကမလွယ် ထောင်မှုး ထောင်ပိုင် ညွှန်မှုး သို့ ပိုက်ဆံပေးမထားပါက မလွယ် အပြစ်တခုမ
ဟုတ် တခု ရှာ၍ ရိုက်သည်။

ဥပမာ ဒုတန်းစီး သို့မဟုတ် လက်ထောက်က သင်ပေးသည် ထောင်ထဲမှာ ဘယ်လိုနေရမည်
ဘယ်လိုထိုင်ရမည် ဘယ်လိုလမ်းလျှောက်ရမည် ဘယ်လိုတန်းစီရမည် ဘယ်လိုအိပ်ရမည် ဘယ်
လို အိမ်သာတက်ရမည် ဘယ်လိုခေါ်ဝေါ်ရမည် ဘယ်လိုအရိုအသေပေးရမည် စသည်တို့
ကို သင်ပေးသည်။ စည်းကမ်းပေါင်းမြောက်များစွာ ပုံမှန် အခြေခံပညာမရှိသောသူအဖို့ မလွယ်
ကူ ထောင်ထဲသို့ ၀င်လိုက်ထွက်လိုက်လုပ်နေသောသူများအတွက်တော့ ပြဿနာမရှိ။

ထောင်ထဲရောက်ဖူးသူတယောက်အနေဖြင့် မှတ်မိနိုင်သော်လည်း ချူပ်သစ်တယောက်အနေ
ဖြင့်အကုန်လုံးမှတ်မိရန်မလွယ် ထို့အပြင်သင်ကြားမှုဆိုသော်လည်း ခြိမ်းခြောက်နေခြင်းသာ
ဖြစ်သည်။ ထိုအခြေအနေတွင် တန်းစီး ဒုတန်းစီးတို့ကို လဒ်ထိုးရသည်။ အနည်းဆုံးမိမိမှာပါ
လာသော စားစရာသောက်စရာလေးများကို တန်းစီး ဒုတန်းစီးစားဖို့ လဒ်ထိုးရသည်။ မိမိမှာပါ
လာသော အင်္ကျိပုဆိုးများကို လဒ်ထိုးရသည်။ ထိုသို့ လဒ်မထိုးထားပါက ထိုည ပုံစံသင်ရာတွင်
မလွယ် အပြစ်ရှာ၍ ထုလေမည်။

ထိုသို့မပေးနိုင်သောသူများ ပေးဖို့ မသိသူများ အရိုက်ခံရသည် ထိုအထဲမှာ မယားခိုးမှု မုဒိန်းမှု
အိပ်ယာကျော်နင်းမှု ကာမလိမ်လည်မှု များပါလာပါက အလွန်ဆိုးရွားစွာ အရိုက်ခံရပါတယ်။
သို့သော်လည်း ထောင်မှုးထောင်ပိုင်လာအပ်ထားသော ထိုအမှုသမားများမှာ အရိုက်မခံရတော့
ထိုသို့ ဘာလို့ရိုက်သည် ဆိုတာတော့ အစကမသိ နောက်တော့ကျနော်ခံစားလို့ ရလာသည်။

မှန်းမိလာသည် သဘောပေါက်လာသည်။ နှစ်ကြီးသမားတို့၏ ဇနီးအများစုသည် အိမ်ထောင်
သစ်ထူထောင်သွားကြသည်။ ထိုအခါ မိုက်လှပါသည်ဆိုသော လူမိုက်ကြီးသည်လည်း ထောင်
ဝင်စာအခန်းတွင်းမှ ကွာရှင်းစာချူပ်ကို ကလေးတွေပညာရေးအတွက် ကျမအိမ်ထောင်ပြုရ
တာပါ ရပ်ရွာထဲမှာ အိမ်ထောင်မရှိတဲ့မိန်းမရယ် လူမလေးစား လုပ်လို့လိုရယ် ကျမခုလိုအိုးအိမ်
သစ်ထူထောင်တာကို ခွင့်လွှတ်ပါနော် အငိုမျက်လုံးအပြုံးမျက်နှာ တခါတလေ နင့်နင်းသည်း
သည်း ငိုထားသောမျက်နှာများနှင့် လာတွေကြသည့်အခါ ဘာမှမတတ်နိုင်သော ကိုယ့်ဘ၀အ
နေအရ ခေါင်းငိုက်စိုက်ချ လက်မှတ်ထိုးပေးလိုက်ရသော သာဓကများ အမြောက်အများ။

ထောင် လေးငါးခြောက်နှစ် ခုနှစ်နှစ်ကျလျှင် စောင့်မျှော်နေနိုင်သေးသော်လည်း တသက်တ
ကျွန်းပြစ်ဒါဏ် ထောင်နှစ်ပေါင်းများစွာကျခြင်းအပေါ်တွင် တော့စောင့်မျှော်ရခက်ခဲ့လှသည်။
နောက် ကွာရှင်းလက်မှတ်မှ မထိုးပေးလျှင်ရော ကိုယ်က ဘာများတတ်နိုင်ပါဦးမည်နည်း။ ထို
အခါ ထို လိင်ပိုင်းဆိုင်ရာပြစ်မှုများ မယားခိုးမှုများအတွက် တဖက်ကများ ပြန်ကလဲ့စားချေနေ
ခြင်းလား ၀ိုင်း၍ နည်းပေါင်းစုံ ပယ်ပယ်နယ်နယ် သမကြလေသည်။ အလုပ်ခိုင်းလျှင်လည်း
ပို၍ ဖိနှိပ်သည် မျက်နှာသာမပေး။ မူယစ်ရမ်းကားမှုဖြင့် ထောင်ရက်အနည်းငယ်ကျလာသော
သူများကိုလည်း ကောင်းကောင်းနှိပ်စက်ကြသည်။ သူတို့ကိုယ်တိုင် ဗိုလ်ကျသော်လည်း အ
ခြားသော လူအများပေါ်ဗိုလ်ကျသူများကို နှိပ်ကွက်ပြခြင်းဖြင့် သူတို့၏ သိက္ခာကို ပြန်လည်ထူ
ထောင်နေခြင်းလား ကျနော်သေချာမသိပါ။

ထိုသို့ ပုံစံသင်ကြားရာတွင် ငိုအားထက်ရယ်အားသန်ရတာလည်းရှိသည် လူသစ်သည် လူ
ဟောင်းကိုကြောက်ရသည် မြင်မြင်သမျှ လူများကို လူသတ်မှု ဓားမြမှု ဟုပဲထင်တတ်သည် ခိုး
မှုပင်ဖြစ်စေ ထောင်အတွင်း ကြိမ်လုံးကိုင်ဆောင်ခွင့်ရသော သူများကို အားလုံးကြောက်ရပါ
သည် ထိုသူများသည် ဘာမှုဖြစ်သည်ဆိုတာလည်းမသိ ထောင်အာဏာပိုင်များကိုပိုင်သည်။
မိမိကို ရိုက်နက်နိုင်သည် ဆိုတာကိုပဲ နားလည်ထားသည်။

တကယ်တော့ ထိုသူများသည် နှစ်ကြီးများထဲက ခန့်ထားသောသူများလည်း ဖြစ်တတ်သလို
ပိုက်ဆံပေး၍ လုပ်နိုင်သောသူ လူသစ်များထံမှ ချွတ်ခွာချင်း လုပ်တတ်သောသူများကို ခန့်
ထားခြင်းသာဖြစ်သည် နှစ်ကြီးသမားအများစုက မလုပ်လို။ များသောအားဖြင့်အမှုသေးသမား
များ ဖြစ်သည့် ခိုးမှု ဖေါက်ထွင်းမှု လိမ်လည်မှု ခါးပိုက်နှိုက်မှု တို့သာဖြစ်သည်။ သို့သော်လူသစ်
တို့က အမှုကြီးသမားများထင်၍ ပိုကြောက်သည်။ ထိုအမှုသေးသမားများကသာ အကျဉ်းသား
အခြင်းခြင်းနှိပ်စက်ကြသည် သို့သော် တကယ်လူမိုက်ကြီးများအသွင်ဆောင်ကြသည်။ တ
ကယ့်နှစ်ကြီးလူမိုက်များကိုတော့ သူတို့တကယ်ပဲကြောက်သည်။

ထိုကျသစ် ချူပ်သစ်များကို ပုံစံသင်ပြီး နောက်တပါတ်အတွင်း ရုံးခန်းတွင် ပုံစံတင်ရသည်။
အချူပ်သစ်တာဝန်ခံထောင်မှုး ထောင်ကျသစ်တာဝန်ခံထောင်မှုး တို့ကစစ်ဆေးသည်။ ပုံစံတင
်ရာတွင် ကျနော်နှင့်ရင်းနှီးသော ကျောင်းဆရာတယောက်ပြောပြတာကို ပြောပြချင်ပါသည်။ သူ
လည်းလူသစ်ထောင်ဗဟုသုတများလည်းမရှိပါ နိုင်ငံရေးမှု နှင့်ကျလာခြင်းဖြစ်သည်။

သူပြန်ပြောပြခြင်းဖြစ်သည် သူက မင်းတို့ထောင်ကလည်းကွာ ဘယ်လိုလည်း ငါ့ကို မေးတာငါ
ကုန်ဖြေနိုင်ပါတယ်

မင်းနာမည်- မောင်ဖြူ
မင်းအဖေနာမည်- ဦးနီ
မင်းအမေနာမည်- ဒေါ်ဝါ
မင်းမိန်းမနာမည် -မရှိ
မှတ်ပုံတင်နံပါတ်- ၀၀၀၀၀၀၇
အပြင်မှာနေတုန်းကဘာလုပ်စားလဲ-ကျောင်းဆရာ
စာတတ်လား-တတ်
ဘာမှုဖြစ်လဲ-နိုင်ငံတော်အာဏာနှောက်ယှက်ဖျက်ဆီးမှု
ဘယ်ရဲဖမ်းလဲ-အသည်ကြီးစခန်း အဲ့လိုဖြေရတာလေ.ဖြေပါတယ်

ကျောင်းဆရာပဲကွာ စာတတ်လားလို့ မေးစရာလား တဲ့..ရယ်လိုက်တာ။ တကယ်လို့မှတ်ပုံတင်
ရှိတယ်ဆိုရင်လည်း ရှိပေါ့ မှတ်ပုံတင်နံပါတ်ကို ဆက်ပြောရတယ် မရှိရင် မရှိ ရှိပြီးမှတ်ပုံတင်နံ
ပါတ်မေ့နေရင် ရှိမမှတ်မိ လို့ပြောရတယ်လေ အဲ့ဒီမှာ မှားတာပဲ မိန်းမနာမည် မေးရင် ရှိမမှတ်မိ
မှတ်ပုံတင်နံပါတ် မရှိမသိ လို့ မှားပြောတတ်တယ် ကြောက်ကြောက်နဲ့ဖြေလေမှားလေ အကုန်
လျှောက်မှားကုန်ရော ဘယ်ရဲဖမ်းလဲ ဆို “အရပ်ပုပု အသားနည်းနည်းညို” တို့ဘာတို့ဖြစ်ကုန်
ရော ဘာမှုဖြစ်လည်းဆို “တရပ်ကွက်ထဲနေ ဦးနီ အိမ်မှ ထမင်းအိုးခိုးမှု” အဲ့လိုဖြေရတယ်လေ
ခိုးမှုလို့မဖြေရဘူး အဲ့ဒါ ကို “ကျနော်ကတကယ်ခိုးတာမဟုတ်ပါဘူး ပထမတခါ သူအိမ်က
ကြက်ပျောက်ထဲက ကျနော့်ကို” တို့ဘာတို့ပြောကုန်ရော အဲ့လိုပြောလို့မရဘူးလေ။ ထောင်ထဲ
မှာသုံးတဲ့ အသုံးတွေပါ။

ထိုအချူပ်သစ်တွေက အပ်ထည်မှလွဲ၍ အိမ်သာနှင့်နီးသော နေရာတွင်သာနေရာရသည် တ
ခန်းလုံးဖိနပ်များ စီချွတ်ထားရာနေရာနှင့် နီးရာနေရာမှာ အိပ်ရသည်။ ကျနော်တိုက်ထဲမှာနေ
စဉ်က ညဖက် အဆောင်မှကင်းသမားများ အော်သံကို ကြားရသည်။ ကျနော်တို့တိုက်ထဲတွင်မ
အော်ရ အဆောင်များတွင် ကင်းသမားတယောက်ကို(၂)နာရီ ည(၉)နာရီမှ မနက်(၄)နာရီခွဲ
အိပ်ယာထချိန်အထိ ကင်းစောင့်ရသည် ကင်းသမား(၄)ယောက် အလှည့်ကျစောင့်ရသည်။
ထိုသို့ကင်းလှည့်ကိုမကျအောင်လည်း တန်းစီးကလဒ်စားသည်။

အခန်းထဲမှာ တန်းစီး ဒုတန်းစီးမှလွဲ၍ အကုန်လုံး ကင်းလှည့်ကျသည် ကင်းလှည့်ချလို့ရသည်။
သို့သော် ထောင်ထဲမှာအနေကြာသော နေသားရှိသူများ တန်းစီးပြုတ် ဘုတ်ကိုင်(အလုပ်အဖွဲ့
ခေါင်းဆောင်) ထောင်မှုးအပ်ထည် များကို ကင်းသမား ခေါ် ဘာယာ မချပါ။ ထိုသို့ဘာယာချ
ထားခြင်းကို ဒုတန်းစီးက အစီအစဉ်ချခြင်းဖြစ်သည်။ လူဦးရေအလိုက် အလှည့်ကျချထားသည်
သို့သော် တန်းစီးက ဖယ်ထားသူများ မစောင့်ရ။ ကင်းလှည့်ကို တနေ့(၄) ဦးနှုန်း ချထားသဖြင့်
လူဦးရေ(၁၀၀) ရှိသောအခန်းတွင် လူ (၆၀)က ကင်းလှည့်ကျသည် ဆိုပါစို့ တဦးလျှင်(၁၅)
ရက်တကြိမ် အလှည့်ကျမည် ဖြစ်သည်။ သို့သော်တန်းစီးက နေ့စဉ်(၂) နာရီစောင့်ဆိုပါက
လည်း စောင့်ရမည်သာဖြစ်သည်။

ထိုဘာယာ ခေါ် ကင်းသမား သည် ည(၉)နာရီ အိပ်ချိန်မှစ၍ မိမိအလှည့်ကျနေစဉ်အတွင်း
တန်းစီး ခေါ် အဆောင်မှုးများကိုယ်စား အကျဉ်းသားများကို စောင့်ကြည့်ရသူဖြစ်သည်။ (၁၅)
မီးနစ်တကြိမ် ထောင်ဂိတ်မကြီးမှ သံချောင်းခေါက်သည့်အခါ အဆောင်အမှတ်စဉ်အလိုက် သ
တင်းပို့ရသည်။ ထိုသို့သတင်းပို့ခြင်းကို ဘာယာ အော်သည် လို့အကျဉ်းထောင်စကားဖြင့်ခေါ်
သည်။ အိပ်ဆောင်တဆောင်စီတွင် တာဝန်ကျဝန်ထမ်းတဦးစီရှိသည်။ ထိုဝန်ထမ်းသည် ဘာ
ယာကို စစ်ဆေးရသည်။ ဘာယာသတင်းပို့ ဆိုလျှင်

ကောင်းဗျား
(၁)ဆောင်(၁) ခန်း
အချူပ်အကျဉ်းသား (၁၀၀)ယောက် (သို့) ထောင်ကျအကျဉ်းသား (၁၀၀)ယောက်
အကြောင်းထူးမရှိ
အားလုံးကောင်းပါတယ် ဆရာကြီး

ဟုအော်၍ သတင်းပို့ရသည်။ ပုံမှန်တော့(၁၅)မီးနစ် တကြိမ်အဆောင်အလိုက် တခန်းပြီးတ
ခန်း သတင်းပို့ရသည်။ ထောင်ထဲရောက်ကာစ ဘာယာအော်၍ အိပ်မရ ထိုဘာယာ၏တာဝန်
မှာ အကျဉ်းထောင်ဖေါက်ရန်ကြံစီခြင်း အကျဉ်းသားအချင်းချင်းအိပ်နေစဉ် လုပ်ကြံသတ်ဖြတ်
ရန်ကြံစီခြင်း အကျဉ်းသားအချင်းချင်း လိင်တူဆက်ဆံခြင်း အကျဉ်းသားများ အိမ်သာသို့သွား
ရာတွင် အစီအစဉ်ကျအောင် စီစဉ်ပေးရခြင်း တို့ကို တန်းစီးများ အဆောင်မှုးများကိုယ်စား လုပ်
ကိုင်ပေးရသူဖြစ်သည်။ တစုံတခုပြဿနာတက်လာရင် ထိုဘာယာလည်း အပစ်ပေးခံရတတ်
သည်။

အိမ်သာသို့သွားရာတွင် အကျဉ်းသားများအားလုံးအတွက် ကျင်ကြီးသွားရန် လေးဆယ်ပိဿာ
ဝင်အိုးတလုံး ကျင်ငယ်စွန့်ရန် အိုးတလုံးထားပေးသည် (၉)နာရီအိပ်ချိန်မတိုင်ခင် ကန့်သတ်မှု
မရှိသွားနိုင်သော်လည်း အိပ်ချိန်မှစ၍ ကျင်ကြီးကျင်ငယ်စွန့်လိုလျှင် ဘာယာထံအော်၍ သ
တင်းပို့ရသည်။ ဘာယာကခွင့်ပြုမှသာ သွားခွင့်ရသည်။

ဥပမာ- ကျင်ကြီးစွန့်လိုပါက အိပ်ယာထဲက- ချီးယို ဟုအော်ရသည်။ ဘာယာက- ယို ဆိုမှ ထ
ပြီးသွားခွင့်ရသည်။ ကျင်ငယ်စွန့်လိုပါက-အိပ်ယာထဲက သေးပေါက် ဟုအော်ရသည် ဘာယာ
က- ပေါက် ဆိုမှပေါက်ရသည်။ ဘာယာက နေဦး ဆိုစောင့်ရသည်။ ချီးယိုဟု အော်ပြီး ကျင်
ငယ် စွန့်လို့မရ ကျင်ငယ်စွန့်ရာနေရာတွင် ကျင်ငယ်သွားစွန့်လို့မရ ။အရိုက်ခံရမည်။ ဘာယာက
တန်းစီးကိုတိုင်လျှင် အရိုက်ခံရသည်။ ထို့ကြောင့် တိတိကျကျသတင်းပို့ရသည်။

ကျနော်အဆောင်ရောက်တော့ ကျနော်တို့အခန်းမှာလူဦးရေ (၁၀၀)ခန့် ရှိသည်။ အခန်းမှာတ
ကယ်က လူ (၄၀)ခန့်သာ အလွန်ဆုံးနေလို့ ရသည်။ ထိုကြောင့်အခန်းက ကျပ်သည် ခြေရင်း
ဖက်မှာ ပိုကျပ်သည်။ ခေါင်းရင်းပိုင်း တန်းစီး တန်းစီးနဲ့ပတ်သက်သူတွေ နှစ်ကြီးသမားတွေက
တော့သိပ်မကျပ် ကျနော်ကတော့လူသစ်တွေကို အားနာနေရသည်။ နောက်ညအိပ်ချိန် (၉)နာ
ရီကျော်လျှင် ကျင်ကြီးကျင်ငယ်စွန့်လိုပါက မအော်ရဲ အော်ရမှာ တမျိုးကြီးဖြစ်နေသည်။ ရှက်
နေသည်။

နောက် အိမ်သာဟုသာပြောသော်လည်း အိုးတလုံးပေါ်မှာ သစ်သားခုံတခုကို ရိုက်၍ အိုးအ
ပေါ်တွင် အုပ်စွတ်ထားခြင်းသာဖြစ်သည်။ ဘာမှအကာအရံမရှိ အိမ်သာသွားလျှင် ညစ်ပစ်
မပေစေရ ပေရေမရေ ဘာယာက စစ်သည် ကြည့်သည် ပေကျံလျှင် တန်းစီးရိုက်တာခံရမည်
အကျင့်မရှိခင် လူသစ်များအဖို့ စိတ်ဆင်းရဲစရာအတော်ကောင်းသည်။ နောက်တော့လည်း
အသားကျသွားရသည်။ အကျင့်ဖြစ်သွားသည်။

မနက်မိုးလင်းလင်းချင်း တန်းစီရသည် ညနေတချိန်တန်းစီရသည် တန်းစီလျှင်ငါးယောက်တ
တန်းစီရသည်။ ပုံစံမှာ တပလ္လင်ခွေထိုင်ရသည်။ ခါးကိုမတ်ထားရသည် လက်သီးဆုပ်ကို ဒူး
ပေါ်တင်ထား၍ ရှေ့ကြည့်နေရသည် ထိုင်လျှက်သတိအနေအထား ထိုင်ရခြင်းဖြစ်သည် တန်း
စီးက ရှေ့ကြည့်ဆိုသည်နှင့် ထိုသို့ထိုင်ရသည် ကျန်အချိန်များတွင်တော့ စကားတိုးတိုးပြော၍
သက်သာသလိုနေနိုင်သည်။ သို့သော်ထိုင်နေရသည် ၀န်ထမ်းများလာစစ်လျှင် တန်းစီးက အား
လုံးရှေ့ကြည့် ဆိုပြီး အချူပ်အကျဉ်းသား (……)ယောက် သို့ ထောင်ကျအကျဉ်းသား (……)
ယောက် ဟု စစ်တပ်ပုံစံ သတင်းပို့ရသည် ၀န်ထမ်းကလူဦးရေ ရေတွက်သည်။ တန်းပိတ်သော့
ခတ်သည်။ မနက်ဖက်ဆိုလျှင်တော့ သော့ဖွင့်ထားခဲ့သည်သို့သော်အပြင်သို့မထွက်ရလူစစ်မပြီး
မချင်း လူစစ်ပြီးသံချောင်းမခေါက်မခြင်း ထိုင်နေရသည်။

အချို့နေ့များတွင် ထိုသို့ လူစစ်ပြီး ထောင်ဗူးဝ ထောင်စာရင်းနှင့် မကိုက်မချင်း တန်းမဖြုတ်ရ
တခါတလေ ည အတော်နက်သည် အကြောင်းကြောင်းကြောင့် လူစာရင်းမကိုက်လျှင် ရွာ
လည်ပြီ ထိုသို့တန်းစီသောအချိန်တွင် တချို့က ပုတီးစိတ်သည် တချို့ကတရားထိုင်သည်။ တ
ချို့က အိပ်ငိုက်သည် တချို့က ချည်ထိုးသည် သိုးမွှေးထည်များကို ထိုးသည်။

တချို့က စာခိုးဖတ်သည် စာဖတ်ခွင့်လည်းမရှိပါ ထောင်မှုးထောင်ပိုင်ခွင်ပြုလက်မှတ်ပါမှ
ဖတ်ခွင့်ရသည်။ ထိုသို့ခွင့်ပြုခွင့်ရဖို့ကလည်းမလွယ် ဘာသာရေးစာအုပ်ဆိုပေမဲ့ ခွင့်ပြုမှ
ခွင့်ပြုချက်မရှိသော စာအုပ်ကို ဖတ်လျှင် အရိုက်ခံရမည် တိုက်ပိတ်ခံရမည် စာအုပ်တော်တော်
များများ ကို ခိုးသွင်းပြီးဖတ်ရသည်။ ကျနော်တို့မှာမဂ္ဂဇင်းဟောင်းတအုပ်လောက်ရလျှင်အလွန်
ပျော်နေပြီ ထောင်ဝင်စာလာသောအခါ ဆီစုတ်အောင်ပတ်ထားသော သတင်းစာစက္ကူ ဆေး
လိတ် အစီခံပါ စာ များသည် အလွန်အဖိုးတန်သည်။

တရားဝင်အစိုးရကထုတ်ထားသော စာများကိုပင် ဖတ်ရှု့ခွင့်မရခြင်းကို ကျနော်နားမလည် နိုင်
စာအုပ်စာပေ လူ့မိတ်ဆွေ အလိမ္မာစာမှာရှိ ဘာညာဆိုပြီး ထိုအချိန်ထောင်ထဲမှာ စာဖတ်ခြင်း
စာရေးခြင်းကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခြင်းကို ကျနော်နားမလည်။ စာရေးခြင်းကို ပိတ်ပင်ခြင်း
ကို နားလည်နိုင်သော်လည်း စာဖဖတ်ရဘူးပိတ်ပင်ထားခြင်းကို ကျနော်နားမလည်ပါ။

ခု တော့ ICRC နိုင်ငံတကာကြက်ခြေနီအသင်း ကောင်းမှုကြောင့် ဖတ်ခွင့်ရပြီဟုလည်းကြားရ
သည်။ သို့သော် စစ်အစိုးရ လက်အောက်မှ အကျဉ်းထောင်ဥပဒေသည် အမိန့်သည်သရေကြိုး
လိုလိုရင်လိုသလို မလိုရင်မလိုသလို ခုရပေမဲ့ နောက်မရ မရဘူးမရဘူးဆို နည်းနည်းရ နည်း
နည်းရရင်း ချက်ခြင်း ဆိုးရွားစွာမရ ပိုဆိုးလျှင်ဆိုးသွား အခြေအနေပေါ်မူတည်သည်။

ထိုတန်းစီလူစစ်ချိန်သည် ညနေ(၅)နာရီမှ (၆)နာရီခွဲ ခန့် မနက် (၅)နာရီမှ(၆)နာရီခွဲ ခန့်ဖြစ်
သည်။ ညနေတန်းပိတ်သံချောင်းခေါက်ချိန်မှ စ၍ ည(၉)နာရီအထိအချိန်လေးမှာတော့ ကိုယ့်
ကိုယ်ပိုင်အချိန်လေး..ရတဲ့သဘော ပါ။ တန်းစီခြင်းသည် ထောင်ထဲမှာအမြဲလုပ်ရသောအလုပ်
လည်းဖြစ်သည်။ မနက်မိုးလင်းထဲက ညနေတန်းပိတ်ချိန်ထိ အဓိကအလုပ်လည်းဖြစ်သည်။
အိပ်ချိန်တွင်ပါ တန်းစီအိပ်ရသေးသည်။

တန်းဖွင့်ချိန် အချူပ်အကျဉ်းသားကို ဥပဒေအရ ခိုင်းခွင့်မရှိဘူးဆိုပေမဲ့ ခိုင်းပါသည်။ တန်းဖွင့်
မောင်းထိုးပြီးပြီဆိုလျှင် တန်းဖြုတ်ရပါသည်။ တန်းမစီခင်ကပင် မိမိ အလုပ်သွားလျှင်ယူသွား
မည့် စားစရာ အသုံးအဆောင်အားလုံးကို ကျွတ်ကျွတ်အိပ်နှင့်ထည့်ထားပြီး အိပ်ယာကို သေ
ချာစွာခေါက်ပြီး ခေါင်းရင်းမှာ လေးထောင့်ပုံ ညီညီညာညာပုံထပ်ထားသည့် အပုံစီသည့်သူကို
သွားပေးထားရပါသည်။

တန်းဖွင့်ပြီးသည်နှင့် ရုံချိန်းထွက်မည့်သူကလွဲ၍လျှင် ကျမ်းမာရေးဆေးခန်းပြမည့်သူက သတ်
သတ် အလုပ်ဆင်းမည့်သူက သတ်သတ် နှစ်ယောက်တွဲတန်းစီရပါသည် တန်းမဖြူတ်ခင်က
တန်းစီးကို စာရင်းပေးရသည်။ ကျမ်းမာရေးဆေးခန်းပြမည့် သူများကို ဆေးခန်းလိုက်မည့်သူ
ရှိလား လို့မေးပြီး ရုံးချိန်းရှိသည့်သူများကို ရုံးထွက်မည့်သူရှိလား လိုမေးပြီးစာရင်းလုပ်ပါတယ်။
ထိုသူများထဲက ဆေးခန်းသမားနှင့် ကျန်သူများက တန်းစီရပါသည်။

ဆေးခန်းပြမည့်သူများကို ထိုအချိန်ကစ၍ ဆရာဝန်ဆေးခန်းရှေ့မှာ ထိုအချိန်ကစ၍ သွားတန်း
စီနေရသည် ဆေးခန်းရှေ့ကနေ ဆရာဝန်မလာမခြင်း တန်းစီစောင့်ရသည်။ ဆရာဝန်က မနက်
(၁၀)နာရီ ၀န်းကျင်မှလာပါသည်။ထိုဆေးခန်း နှင့်ပတ်သက်သည့်များကို ဆက်ရေးသွားပါဦး
မည်။

အလုပ်ဆင်းမည့်သူများကို တာဝန်ကျ ၀န်ထမ်းက သက်ဆိုင်ရာဘုတ်အလိုက်သွားခွင့်ပြုသည်
လူသစ်အချူပ်သမားများကတော့ အထွေထွေထဲထည့်သည် တာဝန်ကျ တပ်ကြပ်ကြီး၏ ယာ
ယီခိုင်းသည့်အလုပ်များကိုလုပ်ရသည်။ အချူပ်ကိုကိုင်သည့် ထောင်မှုး၏ တာဝန်ခွဲဝေမှု ရရှိမှ
သာ အလုပ်ကအတည်ဖြစ်သည်။

ကျနော်အဆောင်သို့ ရောက်ပြီးနောက်တနေ့ မနက်တန်းဖြူတ်ပြီးချိန်တွင် ကျနော်က အချူပ်
သစ်များနှင့်အထွေထွေအလုပ်ချ ခံရရမည့်သူများ နှင့်တန်းစီရသည် အားလုံး အချူပ်သစ်များ
ကျနော်က ထောင်ထဲရောက်တာ(၃)လကျော်ပြီးပေမဲ့ အချူပ်သစ်အဆောင်ကို ခုမှရောက်လာ
သည့်အတွက် ကျနော်က အချူပ်သစ်တွေနဲ့ အတူအလုပ်ချထားခံရခြင်းဖြစ်သည် တကယ်က
အချူပ်အကျဉ်းသားသည် တရားဥပဒေအရ ပြစ်ဒါဏ်ကျမကျ မသိရသေးပေ။ထိုသူများကို အ
လုပ်ကြမ်းလုပ်ခိုင်းခြင်းသည် ဥပဒေချိုးဖေါက်ခြင်းသာဖြစ်သည်။

ထိုသို့ချိုးဖေါက်ခြင်းမှာလည်း သူတို့ စီးပွားရေးအတွက်ဖြစ်သည်။ တကယ်တော့ထောင်ဝန်း
ထမ်းများသည်လည်း သူတပါးထံမှ ညစ်ပတ်၍ အသက်မွေးဝမ်းကြောင်းပြုချင်ကြမည်မဟုတ်
ပါ။ သို့သော်မလောက်ငှသော လစာ နေထိုင်မှုဖြင့် တရိပ်ရိပ်တက်လာသော ကုန်ဈေးနူန်းကို
အံတုဖို့ သာညစ်ပတ်ကြခြင်းလည်းဖြစ်မည်။ ထိုနည်းကလည်းအလွယ်ကူဆုံးဖြစ်နေသည်။
ကြက်ဖကြီးက ကြက်မကြီးကိုနိုင် ကြက်မကြီးကကြက်ကလေးတွေကိုနိုင် ကြက်ကလေးတွေ
က ပိုးကောင်လေးတွေကို နိုင်ဖြစ်နေသည်။ ကျနော်တို့ဘ၀က ပိုးကောင်လေးတွေဘ၀။

အချူပ်အကျဉ်းသားလူသစ်များကို ယာယ်ီအထွေထွေအလုပ်ချခိုင်း စေခြင်းသည်ပင် သူတို့၏
ခွင်တခု စီးပွားရှာနည်းတမျိုးဖြစ်သည်။ ထိုတန်းစီဆောင်ကြောင့် နှစ်ယောက်တတွဲထိုင်နေ
သောကျသစ်များကို အနီးကပ်ခိုင်းမည့်သူမှာ စည်းကမ်းထိမ်းသိမ်းရေး သို့ လူသစ်ဘုတ်ကိုင
်ဖြစ်သည် တာဝန်ခွဲဝေဖို့ အကြံပေးရသည်ကလည်း သူပင်ဖြစ်သည်။ ဘယ်လူသစ်သည် ဖိခိုင်း
လျှင်ပိုက်ဆံရမည် ဘယ်လူသစ်သည် ကျောက်ခဲရေညစ်သလိုဖြစ်မည် ဘယ်သူတွေကိုတော့
ငွေညစ်ဖို့ ခိုင်းရမည် ဘယ်သူတွေကိုတော့ အလုပ်ဖြစ်အောင်ခိုင်းလို့ရမည် ပညာပေးအနေဖြင့်
ခိုင်းလို့ရမည် ကို ထိုယာယီအလုပ်ခွဲ တပ်ကြပ်ကြီးကသိသည်။ လိုအပ်လျှင် တန်းစီး ဘုတ်ကိုင်
များဖြင့်သိသည်။

ထိုသို့ကျောက်ခဲရေညစ်သော်လည်း ငွေမထွက်လာမည့်သူ များကို မိလ္လာဘုတ် အလုပ် ငွေ
ထွက်အောင်ညှစ်မည့်သူများကို ဒင်ဘုတ် အလုပ် အလုပ်ဖြစ်အောင်ခိုင်းဖို့နှင့် ပညာပေးဖို့ အ
တွက် ရေဘုတ် အလုပ် သို့သော်အဆင့်တိုင်းမှာ အစွန်းကုန်ညစ်ပတ်ခြင်းဖြင့် သူတို့ပိုက်ဆံ
အ၀တ်အစား အစားအသောက် အကုန်ညှစ်သည် သို့မဟုတ် ညစ်သည်။

(ဆက်ရေးပါဦးမည်)

Read more...

Thursday, November 5, 2009

စစ်အစိုရအကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ (၃)











စစ်အစိုးရအကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ(၃)

ကျနော် ၀င်းမောင်အတွက် စိတ်မကောင်းတာရော မခံချင်စိတ်ရော မွန်ထွန်နေသည်။ ၀င်း
မောင်ကတော့ ဘာမှမပြော တခုပဲပြောသည် “သူပုန် ဒါ မင်းထောင်မှာ အစကြုံရတာပဲရှိသေး
တယ်နောက် ဒီထက်ဆိုးတာတွေ ရှိသေးတယ်” လို့ပြောသည်။ ကျနော်နောက်တပါတ် ၀ယ်
လာပေးလျှင် အခြားတယောက်က ထပ်ပြီးသိမ်းသွားနိုင်သေးသည် ကျနော်ထိုသို့သိမ်းယူခွင့်
လုပ်ချင်ရာလုပ်နိုင်ခွင့်ရနေသော အခြေအနေကြီးကို မကြိုက်။ တချို့ကပြောသည် ထောင်
တွေမရှိရင် ရာဇ၀တ်မှုတွေတိုးလာမည်။ ထောင်ထဲမှာ ညှင်းပမ်းနှိပ်စက်မှုတွေမရှိရင် လူတွေ
ဟာ ထောင်ထဲမှာ အိပ်လိုက်စားလိုက်နဲ့နေကြမှာပေါ့ အပြင်မှာဘယ်နေတော့မလဲတဲ့ ကျနော်
ကတော့ ထိုအယူအဆကို သဘောမတူ။

အကျဉ်းကျလာသော အကျဉ်းသားတို့ကို တရားရုံးမှ ပြစ်မှုနှင့်ပြစ်ဒါဏ် ထိုက်သင့်သောပြစ်
ဒါဏ်ကိုသာပေးသင့်သည်ဟုမြင်သည်။ ကြံလေးတချောင်းခိုးစားမိရုံနဲ့ ကလေး တယောက်
ကို ထိုဆိုးရွားလှသောအကျဉ်းထောင်သို့ (၆)လ (၁)နှစ် မပို့သင့် လူအခွင့်ရေးအတွက် တိုက်ပွဲ
ဝင်နေပါသည်ဆိုသော သူများသည်ပင်လျှင် အကျဉ်းထောင်ဆိုတာ ပြစ်ဒါဏ်ကြွေးဆပ်ရာ
နောင်တရအောင် နှိပ်စက်ညှင်းပမ်းပေးရာနေရာ ကြောက်ရွံရိုကျိုးသွားစရာ နေရာဖြစ်သင့်
သည် ဟုသဘောထားကြသော သူများရှိသည်။ ဒီမိုကရေစီရပါက ရန်သူများ ရန်သူ့လူများကို
ပြန်ပြီး အာဏာဖြင့် ကလဲ့စားချေလိုက်မည် သို့မဟုတ် အခွင့်ရေးရပါကလည်း ရန်သူကဲ့သို့ပင်
ကျင့်ကြံသည်။ မိမိသည် ရန်သူကဲ့သို့ ပြုမူကျင့်ကြံပါက မည်သို့မည်ပုံ လူအဖွဲ့စည်းကြီးသည်
တိုးတက်ယဉ်ကျေးလာပါတော့မည်နည်း။ ရိုးရိုးရာဇ၀တ်အကျဉ်းသားတို့သည် ထိုသို့မနှိပ်ကွပ်
ပါက လွတ်လာသည့်အခါ ပို၍ဆိုးလာလိမ့်မည်ဟုလည်း ပြောကြသည်။ ကျနော်ကတော့ သ
ဘောမတူ။

အုပ်ချူပ်သူအစိုးရ၏ တရားစီရင်ရေးယန္တယားကြီးကနေ ထိုရာဇ၀တ်မှုကျူးလွန်ခဲ့သူကို လူအဖွဲ့
စည်းအတွင်း နောက်ထပ်မကျူးလွန်စေရန် ခေတ္တထိမ်းသိမ်းထားခြင်းသာဖြစ်သင့်သည်။ ထိုရာ
ဇ၀တ်အကျဉ်းသားသည် တချိန်တွင်လူလောကကြီးအတွင်းသို့ပြန်ဝင်ရသောအခါ အကြောက်
တရားဖြင့်မဟုတ်ပဲ အသိတရားဖြင့်နားလည်လက်ခံပြီး နောက်တဖန် ပြစ်မှုမဖြစ်အောင် ထိမ်း
သိမ်းစောင့်ရှောက်တတ်သူ ဖြစ်အောင် ပြုပြင်ပေးသင့်သည်။ နှိပ်စက်၍ကြောက်ရွံအောင်လုပ်
ခြင်းဖြင့် ဘယ်သောအခါမှ ပြစ်မှုမကျူးလွန်ခြင်းသည် ကျူးလွန်ခွင့် အခွင့်အရေးမရသေး၍ မ
ကျူးလွန်ခြင်းသာဖြစ်သည် ကျူးလွန်ခွင့်ရပါက ကျူးလွန်မည်ဖြစ်သည်။

ထိုသဘောကို စစ်အစိုးရက မသိ၍မဟုတ် သိမြင်နိုင်ပါသည် သို့သော် လူတွေအားလုံးကို
ကြောက်ရွံနေစေချင်ချင်သည် ထိုကြောက်ရွံနေမှသာလျှင် အထက်မှ လူနည်းစုလေးက အား
လုံးကို ချယ်လှယ်အုပ်ချူပ်နိုင်မည် ဖြစ်သည်။ သို့သော် အကျဉ်းထောင်အတွင်း လူမဆန်သော
ဖိနှိပ်ရက်စက်မှုများသည် ရှိနေဆဲ။

ကျနော်အကျဉ်းထောင်အတွင်းနေထိုင်ရသော (၁၉၈၉-၁၉၉၄) ကာလများကို ကျနော်ကြုံတွေ့
ခဲ့ရသည် များကို သာပြန်ရေးခြင်းဖြစ်ပါသည်။ အခြားသောပြောင်းလည်းလာမှုများကို ကျနော်မ
သိနိုင်တော့ပါ ကျနော်ကြုံခဲ့ရသည်များကိုတော့ဖြစ်ရပ်မှန်အတိုင်း တင်ပြသွားပါမည်။

၁၉၈၉ ခုနှစ် ဇူလိုင်လ တတိယအပတ်အတွင်း အကျဉ်းသားများအတွက် အထွေထွေလွတ်ငြိမ်း
ချမ်းသာခွင့်ကဲ့သို့သော ခံစားခွင့်များရရှိလိုက်သလိုအာဇာနည်နေ့အခန်းအနားကျင်းပမှုကြောင့်
အကြောင်းအမျိုးမျိုးပြ၍ နိုင်ငံရေးလှုပ်လျားမှုတွင် ပါဝင်ခဲ့သော လူငယ် များ နိုင်ငံရေးပါတီ
ခေါင်းဆောင်များကို ဆက်တိုက်အပြစ်ရှာ၍ ဖမ်းဆီးခဲ့ပါသည်။ ကျနော်တို့ ဧရာဝတီတိုင်း တိုင်း
မှုး ဗိုလ်ချူပ်မြင့်အောင်သည်စစ်အာဏာရှင်စနစ်ဖြင့် တိုင်းပြည်တိုးတက်အောင်ပြုလုပ်နိုင်သည်
ဟု ယုံကြည်သူဖြစ်သည်။ သူ့ကြွေးကြော်သံမှာ “မြန်မာပြည်မှာ ဒီမိုကရေစီသာရရင် ရသွားမယ်
ဧရာဝတီတိုင်းမှာ မရစေရဘူး” ဖြစ်သည်။ တကယ်တော့ကိုယ်ကျိုးရှာသမားသာဖြစ်သည်။

ထို့ကြောင့် နိုင်ငံရေးပါတီများ နိုင်ငံရေးလှုပ်လျားသူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်သည်။ ကြောက်
ရွံတုန်လှုပ်သွားအောင် စိတ်ဓါတ်ရေးရာအရသိမ်ငယ်သွားအောင် နည်းပေါင်းစုံဖြင့် ပြုလုပ်ခဲ့
သည်။ ထိုကဲ့သို့ဖိနှိပ်မှုများကို (၁၉၉၀) ရွေးကောက်ပွဲမတိုင်မီ နှင့် ရွေးကောက်ပွဲတွင် ဒီမိုကရေ
စီ ဘက်တော်သားများဘက်က အနိုင်ရခဲ့ပြီးချိန်အထိလည်း ဖိနှိပ်ခဲ့သည်။ ရွေးကောက်ပွဲမတိုင်
ခင်အင်အားချည့်နဲ့သွားစေရန် ရည်ရွယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဗဟိုခေါင်းဆောင်များ တိုင်းခေါင်းဆောင်များ မြို့နယ်ခေါင်းဆောင်များ ရပ်ကျေးခေါင်းဆောင်များ ကိုပါ အဆင့်တိုင်း၌
အကြောင်းရှာ၍ ဖမ်းဆီးနေသောအချိန်လည်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေ
အိမ်အကျယ်ချူပ် ပထမဆုံးအကြိမ်စတင်ဖမ်းခံရသော ကာလလည်းဖြစ်သည်။

ထောင်အပြင်ဖက်က နိုင်ငံရေးလှုပ်ရှားသူများ ဘက်က အားကောင်းလာလျှင် လှုပ်ရှားမှုများ
လာလျှင် အကျဉ်းထောင်အတွင်း အနည်းငယ်သက်သာချောင်ချိမှုရလာသည် နိုင်ငံရေး ပုဒ်မ
သမားများကို သိပ်မဖိနှိပ်တော့ အားနည်းနေသောအချိန်တွင်တော့ နိုင်ငံရေးသမားများကိုဖိနှိပ်
မှုက ပိုများလာသည်။ နိုင်ငံရေးလှုပ်ရှားမှု အားကောင်းခြင်းနှင့် ထောင်တွင်းဖိနှိပ်မှုလျှော့ကျ
ခြင်းတို့သည် တိုက်ရိုက်ပတ်သက်နေသည်။

ထိုကာလများအတွင်း အကျဉ်းထောင်များအတွင်း အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခံရသူများ
များသည်။ ထိုသို့သောအခြေအနေတွင် ဖိနှိပ်မှုရက်စက်မှုများ ထောင်တွင်းပိုမိုလာသည် တင်း
ကြပ်မှုတွေ များပြားလာခဲ့သည်။ ထိုအချိန်များအတွင်း သီးခြားတိုက်ထဲမှ ပြစ်ဒါဏ်တိုက်ပိတ်
များ လွတ်သွားသည်။ ယခင်ပြစ်ဒါဏ်တိုက်ကို အပူတပြင်းပြန်ပြင်သည်။ ကျနော်တို့နှင့်ရောမ
ထားတော့ ထိုရက်ပိုင်းအတွင်း ပြစ်ဒါဏ်တိုက်ပြင်ဆင်မပြီးသေးသောအချိန်တွင်သာ ခဏထား
ခြင်းဖြစ်သည်။

တနေ့ကျနော် ထမင်းစားအပြီးအခန်းထဲမှာ ၀င်အိပ်နေစဉ် အော်ဟစ်ဆဲဆိုသံများ ကြိမ်လုံးဖြင့်
ရိုက်သံများကြောင့်လန့်နိုးလာသည်။ ထောင်ဝန်ထမ်း လေးငါးယောက် နောက်ဝင်းမောင် လူတ
ယောက်က ဆောင့်ကြောင့်ထိုင် လက်ကိုအပေါ်တင်ထား၍ ဖားခုန် ခုန်လာရသည်။ ထိုသူက
တေက်လျှောက်ခုန်လာရသည် ထိုသို့ခုန်နေရင်းက နောက်ကကျောသို့ ကြိမ်လုံးဖြင့် အသား
ကုန်လွဲရိုက်ခြင်းကိုလည်းခံရသည်။ ထိုသူသည်အနည်းငယ်ဝသော အသက်သုံးဆယ်ကျော်အ
ရွယ်ဖြစ်သည်။ သူမျက်နှာမှာ ချွေးသီးချွေးပေါက်ကျနေသည်။ ထို့သို့ရှေ့သို့ ဆက်မခုန်နိုင်ပါက
ပိုပြီးရိုက်သည်။ သူ့ခြေထောက်တွင်လည်း ခြေကျင်းနှစ်ခုအလည်ကို သံချောင်းခံထားသော
လမ်းသွားရင် ဘဲသွားသွားနေရသည့် ဒေါက် ကိုထည့်ထားသေးသည်။ ထိုဒေါက်ကြောင့်ဖားခုန်
ခုန်ရတာ မလွယ်ထိုသူမှာ ဘာကြောင့်ထိုကဲ့သို့ အရိုက်ခံနေရသည် ကိုတော့ကျနော်မသိ ၀င်
ရောက်မေးမြန်းပါက အမှုတွဲသွားမည်။ မေးသူပါထပ်အရိုက်ခံရမည် “မင်းအကြောင်း ဘာပါလဲ
မင်းအမေလင်မို့လို့လား ငါ -ိုး မသား မအေxxxxxx နှမ” ဆဲဆို၍ အရိုက်ခံရမည်။

ထောင်တွင်းသွေးခွဲ အုပ်ချူပ်နည်းများစွာထဲက တနည်းဖြစ်သည် “ကိုယ့်အကြောင်းကိုယ်ပြော
သူများအကြောင်း ဘာမှပြောနဲ့ ဒါထောင်” ဆိုသည်မှာ အကျဉ်းထောင် လက်သုံးစကား ဖြစ်
သည်။ ထိုသို့ ထိုအကျဉ်းသားကို ကြိမ်ဖြင့် တောက်လျှောက်နောက်ကနေ ရိုက်လာသူမှာ ကျ
နော့်သူငယ်ချင်း ၀င်းမောင် ဖြစ်သည်။ ဘာလို့ အဲ့လို လူမဆန်စွာ ရိုက်ရသနည်း တရိစ္ဆာန်တ
ကောင်ပေါ်မှာတောင် တော်ရုံလူက ထိုကဲ့သို့မရက်စက် ထောင်ဝန်ထမ်းများကလည်း ၀င်ရိုက်
ဝင်ဆဲကြသေးသည်။ ထိုသူကို အခန်းနံပါတ်(၁၁)အခန်းတွင် ပိတ်ထားလိုက်သည်။ သူမလာ
ခင်ကတည်းက နှီးကျောဖျာ တချပ် မိလ္လာသုံးဂံဖလားတအိုး လာထည့်ထားပြီးပြီ။ ကျနော်တို့
သီးခြားတိုက်ထဲမှာ တိုက်ပိတ်ပြစ်ဒါဏ်ကျ ထိုလူသစ် ကျနော်နှင့် အပက(၃) အမှု (၃၉)မှု
ဖြင့် တိုက်ထဲလာထားသော ညွန်းမှုးအပ်ထည် (တနည်းညွန်းမှုးကို လဒ်ပေး၍ လာထားသောအ
ချူပ်အကျဉ်းသား) နှစ်ဦးသာရှိသည်။ ကျနော် ၀င်းမောင်ကို မေးချင်နေသည်။ ဘာဖြစ်တာ
လဲ ဘာဖြစ်လို့လဲ။

ညနေထမင်းပုံး လာထိုးအပြီး ထိုထမင်းပုံးမှာ တိုင်ကီပေပါကို တ၀က်ဖြတ်၍ လက်ကိုင်ကွင်း
ကြီးတပ်ထားသည်။ ထိုလက်ကိုင်ကွင်းထဲသို့ ၀ါးပိုးဝါး လှိုထည့်၍ ရှေ့နောက်အကျဉ်းသားနှစ်
ယောက်ကထမ်းရသည်။ မနက်ပိုင်း ပဲဟင်းတပုံး ထမင်းတပုံး ငါးပိတပုဂံဖြင့် ကျနော်တို့ကိုလာ
ပေးသည်။ ကျနော်တို့က ထောင်းတွင်းသုံး ပလပ်စတစ်ဇလုံဖြင့် ထမင်း ပဲဟင်း ငပိတို့ကိုသူတို့
ကော်ပေးသော ခပ်ထည့်ပေးသော ထမင်းကို လက်ခံယူရသည် ပဲဟင်းသည်လည်း ထိုကဲ့သို့
ခွက်ရှိပါက ခွက်ဖြင့်သီးခြားခံရသည် သီးခြား ခွက်မရှိပါက ထမင်းနှင့်ရောပြီးထည့်ယူရသည်။
ကိုယ့်စိတ်ကြိုက်တောင်းယူလို့မရ သို့သော်ထမင်းလာပို့သော ထမင်းရုံတန်းစီး နှင့်ပိုင်လျှင်
တော့လိုသလောက် သူပေးသလောက်ရသည်။ သူကလည်းသူ့အတွက် တောင်းယူတတ်သည်
မနက်တခါ ညနေတခါ တိုက်ထဲသို့လာပေးသည်။ ထမင်းက လောက်သလောက်ယူနိုင်ပြီး ပဲ
ဟင်းကတော့ နို့ဆီဘူးတဗူးရသည်။ ထောင်စစ်ဆေးမှု အရာရှိကြီးများလာသောအခါ နည်း
နည်းပိုကောင်းချင်ယောင်ဆောင်ပြီး ကျန်သောအချိန်များမှာ အရည်ကျဲသည်။

ထိုညနေထမင်းပုံး လာထိုးအပြီး ၀င်းမောင် ကျနော့်အခန်းသို့ ရောက်လာသည် သူပုံစံအတိုင်း
စကားတော့မပြော ကျနော်က ဘာဖြစ်တာလဲ ဘာပြစ်မှုနဲ့ အဲ့လိုရိုက်ပြီးတိုက်ပိတ်တာလည်းဆို
တာကိုမေးဖြစ်သည် သူကတော့တိုတိုပါပဲ “ဆေးလိပ်သောက်လို့တဲ့” “တို့လည်းသောက်တယ်
လေကွာ အဲ့လောက်အရိုက်ခံရတာပဲလား” လို့ကျနော်ပြောတော့ “ ဒီကောင်က ရပ်ကွက်လူ
ကြီး ထောင်ကျတော့ ထောင်မှုးလိုင်းသမား မိန်းဂျေးအဆောင်က စည်းကမ်းထိမ်းသိမ်းရေး ဒီ
ကောင်ဗိုလ်ကျနေတာကြာပီ အခြင်းခြင်းအထာမထားဘူး ထောက်ကျတွေလည်း စွတ်ရိုက်နဲ့
ငါဒီကောင့်ကိုကြည့်မရတာကြာပီ ခုငါ့အလှည့် ဒီတိုက်ကငါတန်းစီးလေ အဆောင်မှုးလေငါလုပ်
ချင်တာ လုပ်တယ်ကွာ” တဲ့ ဆေးလိပ်ကို ထောင်ဝန်ထမ်း ထောင်ဝါဒါတွေက သွင်းပေးတာပါ။

ဆေးလိပ်တင်မကပါဘူး အခြားမူယစ်ဆေးဝါး ဆေးခြောက် ဘိန်း ဘိန်းဖြူ အကုန်ရပါတယ်။
အရက်လည်း ရပါတယ် လူကြည့်ဝယ်ပေးတယ်ပေါ့ သိုသိုသိပ်သိပ်သောက်တတ်တယ် ပြဿ
နာမဖြစ်ဘူးဆို ၀ယ်ပေးပါတယ် ဈေးကတော့ကြီးပါတယ်။ မူးယစ်ဆေးဝါးကတော့ အနံ့မထွက်
တော့ ပိုသုံးကြပါတယ်။ ထောင်ထဲမှာ အုပ်ချူပ်သူတွေနဲ့အဆင်ပြေရင် ဘိန်းဖြူထိုးသော်လည်း
ပြဿနာမဖြစ် ဖြစ်ချင်ရင် ဆေးလိပ်သောက်တာနဲ့တင် အပြစ်က ကြီးသည်။ တခါတလေပြစ်မှု
တခုကို နှစ်ယောက်အတူကျူးလွန်သော်လည်း တယောက်ကိုပဲအရေးယူသည်။ တယောက်ကို
အရေးမယူ ဗြောင်လွှတ်သည်လည်းရှိသည်။ ပစ္စည်းကို သွင်းပေးတာက ထောင်ဝန်ထမ်း ပြ
ဿနာရှင်းရရင်တော့ ကိုယ့်ဘာသာရှင်းပေတော့။

နောက် ဇူလိုင်နောက်ဆုံးပတ်မှာတော့ ကျနော့်ကို အပြင်အချူပ်ဆောင်သို့ ပြောင်းထားပါသည်
ညနေတန်းပိတ်ခါနီး ၀န်ထမ်းတယောက်လာခေါ်ပါသည်“ မင်းပစ္စည်းတွေသိမ်းထား အဆောင်
ပြောရမယ်” ဟုလာပြောသွားပါသည်။ ထိုအချိန်တုန်းက ပုသိမ်ထောင်တွင် ပုသိမ်မြို့ခံလူများ
အရေးအခင်းတွင်းတက်ကြွစွာလှုပ်လျားသူများကို တိုင်းမှုးအမိန့်ဖြင့် ပုဒ်မ ၁၀(က) တပ်၍ အ
ဆောင်တခုတွင် ထိမ်းသိမ်းထားသည် ကျနော့်အထင် ထိုအဆောင်သို့ပြောင်းရွေ့ထားလိမ့်မည်
ဟုထင်သည်။ ထိုသို့ကိုယ်နှင့်ဝါသနာတူ ဘ၀တူသူများနှင့်အတူနေရရင် စိတ်ကျဉ်းကြပ်မှုတစုံ
တရာတော့သက်သာမည် ဟုထင်နေသည်။ သို့သော်ကျနော်ထင်ထားသလို မဟုတ် ကျနော်
ကို ရိုးရိုးရာဇ၀တ်အကျဉ်းသားများ ချူပ်ထားသည် အချူပ်ပုံစံခန်းသို့ ပြောင်းလိုက်ခြင်းသာဖြစ်
သည်။

ထိုအချူပ်ပုံစံခန်းမှာ အကျဉ်းထောင်အတွင်းသို့ ရဲစခန်းအချူပ်မှ ပြောင်းရွေ့ချူပ်နှောင်ထားခြင်း
ခံရသူများ အကျဉ်းထောင်သို့အရောက် အကျဉ်းထောင်စည်းကမ်းများ သင်ပေးပုံစံချသောအ
ခန်းဖြစ်သည် တနည်း ဦးချိုးသော နှိပ်ကွပ်သောအခန်းဖြစ်သည်။ ကျနော်ထိုအခန်းသို့ရောက်
သောအခါ ထုံးစံအတိုင်း အချူပ်သစ်များကိုထားသော အခန်းခြေရင်း မိလ္လာအိုးနှင့်နီးသောနေ
ရာတွင် နေရာချထားပေးသည်။ ဘာပဲဖြစ်ဖြစ် တယောက်ထဲနေရခြင်းထက် လူအများနှင့်နေရ
ခြင်းက ပိုကောင်းသည်ဟု ကျနော်မြင်သည်။ ကျနော်လူအများကြားတွင်ရှိနေခြင်းဖြင့် ကျနော်
ယုံကြည်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးကို တနည်းနည်းဖြင့်လုပ်ခွင့်သာသေးသည်ဟု ကျ
နော်သဘောထားသည်။

ကျနော်ထိုအခန်းကို ရောက်ရှိပြီးမကြမီ ၀င်းမောင်အပါအ၀င် ကျနော်နှင့်အခန်းခြင်းဘေးခြင်း
ကပ်ပြစ်ဒါဏ်တိုက်ပိုတ်ခံရသော ကျနော်ဆေးလိပ်မျှဝေသောက်ခဲ့သော ရေပတ်တိုက်နိုင်ရန်
ကူညီပေးခဲ့သော ဟင်းဝေမျှစားခဲ့သော နှစ်ကြီးသမား ထောင်ကျများဖြစ်သည့် ကိုဇော်နိုင်
ခင်စိန်တို့ရောက်လာသည်။ ခင်စိန်ကဖေါက်ထွင်း မှု အများကြီး ထောင်ခဏခဏ လည်းကျ
ဖူးသူ ထောင်ထဲဝင်လိုက်ထွက်လိုက် ခုနောက်ဆုံး ဖေါက်ထွင်းမှု(၇)မှုဖြင့်ရုံးထွက်နေရသူ။

ကျနော့်သတင်းကြား၍ လာတွေ့ကြခြင်းပါ။ ကိုဇော်နိုင်နှင့်ကျနော်က သီးခြားတိုက်ထဲမှာထဲ
က ပို၍ခင်မင်သည် ကိုဇော်နိုင်ထောင်မည်မျှကျသည် ဘာမှု့ဖြစ်သည်ကိုမျှ မသိပဲကျနော်က
တတ်နိုင်သလောက်ကူညီပေးခဲ့၍ ဇော်နိုင်ကကျနော့်ကိုခင်သွားတာလည်းဖြစ်နိုင်သည်။အ
ဆောင်ထဲစ၀င်လာထဲက ကျနော့်နာမည်အော်၍ ၀င်လာသည်။ လက်ထဲတွင်လည်း ကြိမ်လုံး
များနှင့်တန်းစီးကအစ ထပြီးမေးသည်။

ကျနော်တို့ အချူပ်ပုံစံခန်းတန်းစီးက ကိုတင်သောင်းတသက်တကျွန်းကျနှစ်ကြီးသမားယောက်
ခမများကိုသတ်၍ ထောင်တသက်တကျွန်းကျလာသူ ထောင်တွင်းနေသည့်နှစ်(၁၀)နှစ်နီးပါး
တသက်တကျွန်းမှ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် (၁၀)နှစ်ပြစ်ဒါဏ်ပြောင်းလဲသတ်မှတ်
ခံစားခွင့်ရသည်မှာ မကြာသေး ထောင်အပြင်ဘက် လက်သမားဘုတ်တွင် ဘုတ်ကိုင် လက်သ
မားလုပ်ငန်းကျွမ်းကျင်သော လက်သမားဆရာတဦး။

ကိုတင်သောင်းနှင့် ကိုဇော်နိုင် ၀င်းမောင် တို့က ဘ၀တူနှစ်ရှည်အကျဉ်းသမားတွေ တယောက်
နှင့်တယောက်အလွန် ချစ်ခင်သူတွေ ငတ်အတူ ဆင်းရဲအတူ ပြောမနာဆိုမနာသူငယ်ချင်းတွေ
တယောက်ထိတယောက်မခံသူတွေ ဇော်နိုင်က ပုသိမ်သားပန်းတင်ကုန်းသား နာမည်ကြီးလူ
မိုက် အကင်းပါးသူ လက်မြန်ခြေမြန်သူ သတ်ခြင်းဖြတ်ခြင်းမှာ လက်ယဉ်သူ နာမည်ကြီး ပုသိမ်
မှာပန်းတင်ကုန်းလူမိုက် ဇော်နိုင်ဆို ကြောက်ရသည် သူတမင်တကာ အနိုင်ကျင့်တာလည်းမ
တွေ့ သို့သော်သူက အခြေခံပညာအားနည်းသည် သူမှာထွေထွေထူးထူးစဉ်းစားတာမရှိ သူက
တမျိုး သီချင်းဆိုကောင်းသည် သီချင်းတွေတော်တော်များများရသည် သီချင်းလေးတအေး
အေး နှင့်လည်းနေတတ်သည်။

သူ့ကို ၀င်းမောင်က သူကျိုးလို့ခေါ်သည် ကိုဇော်နိုင်ထောင်ကျခံနီး ရန်ဖြစ်ရင်းသူများအုတ်ခဲ့နှင့်
ထု၍ရှေ့သွားများမရှိတော့ ထို့ကြောင့် ၀င်းမောင်က သူကျိုးလို့ခေါ်သည် ကိုဇော်နိုင်က ၀င်းမောင်
ကို အရူးလို့ခေါ်သည် ၀င်းမောင်က စကားနည်းသည် သူလုပ်ချင်ရာလုပ်သည် ထို့ကြောင့် အရူး
လို့ချစ်စနိုးခေါ်ခြင်းဖြစ်သည်။ ၀င်းမောင်ရော ကိုဇော်နိုင်ကိုပါ ဘယ်သူမှ ထိုသို့မခေါ်ရဲ ထောင်ဝန်
ထမ်း အသစ်လေးများသည်ပင်လျှင် မခေါ်ရဲ။

ထိုသို့သော သူများက နာမည်တခုအော်၍ လိုက်ရှာတော့ တန်းစီးများက တခုခုလို့ထင်သည
သူ တို့က ကျနော်အပြင်ဆောင်ရောက်ပြီ သတင်းကြား၍ လိုက်ရှာခြင်းဖြစ်သည်။ ကျနော့်ကို
တွေ့တော့ တန်းစီးကိုတင်သောင်း ဒုတန်းစီး မော်စီတုန်းတို့ကိုအပ်သည်။ သူတို့နှစ်ယောက်
အပ်ပုံအပ်နည်းကလည်းရှင်းသည်။ သူတို့ကျနော့်ပစ္စည်းတွေသယ်လာ၍ တန်းစီးနှစ်ယောက်
ဘေးမှာ နေရာယူခိုင်းသည်။ ဒါပါပဲ။ ကျနော်က ထိုခေါင်းရင်းနေရာမှာ မနေတတ်မလွတ်လပ်
သလိုလိုခံစားရသည်။ နောက်ထိုနေရာသို့ နေချင်သူတွေက ခပ်များများ ကျနော်ရောက်
ရောက်ခြင်းမို့ဘာမှပြောမနေတော့။ ကျနော်လည်း အခန်းထဲမှာ သိသူတယောက်မှ မရှိသေး။

နောက်တော့ ကိုဇော်နိုင်ကကျနော့်ကို ပြောသည်။ ခင်ဗျားကို မနက်ဖန် အချူပ်သစ်တွေနဲ့အတူ
အလုပ်ခိုင်းရင်ခိုင်းလိမ့်မယ် တပါတ်လောက်တော့လုပ်လိုက် နောက်ကျနော်တို့လာခေါ်မယ်။
ထိုအချိန်က မီးရှို့ခံရသော မိန်းဂျေးအဆောင်များကို အသစ်ဝင်လာသော လူသစ်များ ဖြင့်ပြန်၍
ရှင်းလင်းတည်ဆောက်နေရသော အချိန်ဖြစ်သည်။

(ဆက်ပါဦးမည်)

Read more...

Wednesday, November 4, 2009

စစ်အစိုးရအကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ(၂)














စစ်အစိုးရအကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ(၂)

အဲ့ဒီအချိန်တုန်းက ကျနော်ကသူ့ကို သံသယတ၀က်နှင့်ခင်မင်ပြီးသူကတော့ သူပုံစံအတိုင်းသူ
နေခဲ့ခြင်းသာဖြစ်သည်။ ကျနော်တို့တိုက်ထဲတွင်ရှိနေစဉ်မှာပင် အထွေထွေလွတ်ငြိမ်းချမ်းသာ
ခွင့်ကြေငြာသည်။ ည(၈)နာရီသတင်းလာချိန်။ထောင်တထောင်လုံး ဝေး ဝေးနဲ့အော်သံတွေ
ကြားနေရသည် တခုခုတော့ထူးနေပြီလို့ထင်သည်။ ထို့နောက်ကျနော်တို့ ပြစ်ဒါဏ်ကျ တိုက်
ပိတ်ဆောင် သီးခြားတိုက်သို့လည်း တာဝန်ကျတာဝန်မှုးထောင်မှုးနှင့်ထောင်ပိုင်ကြီးကိုယ်တိုင်
လိုက်ပြောသည်။ တိုက်ပိတ်ပြစ်ဒါဏ်ကျနေသူများအားလုံးလည်းပျော်ကြသည်။ထောင်ပိုင်ကြီး
ကဦးဝင်းမြင့် ထောင်ပိုင်ကြီးက ပင်ကိုယ်စိတ်ရင်းကောင်းသူ အားလုံးကိုလွတ်စေချင်သည်။

သူကိုယ်တိုင်လည်းပျော်နေသည်။ကျနော်ကိုတော့ ဦးဝင်းမြင့်ကပြောသည်“ခင်ဗျားတို့ နိုင်ငံ
ရေးအမှုတွေကတော့ အကြုံးဝင်မ၀င်မသိသေးဘူး ရိုးရိုးအမှုတွေကတော့ အချူပ်အကျဉ်းသား
တွေလည်း ကွင်းလုံးကျွတ်ခံစားခွင့်ရှိကြောင်း တထောင်လုံးနီးပါးလွတ်မှာ” ဟုပြောသွားပါ
သည်။

တကယ်က ထောင်တထောင်လုံးမှာရှိသော ကြိုးမိန့်သေဒါဏ်ကျအကျဉ်းသားများ အပါအ၀င်
တထောင်လုံးနီးပါးလွတ်သွားကြသည်။ ထောင်ထဲမှာသေဒါဏ်မှ နှစ်(၂၀)ပြောင်းလဲပြစ်ဒါဏ်ခံ
ကြိုးသမားများအပါအ၀င် အကျဉ်းသားစုစုပေါင်း (၉၂)ယောက်သာကျန်တော့သည်။ ကျနော်
အခန်းဘေးမှ ပြစ်ဒါဏ်ကျတိုက်ပိတ်အကျဉ်းသားအားလုံး တိုက်ပိတ်ပြစ်ဒါဏ်မှလွတ်လိုက်
သည်။သူတို့အားလုံးသည် နှစ်ကြီးသမားများ လူသတ်မှု ဓါးမြမှု လုယှက်မှုများနှင့် နှစ်ကြီးကျ
နေသူများသာဖြစ်သည်။ကျနော်လို လူသစ်များကို စလို၍သာ အမှုသေးများလိုက်ပြောချင်းဖြစ်
သည်။

အမှုကြီးများဖြစ်သော လူသတ်မှု ဓါးမြမှု မုဒိန်းမှုဖြစ်သော အချူပ်သမားများပါ လွတ်သည်။ အ
ချူပ်အကျဉ်းသားအားလုံးလွတ်သည်။ အမှုကြီးများကို တရားလိုဖက်က ပြန်လည်တရားမစွဲပါ
က (၄၅)ရက်ကျော်လျှင် အပြီးလွတ်သည်။ထို့ကြောင့်အမှုကြီး(၂)မှု (၃)မှုဖြစ်လာခဲ့သော်လည်း
အချူပ်အကျဉ်းသားဖြစ်ပါက လွတ်သည်။ကျနော်တို့ နိုင်ငံရေးပုဒ်မနှင့်အချူပ်ခံထားရသူများခံ
စားခွင့်မရပါ။အခြားသောရာဇ၀တ်မှုခင်းများကိုသာရွေးလွတ်ခြင်းဖြစ်သည်။ ထိုလွတ်ငြိမ်းချမ်း
သာခွင့်ကြေငြာသောနေ့သည် ထိုနှစ်(၁၉၈၉)ခု ဇူလိုင်လ အာဇာနည်နေ့ မတိုင်ခင်မှာဖြစ်သည်
ထင်သည်။

ထိုလွတ်ငြိမ်းချမ်းသာခံစားခွင့်အရ ၀င်းမောင် သုံးပုံနှစ်ပုံပြစ်ဒါဏ်လျှော့သွားသည်။သို့သော်သူ့
ထုံးစံအတိုင်းဝမ်းသာပုံမပြ။ သူ့ရဲဘက်ပြေးအမှုနှင့်ပေါင်းလျှင် စုစုပေါင်း(၃၆)နှစ် သူခံစားခွင့်အ
ရ(၁၂)နှစ်သာကျန်တော့သည်။ ထောင်ထဲတွင်(၆)နှစ်ခန့်နေထိုင်ပြီးပြီ သူထပ်နေရရင်အလွန်
ဆုံး(၆)နှစ်သာ သူကိုကြည့်ရသည်မှာ ၀မ်းသာပုံလည်းမပြ။ ကျနော်ကတော့ထောင်ထဲမှာ တ
ရက်မှမနေချင်သူ သူကျနော့်ကို တခုပြောသည် “သူပုန်ငါအခြေအနေပေးရင် ပြေးဦးမယ် ငါ
သတ်ရမဲ့ကောင်ရှိသေးတယ် ငါပြေးရင်မင်းလိုက်မလား” ဟုမေးသည်။ သူဘယ်လိုပြေးမည်
ဘယ်လိုစီစဉ်ထားသည်ကိုတော့ မပြော နောက်ထောင်ကလွတ်ရင်ထပ်သတ်ဦးမည့်သူသည်
ဘယ်သူဖြစ်၍ သူဘယ်လိုနာကျည်းခဲ့ရသည်လည်းမပြော ကျနော်မေးလည်းငြိမ်နေသည် မ
ပြော။

ထောင်ထဲတွင် ထောင်ဖေါက်ပြေးရန်ကြံစဉ်မှုသည် ထောင်တွင်းတွင် မကျေနပ်၍ လူထပ်သတ်
သည့်အမှုထက်အပြစ်ကြီးသည်။ ထောင်ဖေါက်ပြေးဖို့ရန်မှာ လုံးဝမလွယ်ကူ သေချာကျနစွာစီ
စဉ်စောင့်ကြပ်ထားသည်။ ထိုအကြံအစီကို ကျနော့်ကိုဖွင့်ပြောပြခြင်းမှာ အလွန်ယုံကြည်၍ဖြစ်
သည်။ ကျနော်က ချွန်တွန်းလုပ်လျှင် သူနှစ်နှင့်ချီ၍ တိုက်ပိတ်ပြစ်ဒါဏ်ခံသွားရနိုင်သည်။ သေ
ကောင်းပေါင်းလဲသူ အရိုက်ခံသွားရနိုင်သည် ထိုသို့သူပြောသည့်အချိန်တုန်းကတော့ကျနော်အ
နေနှင့်သာမာန်ဟုသာသဘောထားသည်။ထောင်အကြောင်းနှောကြေနေသော သူတယောက်
အတွက် အလွန်အန္တရာယ်ကြီးသောဖွင့်ဟမှုဖြစ်ကြောင်း နောက်တချိန်သူထောင်ဖေါက်ပြေး
သောအခါမှသိရသည်။

ထိုရက်များအတွင်းလွတ်ရန်စောင့်စားနေသော မိသားစုနှင့်ပြန်လည်ဆုံတွေ့ရန်စောင့်နေသော
အကျဉ်းသားများကို ကြည့်၍ပျော်လာသည်။ကိုယ့်အမှုက ထောင်ဒါဏ်(၂)နှစ်သို့မဟုတ်(၃)နှစ်
ကျမည် (၂)နှစ်ဖြစ်ဖို့ ရဲသတင်းတပ်ဖွဲ့နှင့် ဆက်သွယ်ထားသောရှေ့နေကို ငှါးခိုင်းသည်။ ၀န်ခံ
သည်ဖြစ်စေ ၀န်မခံသည်ဖြစ်စေ ထောင်တော့ကျမည်။ သေချာပြောပြပြီးသား။ ကျနော်ကမငှါး
မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ဦးသန်းညွန့်(မုံရွာ)(ကွယ်လွန်)က ကျနော်မိတ်ဆွေများ အကူ
အညီဖြင့် အခမဲ့လိုက်လံကူညီပေးသည်။ ဦးသန်းညွန့်သည် ထိုအချိန်က လူဘောင်သစ်ဒီမိုက
ရက်တစ်ပါတီဝင်တဦးလည်းဖြစ်သည်။ အမှုထွက်ချက်များကို အသေအချာမှတ်တမ်းပြုထားလို
သည် ထို့ကြောင့်ကျနော်ထောင်ကျသည်ဖြစ်စေ မတရားချမှတ်သည်ကို ပေါ်လွင်ရန်သူကျနော့်
အမှုကို အခမဲ့လိုက်ပေးခဲ့ခြင်းဖြစ်သည်။ ကျနော်ကတော့ ထောင်ကျမှာသေချာသည်အတွက်
ရှေ့နေပဲရှိရှိမရှိရှိ ကိစ္စမရှိ မြန်မာနိုင်ငံတွင်ဥပဒေဆိုတာအယောင်ပြလူကြားကောင်းအောင်လေ
သံကောင်းလွှင့်သည်ဟုသဘောထားသည်။ ရဲသတင်းတပ်ဖွဲ့၏ အမြီးစားဖက် ခေါင်းစားဖက်
ရှေ့နေကိုတော့ မငှါးလို။

ကျနော့်အတွက်ကျမည့်ပြစ်ဒါဏ်သည် ကျနော့်အတွက်မများလို့ ကျနော်ထင်သည်။ ကျနော်
ဝမ်းသာစွာလက်ခံသည် ကျနော်ရဲဘော်များလွတ်နေသေး၍ဖြစ်သည်။ ကျနော့်ထွက်ချက်များ
တွင်ရှောင်၍ထွက်နိုင်ခဲ့သည် သို့သော် စစ်ထောက်လှမ်းရေးမှ မကျေနပ် ကျနော့်ထံမှရလိုသေး
သည် ကျနော်ဖွင့်ပြောမှသိနိုင်သော သက်သေအထောက်အထားမရှိသော အခြေအနေအရ
ကျနော်ကျ နိုင်သည့်ပြစ်ဒါဏ်သည် နည်းနေသေးသည်။ထောင်သို့ရောက်ပြီး (၂)ပတ်အကြာ
တွင် ပထမဦးဆုံးရုံးထွက်ရသည်။ ကျနော့်ကိုအခြားသူများနှင့်ဆက်သွယ်ခွင့်မပေးသေး။ ဖမ်း
ထားပြီးစောင့်ကြည့်နေဆဲ တရားရုံးထွက်ခါနီး ရဲသတင်းတပ်ဖွဲ့မှ ဂျစ်ကားဖြင့်လာခေါ်သည်။

မိသားစုနှင့်တွေ့ခွင့်ပေးသည်။ ကျနော်မိဘများ ကျနော့်အဒေါ် လိုက်လာ၍တွေ့သည်။ စကား
ပြောလျှင် အနားမှာ ဘာစကားပြောသည်ကို သေချာစွာစောင့်နားထောင်သည်။ လုံးဝအလစ်မ
ပေး ကျနော်ကလည်း မလွတ်ကင်းတာဘာမှမပြော တခုခု မလွတ်ကင်းတာပါသည်ထင်လျှင်
ချက်ခြင်းဝင်ကန့်ကွက်သည် မမေးရ မပြောရ။ မိသားစုပင်လျှင် မှတ်ပုံတင်နံပါတ်ပေးထားရ
သည်။ သေချာစွာစိစစ်သည်။ ကျနော့်မှာလည်း မိသားစုကိုပြောစရာ နိုင်ငံရေးအကြောင်းမရှိ
သူတို့က ကျနော်နိုင်ငံရေးလုပ်နေတာထက် စီးပွားရေးကြီးပွားရေး သမီးရည်းစားရေးကို လုပ်
စေချင်သူများဖြစ်သည်။ ကျနော့်ကိုပြောမရ၍ သာလုပ်ချင်ရာလုပ်ခွင့်ပေးထားရခြင်းဖြစ်သည်။

ထိုအချိန်က ကျနော်နှင့်ပတ်သက်နေသော ကျနော့်ကောင်မလေး မသောင်းညွန့်ကို အမြန်
လက်ထပ်ပြီး စီးပွားရေးအလုပ်တခုခုလုပ်စေချင်သည်။ ကျနော်က မသောင်းညွန့်ကို အရေးအ
ခင်းမတိုင်ခင်ကာလများက စွဲစွဲလန်းလန်းရှိခဲ့သော်လည်း ရှစ်လေးလုံးအရေးတော်ပုံစခဲ့ချိန်မှစ
၍ ဂရုမစိုက်နိုင် ထိုအချိန်ကသူ့အိမ်မှ ယောက်ကျားပေးစားရန်စီစဉ်နေချိန် သူကကျနော်နှင့်
လက်ထပ်လိုသည်။ ကျနော့်ကိုပြောသည် ကျနော်ပါဝင်ဆောင်ရွက်နေသော လူဘောင်သစ်ဒီမို
ကရက်တစ်ပါတီမှာ လစာပေးလားဟုမေးသည် ကျနော်အကျယ်ကြီးရယ်မိသည်။ လူတွေ
တောင်ဘယ်တော့အဖမ်းခံရမည် အသတ်ခံရမည်မသိ လုပ်သင့်လုပ်ထိုက်သောအလုပ်ဟုယုံ
ကြည်သောကြောင့်သာဝင်လုပ်နေခြင်းဖြစ်သည်။ ပိုက်ဆံရဖို့နေနေသာသာ လူအသက်ရှင်နေ
သေးလျှင်မရှုံး။

သူကတော့မသိ ကျနော်ဘာလုပ်နေသည်ဟုသူနားမလည် ကျနော့်ထက်လည်းငယ်ပါသည်။သူ
ကတကယ့်ကလေးငယ်တဦးလို ကျနော်ကအိမ်ထောင်ကျ၍မဖြစ် လိုအပ်လျှင်လုပ်စရာများက
ရှိနေသေးသည်။ အိမ်ထောင်တဖက်နှင့်ဆိုလျှင် သူ့ကိုဒုက္ခပေးရာရောက်မည်။ ထို့ကြောင့်သူ့ကို
သနားပေမဲ့ ကံမကုန်လျှင်ပြန်ဆုံမည်ဟုသာသဘောထားနိုင်သည်။ သူနှင့်ကျနော်နောက်ဆုံး
တွေ့ဖြစ်သည့်နေက သူ့ဘုရားကျောင်းလေးရှေ့မှာ ကျနော်အဖမ်းမခံရမှီ(၄)ရက်အလို (၁၀.၄.
၈၉)ခုနှစ် သူက၀ထ္ထုတွေထဲကလို မျက်ရည်ဝိုင်းနေသောမျက်လုံးများနှင့်မကြိုကျနော့်ကို နားမ
လည် နိုင်ပေမဲ့ သူစိတ်မဆိုး မျှော်လင့်သည်။ ထိုဘုရားကျောင်းလေးမှာ အလုံမြို့နယ်အတွင်း
မှာရှိသည့် ဘုရားကျောင်းလေး သခင်မြပန်းခြံနှင့် နီးသည်။ ကျနော့်ဘ၀ကလည်း မရေရာ ကျ
နော်သူနှင့်တွေ့ပြီး ကျနော့်မြို့လေးသို့အပြန်မှာ အဖမ်းခံရခြင်းဖြစ်သည်။ ထိုနေ့က သင်္ကြန်အ
ကြပ်နေ့ည (၁၄.၄.၈၉)ခုနှစ်။

ထိုအချိန်ထဲကကျနော်နှင့် မသောင်းညွန့်ပြန်မဆုံတော့ ကျနော်ထောင်ထဲရောက်ပြီး(၂)နှစ်ခန့်
မှာ ကျနော်အိမ်သို့စာတစောင်လာသည်။ ကျနော်အဖမ်းခံရသည်ကို သိကြောင်း ဘာလို့အဖမ်း
ခံရသည်ကိုမသိကြောင်း ခုသူ့အိမ်ကသဘောတူသည့်သူနှင့်သူလက်ထပ်တော့မည့်အကြောင်း
ရေးထားသည့်စာဖြစ်သည်။ ကျနော်စိတ်မကောင်းမှာစိုး၍အမေက သိမ်းထားသည် ကျနော်
ထောင်ကလွတ်လာမှဖတ်ရသည်။ သူ့လက်ရေး သူ့စာစစ်စစ်သူ့အိမ်က သဘောတူသည့်သူမှာ
လည်း ၀ထ္ထုများထဲကလို သူဌေးသား ဘာညာမဟုတ်ပါ သူတို့နှင့် ဘာသာတူသော်ရုံးဝန်ထမ်း
လေးပါ သို့သော်သူဘ၀တခုတည်ဖြစ်သွားပြီ။ အဲ့ဒီနေ့ကတော့ ကျနော်မရယ်ချင်ပဲနှင့် စာဖတ်
ပြီးရယ်နေမိသည်။ အမေကသိသည် လိုက်မရယ် ကျနော့်ကိုကြည့်နေခဲ့သည်။ တကယ်တော့
အဆီအငြော်မတည့်သည့် ကျနော့်ကိုကျနော်ရယ်မိခြင်းရယ်ပါ။ ကျနော်သူရှိနိုင်ရာနေရာသို့
သွားသေးသည် သူ့ကိုမတွေ့။

စစ်ထောက်လှမ်းရေး စစ်ကြောရေးစခန်းရောက်တော့ ကျနော့်ကို သူနှင့်ဘုရားကျောင်းလေး
ရှေ့မှာတွေ့ဆုံခဲ့သည့်အကြောင်းပြော၍ သူတို့အကုန်သိထားပါတယ်ဆိုသည့် သဘောနှင့်အစ်
သေးသည်။ ဆက်သွယ်ရေးယန္တယား အာဏာငွေကြေးလုပ်ပိုင်ခွင့်ရှိသူများအဖို့ ကျနော်သိ
အောင် ကျနော်မသိအောင်ကျနော့်အကြောင်းလိုက်ရန် ခဲယဉ်းခက်ခဲသောအလုပ် မဟုတ်၍
ကျနော်မအံ့သြ။ ကျနော်တို့လူငယ်တရပ်လုံးက ထိုအချိန်စစ်ချီသီချင်းဖြစ်သော “မခင်တွယ်မ
ကြင်တယ်ချစ်သူစွန့်လို့ရယ် တိုက်ပွဲကိုပင်တွေ့အောင်ရှာတော့မယ်” စိတ်များဝင်နေချိန်ချစ်သူ
နှင့်ချော့သော်မပျော့ကြ တပြည်လုံးတိုက်ပွဲအရှိန်ကမြင့်နေသည်။ လူငယ်များ၏စိတ်ထဲတွင်
“ပြည်သူတွေအတွက် အလုပ်လုပ်ကြ ပြည်သူတွေအတွက်တိုက်ပွဲဝင်ကြ” စိတ်ဓါတ်များပြည့်
လျှံနေသည်။ ပြန်တွေးကြည့်တော့လည်း ထိုလူငယ်ဘ၀လေးကို လွမ်းပါသည်။

ထိုနေ့တရားရုံးမှအပြန် အနွေးထည် အကျီအပို စောင် အကုန်ထပ်ရသည်။ ကျနော့်ကိုဖမ်းသွား
ပြီးနောက် ပထမဦးဆုံး အစားအသောက် အ၀တ်အစားများရရှိခြင်း ဖြစ်သည်။ ရုံးအပြန်ကို
လည်း ရဲသတင်းတပ်ဖွဲ့မှ လိုက်ပို့ပေးသည်။ ကျနော်ရုံးကပြန်အ၀င် ၀င်းမောင်ထောင်ဗူးဝကြီး
မှာလာစောင့်သည်။ ကျနော်ရုံးသွားခါနီး “မင်းလိုချင်တာ စားချင်တာကိုပြောကွာ ငါဝယ်လာခဲ့
မယ်”လို့မေးသည့်အခါ သူဘာမှမပြော ငြိမ်ပဲနေသည်။ ကျနော်က“ မင်းအားမနာနဲ့ကွာ ငါ့အိမ်
က ဒီနေ့လာဖို့များတယ် ငါ ရဲကိုမှာထားခဲ့တယ်အိမ်ကိုအကြောင်းကြားပေးဖို့ ငါ့အိမ်ကလာရင်
ငါလိုတာကို ၀ယ်ခိုင်းလို့ရတယ် မင်းဘာလိုမလဲ” မေးတော့လည်းဘာမှမပြော ပြုံး၍ပဲနေသည်။
အတော်ကြီးကြာမှ “ငါခေါက်ဆွဲကြော်စားချင်တယ်ကွာ မင်းအဆင်ပြေရင်ဝယ်လာခဲ့” တဲ့။ ထို
နေ့က ၀င်းမောင်မှာလိုက်သော ခေါက်ဆွဲကြော်ကို ကျနော်သေသေချာချာ အိမ်ကိုဝယ်ခိုင်းပြီး
ထုတ်ယူလာခဲ့သည်။

ကျနော်က အပြင်မှာအခြားစာချင်ရာများမှာစားလာခဲ့ပြီး သူ့အတွက် ကြက်သားနှင့်ကျော်ထား
သောခေါက်ဆွဲကြော်တထုပ် ကျနော်ဝယ်လာခဲ့သည်။ ကျနော်ရှာဖွေရေးအလုပ်ခံရသော်လည်း
များများမလုပ် ၀င်းမောင်နှင့်အတူ ပြန်လာခဲ့သည်။ သူက ကျနော်ဘေးမှကျနော်တို့ သီးခြား
တိုက်ထိပ်(၄)တံကားသို့အရောက် ကျနော့်ကိုရှာဖွေရေးထပ်လုပ်သည်။ ကျနော်ဆီမှာက စားစ
ရာ အခြောက်များသာပါသည်။ ထမင်းနှင့်တွဲစားစရာ ငါးခြောက်ထောင်းကြော် ငပိကြော် ငံပြာ
ရည်ကြော် အမဲခြောက်ကြော်တို့သာပါသည်။ လေးတံကား တာဝန်ကျ တပ်ကြပ်ကြီးက ကျ
နော်သယ်လာသော ပစ္စည်းများကို ရှာဖွေအပြီး ခေါက်ဆွဲကြော်ထုတ်ကို “ ဒါငါစားဖို့ယူထား
မယ်” ဟုပြောသည် ၀င်းမောင်လည်း အနားမှာပါသည်။

ကျနော်က “ဆရာကြီး ဒါကျနော်ဝင်းမောင်အတွက်ဝယ်လာတာပါ သူမှာလိုက်တာပါ ဆရာကြီး
ယူချင်ရင် ကျန်တာတွေယူပါ” လို့ပြောတော့ “ ဟုတ်လား အေး ၀င်းမောင်ကို မင်းနောက်တ
ပါတ်ဝယ်ပေးလိုက်” တဲ့ ခပ်တည်တည်ပဲယူထားပါသည်။ ကျနော်ကလည်း မလျှော့ချင် “ဆရာ
ကြီး ဒါ ကျနော်ဝင်းမောင်အတွက်ပဲ ၀ယ်လာတာ ဆရာကြီးလိုချင်ရင် ကျနော်နောက်အပတ်တ
ရားရုံးအထွက်မှာ ၀ယ်လာပေးမယ်” လို့ပြောတော့ တပ်ကြပ်ကြီးက“ဟေ့ကောင်ဒါထောင် မင်း
အမေလင်အိမ်မဟုတ်ဘူး ငါသိမ်းချင်ရင် အကုန်သိမ်းလို့ရတယ် ကိုယ့်ပစ္စည်းနဲ့ ကိုယ်အမုန်းမခံ
နဲ့” တဲ့ ကျနော် ဘာမှမတတ်နိုင် ဆက်ပြောရင် ကျနော့်ကို ရိုက်ဖို့ ကြိမ်လုံးတဆဆလုပ်နေပြီ။ စိတ်ထဲကလည်းတော်တော်ကြီးကို ခံပြင်းနေသည်။

တကယ်က အနိုင်ကျင့်ခြင်းဖြစ်သည် လူတယောက်ကို မိမိသဘောနှင့်မိမိ လုပ်ချင်ရာကို တခု
ခု အပြစ်ရှာပြီးလုပ်နိုင်ခွင့်ရထားသောနေရာတွင် အထက်လူကြီးကိုတိုင်မည်လို့တော့မစဉ်းစား
ပါနှင့် ထိုအထက်လူကြီးသည် ထိုအောက်ခြေမှလုပ်နေသည်များကို အကုန်သိပါသည်။ သို့
သော် သူ့ကိုလည်းရှာဖွေပေးနေသောကြောင့် မပြော အကယ်၍ကျနော်က မကျေနပ်၍ထောင်
မှုးလေး(ကြယ်တပွင့်) ကိုတိုင်လျှင် တိုင်တဲ့သူ အရိုက်ခံရသည်။ ပြစ်မှုက ကလန်ကဆန်လုပ်မှု
ထားရာနေ စေရာသွား ခိုင်းတာလုပ် ခံမပြောနဲ့ ခါးဖုသွား မယ် ခသုံးလုံးက ထောင်တွင်းတရား
သို့သော် လူကြည့်လုပ်ခြင်းဖြစ်သည်။ အနိုင်ကျင့်လို့ရရင်ရသလောက် အနိုင်ကျင့်မည် မရလျှင်
အနိုင်မကျင့်သေး မကျင့်ဘူးဟုတော့မထင်လိုက်လေနှင့် ပိုက်ဆံရှိသောသူ ညွန်မှုးထောင်ပိုင်
ထောင်မှုးနှင့်ပိုင်သော အပ်ထည်ဖြစ်ပါစေ သူတို့ ခွင်ထဲက အနိုင်ကျင့်လို့ရသည်။လူတယောက်
သို့မဟုတ် လူအဖွဲ့အစည်းတခုခုကို လုပ်ချင်ရာလုပ်ပိုင်ခွင့်ပေးထားလေလေ ပိုမိုအနိုင်ကျင့် နှိပ်
စက်နိုင်လေသာဖြစ်သည်။

အားလုံး လုပ်ချင်ရာလုပ်နိုင်ခွင့်အောက်မှာ မတရားမှုက အလိုလိုမွေးဖွားလာခြင်း ဖြစ်သည် ထို
ကဲ့သို့လုပ်ခွင့်သည် ကျနော်တို့မြန်မာပြည် အကျဉ်းထောင်များတွင်သာမက တိုင်းရင်းသားနယ်
မြေ ဒေသများ တွင်အဖြစ်များသည်။ မြို့ပေါ်တွင် လူအဖွဲ့စည်းကြားထဲတွင်တော့ လုပ်ချင်တိုင်း
လုပ်ဖို့ အခြေအနေမပေး သို့သော် သူတို့အာဏာကို ထိပါးလာလျှင်တော့ ဘာကိုမှမရှောင် သံ
ဃာတော်များကိုပင် နှိပ်စက်ဖို့ ညှင်းပမ်းဖို့ သတ်ဖြတ်ဖို့ဝန်မလေး ထောင်သည်မြန်မာပြည်အ
ငယ်စားလေးသာဖြစ်သည်။ မြန်မာပြည်ကို မိတ္တူကူးစက်ဖြင့် ချူံ့လို့ရပါက ထောင်ဖြစ်သွားမည်။
သို့သော်ထိုထောင်သည်ပင်လျှင် ရဲဘက်အကျဉ်းစခန်းလောက်မဆိုး ထောင့်အပြင်တန်းမရှိစ
ကားသည် ပြောင်းသွားလေပြီ ထောင့်အပြင် ရဲဘက်စခန်းရှိလာပြီ။
(ဆက်ရေးပါဦးမည်)

Read more...

Tuesday, November 3, 2009

စစ်အစိုးရအကျဉ်းထောင်တွင်း ကျနော်ကြုံခဲ့ရသမျှတစိတ်တဒေသ(၁)



















စစ်အစိုးရအကျဉ်းထောင်အတွင်းကျနော်ကြုံခဲ့ရသမျှတစိတ်တဒေသ(၁)

ခုပြန်တွေးကြည့်တဲ့အခါတော့ ပေါ့ပါးစွာတွေးနိုင်လာသည်။ ထိုအဖြစ်အပျက်တို့ဖြစ်နေစဉ်ကာ
လ တုန်းကတော့ ခက်ခဲသည်။ကြမ်းတမ်းစွာဖြတ်ကျော်ခဲ့ရသည်။ မည်သို့သောအခြေအနေတို့
ဖြစ်ခဲ့ပါစေ ခုတော့အတိတ်ဖြစ်ကျန်ခဲ့ပြီ။ အတိတ်ကိုအရိပ်ရယ်လို့ထားခဲ့နိုင်ခြင်းတွေရှိနေခဲ့သ
လို မထားခဲ့နိုင်ခြင်းတွေသည်လည်း တွေးမိလေတိုင်းပြန်ပေါ်လာခဲ့သည်။တခါတရံ အခန်း
ဆက်ရုပ်ရှင်ကားတခုလို။

ထိုကာလများအတွင်းကျနော်တရက်ခြင်းခက်ခဲစွာကျော်လွန်ခဲ့ရသည် တလခြင်းပင်ပမ်းစွာ
ဖြတ်ခဲ့ကြရသည်။ထိုမှသည် တနှစ်ခြင်း ကျနော်မမေ့နိုင်သောအတိတ်တို့သည် တချို့မှုန်ဝါး
သွားခဲ့ပြီတချို့ မျက်ဝါးထင်ထင်ပကတိရှိနေဆဲ။

ပုသိမ် အနောက်တောင်တိုင်းစစ်ဌါနချူပ် တိုင်းထောက်လှမ်းရေးအမှတ်(၄) မှ စစ်ကြောရေး
လုပ်ပြီးနောက် ကျနော့်ကိုပုသိမ်ထောင်သို့ ပို့လိုက်သည်။(၁၁.၅.၈၉)ရက်နေ့။စစ်ကြောရေးမှ
အကျဉ်းသားသီးသန့်တိုက်သို့ ကျနော်တို့ပြောင်းရွေ့ခဲ့ရသည်။ စစ်ကြောရေးမှလွတ်လာသည်
ဆိုတော့ ထောင်သည် တကယ့်မွေ့လျှော်ဖွယ်။ ညစဉ်နှိပ်စက်ညှင်းပမ်းခံရခြင်းက လတ်တ
လောလွတ်မြောက်လာခဲ့သည်။

ကျနော်က အခန်းနံပါတ်(၁၅) အခန်းနံပါတ်(၁၄)က ထောင်တွင်းပြစ်ဒါဏ်ကျနေသူများကိုထား
ရှိရာအခန်း ကျနော်ကမသိ အခန်းတခန်းအတွင်းလူငါးယောက်စုပြုံထည့်ထားပြီးနေရောင်ခြည်
ထိတွေ့ခွင့်မရသဖြင့် အသားအရေတို့မှာဖြူရော်ရော် ရေချိုးခွင့်မရသဖြင့် အနံ့အသက်ပေါင်းစုံ
ကျနော် တိုက်ရှေ့ကွက်လပ်ငယ်သို့ဝင်လာတော့ သူတို့အားလုံးအခန်းတခါးဝမှာ ပြူကြည့်ကြ
သည်။ အထူးအဆန်းကဲ့သို့ ကျနော်ကလည်းထူးဆန်းနေသည်။ တလခန့် နည်းအမျိုးမျိုးနဲ့စမ်း
သပ်ခံခဲ့ရလို့ လူကလူနှင့်မတူတော့ ကြောင်စီစီ မုတ်ဆိတ်မွေးနူတ်ခမ်းမွေးတွေထိုးထိုးထောင်
ထောင်။ခြေထောက်တွေက တုံဆိုင်းဆိုင်းဘဲသွား။ သူတို့ကထူးဆန်းနေသလို ကျနော်တို့က
လည်း သံကြိုးတွေ ခြေခြင်းတွေဖြင့် အခန်းတခန်းထဲစုပြုံပိတ်လှောင်ထားသောလူစုကို ကျနော်
ကလည်း ထူးဆန်းနေပါသည်။

အစောင့်ထောင်ဝါဒါပါလာတော့ သူတို့ကလည်းမမေးရဲ ကျနော်ကလည်း မနူတ်ဆက်ရဲ နူတ်
ဆက်ရင် အခန့်မသင့်ရင် အဆဲခံရမည် အရိုက်အနက်ခံရမည် ထို့ကြောင့်အနေအထိုင်တတ်ဖို့
လိုသည်။ အစောင့်ထောင်ဝါဒါတွေ ကျနော်တို့ကို တိုက်ခန်းတွင်းသွင်းပြီးအပြင်သံတံကားကို
ပိတ် အဆောင်ရှေ့ကွက်လပ်မှ ပျောက်ကွယ်သွားပြီးပြီးခြင်း တဖက်ခန်းမှ စကားစလာသည်။
“ဗျို့ဆရာ ခင်ဗျား ဘာမှုလဲဗျ” ဟုမေးလာသည်။ကျနော်ကလည်း သေချာမသိသေး သို့သော်
ရဲသတင်းတပ်ဖွဲ့ကပြောသော ၁၇(၁)ပုဒ်မ။ ထိုပုဒ်မက ဘာပုဒ်မဆိုတာလည်းမသိ။နိုင်ငံရေးနှင့်
ပတ်သက်သည်ဟုသာသိသည်။ နောက်မှ မတရားအသင်းအဖွဲ့အက်ဥပဒေပုဒ်မ ၁၇(၁)ဖြစ်
ကြောင်းသိရသည်။ အစိုးရမှ မတရားအသင်းအဖွဲ့ဟု ကြေငြာထားသော အစိုးရကိုလက်နက်
ကိုင်ပုန်ကန်နေသော အဖွဲ့အစည်းတခုခုနှင့် တရားမ၀င်ဆက်သွယ်ခြင်း အဖွဲ့ဝင်ဖြစ်ခြင်း လူ
သစ်စုဆောင်းပေးခြင်း ဆက်ကြေးကောက်ခံခြင်း တနည်းနည်းဖြင့် အားပေးကူညီကြောင်းပြစ်
မှုထင်ရှားလျှင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှုစွဲရုံးတင်စစ်ဆေးသည့်အမှု့ဖြစ်သည်။
ဂုဏ်ယူဖွယ်ကောင်းလေစွ။

ကျနော်က ပြန်အော်ရသည်။ “ကျနော် ၁၇(၁)မှုပါ ခင်ဗျားတို့ကရော” ကျနော်တို့က ခိုးမှု့ပါ
နောက်တယောက်က ကျနော်က ဖဲသုံးချပ်စကားလို့ပါ နောက်တဦးက ကျနော်ကခိုးရာပါပ
စ္စည်းလက်ခံလို့ပါ လို့အသီးသီးပြန်ပြောကြသည် ထိုသို့ပြန်ပြောရင်းလည်း ရယ်နေကြသည်။ကျ
နော်စိတ်ထဲထူးတော့ထူးဆန်းနေသည်။ သူတို့သည်သူတို့လုပ်ခဲ့သောပြစ်မှုများကို ပျက်ရယ်ပြု
သည်လား မည်သို့နည်း။

ထိုကာလက ထောင်တွင်းတွင်ဆေးလိပ်သောက်ခွင့်မပေး ရှစ်လေးလုံးအရေးတော်ပုံကာလ အ
တွင်း အကျဉ်းသားများက ထောင်ဆူ၍ အဆောင်များကို မီးရှို့လိုက်သောကြောင့် ပြစ်ဒါဏ်ပေး
သည့်သဘော ဆေးလိပ်သောက်ခွင့်ပိတ်ထားခြင်းဖြစ်သည်။ ကျနော်တို့ရောက်ရှိသွားချိန်တွင်
လည်းသောက်ခွင့်မရှိ။ ဆေးလိပ်မသောက်ရလေ ခံတွင်းချဉ်လေ သို့သော်မတတ်နိုင် ကိုယ့်ကို
ဆေးလိပ်ထောင်ဝင်စာလည်း ပေးလို့မရ ထောင်ဝင်စာပေးရအောင်လည်း အိမ်ကကျနော့်ကို
ဘယ်ရောက်နေမှန်းတောင်မသိ။ ထို့ကြောင့်ပဲကျိတ်မှိတ်နေရသည်။ ထိုအချိန်ကဆေးလိပ်သည်
ထောင်တွင်းမှောင်ခိုပစ္စည်း ဖြစ်သည်။

ထိုအချိန် တဖက်တိုက်ပိတ်ထားသောအခန်းဆီမှ ဆေးလိပ်နံ့လေထဲသို့လွင့်လာသည်။နောက်
အသံတသံ “ဗျို့ဆရာ ခင်ဗျားဆေးလိပ်သောက်တတ်လားဗျ ဆေးလိပ်သောက်တတ်ရင် ကျ
နော်တို့ဆေးလိပ်ပေးမယ်” ဟုလှမ်းပြောပါသည်။ကျနော်ကလည်းဝမ်းသာအားရ “ကျေးဇူးပါပဲ
ဗျာ ကျနော် ဆေးလိပ်သောက်ချင်နေတာ ခင်ဗျားတို့ဘယ်လိုပေးမလဲ” လို့ပြန်ပြောရပါသည်။

သို့သော်မည်သို့မည်ပုံ ဆေးလိပ်ကိုပေးမည်လည်း သူတို့နှင့်ကိုယ်နှင့်အခန်းခြင်းကပ်လျှက် သူ
လည်းပိတ်ထား ကိုယ်လည်းပိတ်ထားသည် ယူပေးမည့်သူလည်းမရှိ ကျနော်သိချင်လာသည်။
ကျနော်မနေနိုင်တော့ “ဘေးခန်းကအကိုတို့ဘယ်လိုပေးမှာလဲဗျာ” လို့ ကျနော်မေးလိုက်သည်။

သူတို့က ခဏလေးစောင့်ရန်လှမ်းပြောသည်။ နောက်ကျနော် အခန်းရှေ့သို့ ကျောက်ခဲအသေး
နှင့်ပူးချီထားသော ပုံစံပုဆိုးကို ဖြဲ၍ကြိုးကျစ်ထားသော ကြိုးငယ်ဖြင့် ဘေးတိုက်လှမ်းပစ်ပေး
သည်။ ပစ်မယ်လို့အပြော ကျနော်တို့အခန်းရှေ့အရောက် အချိန်အဆမှန်စွာဖြင့်ပစ်နိုင်လေ
သည်။ နောက်မီးကိုလည်း သပ်သပ်ပစ်ပေးသည်။ ထိုညကသောက်ရသောဆေးလိပ်တလိပ်
သည်အလွန်ပဲသောက်ကောင်းသောဆေးလိပ်လည်းဖြစ်သည်။ဆေးလိပ်ကတော့ ပုသိမ်သား
တို့သောက်သော ယုန်စန္ဒာဆေးပေါ့လိပ်။

ကျနော့်မှာ အ၀တ်တထည်ကိုယ်တခု အခန်းထဲမှာကတမံတလင်းပေါ်မှာ ဖျာကြမ်းအစုတ်လေး
(၁)ချပ် နောက်မိလ္လာ ဂံဖလားအိုး ဒါပဲရှိသည်။ အခန်းရှေ့မှာ ပလပ်စတစ်သောက်ရေခွက်နှင့်
သောက်ရေအိုး ရေကိုလိုသလောက်သောက်နိုင်ပေပြီ။ စစ်ထောက်လှမ်းရေး စစ်ကြောရေး(၁၀)
ပေပတ်လည် အခန်းလေးမှာ အချို့နေ့များ၌ရေလုံးဝမသောက်ရ။ ညမအိပ်ရ ထမင်းမစားရ မြန်
မာစကား နှိပ်စက်ညင်းပမ်းကို အစတုန်းကအတူတူဟုသာထင်ထားခဲ့သည်။ ထိုရောက်မှ နှိပ်
စက်တာက သပ်သပ် ညင်းပမ်းတာကသပ်သပ်ကွဲပြားသွားသည် တခါတခါ နှစ်ခုလုံးပြိုင်တူ
လုပ်တာလည်းရှိသည်။ ဝေါဟာရတခုကိုတော့ ကျနော်ကျေညက်သွားသည်။

ကျနော်တို့ရောက်သည့်အချိန်က မိုးဦးကျ ခြင်များက အုပ်ဖွဲ့၍ကိုက်သည့်ကာလ ခြုံစရာလည်း
မရှိ ပုဆိုးခြုံပြီးကွေးရတော့သည်။ သို့သော်စစ်ကြောရေး ငရဲခန်းမှာထက် အများကြီးနေပျော်
သည်။ မိုးလင်းတော့ကျနော့်ကို တံခါးဖွင့်ပေးသည်။ ညနေတန်းပိတ်ချိန်အထိတန်းဖွင့်ထားသ
ဖြင့်ကျနော်တိုက်ရှေ့ကွက်လပ်လေးတွင်လမ်းလျှောက်နိုင်သည်။ တိုက်ပိတ်ထားသောမနေ့က
တွေ့ခွင့်နှုတ်ဆက်ခွင့်မသာခဲ့သူများကို နှုတ်ဆက်ရသည်။ စုစုပေါင်း(၅)ယောက်သူတို့ကလည်း
ကျနော်ရှိနေ၍ ၀မ်းသာသည် ကျနော်ကရေချိုးခွင့်ရသည်။သူတို့ကမရ ထို့ကြောင့်ကျနော်ကသူ
တို့ပေးသောပုံစံရေလှဲပုဆိုးကို ရေဆွတ်ပေးရသည် သူတို့ကရေပတ်တိုက်သည်။ ကျနော်က
ယောက်ချင်းစီအတွက် လုပ်ပေးသည်။သို့သော်တရားဝင်မဟုတ် ရေပတ်တိုက်ခွင့်မရ ပူလောင်
အိုက်စပ်သော မိုးဦးကျကာလတွင် ချွေးလုံးလုံးနေရခြင်းမှ သူတို့အနည်းငယ် သက်သာသွား
သည်။

ထိုနေ့က ကျနော်တို့သီးခြားတိုက်ထဲသို့ အထက်တန်းကျောင်းသားလေး(၃)ယောက်အထုပ်အ
ပိုးတွေနှင့်ရောက်လာသည်။အဆောင်မှပြောင်းလာခြင်းဖြစ်သည်ဟုပြောသည်။ အထုပ်အပိုးဆို
သော်လည်း ကျွတ်ကျွတ်လေးတယောက်တလုံးစီနှင့်သာဖြစ်သည်။ သူတို့ရောက်လာချိန်မှာ
တန်းပိတ်ခါနီးအချိန်ဖြစ်၍ ၀န်ထမ်းဝါဒါလည်းပါလာသေးသောကြောင့် စကားပြောခွင့်မရခဲ့။

နောက်နေ့မနက် တန်းဖွင့်သည့်အချိန်မှ စကားပြောရသည် ညကတော့အနည်းအကျဉ်းလှမ်း
ပြောနိုင်သည်။ ထိုည သူတို့သည် ငယ်သော်လည်း တက်ကြွသည် သီချင်းတွေဆိုကြသည်။
သူတို့ဆိုသောသီချင်းသည် ကျောင်းသားသမဂ္ဂသီချင်း တေးရေးဆရာနိုင်မြန်မာစပ်ဆိုသော
ကမ္ဘာမကြေဘူးသီချင်းနှင့် အခြားသူတို့စပ်ထားသော သို့မဟုတ် သူတို့ပြောင်းလာသောအ
ဆောင်မှလူကြီးများစပ်ထားသော နိုင်ငံရေးသီချင်းများဆိုကြသည်။

တန်းပိတ်ချိန်(၉)နာရီထိုးသည်အထိဆိုကြသည်။ သူတို့နောက်နေ့လွတ်သွားသည်။ သူတို့မှာ
ပါလာသော ပစ္စည်းများအားလုံးကျနော်နှင့် တိုက်ပိတ်အကျဉ်းသား(၅)ယောက်ကိုခွဲဝေပေးခဲ့
သည်။ ကျနော်က စောင်တထည်ရသည်။ ထိုစောင်တထည်သည် ကျနော်ကိုသေချာစွာနွေး
ထွေးစေရုံမက ခြင်ဘေးရန်မှလည်းအတန်အသင့်အကာအကွယ်ပေးသည်။ ခြင်ရန်ကိုကာ
ကွယ်နိုင်သော်လည်း မိုးဦးကျ မီးလုံးရှိရာသို့စုပြုံတိုးလာသော ပိုးကောင်များစောင်ထဲတရွရွ
ဝင်ခြင်းဘေးကပြေးမလွတ်။

ထိုနေ့အတွက်ဆေးလိပ်ရရှိပုံကိုပြောပြပါဦးမည် ကျနော်တို့ဘေးခန်းကတိုက်ပိတ်ပြစ်ဒါဏ်ကျ
အကျဉ်းသားများတွင်လည်းဆေးလိပ်မရှိတော့ ကျနော်တွင်လည်းမရှိတော့ ဆေးလိပ်သည်မ
သောက်တတ်သောသူများအတွက် ကိစ္စငြိမ်းသည် သောက်တတ်သူများအတွက် အမြဲဆောင်
ထားရသည်။ မရှိမဖြစ်ပစ္စည်း။ ထိုအချိန်တွင်တိုက်တန်းစီးဝင်းမောင် ရောက်လာသည် သူက
ကျနော်နှင့်အသက်ရွယ်တူ သူ့ရုပ်ကမှုန်တေတေလူသတ်မှု(၂)မှုအတွက် ထောင်ကျထားသော
သူ ပြစ်ဒါဏ်က(၃၅)နှစ် ထောင်တွင်းနေထိုင်သော သက်တမ်းသည်ပင်လျှင်(၆)နှစ်နီးပါး။

သူထောင်ထဲတွင်နေထိုင်သည်ဆိုသော်လည်း တကယ်တော့ပြစ်ဒါဏ်တိုက်ထဲတွင် နေရသည်
ကများသည်။ ထောင်ထဲတွင်သူက ဘာကိုမှသိပ်ဂရုမစိုက် ထောင်ထဲတွင်သူ့ကိုအားလုံးကအ
ရေးပေးထားသည်။ သူက တကယ်လုပ်မည်ဆိုလုပ်သည့်သူ သူပြောသည့်အတိုင်းလည်းလုပ်
သူ ပထမထောင်ကျလာစဉ်က (၆)လသာ အိမ်နီးချင်းရပ်ကွက်လူကြီးက သူ့ရေဒီယိုခိုးသည့်ဟု
အမှုဖွင့်၍ သူထောင်ကျလာသည်။ရဲကိုရပ်ကွက်လူကြီးကငွေပေး၍ ရိုက်ခိုင်းဝန်ခံခိုင်းစေသည်။

ထောင်ကလွတ်သည့်နေ့မှာပင် ထိုရပ်ကွက်လူကြီးကို အိမ်ပေါ်တက်၍ ဒါးဖြင့်လေးငါးချက်မ
သေမချင်းထိုးသတ်ပစ်လိုက်သည်။ သူထိုအမှုဖြင့်ထောင်(၁၀)နှစ်ကျသွားသည်။ သူထောင်
တွင်းမှ ရဲဘက်အကျဉ်းစခန်းသို့ ပါသွားသည်။ရဲဘက်စခန်းမှ ထွက်ပြေးလာသည်။သို့သော်သူ
ဘယ်ကိုမှမသွားတတ် သူနေထိုင်ရာ ဟင်္သတမြို့ကိုပြန်လာသည်။ ဖြစ်ချင်တော့သူပထမဦးဆုံး
ခိုးမှုဖြင့် အဖမ်းခံရစဉ်က သူ့ကိုနှိပ်စက်၍ မတရားဝန်ခံစေခဲ့သော ဒုရဲအုပ်နှင့်သူ လမ်းမှာတိုး
သည် ဒုရဲအုပ်က သူ့ကိုမမြင် မြင်သည့်အခါမှာတော့ သူကဒါးဖြင့်နံကြားထဲသို့မိမိရရထိုးသွင်းခဲ့
ပြီးပြီသူလည်းပြေးသည်။ ခက်သည်ကသူက ဝေးဝေးလံလံမသွားတတ် ငယ်ငယ်ထဲက မိဘ
များကဆင်းရဲ၍ မူလတန်းလောက်သာကျောင်းနေခဲ့ရဘူးသည်။

သူအခြားမြို့နေရာများတွင် သူမနေတတ် ထို့ကြောင့်တ၀ဲလည်လည်ပြန်လာခဲ့ခြင်းဖြစ်သည်။
ထိုအခါသူမလွတ်နိုင်တော့ သူနောက်မှုဖြစ်သော ဒုရဲအုပ်သတ်သည့်အမှုဖြင့် ထောင်နှစ်(၂၅)
ကျသည်။ ထောင်ထဲတွင်လည်း သူအေးအေးနေသည် သူ့ပင်ကိုစရိုက်က စကားနည်းသည်။
သူ့ကိုအနိုင်တော့အကျင့်မခံ ခံလျှင်လည်းခဏ ထိုအနိုင်ကျင့်သူကိုပြန် ကလဲ့စားချေနေကြ မ
နိုင်လျှင်နိုင်ရာနှင့် ခုခံနေကြ ထို့ကြောင့်နှစ်ကြီးသမားအချင်းချင်း အထာထားကြသည် ၀င်း
မောင်ဆိုလျှင်မထိရဲကြ။

ထိုဝင်းမောင်သည် ကျနော်တို့တိုက်တန်းစီး တိုက်အဆောင်မှုး သူကကျနော့်ကို တွေ့တွေ့ချင်း
ဘာမှုလဲလို့မေးသည် သူကစကားကတော့သိပ်မပီ လူကအနေတည်လွန်းသည် ကျနော်က ပုဒ်
မ ၁၇(၁)ဟုပြောသောအခါ သူပြုံးသည်။မင်းက သူပုန်နဲ့ဆက်သွယ်လို့ပဲ သူပုန်ပေါ့ဟုပြော
သည် ကျနော်ကသူ့ကိုဘာမှန်းမသိသေးသောကြောင့်မယုံ “အေးဟုတ်တယ်ငါကတော့သူပုန်မ
ဟုတ်ဘူးကွာ အစိုးရက သူပုန်နဲ့ဆက်တယ်ဆိုပြီးဖမ်းတာပဲကွာ” သူကကျနော့်ကို မင်းငါပြော၍
ကျနော်ကလည်း မင်းငါပဲပြန်ပြောဖြစ်ခြင်းဖြစ်သည်။

သူက “အေးပါ ဘာဖြစ်ဖြစ်ကွာ မင်းအမှုက သူပုန်နဲ့ဆက်တာမို့ ငါသူပုန်ပဲခေါ်မယ်ကွာ မင်းက
လည်း ဟို အမှုကမှန်ပါတယ် ရဲညစ်ပတ်လို့ အဖမ်းခံရတာပါဆိုတာလိုဖြစ်နေပြီကွာ ဒီမှာတော့
တို့တွေ အဖမ်းခံရတာခြင်းအတူတူပဲ” ကျနော်ကလည်းကျနော့်အဓိပါယ်နှင့်ကျနော်ကျေနပ်
သည် မတရားတဲ့အစိုးရကို ပြည်သူတွေဖက်ကရပ်တည်၍ ပုန်ကန်ခွင့် ပြည်သူတိုင်းမှာရှိသည်။
ထို့ကြောင့်ကျနော်က သူပုန်လို့ခေါ်တာကျေနပ်သည်။

သူညနေဖက်ဖြစ်ဖြစ် မနက်ဖက်ဖြစ်ဖြစ် သူဟင်းချက်ပြီးကျနော့်အတွက်ယူလာပေးတတ်သည်။
ဆေးလိပ်ရှာလာပေးတတ်သည်။ ကျနော်ဘာလဲ ကျနော့်အိမ်ကဘာလဲ ဘယ်တော့လာမှာလဲ
သူမမေး သူ့မှာရှိတာကိုရက်ရက်ရောရောပေးသည်။ ဆေးလိပ်တခါလာပေးလျှင် (၁၀)လိပ် အ
နည်းဆုံး ဆေးလိပ်ပြတ်သွားလို့ ဆေးရွက်ကြီးကိုပါးပါးလှီး သတင်းစာစက္ကူနှင့်လိပ်၍ပွတ်ချွန်း
လိပ်သောက်ရလျှင်လည်း ဆေးရွက်ကြီးတထုတ်ကြီး သတင်းစာတပုံကြီးကျနော်က ဘယ်နား
မှာဖွက်ရမှန်းတောင် မသိ။

ဖွက်ထားတာမိသွားလျှင်မလွယ်။ သူကတော့ခပ်အေးအေးပဲ မင်းမမိအောင်သောက်ကွာ တဲ့
တကယ်လို့မိသွားရင်လည်း ငါပေးတာလို့သာပြောတဲ့ ကျနော်ကလည်းသူပေးတဲ့ ဆေးလိပ်အ
ကုန် တိုက်ပိတ်ခံ အကျဉ်းသားသူငယ်ချင်းများနှင့် ခွဲဝေသောက်လိုက်သည်။ ရေပတ်တိုက်ဖို့
ကျနော်ရေဆွတ်ပေးသည်။ သူကျနော့်ကို (၂)ရက်(၃)ရက်တခါတော့ ဟင်းပေးတတ်သည်။

ထိုသို့ဟင်းပေးလျှင်လည်း အများကြီး ကျနော်စားမကုန်။ ကျနော်ကသူ့ကိုမေးသည် “၀င်း
မောင် မင်းအိမ်ကထောင်ဝင်စာမလာပဲနဲ့ မင်းဆေးလိပ်တွေ ဟင်းတွေဘယ်လိုရလဲကွာ”လို့
မေးတော့“ငါတချို့ဟာကတောင်းလာတာကွာ တချို့ဟာက ရင့်လာတာ ငါ့လိုချင်တယ်ပေး
ဆိုပြီးယူလာတာပဲကွာ” “ မင်းအဲ့လိုယူတာတော့ မကောင်းပါဘူးကွာ မင်းဟာကိုအဲ့လိုရင့်ယ
ူရင် မင်းကြိုက်မလား”ဆိုတော့ သူရယ်နေသည် “ငါအဲ့လိုရင့်တာလူကြည့်ရင့်တာပါကွာ ငါ
ကြည့်မရတဲ့ကောင်တွေဆီကရင့်တာ မင်းနဲ့မဆိုင်ပါဘူးကွာ မင်းထောင်အကြောင်းမသိ သေး
ပါဘူး” တဲ့။
(ဆက်ပါဦးမည်)

Read more...

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP