Tuesday, November 10, 2009

စစ်အစိုးရအကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ(၅)








စစ်အစိုးရ အကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ(၅)

ကျနော်အလုပ်ကျသည်က ရေဘုတ် ရေဘုတ်မှာ ရေဆွဲခပ်ထည့်ပေးရခြင်း နှင့် လေးထောင့်သံ
ပုံး (၂)ပုံးကို တံပိုးဖြင့်ထမ်းရခြင်း(၂)ပိုင်းရှိသည်။ ထိုသို့ရေထမ်းရခြင်းမှာလည်း တကယ်တော့
ငွေညစ်ခြင်းပါ ကျနော်တို့ကို ရေတွင်းမှရေကို အမျိုးသမီးထောင်သို့ ထမ်းခိုင်းခြင်းဖြစ်သည်။ အမျိုးသမီးဆောင်ရေကန်ထဲသို့ အမျိုးသမီးများချိုးရန်ရေကို လူအင်အားဖြင့်ထမ်းခိုင်းခြင်းဖြစ်
သည်။

ယခင်အ၀ီစိရေပိုက်မှ ရေလာသည် ခုနောက်ပိုင်းမလာတော့ မလာခြင်းသည်လည်း ၀န်ထမ်း
များအတွက်ပိုကောင်းသည်။ ထိုရေကိုထမ်းဖြည့်ခိုင်းခြင်းဖြင့် ငွေညှစ်နိုင်သည်။ တကယ်တော့
မတရားမှုသာ အချူပ်တရားခံသည် ပြစ်ဒါဏ်ကျခံရန်မသေချာသေး ထိုသို့အလုပ်များကို ခိုင်း
ခြင်း အဆမတန်ခိုင်း၍ ငွေညစ်ခြင်းသည် မတရားဖိနှိပ်ခြင်းသာဖြစ်သည်။ ကျနော် ထိုအချိန်မ
တိုင်မှီကပင် စိတ်ကူးထားသည်။ တတ်နိုင်သလောက်တော့လျှော့ပေးမည် အသေးအဖွားလေး
များကို လျှော့ပေးမည် သိပ်ဖိနှိပ်လာလျှင်တော့ ငွေမပေး ဘာမှလည်းလဒ်မထိုး ဖြစ်ချင်ရာဖြစ်
ရင်ဆိုင်တိုးပစ်မည် ဟုစဉ်းစားထားသည်။

ထို့ကြောင့် ကျနော်အနေအထိုင်ကျစ်ကျစ်လစ်လစ် သိုသိုသိပ်သိပ်နေသည်။ ထိုင်ဆိုထိုင်သည်
ထဆိုထပေးသည် ခေါင်းငုံဆိုခေါင်းငုံပေးသည်။ ဆန့်ကျင်ခြင်းမပြု သို့သော် ထိုသို့ လိုက်နာပေး
သော်လည်း သိပ်ဖိနှိပ်လာလျှင် တော့ကျနော်မခံ။ နောက်ရိုးရိုးအကျဉ်းသားများထဲတွင်နေထိုင်
ရသည်က သိပ်ခက်သည်။ နေရာတိုင်းတွင် မတရားမှု ဖိနှိပ်မှု ချူပ်ချယ်မှု စော်ကားမှု အနိုင်
ကျင့်မှုများရှိသည်။ ကိုယ်က နေရာတကာ ဆန့်ကျင်တွန်းလှန်လျှင် မတွန်းလှန်ဝံ့သူများက မုန်း
သည်။

ဥပမာ- ဆေးလိပ်ခိုးသောက်ခြင်း အကြောင်းပြောချင်ပါသည် ဆေးလိပ်ကို အကျဉ်းသားများက
ထောင်ဝင်စာမှသွင်းလို့မရ ထိုဆေးလိပ်ကို ထောင်ဝန်းထမ်းများက ခိုးသွင်းပေး၍သာ သောက်
ရခြင်းဖြစ်သည်။ ထိုသို့ခိုးသွင်းခြင်းအလုပ်ကို တယောက်ထဲ ပြုလုပ်နေခြင်းမဟုတ် အကျဉ်း
ထောင်ဝန်ထမ်းများ အားလုံးပြုလုပ်ကြခြင်းဖြစ်သည်။ သို့သော် ကိုယ်ဆေးလိပ်သောက်၍ အ
ရေးယူခံရသောအခါ ကိုယ့်ကို ထောင်ဝန်ထမ်းက ယူလာပေးသည်ဟု ပြောလို့မရပေ။ ပြော
လျှင်လည်းအရေးမယူပေ။ ကိုယ်သာမဟုတ်မမှန်ပြောသည်ဟုအရိုက်ခံရမည် ထို့ကြောင့်မိ
လျှင်လည်းကောက်ရလို့ သောက်သည်ဟုပြောလည်း ဆက်မမေး ထောင်မှုးများက ယုံပေး
သည်။

သို့သော် ဆေးလိပ်သောက်ခြင်းကို မိလျှင် ဆေးလိပ်သောက်ခြင်းကို ပိုတင်းကြပ်လိုက်သည်။ ထိုအခါ အကျဉ်းသားတို့သည် ထိုဆေးလိပ်သောက်အကျဉ်းသားသည် သိုသိုသိပ်သိပ်မ
သောက်သည့်အတွက်ကြောင့် အဖမ်းခံရသည် ထို့ကြောင့် ငါတို့အားလုံး ပိုကြပ်သွားသည် ဟု
ဆေးလိပ်သောက်တရားခံကို အပြစ်တင်သည်။ ထောင်အာဏာပိုင်များ၏ မတရားမှုကိုတော့
နည်းနည်းလေးမှထည့်မတွက် ထို့ကြောင့်ထောင်ထဲတွင် နေရာတကာတိုင်း၌ ဆန့်ကျင်လို့မရ
သူများကြောက်သလို ကိုယ်ပါလိုက်ကြောက်မှသာ အဆင်ပြေသလိုရှိသည်ထိုသို့ဖြစ်နေအောင်
လည်းစီမံထားခြင်းဖြစ်သည်။

ကျနော်တို့ ပုသိမ်ထောင်သည် ထောင်တွင်း ထမင်းကျွေးရာတွင် ပုံစံဖြင့်ကျွေး၍ မရ ပုံစံဖြင့်
ကျွေးပါက ထောင်တွင်းဆူပူမှုအမြဲဖြစ်တတ်သည် ဟုလည်းနာမည်ကြီးသည်။ ကျနော်ရှိနေစဉ်
ထောင်တွင်းထမင်းကို ၀၀ မ၀ ၀ ကျွေးသလောက်စားရန် အကြိမ်ကြိမ်လုပ်သည် သို့သော်မရ
ထောင်အတွင်းဆူမည့်အရိပ်အယောင် မြင်လာသဖြင့် အုပ်ချူပ်သူများဖက်က လျှော့သွားသည်
ထိုသို့ အကျဉ်းသားညီညွတ်မှုရှိသော ထောင်တွင်ပင် ထောင်တွင်းရသင့်ရထိုက်သော အခွင့်အ
ရေးအတွက် တောင်းဆိုသော တိုက်ပွဲဝင်သူများကို အားမပေး မထောက်ခံချင်သူများရှိသည်။

ထိုသူများမှာ လူများစု ဥပမာ- ထောင်တွင်းထမင်းပုံစံရိုက်မည်ဆိုပါက နိုင်ငံရေးပြစ်မှုကြောင့်
ထိမ်းသိမ်းထားသူများ သို့ ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများက ရှေ့ကနေရပ်သည် တ
ထောင်လုံးထမင်း၀၀ စားရရေးအတွက် သူတို့တောင်းဆိုသည်။ ထိုအခါ ထောင်အာဏာပိုင်
များက ထောင်စည်းကမ်းများကို မလိုအပ်ပဲ ပိုကြပ်လိုက်သည်။

ထိုအခါ အကျဉ်းသားများက နိုင်ငံရေးသမားများကြောင့် သူတို့အနေအထိုင်ကြပ်တည်းသွား
သည်ဟုသာ သဘောထားသည် ရေရှည်အကျိုးအတွက်မပူးပေါင်းချင် ထိုသို့သောအခြေအ
နေကြီးကို ထောင်အာဏာပိုင်တွေက အသုံးကောင်းကောင်းချခဲ့သည်။

ထိုသို့သောအခြေအနေတွင် ယာယီအလုပ်ချခွင့်ရသော တပ်ကြပ်ကြီးသည် ကျနော့်ကိုလည်း
ချန်မထားပေ ၀င်းမောင်ခေါက်ဆွဲကြော်ကိစ္စအတွက် ကျနော့်ကိုအစာမကျေသော တပ်ကြပ်
ကြီးသည် ကျနော့်ကိုပညာပေးသည်။ ရေတွင်းထဲမှ ရေဆွဲသမားများ ဆွဲပေးသောရေကို ကျ
နော်အပါအ၀င် အချူပ်သမား (၆)ယောက်လောက်က ရေထမ်းရသည်။ ဓါတ်တိုင်တတိုင်ခွဲခန့်
ဝေးသောနေရာမှ ရေကိုထမ်း၍ ၀င်းခြင်းဆက်နေသော အမျိုးသမီးဆောင်သို့ ရေထမ်းပို့ရ
သည် အမျိုးသမီးဆောင်ဗူးဝတွင် ကျနော်တို့ ခဏစောင့်ရသည်။ သော့ဖွင့်သည် တံခါးဖွင့်
သည် ရေထမ်းကို မချရ သော့ဖွင့်ပြီးလျှင် အစဉ်လိုက် တယောက်ခြင်းဝင်၍ ရေထမ်းကို ချပေး
ရသည် အထဲမှတဆင့် အမျိုးသမီးရေထမ်းသမားများက ချထားသောရေထမ်းကို ဆက်ထမ်း
ကြသည်။ သူတို့က ဓါတ်တိုင်တတိုင်အကွာအဝေးလောက် ဆက်ထမ်းရသည် ကိုယ်ကသူတို့
ထမ်းပြီးသော ရေထမ်းပုံးလွတ်ကို ပြန်ယူလာရသည်။ ရေတွင်းသို့နောက်တခေါက် ပြန်သွားရ
သည် အားလုံးပြီးလျှင် တံခါးကိုပြန်ပိတ်သည်။ နောက်တခါလာမှ တခါသော့ပြန်ဖွင့်သည်။ ရေ
ထမ်းလျှက်ရပ်စောင့်နေကြရသည်။ သူတို့ကစည်းကမ်းအတိုင်း လုပ်သည်ဟုပြောသည်။

ရေလာထမ်းသော မိန်းမများကိုမကြည့်ရ စကားမပြောရ ရေထမ်းချထားပြီး ပုံးလွတ်ကိုကောက်
ယူလာရသည်။ ထိုသို့ ရေထမ်းချရန် ပုံးလွတ်ကောက်ယူရန်ကို မိန်းမထောင်ဝန်ထမ်းများက
ကြီးကြပ်သည်။ တခုခုမှားယွင်းလျှင် အရိုက်ခံရမည်။ ထိုမိန်းမထောင်ထဲသို့ ၀င်၍ ကိုယ့်ကိုရိုက်
မည်။ ရေထမ်းအလွတ်နှင့်အပြန်မှာ အမြန်လျှောက်ခိုင်းသည်။

သို့သော် ထိုရေထမ်းအမျိုးသမီးများသည် အမျိုးသမီးဆောင်ထောင်ဝန်ထမ်းများကို ပိုင်အောင်
ပေါင်းသင်းထား၍ အမျိုးသမီးထောင်မှ အမျိုးသားထောင်တွင်းရောက် ချစ်သူ ခင်ပွန်းကို ပေး
လိုသော စာတိုလေးများကို သယ်လာတတ်သည်။ အဆောင်နာမည် လူနာမည် အဘနာမည်
လိပ်စာပါသော စာလေးများကို သယ်လာ၍ ထိုထောင်ဝန်ထမ်းအမျိုးသမီးအလစ်တွင် သို့မ
ဟုတ် မသိချင်ယောင်ဆောင်နေသောအချိန်တွင် ကျနော်တို့ ရေထမ်းအမျိုးသားများကိုပေး၍
အကူအညီတောင်းတတ်သည်။

အမျိုးသားများကလည်း အကျဉ်းသားအခြင်းခြင်း စာနာ၍ ကူညီပေးကြသည်က များသည် အ
မျိုးသားများကလည်း ထိုသို့ကူညီပေးရခြင်းက လွယ်ကူသည်တော့မဟုတ် ထောင်တွင်းစာပေး
စာယူခြင်းအမှုသည် ရိုက်နက်ခံ၍ ဒေါက်ခြေကျင်းနှင့်တိုက်ပိတ်ပြစ်ဒါဏ်ကျသွားနိုင်သည်။ သို့
သော်လည်း အရဲစွန့်၍ ကူညီကြပါသည် ဘ၀တူခြင်း စာနာကြသည်။

ထိုတံခါးများကို ကြီးကြပ်သော တပ်ကြပ်ကြီးသည် ၀န်ထမ်းများသည် ထိုအချက်ကို ကောင်းစွာ
သိသည် ထိုကြောင့်အစထဲက ရေထမ်းသမားများကိုခြောက်ထားသည် သို့မဟုတ်ကြေငြာထား
သည်။“ မင်းတို့ ရေထမ်းတာရေပဲထမ်းနော် အခြားရှုပ်ရှုပ်ရှက်ရှက်ဆို သေမယ်” ဟုပြောထား
သည်။ သို့သော်ဥပဒေသည် အပြင်၌သာမဟုတ် ထောင်တွင်း၌ သိသာထင်ရှားစွာ အလျှော့အ
တင်းရှိသည်။ ဥပဒေသည် တဦးချင်းစီအတွက် သီးခြား ထိုအမှုကို သူများလုပ်၍ ကိုယ်လိုက်
လုပ်လျှင် မရ အရိုက်ခံသွားရမည်။

ကျနော်တို့ မနက်ပိုင်း အထမ်း(၂၀)ကျော်ထမ်းရသည် (၃၀)နီးပါး ရေကို တံပိုးနှင့် ထမ်းလေ့
ထမ်းထတော့မရှိ သို့သော် ကျနော်ရအောင်ထမ်းသည် အပြောမခံနိုင် အရိုက်မခံနိုင် သို့သော်
ထိုသို့ လုပ်နေရင်းနဲ့ အပြစ်ရှာရိုက်ဖို့ကြိုးစားလာရင် တော့ သည်းမခံနိုင်။ လူကပေါက်ကွဲခါနီး
ယမ်းအိုးကြီးလိုဖြစ်နေသည်။ ကျနော်တို့သည် ထိုအချိန်က သုံ့ပမ်းအကျဉ်းသားဘ၀။ ကျနော်
တို့မှန်သောဖက်က ရပ်ခဲ့သည် ထိုသို့ရပ်ခဲ့ခြင်းကိုပင် အုပ်ချူပ်သူများက မကြိုက် ထို့ကြောင့်ဖိ
နှိပ်မှုအပြင်းထန်ဆုံး လူတန်းစားအဆင့်အတန်းခွဲခြားခံရဆုံးသော အကျဉ်းသားဘ၀ကို ပို့လိုက်
သည်။ ကျနော်တို့ ရှုံး၍မဖြစ် စိတ်ဓါတ်လေလွင့်သွား၍မဖြစ်။ သို့သော်ထောင်ထဲမှာ ကိုယ်ကလူ
သစ် ကိုယ်တယောက်ထည်း စိတ်ဓါတ်ကျ၍မဖြစ်။

နံနက်(၁၀)နာရီမှာ ထမင်းစားရန် ကျနော်တို့ကို အလုပ်ရပ်နားခိုင်းလိုက်သည်။ ရေပုံးများကို စ
တိုခန်းထဲသေချာစွာ ပြန်သိမ်းပေးရသည်။ ထို့နောက်ကျနော်တို့ ထမင်းစားခွက်များယူနိုင်ခြင်း
ရေချိုးခြင်းများပြုလုပ်နိုင်ပေပြီ။ သို့သော်တခါတလေ ရေချိုးခွင့်မရ။ ညနေမှ ချိုးရသည်။ ထောင် ဥပဒေသည် ထို အဆောင်များတာဝန်ခံ တပ်ကြပ်ကြီး၏ မျက်နှာအလျှော့အတင်းနှင့်
တိုက်ရိုက်ပတ်သက်သည်။

ထမင်းစားရုံသို့ အကျဉ်းသားအားလုံး အဆောင်ရှေ့တွင်(၂)ယောက်တတွဲ တန်းစီ၍ အဆောင်
လှည့်ကျ ထမင်းစားရုံသို့သွားစားရသည် သွားစားသည့်အခါတွင်လည်း ထောင်ပုံစံ(၂)ယောက်
လက်ခြင်းတွဲထားရသည်။ ထိုင်ဆိုသည့်အခါ ထိုင်ရသည်။ ထောင်ပိုင်ထောင်မှုး ထောင်ထဲသို့
ဝင်လာသောအခါ အင်္ဂလိပ်လက်ထက်က ရေးဆွဲထားသော အကျဉ်းထောင်အက်ဥပဒေ လက်
စွဲ ထဲကအတိုင်း ဆောင်ကြောင့်ထိုင် အချူပ်ဆိုလျှင် ဘယ်လက်ကို ညာလက်ထပ် ထောင်ကျ
ဆိုလျှင် ညာလက်ပေါ်ကို ဘယ်လက်ထပ် ခေါင်းကို ၉၀ံ အောက်စိုက်ထားရသည့် ပုံစံထိုင်ခြင်း
ဖြင့်ထိုင်ရသည်။ စည်းကမ်းထိမ်းသိမ်းရေး သို့မဟုတ် တန်းစီးက ပုံစံဟုအော်လိုက်လျှင် အ
ကျဉ်းသားအားလုံး ပုံစံထိုင်၍ အရိုအသေပေးရသည်။ ထိုဥပဒေ ကို လွတ်လပ်ရေးရပြီးချိန်တွင်
ဖျက်သိမ်းလိုက်သည် ခုမှတဖန်ပြန်ကျင့်သုံးခြင်းဖြစ်သည်ဟုလည်း ပြောကြသည်။သေသေချာ
ချာတော့မသိ။

လူတွေကို ပဒေသရာဇ်ခေတ် ကျေးပိုင်ကျွန်ပိုင်ရှင်ခေတ်က ကဲ့သို့ နှိမ့်ချဆက်ဆံလိုက်ခြင်းသာ
ဖြစ်သည်။ ထိုဥပဒေ ကို အကျဉ်းထောင်လက်စွဲ ဥပဒေအရကျင့်သုံးသည်ဆိုလျှင် အကျဉ်းသား
များရပိုင်ခွင့် အခွင့်အရေးများကိုရော အပြည့်အ၀ ကျင့်သုံးခြင်းပြုလုပ်ပါသလားဆိုလျှင် မလုပ်
ပါ။ ထမင်းစားရုံသို့ (၁၀)ယောက်တသုတ် အယောက်(၂၀)တသုတ် ထမင်းစားရုံ တန်းစီး၏ အ
မိန့်ဖြင့် ထမင်းထိုးရသည် ပဲဟင်းထိုးရသည်။ ထမင်းက ပထမ တခါ ပေးမလောက်လျှင် နည်း
နည်းထပ်တောင်း၍ ရသည်။ ပဲဟင်းက နို့ဆီဘူးတခွက် ငပိကတော့ လုံးဝကို အရသာမရှိသည့်
ဈေးအပေါဆုံးငပိ အကျဉ်းသားအများစုက မစားနိုင် မစားနိုင်မှသာ ရိက္ခာဂိုဒေါင်ကိုင်ထောင်မှုး
မှ လျှော့ဝယ်နိုင်လေလေ အိပ်ထဲရောက်လေလေဖြစ်သည်။ ထိုငပိသည် သာမာန်ခွေးကလေး
များပင် ကျွေးလျှင်မစား။ သို့သော် လူစင်စစ်တို့သည် စားကြရသည်။ ထိုငပိက တစွန်းရမည်။

ညနေဖက်တွင် ပဲဟင်းအစား တာလပေါခေါ် ဟင်းချို ဟုခေါ်သော ဟင်းရွက်ပြုတ်ရည် ရသည်
သို့သော်စားစရာ မရှိ ထောင်ဝင်စာမလာနိုင်သော အကျဉ်းသားများအတွက် တို့စရာပြုတ် ဖြစ်
သည်။ မိမိအိမ်က ပို့ထားသော ငပိကျော် ငံပြာရည်ကျော်လေးများဖြင့် စားရသည်။ ထိုထမင်း
စားရုံထဲတွင် သစ်သားတန်းလျားကြီးများရိုက်ထားသည်။ တဖက်လျှင် လူ(၂၀)လောက် ကြပ်
ကြပ်တည်းတည်း ထိုင်လို့ရသည်။ ထမင်းစားချိန်တွင် စကားမပြေရ စကားပြောလျှင် ပြောသူ
ရောလက်ခံနားထောင်သူကော ရိုက်သည် စားနေရင်း စကားပြောမပြောကို စည်းကမ်းထမ်း
သိမ်းရေး တန်းစီးများက ကြည့်နေသည်။ ကိုယ့်ထမင်းကိုယ်စား စကားမပြောနဲ့ ကိုယ့်ထမင်း
ကိုယ်စား အော်နေသည် နေရာကြပ်ကြပ်ထဲ ဟိုဖက်နည်းနည်းလောက်တိုးပေးဖို့ပြောသည်ကို
တောင် စိတ်မထင်လျှင် နောက်ကရောက်နေသော ကြိမ်လုံးကိုင်ဆောင်ခွင့်ရသူများက ရိုက်
လျှင်ခံရသည်။

တခါတလေစည်းကမ်းထိမ်းသိမ်းရေးများက ကြိမ်လုံးဖြင့်ထောက်၍ ဘေးနည်းနည်းစိတ်ပေး
လိုက်ဆိုလျှင်လည်းစိတ်ပေးရသည် မြန်မြန်စားနောက်လူတွေစောင့်နေတယ် စကားမပြောနဲ့
ငါ -ိုး မသားတွေ မအေ-ိုးတွေ စားစရာရှိစား အမိန့်ပေးသံများကလည်း ဆူညံနေသည်။ တဖြန်း
ဖြန်းရိုက်နေသောအသံ ကိုယ်နှင့်မဆိုင်ရင် မကြည့်နဲ့စားစရာရှိစား အမှုတွဲသွားမယ် လို့ပြော
တာလည်းကြားရမည်။ ကျနော်ရောက်နေသော ပုသိမ်ထောင်သည် အကျဉ်းသား(၁၂၀၀) ခန့်
ထိုအချိန်ကရှိသည်။ တသုတ်ပြီးတသုတ် ကျွေးသည်။ မနက်(၈)နာရီခွဲ (၉)နာရီမှ စ၍ မနက်
(၁၁)နာရီခွဲ ထိကျွေးသည် ထိုအချိန်မှပြီးသည်။

ထိုသို့ ကျနော်ထမင်းရုံသို့ အိမ်ကပို့ထားသော ငပိကျော်လေး အမဲခြောက်ကျော်လေးထည့် င
ရုတ်သီးစိမ်းတောင့်လေးထည့် ပြီး ထမင်းထိုး ပဲဟင်းထိုး တနေရာလွတ်မှာ သိုသိုသိပ်သိပ်ဝင်
ထိုင်စားရသည်။ သို့သော်ကျနော်ကံကောင်းပါသည် ကျနော့်သူငယ်ချင်း ၀င်းမောင် က ထိုထ
မင်းရုံ တန်းစီး လူတကာကို လိုက်ရိုက်နေ၍ ကျနော်ကိုလည်းရိုက်တော့မလားထင်ရသည်။ သို့
သော် ၀င်းမောင်က ကျနော့်ကို မရိုက်ပါ အကာအကွယ်သာပေးသည်။ပဲဟင်းလိုက်ထပ်ထည့်
ပေးသည်။ ပဲဟင်းထိုးသူကလည်း အကောင် ထမင်းရုံတွင်အလုပ်ကျသည့်လူ။ သူနှင့်အဆင်
ပြေလျှင် ပဲဟင်း(၂)ပုံစံ တခါထဲထိုးပေးသည်။ တကယ်ကတယောက်တပုံစံ တပုံစံသည် နို့ဆီ
ခွက်ကို ကိုင်းတပ်ထားသည့် နို့ဆီခွက်တခွက်ဖြစ်သည်။ ပဲဟင်းထိုးသမားသည် ၀င်းမောင်က
ထည့်ပေးဆို ထည့်ပေးရသည်။ ကျနော်က ရိုးရိုးအကျဉ်းသားများထက် အခွင့်အရေးပိုမယူချင်
ယူရမှာလည်းရှက်သည်။ သို့သော်ဝင်းမောင် ကျနော် ပလပ်စတစ်ဇလုံကို မသွားပြီး ထည့်ယူ
လာသည်။ ကျနော်ဘာသာထပ်မတောင်းချင်။ ပဲဟင်းတခွက်အတွက် လူတကာကို မာန်မဲနေ
သူများကို မျက်နှာချိုမသွေးချင် ကျနော်တကယ်မငတ်သေးလို့လည်း ဖြစ်နိုင်သည်။

ကျနော် ထမင်းတလုပ် တုတ်တချက် စကားကို နားလည်သွားသည် ယခင်ကကြားပဲကြားဖူးခဲ့
သည် ခုမျက်ဝါးထင်ထင်မြင်နေရလေပြီ အများစုကြီးမှာ ထောင်ဝင်စာမလာနိုင်ကျသူများဖြစ်
သည်။ စိတ်ဆင်းရဲမှုဒါဏ် စိတ်ဖိစီးမှုဒါဏ် အနိုင်ကျင့်ခံရမှု အဟာရမပြည့်ဝမှု ပေါင်းစုံ ခံစားနေ
ကြရ၍ လားမသိ အသားအရေ မဲသွားသည် ခြောက်သွားသည် အသားပွလာသည်။ မျက်လုံး
တွေဝါလာသည် ဆံပင်တွေကျွတ်ကုန်သည် အမြဲညိုးညိုးငယ်ငယ်နေကြရသည် လူတကာကို
ကြောက်ရွံနေကြရသည်။ ထိုသို့ထမင်းစားရုံကို ထမင်းသွားစားဖို့ တန်းစီကြရင် စိုးဦးနဲ့ ခင်ဝင်း
အောင်ကိုသိကျွမ်းသွားသည်။ အတူသွားအတူစားဖြစ်လာသည်။

ထိုအချိန်က ကျနော်က ရေထမ်းဘုတ်တွင်ကျ၍ ခင်ဝင်းအောင်က ဒင်ဘုတ်တွင်ကျသည် စိုးဦး
က ဥယာဉ်စောင့် စိုးဦးက ပထမအကြိမ်ထောင်ထဲတွင် (၂)လခွဲ လောက်နေပြီး လွတ်ငြိမ်းချမ်း
သာခွင့်ဖြင့်လွတ်သွားသည်။ စိုးဦးက လူအေးလူပျော် အမေကိုချစ်သော သား အရက်ကလေး
ကလည်းသောက်တတ်သည် ဆေးခြောက်လည်း လက်မလွှတ် (၁၀)တန်းကျတော့ ကျောင်း
ဆက်မတက် မဖြေတော့ အလုပ်က အီးပီစီ မြို့နယ်လျှပ်စစ်ဌါနတွင် ရုံးအကူ အဖေက ဖိုမင်ကြီး
ဘ၀နှင့်ကွယ်လွန်ခဲ့၍ သူ့အကိုအရင်းက အဖေမဆုံးပါခင်ကပင် လျှပ်စစ်ဌါနတွင် အလုပ်ရခဲ့
သည်။ ထို့ကြောင့်အဖေဆုံးပါးသွားသောအခါ အလုပ်သမားတန်းလျားမှာ ဆက်နေခွင့်ရသည်။
အကိုကြီးက လူလွတ်လူပျိုကြီး။

စိုးဦး၏ ၀ါသနာက ဖဲ လောင်းကစား နောက်မူးယစ်ဆေး ရုံးအားရက်များတွင် သူဖဲဝိုင်းလိုက်ရှာ
သည် အမေ့ကို အပ်ထားသောလစာလေးထဲမှ ပြန်တောင်းပြီး ဖဲရိုက်သည်။ ဖဲကို ခဏခဏရှုံး
သည်။ သူ့ဘာသာကြားပေါက် အပြင်ကရလာသောငွေဖြင့်လည်းရိုက်သည်။ အမေကအဖေရှိ
စဉ်ကတည်းက အလုပ်သမားတန်းလျားမှာအိမ်ဆိုင်လေးဖွင့်ထားသည်။ အဖေမရှိတော့သော
ပညာရေးတပိုင်းတစနှင့် စိုးဦးကိုပါ လူကြီးတွေကထပ် အလုပ်သွင်းပေးခဲ့ခြင်းဖြစ်သည်။

စိုးဦးက ဟိုစပ်စပ်ဒီစပ်စပ် အဓိက ကတော့ဖဲဝိုင်း ဖဲဝိုင်းတွေ့လျှင် သူမနေနိုင် ထိုသို့ ဖဲဝိုင်းကို
ဝါသနာဖြင့်သွားနေရာမှ ဖဲလိမ်ချတာတွေကို သူသိလာသည် တတ်လည်း တတ်လာသည်
သို့သော်သူက သူများလိမ်သည်ကို ဘယ်လိုလိမ်လည်းသိချင်၍သာ သင်ထားခြင်းဖြစ်သည်။
သူကိုယ်တိုင်တော့ လိမ်မရိုက်သည့်သူ။

တနေ့ သူအားတဲ့ရက်ဖဲဝိုင်း တ၀ိုင်းသို့ရောက်သည် သူ့အတွက်နေရာတနေရာ တအိမ်စာရ၍ ၀င်ရိုက်ဖြစ်သည်။ ထိုဝိုင်းထဲတွင် သူနှင့်မျက်နှာစိမ်းသူ တယောက် ပါသည်။ ထိုသူကိုခေါ်လာ
သူမှာ ဆိပ်ကမ်းတ၀ိုက်တွင် ဗိုလ်ကျနေသော လက်ဝှေ့သမား လူမိုက် စိန်ဦး သို့သော် သူမသိ။


လူမိုက်များနှင့်လည်း အဆက်အစပ်မရှိ ထိုလူမိုက်စိန်ဦးက လက်ရဲဇက်ရဲ ထောင်ထဲဝင်လိုက်
အပြင်ပြန်ထွက်လိုက်နှင့် ထောင်ကိုခြင်ထောင်မှတ်သည့်သူ တချိန်က နာမည်ကြီးမြို့နယ်လက်
ရွေးစင်လက်ဝှေ့သမား စိုးဦးက လက်ဝှေ့လည်းဝါသနာမပါတော့ သူ့ကိုမသိ လူနှင့်နာမည်နှင့် မ
တွဲမိ နာမည်တော့ကြားဖူးသည်ပေါ့။ ထိုဖဲဝိုင်းမှာ စိန်ဦးခေါ်လာသောသူက ဖဲလိမ်ရိုက်သည်။
တကယ်က ဝေစုတူသူခြင်း ဖြစ်သည်။ ဖဲကိုလိမ်ရိုက်မည် အကြောင်းကြောင်းကြောင့်ပြဿနာ
ပေါ်လျှင် လူမိုက်စိန်ဦးအရှိန်ဖြင့် ဗိုလ်ဆက်ကျရန်လည်းဖြစ်သည်။

ဝိုင်းကလဲအရှိန်ရလာသည်။ ထိုသူဖဲလိမ်ရိုက်နေသည်ကို စိုးဦးကသိသည်သူကမလုပ်ရန်မျက်
နှာရိပ်မျက်နှာကဲဖြင့်သိကြောင်းပြောသည် မရ။ နောက်ဆုံး သူမခံနိုင် ဖဲဝိုင်းကိုသိမ်း၍ ရှုံးထား
သော ပိုက်ဆံပြန်ပေးရန်တောင်းသည်။ ထိုအချိန်မှာ စိန်ဦးနှင့် သူညှိသည် စိန်ဦးက ဒါရိုးရိုးက
စားတာ ပြန်ပေးရအောင်မင်းက ဘာကောင်လဲဟုဖြဲသည်။ စိုးဦးက ဘာမှမပြော ခါးထဲမှာအမြဲ
ဆောင်တတ်သော ဓါးမြှောင်ဖြင့် တချက်ထဲပဲထိုးသည်။ ဆေးစာမှာ ၀ဲဖက်နှလုံးအိမ်ကို စူးချွန်
သော ဓါးလက်နက်ဖြင့် ထိုးစိုက်ခဲ့ခြင်း ဖြစ်သည်။ အော်တောင်မအော်နိုင် စိုးဦးကလက်မြန်
သည်။ ဓါးနှင့်ထိုးပြီး စိန်ဦးလဲကျသွားချိန် စိန်ဦးခေါ်လာသော ဖဲလိမ်ရိုက်သူထံမှ ပိုက်ဆံအရင်း
ပြန်တောင်းသည်။ ရှုံးနေသူများကို ပြန်ခွဲပေးသေးသည်။ ထိုသူဘာမှမပြောရဲတော့ပါ။ စိုးဦးက
ငယ်ငယ်ထဲက ဓါးဆောင်တတ်သည်။ ဓါးရှိလျှင် သူအားရှိသည်။လုံခြုံသည်ဟု သူခံစားရသည်
သို့ပေမဲ့ ထိုသို့သူဓါးကိုင်ဆောင်တတ်တာကို ဘယ်သူမှမသိ။ မသိအောင်ကိုင်သည်။ စိန်ဦး
တော့သေပြီဆိုတော့မှ ဒါစိန်ဦးလားလို့ မေးမိသည်။

အိမ်ရှင်ကို ရဲစခန်းကို အကြောင်းကြားရန် ကျနော်အဖမ်းသွားခံမည့်အကြောင်းပါ ရဲကိုပြောရန်
ပြောသည် အိမ်ခဏပြန်မည် ဆိုပြီး အိမ်ပြန်ရေမိုးချိုးသည် ထမင်းစားသည်။ အမေကမသိ ရဲ
တွေအိမ်ရှေ့သို့ရောက်လာမှ အမေ ကျနော်လူတယောက်ကို သတ်လာတယ် ခုအဖမ်းခံလိုက်
သွားတော့မယ် လို့ပြောသည်။ အမေက ရဲတွေတွေ့လို့သာ ယုံလိုက်ရသည်။သူခဏခဏပြော
သည် အဲ့သည်နေ့က အမေရဲ့ အံ့သြပြီး တခုခုကိုယူကျူံးမရ ဖြစ်သွားတဲ့မျက်နှာကို သူမမေ့နိုင်။

သို့သော်သူကံကောင်းသည် သူအချူပ်အကျဉ်းသား ဘ၀နှင့်(၂)လခွဲခန့် နေပြီးချိန်တွင် အချူပ်
အကျဉ်းသားအားလုံး အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ထဲ ပါသွားသည် (၄၅)ရက်အတွင်း တ
ရားပြန်လည် စွဲဆိုခြင်းမရှိပါက အပြီးလွတ်သည်။ စိန်ဦးမိသားစုဖက်က ကျေအေး၍ သူကွင်း
လုံးကျွတ်လွတ်သွားသည်။

ထိုထောင်ကလွတ်လာသည့် ရက်များအတွင်း သူကောင်းကောင်းမွန်မွန်နေသည်။ အရက်
လည်းသောက်ချင်စိတ် မရှိ ဖဲလည်းမရိုက်ချင်တော့ အမေသဘောတူသော ကောင်မလေးနှင့်
ရုပ်ရှင်တွေဘာတွေသွားကြည့်သည်။ သီတင်းကျွတ်ရင် အိမ်ထောင်ပြုရန် အမေကနားချသည်
သူကလည်း ထိုကောင်မလေးကို သဘောကျသည် သူထက်ငါးနှစ်ခန့်ငယ်သည်။ သူတို့လျှပ်
စစ်မိသားစုဝင်းထဲကပင် ကောင်မလေးက ဆယ်တန်းအောင်ပြီး သမ၀ါယမရုံးမှာ အလုပ်ရှိ
သည် သူ့အမေကိုချစ်သည် သူ့အမေကလည်း ချစ်သည် အိမ်ခန်းခြင်းက မျက်စောင်းထိုးနေ
လာကြသည့် ဓါတ်သိတွေ စိုးဦးအနေတည်တာ ပျော်တတ်တာ တ၀န်းလုံးဘယ်သူဖြစ်ဖြစ်တဲ့
တာ ခင်မင်တတ်တာ ရှိသည်။ စိုးဦးမှာမကောင်းတာက ဖဲ တခါတလေအရက်။ မိန်းမကိစ္စကင်း
သည် သူ့အမေကလွဲ၍ သူဘယ်မိန်းကလေးကိုမှ မချစ်ဖူးဘူး ခုအရက် ဖဲ ပြတ်သွားပြီ နောင်တ
လည်းရသွားပြီ သူကကောင်မလေးကို သဘောကျခြင်းမှာ သူ့အမေကသဘောကျ၍ ဖြစ်
သည်။

ကောင်မလေးက ရိုးရိုးအေးအေးနေတတ်လာလည်း သူ သဘောကျသည်။ ဘာပဲဖြစ်ဖြစ် သ
တင်းကျွတ်လျှင် သူ့အမေကသူတို့(၂)ယောက်ယူဖို့ စီစဉ်ပြီးသား ကောင်မလေးမိဘတွေနှင့်က
လည်း(၂)အိမ့်(၁)အိမ် ထို့ကြောင့်သူနဲ့ ရုပ်ရှင်သွားကြည့်ကြခြင်းဖြစ်သည်။ ရုပ်ရှင်ကြည့်သည်
ဆို၍ အထင်မကြီးကြပါနှင့် ရိုးရိုးရုပ်ရှင်ကြည့်ခြင်းသာဖြစ်သည်။ သူငယ်ချင်းများ အသိများနှင့်
ဆုံသောအခါ သူရှက်အန်းအန်းတော့ဖြစ်သည်။ ရုပ်ရှင်ရုံထဲတွင် ရုပ်ရှင်ကိုစိတ်ဝင်တစား သူ
ကြည့်ဖြစ်သည်။ ထိုအချိန်က နာမည်ကြီးရုပ်ရှင် (ဦး)ကျော်ဟိန်းနှင်(ဒေါ်)့ ချိုပြုံးကား“မွန်း
တည့်ချိန်မှာနေ၀င်သည်” ကျော်ဟိန်းက ဆိုက်ကားသမားအဖြစ် ချိုပြုံးက ပြည့်တံဆာ သူတို့
နှစ်ဦးပြန်ဆုံတဲ့အခန်း မှာ ချိုပြုံးကဇာတ်ဝင်းခန်းအရ ကျော်ဟိန်းဆိုက်ကားကို ငှါးစီးရင်း“ ဒီ
မှာ ဖိုးကျော် တို့တွေခု မှပဲပြန်ဆုံတော့တယ်ဟာ နင်ကတော့ သိမလားမသိဘူး ငါကတော့
လောကကြီးကို အရွဲ့တိုက်လိုက်တာ လောကကြီးကတော့ ဘာမှမဖြစ်ဘူး ငါကတော့ နင်မြင်
တဲ့အတိုင်းပဲ ဖာ ဖြစ်သွားပြီ” တဲ့ ထိုစကားပြောခန်းပါသည်။

သူထိုကားကို ကြိုက်သည် ဘ၀သရုပ်ဖေါ်ဇာတ်ကား ဒါပေမဲ့သူ ရုပ်ရှင်ကြည့်ရင်း သူရင်ခုန်နေ
သည်။ တခါမှ သူမဖြစ်ဖူး သူ့ကနေကြာစေ့ကွာစေ့မစား ရုပ်ရှင့်ရုံထဲမ၀င်ခင် ဆေးလိပ်သောက်
သည် ကောင်မလေးကတော့ နေကြာစေ့ ဇီးထုတ် ကွာစေ့တွေဝယ်သည် သူလည်းဘေးက
လိုက်လာသည်။ ရုပ်ရှင်ရုံထဲမှာ သူစားဖို့ ကော်ဖီ သကြားလုံးလေး ကို အခွံခွာကြွေးသည် သူ
သိသိသာသာရင်ခုန်နေခဲ့သည်။ နှစ်ကြိမ်တိတိ သူပျော်လည်းပျော်နေသည်။ ပျော်ရင်ခုန်ကြီး
ဖြစ်နေသည်။ သူကကောင်မလေးကို ချစ်သည်ဟုမပြော ကောင်မလေးကလည်း စဉ်းစားဦး
မယ်လေလို့ မပြော။ အိမ်ပြန်ရောက်တော့ ကောက်မလေး လက်ကလေးကိုတောင် သူဆုပ်
ကိုင်မလာခဲ့မိတာကို နောင်တရနေသည်။

သူထောင်ကလွတ်လာထဲက အမေ့ကိုဈေးကူရောင်းပေးသည် ဈေးဝယ်ပေးသည် ဟင်းချက်
ပေးသည် လက်ဖက်ရည်တောင်ထွက်မသောက်ဖြစ်တော့ မင်္ဂလာဆောင်ရင် ပိုက်ဆံအကုန်
အကျများမှာမို့ သူချွေတာနေသည်။ သို့သော် ကံကြမ္မာကတော့ မညှာတာ ရက်စက်စရာရှိရင်
ရက်စက်သည်။

5 comments:

Ko Toe Gyi ( Multiply Boo Boo Gyi ) November 10, 2009 at 6:09 PM  

သေသေချာချာဖတ်သွားခဲ့ ပါတယ် ဦးချစ်ဖေ

ကိုချစ်ဖေ November 10, 2009 at 10:26 PM  

ကြိုဆိုပါတယ် ဦးတိုးကြီး အမြဲတမ်း လာရောက်အားပေးသော ဦးတိုးကြီးကို စာဖတ်သူတသိန်း အင်အားကဲ့သို့သဘောထားပြီးရေးချင်သည်များကိုရေးနေပါကြောင်း

pandora November 11, 2009 at 5:25 AM  

၁ ကနေ ၅ အထိ ပြန်ဖတ်သွားတယ်
ထောင်ဆိုတာ လူ့အသိုင်းအ၀ိုင်းအတွက် အန္တရာယ်ရှိသူတွေမို့သာ အပြစ်ပေးတဲ့အနေနဲ့ သီးသန့်ချုပ်နှောင်ထားပြီး လူကောင်းဖြစ်အောင် ပဲ့ပြင်ပေးရမယ့် နေရာပဲဖြစ်သင့်တာပေါ့လေ.. ဒါပေမယ့်လည်း အားလုံးသိကြတဲ့အတိုင်း...။

စောင့်ဖတ်နေပါတယ်။ ဖြည်းဖြည်းရေးပါ။

ဆောင်းယွန်းလ November 11, 2009 at 5:05 PM  

ကိုချစ်ဖေရေ..ထောင်အတွေ့အကြူံက အမှတ်၅တောင်ရောက်သွားပြီလား...ကျနော့်ရဲ့အရှုပ်အထုပ်များနေမှုများ..စိတ်နဲ့ကိုယ်မကပ်ဖြစ်နေခြင်းများအတွက် စာတွေလာမဖတ်နိုင်ခဲ့ဘူးဗျာ....
ဒီရက်ပိုင်းမှာ ဘာတွေဇြစ်နေမှန်းမသိလို့ မရောက်ဇြစ်တာကိုခွင့်လွှတ်ပါဗျာ

Sint Si November 12, 2009 at 2:58 PM  

Thanks for sharing your experiences.

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP