Saturday, December 12, 2009

ကျမ်းမာရေး

ကျမ်းမာရေး

ဒီလိုပါပဲဗျာ.ခင်ဗျားက ခင်ဗျားမဟုတ်သလို တိမ်းစောင်းခဲ့မှတော့ မျက်ခင်းစိမ်းစိမ်းတွေလည်း
သိပ်မလန်းတော့ပါဘူး ကလေးလေးတွေလက်ထဲက လွတ်ထွက်သွားတဲ့ ရောင်စုံဗူးဗေါင်းလေး
တွေကိုငေးရီရင်း ဘ၀မှာဘာမှ မယ်မယ်ရရမဖြစ်ချင်တော့တာကြာပါပြီ.အမေကျမ်းမာရေး မ
ကောင်းဘူးတဲ့ ဗိုက်တွေရောင်တယ်တဲ့ ခြေထောက်တွေဖေါတယ်တဲ့ သားကဆယ်စုနှစ် ၂ ခု
စာအိမ်က ထွက်သွားတယ်တဲ့


ဒီလိုပါပဲညီမလေးရာ.နင်ထောင်ဝင်စာထုတ်ကလေးကိုင်လို့ ငါ့ကိုကြည့်နေတုန်းက အကြည့်ကို
ငါသတိရလိုက်တာ.ငါကတော့ တသက်စာထိုင်ကြည့်နေရတဲ့ကောင်ပါ ဘဲဥတလုံး ၂၀၀ လက်
ဖက်ရည်တခွက် ၃၀၀ ထက် ဆန်တပြည်ဖိုးတိုးတိုးလာနေ တယ်တဲ့.အောက်တိုဘာ မြောက်
ပြန်လေဖျော့ဖျော့ကို ခိုစီးလာတဲ့ ရွှေဝါရောင် စပါးခင်းကြီးတွေလဲ မလန်းတော့ပါဘူးကွယ်.
ငါတို့တွေကကော ဖေါင်စီးရင်းဘာလို့ ရေငတ်နေကြရတာလဲ.တို့ဇာတိမှာ မှ ရေတိုင်းငံသလား
ဟာ.ငတ်တယ်ငတ်တယ် ငါငတ်တယ်.ငါကတော့အကြိမ်ကြိမ်ငတ်ကြီးကျနေတဲ့ကောင်ပါ.

နင့်လက်လေးတွေရဲ့ ကျမ်းမာရေးကို ငါဆုတောင်းပေးပါတယ် ငါဘာမှမလုပ်နိုင်တဲ့အခါမှ ဆု
တောင်းခြင်းကို မလုပ်ချင်ပါဘူးဟာ.ငါအဝေးက ပြန်ရောက်စ နင်လက်လေးတွေရောင်လို့ နင်
ငိုတော့အနာဂါတ်ကို နင် တွက်ငိုခဲ့တာ ငါမသိခဲ့ဘူး ငါဟာ ထုံထုံအအကောင်ပါ နုံ့နုံ့ချာချာ
ကောင်ပါ ပိုက်ဆံတပြားမှ မရှိလည်း သိက္ခာရှိချင်သေးသတဲ့.ဘာမှန်းမသိတဲ့ကောင်ပါ မိုက်
မိုက်မဲမဲကောင်ပါ.ကောင်းကင်ကိုဖူးချင်လို ထွက်ခဲ့တဲ့ခရီး မှာ နေကြာတခင်းထဲမှာ ဆိုက်ပရပ်
လမ်းကအပြန်မှာ အာလူးစားသူတွေရဲ့မျက်လုံးတွေထဲမှာ အမှန်တရားကို ထည့်ထားဖို့ ပန်းချီ
ဆွဲခဲ့တယ်ဆိုရင် ငါက ဘာဆွဲရမှာလဲဟာ.နင့်အတွက်က အားလူးဆိုတာ ဟင်းဦး.ဟင်းဖျား.

နိုင်ငံရေးတွေ မပါချင်ပါဘူးဟာ..နိုင်ငံရေးတွေက ငါတို့မျိုးဆက်တွေကို ဆွဲထည့်တာပါ တော
ကျောင်းဆရာလေးကို ဆွဲထည့်တာပါ ရုံးစာရေးမလေးရဲ့ သားအကြီးကောင်လေးကို ဆွဲခေါ်
သွားတာပါ စိတ်ကူးယဉ်တတ်တဲ့ ကောင်မလေးရဲ့ ကောင်လေးကို ဆွဲခေါ်သွားတာပါ အရက်
ဆိုင်အိုလေးကို ဆွဲထည့်သွားတာပါ စာသင်ခန်းခေါင်မိုးလေးကို ဆွဲထည့်သွားတာပါ ကလေး
တွေကို စစ်ထဲ ထားခဲ့တာပါ အမေ့ကို ငါကထားခဲ့တာပါ

မငိုပါနဲ့ဟာ. ဥာဏ်အားနဲ့ လုပ်မစားနိုင်တဲ့ကောင် ကျမ်းမာရေးမကောင်းတဲ့ အခါအများသူငါလို
ရောင်းမကောင်းတဲ့ ၀က်သားတုတ်ထိုးသည်လေးလို အထည်ချူပ်စက်ရုံက ကောင်မလေးလို
ပင်စင်စားစာရေးကြီးတယောက်ရဲ့ ချို့ငဲ့ငဲ့ ရှိမှုတွေလို နာကျင်အသားမာ တက်နေတဲ့ နင့်လက်
ကလေးလို လို………လို..

6 comments:

ကိုလူထွေး December 12, 2009 at 4:46 AM  

ဒီလိုပါပဲ ကိုချစ်ဖေရာ...

ခေတ်ပျက်ထဲမှာ လူဖြစ်လာတော့ စနစ်ရဲ့သားကောင်ဖြစ်ဖြစ်သွားကြတာ...

Moe Cho Thinn December 12, 2009 at 4:00 PM  

ချိုသင်းတို့တွေအားလုံး ကျန်းမာရေးချို့တဲ့ကုန်ပြီ ထင်ပါရဲ့..
ဖတ်ပြီး စိတ်မကောင်းဘူး။

ရွှေရတုမှတ်တမ်း December 13, 2009 at 4:51 PM  

ဒီessay တော့ကြိုက်သဗျား
ရင်ထဲမှာ စူးစူးနစ်နစ်ခံစားရတယ်

ဆောင်းယွန်းလ December 13, 2009 at 6:02 PM  

အကိုရေ..ဟိုလိုလို ဒီလိုလိုနဲ့ပဲ လိုလိုတွေလည်း တော်တော်ထပ်နေခဲ့ပြီဗျာ.....

Anonymous,  December 14, 2009 at 2:27 AM  

တော်တော်လေး ရင်ထဲထိ ရောက်သွားပါတယ်... အဲဒီ့ လိုလို တွေကြားထဲမှာပဲ တဝဲလည်လည် နေရအုံးမှာပါပဲ....

ကလူသစ် December 15, 2009 at 8:23 AM  

မျက်စိလည်ပြီး ရောက်လာတယ်ထင်လို့ အိမ်ပြန်လာပို့တာ။ အိမ်ထဲထိုင်ပြီး ရှေ့ကြောင်း နောက်ကြောင်းလှန်လှောသွားပါတယ်ဗျာ။

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP