Thursday, December 17, 2009

အုတ်ဂူထဲက လာတဲ့စာ

Letter from the Grave
(မိုးမခမှ ကူးယူဖေါ်ပြပါသည်။ ခုရက်များအတွင်း ကိုချစ်ဖေ ပြန်ဖတ်ပြန်ခံစားမိတာတွေပါ )


သီရိလင်္ကာမှ နာမည်ကျော် သတင်းစာအယ်ဒီတာ Lasantha Wickramatunga သည် မကြာသေးမီက လုပ်ကြံခံခဲ့ရသည်.


အုတ်ဂူထဲက လာတဲ့စာ
ကေ ဘာသာပြန်သည်
ဇန်န၀ါရီ ၂၄၊ ၂၀၀၉



ပြီးခဲ့တဲ့ ကြာသပတေး နေ့က သီရိလင်္ကာ နိုင်ငံရဲ့ The Sunday Leader သတင်းစာ အယ်ဒီတာ တယောက်ဖြစ်တဲ့ အသက် ၅၂ နှစ် အရွယ် Lasantha Wickramatunga ဟာ အလုပ်ကနေ အိမ်အပြန်ခရီးမှာ မော်တော်ဆိုင်ကယ်စီး သေနတ်သမား ၂ယောက်ရဲ့ ပစ်ခတ် သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်။ The Sunday Leader သတင်းစာရဲ့ စုံစမ်းဖော်ထုတ် ရေးသားချက်တွေဟာ လက်ရှိ အစိုးရနဲ့ သူ့ရဲ့ တမီးလ် ခွဲထွက်ရေးသမားများအပေါ် ဆင်နွှဲနေတဲ့ စစ်ကို ပြင်းပြင်းထန်ထန် ဝေဖန် ထောက်ပြမှုတွေ ရှိခဲ့တယ်။ ဝစ်ကရာ ကိုယ်တိုင်ကိုလည်း အရင်ကတည်းက တိုက်ခိုက်ခံရတာတွေ ရှိခဲ့ဖူးပါတယ်။ သူကလည်း သူ လုပ်ကြံ ခံရနိုင်တယ်ဆိုတာ သိတဲ့အတွက် သူသေသွားခဲ့ရင် ဖော်ထုတ် တင်ပြဖို့ စာတစောင် ရေးထားခဲ့တာပါ။ ဒီနေ့ပဲ အဲဒီ စာကို သူရဲ့ မိတ်ဆွေ တချို့ဆီကနေ ရခဲ့တာပါ။ အပြည့်အစုံကို အောက်မှာ ဖတ်ကြည့်ပေးပါ။ ဒီစာဟာ ခင်ဗျားတို့ ဒီနေ့ ဖတ်လိုက်ရတဲ့ တခြားစာတွေနဲ့ လုံးဝ ကွဲပြားခြားနားတယ်လို့ ကျနော် ပြောပါရစေ။



သမိုင်းနောက်ခံ အကျဉ်းချုပ်ကတော့ သီရိလင်္ကာ အစိုးရဟာ နိုင်ငံရဲ့ လူများစု ဖြစ်တဲ့ ဆင်ဟာလိမျိုးနွယ်တွေရဲ့ ထောက်ခံမှုကို ရထားတယ်။ လူနည်းစု တမီးလ် မျိုးနွယ်တွေကို ကိုယ်စားပြုနေတဲ့ ခွဲထွက်ရေး စစ်သွေးကြွ အုပ်စုတွေနဲ့ စစ်ခင်းနေခဲ့တယ်။ ၁၉၈ဝ ပြည့်နှစ်လွန်ကတည်းက ဖြစ်ပါတယ်။ အခု နှစ်များ အတွင်းမှာတော့ အမေရိကန် နဲ့ တချို့နိုင်ငံတွေက အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ တမီးလ်ပျောက်ကျားသူပုန် (LTTE) နဲ့ အစိုးရအကြား စစ်ပွဲ ပုံစံကနေပြီး ပြိုင်ပွဲများ ပုံစံ ဖြစ်လာပါတယ်။ တမီးလ် ပျောက်ကျားတွေကလည်း တမီးလ် ပြည်သူတွေရဲ့ ခံစားချက်ကို ထင်ဟပ် သလိုလို ပြောဆိုပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေကတော့ ကလေးစစ်သား အသုံးပြုမှုတွေ၊ အသေခံ ဗုံးခွဲမှုတွေနဲ့ တခြား သွေးပျက်ဖွယ်ရာများသာ ဖြစ်နေပါတယ်။ အပြန်အလှန် တိုက်ခိုက်ခဲ့ကြစဉ်က ဆင်ဟာလိ လူမျိုး ထောင်ပေါင်း များစွာ အသတ်ဖြတ်ခံခဲ့ရသလို အခုလည်း အစိုးရကလည်း တမီးလ်လူမျိုးများကို လက်စတုံး သတ်ဖြတ်မှုတွေ မရေတွက်နိုင်အောင် လုပ်နေပါတယ်။

အခု ဝစ်ကရာရဲ့ စာထဲမှာ ရည်ညွှန်းထားတဲ့ လက်ရှိ သမ္မတ မဟင်ဒါဟာ လူ့အခွင့်အရေးနဲ့ ပြုပြင် ပြောင်းလဲရေးတွေ လုပ်မယ် ဆိုပြီး အာဏာရယူခဲ့သူ တယောက်ပါ။ သို့သော်လည်း အခု လက်ရှိမှာတော့ တမီးလ်ပျောက်ကျား ပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ သီရိလင်္ကာတပ်တွေဟာ စာနယ်ဇင်း သတင်းသမားတွေကို တင်းတင်း ကြပ်ကြပ် ကန့်သတ်ပြီးမှ တမီးလ်နယ်မြေတွေထဲကို သွားခွင့် ပြုခဲ့တယ်။ ဒေသခံ စာနယ်ဇင်းသမားတွေကိုလည်း စစ်ဆင်ရေးကို သစ္စာဖောက်တယ်လို့ စွပ်စွဲပါတယ်။ အဲဒီလို မဟုတ်တမ်းတရား စွပ်စွဲချက်တွေနဲ့ သူတို့ကိုရော ရုံးခန်းတွေကိုပါ တိုက်ခိုက်ဖို့ အကြောင်းရှာခဲ့တာဖြစ်တယ်။ ဝစ်ကရာ ကလည်း သူ အသတ်ခံရလိမ့်မယ်လို့ သိနားလည်ထားပြီး အဲဒီလို လုပ်ကြံမှု အတွက် တာဝန်ရှိတဲ့သူဟာလည်း အစိုးရ ကိုယ်တိုင်ပဲ ဖြစ်လိမ့်မယ် ဆိုတာ သိထားပါတယ်။

သီရိလင်္ကာက ထုတ်ပြန်တဲ့ သတင်းတချို့အရ အစိုးရက ဝစ်ကရာ အသတ်ခံရမှုကို ရှုတ်ချလိုက်ပြီး စုံစမ်းမှုတွေ ပြုလုပ်ဖို့လည်း အမိန့် ထုတ်ထားတယ်လို့ ဆိုပါတယ်။ သီရိလင်္ကာ စာနယ်ဇင်းသမားများနဲ့ လူအချို့ကတော့ ဒီနေ့ မြို့တော် ကိုလံဘိုမှာ အသံတိတ် ချီတက် ဆန္ဒပြကြတယ်။ ပြင်သစ် အခြေစိုက် နယ်စည်းမထား သတင်းထောက်များ အသင်း ကတော့ ဆန္ဒပြချီတက်ပွဲကို ထောက်ခံလိုက်ပြီး `ဝစ်ကရာ အသတ်ခံရခြင်း အတွက် လက်ရှိ မဟင်ဒရာ အစိုးရနှင့် အပေါင်းအပါများတွင် တိုက်ရိုက် တာဝန်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဝစ်ကရာ အပေါ် မုန်းတီးမှုများ ဖြစ်ပေါ်ရန် လှုံ့ဆော်ခဲ့ကြပြီး စာနယ်ဇင်းများအပေါ် ထိပါး စော်ကားမှုများကိုလည်း မပြစ်မယူဘဲ ကြည့်နေခဲ့ကြသောကြောင့် ဖြစ်သည်´ လို့ စာထုတ်ပြန်ပါတယ်။

ဒါကတော့ သူ့ရဲ့စာပါ။
ဘယ်အတတ်ပညာကမှ သူ့ရဲ့ ပညာရှင်တွေကို ဖန်တီးမှုအနုပညာနဲ့ လက်နက်ကိုင် အင်အားစုတွေကို ကူညီလိုက် ဆိုပြီး အသက်စွန့်ခိုင်းမှာ မဟုတ်ပါဘူး။ သီရိလင်္ကာမှာ ဆိုရင်တော့ စာနယ်ဇင်းပညာ ပေါ့။ သိပ်မကြာခင်နှစ်တွေတုန်းက လွတ်လပ်တဲ့ သတင်းဌာနတွေ တိုးမြှင့် တိုက်ခိုက်ခံလာရတယ်။ မီးရှို့ခံရတယ်၊ ဗုံးခွဲခံရတယ်။ ချိတ်ပိတ်ခံရတယ်။ အကြပ်ကိုင်ခံကြရတယ်။ မရေတွက်နိုင်တဲ့ သတင်းသမားတွေလည်း အနှောင့်အယှက် ပေးခံရတယ်။ ခြိမ်းခြောက်ခံရတယ်။ အသတ်ခံခဲ့ရတယ်။ အဲဒါတွေ အားလုံးကို ခံခဲ့ရတဲ့ အတွက်လည်း ကျနော် ဂုဏ်ယူပါတယ်။ အထူးသဖြင့် နောက်ဆုံး တခုပေါ့။

ကျနော်ဟာ စာနယ်ဇင်းလောကမှာ အဆင်ပြေပြေနဲ့ အချိန်အတော်ကြာ လုပ်ခဲ့ပါတယ်။ တကယ်တော့ ၂ဝဝ၉ ဟာ The Sunday Leader ၁၅ နှစ်မြောက်တဲ့ နှစ်ပါ။ ဒီအချိန်ပဲ သီရိလင်္ကာမှာ အများကြီး ပြောင်းလဲခဲ့တယ်။ တော်တော် များများဟာ အဆိုးဖက်ကို ပြောင်းတယ် ဆိုတာကိုတော့ ပြောစရာ မလိုတော့ပါဘူး။ ကျနော်တို့တွေဟာ သွေးဆာနေတဲ့ ဦးဆောင်သူတချို့ရဲ့ ရက်ရက် စက်စက် ချေမှုန်း သတ်ဖြတ်တာတွေနဲ့ ပြည့်နှက်နေတဲ့ ပြည်တွင်းစစ်ကြီးထဲ ရှိနေကြတယ်။ အကြမ်းဖက်မှု ဆိုတာကို အကြမ်းဖက်သမားတွေကပဲ ဖန်တီးဖန်တီး၊ အစိုးရတွေ ကိုယ်တိုင်ကပဲ လုပ်ဆောင်လုပ်ဆောင် ယနေ့ ကမ္ဘာမှာတော့ ဖြစ်စဉ်တခု ဖြစ်နေခဲ့ပါပြီ။ တကယ်တော့ သတ်ဖြတ်ခြင်းဟာ အခြေခံ လက်နက်တခုလို ဖြစ်လာနေတာပါ။ ဒီလိုနဲ့ နိုင်ငံတွေဟာ လွတ်လပ်မှုရဲ့ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေကို ထိန်းချုပ်ဖို့ ဖြစ်လာရတော့တာပဲ။ ဒီနေ့ သတင်းသမားတွေ ဖြစ်မယ်။ နက်ဖန် တရားသူကြီး ဖြစ်မယ်။ ဘယ်လိုလူမျိုးအတွက်မဆို စွန့်စားမှုတွေ ဒီ့ထက်ပိုများမှာ မဟုတ်တော့ပါဘူး ဒါမှမဟုတ် လောင်းကြေးက ဒီ့ထက် ပိုနည်းမှာ မဟုတ်တော့ပါဘူး။

ဒါဆို ကျနော်တို့ ဘာလို့ လုပ်နေကြတာလဲ။ တခါတခါ ကျနော်လည်း စဉ်းစားမိပါတယ်။ ကျနော်ကိုယ်တိုင်လည်း အိမ်ထောင်ရှင် တယောက်၊ ချစ်စရာကောင်းလှတဲ့ ကလေးသုံးယောက်ရဲ့ ဖခင်ပါ။ ကျနော့်မှာလည်း တရားဥပဒေ နဲ့ စာနယ်ဇင်းလုပ်ငန်း ဆိုတဲ့ အလုပ်တာဝန်ထက် မကတဲ့ မိသားစုတာဝန်နဲ့ လုပ်ဆောင်ရမှာတွေ ရှိတာပါပဲ။ ဒီလို စွန့်စားဖို့ တန်ရဲ့လား။ လူအများကတော့ မတန်ဘူးလို့ ပြောကြတယ်။ မိတ်ဆွေတွေကလည်း ပိုကောင်းတဲ့ ပိုလုံခြုံတဲ့ တရားရေးဘက်မှာပဲ ပြန်ထမ်းဆောင်ဖို့ ပြောကြတယ်။ နှစ်ဖက်စလုံးက နိုင်ငံရေး ခေါင်းဆောင်တွေ အပါအဝင် တချို့ဆို နိုင်ငံရေးထဲ ဝင်ဖို့ထိ၊ နောက်ဆုံး ကြိုက်တဲ့ဝန်ကြီးဌာနယူဖို့အထိ ပြောလာ ကမ်းလှမ်းလာကြတာတွေ ရှိပါတယ်။ သံတမန်တွေက ဆိုရင်လည်း သီရိလင်္ကာမှာ ရင်ဆိုင်နေရတဲ့ စာနယ်ဇင်းသမား တယောက်ရဲ့ မလုံခြုံမှုကို အသိအမှတ်ပြုပြီး လုံခြုံတဲ့လမ်းကြောင်းတွေ နိုင်ငံသား အခွင့်အရေးတွေတောင် ပေးကြပါတယ်။ ဘယ်လို အကြောင်းနဲ့မှ ကျနော် ကုပ်ကပ်နေရမှာလဲ။ ရွေးချယ် မျှော်မှန်းချက် တခု အတွက် ဖက်တွယ်နေတာ မဟုတ်ပါဘူး။ ရာထူးအဆင့်အတန်း၊ ကျော်ကြားမှု၊ ငွေ ဆိုတဲ့ ခေါ်သံတွေကလည်း ရှိနေပါတယ်။ ဒါပေမဲ့ ဒါက အသိတရားရဲ့ ခေါ်သံပါ။

The Sunday Leader ဟာ အငြင်းပွားဖွယ်ရာ သတင်းစာတစောင်ပါ။ ဘာဖြစ်လို့လဲ ဆိုရင် ကျနော်တို့က ကျနော်တို့မြင်တဲ့အတိုင်း ပြောလို့ပါ။ သူခိုးပဲဖြစ်ဖြစ် လူသတ်သမားပဲ ဖြစ်ဖြစ် ကျနော်တို့က ဒီအတိုင်း နံမယ်ပေးလိုက်တာပါပဲ။ စကားလုံး နုလှတွေနဲ့ ဖုံးကွယ်မထားပါဘူး။ စုံစမ်း ဖော်ထုတ်ထားသမျှ ဆောင်းပါးတွေဟာလည်း သက်သေ စာတမ်း အပြည့်အစုံနဲ့ပါ။ ကြီးမားတဲ့ စွန့်စားမှုတွေ ကြားထဲက အဲဒါတွေကို ရောက်အောင် ပို့ပေးကြတဲ့ ပြည်သူ့စိတ်ဓာတ် အပြည့်ရှိတဲ့ နိုင်ငံသားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော်တို့ဟာ အရှုပ်တော်ပုံတွေကို တခုပြီး တခု ဖော်ထုတ် တင်ပြခဲ့ပါတယ်။ ဒီ ၁၅ နှစ် အတွင်းမှာ မှားယွင်းမှု ရှိတယ်လို့ ဘယ်တစုံတယောက်ကမှ သက်သေ မပြနိုင်ခဲ့သလို တရားလည်း အစွဲ မခံခဲ့ရပါဘူး။

စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် ဆန္ဒထုတ်ဖော်နေသူ သီရိလင်္ကာ သတင်းသမားတဦး (photo: Reuters)


လွတ်လပ်တဲ့ သတင်းဌာနတွေဟာ ကြေးမုံ မှန်တချပ်လိုပါပဲ။ အဲဒီထဲမှာ ပြည်သူတွေက မျက်တောင်တုတွေ ဆံပင်ပေါ်က ခေါင်းလိမ်းဆီတွေကို အတိုင်းသား မြင်နိုင်တာပါ။ ခင်ဗျားတို့ သားသမီးတွေကို ပိုမိုကောင်းမွန်တဲ့ အနာဂါတ်တွေ ပေးနိုင်ဖို့ ကျနော်တို့ဆီကနေပြီး ခင်ဗျားတို့ နိုင်ငံအတွက် အထူးသဖြင့် ခင်ဗျားတို့ ရွေးကောက်တင်မြှောက်ထားတဲ့ လူတွေရဲ့ စီမံအုပ်ချုပ်မှုကို သင်ခန်းစာယူပါ။ တခါတလေ ဒီမှန်ထဲမှာ မြင်ရတဲ့ ပုံရိပ်က စိတ်ချမ်းသာစရာ ကောင်းချင်မှ ကောင်းမှာပါ။ ဒါပေမဲ့ ခင်ဗျားဟာ ပက်လက်ကုလားထိုင်မှာ အေးအေးဆေးဆေး ထိုင်ပြီး ငြီးတွား ဝေဖန်နေမယ့် အချိန်မှာ ခင်ဗျားရှေ့မှာ မြင်နေရတဲ့ မှန်ကို ကိုင်ထားတဲ့ စာနယ်ဇင်းသမားတွေကတော့ အသက်နဲ့လဲ စွန့်စား လုပ်နေကြရတာပါ။ ဒါဟာ ကျနော်တို့အတွက် ခေါ်သံပါ။ ရှောင်လွဲ မနေခဲ့ကြပါဘူး။

သတင်းစာတိုင်းမှာ သူ့ကိုယ်ပိုင် အာဘော် ရှုဒေါင့် ရှိမှာပါ။ ကျနော်တို့မှာလည်း ကျနော်တို့ကိုယ်ပိုင် ရှိတယ် ဆိုတာ မငြင်းကွယ်ပါဘူး။ ကျနော်တို့ရဲ့ အဓိဋ္ဌာန်က သီရိလင်္ကာနိုင်ငံကို ထင်သာ မြင်သာရှိတဲ့ ဘာသာအယူဝါဒစွဲ ကင်းတဲ့၊ လွတ်လပ် မျှတတဲ့ ဒီမိုကရေစီနိုင်ငံတခု အဖြစ် မြင်ချင်တာပါပဲ။ အဲဒီ စကားလုံးတွေကို စဉ်းစားကြည့်ပါ။ စကား တလုံးချင်းမှာ သိပ်ကို လေးနက်တဲ့ အဓိပ္ပာယ်တွေ ရှိပါတယ်။ ထင်သာမြင်သာ ရှိရပါမယ်။ ဘာအတွက်လဲ ဆိုရင် အစိုးရ တရပ်ဟာ ပြည်သူလူထု အတွက် ပွင့်ပွင့်လင်းလင်း အသိပေး နေရမှာဖြစ်ပြီး သူတို့ရဲ့ ယုံကြည်မှုကို အလွဲသုံးစား မပြုသင့်လို့ပါ။ ဘာသာအယူဝါဒစွဲ ကင်းရပါမယ်။ ဘာဖြစ်လို့လဲ ဆိုရင် ကျနော်တို့နိုင်ငံလိုမျိုး လူမျိုးစု ပေါင်းစုံ၊ ယဉ်ကျေးမှု ပေါင်းစုံ ပါဝင်နေတဲ့ လူ့အဆောက်အဦးတခုမှာ အယူဝါဒစွဲကင်းမှသာ အားလုံး ညီညွှတ် ပါဝင်နိုင်မယ့် အခြေခံကောင်းတခု ရှိနိုင်မှာမို့ပါ။ လွတ်လပ်မျှတမှု ရှိရပါမယ်။ ဘာကြောင့်လဲ ဆိုရင် လူသားတိုင်းဟာ မတူညီစွာ ဖန်တီးတည်ရှိ နေကြတာကို ကျနော်တို့ အသိအမှတ်ပြုလို့ပါပဲ။၊ တခြားတပါးသောသူကို သူဖြစ်တဲ့အတိုင်း လက်ခံနိုင်ဖို့ လိုအပ်ပြီး ကိုယ်ဖြစ်စေချင်သလို ပြုလုပ်လို့ မရပါဘူး။ ပြီးတော့ရင် ဒီမိုကရေစီနည်းလမ်းကျ ရပါမယ်။ ကဲ - ခင်ဗျား ကျနော့်ကို ဒီမိုကရေစီ ဘာဖြစ်လို့ အရေးကြီးလဲလို့ ရှင်းပြစေချင်ရင်တော့၊ ဒီသတင်းစာကို ဝယ်နေတာသာ ရပ်လိုက်ပါတော့။

Sunday Leader သတင်းစာဟာ လူအများစုရဲ့ အမြင်ကိုသာ ဖော်ပြရင်း လုံခြုံမှု ဘယ်တုန်းကမှ မရှာခဲ့ပါဘူး။ ရင်ဆိုင်စရာကို ရင်ဆိုင်လိုက်တာပါပဲ။ ဒီလိုပုံစံနဲ့ပဲ သတင်းစာကို တင်ဆက်နေခဲ့ပါတယ်။ တဖက်မှာ ပြောစရာရှိတာက ဒီနှစ်တွေထဲမှာ ကျနော်တို့ အတွေးအမြင် အယူအဆ တွေကို အသေအချာ ရှင်းလင်းဖော်ပြ ဖြစ်တဲ့အတွက် တခါတလေ လူတချို့အတွက် နားဝင်ချိုချင်မှ ချိုမှာပါ။ ဥပမာ ခွဲထွက်ရေး အကြမ်းဖက်သမားတွေကို အမြစ်ပြတ် ခြေမှုန်းရမယ် ဆိုတဲ့ အချိန်မှာ အကြမ်းဖက်မှုရဲ့ မူလဇစ်မြစ် အကြောင်းခံကို ပြန်သုံးသပ်ဖို့ဆိုတဲ့ အမြင်ကို တောက်လျှောက် ရေးသား နေပါတယ်။ အစိုးရကိုလည်း သီရိလင်္ကာ လူနည်းစု လူမျိုးစုတွေရဲ့ နာကျည်းချက် ဒေါသတွေကို အကြမ်းဖက်မှု ဆိုတဲ့ မှန်ပြောင်းကြီးနဲ့ မကြည့်ဘဲ သမိုင်းစာမျက်မှာတွေမှာ ပြန်ရှာကြည့်ဖို့ အမြဲ တိုက်တွန်းနေတယ်။ ကျနော်တို့ဟာ အကြမ်းဖက်ဝါဒ ဆန့်ကျင်တဲ့ စစ်ပွဲလို့ နာမည်တပ်ပြီး အစိုးရ ကိုယ်တိုင်က အကြမ်းဖက်နေမှုကို ထောက်ပြခဲ့တယ်။ သီရိလင်္ကာဟာ ကမ္ဘာပေါ်မှာ သူ့ ပြည်သူတွေကို အလှည့်ကျ ဗုံးထောင်နေတဲ့ တခုတည်းသောနိုင်ငံ ဆိုတဲ့ သွေးပျက်စရာ အဖြစ်ကြီးကိုလည်း ဖုံးကွယ် မထားခဲ့ဘူး။ အဲဒီလို အမြင် ရှုထောင့်တွေကြောင့် ကျနော်တို့ကို သစ္စာဖောက်တွေလို့ အမည်တပ်တယ်။ ဒါဟာ သစ္စာမဲ့မှု ဆိုရင်လည်း ကျနော်တို့ ဂုဏ်ယူကျေနပ်စွာနဲ့ပဲ လက်ခံပါ့မယ်။

လူတော်တော်များများက The Sunday Leader မှာ နိုင်ငံရေး ရည်မှန်းချက်တွေ ပါနေတယ်လို့ သံသယ ရှိကြတယ်။ အဲဒါ မဟုတ်ပါဘူး။ အကယ်၍များ ကျနော်တို့က အတိုက်အခံပါတီထက် ပိုပြီး အစိုးရအပေါ် ဝေဖန်နေပုံ ပေါက်နေတယ် ဆိုရင်တော့ ( ခရစ်ကက် စကားနဲ့ပြောရရင် ) ကွင်းခေါင်ခေါင်ဘက် ဘောလုံးသွားပစ်လို့ ဘာအဓိပ္ပာယ်မှ မရှိဘူးဆိုတာ ကျနော်တို့ ယုံကြည်မိလို့သာ ဖြစ်ပါတယ်။ UNP အာဏာရနေတဲ့ တလျှောက် ကျနော်တို့ ရပ်တည်ခဲ့တဲ့ နှစ်တွေ အတွင်းမှာ မတရားမှု ချစားမှု မှန်သမျှကို ဖော်ထုတ်ရင်း သူတို့ရဲ့ အသားထဲက အကြီးဆုံး ဆူးတချောင်း အဖြစ် သက်သေ ပြနိုင်ခဲ့တာကို အမှတ်ရမိတယ်။ တကယ်တော့ ကျနော်တို့ တောက်လျှောက် ပုံနှိပ်ထုတ်ဝေလာခဲ့တဲ့ စိတ်မသက်သာစရာ အမှန်တရားတွေက ဒီအစိုးရကို အကျပိုင်း ရောက်အောင် ကောင်းကောင်းကြီး တွန်းပို့ချင် ပို့နေခဲ့မှာပါ။

ဒီစစ်ပွဲကို ကျနော်တို့ မကြိုက်ဘူး ဆိုတာကို "ကျား(သူပုန်) တွေကို ထောက်ခံတယ်" လို့ ဘာသာ မပြန်သင့်ပါဘူး။ တမီးလ်ခွဲထွက်ရေးကျား ဆိုတာတွေဟာ ဒီဂြိုဟ်ကြီးပေါ်မှာ စွဲကပ်လာတဲ့ အရက်စက်ဆုံးနဲ့ သွေးအဆာဆုံး အဖွဲ့အစည်းတွေထဲက တခု အပါအဝင်ပါ။ ဒါပေမဲ့ သူတို့ကို အပြုတ်တိုက်ပစ်ရမယ်လို့လည်း ကျနော်တို့ အနိုင်ပိုင်း မပြောခဲ့ပါဘူး။ ဒါပေမဲ့ တမီးလ် ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ပြီး ဒီလို ရက်ရက်စက်စက် ဗုံးထောင် သတ်ဖြတ်နေခြင်းဟာ မှားယွင်းယုံတင်မက ဓမ္မကို စောင့်ရှောက် ထိမ်းသိမ်းသူများလို့ ပြောနေတဲ့ ဆင်ဟာလိ လူမျိုးတွေအတွက် ရှက်စရာ ဖြစ်တယ်။ ဆင်ဆာ တားမြစ်မှုတွေကြောင့် လူထုက မသိမမြင်နိုင်တဲ့ ဒီလို ရက်စက် ကြမ်းကြုတ်မှုတွေဟာ ဆင်ဟာလိတွေအတွက် အမြဲ မေးခွန်းထုတ်စရာ ဖြစ်နေမှာပါ။

နောက်တခုက တိုင်းပြည်ရဲ့ မြောက်ဘက်နဲ့ အရှေ့ဘက်မှာ စစ်တပ်က သိမ်းပိုက် တပ်စွဲထားမှုဟာ အဲဒီဒေသမှာ ရှိတဲ့ တမီးလ် လူမျိုးတွေအတွက် ကိုယ်ပိုင် လေးစား စောင့်ထိန်းမှုတွေ အကုန်လုံးကို ဖယ်ရှားပြီး တသက်လုံး ဒုတိယတန်းစား နိုင်ငံသားအတွေအဖြစ် တွန်းပို့စေတော့မှာပါ။ စစ်ပြီးချိန်မို့ သူတို့အတွက် ပြည်လည် တည်ဆောက်ရေးတွေ ဖွံ့ဖြိုးရေးတွေ ပါဆိုတဲ့ စကားလုံးတွေနဲ့ အချိုသပ် နိုင်မယ်လို့ မမျှော်လင့်ပါနဲ့။ စစ်ရဲ့ ဒဏ်ရာတွေက သူတို့အတွက် သေရာပါ အမာရွတ်တွေပါ။ ပိုပြီးတော့ ခါးသက် မုန်းတီးမှုတွေ ပြည့်နေတဲ့ ပြင်ပလူတစုနဲ့သာ ရင်ဆိုင်လာရဖို့သာ ရှိလာပါလိမ့်မယ်။ နိုင်ငံရေးနည်း နဲ့ ဖြေရှင်းလို့ရမဲ့ ပြဿနာတွေကနေပြီး ပုပ်ပွနေတဲ့ ဒဏ်ရာကြီးအဖြစ် တသက်လုံး နာကျင် အမျက်ရှ နေရပါလိမ့်မယ်။ ကျနော့် စကားတွေက စိတ်တို၊ အချဉ်ပေါက်နေဟန် ပေါ်နေမယ် ဆိုရင်တော့ ဒါဟာ ကျနော် ခုရေးတဲ့ စာကို အများစု ပြည်သူတွေနဲ့ အစိုးရကလူတွေ နံရံတခုပေါ်မှာ ပီပီသသ ရှင်းရှင်းလင်းလင်း ဖတ်ခွင့်မရနိုင်လို့ ပါပဲ။

ကျနော့်ကို ဖြစ်ရပ်နှစ်ခုနဲ့ လူမဆန်စွာ စော်ကားခဲ့တယ်ဆိုတာ လူတော်တော်များများ သိကြပါတယ်။ တခုက ကျနော့်အိမ်ကို စက်သေနတ်နဲ့ မွှေနှောက် ပစ်ခတ် သွားတာပါ။ အစိုးရက သံကောင်း ဟစ်ပြီး ကတိပေးတာက လွဲလို့ တိုက်ခိုက်ခဲ့တဲ့ လူဆိုးတွေ အပေါ်မှာ ရဲဘက် စုံစမ်းစစ်ဆေးမှုတွေ ဖိဖိစီးစီး မရှိခဲ့ပါဘူး။ အဲဒီလူတွေကိုလည်း ဘယ်တုန်းကမှ မဖမ်းမိခဲ့ပါဘူး။ အဲဒီလို ကိစ္စရပ်တွေ အားလုံးကြောင့် တိုက်ခိုက်ခဲ့သူတွေဟာ အစိုးရ ခိုင်းစေ ထောက်ပံ့ခဲ့တယ်ဆိုတာ ယုံကြည်စရာ အကြောင်း ရှိပါတယ်။ အခု နောက်ဆုံး ကျနော် အသတ်ခံရပြီ ဆိုရင်တောင်၊ ဒါဟာ အစိုးရက သတ်တာပဲ ဖြစ်ပါလိမ့်မယ်။

Lasantha Wickramatunga သည် ကားမောင်းနေစဉ် ဦးခေါင်း၊ ရင်ဘတ်တို့ကို ပတ်ခတ် လုပ်ကြံခံခဲ့ရသည်။ (photo: Reuters)


ဒီနေရာမှာ လှည့်ကွက်တခု ဖြစ်တဲ့ ကျနော်နဲ့ မဟင်ဒါဟာ ရာစုနှစ် တစိတ်ကျော်ကျော် သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ် ဆိုတာကို လူတော်တော်များများ မသိခဲ့ကြပါဘူး။ တကယ်ဆို ကျနော်ထင်တယ်။ သူနဲ့စကားပြောတဲ့အခါ သူရဲ့ ရှေ့နာမည်နဲ့ `အိုရာ´ ဆိုတဲ့ ရင်းနှီးနေတဲ့ ဆင်ဟာလိ နာမည်ကို သုံးတဲ့ လူအနည်းငယ်ထဲမှာ ကျနော်လည်း တယောက်ပေါ့။ သတင်းစာ အယ်ဒီတာတွေကို ပုံမှန် တွေ့ဆုံတတ်တဲ့ အစည်းအဝေးတွေကို ကျနော် မတက်ရောက်ပေမဲ့၊ သမ္မတရဲ့ အိမ်မှာ ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေချည်းပဲ လွတ်လွတ်လပ်လပ် တွေ့ဆုံလေ့ရှိတဲ့ ပွဲမှာလည်း မတွေ့ဖြစ်တာ တလကျော်လောက် ရှိပါပြီ။ အဲဒီမှာ ကျနော်တို့ စကားတွေ ဖလှယ်ကြတယ်။ နိုင်ငံရေး အကြောင်းတွေ ဆွေးနွေးကြတယ်။ တချိန်က နေ့ရက်ဟောင်းတွေကို နောက်ပြောင်ရင်း သတိရတတ်ကြတယ်။ အဲဒီမှာ သူ့ကို မှတ်ချက်ပေး ဝေဖန်ကြတာလည်း ရှိတာပေါ့။

- - - - - - -


မဟင်ဒါ -
၂ဝဝ၅ မှာ SLFPပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် အရွေးခံရတဲ့ အချိန်မှာ ဒီသတင်းစာ ကော်လံလောက် မင်းကို နွေးနွေး ထွေးထွေး ကြိုဆိုတဲ့နေရာ မရှိခဲ့ပါဘူး။ တကယ်တော့ မင်းရဲ့ ရှေ့နာမည်ကို မခေါ်ဖြစ်တော့ဘဲ ငါတို့လမ်းခွဲ နေခဲ့ကြတာ ဆယ်စုနှစ် တစုစာ ရှိခဲ့ပြီလေ။ မင်း လူ့အခွင့်အရေးနဲ့ လွတ်လပ်မျှတမှု တန်ဖိုးတွေအပေါ် လုပ်ဆောင်ခဲ့ကြတုန်းက ငါတို့အတူ ရှိခဲ့ကြတာ တကယ့် လေကောင်းလေသန့်တွေကို ရှုရှိုက်ခဲ့တဲ့ အချိန်တွေပေါ့။ အဲဒီနောက်တော့ မိုက်မဲတဲ့ အပြုအမှု တခုနဲ့အတူ မင်းဟာ ဟန်ဘန်တိုတာ ဒေသ ကူညီရေး အရှုပ်တော်ပုံမှာ ပါဝင် ပတ်သက် နေခဲ့ပြီ။ အဲဒီ ဇာတ်လမ်းကို ငါတို့ ဖော်ထုတ်ပြီးတာနဲ့ တပြိုင်နက် မင်းကို ငွေတွေ ပြန်ပေးဖို့ တိုက်တွန်းခဲ့တယ်။ ရက်သတ္တပတ် အတော်ကြာတော့ မင်း ပြန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ မင်းရဲ့ ဂုဏ်သိက္ခာကို အများကြီး ထိခိုက်သွားခဲ့တယ်။ ဒါဟာ မင်း ခုထက်ထိ မကျေချမ်းနိုင် မမေ့နိုင် ဖြစ်နေတဲ့ တခုပေါ့။

မင်းကိုယ်တိုင်ပဲ ငါ့ကို ပြောခဲ့ဖူးတယ်၊ သမ္မတရာထူးကို မမက်မော ပါဘူးတဲ့။ မင်း မက်မော တောင့်တ နေဖို့လည်း မလိုခဲ့ပါဘူး။ အခွင့်အရေးက မင်းဆီကို ရောက်လာခဲ့တာပါ။ မင်း ငါ့ကို ပြောဖူးသေးတယ်၊ မင်းရဲ့ သားတွေဟာ မင်းရဲ့ အကြီးကျယ်ဆုံး ပျော်ရွှင်ကျေနပ်မှုပဲ တဲ့။ အဲဒါကြောင့် တိုင်းပြည်ရဲ့ ယန္တယားကို လည်ပတ်ဖို့ မင်းညီအကိုတွေနဲ့ ပစ်ထားပြီး မင်းရဲ့သားတွေနဲ့ပဲ မင်း ပျော်ရွှင်နေခဲ့တယ်။ အခုတော့ ဒီ ယန္တယားကြီးက ကောင်းလွန်းလို့ ငါ့ရဲ့သားသမီးတွေကို အဖေမဲ့အောင် လုပ်သွားခဲ့ပြီ ဆိုတာ အားလုံး ရှင်းရှင်းလင်းလင်း မြင်ရပါလိမ့်မယ်။

ငါသိတယ်။ ငါ့ အသုဘမှာ မင်းလုပ်နေကျ အတိုင်း ဟန်ဆောင်ပန်ဆောင် အသံကောင်းတွေ ဟစ်ပြီး ရဲတပ်တွေကို အမှုစစ်ဆေးဖို့ မင်း အမိန့်ထုတ်ဦးမယ်။ ဒါပေမဲ့ အတိတ်က မင့် အမိန့်ထုတ်ခဲ့ဘူးတဲ့ တခြား စစ်ဆေး ဖော်ထုတ်မှုတွေလိုပဲ ဒီတခါလည်း ဘာမှ အဖြေထွက်လာမှာ မဟုတ်ပါဘူး။ အမှန် ကို ပြောရရင် ငါတို့ နှစ်ယောက်လုံး ဒီ သေဆုံးမှု နောက်ကွယ်မှာ ဘယ်သူ ရှိတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ သူ့နာမည်ကို မပြောရဲကြဘူး။ အဲဒီအပေါ်မှာ ငါ့ဘဝတင် မကဘူး၊ မင့် ဘဝပါ မှီတည်နေရတယ်လေ။

ဝမ်းနည်းစရာ ကောင်းတာက မင်းရဲ့ ငယ်ဘဝ အချိန်တွေက တိုင်းပြည် အတွက် အိမ်မက် မက်ခဲ့တာတွေဟာ ဒီ သုံးနှစ်လောက်ကလေး အတွင်းမှာပဲ လေပူပေါင်းတွေ ဖြစ်သွားခဲ့တာပဲ။ မျိုးချစ်စိတ် ဆိုတဲ့ နာမည်အောက်မှာ မင်းဟာ လူ့အခွင့်အရေးတွေကို နင်းချေပစ်ခဲ့တယ်။ အတောမသတ်တဲ့ ငွေကြေးချစားမှုတွေကို ကြည့်နေခဲ့တယ်။ မင်း အရင်က သမ္မတတွေလိုပဲ ပြည်သူ့ ဘဏ္ဍာတွေကို ဖြုန်းတီးပစ်ခဲ့တယ်။ တကယ်တော့ မင်းရဲ့ လုပ်ရပ်တွေက အရုပ်ဆိုင်ထဲမှာ ကလေးတယောက် ရုတ်တရက် စိတ်ရူးပေါက်ပြီး လျှောက်ဆော့နေသလို ဖြစ်နေတယ်။ ဒီ ဥပမာပုံပြချက်ကမှ နဲနဲ လွဲချင် လွဲနေဦးမယ်။ ဘာဖြစ်လို့လဲ ဆိုရင် ဘယ်ကလေး တယောက်ကမှ မင်းလုပ်ခဲ့သလို ဒီမြေပေါ်မှာ သွေးတွေ မစွန်းပေစေခဲ့ပါဘူး။ အခု မင်း မမြင်ဖူးခဲ့တဲ့ အာဏာ ပါဝါတွေကို ယစ်မူးနေပေမဲ့ အဲဒီသွေးကြွေး အမွေတွေနဲ့ သိပ်ချမ်းသာနေမယ့် မင်းရဲ့သားတွေ အတွက် မင်း နောင်တရလာဦးမှာပါ။ အဲဒီ နောင်တကလည်း ကြေကွဲစရာတွေကိုပဲ သယ်ဆောင်လာမှာပါ။ ငါ့အတွက်ကတော့ ဒါဟာ ငါ့ရဲ့ ပိုင်ရှင်ကို တွေ့ဖို့ သွားတာပဲလို့ စိတ်ရှင်းပါတယ်။ ငါ ဆန္ဒပြုပါတယ်။ နောက်ဆုံး မင်းအချိန် ရောက်လာရင် မင်းလည်း အဲဒီလိုပဲ ခံယူ နားလည်နိုင်ပါစေလို့။ ငါ ဆန္ဒပြုပါတယ်ကွာ။

ငါ့အတွက်တော့ ငါဟာ ဘယ်သူ တဦးတယောက်ကိုမှ ဦးမညွှတ်ခဲ့ဘဲ ငါ့လမ်းကိုငါ တည့်တည့် မတ်မတ် လျှောက်ခဲ့တယ် ဆိုတာကို သိနေတဲ့အတွက် ငါ ကျေနပ်တယ်။ ဒီလမ်းကို ငါတယောက်တည်း လျှောက်ခဲ့တာလည်း မဟုတ်ဘူး။ တခြား စာနယ်ဇင်း နယ်ပယ် အသီးသီးက ငါ့ရဲ့ ရောင်းရင်း သတင်းသမားတွေနဲ့အတူ လျှောက်ခဲ့တာပါ။ ရောင်းရင်းအများစုက အခုဆိုရင် သေတဲ့သူကသေ၊ တရားစီရင်တာ မခံရဘဲ ထောင်တွေထဲ ရောက်လိုရောက်၊ ဝေးလံတဲ့ နိုင်ငံတွေအထိ ပြေးနေရတယ်။ တချို့တွေကတော့ သေမင်း အရိပ်အောက် လမ်းလျှောက်နေကြရတယ်။ မင်း တချိန်က ခက်ခက်ခဲခဲ တိုက်ယူခဲ့ရတဲ့ လွတ်လပ်မှုတွေ ဆိုတာ သမ္မတကြီးအဖြစ် မင်း ရွေးချယ်ခံရတော့ ပျောက်ကုန်ပြီလေ။ မင်းရဲ့ မျက်စိအောက်မှာပဲ ငါအသတ်ခံခဲ့ရတဲ့ အဖြစ်ကို မင်း ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ဒီလူသတ်သမားတွေကို ကာကွယ်ပေးဖို့က လွဲလို့ မင်းမှာ ရွေးချယ်စရာ မရှိဘူး ဆိုတာကိုလည်း ငါ သိတယ်။ မင်း ဒီလိုပဲ လုပ်ရလိမ့်မယ်လို့ကို ငါ နာနာကျင်ကျင် သိနေပါတယ်။ အပြစ်ရှိတဲ့ တယောက်ဟာလည်း ဘယ်တော့မှ ရာဇဝတ်မှု ကျခံရမှာ မဟုတ်ဘူး ဆိုတာ မင်း မြင်နေမှာပါ။ မင်းမှာ ရွေးချယ်စရာ မရှိပါဘူး။ မင်း အတွက် ငါ စိတ်မကောင်း ခံစားရပါတယ်။ ပြီးတော့ မင်းရဲ့ ဇနီးသည် ရှာရန်သီ နောက်တခါ အပြစ်ဖြေဖို့ သွားတဲ့အခါ အကြာကြီး ဒူးထောက်ရတော့မယ်။ သူ မလုပ်ခဲ့တာတွေအတွက်၊ ပြီးတော့ မင်း ရာထူးမြဲနေအောင် သူ့အမျိုးအဆွေတွေ ပြုခဲ့တာတွေ အတွက် သူအပြစ်ရှိတယ်ဆိုပြီး သူ ဝန်ခံရရှာတော့မယ်။

Sunday Leader ရဲ့ စာဖတ် ပရိသတ်တွေကိုတော့၊ ကျနော်တို့ရဲ့ ဦးတည်လုပ်ဆောင်ချက်တွေကို ထောက်ခံတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောရုံကလွဲလို့ ကျနော် ဘာမှ မပြောနိုင်တော့ပါဘူး။ ကျနော်တို့တွေဟာ လူမသိ သူမသိ အဖြစ်အပျက်တွေကို ဖော်ထုတ်ခဲ့တယ်။ ကိုယ့်ဘာသာကိုယ်တောင် မရပ်နိုင်လောက်အောင် ကြောက်ရွံ့ တုန်လှုပ်နေတဲ့ လူတွေအတွက် ကျနော်တို့ ရပ်တည်ပေးခဲ့တယ်။ ကိုယ့် ရင်းမြစ် ဇာတိကိုတောင် မသိနိုင်တော့လောက်အောင် အာဏာဆိပ် တက်နေတဲ့ ဦးချိုကြီးတွေကို ထူးခပ်ခဲ့တယ်။ အကျင့်ပျက် ခြစားမှုတွေ၊ ချွေးနှဲစာ အခွန်ငွေတွေ ဖြုန်းတီးနေတာတွေကို ဖော်ထုတ်ခဲ့တယ်။ ဒီနေ့ ဝါဒဖြန့် စကားတွေ ဘယ်လောက်ပဲ ရှိနေပါစေ ဆန့်ကျင်တဲ့ အမြင်တွေကိုလည်း ခင်ဗျားတို့ ကြားသိခွင့် ရခဲ့ပြီ။ အဲဒီအတွက် ကျနော်နဲ့ ကျနော့်မိသားစုဟာ တနေ့မှာ ပေးဆပ်ရလိမ့်မယ်လို့ သိနေခဲ့တဲ့ အဖိုးအခကိုလည်း ပေးခဲ့ပါပြီ။ အဲဒီ အတွက်လည်း ကျနော် အသင့်ရှိတယ်၊ ရှိနေခဲ့တယ်။ အဲဒီလို မဖြစ်အောင်လည်း ကျနော် ဘာမှ မကာကွယ်ခဲ့ဘူး။ ဘာလုံခြုံရေးမှ မထားဘူး။ ဘာ ကြိုတင်ပြင်ဆင်မှုမှ မလုပ်ခဲ့ဘူး။

ကျနော်ဟာ အပြစ်မဲ့တဲ့ လူထောင်ပေါင်းများစွာကို သတ်ဖြတ်ပြီး လူတစုရဲ့ အကာအကွယ်ကို ယူထားတဲ့သူ့လို သူရဲဘောနည်းတဲ့ကောင် မဟုတ်ဘူး ဆိုတာ ကျနော့်ကို သတ်တဲ့လူကို သိစေချင်လိုက်တာ။ အခု ရေးခဲ့တာတွေထဲမှာ ကျနော်ဟာ ဘာလဲ။ ကျနော့်ကို သတ်တော့မယ်၊ ဘယ်သူက သတ်မယ် ဆိုတာ ကျနော် အများကြီး ရေးခဲ့ပါပြီ။ ကျန်တာတွေကိုတော့ ဘယ်အချိန်မှာ ဆက်ရေးကြမလဲ။

- - - - - - - -


Sunday Leader ဟာ တရားတဲ့ တိုက်ပွဲကို ဆက်တိုက်သွားမယ်လို့လည်း ပြောခဲ့ ရေးခဲ့ပြီးပြီ။ ဒီတိုက်ပွဲကိုလည်း ကျနော် တယောက်တည်း တိုက်ခဲ့တာ မဟုတ်ဘူး။ ဒီသတင်းစာကြီးကို ပိတ်မပစ်ခင်အထိ ကျနော်တို့တွေ အများကြီးဟာ အသတ်ခံရနိုင်တယ်၊ ခံကြရလိမ့်မယ်၊ ကျနော့်ကို လုပ်ကြံသတ်ဖြတ်ခြင်းဟာ လွတ်လပ်ခြင်းကို အနိုင်ပိုင်းသွားခြင်းလို့ မမြင်ကြဘဲ ရှင်သန်ကျန်ရစ်သူတွေရဲ့ခြေလှမ်းတွေကို ရှေ့တလှမ်း တိုးစေမယ့် ယုံကြည်မှု ခွန်အားတွေပဲ ဖြစ်လာမယ်လို့ ကျနော် မျှော်လင့်ပါတယ်။

တကယ်ပဲ ကျနော်မျှော်လင့်ပါတယ်။ ဒါဟာ ကျနော်တို့ အမိမြေမှာ လူသားတွေ လွတ်လပ်တဲ့ ခေတ်သစ်တခုကို တွဲဆောင်ယူဖို့ အင်အားတွေ လှုံ့ဆော်ပေးပါလိမ့်မယ်။ မျိုးချစ်စိတ်ဓာတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူအများကို သတ်ဖြတ်နေပေမဲ့ လူသား ၀ိညာဉ် အညွန့်အညောက်တွေဟာ တုံးမသွားဘူးဆိုတဲ့ အချက်ကလည်း သမ္မတကြီးရဲ့ မျက်စိကို ဖွင့်ပေးလိမ့်မယ်လို့လည်း ကျနော် မျှော်လင့်ပါတယ်။

ဒီလို ဘာကြောင့်စွန့်စားရတာလဲလို့ လူတွေက မကြာခဏ ကျနော့်ကို မေးကြတယ်။ ကျနော် အသတ်ခံရလိမ့်မယ်လို့ ပြောကြတယ်။ ကျနော် သိတာပေါ့။ ဒါဟာ မရှောင်လွှဲနိုင်ပါဘူး။ ဒါပေမဲ့ .. အခု ကျနော်တို့ မပြောရင် တိုင်းရင်းသား လူနည်းစုတွေ၊ ဒုက္ခရောက်နေသူတွေ၊ ဖမ်းဆီးနှိပ်စက်ခံနေရသူတွေ အတွက် စကားပြောပေးဖို့ လူတယောက်မှ ကျန်တော့မှာ မဟုတ်ဘူး။

စာနယ်ဇင်း လုပ်သက် တလျှောက်လုံးမှာ ကျနော့်ကို အားအင်တွေ ပေးခဲ့တဲ့ ဂျာမန် ဘုန်းတော်ကြီး Martin Niemoller ဆိုတာ ရှိခဲ့တယ်။ ငယ်တုန်းက သူဟာ ဂျူးဆန့်ကျင်ရေး သမားတယောက် ဖြစ်ပြီး ဟစ်တလာကိုလည်း ထောက်ခံခဲ့တယ်။ ဂျာမဏီမှာ နာဇီတွေ အာဏာရလာတဲ့အခါ သူက နာဇီဝါဒဆိုတာ ဟစ်တလာက ဂျူးတွေကို လိုက် သုတ်သင်နေတာ သက်သက် မဟုတ်ပဲ ဒါဟာ လူတယောက်ရဲ့ မတူညီတဲ့ အမြင်တခုလို့ပဲ ယူဆခဲ့တယ်။ ဒါပေမဲ့ သူလည်း အဖမ်းဆီးခံရပြီး ၁၉၃၇ ကနေ ၁၉၄၅ အထိ အလုပ်ကြမ်း စခန်းတွေမှာ အသတ်ခံရလုနီးပါးထိ နေခဲ့ရဖူးတယ်။ သူ အကျဉ်းကျစဉ် အတွင်း ကဗျာတပုဒ် ရေးခဲ့တယ်။ အဲဒီကဗျာကို ကျနော် ဆယ်ကျော်သက် အရွယ်မှာ ပထမဆုံး ဖတ်လိုက်တဲ့အခါက စပြီး စိတ်ထဲမှာ ခြောက်ခြောက် ခြားခြားကို စွဲမြဲ သွားခဲ့မိတယ်။

ပထမ အကြိမ် ဂျူးလူမျိုးများကို ဖမ်းဆီးသောအခါ
ကျွန်ုပ် ဘာတခွန်းမျှ မဟ
ကျွန်ုပ်က ဂျူးလူမျိုး မဟုတ်သည့်အတွက်....

နောက်.. ကွန်မြူနစ်များကို ဖမ်းဆီးရန် ရောက်လာပြန်
ကျွန်ုပ် ဘာတခွန်းမျှ မပြောပါ
ကျွန်ုပ် ကွန်မြူနစ် တယောက် မဖြစ်ခြင်းကြောင့်....

နောက်တဖန်.... အလုပ်သမား သမဂ္ဂ၀င် များ အပေါ်
ဖမ်းဆီးရန် ရောက်လာပြန်
ကျွန်ုပ် စကားတခွန်းမျှ မဆို
ကျွန်ုပ်သည် အလုပ်သမား သမဂ္ဂ၀င် မဟုတ်သောကြောင့်....

ယခု..ကျွန်ုပ်ကို ဖမ်းဆီးရန် လာကြပါပြီ
သို့သော်... ကျွန်ုပ်အတွက် ပြောဆိုဖို့တဦး တယောက်မျှ မရှိတော့.... ။

ခင်ဗျားတို့ ဘာမှ မမှတ်ထားချင်ဘူး ဆိုရင်တောင် The Sunday Leader ဟာ ဟောဒီမှာ ခင်ဗျားတို့အတွက် ဆိုတာကို မှတ်ထားပေးပါ။ ဆင်ဟာလိတွေ၊ တမီးလ်တွေ၊ မူဆလင်တွေ၊ ဇာတ်နိမ့်တွေ၊ လိင်တူချင်းနှစ်သက်သူတွေ၊ အစိုးရ အတိုက်အခံတွေ၊ အနှိမ်ခံနင်းပြားတွေအတွက် ဖြစ်ပါတယ်။

The Sunday Leader သတင်းစာတိုက် ၀န်ထမ်းတွေကလည်း ဆက်ပြီး တိုက်နေပါဦးမယ်။ ဦးမညွတ်၊ မကြောက်ရွံ့ပါဘူး။ ခင်ဗျားတို့လည်း အဲဒီလို သတ္တိမျိုးတွေနဲ့ အသားကျလာပါလိမ့်မယ်။

အဲဒီလို စွန့်စားမူမျိုးကိုလည်း တစုံတရာ ခံစားခွင့်ရဖို့အတွက် မလုပ်ကြပါနဲ့။ ကျနော်တို့ သတင်းသမားတွေ ဘယ်လို စွန့်လွတ် စွန့်စားမူကိုပဲ လုပ်လုပ်၊ ဒါဟာ ကျနော်တို့ရဲ့ ကိုယ်ပိုင် ဂုဏ်ရောင် ထွန်းပြောင်ဖို့အတွက် လုပ်တာ မဟုတ်ဘဲ... အများအတွက် လုပ်တယ် ဆိုတာကို ဘယ်သူကမှ သံသယ မရှိစေပါနဲ့။

အဲဒီလို စွန့်လွတ်မှုတွေနဲ့ ခင်ဗျားထိုက်တန်တယ် မတန်ဘူး ဆိုတာကတော့ တပိုင်းပါ။ ကျနော် ကြိုးစား ဆောင်ရွက်ခဲ့တယ် ဆိုတာကိုတော့ ဘုရားသခင် သိပါတယ်။ ။



မူရင်း- http://www.newyorker.com/online/blogs/stevecoll/2009/01/letter-from-the.html

(မှတ်ချက်- ကဗျာ ဘာသာပြန်အား အင်္ဂလန်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့မှ ထုတ်ဝေသော လူ့အခွင့်အရေး လက်စွဲ ဗမာပြန်စာအုပ်မှ ယူပါသည်)

3 comments:

kay December 18, 2009 at 8:32 AM  

ကိုချစ်ဖေ... လာရောက် နှုတ်ဆက်ပါတယ်။

ခင်မင်စွာဖြင့်-
း)

Anonymous,  December 18, 2009 at 12:53 PM  

ကျတော်ဖတ်ဘူးတယ် ဘယ်မှာလည်းမသိဘူး
ko toe gyi

ရွှေရတုမှတ်တမ်း December 18, 2009 at 9:51 PM  

စိတ်ဝင်စားစရာပဲဗျာ...
ကိုချစ်ဖေကြီးတင်ထားမှ ဖတ်ဖြစ်တော့တယ်

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP