Saturday, September 18, 2010

လူထုသူကြီး

လူထု သူကြီး
အစိုးရကလည်း လူထု အစိုးရ။ လူထုစည်းဝေးပွဲ၊ လူထု အရေးဆိုပွဲ၊ လူထုတိုက်ပွဲများ ကိုလည်း မကြာခဏ ဆင်ယင်နေကြသည့် သမယ ဖြစ်သည်။ လူထုမိတ်ဆွေ၊ လူထု ရန်သူ၊ လူထု ခေါင်းဆောင် ဟူသော ဝေါဟာရများလည်း ပေါက်ပွား လာခဲ့လေပြီ။
အမှန်စင်စစ်အားဖြင့် ယခုခေတ်တွင် နေရာတကာ၌ လူထုနှင့် ကိုင်ပေါက် နေကြလေတော့သည်။ လူထုတည်းဟူသော နာမဝိသေသနကို ရေလဲနှင့် ပေါပေါကြီး သုံးစွဲနေကြသည့် ခေတ်ပေတကား။
လူထု လက်ဖက်ရည်ဆိုင်၊ လူထု ပင်မင်း၊ လူထု သတင်းစာ၊ လူထုပျော်ပွဲစားရုံ၊ လုထု ကိတ်မုန့်၊ လူထု မြေပဲလှော်၊ လူထုဘာ လူထုညာဟာ မရေ မတွက် နိုင်တော့ပြီ။ နေရာတကာမှာ လူထု။ ဟိုမှာလည်း လူထု၊သည်မှာလည်း လူထု ။ရှေ့မှ နာမဝိသေသန အမျိုးမျိုး တပ်၍ လူထုကိ သုံးစွဲကြသေးသည်။ လယ်သမားလူထု၊ အလုပ်သမား လူထု၊ ကုလားလူထု၊ မြန်မာ လူထု၊ အင်္ဂလိပ် လူထု၊ လူထု စုံလို့။ ဟောလာပြန်ချေပြီ။
မောင်ပြုံးချိုတို့ နယ်တွင် "လူထု သူကြီး" ရွေးပွဲတွေကျင်းပရပေဦးတော့မည်။ လူထုက တင်မြှောက်သော သူကြီးကို လူထုသူကြီးဟု ခေါ်ပါသည်။ ယခု ရှိရင်းစွဲ သူကြီးတွေကော လူထုကတင်မြှောက်သည့် သူကြီးမင်းများ ဖြစ်ကြပေသည်။ သို့သော်လည်း ထိုအိုမင်းဟောင်းနွမ်း နေသော သူကြီးများကို သစ်လွင်နေသော ယခုလူထုက မကြိုက်နိုင်တော့ ပြီဟု ဆိုသည်။ ထိုကဲ့သို့ ခေတ်မမီသည့် သူကြီးများကို ယခုမျက်စိကျယ်သော တက်လူများက မလိုချင်တော့ပြီ။ မျက်စိကျယ်သော လူထုသည် မျက်စိကျဉ်းသော သူကြီးကိုမကြည့်လိုတော့ပြီ။
"ဒီသူကြီးတွေဟာ ဗြူလိုကလား နက်စိတ် ဝင်နေပြီး။ ပြုပြင်လို့ မရတော့ဘူး။ ခေတ်မမီတော့ဘူး။ ဖြုတ်ပစ်ဖို့ပဲ ကောင်းတော့တယ်"
"သူကြီး ရွေးတင်တဲ့ အခါမှာလည်း ငယ်ငယ်ရွယ်ရွယ်ဖျတ်ဖျတ်လတ်လတ် လူကို တင်ဖို့ လိုတယ်။ အဘိုကြီးတွေ တင်လို့ မဟန်ဘူး။ ဘုန်းကြီးအို ကျောင်းပေါ် တင်သလိုပေါ့ကွ။ ခဏခဏဘုန်းကြီးပျံ လုပ်နေရမယ်။
ဤ အသံများကား ခေတ်၏ ကြွေကြော်သံများ ဖြစ်လေသည်။ သို့နှင့်ရှိရင်းစွဲ သူကြီးများကို ရာထူးမှရပ်စဲကာ လူထုသူကြီးများကို ပြန်လည်ရွေးကောက်ရန် လျှောက် လွှာများ ခေါ်ရလေသည်။
မောင်ပြုံးချို၏ ရုံးတွင် လျှောက်လွှာတွေ ဟီးတိုက်၍ ဝင်လာလေသည်။ အချို့ သူကြီးလူပါးများကမှု ရွာထဲ၌ ကြော်ငြာခြင်း မရှိဘဲ တိတ်တဆိတ်ပြိုင်သူမရှိသကဲ့သို့ တစ်ယောက်တည်းလာ၍ လျှောက်လွှာတင်ကြသည်။
သည်အချိန်တွင် မြို့ပိုင်တွေ အခက်အခဲနှင့် အတွေ့ရဆုံး အချိန်ဖြစ်သည်။ အသက်ငါးဆယ့် ငါးနှစ် ကျော်၍ပြန်လည် လျှောက်ထားခွင့် ရတော့မည် မဟုတ်သော သူကြီးကိစ္စကိုလည်း သူ ဂရုမစိုက်၊ အခွန်ကောက်ရန်ကိုလည်း သူမမှု၊ ရုံးအမိန့်ကိုလည်း မနာခံ၊ ထင်ရာကြဲလေတော့သည်။ ပြုတ်မဲ့တူတူမထူးတော့ပါဘူးဆိုကာ ကြက်ဝိုင်းကလေးများလည်း တိတ်တိတ်ပုန်း ထောင်လိုက်သေးသည်။ အရက်ကလေးများလည်း ချက်လိုက်သေးသည်။
ပြန်လည် အရွေးခံမည့် သူကြီးများမှာတော့ မဲ အရေးမို့ကြိုးစားပါ ကျွန်တော်တို့မှာ ချွေးတလုံးလုံး ဖြစ်နေကြလေတော့သည်။ တစ်နှစ်ကြာလို့မှရုံးသို့ခြေဦးမလှည့်ဖူးသည့် သူကြီးပေ သူကြီးကပ်များလည်း သူတို့အိမ်နှင့်ရုံးအိမ်ဦး နှင့် ကြမ်းပြင် ဖြစ်နေလေသည်။ ရွာသားတွေအတွက် အမတော်ကြေး လျှောက်ပေးရသည်မှာလည်း အမော။ သူ့ရွာတွင် လူအများ အလုပ်အကိုင်မဲ့၍ စားရမဲ့ သောက်ရမဲ့ဖြစ်နေပါသည်ဟု ဆိုကာ အငတ်စာရင်းတွေကိုလည်း တပြုံတခေါင်းကြီး လာပေးလိုက်သေးသည်။ သူ့အားမဲပေးမည့်သူတွေကို အကုန်လုံး စာရင်းတွင် ထည့်လာလေတော့သည်။
တစ်ပွဲတစ်လမ်း အကဲစမ်း ကြမည့် သူကြီးလောင်းတွေကလည်း လူထု အတွက် ပျာပျာသလဲ တအားခဲပြီး အလုပ်လုပ်နေကြလေသည်။ဟိုမှာလည်း သူတို့ ၊ သည်မှာလည်း သူတို့ကိုပဲ ရှောင်၍ပင် မလွတ်။ အချို့လည်း ရိုးရိုးသားသားပင် မိမိ သဘောကျသလို နိုင်ငံရေး ပါတီ များ၏ လက်မှတ်ကို ယူထားကြလေသည်။
အချို့လည်း မဲရရုံလောက်သာ ရည်ရွယ်လျက် အရေ အမျိုးမျိုး ကို ခြုံထားကြလေသည်။ မောင်ပြုံးချို၏ နယ်တွင် ဂွချောင်းရွာသည် နာမည်အကြီးဆုံး ဖြစ်သည်။ နွားခိုးတို့၏ ပုန်းအောင်းရာ ဒေသ ဖြစ်သည်။အရက်သမား တို့၏ မှီခိုရာလည်း မည်သည်။ ဓားပြ၊ သူခိုး ၊ ကိုလူဆိုးတို့၏စံပျော်ရာလည်း ဟူ၏ ။ ထိုကျေးရွာကို လွန်ခဲ့သော နှစ်ပေါင်းဆယ့်ငါးနှစ် လောက်ကတည်းက စိုးမိုးအုပ်ချုပ်ခဲ့သော သူကြီးမင်း ဦးဘချစ်သည် သူ၏ရာဇပလ္လင် မငြိမ်မသက်ရှိ နေသည်ကို တုန်လှုပ်သောအမူအရာဖြင့် အကဲခတ် လျက် ရှိသည်။ သူနှင့် ယှဉ်ပြိုင်လျှောက်ထား အရွေးခံမည့်သူသုံးဦး ပေါ်ပေါက်နေပါသည်။
မောင်ပြုံးချိုက သူ့သူကြီးမင်းကို ဤသို့မေး၏။
" ဘယ်နှယ့်လဲ သူကြီးမင်း၊ဟန်ပါ့မလား"
"ဟဲ ဟဲ ဟဲ ဟန်ရမပေါ့မြို့အုပ်မင်းရာ"
သူပြောလို့သာကြားလိုက်ရသည်။ မောင်ပြုံးချိုကတော့ ဘယ်နည်း နဲ့မှ သူရမည်မထင်။
နောက်သုံးရက်ကြာသော အခါ သူနှင့် ယှဉ်ပြိုင် အရွေးခံမည့်သူသုံးဦး အနက်မှ တစ်ဦးဖြစ်သူ ဦးဖိုးထောင်သည် အရွေးမခံတော့ပါဆို၍ သူ့လျှောက်လွှာကို ပြန်လည်ရုပ်သိမ်းသွားလေသည်။
ဦးဘချစ် ဘယ်လို ခြေထိုးလိုက်သည် မသိ။ သူနှင့် ယှဉ်ပြိုင်အရွေးခံရန် ဦးသာထွန်းနှင့် ကိုဖိုးမြစ်နှစ်ဦးသာ ကျန်တော့သည်။ ဦးသာထွန်းနှင့် ကိုဖိုးမြစ်တို့လည်း တလှုပ်လှုပ် တရွရွ ဖြစ်ကာ မြို့မှ မိမိတို့ အဖွဲ့ခေါင်းဆောင် များကို ဖိတ်ကြား၍ ရွာထဲတွင် တရားပွဲများ ကျင်းပလျက် ရှိလေသည်။ "သူကြီးဟာကျုပ်တို့ကို အုပ်ချုပ်လာတာ ဆယ်ငါးနှစ်ရှိပြီ။ ဘာတစ်ခုမှ ကောင်းတာ မလုပ်ခဲ့ဘူး။ဗြူလိုကလား နက်တွေနဲ့ ပေါင်းပြီး မဟုတ်တာချည်း လုပ်တယ်။ ဟိုတစ်နှစ်က အမတော်ကြေး ထုတ်တုန်းကလည်း ကျုပ်တို့ဆီက တစ်ယောက်တစ်မတ် တောင်းတယ်။ ဘာကောင်းသလဲ။ အုပ်ချုပ်မှုလည်း သိပ်ညံ့ဖျင်း တာပဲ။ ရွာထဲမယ် နွားခိုးတွေ၊အရက်သမား တွေ၊ ဘိန်းပုန်းစားတွေ သိပ်ပေါတယ်။ ဒီရွာဟာ နာမယ် ပျက်နေတယ်။ အခုဖြစ်နေတာက ဒီရွာသားဆိုရင် ဘယ်သူကမှလူကောင်းလို့ မထင်ဘူး ။ လူဆိုးနဲ့ သူခိုးချည်း ထင်တာပဲ။ ဒါကြောင့် သည်လိုမသမာမှုတွေကို ပပျောက်အောင် လူထု သူကြီးတင်ပြီး လုပ်ရမယ်။"
ဦးသာထွန်း ဘက်မှလူတွေက ဟောကြပြောကြ၏ ။ ကိုဖိုးမြစ် ဘက်ကလူများကလည်း ဤ နည်းဖြင့် သူကြီးကို ရှုတ်ချ၍ ပြောဟာက မဲဆွယ် ကြလေသည်။ သူကြီးမင်း ဦးဘချစ်ကား အပြုံးပင် မပျက်။ လသာသော ညတစ်ညတွင် သူကြီးမင်းက အရပ်ထဲမှ သြဇာတိက္ကမ ရှိသူများကိုသူ့အိမ်သို့ ဖိတ်ကြားထားလေသည်။ ရွာဦး ဘုန်တော်ကြီး ကျောင်းမှ ဝတ်တတ်ကြေး စည်းသံကို နာခံရင်း လူကြီးမင်း များ သူကြီးမင်းထံသို့ ရောက်လာကြလေသည်။ သူကြီးမင်းသည် သူ၏ ခြံဝင်းအတွင်း ရှိမြေကွက်လပ်တွင် ခုံတန်းရှည်များ၊ ကုလားထိုင်များကို ချထာလေသည်။ လူပေါင်းငါးဆယ်ခန့် ဖိတ်မန္တက ပြုထားလေရာ လူစုံလျှင် ပေါင်းမှ ချခါစ အရက်ဖြူကို လက်ဖက်ရည် ပန်းကန်လုံးများတွင် ထည့်၍ တစ်လှည့် စီလိုက်ပေးလေသည်။ သူကြီးမင်း၏သား အာလူးသည် သည်နေရာတွင် အတော်ဖျတ်လတ်သည်။ ဖခင်၏ အဖော်အားကို ရာဖြစ်၏ ။
လမင်းသည် ထိန်ထိန်ပနေလေသည်။ လရောင်ထိုးနေသော သူကြီးမင်း၏ အိမ်မှ သွပ်မိုးကို အဝေးမှပင်အထင်သား မြင်နေရသည်။ ဧည့်ပရိတ်သတ်များသည် အရက်ဖြူ တစ်ပန်းကန်လောက် ဝင်မိလျှင်လျှာသွက်အာသွက် ဖြစ်လာကြ လေသည်။ သည်အချိန်တွင် သူကြီးသား အာလူးက ပန်းကန်ပြားကြီးနှင့် အမဲသား နှပ်တွေကို ယူလာပြန်သည်။
" ကဲ ကဲ စားကြဗျ၊ အမဲသားနုနုလေး နှပ်ထားတာဗျ "
ဧည့်သည် အပေါင်းတို့သည်လည်း အားနာသော အားဖြင့် အတုံးခပ်ကြီးကြီးများကို ရွေးကာ သုံးဆောင်ကြကုန်သည်။
" ဟေမောင်ဘချစ်တဲ့၊ မင်းအမဲနှပ်က ကောင်းသဟေ့"
နှုတ်ခမ်းမွေးဖြူဖြူကြီးနှင့် အဘိုးကြီးတစ်ယောက်က ဆို၏ ။
" လတ်လတ်ဆက်ဆက်ကိုဘကြီးအောင်ရဲ့"
" အေး ဒါတော့ ဟုတ်ပါရဲ့၊ မင်းဟာ က တစ်ခွက်တည်းနဲ့ ပြီးရတော့မှာလား။ အာတောင် မစွတ်ဘူး"
" ရပါတယ် ၊ ရပါတယ် ၊လိုသလောက် ရပါတယ်၊ သုံးပေါင်းတောင် တည်ထားတာ။ ဒါနဲ့မှ မလောက်ရင် ဆယ်အိမ်ခေါင်းအိမ်က ယူပေးပါမယ်။
"အေးကွယ်၊ ဒီလို အခါတော့ ငါ့သားလေးအောက်မေ့သကွယ်" လောကနီတိ အဆိုအားဖြင့် အရသာ နှင့်ပြည်စုံသော အာဟာရကို သုံးဆောင်ရသော အခါ ချစ်ခင်ရင်းနှီး သူကိုသတိရမြဲတည်း။
"လွတ်လုပါပြီ ။ ရှေ့လမယ် ထင်တယ်"
" အဲဒါ သာထွန်းတို့လက်ချက်ပေါ့၊ ကျွန်တော်က မသိချင်ယောင် ဆောင်နေတာ ။ဒီကောင်က သွားတို့တာ၊ ခိုးတဲ့နွားရော တစ်ခါတည်း မိတော့ မကယ်နိုင်တော့ဘူး၊" သူကြီးက ခြေတစ်ချောင်းထိုးလိုက်လေသည်။
"အေးပေါ့ကွ၊ ဒါတောင်ဒီကောင်က သူကြီးလုပ်ဦးမတဲ့။ ဟင် ခွေးမသား။ ငါ့သား ထောင်ချတဲ့ကောင်"
အဘိုးကြီးသည် အရက်တစ်ခွက်ကိုမော့ချလိုက်ပြီးလျှင် တံတွေးကို ပျစ်ခနဲ ထွေးလိုက်ကာ အမဲသားတုံးကို ကိုက်လိုက်လေသည်။
" ဟုတ်တယ်၊ ဒီကောင်သာသူကြီးဖြစ်ရင် ကျုပ်တို့ ဒုက္ခပဲ၊ ကျုပ်တို့ ဒီရွာမှာတောင် နေနိုင်မှာ မဟုတ်ဘူး"
မကြာသေမီက အရက်ချက်မှုနှင့် ထောင်ကျပြီးလွတ်လာသူ ဖိုးထူးက အရက်သံနှင့် ပြောပြန်လေသည်။ သည် အချိန်တွင် အခါခွင့်ကိုစောင့်မျှော်လျက် ရှိသော သူကြီးမင်းက စကားစလေတော့သည်။
" အခု ကျွန်တော်ခေါ်ပြီး ကျွေးမွေးတာက သူကြီးကိစ္စနှင့် ဘာမှ မဆိုင်ဘူးဗျ။ သက်သက်မဲ့ အလှုလုပ်တာ။ သူကြီး ကိစ္စတော့ ခင်ဗျားတို့စလာလို့သာ ပြောရဦးမယ်"
ဤသို့ နိဒါန်းသွယ်ကာ ရပ်လိုက်ပြန်သည်။
လူတွေက ငြိမ်းပြီး နားထောင်နေလေရာ တစ်ခါတစ်ရံ တံတွေးထွေးသံနှင့် လေချဉ်တက်သံ များကို သာကြားရသည်။ သူကြီးမင်းစကား ဆက်ပြန်လေသည်။ "ကျွန်တော် အခြေအနေလည်း ခင်ဗျားတို့ အတွက် လုပ်နေတာပါ။ ခင်ဗျားတို့ အပေါ်များ ကျွန်တော် မတရားတာ ဘာလုပ်ဖူးလို့တုံး။ ကဲ ပြောကြစမ်းပါ"
မည်သူမျှ မဖြေကြချေ။ သူကြီးက စကားဆက်ပြန်လေသည်။
" သူတို့က ဟိုအမတော်ကြေး ထုတ်တုန်းက တစ်မတ်စီတောင်းတာပြောနေတယ်။ အဲဒါ မြို့အုပ်က တောင်းခိုင်းလို့ တောင်းရတာဗျ။ ကျွန်တော် ရတာမဟုတ်ဘူး ။ ပြီးတော့ ကျွန်တော့ကိုအုပ်ချုပ်မှု မကောင်းဘူးတဲ့။ ဒီရွာမယ် အရက်ချက်တဲ့ လူတွေပေါတယ် ၊ နွားသတ်တဲ့ လူတွေပေါသတဲ့။ ဘုရားဒကာ တွေကလေ။ ကျွန်တော့ ထွက်ပေးလိုက်ပါမယ်။ သူတို့ဒါလောက်တောင် သူကြီးလုပ်ချင်ရင် လုပ်ကြစမ်းပါစေ"
လူတွေ လှုပ်လှုပ်ရွရွ ဖြစ်သွားလေသည် ။ တံတွေးထွေးသံ ၊ အာမေဋိတ်သံတွေ ထွက်ပေါ်လာလေသည်။
" ဟာ မထွက်ပါနဲ့"
"ထွက်သွားလို့ဘာဖြစ်မလဲ"
"ဟိုကောင်တွေနဲ့ကျုပ်တို့နဲ့ မဖြစ်ပါဘူး" ဟူသော အသံများ ထွက်ပေါ်လာရာ ဦးဘချစ်သည် အတော် ပီတိသောမနဿဖြစ်သွားလေသည်။ သို့သော် ငြားလည်း သူက ထပ်၍ မှုလိုက်ပြန်သည်။ " မဟုတ်ဘူး။ ကျွန်တော့ရွာသားတွေကကျွန်တော့ကို မလိုချင်ဘူးဆိုရင် ထွက်ရုံပေါ့။ လုပ်ချင်တဲ့လူ တက်လုပ်ပါစေ။ ကျွန်တော် ဒီသူကြီး အလုပ်ကို မမက်မောပါဘူး"
အဘိုးကြီးသည် ဒယီးဒယိုင် နှင့် လက်တစ်ဖက်မှာ အမဲသားတုံး၊အခြားလက်တစ်ဖက်မှ အရက်ပန်းကန် ကို ကိုင်ကာ နေရာမှ ထလေသည်။ ပေါတယ်။ ဒါကြောင့် မတတ်သာလို့ အရက်ချက် ရောင်းကြရတယ်" လူ တစ်ယောက်က လျှာလေးလေးနှင့် ပြောလေသည်။
" ကျွန်တော် ဘယ်တော့ဖမ်းဖူးသလဲ" သူကြီးမင်းက ဂုဏ်ဖော်လိုက်သည်။
"ဟုတ်တယ်၊ သူကြီးမင်းဆီတစ်လုံး ပို့လိုက်ရင် ပြီးတာပဲ" အသံတစ်သံ ထွက်လာလေသည်။
" ဟုတ်တယ်၊ ကျွန်တော်ကလည်း ကြိုက်တတ်သကိုး ဟဲဟဲ၊ ပြီးတော့ နွားသတ်တယ်။ ကျွန်တော် ဘာလုပ်ဖူးသလဲ"
"သူကြီးမင်းဆီ အူစုံသည်းစုံ ပို့လိုက်ရင်ကိစ္စပြီးတာပါပဲ"
"ဟဲ ဟဲ ကျွန်တော် ကလည်း ကြိုက်တတ်သကိုး"
သူကြီးကိုယ်တိုင် အတန်ထွေနေသည့် အထဲ တစ်ခွက်မော့လိုက်ပြန်သည်။ အမဲသားတုံးကို ခဲလိုက်ပြန်သည်။နောက် စကားဆက်ပြန်သည်။ " အဲဒီတော့ ကိုယ့်သူကြီးနဲ့ ကိုယ်ရွာသား ဘယ်လောက် ဟန်သလဲ။ ဖိုးဗြူလား ဓားပြတိုက်တုန်းကလည်း ပုလိပ်မမိအောင် ကျွန်တော်ကိုယ်တိုင် ဝှက်ထားတယ် မဟုတ်လား။ဒီထက်တော့ ကျွန်တော် ခင်ဗျား တို့အတွက် မလုပ်နိုင်တော့ဘူး၊။ ဒါလောက်တောင် ခင်ဗျားတို့ အတွက် ဆောင်ရွက်နေတဲ့ အထဲ ကျွန်တော့ကို မကြိုက်ဘူးဆိုရင်လည်း ခင်ဗျားတို့ သဘောပေါ့"
" ဟိုး ဟိုး ၊ ဟေ့မောင်ဘချစ် ၊ မင်းကို ဘယ်သူက မကြိုက်ဘူးပြောသတုံး။ မကြိုက်ဘူးပြောတဲ့ ကောင် ငါနွားသတ်တဲ့ ဓားနဲ့ ခုတ်မယ်" အဘိုးကြီး တစ်ယောက်က ထ၍ ဆူပြန်သည်။
"ကဲ ဦးလေးဘချစ်"
လူငယ် တစ်ယောက်က ထ၍ပြောသည်။
"ဦးလေးဟာ ကျွန်တော်တို့ ကျေးဇူးရှင်ကြီးပဲ။ အရက်ချက်လည်းမဖမ်းဘူး။ နွားခိုးလည်း မမြင်ချင်ယောင်ဆောင်တယ်။ ဓားပြတွေလည်း ဝှက်ပေးတယ်။ နည်းနည်းပါးပါးဝေစုပေးရတာ ဘာအရေးကြီးလဲဗျာနော်။ အမတော်တို့၊ အခွန်တော်တို့၊လည်း ဘယ်တော့မှ အတင်းအကျပ် မတောင်းဖူးဘူး။ဦးလေးဘချစ်ဟာ ကျွန်တော်တို့ လူထု အကျိုးကို အကြည့်ဆုံးပဲ။ ဒါကြောင့် ဦးလေးဘချစ်ပြန်အရွေးခံပါ။ ကျွန်တော်ရအောင် ဆောင်ရွက် ပေးပါမယ်"
ထိုစကားကို ကြားသော အရက်ချက်သမားလူထု ၊ နွားခိုးလူထု နှင့်ဓားပြ လူထုက သာဓု သုံးကြိမ်ခေါ်ကြကုန်သည်။ကောင်းချီသြဘာ ပေးကြသည် ။ အနုမောဒနာ ပြုကြကုန်သည်။
" ကဲ ဒီလိုဆိုရင် အများက တောင်ပန်းလည်း လုပ်ရတာပေါ့" ဟု ဦးဘချစ်က အာမဝန်တာ ခံလိုက်ရလေသည်။မဲရွေးပွဲနေ့တွင် ဦးသာထွန်နှင့် မောင်ဖိုးမြစ်တို့မှ မြို့က အဖွဲ့အသီးသီး ကိုယ်စားလှယ် များရောက်လာ၍ပါးစပ်ပြဲအောင် အော်ကာဟစ်ကာ တရားဟောကာ အားပေးနေကြသော်လည်း မဲရေတွက်လိုက်သောအခါဦးဘချစ် အများဆုံး ရရှိနေသည်ကို တွေ့ရလေသည်။
ထို့ကြောင့် ဦးဘချစ်သည် လူထု သူကြီး ဖြစ်ရပြန်လေသည်။
ကိုချစ်ဖေ ထိုကဲ့သို့သောစာရေးတတ်လိုပါသည် သို့သော်ကိုချစ်ဖေ ကိုအဂ္ဂဘလော့မှ ကူးယူဖေါ်ပြခြင်းသာဖြစ်ပါသည်။
မူရင်းစာရေးသူ မပါရှိပါချေ မတွေ့ပါ။ ကျနော်တို့ ရွေးကောက်ပွဲနှင့် ဆင်ဆင်တူ၍ သဘောကျမိပါသည်။ သဘောမတွေ့သော်
ခွင့်လွှတ်ကြပါကုန်။ ကိုကျောက်(ရွှေရတုမှတ်တမ်းကြီး)ပြောပြချက်အရ စာရေးသူမှာ ဆရာ မန်းတင် ဖြစ်နိုင်ပါကြောင်း သိရပါသည်။
(ဂျာနယ်ကျော်၁၉၄၇ ဒီဇင်ဘာ ၁)

Read more...

Tuesday, September 14, 2010

ကိုဖိုးလုံးတို့ပြာနေသည်

“ ဒီမယ် ကိုဖိုးလုံး ခင်ဗျားဟာ အနီလား အဖြူလား အ၀ါလား ပြောစမ်း ခင်ဗျားဘာလဲ ဗျာ.”
“ဗိုလ်ကြီးတို့ရယ် ကျနော် အဖြူ အနီ အ၀ါ ဘာမှမဟုတ်ပါဘူးဗျာ ဗိုလ်ကြီးတို့ အားလုံးကို ပြာ
နေအောင်ကြောက်ရတဲ့ အပြာပါ”

ဆရာမန်းတင်ရဲ့ ကိုဖိုးလုံး ၀ထ္ထုထဲက စာပိုဒ်တပိုဒ်ပါ ဒုတိယကမ္ဘာစစ်ကြီးအပြီး မြန်မာနိုင်ငံ
ပြည်တွင်းစစ်ကြီးနောက်ခံ လယ်သမားဘ၀ တစိတ်တဒေသ ဘ၀သရုပ်ဖေါ်ဝထ္ထုဖြစ်သည်။ အ
ခြားသူများလည်း ကျနော်ကဲ့သို့ ကိုဖိုးလုံး ၀ထ္ထုများကို ဖတ်ဖူးကြပေလိမ့်မည်။ ဖတ်ဖူးခဲ့ပြီး နှစ်
သက်ရာ လယ်သမားဘ၀နောက်ခံ ၀ထ္ထု နှစ်ပုဒ်ထဲမှ မှတ်မှတ်ရရ ကျနော်မှတ်မိနေသည့် တပုဒ်ဖြစ်သည့် ဆရာ မန်းတင်ဝထ္ထုထဲက စာပိုဒ် မြန်မာလယ်သမားကိုဖိုးလုံးရဲ့ ဘ၀အမြင်ပါ။

ကျနော်တို့ နိုင်ငံကား ဗိုလ်ကြီးတွေပေါလှသည် ရဲဘော်ဖြူ ရဲဘော်ဝါ အလံနီ အလံဖြူ စသည်
ဖြင့် ပြည်တွင်းစစ်မီးကြီး တောက်လောင်ခဲ့ရာ လက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာမှု့နှင့်ထပ်
တူ ဗိုလ်ကြီးများပေါ်လာခဲ့သည်။ သေနတ်ရှိရာ သေနတ်ကိုင်ရာလူကို အရပ်သူအရပ်သားများ
က ဘယ်အဖွဲ့ ညာအဖွဲ့ရယ်မသိ။ အားလုံးကြောက်ကြရသည် ဟိုဖက်ဒီဖက်အနေမတတ်လျှင်
ကြားညှပ်ပြီး အသတ်ခံရသည်လည်းမနည်း။ ထို့ကြောင့် သေနတ်ကိုင်ထားလျှင် ဗိုလ်ကြီးဟု
သာခေါ် မမှားပေ။ ဤသည်ကို ဆရာမန်းတင်က သရုပ်ဖေါ်ထားသည်။ ခုတော့ သေနတ်မ
ကိုင်သည့် ကိုင်စရာမလိုသည့် ဒုက္ခပေးနိုင်သည့် ဗိုလ်ကြီးများ ပိုမိုများပြားလာတော့သည်။

ပြည်တွင်းစစ်ကြီးနှင့်အတူပါလာသော ဆိုးကျိုးအပေါင်းပါတည်း သို့သော် ကျနော်တို့ အောက်
ခြေပြည်သူပြည်သား လယ်သမားများ နှစ်ပေါင်းခြောက်ဆယ်ဝန်းကျင် ထိုကဲ့သို့သော ဒုက္ခများ
ကလွတ်မြောက်ကြပြီလားဆိုတော့ မလွတ်မြောက်နိုင်သေး။ ခုရက်ထဲ အင်တာနက်စာမျက်နှာ
မှ သတင်းတချို့ကိုဖတ်ရသည်။ ကိုဖိုးလုံးသာရှိနေသေး၍ ထိုသတင်းတွေကိုကြားရရင် ၀မ်းပဲ
သာနေမလား မ၀ံ့မရဲနဲ့ အားလုံးအတူတူပါပဲလို့ပဲ တွေးနေမလား။ မဲမရသေးခင်တော့ ဒီလိုပေါ့
နောက်တော့လဲ ရွာကိုပေါ်မလာကြတော့ ရွာကိုလာတုန်းက စည်းရုံးရေးခရီးထွက်လာတုန်းက
ကိုဖိုးလုံးတို့က မရှိရှိတာလေး အိမ်ကကြက်ကလေးချက်ရ တောအရက်ကောင်းကောင်းလေး
လိုက်ရှာတိုက်ကြရ။ ဟော.မြို့ပေါ်ရောက်လို့ လက်ဖက်ရည်ဆိုင်ရှေ့မှာ ထိုလူကြီးလူကောင်း မဲ
ဆွယ်သမားများကိုတွေ့လို့ ကိုဖိုးလုံးတို့ကို ခေါ်မတိုက် မမှတ်မိ အလုပ်များကြသကိုး။

ခုလဲ နာရေးကူညီမှု့ကို ကူညီကြသည်တဲ့ တသက်လုံးယောင်လို့တောင် မကူကြသူတွေ ဘာ
မျှော်လင့်ချက်မှမပါပဲ ကူညီသူတွေကိုတောင် နည်းအမျိုးမျိုးနဲ့ နှောက်ယှက်သူတွေ ခုတော့ နာ
ရေးကူညီကြသတဲ့ ငွေသုံးသောင်းတောင် ကူညီသေးဆိုပဲ။ အမြဲတန်းကူညီသွားသော်ကိုဖိုးလုံး
တို့မပူပင်ရတော့ မဲရွေးပြီးတဲ့အထိဆိုရင်တော့မကောင်းလှသေး။ ဘာပဲဖြစ်ဖြစ် ခုလိုအပြိုင်အ
ဆိုင် နာရေးမှာ ကူညီသည်ဆိုတော့ ကောင်းသား တသက်လုံးပြိုင်ကြပါစေပဲ ဆုတောင်းရမည်။

သက်ကြီးရွယ်အိုများကိုလဲ ရိုသေသမှုပြုဂါရ၀ပြုကြသည်ဆိုပဲ သက်ကြီးအင်အားများ၍ အ
သက်ကို ပိုကြီးတဲ့ စာရင်းထပ်ပြုပြီးဂါဝရပြုကြသည် နို့မို့ အထက်ကချပေးသောငွေမလောက်
အသက် ၇၀ တန်းကန်တော့ရန် စာရင်ပြုစုပြီးမှာ ရ၅ နှစ်ကိုထပ်တိုးလိုက်ရသည်ဆိုပဲ။ ကောင်း
လေစွ။ ရွေးကောက်ပွဲပြီးလျှင် အသက် ၁၀၀ ကျော်များကိုသာ ကန်တော့တော့မည်။ ခုနေခါ
တော့ အတိုးနှုန်းနည်းနည်းနှင့်လဲ ငွေထုတ်ချေးသည် မျက်မှန်များကိုလဲ ဝေငှပေးသည်။ စာ
သင်ကျောင်းကိုလဲငွေလှုသည်။ ရွာဘောလုံးအသင်းတောင်ငွေလှုသည် မဲဆွယ်သူများမဆိုး သဘောထားမဆိုးလှ ကိုဖိုးလုံးတို့လဲပျော်သည်။

သို့သော် မဲထည့်ကြရတော့မည်။ မဲမထည့်သူများစာရင်းမှတ်ထားပြီးလယ်သိမ်းလျှင် ဒုက္ခ သိမ်း
သည့်နေရာတွေလဲသိမ်းလေသည်။ မဲကို ကြောက်ကြောက်နှင့်ထည့်လျှင် ဘယ်သူဘယ်ဝါကို
ထည့်ရပါ့။ ဟိုတုန်းက လေသံကျယ်ကျယ်နှင့် အစိုးရပြုတ်များကိုပဲထည့်ရမလား။ နီးရဓါး
အသင်း အဲ ပါတီကိုပဲ မဲထည့်ရမလား။ ကိုဖိုးလုံးတို့အတွက် ထူးတော့မထူး ဟိုတုန်းက ပင်နီ
တိုက်ပုံနှင့် ကချင်လုံချည်နှင့် ခမောက်အဖွဲ့အတွက် မဲလာဆွယ်တဲ့ ကောင်လေး ကောင်မလေး
များလဲ မတွေ့တော့။ ဘာပဲဖြစ်ဖြစ် ကိုဖိုးလုံးတို့အတွက်တော့မထူး။ လူညီလို့ ထချကြကြေးဆို
လျှင်တော့ အနီးကပ်ဆုံးရန်သူတွေကိုသာ ချဖို့ရှိသည်။ ကိုဖိုးလုံးတို့အတွက် အနီးကပ်ဆုံး ရန်
သူဆိုတာ ဘယ်အဖွဲ့ ညာအဖွဲ့ရယ်တော့မသိ။ ဒုက္ခပေါင်းစုံပေးတတ်သူတို့သည်သာ ကိုဖိုးလုံး
တို့ရန်သူ ကိုဖိုးလုံးတို့ ခွဲခြားတတ်သည်။ မခွဲခြားတတ်မှာမပူနှင့် သို့သော် ခုနေခါတော့ ကိုဖိုး
လုံးတို့ ပြာနေအောင်ကြောက်နေရသည်။ ကိုဖိုးလုံးတို့ကို အထင်အမြင်သေးနေသော နိုင်ငံရေး
ဝါရင့်သမ္ဘာရင့် အဝေးကြီးက အားပေးနေသူများလဲမရှား ကိုဖိုးလုံးတို့လဲ လူညီအောင်ဆု
တောင်းနေသည်။ လူညီသည့် ခေတ်အဆက်ဆက် ကိုဖိုးလုံးတို့ နောက်ကျန်မနေခဲ့။ ကိုဖိုးလုံး
တို့ ခုတော့ ပြာနေရသေးသည်။

Read more...

Friday, September 3, 2010

ဆိုကြမယ် ကကြမယ် ပြည်သူအတွက် သို့မဟုတ်

ဆိုကြမယ် ကကြမယ် ပြည်သူ့အတွက် သို့မဟုတ်

ကိုချစ်ဖေ ခုတလောတော်တော်စဉ်းစားမိနေတဲ့ အကြောင်းတခုရှိပါတယ် အဲ့ဒါကတော့ အခြား
သူတွေတော့ ဘယ်လိုတွေးမိကြမလဲ မသိပါဘူးဗျာ ဒီလိုပါ “ တကယ်လို့များ ကိုချစ်ဖေသာ မြန်မာပြည်တွင်းမှာနေထိုင်တဲ့ သူတယောက်လဲဖြစ်မယ် အနုပညာသမားတယောက်လဲ ဖြစ်
မယ်ဆို စစ်အစိုးရရဲ့ ၀ါဒဖြန့် ရုပ်ရှင်တွေ သီချင်းတွေကို စစ်အစိုးရ သဘောကျ ဆိုမှာလား ရေး
မှာလား မရေးမနေရ မဆိုမနေရ ရုပ်ရှင်ဗွီဒီယို မရိုက်မနေရ ဆိုရင်ကော ဘယ်လိုလုပ်မလဲ” လို့ပါ။

အရာရာကို စစ်တပ်က ချုပ်ကိုင်ထားပြီး သူတို့အလိုကျ လိုက်မလုပ်တဲ့သူတွေကို နည်းအမျိုး
မျိုးနဲ့ ချိန်းခြောက် ဒုက္ခပေးလေ့ရှိတာကိုတော့ အများပြည်သူအားလုံးသိသလို အနုပညာရှင်
တွေလည်းသိကြပါတယ်။ ဒီတော့ကာ ကြောက်ရွံရလို့ မိမိရဲ့ ဥစ္စာပစ္စည်းဓန နာမည်ဆုံးရှုံးမှာ စိုး
လို့ စစ်အစိုးရရဲ့အလိုကျ (ပေါ်တာဆွဲတဲ့အခါ ပါသွားသလို) ဆိုကြရ ကကြရပါတယ် လို့ ဆိုလာ
ပါတယ်။

ကိုချစ်ဖေသာ နာမည်ကြီးသရုပ်ဆောင်မင်းသားဖြစ်မယ် နာမည်ကြီးအဆိုတော်ကြီး ဖြစ်မယ်
ဆိုရင်ကော ဆိုမလား ကမလား မဆိုရင် ဒုက္ခတွေ့တော့မယ် အဲ့ဒီတော့ ဘယ်လိုလုပ်မလဲ ကိုယ်က နာမည်ကြီးသရုပ်ဆောင် နာမည်ကြီးအဆိုတော် တေးရေးဆရာမဖြစ်လို့ “စစ်အာဏာ
ရှင်တွေကိုတော့ ဆန့်ကို ဆန့်ကျင်ရမှာပဲဗျာ” လို့ ပြောတယ်လို့ လဲ အထင်မရောက်ကြပါနဲ့။ ကို
ချစ်ဖေသာဆို ဘယ်လိုရပ်တည်မလဲ ဆိုရမလား ရိုက်ရမလား ရေးပေးရမလား တီးမှုတ်ပေးရမ
လား မပေးရင် ရပ်ကွက်ထဲအထိဆင်း ဒုက္ခပေးနေတဲ့ ထောက်လှမ်းရေး အမျိုးမျိုးရဲ့ ဒုက္ခပေး
ခြင်းကို ခံရမလား တွေးမိနေတာပါ။

ဒီလိုဗျာ ဟိုအရင်ကျနော်တို့ မမှီလိုက်ပေမဲ့ သမိုင်းကြောင်းအရ အထင်အရှားရှိနေတဲ့ အဖြစ်အ
ပျက်တွေထဲက ကိုလိုနီခေတ်မှာ နေမ၀င်အင်ပါယာပိုင်ရှင် အုပ်ချုပ်သူတွေကို သရော်တဲ့စာ မိမိ
အမျိုးသားတွေရဲ့ ဇာတိမာန် တက်ကြွစေတဲ့ သီချင်းတွေကို ရေးခဲ့တဲ့သူတွေ ဆိုခဲ့ ကခဲ့တဲ့သူ
တွေ ကိုကော အင်္ဂလိပ်အစိုးရမင်းများနဲ့ အလိုတော်ရိတွေက ကြိုက်ပါ့မလား။ ကြိုက်ကြိုက်မ
ကြိုက်ကြိုက် အနုပညာရှင်တွေအနေနဲ့ စဉ်းစားကြည့်စေချင်တာကတော့ ဒို့ဗမာသီချင်း န
ဂါးနီသီချင်း မီးဒုတ် သီချင်း အစရှိတဲ့ ကိုချစ်ဖေမသိတဲ့ သီချင်းတွေရောဟာ ခုလွတ်လပ်ရေးရ
ပြီး နှစ်ပေါင်း (၆၀) ကျော်အထိ မူလရည်ရွယ်ချက် အမျိုးဂုဏ်ဇာတိဂုဏ်ကို ထင်ဟပ်တက်ကြွ
စေနိုင်တုန်းပါ ကိုလိုနီနယ်ချဲ့ အစိုးရအလိုတော်ကျ ပေါ်လစီသီချင်းတွေ ဂျော့ဘုရင်မင်းမြတ်ရဲ့ ဘုန်းတော်ဖွဲ့သီချင်းတွေကတော့ ကြားတောင်မကြားဖူးတော့ပါဘူး ဘယ်သူတွေရေးလို့ ဘယ်
သူတွေဆိုခဲ့တယ်ဆိုတာလဲ မသိကြတော့ပါဘူး။ တကယ်လွတ်လပ်ရေးရပြီးခေတ်မှာကော မ
ရှက်မကြောက်ပြောရဲ ရေးရဲပါ့မလား ဆိုရဲပါ့မလား အဲ့ဒီတုန်းက ငါက ငါ့အဖေက ငါ့အဖိုးက အဲ့ဒီပေါ်လစီသီချင်းတွေ ဘုန်းတော်ဘွဲ့သီချင်းတွေရေးခဲ့သူ ဆိုခဲ့သူပါရယ်လို့ ကြေငြာရဲပါ့မ
လား။


အဲ့ဒီတုန်းကတော့ နယ်ချဲ့အစိုးရဆိုပေမဲ့ ခုစစ်အစိုးရလောက်ဖိနှိပ်မှု့မရှိလို့ သီဆိုခဲ့ကြတာ ထင်
ရှားပြီး တမျိုးသားလုံးအသဲစွဲ ဖြစ်ခဲ့ရတာလို့ပြောရင်လဲ ပြောပါ။ ကိုချစ်ဖေထင်တာတော့ စစ်အ
စိုးရရဲ့ ပေါ်လစီကားကို မရိုက်မနေရဆိုရင်လဲ မရိုက်ဘူးကွာ ဘာဖြစ်ဖြစ်ဆိုတဲ့ သဘောထားမျိုး
မထားနိုင်တာကြောင့်၇ယ် ဆိုလိုက်ရေးလိုက်လဲ ပြီးတာပါပဲကွာ ကိုယ်ကနိုင်တာမှမဟုတ်
တာ နမ်းတစေ့နဲ့ ဆီမဖြစ်ပါဘူး အများမိုးခါးရေသောက် ကိုယ်လဲသောက်လိုက်ပေါ့ ကိုယ့်ဒုက္ခ
မပေးရင် ကိုယ့်မိသားစု ဒုက္ခမပေးရင်တော်ပီ ဆိုတဲ့သူတွေက အများစုဖြစ်နေလို့ထင်ပါတယ် အဲ့ဒီသူတွေကို ဦးဆောင်တာကတော့ တက်လာတဲ့အစိုးရ ဒို့အစိုးရ တက်တက်ကြွကြွနဲ့ကို
လုပ်မယ်ဆိုတဲ့ အခွင့်အရေးရှေ့တန်းတင် အနုပညာသမားတွေက ဦးဆောင်ပါဝင်တာပါ။

ဒီတော့ကာ ကိုယ်ကိုယ်တိုင်က စစ်အစိုးရဆိုတာ မတရားတဲ့အစိုးရ နိုင်ထက်စီးနင်းအစိုးရ ပြည်သူလူထုကြီးကို ဆင်းရဲတွင်းထဲ ဆွဲချတဲ့အစိုးရ ဘယ်သူသေသေ ငရွှေမာရင်ပြီးရောအစိုး
ရ ဒီအစိုးရကို နမ်းတစေ့နဲ့ဆီမဖြစ်သော်လဲ နမ်းဆိုတာ ဆီဖြစ်တတ်တဲ့အမျိုး မတရာမှု့မမျှတမှု့
ကို ငါ့အခွင့်အရေးဆုံးပါစေ ဆန့်ကျင်သွားမယ် ဆိုတဲ့စိတ်ဓါတ်မျိုး မထားနိုင်ရင်တောင်မှ မီး
လောင်ရာလေမပင့်ဘူး အဆိပ်ပင်ရေမလောင်းဘူးဆိုတဲ့ သဘောထားမျိုးထားနိုင်ရင် ရှောင်လို့
ရမယ်ထင်ပါတယ်။ ပါးပါးနပ်နပ်ရှောင်တဲ့သူတွေလဲရှိတာပါပဲ။

နောက်ဆုံးကိုယ့်အနုပညာကို အနိုင်ကျင့်ပြီး မီဒီယာတွေကနေပိတ်ပင်ထားရင်တောင် အခြား
သော ရရာနည်းလမ်းတွေနဲ့ ဖေါ်ထုတ်နိုင်တာပါပဲ ကိုဇာဂနာတို့ ကိုကျော်သူတို့လို စစ်အစိုး
ကြိုက်ကြိုက်မကြိုက်ကြိုက် ကိုယ်လုပ်နိုင်တဲ့ဘောင်ထဲကနေ ရသလောက် မိမိရပ်တည်ချက်
အတိုင်း လုပ်သွားရင်ကော မရဘူးလားဗျာ။

သြ ..ကိုချစ်ဖေတို့က ကျည်ကွယ်မျက်ကွယ်ကနေပြီး အဝေးကနေပြီး လက်သီးလက်မောင်း
တန်းနေတယ်လဲ ထင်ခံရပါဦးမယ် ကိုချစ်ဖေလဲ မြန်မာ့အမျိုးသား မြန်မာနိုင်ငံသား မတရား
မှု့ကို နည်းနည်းမှ မကြိုက်သူမို့ စစ်အစိုးရကို အားပေးကူညီသူတွေကိုလည်း မကြိုက်ပါ။ မ
ကြိုက်တဲ့အတွက် ကိုယ့်နည်းနဲ့ကိုယ် ဆန့်ကျင်ပါတယ် စစ်အစိုးရ ဘက်တော်သားတွေလို့ ယူဆရတဲ့ အနုပညာရှင်တွေကို အားမပေးပါဘူး သူတို့သီချင်းဘယ်လောက်ကြိုက်ကြိုက် နား
မထောင်ချင်တော့ပါဘူး။ ဒါကိုချစ်ဖေတို့ ပရိတ်သတ်အခွင့်အရေးပါ။

ကိုချစ်ဖေတို့ ငယ်ငယ်က အသည်းစွဲ တိုင်းရင်းသားအဆိုတော်တယောက်ဆို ကိုချစ်ဖေ စိတ်
ထဲ မတွေ့တာနဲ့ သူ့ သီချင်းကောင်းလေးတွေတောင် နားမထောင်ချင်တော့ပါဘူး ဟိုတုန်းက
တော့ တော်တော်ကြီးကို လေးစားမိ သဘောကျမိတဲ့သူပါ။ သူရပ်တည်ချက်ပြောင်းသွားတာ
ကို ကြည့်ပြီးစိတ်ပျက်သွားမိလို့ပါ။ အဲ့ဒီနည်းနဲ့ ဆန့်ကျင်ပါတယ် ဒါပရိသတ်တယောက်ရဲ့ အခွင့်
အရေးပါ ကိုယ်နဲ့ မဆိုင်ဘူးရယ်လို့ မခံယူပါဘူး။

ပုဂ္ဂိုလ်ရေး အညိုးအတေး အာဃာတရယ်တော့ မရှိပါဘူး သို့သော်လဲ သူ့ကိုအားပေးမှု့ကို
လျှော့ချခြင်းဖြင့် စစ်အစိုးရကို ဆန့်ကျင်ရမယ်လို့ထင်ပါတယ်။ စစ်အစိုးရရဲ့ ပေါ်လစီကားတွေ
သီချင်းတွေကို ကြောက်လို့ပဲဖြစ်ဖြစ် အတင်းခေါ်လို့ပဲဖြစ်ဖြစ် သီဆိုရတယ်ဆိုလဲ သီဆိုပါ။ သူ့
အနုပညာကို အသုံးချပြီး စစ်အစိုးရအတွက်လုပ်ပေးတယ် အထောက်အကူပြုတယ်ဆိုရင် ကို
ချစ်ဖေတို့ကလဲ သူ့အနုပညာအားလုံးကို အားမပေးရုံပါပဲ အားပေးဖို့ ရှေ့ဆောင်ရှေ့ရွက်လုပ်သူ
တွေကိုလဲ ဆန့်ကျင်ရုံပါပဲ။ ပြည်သူတွေဖက်က အမြဲရပ်တည်ပြီး အနုပညာဖန်တီးသူတွေကို
တော့ အမြဲအားပေးရမှာပေါ့ဗျာ။( ဒီကြားထဲ ဗိုလ်ချုပ်မှုးကြီးက သီချင်းရေးဆိုပဲ)

ရုပ်ရှင်သရုပ်ဆောင် နေတိုးတို့ မင်းမော်ကွန်းတို့ ထွန်းထွန်းတို့ ဆိုလဲပုဂ္ဂိုလ်ရေးအရ မုန်းတီးစ
ရာမရှိပါဘူး ၀ိုင်းစုခိုင်သိန်းတို့ ရဲလေးတို့ဆိုလဲ မုန်းတဲ့စိတ်မဖြစ်မိပါဘူး ဒါပေမဲ့လဲ သူတို့ရဲ့ အနု
ပညာစွမ်းပကားနဲ့ စစ်အစိုးရကို ထောက်ပံ့ခဲ့မှု့ကိုတော့ ဆန့်ကျင်ရမယ်လို့ တွေးမိနေတယ်ဗျာ။
လူသားချင်းအနေနဲ့တော့ နားလည်စာနာနိုင်ပါတယ် သူတို့ရဲ့ အခက်အခဲကို သို့သော်လဲ တနိုင်
တပိုင်ဆန္ဒပြမှုပဲဖြစ်ဖြစ် တယောက်ထဲ ဆန္ဒပြမှုပဲဖြစ်ဖြစ် ဆန့်ကျင်ကြောင်း အလိုမရှိကြောင်း
တော့ မိမိတို့ရဲ့ လွတ်လပ်မှု့ကို အသုံးချပြီး ဆန့်ကျင်ရမှာပါပဲ။(ဆန့်သာ ဆန့်ကျင်ရတယ် ၀ိုင်းစု
ခိုင်သိမ်း လေးကိုတော့ အားအနာဆုံးပါပဲ) သူတို့ကို ပုဂ္ဂိုလ်ရေးလုံးဝ မုန်းတီးမှု့မရှိပဲ
သူတို့ရဲ့ အနုပညာအားလုံးကိုတော့ ပြန်ဆန့်ကျင်သင့်တယ်လို့ ထင်နေတွေးမိနေပါတယ်။

ကိုချစ်ဖေ စိတ်ကြီးနေတာလဲ ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ။

Read more...

Saturday, July 24, 2010

ပြန်ပေး

ပြန်ပေး

ဘာမှမဟုတ်ပါဘူး.
၂၀၁၀
ရွေးကောက်ပွဲ
ရွေးကောက်ပွဲနဲ့
မုဆိုးရာသီ
တိမ်တောက်ချိန်မှ
လှတဲ့ အကျဉ်းတန်မပါ။

တဆောင်းဝင် တဆောင်းထွက်
ခေတ်အဆက်ဆက်
နိုင်ငံရေးမှာ
လင်ကောင်မပေါ်ပဲ
သားလျှောမွေးတဲ့ကောင်မ
ခု..
ဒီမိုကရေစီပြုံး ပြုံးတယ်
အရပ်တကာလည် ကြာပစ်တယ်
အမြီးမကျက်ခင် အမြီးစားတယ်
သရေပေါ်အိပ် သရေနားစားတယ်
မုဆိုးနားမနီးပဲ တောလည်ထွက်တယ်
မသူတော်ချင်းချင်း သတင်းမွေ့တယ်
အဲ့ဒီအရပ်ပျက်မ
အဲ့ဒီစစ်အစိုးရ
အယုတ်တမာမ.
ခေတ်ပျက် သူဌေးမ

အပျိုရည်ပျက်သွားတဲ့ ငါတို့ရဲ့တောင်ယာခင်းလေးပြန်ပေး
ကလေးစစ်သားလေးရဲ့ ပြတ်သွားတဲ့ ခြေတဖက်ပြန်ပေး
မိသားစုအတူ ညစာစားခွင့်တွေကို ပြန်ပေး
တက္ကသိုလ်ကျောင်းက ငွေလမင်းကို ပြန်ပေး
နိုင်ငံရေးအကျဉ်းသားလေးရဲ့ အမေကိုပြန်ပေး
နွမ်းလျအိမ်ပြန်လမ်းတွေကိုပြန်ပေး
ရွှေ့ပြောင်းအလုပ်သမ ဖြစ်သွားတဲ့
မူလတန်းဆရာမလေးကိုပြန်ပေး
မီးတောက်အရက်တလုံးနဲ့ ကောက်သစ်စားပွဲတွေကိုပြန်ပေး

ပြန်မပေးမှု့များအားလုံးကို ပြန်ပေးပါ.
ခင်ဗျားလုယူသွားတဲ့
လောကပါလနတ်မင်းကြီးကိုလဲပြန်ပေးပါ

ဒါဟာ
တိုင်းပြည်ကြီးတပြည်လုံးလုံးနာဖျားတာ
ခြေသလုံးအိမ်တိုင်သမားတယောက်
အဆုပ်အအေးမိတာမဟုတ်လို့.
ပြန်ပေးပါ.

ပြန်မရနိုင်တဲ့ ညနေခင်းတွေထဲ
ခင်ဗျားခင်းတဲ့ ဇာတ်က နာလွန်းတယ်
၂၀၁၀
ရွေးကောက်ပွဲတွေအစား

ပြန်ပေးပါ..

မိုးစဲနေ..

Read more...

Monday, June 14, 2010

သဘောကျမိတဲ့ ကာတွန်းအတွေး

သဘောကျမိတဲ့ ကာတွန်းအတွေး

ကိုချစ်ဖေ မနက်စောစောသတင်းဖတ်လိုက်ရတာ တော်တော်ပဲမင်္ဂလာရှိပါတယ် အမြဲတမ်းပဲ
မီးမလာ မီးမလာလို့ ရေပြတ် မီးမလာလို့မီးစက်မောင်း အသံဆူ လေထုညစ်ညမ်း မီးပွိုင့်များလဲ
မီးမလာ မီးလာခဲ့တယ်ဆိုတာကိုက အထူးအဆန်းသတင်းရယ် ဖြစ်နေခဲ့တာလဲကြာပါပြီ ဗိုလ်
သန်းရွှေတို့ရဲ့ ကြပ်ပြေးနေပြည်တော်ကြီးမှာတော့ မီးတွေတထိန်ထိန်ဖြစ်လို့ဆိုပဲ မြန်မာပြည်
သူတွေအတွက် မီးဒုက္ခရေဒုက္ခနဲ့ နောက်ဆက်တွဲဒုက္ခတွေကို သတင်းထဲမှာ ဖတ်နေခဲ့ရတာ
လဲကြာပါပြီ။

ကိုယ်ကိုတိုင် မီး၂၄ နာရီမပြတ်တဲ့အရပ်မှာနေရပေမဲ့ မီးပြတ်တဲ့ ပြည်သူတွေ မီးကိုမရနိုင်တဲ့
ပြည်သူတွေအတွက် စားဝတ်နေရေးအခက်အခဲတွေကြားထဲက ဆင့်ပိုးတဲ့ဒုက္ခအဖြစ် အမြဲပဲ
စိတ်မကောင်းဖြစ်ရပါတယ်။ ဘာမှလဲမတတ်နိုင်တဲ့အခြေအနေမျိုးပါ။ အားလုံးကတော့မီး
ပြတ်တာကိုပဲ ဓလေ့ထုံးတမ်းစဉ်လာလိုလဲဖြစ်လို့ပေါ့ဗျာ။

ဒီနေ့တော့ သတင်းဝက်ဆိုဒ်တခုဖြစ်တဲ့ ခေတ်ပြိုင်ဝက်ဆိုဒ်ကိုဖတ်လိုက်ရတဲ့အခါ ရန်ကုန်မြို့
ကြီးမှာ မီးမလာ လာပြန်တော့လဲ နာရီပိုင်းဖြစ်နေရတဲ့အခြေအနေမှာ မီးတွေ ၁၂ နာရီလောက်
လာနေတာကို ဖတ်ရတော့ တော်တော်ပဲစိတ်ချမ်းသာပါတယ်။ ကိုရီးယားကားကြိုက်တဲ့အမေ
တော့တော်တော်ဝမ်းသာတော့မှာပဲလဲတွေးမိပါတယ်။ အခြားသော မီးကြောင့်ဖြစ်ရတဲ့ ဒုက္ခသု
က္ခတွေလဲ နည်းသွားတော့မှာမို့ အမြဲတမ်းမီးမှန်ပါစေ ရေလာပါစေလို့ ဆုတောင်းနေမိရင်း ကို
ချစ်ဖေ ၀မ်းသာနေမိပါတယ်။

အဲ့ဒီလိုမီးလာနေတာကို ၀မ်းသာမိနေတုန်း ဗြုံးဆို ကိုချစ်ဖေသဘောကျခဲ့တဲ့ ဆရာအော်ပီ
ကျယ်ရဲ့ ကာတွန်းလေးကို သွားပြေးသတိရမိတယ် အော်..ငါလဲအဲ့ဒီလိုဖြစ်နေပါလား တို့မြန်
မာပြည်သူပြည်သားတွေဆိုလဲ အဲ့ဒီလိုပဲ ဖြစ်ကြမှာ လို့ တွေးမိပါတယ်။ တော်တော်များများလဲ
အဲ့ဒီကာတွန်းလေးကို သိကြမှာပါ။ ဒီနေရာမှာ ကိုချစ်ဖေထံမှာလဲ မိတ္တူ ကာတွန်းကွက်လေးက
မရှိ ပြန်လဲမဆွဲပြတတ်လို့ ရေးပဲပြရတော့မှာ။

ကာတွန်းက လူတယောက်က ကျောက်တုံး(သို့) အထုတ်တထုတ်ကို ပင်ပင်ပမ်းပမ်း ထမ်းလာ
တဲ့ပုံဗျာ “လေးလိုက်တာ လေးလိုက်တာ” လို့လဲ ညီးညူနေသေးတယ် အဲ့ဒီလူရဲ့ကျေက်တုံးပေါ်
ကိုနောက်လူတယောက်က နောက်ထပ် ကျောက်တုံး တခုကို တင်ပေးလိုက်တယ်။ အဲ့ဒီအခါ အဲ့ဒီလူက “ဟာ..ပိုလေးသွားပြီ ပိုလေးသွားပြီ” လို့ အော်နေတယ် ပိုပင်ပမ်းသွားတဲ့ပုံကိုလဲ ဆွဲ
ထားတယ်ပေါ့ နောက် တပုံမှာတော့ ထပ်တင်ထားတဲ့ ကျောက်တုံးကို ပြန်ချပေးလိုက်တဲ့အခါ
ကျမှ “အင်း..ခုမှပဲပေါ့သွားတော့တယ်” တဲ့ ကျောက်တုံးကတော့ အစတုန်းထဲက ပင်ပင်ပမ်း
ပမ်း ထမ်းလာတဲ့ကျောက်တုံးကို ထမ်းထားတုန်းပါပဲ။

ကိုချစ်ဖေတို့ မြန်မာပြည်သူပြည်သားတွေလဲ အခက်အခဲမျိုးစုံကြားက ခုလို မီးလေးပြန်လာ
တာကိုပဲ တော်တော်ကြီးကို အဆင်ပြေသွား ၀မ်းသာသွားကြ ကျေးဇူးတင်သွားကြနေမှာပါ ကျ
နော်တို့လူမျိုးကလဲ သူများတွေလို ပါးစပ်ကလေးနဲ့ပဲ ကျေးဇူးတင်တတ်တဲ့လူမျိုးမဟုတ်တော့ တကယ့်ကိုပဲကျေးဇူးတင်မိကြမှာပါ သြ..ဒီလောက်သဘောကောင်းတဲ့ အကောင်းမြင်တတ်တဲ့
ကူညီရိုင်းပင်းချင်ကြတဲ့ တို့ မြန်မာလူမျိုးတိုင်းရင်းသားအားလုံးကိုမှ ဘာဝဋ်ကြွေးကြောင့် လူသ
ဘာဝ ရှက်ရမဲ့ အရာတွေမရှက် ကြောက်ရမဲ့အရာတွေကို မကြောက်တဲ့ လူနည်းစု လူတစုက ထင်သလို ချယ်လှယ်ခွင့်ရနေရပါလိမ့် လို့လဲ စိတ်မကောင်းဖြစ်နေမိပါတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာပြည်သူတွေဆိုတာ ခံနိုင်ရည်ရှိတယ် အခက်အခဲကြားထဲက ရုန်းကန်ရှင်
သန်တတ်ပါပေတကား လို့လဲ တွေးနေမိပါတယ်။

Read more...

Thursday, June 3, 2010

သရေလုံးပွဲ

သရေလုံးပွဲ

ညီလေး ကိုအောင်(ပျူနိုင်ငံ)က ကမ္ဘာ့ဖလားဘောလုံးပွဲနဲ့ပတ်သက်ပြီး ဘောလုံးစကားဝိုင်းထဲ
ခေါ်လာပါတယ် တကယ်တော့ ကိုအောင်က ကိုချစ်ဖေကို ကမ္ဘာ့ဖလားပွဲနဲ့ ပတ်သက်ပြီး ဒီနှစ်
မှာ ဘယ်နိုင်ငံ ဘယ်အသင်းကနေ ဗိုလ်စွဲမယ် ကန်ကြတဲ့အခါ ဘယ်အသင်းနဲ့ ဘယ်အသင်း
ဖက်ကဘယ်သူတွေပါတယ် ဒါ့ကြောင့် ဘယ်လိုအားသာတယ် ဘယ်လိုအားနည်းတယ် ဘာ
ညာပြောကြဖို့ ၀ိုင်းစကားပြောဖို့စလိုက်တာပါပဲ။

ကိုချစ်ဖေကို ဘောလုံးစကားဝိုင်းထဲခေါ်လိုက်တော့ ၀မ်းသာပါတယ်ညီလေးကိုအောင် တ
ကယ်ဆို အပြင်မှာ ဟိုစပ်စပ် ဒီစပ်စပ် နိုင်ငံရေးလိုလို ရပ်ရေးရွာရေးလိုလို ဟိုလိုလိုဒီလိုလိုနဲ့
တိတိကျကျမသိသော်လဲ ကိုချစ်ဖေစိတ်ဝင်စားရာကိုတော့ မှတ်မှတ်ထားပြီး ကလေးတွေဝိုင်း
မှာဆို အသံအော်ကျယ်အော်ကျယ်နဲ့ ကိုချစ်ဖေ တတ်သမျှမှတ်သမျှ ၀င်ဝင်ပြီးပြောနေကျ နိုင်
ငံရေးရာနဲ့ပတ်သက်လို့ အစ္စရေးနဲ့ ပါလက်စတိုင်းအရေးဆို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဆီးရီး
ယားတို့ အီတလီတို့ တောင်အာဖရိကတို့ အီဂျစ်တို့ကလဲ ပါလက်စတိုင်းဘက်ကရှိတယ်လို့
ရောချတာမျိုးပေါ့ဗျာ။ နည်းပညာနဲ့ပတ်သက်ရင်လဲ ဂြိုလ်တုကနေ ရွာထဲက ဒိုးထိုးတာကို လှမ်း
ကြည့်ရင်တောင်မြင်ရတယ် အကုန်မဟုတ်တရုပ်တော့မလုပ်ကြနဲ့ ရွာနောက်ဖက်မှာ တောတိုး
တာ ကြည့်တိုးကြသင့်တယ် ဘာညာပေါ့ဗျာ။

ကျမ်းမာရေးနဲ့ပတ်သက်ရင်လဲ ငရုတ်သီထောင်းရင်း မျက်စေ့ထဲ ငရုတ်သီးဝင်ရင်ခြေမကို ရေ
လောင်းရင် မပျောက်သလော ငါးရိုးစူးရင် ရေတခွက်ကို ဥုံ ၃၇ ခါ ရွတ်ပြီး ဖနောင့်ဆောက်ပြီး
တိုက်ရင်မပျောက်သလော ဆိုတာမျိုးပေါ့ဗျာ။ အသံကျယ်ကျယ် အငြင်းသန်သန်နဲ့ဆိုတော့
တော်ရုံလူလဲ ကိုချစ်ဖေကို ပြိုင်မငြင်းပါဘူး။ ဒါလဲအခွင့်ကောင်းတခုဖြစ်နေတာပေါ့။ ဒါပေမဲ့ ကို
ချစ်ဖေရှေ့မှာ ဘောလုံးနဲ့ပတ်သက်ပြီးလာပြောဝိုင်းဖွဲ့ကြရင်တော့ ကိုချစ်ဖေလဲ မျက်စေ့သူငယ်
နားသူငယ်နဲ့ ဖြစ်နေရောဗျ ဘောလုံးဆို ကိုချစ်ဖေစိတ်ထဲမှာ သရေလုံးလေးတလုံးကို ဟိုဖက်
ကန်လိုက် ဒီဖက်ကန်လိုက် လူတွေက လိုက်လုလိုက် နဲ့ ကြည့်ရတာအရသာကို မပါတာဗျာ ဘောလုံးဝါသနာအိုးတွေနဲ့ တွေ့ရင် အသာလေးငြိမ်နေရတယ် ကိုချစ်ဖေက စိတ်မပါတဲ့အ
ကြောင်းကို ၀င်ပြောလို့မိတ်ပျက်တာတွေလဲ မနည်းပေါ့ဗျာ။

တကယ်ပါ တခါတုန်းက တွတ်ပီကာတွန်းထဲမှာ ပါတဲ့ဟာသလိုပါပဲ ဘောလုံးလေးတလုံးကို လိုက်လုမကန်ကြပဲ တယောက်တလုံးစီကန်နိုင်အောင် လုပ်ပေးသွားပါမယ် ဆိုတဲ့ဟာသလို
ပါပဲ ကိုချစ်ဖေစိတ်ထဲမှာ အဲ့လိုပဲဖြစ်ဖြစ်နေတယ် ဒေးဘစ်ဘက်ခမ်း နာမည်ကြီးတော့ နာမည်
သာမှတ်မိတာ ဘယ်အသင်းက ဘယ်နိုင်ငံကမှန်းမသိ ရုပ်ပုံမြင်တော့လဲ မမှတ်မိ။ အခြားနာ
မည်ကြီးတွေဆိုလဲ ဒီလိုပါပဲဗျာ။ တခါတခါတော့အထီးကျန်သား တကယ်ပဲ ယောက်ကျားလေး
အများစု အမျိုးသားအများစုက စိတ်ဝင်တစားနဲ့ ကိုယ်တိုင်မကန်ရင်တောင် ဘောလုံးပွဲသွား
ကြည့်ကြ အားပေးကြရှိကြတာမဟုတ်လား။

လူပြောသူပြောတွေသိပ်များတော့ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပွဲ နောက်ဆုံးဖိုင်နယ်လ်ပွဲနေ့ပေါ့
ကိုချစ်ဖေတို့ရွာမှာက ခုလို ဂြိုလ်တုစလောင်းတွေဘာတွေက မရှိသေးတော့ ဂြိုလ်တုစလောင်း
ရှိတဲ့ ဈေးမြို့လေးကို စက်လှေနဲ့အပြည့် တစီးပြီးတစီးသွားသွားကြည့်ကြတာဗျာ။ ကိုချစ်ဖေလဲ
စဉ်းစားပါတယ် ဒီလောက်တရွာလုံးက ယောက်ကျားတွေနဲ့ မိန်းမတချို့တောင်အားပေးကြ
ကြည့်ကြသေးတာ ငါလဲသွားကြည့်ဦးမယ်ဆိုပြီး စက်လှေနဲ့တက်လိုက်သွားတာပေါ့ဗျာ သွားပြီ
ဆိုထဲက ဘယ် အေးအေးလူလူသွားကြမလဲ လူတိုင်းနီးပါး တောအရက်လေးရေသန့်ဘူးထဲ
ထည့်လာကြပြီး အာစွတ်ရုံသောက်သောက်နေတာလေ ဘောလုံးပွဲပြတဲ့ဗွီဒီယိုရုံလေးထဲဝင်
တော့ နေရာမရတော့ဘူး အခြားရုံတွေလဲပြည့်နေပြီဆိုတော့ တိုးတိုးခွေ့ခွေ့ပဲ ကြည့်ရတော့တာ
ပေါ့။

လူက သာမာန်ချိန်ထက်များတော့ ဗွီဒီယိုရုံလေးထဲလှောင်ပိတ်နေတာပေါ့ဗျာဘောလုံးပွဲစတဲ့အ
ထိတော့ သည်းခံပြီးကြည့်ပါသေးတယ် နောက်တော့လဲ ဘောလုံးလေးတလုံး ကိုဝိုင်းလုနေကြ
တာပဲ ကိုယ်အားပေးတဲ့ဘက်က ရသွားရင် ၀မ်းသာလိုက် မရရင်ဝိုင်းဆဲလိုက် အားမလိုအားမရ
ဖြစ်လိုက် အံ့အားသင့်သွားလိုက် ဒိုင်လူကြီးကိုဆဲလိုက်နဲ့ လူတွေအားလုံးက ရသအပြည့်နဲ့
ကြည့်ကြတာဗျ။ ကိုချစ်ဖေစိတ်ထဲမှာတော့ အဲ့ဒီလို သရေလုံးလေးကို လိုက်လုနေတာကိုပဲ မ
ကြိုက်တာဆိုတော့ ရုံကလဲအိုက်နေတော့ ပွဲစပြီး ၁၅ မီးနစ်ထက်ကို ပို မကြည့်နိုင်တော့ပါဘူး
ဗျာ။ ကိုချစ်ဖေလဲ ဗွီဒီယိုရုံထဲကနေထွက်လာခဲ့ရော တကယ်။

ကိုယ်ထိုင်နေကျ လက်ဖက်ရည်ဆိုင်လေးသွားထိုင်တော့လဲ အဖျော်ဆရာတောင် ဘောလုံးပွဲ
သွားကြည့်နေလို့ စားပွဲထိုးကောင်လေးကပဲ ကိုချစ်ဖေကိုဖျော်ပေးရသေး ပွဲမပြီးမချင်းထိုင်
စောင့်နေရတော့တာပေါ့ဗျာ။ စောင့်ပါတယ်ဆိုမှ ဘောလုံးပွဲကလဲ မပြီးနိုင်ဘူးဗျာ ကြာနေလိုက်
တာ။ ပြီးသွားလို့ပြန်လာကြတော့ မြို့က အရက်ဆိုင်လေးထဲ ဆက်ဝိုင်းကြ သောက်ကြ ဟိုအ
သင်း ဒီအသင်း ဟိုအသင်းက တကယ်ဆို နိုင်မှာ ဟိုအသင်းအချောင်နိုင်သွားတာ ဘာညာ
ဆက်ပြောကြတာပေါ့ဗျာ အဲ့ဒီလိုနေ့မျိုးဆို ကိုချစ်ဖေ ဘောသမားတွေကြားထဲမှာ ကလေး
လေးလိုဖြစ်နေတာပေါ့ဗျာ။ မေးရအောင် မေးခွန်းတောင်မထုတ်တတ် မေးမိပြန်ရင်လဲ ဒါလေး
တောင်မသိဘူးလား လို့ အားလုံးကပြောဦးမယ် ဟိုတုန်းက အငြင်းသန်သန်နဲ့ ငြင်းခဲ့တာတွေ
ကို အဲ့ဒီအချိန်မှာ ဂလဲ့စားဝိုင်းချေကြဦးမှာမို့ ငြိမ်ငြိမ်လေးထိုင်နေရတာပေါ့ဗျာ။

ကိုအောင်(ပျူနိုင်ငံ) က တော့ ကိုချစ်ဖေကြီးလဲ ဘောလုံးဝါသနာအိုးကြီးလားဆိုပြီး ဘောလုံး
စကားဝိုင်းထဲကို ခေါ်တာပါပဲ တကယ်တော့ ကိုချစ်ဖေက အားကစားဆို ကျားတိုးတာကလွဲလို့
ဘာမှ မကစားတတ်ပါဘူးဗျာ အခြားသူတွေ ဘောလုံးပွဲအကြောင်းပြောတာကိုပဲ မျက်စေ့သူ
ငယ်နဲ့ နားထောင်ရတာပေါ့ဗျာ။

Read more...

Wednesday, May 26, 2010

ကိုယ်ထူကိုယ်ထ

ကိုယ်ထူကိုယ်ထ
ကိုချစ်ဖေ ငယ်ငယ်ထဲက ကိုယ်ထူကိုယ်ထ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး အများစု
ပေါင်း စကားလုံးကို ကြားဖူးလာတာခဲ့တာပါ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ(စစ်တပ်ပါတီ)
ခေတ်မှာ မွေးလာခဲ့သကိုး အစိုးရက လုပ်ပေးရမဲ့အလုပ်တွေကို မလုပ်ပေးနိုင်တဲ့အခါ ကိုယ်
ပြည်သူပြည်သားတွေသာ စုပေါင်းပြီးအမြဲလုပ်ရသကိုးဗျာ။

ခုတော့ ကိုချစ်ဖေတို့လဲ ကိုယ်အားကိုယ်ကိုး စကားလုံးအဓိပါယ်ကို တော်တော်သဘော
ပေါက်နေကြပီလေ။ အဲ့ဒီတော့တွေးကြည့်မိတာပါ အစစကိုယ့်အားကိုယ်ကိုးနေကြရတဲ့
သူတွေဆိုတော့ အားလုံးကိုယ့်အားကိုယ်ကိုးကြရင်ဘယ်လိုနေမလဲလို့ပါ ကိုချစ်ဖေ ဥာဏ်
မှီသလောက်လေးနဲ့တွေးကြည့်တာပါ မြန်မာပြည်သူပြည်သားတွေအနေနဲ့ အလုပ်အကိုင် ခက်
ခဲလာတဲ့အခါ အလုပ်အကိုင်တည်ရှိရာကို ကိုယ်ထူကိုယ်ထပဲ သွားလုပ်ကြရတာပဲ လမ်းပမ်း
ဆက်သွယ်ရေးမကောင်းတဲ့အခါလဲ ကိုယ်ထူကိုယ်ထပဲ လမ်းဖေါက်ကြရတာပဲ စာသင်ကျောင်း
တွေမှာလဲ ကိုယ်ထူကိုယ်ထပဲ အစိုးရဆေးရုံတွေမှာလဲ ကိုယ့်ဆေးနဲ့ကိုယ်ပဲ ဆေးရုံဆရာ ဆ
ရာမတွေ ကိုယ်ထူကိုယ်ထ မလုပ်ရတာပဲကျေးဇူးတင်ရသေး။

ဟော ဟိုတလောက ပြည်ပရောက် အဝေးရောက်မြန်မာပြည်သားတွေက အများစုပေါင်းပြီး
ကိုယ်ထူကိုယ်ထ မြန်မာနိုင်ငံသားတွေကို အကူအညီပေးနေတဲ့သူတွေကို “ပြည်သူဂုဏ်ရည်”
ဆိုပြီး ဆုပေးကြ ဂုဏ်ပြုကြရသေး အစိုးရက အသိအမှတ်မှမပြုတာကိုး ဒီတော့လဲ မြန်မာပြည်
သားတွေထဲက စုပေါင်းပြီးအသိအမှတ်ပြု အားပေးကြရတာကိုးဗျာ။ ဒီတော့ အစစ အစိုးရနဲ့အ
ပြိုင်လုပ်ကြရတာမဟုတ်လား ဟို အဝေးရောက်ညွန့်ပေါင်းအစိုးရ ဆိုပြီး အစိုးရတောင် အပြိုင်
ရှိသေး အဝေးရောက်ညွန့်ပေါင်းအစိုးရက လဲ ကိုချစ်ဖေတို့ ပြည်သူပြည်သားတွေကို ဘာမှထိ
ထိရောက်ရောက် အကူအညီပေးနိုင်တာမျိုးမရှိတော့လဲ မထူးခြားလှပါဘူး မနေနိုင်တဲ့သူတွေ
က အစိုးရလုပ်ရမဲ့အလုပ်တွေကို လိုက်လုပ်ကြရတာပေါ့ဗျာ။

ဒီကြားထဲ မြို့ထဲမှာတမျိုး နယ်စပ်တွေမှာတသွယ် အမျိုးမျိုးနှိပ်စက်နေတဲ့ တပ်မတော်ဆိုတာ
ကြီးကိုလဲ အပြိုင်ကိုယ်ထူကိုယ်ထ စစ်တပ်တခုလုပ်ပြီး နှိပ်စက်မှုတွေလျှော့သွားအောင် နှိပ်
စက်မှုတွေရပ်သွားအောင် ကိုယ်ထူကိုယ်ထပဲ အံတုကြ လုပ်ကြရတော့မလိုပါပဲဗျာ (ပြောသာ
ပြောရတာကိုချစ်ဖေကိုလဲ ကိုယ်ထူကိုယ်ထအကြမ်းဖက်သမား စာရင်းသွင်းလိုက်ရင်ဒုက္ခ)
ကိုချစ်ဖေကတွေးကြည့်တာပါ ခုတော့ လက်ခံခံမခံခံ မြန်မာနိုင်ငံသားတွေအနေနဲ့ ကိုယ်ထူ
ကိုယ်ထပဲလုပ်နေကြရတာဆိုတော့ ဆက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ပဲ ကိုယ့်အားပဲကိုယ်ကိုး
ရတော့မှာပဲထင်ပါတယ် အစိုးရဆိုတာတွေကိုမှ အားကိုးလို့မရပဲနော။

ဒီတော့ အစိုးရမလုပ်နိုင်တာတွေကို ကိုယ့်ဘာသာ ကိုယ်ထူကိုယ်ထလုပ်ကြရတော့ ပြည်သူ
ပြည်သားတွေအနေနဲ့ အစိုးရဆိုတာကြီးတောင် တကယ်ဆိုသိပ်မလိုတော့သလိုပဲ သူတို့မလုပ်
ပေးရင်လဲ ကိုယ်ထူကိုယ်ထ ရဲတို့ မီးသတ်တို့ လုပ်ကြရတော့မဲ့ပုံပါပဲ ဘယ်တတ်နိုင်မလဲပေါ့
အားလုံးလုပ်နေကြရမှပဲ ခုတလော ရေရှားတော့လဲ မနေနိုင်တဲ့သူတွေကပဲ လုပ်ကြရတာပဲမ
ဟုတ်လား အသုဘစရိတ်စက ကြီးမားလာတော့လဲ ကိုကျော်သူတို့ပဲ ကိုယ်ထူကိုယ်ထ အလှု
ငွေတွေနဲ့ သင်္ဂြိုလ်ကြရတာပဲမဟုတ်လား။ တချို့ကတော့ ဒါတွေက လူမှုရေးလုပ်ငန်းတွေပါ ဘာညာပြောကြတာပဲ ပြည်ပမှာလဲ အလုပ်သမားအခွင့်အရေးအတွက် အခြင်းခြင်းကိုယ်ထူ
ကိုယ်ထရိုင်းပင်းကြတော့လဲ အဝေးရောက်အစိုးရမင်းများက ဘာများကူညီလို့လဲဗျာ အလုပ်
သမားဝန်ကြီးဆိုတာကြီးတော့ရှိတာပေါ့။

သြ.ကိုချစ်ဖေလဲ ပြောချင်တာတွေ ဘယ်ရောက်သွားပါလိမ့် ဒီလို အားလုံးကိုယ့်ဘာသာကိုယ်
လုပ်ကြရတဲ့အတူတူ ဟိုမျှော်ဒီမျှော်မမျှော်ပဲ အစစအရာရာ ကိုယ်အားကိုယ်ကိုးကြမှပဲ အောင်
မြင်တော့မယ်ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတော့ ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ရေး ဒို့အရေး လုပ်ကြရပြန်ကော ဒေါ်အောင်ဆန်းစုကြည်မလွတ်သော်လဲ ဒေါ်
အောင်ဆန်းစုကြည်လုပ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်နှစ်သက်တဲ့ အရာတွေ ဆက်လုပ်ကြ
ရင်ပိုကောင်းမလားလို့ပါ။ အဘဦးဝင်းတင်တို့လို ဆရာကြီးလူထုစိန်ဝင်းတို့လို လမ်းပြကြယ်ဦး
အေးမြင့်တို့လို ကိုမင်းကိုနိုင်တို့ ၈၈ကျောင်းသားတွေလို မစုစုနွေးလို မဖြူဖြူသင်းတို့လို ပြည်
တွင်းမှာလုပ်နိုင်သူတွေ များလာရင် ပိုကောင်းသွားမယ် တဖက်ကလဲ ကိုယ်ထူကိုယ်ထ တပ်မ
တော်တခုလဲတည်ထောင်ကြ မြန်မာပြည်သူတွေကို ဒုက္ခပေးတဲ့သူတွေကို ပညာပေးကြရင် တ
နေ့နေ့တော့ ကိုချစ်ဖေတို့ ပြည်သူပြည်သားတွေ အတွက် ပိုမိုကောင်းမွန်တဲ့ ပိုမိုလွတ်လပ်တဲ့
ပိုမိုတရားမျှတတဲ့ လူ့အဖွဲ့စည်းတခုတော့ဖြစ်လာမလားလို့ တွေးမိတာပါ။

ဒါနဲ့ ကိုချစ်ဖေလဲ သူငယ်ချင်းတယောက်ကို ပြောပြတော့ သူက အင်တာနက်ကြီးကိုကောတဲ့
မြန်မာမှာဘယ်လိုလုပ်မလဲတဲ့ ကိုယ်ထူကိုယ်ထ ဂြိုလ်တုတခုငှါးကြရမလား ဘာလား ကိုချစ်
ဖေလဲ လက်လှမ်းမမှီတော့ သိတဲ့သူတွေလဲ ပြောပြပါဦး တဖက်က နည်းပညာကို သူတို့တွေ
လဲ အကုန်မပိတ်နိုင်တော့ သတင်းတွေဘာတွေဆို ခုတော်တော်များများ မြန်မာပြည်သူတွေက
သိနိုင်လာကြတာတော့အမှန်ပါပဲ။ အဲ့ဒီလို သူတို့ အစိုးရမင်းများ မပိတ်ပင်နိုင်တဲ့ အံတုနိုင်တဲ့ အလုပ်တွေ သူတို့ အမိန့်နဲ့ အာဏာနဲ့ ဖိအားနဲ့ လုပ်လို့မရတဲ့အလုပ်တွေများလာရင်တော့ တ
နေ့နေ့မှာ သူတို့ထက်အားကောင်းတဲ့ ကိုယ်ထူကိုယ်ထ အစိုးရတခု ဖြစ်လာမလားပဲဗျာ။ တွေး
ကြည့်တာပါ။ ကိုချစ်ဖေဥာဏ်တထွာတမိုက်ကယ်ရယ်နဲ့ပေါ့ဗျာ။

Read more...

Thursday, May 20, 2010

ကိုချစ်ဖေအတွေး

ကိုချစ်ဖေအတွေး

ကိုချစ်ဖေခုတလောမှ စဉ်းစားမိနေတာပါ ကိုယ်က တောသားဆိုတော့ တောသားလိုတွေးမိ
နေတာလဲ ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ သဘောချင်းမကိုက်ရင် မကိုက်တာရှိမှာပေါ့ ဒီလိုပါ ကိုချစ်
ဖေ တို့ မွေးထဲက မဆလ စစ်အစိုးရခေတ်မှာ မွေးလာခဲ့တော့ စစ်အစိုးရရဲ့ မတရားမှုမမျှတမှု့
တွေကို တဆင့်ကြားရော မျက်မြင်ရောနဲ့ စုံနေအောင်တွေ့တာပေါ့ဗျာ ဒါပေမဲ့လဲ အဲ့ဒီတုန်းက
အပူက သိပ်မပူသေးပေမဲ့ အေးရာကနေပူလာတာဆိုတော့ ပူသပေါ့ဗျာ စစ်အစိုးရတွေ မ
ကောင်းကြောင်းပြောကြတာဆိုကြတာ အိမ်မှာ ရပ်ကွက်ထဲမှာ ကြုံရင်ကြုံသလို လူကြီးတွေ
ပြောတာကြားနေရတာပေါ့။ အဲ့ဒီတုန်းက ပူကြောင်းပြောနိုင်ကြသေးတယ်ဗျ ခုတော့ ပြောဖို့နေ
နေသာသာဗျာ အားလုံးက အပူဆိုတာရိုးရာထုံးစံလို ကျနော်တို့ မြန်မာနိုင်ငံသားတွေက ဖြစ်
လို့။

အားလုံးက တညီတညွတ်ထဲ တအိမ်တယောက်ထွက် သူများနိုင်ငံမှာ သူများခိုင်းရာမျက်နှာ
ငယ်လေးနဲ့သွားလုပ်ကြရတာကိုပဲ ဂုဏ်လေးတခုလိုဖြစ်နေသလားလို့လဲ တွေးမိပါတယ်။ ဘာ
ဖြစ်လို့လဲတော့ ကိုချစ်ဖေလဲမသိ ကျိန်းသေတာကတော့ အရပ်ဒေသကို စွန့်ခွာကြရသူတွေ
သန်းနဲ့ချီရှိလာတာပါ နည်းနည်းနောနောလူအုပ်ကြီးမှတ်လို့ အဲ့ဒီလူအုပ်ကြီးထဲ ကိုချစ်ဖေလဲပါ
လာခဲ့တာပေါ့.ဒီတော့ဗျာ အများနည်းတူ အိမ်ကိုလွမ်းတာ မြို့လေးကိုလွမ်းတာ ရွာကိုလွမ်းတာ
ဘာညာသာဓကာတွေလဲ ရှိလာရတာပေါ့ဗျာ။ တနေ့တနေ့ သန်းနဲ့ချီတဲ့ လူအုပ်ကြီးက ကိုယ့်
ဇာတိမြေကို သတိရနေကြတယ်(ချွင်းချက် တချို့ကတော့ အဝေးမှာပိုကောင်းတဲ့နေရာမှာပျော်
ပါတယ် အစထဲကလဲ ဇာတိမြေရဲ့ တန်ဘိုးကို နားမလည်ကြလို့ပဲ သဘောထားပါတယ် ဒါမှမ
ဟုတ် ကိုချစ်ဖေ တုံးတာအတာလဲ ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ) ဆိုရင် အဲ့ဒီအလွမ်းဟာ အကြီးကြီးပါ။

အိမ်ကနေ သားရှိရာ သမီးရှိရာကို ချို့ချို့ငဲ့ငဲ့နဲ့ လွမ်းနေကြတဲ့ မိဘတွေကလဲ သိန်းချီနေမှာပါပဲ
လူဆိုတာ တန်ဘိုးရှိရှိမရှိရှိ ကိုယ်တန်ဘိုးထားရာဟာ ကိုယ့်အတွက် အရေးပါတာ အရေးကြီး
တာပါပဲ။ ကိုချစ်ဖေ ရွာမှာတုန်းက မိုးတွင်းညနေဖက် ရွက်လှေလေးနဲ့မြစ်ရိုးမှာ လှိုင်းစီးရင်း
တောအရက်လေးနဲ့ သူငယ်ချင်းတယောက် ၂ယောက်နဲ့ စကားစမြည်ပြော လတ်လတ်ဆပ်
ဆပ်အမြည်းလေးနဲ့ ဇိမ်ကိုကျနေတာဟာ ကိုချစ်ဖေအတွက် တန်ဘိုးကြီးတာပါပဲ။ အသွားရေ
စီးနဲ့မျှောချင်ရာမျှော အပြန်မုတ်သုန်လေနဲ့ ရွက်တိုက်ပြန် ရွာနားကဈေးမြို့လေးမှာ ဈေးဝယ်ပြန်
လို့ရသေးသပေါ့ဗျာ။

အော ဘယ်ရောက်သွားပါလိမ့် ဒီလိုပါ တပြည်လုံးက လူတွေ စီးပွားရေးမပြေလည်တော့ ပြေ
လည်ရာပြေလည်ကြောင်းရိုးရိုးပါပဲ နီးစပ်ရာ နိုင်ငံတွေမှာ ထွက်အလုပ်လုပ်ကြရတာကိုပြောပါ
တယ် တော်တော်များများကတော့ မသွားချင်ပဲသွားကြရတယ်ထင်ပါတယ်ဗျာ အဲ့ဒီလို ထွက်ခွါ
ရသူတွေ တနေ့ထက်တနေ့လဲ များများလာနေဆဲပါ။ အားလုံးသိကြတဲ့အတိုင်း စစ်အစိုးရအ
ဆက်ဆက်က ပြည်သူတွေကိုဒုက္ခပေးခဲ့တာကို ပြောတာပါ။

ကိုချစ်ဖေတို့ ငယ်ငယ်က ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ မဆလ စစ်အစိုးရကို တခဲနက်တ
ပြည်လုံးကနေ ဆန့်ကျင်ကြတော့ အော်ကြတာပေါ့ဗျာ “ဒီမိုကရေစီရရှိရေး ဒို့အရေး ဒို့အရေး”
လို့ အားရပါးရကိုအော်ခဲ့ကြတာ မြို့တိုင်းမြို့တိုင်း တပြည်လုံးအုံးအုံးကျွက်ကျွက် ကိုဖြစ်လို့ လွတ်လွတ်လပ်လပ်မနေကြရသူတွေဆိုတော့ ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ ပြောဆိုခွင့်
ရေးသားခွင့် စုရုံးခွင့် စီတန်းဆန္ဒပြခွင့် အစိုးရကိုလဲဝေဖန်ခွင့် (ကိုချစ်ဖေကတော့ ရပ်ကွက်လူ
ကြီးတွေကို ခံပြောနိုင်ခွင့်)ရှိတယ်ဆိုတော့ သဘောကျလို့အော်ခဲ့တာပါ အော်တာမှ ထောင်
တွေတန်းတွေပါကျလို့..။ အဲ့ဒီလွတ်လပ်ခွင့်တွေလဲ ကျနော်တို့ရွာမှာ မရခဲ့ပါဘူးဗျာ။ ဒါပေမဲ့လဲ
ရလိုရငြားတော့ တခါတခါထထတောင်းကျတာပဲဗျ ကိုချစ်ဖေလဲ အားပေးပါတယ် အားလဲရပါ
တယ်။ ဒါပေမဲ့လဲ အဲ့ဒီ ဒီမိုကရေစီကြီးက မရခဲ့ပါဘူးဗျာ။

အဲ့ဒီတော့ ကိုချစ်ဖေစဉ်းစားလာမိတာက ဒီမိုကရေစီဆိုတာ စာရွက်နဲ့ ကြေငြာချက်ထုတ်ပြီး
တောင်းတောင်း ပါးစပ်နဲ့ လူသိရှင်ကြားထွက်အော်တောင်းတောင်း ရပါ့မလားလို့ အဲ့ဒီလို
တောင်းတိုင်းပေးပါ့မလားလို့ စဉ်းစားမိတာပါ။ ဒီမိုကရေစီဆိုတာ တောင်းယူရတဲ့ ဟာမျိုးလား
ဘာညာစဉ်းစားမိတာပါ။ တချို့ကတော့ ကျင့်စဉ်တဲ့ ဘာညာတဲ့ပြောကြတာပဲဗျ။ အဲ့ဒါများဟုတ်
လေသလားလဲ စဉ်းစားပါတယ်။ နီးတော့နီးစပ်သား ဒီလိုဗျ ကိုချစ်ဖေ ဒီမိုကရေစီအတောင်း
လွန်သွားတော့ အိမ်ကို ၅ နှစ်ကြာမှပြန်ရောက်တယ်ဗျာ။ အိမ်ပြန်ရောက်တော့ အမျိုးတွေ သူ
ငယ်ချင်းတွေ ဆရာဆရာမတွေနဲ့ ကိုယ့်ရွာသူရွာသားတွေကို နှုတ်ဆက် တချို့ ကိုယ့်ထက်အ
သက်ဝါကြီးသူတွေ လိုက်တွေ့နှုတ်ဆက်တာပေါ့။ အဲ့ဒီမှာ ကိုချစ်ဖေရဲ့အမေဘက်က အမေ့အ
ကိုအကြီးဆုံး (ခုတော့ကွယ်လွန်သွားပါပြီ) က ငယ်ငယ်တုန်းက ကိုချစ်ဖေလိုပဲ စပ်စပ်စပ်စပ်
ဟိုပါဒီပါထင်ပါတယ် သူက တောတွေဘာတွေလဲခိုဘူးသဗျာ နောက်ဖဆပလအစိုးရက အရှင်
မိလို့ ထောင်ကျခဲ့သေး။

ဒါပေမဲ့ ဦးလေးက ဒီဖက် ခေတ်မှာ မဆလ န၀တခေတ်မှာ ဘယ်အဖွဲ့အစည်း ဘယ်နေရာမှမ
ပါတော့ဘူးဗျ သူတို့ခေတ်က တပ်ကနေတောခိုကြတာ ရဲဘော်သုံးကျိတ်ဝင် ဗိုလ်ဇေယျ (အခု
ကလေးတွေသိတဲ့ ရာဇာနေ၀င်းတို့ ဟေမာနေ၀င်းတို့ အိန္ဒြာကျော်ဇင်တို့ရဲ့ အဖိုး)တပ်နဲ့ပါသွား
တာ။ တောခိုမှန်းလဲမသိဘူးဆိုပဲ တောထဲရောက်မှ “ငါတို့တောခိုလာပီ အစိုးရကို လက်နက်
ကိုင်ပြန်တိုက်မယ် မင်းတို့နေချင်လဲနေနိုင်တယ် ပြန်ချင်ရင်လဲ ကိုယ့်သေနတ်နဲ့ကိုယ် ပြန်နိုင်
တယ်” ဆိုတော့ သူက သူခင်တဲ့လေးစားတဲ့ တပ်ရင်းမှုးဗိုလ်ဇေယျနဲ့ပဲ နေခဲ့တာဆိုပဲ။ သူနိုင်ငံ
ရေးတွေ ဘာတွေလဲမသိပါဘူးတဲ့ စစ်တပ်ဆိုတာပြည်သူတွေကို အကာအကွယ်ပေးတာ သေ
နတ်ကိုင်ရတာ သဘောကျလို့ တပ်ထဲဝင်ခဲ့တာတဲ့ သူချစ်ခင်တဲ့ တပ်ရင်းမှုးက အစိုးရက မ
ကောင်းဘူး ပြည်သူတွေအတွက်တိုက်ကြရမယ်ဆိုလို့ တိုက်ခဲ့တာပါပဲတဲ့ အဲ့ဒီတုန်းက တကယ်
တော့ စစ်တိုက်ချင်နေတာပဲသိတယ်ဆိုပဲ။

အဲ့ဒီဘကြီးပေါ့ဗျာ ကိုချစ်ဖေသွားနှုတ်ဆက်တာ သူက ကိုချစ်ဖေတို့ “ဒီမိုကရေစီကြီးဆိုတာ တော်တော်လိုချင်တယ်ဆိုတာ သူသိတယ်တဲ့ သူလဲလိုချင်တယ်တဲ့ အဲ့ဒီဒီမိုကရေစီကြီးကို မင်းအစိုးရဆီက မရပေမဲ့ ငါ့အိမ်မှာတော့ မင်းရတယ်ကွာ ငါပေးတယ် မင်းကြိုက်တာပြော ကြိုက်သလို လွတ်လွတ်လပ်လပ်နေ ရပ်ကွက်လူကြီးတွေကလဲ ငါ့ကိုမဖမ်းဘူး ဒီကောင်တွေ မင်းကိုလဲ မဖမ်းစေရဘူးကွာ” တဲ့ ။

သူအဲ့ဒီလိုပြောတုန်းကတော့ ပေါ့ပေါ့ပါးပါးပါပဲ ငါ့ဦးလေး ဘကြီးက ငါ့ကိုချစ်ရှာသားပဲလို့ပဲ တွေးမိတာပါ။ ခုပြန်စဉ်းစားမိတော့ ဟုတ်တာပဲ ငါဘကြီးပြောတဲ့ ဒီမိုကရေစီကို သူပေးတယ်
ဆိုတာ သူပေးနိုင်သားပဲ သူအိမ် သူ့သားကျနော်အကိုအိမ် အမကြီးတွေအိမ်မှာ သူပေးတယ်
တဲ့ သူပေးနိုင်တာပေါ့ အဲ့ဒီအိမ်တွေမှာ သူက အာဏာပိုင်ပဲ သူ့သဘောနဲ့သူ့သြဇာနဲ့ သူက ဒီမို
ကရေစီကို ထူထောင်ထားတာကိုး ဒီမိုကရေစီလွတ်မြောက်နယ်မြေလေးတွေဖြစ်နေတာကိုး အဲ့
ဒီလိုဖြစ်ဖို့တော့ ဘကြီးက ရွာမှာ အင်အားပြရတာ ဘာညာတော့ရှိမှာပေါ့ဗျာ။ ဒီတော့ ဒီမိုကရေ
စီဆိုတာကြီးကို အစိုးရတွေကပေးပေး မပေးပေး ကိုယ့်ရွာမှာ အိမ်မှာ ကိုယ့်ဘာသာထူထောင်
မယ်ဆိုဖြစ်တာပဲ။ တရားတွေ များလာရင် မတရားတာတွေ ချဲသွားမှာပေါ့။

စစ်အာဏာရှင်တွေကို တိုက်ရိုက်မဖယ်ရှားနိုင်သော်လဲ ကျောက်တောင်ကြီးဖြိုသလို တနေ့
နည်းနည်း အားလုံးဝိုင်းဖြိုနိုင်ရင် တနေ့ စစ်အာဏာရှင်တွေ ကျရှုံးမှာပဲ ကိုယ်လုပ်နိုင်တာသေး
သေးလေးဖြစ်ချင်လဲဖြစ်မယ်ဗျာ စစ်အာဏာရှင်တွေကို ထိခိုက်အောင် သူ့ကို အားပေးထောက်
ကူနေတဲ့ ကြံဖွတ်တို့ စွမ်းအားရှင်တို့ကို ဒုက္ခပေးရပ်သွားအောင် အနည်းဆုံး လုပ်နိုင်တာလေး
တွေကနေလုပ်မယ် ကိုယ့်ရပ်ဝန်းဒေသကို ပိုမိုလွတ်လပ်အောင်တိုးချဲ့သွားမယ်ဆိုတာမျိုးပေါ့
ဗျာ။သူ့ဖက်ကလို တပ်ကြီးမရှိပေမဲ့ သိတယ်မှလား။ ဒုက္ခပေးတဲ့သူတွေ တန့်သွားအောင်အဲ့ဒါ
ကို ကိုချစ်ဖေတွေးမိသွားတယ်။ နို့မို့ သူတို့ကချည်းပဲ နှိပ်စက်နေတာမဟုတ်လား ကိုယ်ကလဲ
ခုခံပိုင်ခွင့် တွန်းလှန်ပိုင်ခွင့်ရှိတာပေါ့ တွန်းလှန်သင့်တာပေါ့ဗျာ တွန်းလှန်မှုတွေများလာရင်
ကျောက်တောင်ကြီးပြိုသလိုပေါ့။ သူတို့ကမှ ကျောက်တောင်ကြီးမဟုတ်တာဗျာ။ မဟုတ်လား
ကိုချစ်ဖေစဉ်းစားမိတာပါ။ သဘောမညီရင်လဲ လွတ်လပ်စွာသဘောကွဲလွဲကြတာပေါ့။

Read more...

Sunday, May 9, 2010

တကယ်ချစ်တာလား

တကယ်ချစ်တာလား

အဲဒီအချိန်တုန်းက စီးပွားရေးကြပ်တည်းမှုက ခုအချိန်ခုအနေလောက်မဆိုးသေး ခုအချိန်
လောက်မဆိုးသေးဆိုသော်လဲ တော်တော်ကြီးတော့ဆိုးဝါးနေပြီ မနက်မိုးလင်းနံနက်စာစားဖို့
လူအများစုက ကလေးတွေအဆာပြေစားနိုင်ဖို့ ထမင်းကြမ်းတောင်မထာားနိုင်ကြတော့ ဒါပေ
မဲ့လဲ ဗမာနည်းဗမာဟန်နဲ့တော့ ဇွဲရှိရှိ ချီတက်နေရတဲ့အချိန်ပါ။

အဲ့ဒီအချိန်မှာ ကိုချစ်ဖေရောက်လေ့ရောက်ထရှိတဲ့ ရွာကနေဈေးတက်ဝယ်လေ့ရှိတဲ့ မြို့လေး
မှာ ငယ်သူငယ်ချင်းတွေလို ရင်းနှီးလှတဲ့သူတွေ ဆရာသမားလိုချစ်ခင်ရတဲ့သူတွေနေတဲ့မြို့
ကိုချစ်ဖေရွာနဲ့ဆို ၉ မိုင် ၆ ဖါလုံ တခါတလေလိုင်းသင်္ဘော မမှီတဲ့အခါ လက်နှိပ်ဓါတ်မီးဆွဲပြီး
ကိုယ်ထူကိုယ်ထ ကားလမ်းတာကြီးအတိုင်းလမ်းလျှောက် ပြန်နေကြမြို့လဲဖြစ်တော့ အိမ်ဦး
နဲ့ကြမ်းပြင် တလတခေါက် ၂ခေါက် ၃ခေါက်ရောက်နေကြမြို့ မြို့ခံတွေကိုယ်တိုင်က ငယ်သူ
ချင်းတွေ လက်ဖက်ရည်ဆိုင်မှာ အချိန်အားကြတဲ့အခါ လူစုနေကြ သူ့အိမ်ကိုယ့်အိမ်ထမင်း
လိုက်စားနေကြတဲ့မြို့ သာရေးနာရေးရှိရင် ၀ိုင်းဝန်းကြတဲ့မြို့လေးလဲဖြစ် ရန်ကုန်ကအသစ်
ထွက်သမျှစာအုပ် မဂ္ဂဇင်းတော်တော်များများ ချက်ချင်းရောက်တဲ့မြို့ ဆိုတော့ ကိုယ်ချစ်ဖေ
လဲ ခဏခဏ အားတဲ့အခါ ဈေးတက်ဝယ်တဲ့အခါ လမ်းကြုံတဲ့အခါ သူငယ်ချင်းတွေရှိရာ ထို
မြို့လေးကို ရောက်ဖြစ်ပါတယ်။

အဲ့ဒီအချိန်ပိုင်းက ကိုချစ်ဖေလဲ မရောက်ဖြစ်တာ တလခွဲ နှစ်လလောက်ကြာသွားတော့ မြို့
လေးနဲ့အဆက်ပြတ်သွားတဲ့အချိန်မှာ ကိုချစ်ဖေရောက်သွားတော့ သူငယ်ချင်းတွေနဲ့လဲ ဆုံ
ဖြစ်တော့ သူငယ်ချင်းတွေက လက်ဖက်ရည်ဆိုင်မှာ ၀မ်းသာအားရ တိုးတိုး တိုးတိုးပြန်ပြော
ပြလို့သိရတာ ၀မ်းသာအားရအဖြစ်အပျက်ကို ဘာလို့ တိုးတိုး တိုးတိုးပြောရတာလဲဆိုတော့
ကိုချစ်ဖေမရောက်လာတဲ့ရက်မှာ ကိုချစ်ဖေဆရာ မြို့လေးရဲ့ ကျောင်းဆရာဟောင်း ကျူရှင်
ဆရာကြီးနဲ့ တပည့်တွေကနေစုပြီး လက်တလော ကိုယ်လုပ်နိုင်တာ လုပ်သင့်တာထဲကနေ
အလှုလုပ်ကြတာပါ။

ဆန်ရေစပါး သားငါးပုဇွန်ပေါတဲ့မြို့လေးမှာ ခုလိုမျိုးအလှုလုပ်ရတယ်ဆိုတော့ ရှေးရှေးတုန်းက
လူကြီးတွေသာ အသက်ပြန်ရှင်လာရင် မင်းတို့ကလဲကွာ ငါတို့မြို့လေးမှာ လူတွေစားနိုင်ပါသေး
တယ်ကွာ အခါကြီးရက်ကြီးကြမှ ကောင်းကောင်းလှုကြတန်းကြပါလားလို့ပြောကြမှာ ဒါပေမဲ့ မ
နေနိုင်တဲ့သူတွေ ကိုယ်ချင်းစာတရားရှိတဲ့သူတွေကတော့ လတ်တလောအခြေအနေမှာ ကိုယ်
လုပ်ပေးနိုင်တာလေးကနေစကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်မင်္ဂလာလဲရှိပါတယ်။ ၀မ်းသာစရာလဲ
ကောင်းပါတယ် မျှဝေစာနာရာလဲရောက်ပါတယ်။

အဲ့ဒီအလှုကတော့ ကြီးကြီးကျယ်ကျယ်လုပ်နိုင်တာမျိုးတော့လဲမဟုတ်ပါဘူး ဒါပေမဲ့ စစ်အာ
ဏာရှင်တွေကတော့ မကြိုက်ဘူးဗျ လုပ်နိုင်သလောက်ရယ် လုပ်နိုင်တဲ့သူတွေရယ်စုပြီး လုပ်
တဲ့ ဆန်ပြုတ်အလှုပါ ပထမတော့ ကလေးတွေ တော်တော်များများ လာစားကြပါတယ် နောက်
တော့ တဖြေးဖြေး မိုးပြဲဒယ် ၆ လုံး ရလုံးလောက်လဲဖြစ်လာတယ် ဆန်ပြုတ်ကလဲစုံလာတယ်
ဘဲသား ကြက်သား နွားနို့ အုန်းနို့ နဲ့ အစုံချက်နိုင်လာတယ် လာစားတဲ့ လူစုလူဝေးနဲ့အလှုငွေ
ထည့်ဝင်တဲ့သူတွေကလဲရှိလာတယ် လုပ်အားအကူ ငွေအကူ အကြံဥာဏ်အကူအစုံနဲ့လုပ်နိုင်
လာတယ် ဆန်ပြုတ်ဆိုပေမဲ့ကောင်းကောင်းချက်တာပါ ဘုန်းကြီးကျောင်းဘေးကွက်လပ်မှာ
သေသေချာချာကောင်းကောင်းမွန်မွန် ကျွေးမွေးတာပါ အိမ်ကိုပါဆယ်သယ်ချင်တဲ့သူတွေကို
လဲ ထည့်ပေးပါတယ်။ စားနိုင်သောက်နိုင်လှုနိုင်တဲ့အလှုရှင်တွေကိုယ်တိုင်ကလဲ သွားစားသွား
ဝိုင်းကူလုပ်ပေးကြတော့ လာစားတဲ့သူတွေ ပါဆယ်ယူသွားဖို့ တန်းစီတဲ့သူတွေ များလာပါ
တယ်။

အဲ့ဒီတော့ ထုံးစံအတိုင်းပေါ့ဗျာ လူစုစုဖြစ်လာတာကို မြို့နယ်ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးအ
ရာရှိတွေက ရွှေစိတ်တော်ညိုလာတာပေါ့ ညိုဆို ရှစ်လေးလုံးအရေးအခင်းကြီးတုန်းက တက်
တက်ကြွကြွပါဝင်ခဲ့တဲ့သူတွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ကအလံမလှဲတဲ့သူတွေက ဦး
ဆောင်တာကိုး ဘာပဲဖြစ်ဖြစ် ဘယ်သူပဲလှုလှု မရှိတဲ့သူတွေအဖို့တော့ အဆာတော့ပြေသွား
ရတာပေါ့ဗျာ ဒါပေမဲ့မရဘူးခင်ဗျ ဦးဆောင်တဲ့သူတွေကို ခေါ်ပြီး ခင်ဗျားတို့လှုတာရပ်မလား
ကျနော်တို့ အကြောင်းတခုခုနဲ့ဖမ်းရမလား ဆိုပြီးပြောတော့ ရပ်ပေးလိုက်ရပါတယ်။ အဲ့ဒီအ
လှုမှာ နိုင်ငံရေးနောက်ခံ မရှိတဲ့ ရိုးရိုးစီးပွားရေးသမားတွေ အများကြီးအကူအညီပေးပါတယ်။
တကယ်ဆို သူတို့မလုပ်နိုင်တဲ့အလုပ် ပြည်သူတွေအတွက်လဲ အကျိုးရှိတဲ့အလုပ်ပေမဲ့ သူတို့
အာဏာကို ထိပါးမယ်လို့ယူဆတယ်ဆို သည်းမခံပါဘူး။ ခုတော့ သည်းမခံတဲ့ အာဏာရှင်
ဒေါက်တိုင်တွေလဲ ထောင်နန်းစံရတော့ သဘောတော့ပေါက်တဲ့သူတွေလဲပေါက်ကြမှာပေါ့ဗျာ။

တချို့ကတော့ လူမှုရေးအလုပ်ဆိုတာ သေးသေးမွှားမွှားပါ နိုင်ငံရေးမှ နိုင်ငံရေးအာဏာရမှ အများကြီး ထိထိရောက်ရောက်လုပ်နိုင်မှာပါဆိုပြီး လူမှုရေးအလုပ်တွေကို သိပ်အထင်မကြီး
ကြဘူးဗျ လူမှုရေးဆိုတာ နိုင်ငံရေးရဲ့ လက်အောက်ခံပါ ဘာညာပြောကြသေး ဟုတ်ပါတယ်
နိုင်ငံရေးကတော့ခေါင်ပေါ့ဗျာ ဒါပေမဲ့လဲ နိုင်ငံရေးဆိုတာ လဲကိုယ့်ပြည်သူတွေအတွက်လုပ်
တာပဲမဟုတ်လား များများမလုပ်နိုင်ခင်မှာ နည်းနည်းလုပ်နိုင်သလောက်လုပ်တော့လဲ ကောင်း
တာပါပဲ ကန္တာရကြီးထဲက အိုအေစစ်လေးတွေ များလာရင်လဲ ကန္တာရကြီးဆိုတာ ဘယ်ရှိတော့
မလဲမဟုတ်လား။

နောက်နိုင်ငံရေးအဓိကလုပ်မယ်လို့ အော်နေတဲ့ နိုင်ငံရေးသမားရင့်မကြီးတွေကလဲ လူမှုရေး
အလုပ်သမားလယ်သမားရေးတွေကို သူတို့ဖြစ်ချင်တာဖြစ်ဖို့ လောက်သာစည်းရုံးတာ သူတို့
မဲရရေးအတွက်သာ စည်းရုံးတာဖြစ်ပြီး တကယ်စိတ်ပါဝင်စားပြီးကိုယ်တိုင်ကိုယ်ကြ ကူညီပါ
ဝင်သူတွေက နည်းပါတယ် ရွာမှာဆို အစိုးရပါတီ အတိုက်အခံပါတီ ဘယ်ပါတီပဲလာလာ အိမ်
ကကြက်လေးရိုက်သတ် မရှိရှိတာလေးချက်ကျွေး မစားရ၀ခမန်းနိုင်ငံရေးစကားတွေနားထောင်
ပြီးပြန်သွားကြ မြို့မှာတွေ့တော့ လက်ဖက်ရည်လေးတောင်ပြန်မတိုက်ချင်ကြတဲ့သူတွေများပါ
တယ်။

ကိုချစ်ဖေစဉ်းစားတာကတော့ အဲ့ဒီအလုပ်သမား လယ်သမား ခေါင်းရွက်ဗျတ်ထိုးဈေးသည် ဆိုက်ကားသမား ပွဲစား ကုန်သည် ၀န်ထမ်းအားလုံးက မိုးပေါ်ကကျလာကြတာမဟုတ်ပါဘူး
သူတို့ရဲ့အရေးကို လက်တွေ့ကျကျ ကူညီလုပ်ကိုင်ပေးမှ စည်းရုံးရေးလုပ်မှ သူတို့ကလဲ ကိုယ်နဲ့
အတူပူးပေါင်းပါဝင်လာမှာပါ။ ၁၀ တန်းအောင်ဖို့အဓိကဆိုပေမဲ့ သူငယ်တန်းကနေ စသင်ကြရ
တာပဲ မဟုတ်လား။ ခု စစ်အစိုးရရဲ့ အခြေခံဥပဒေကို သဘောမတူတဲ့ လက်မခံတဲ့ နိုင်ငံရေး
ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်ကြီးကနေ လူထုကိုမျက်နှာမူတဲ့ လူထုအကျိုးကို
ရှေးရှု့တဲ့ လူထုကို ကူညီတဲ့ လူထုနဲ့တသားထဲဖြစ်တဲ့ နိုင်ငံရေးကို ဆက်လုပ်ကြမယ် ပါတီရှိရှိ
မရှိရှိ နိုင်ငံရေးတော့ရှိတယ် ဆက်လုပ်နိုင်တာတွေ နက်ဝက်တွေဖွဲ့ စုစည်း ပေါင်းစပ်လုပ်ကြ
မယ်ဆိုတော့ ၀မ်းသာစရာဗျာ။

နို့မို့ နိုင်ငံရေးပါတီဆိုတာဗျာ စစ်အာဏာရှင်တွေ ခွင့်ပြုသလောက်လေးပဲ လုပ်ကြတာပါ ယူနီ
ဖေါင်းလေးဝတ်လမ်းသလား(ဒါတောင်ပြည်တွင်းမှာ မလွယ်ကူဘူးနော တော်ရုံသတ္တိဗျတ္တိနဲ့မ
လုပ်ရဲ) ပြည်ပမှာဆို လက်တော့လေးတွေရှေ့ချ လခရတဲ့သူတွေလဲရကြလို့နောက်လာနောက်
သားတွေက ထင်သွားရင်မခက်လား စစ်ကျွန်ဘ၀က သက်ဆိုးဆက်ရှည်နေရတော့မှာပေါ့။
ကိုချစ်ဖေဥာဏ်လေးနဲ့ ကိုချစ်ဖေထင်တာပြောတာပါ မှားရင်လဲမှားနေမှာပေါ့။

လူထုကို တကယ်ချစ်တဲ့ သူတွေလုပ်တဲ့အနစ်နာခံမှုမျိုးကိုတော့ သူတို့လိုက်မလုပ်နိုင်ကြပါဘူး
ကိုကျော်သူရဲ့ နာရေးကူညီမှုအသင်းလိုမျိုး ကို ကြံဖွံက အံတုလို့မှ မရပဲဗျာ။ လူထုကိုတကယ်
ချစ်တယ်ဆို လုပ်ကြပေါ့နော။ မဟော်သဓါသားတရားစီရင်ခန်းလို အမေအစစ်က ဘယ်သူလဲ
ပြည်သူတွေကိုတကယ်ချစ်တာလား မချစ်ဘူးလားဆိုတာဆိုတာ လက်တွေ့ကပဲ ပြည်သူတွေ
အတွက် အဆုံးအဖြတ်ပေးနိုင်မှာပါ။ ကိုယ့်လူရော သူ့လူရောပေါ့။

Read more...

Sunday, May 2, 2010

ရှင်ကွဲ

ရှင်ကွဲ

တောင်တန်းကြီးရဲ့ကျောပေါ်မှာ
တင်ထားတဲ့ ရထားသံလမ်းလေးဟာ
ဂီတာကြိုးဆိုရင်
ရထားဥသြသံလေးက ဂီတာသံပေါ့မေမေ။

စက္ကူစွန်တွေ တိမ်စားတဲ့ကစားပွဲမှာ
သားမပါခဲ့ဘူး။
(သားကိုသား လွှတ်တင်ဖို့ ကြိုးတချောင်းမရှိခဲ့တာလဲပါမှာပေါ့)

အဲ့ဒီည

အိမ်ခြေယာမဲ့တယောက်ရဲ့ ညမှာမှ
လှိုင်းတွေက
သားကိုလာလာစီးတယ်
သားကတော့ ပင်လယ်ကိုမေမေ့ရင်ခွင်လို
တိုးဝှေ့ခဲ့ပေါ့။

မိုးစဲနေ

Read more...

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP