Sunday, October 25, 2009

အဖွားတို့ရွာ ကရင်နှစ်သစ်ကူးအကြိုကတဲ့ ဇာတ်ပွဲ

အဖွားတို့ရွာ ကရင်နှစ်သစ်ကူးအကြိုကတဲ့ဇာတ်ပွဲ


ကျနော့်အမေဇာတိ ကျနော့်အဖွားဇာတိရွာလေးက ကျနော်တို့ကြီးပြင်းတဲ့ မြို့နဲ့(၅)မိုင်လောက်
အကွာမှာမှာတည်ရှိပါတယ်။ကျနော့်အဖွားရဲ့ မိဘတွေ အဖိုးအဖွားတွေအခြေချနေထိုင်ခဲ့ကြတဲ့
ရွာလေးပါ တကယ်တော့ အဖွားရဲ့မိဘတွေ ဘိုးဘွားတွေက အဲ့ဒီအရပ်ဒေသမှာ လယ်ယာမြေ
ခုတ်ထွင် ဓါးမဦးချနေလာကြရင်း ရွာလေးဖြစ်လာတာပါ။ အဘိုးအဘွားတွေရဲ့ သင်္ချိင်းလည်းရှိ
ပါတယ် တရွာလုံးလိုလို ကျနော်တို့ အမျိုးတွေပါ။ အဖွားရဲ့မောင် အဖွားရဲ့ညီမ အဖွားမိသားစု
ကနေဆင်းသက်လာတဲ့မိသားစုတွေ အမေ့မောင် အမေ့အကို အမ ညီမ တ၀မ်းကွဲတွေ အများ
ကြီးနေထိုင်ကြတာပါ။ နှစ်ဝမ်းကွဲ မောင်အကို ညီမ အမတွေလည်းအများကြီးပါ။

အများကြီးဆိုပေမဲ့ ရွာကသေးသေးလေးပါ အိမ်ခြေ(၄၀)လောက်ပဲရှိတာပါ။ ခုတော့များလာပါ
ပြီ ကျနော်တို့မြို့လေးကနေ သွားရင်ကူးတို့လှေနဲ့(၂)နာရီကျော်ကျော်လောက်သွားရပါတယ်။
ချောင်းမကြီးကနေချောင်းလေး သေးသေးလေးဆုံးအောင် လှေနဲ့သွားကြရပါတယ်။
အဖေအလုပ်အားတဲ့ရက် ကျနော်တို့ကျောင်းပိတ်ရက်ဆို ရွာလေးကိုသွားလည်နေကြပါ။အဖွား
တို့ရိုးရာ ကရင်နတ်ပူဇော်တဲ့အခါမျိုးမှာလည်းသွားကြပါတယ်။အဲ့ဒီလိုအလည်သွားရတဲ့အခါ
တိုင်း ကျနော်ကတော့ပျော်ပါတယ်။ကျနော်တို့ကို ချစ်ခင်တဲ့ဦးလေး အဒေါ်တွေ ညီအကိုမောင်
နှမ၀မ်းကွဲတွေနဲ့ ရေသစ်မြေသစ်မှာ အတွေ့အကြုံသစ်တွေနဲ့ပျော်ရလို့ပါ။

ကျနော် ညီအကိုဝမ်းကွဲတွေနဲ့ ငါးမျှားတဲ့အတွေ့အကြုံ အိုင်ပက်တဲ့အတွေ့အကြုံ ရေကူးကြတာ
ရာသီစာ သရက်မရမ်း မလကာသီးတွေခူးစားကြတာ အလွန်ပဲပျော်ပါတယ်။ကျနော့်တို့ စမှတ်
မိတတ်အချိန်ထဲက အဒေါ်ဝမ်းကွဲတွေ ဦးလေးတွေ မြို့ကိုဈေးဝယ်လာတိုင်းလည်း ကျနော်တို့
အိမ်ကို ၀င်နေကြပါ။နောက်ကျနော်တို့ ငယ်ငယ်က မြစ်ဝကျွန်းပေါ်ဒေသမှာ လက်နက်ကိုင်
တော်လှန်ရေးအဖွဲ့တွေကလည်းရှိနေတော့ ကျနော်တို့တွေသွားလည်ပတ်တိုင်း လူကြီးတွေရဲ့
စကားဝိုင်းတွေမှာ စစ်တပ်နဲ့ သူပုန်ရဲ့တိုက်ပွဲအကြောင်းတွေပဲ ပြောသံကြားကြရတာပါ။ အစိုးရ
က သူပုန်လူလို့ထင်လို့သတ်သွားတာတွေ သူပုန်က အစိုးရသတင်းပေးလို့ထင်လို့သတ်သွား
တာတွေလည်း အများကြီးပါ တိုက်ပွဲတွေတော့မဖြစ်တော့ပါဘူး။

နောက်ရွာလေးမှာ ဘုန်းကြီးကျောင်းရယ်လို့မရှိပါဘူး စာသင်ကျောင်းရယ်လို့ သတ်မှတ်ထား
တဲ့ဇရပ်ကြီးတခုတော့ရှိပါတယ်။ဇရပ်ထဲမှာ မူလတန်းကျောင်းလေးမဆောက်ပြီးခင်အထိက
လေးတွေကို စာသင်ပါတယ်။ ကျနော်တို့ကကျောင်းပိတ်ရက်တွေမှ သွားကြတော့ တံကား
မရှိတဲ့ ထိုကျောင်းဇရပ်ကြီးကလည်း ကျနော်တို့ကစားကွင်းပါ။ဥပုဒ်နေ့တွေဆိုလည်း ဇရပ်ပေါ်
မှာပဲ စုပေါင်းသီလယူပါတယ်။ကျနော်က အဖွားကိုအပြောက်ခံတဲ့သူမဟုတ်တော့ အဖွားသီလ
ယူတဲ့အခါ လိုက်သွားပါတယ်။ သီလပေးတဲ့သူကတော့ ဘုန်းတော်ကြီးမဟုတ်ပါဘူး။အဖွားရဲ့
မောင်တ၀မ်းကွဲ ဘိုးလေးဦးဖိုးစိန်ပါ။

ကျနော်က အဖွားကို “အဖွားဘိုးလေးဦးဖိုးစိန်က ဘုန်းကြီးမဟုတ်ပဲ သီလပေးလို့ရလား” ခဏ
ခဏမေးလို့ ကျနော့်ကိုစိတ်ရှည်ပြီးချစ်တဲ့အဖွားတောင် စိတ်တိုပါတယ်“ကောင်လေး အဖွားပြီး
မှပြောပြမယ် ခုငြိမ်ငြိမ်နေတဲ့” အဖွားက ကရင်လိုပြောပါတယ်။အဖွားနဲ့ညအိပ်တဲ့အခါ အဖွား
က နှုတ်တိုက်သင်ပေးလို့ သြကာသတို့ သံဗုဒ္ဓေတို့ စက်ကြီးတစက်သုံးပါးတို့ ရနေပါပြီ အဓိ
ပါယ်ကိုမသိသော်လည်း ကျနော်တို့လိုက်ဆိုလို့ရလို့ အဖွားတို့ဆိုသလိုလိုက်ဆိုရပါတယ်။

အဖွားသင်ပေးတဲ့ဂါထာ စက်ကြီးတဆဲ့သုံးပါးကို ရွတ်ရတာကျနော်အကြိုက်ဆုံးပါ ကျနော်နား
လည်တာတွေပါလို့ပါ။ စားသားတချို့ထဲမှာ “ အာခံတွင်းက ၀င်းဝင်းတောက်တဲ့ နဂါးစက် မာန်
ဟုန်ပြင်းပြင်း အာဏာပြင်းတဲ့ဘီလူးစက် လေဟုန်စီးပြီးတောင်ပံဝင့်တဲ့ ဂဠုန်စက်”ဆိုတာတွေ
ပါလို့ပါ အဖွားညဖက်ပြောပြောပြတဲ့ ပုံပြင်တွေထဲမှာ ဘီလူးတို့ နဂါးတို့ ဂဠုန်တို့ ဆိုတာတွေကျ
နော်သိနေလို့ပါ စက်ဆိုတာကို အဖွားရှင်းပြပေမဲ့အဲ့ဒီအချိန်တုန်းက နားမလည်ပါ ရွက်ဆိုသင့်
တယ်ဆိုလို့သာရွက်ခဲ့တာပါ။ အဲ့ဒီစက်ကြီးတဆဲ့သုံးပါးဂါထာကို မရွတ်တာနှစ်ပေါင်းများစွာကြာ
သွားတော့ ကျနော်အလွတ်မရတော့ပါ ဂါထာကိုပြန်တွေ့ရင်တော့ ပြန်ရနိုင်ပါတယ် ဂါထာရဲ့
နောက်ဆုံးပိုဒ်ဖြစ်တဲ့ “စက်ကြီးတဆဲ့သုံးပါးရွတ်သံကြားက ဘေးများကင်းမြောင်လူတို့ဘောင်
ဝယ်”ဆိုတာလေးတော့မှတ်မိပါသေးတယ်။

ဘိုးလေးဦးဖိုးစိန်က လူကသေးသေး ဖြူဖြူ စကားပြောရင် တလုံးခြင်းစီဖြေးဖြေးပြောတာပါ။
လူကသေးသလို ဖြေးဖြေးလေးစကားပြောတာပါ။ ကရင်လိုပြောလဲဖြေးဖြေးလေးပြောပါတယ်။
ကျနော့်အထင်တော့ ဘိုးလေးက နူညံ့လွန်းလို့ ရွာမှာလည်း ဘုန်းတော်ကြီးမရှိလို့ ဘိုးလေးက
သီလပေးရတာဖြစ်မှာပါ။ ဘိုးလေးမှာ သားသမီးသုံးယောက်ရှိပါတယ်။ကျနော်တို့ထက် လေး
ငါးဆယ်နှစ်လောက် အသက်ကွာပါတယ်။ကျနော်တို့မောင်နှမတွေက ခုချိန်ထိ ဦးလေးဒေါ်
လေးပဲခေါ်ပါတယ်။

အငယ်ဆုံး ဦးလေးကိုတိုးက ကျနော်တို့ထက်(၈)နှစ်(၇)လောက်ပဲ အသက်ကြီးမယ်ထင်ပါ
တယ်လူပျိုပေါက်အရွယ်ထဲက ကျောင်းထွက်ပြီး လယ်ထဲဆင်းကြအလုပ်လုပ်ကြ တော့လူ
ကထွားပါတယ်။ ဘိုးလေးဦးဖိုးစိန်ရဲ့ဇနီး ဘွားလေးအရီးမူက တအိမ်လုံးကိုစီမံခန့်ခွဲသူပါ။သ
ဘောလည်းအင်မတန်ကောင်းပါတယ်။ဘွားလေးက သတင်းစာမပြတ်ဖတ်သူ ရသမျှစာအုပ်
အကုန်ဖတ်သူလည်းဖြစ်ပါတယ်။ကျနော်ရွာကိုရောက်တိုင်း ဖတ်စရာစာအုပ်တခုခုကို ဘွား
လေးတို့အိမ်က သွားယူပြီးဖတ်နေကြပါ။ မဂ္ဂဇင်းစာအုပ်မျိုးစုံ စာစောင် ၀ထ္ထုအကုန်စုံပါတယ်
ဘိုးလေးက အေးသလောက် ဘွားလေးကစကားသွက်ပါတယ်။အမေနဲ့စာအကြောင်းကဗျာ
အကြောင်းပြောနေကြပါ။

ကျနော်တို့ရွာကိုရောက်တိုင်း ဘွားလေးတို့အိမ်မှာ ထမင်းတနပ်တော့မဖြစ်မနေစားရပါတယ်
မစားရင်မဖြစ်ပါဘူး စိတ်ဆိုးခံရပါတယ် ဦးလေးတွေအဒေါ်တွေကလည်း တကယ်တော့အကို
ကြီးအမကြီးအရွယ်တွေပါ။ကျနော်တို့ မောင်နှမတွေဆော့သမျှ ကဲသမျှသည်းခံကြတာပါ။အိမ်
က ကရင်ရိုးရာအိမ်တွေပါ။အိမ်ရှေ့ခန်းမှာ ခန်းမကြီးလိုအကျယ်ကြီးဆောက်ထားတာပါတယ်။
အရင်တုန်းက သစ်တွေဝါးတွေကပေါတယ်လေ။အိမ်တိုင်တွေကလည်း အကြီးကြီး ထမင်းစား
ဆောင်ကလည်းအကြီးကြီး ကျနော်တို့အကြိုက်စိတ်တိုင်းကျကစားနိုင်တာပေါ့ဗျာ။ဦးလေးအ
လတ် ဦးလေးမြအောင်နဲ့ ဦးလေးအငယ် ဦးလေးကိုတိုးတို့က အလယ်တန်းလောက်နဲ့ကျောင်း
ထွက်ကြတာပါ။ ဒေါ်လေးမသန်းအေးက အထက်တန်းအောင် နောက်ဘွဲ့ရပါတယ်။

ကျနော်တို့ မောင်နှမတွေ အကြီးတွေကိုလည်းခင်ပေမဲ့ အခင်ဆုံးကတော့ ဦးလေးကိုတိုးပါ။
ဦးလေးကိုတိုးက အရပ်ရှည်ရှည် အသားဖြူဖြူ ရုပ်ရည်လည်းချောပါတယ် အမြဲတမ်းလဲပြုံးနေ
တတ်သူပါ။ကျနော်တို့ မောင်နှမတွေအကြိုက်ဆုံးကတော့ လယ်ခရုဖြစ်တဲ့ ကနစိုခရုပြုတ်ကို
ထွတ်ပြီး ငရုတ်သီးနဲ့ဆီပြန်ချက်ထားတဲ့ဟင်းပါ။ ကျနော်တို့ကြိုက်မှန်းသိတော့ ဦးလေးကိုတိုး
မရအရရှာပြီးချက်တာပါ။ သူကခရုတွေကိုလေးထောင့်သံဘုံးကြီးနဲ့ လယ်ထဲမှာလိုက်ကောက်
လာတာပါ။

နောက်တော်တော်များများရတဲ့အခါပြန်လာပြီး ခရုတွေကိုရေစင်အောင်ဆေးပါတယ်။ နောက်
ရေးဆေးပြီးသားခရုတွေကို ရေထပ်ထည့်ပြီးမီးဖိုပေါ်တင်ပြီးပြုတ်ပါတယ် ကျနော်တို့က မသေ
သေးတဲ့ ခရုအရှင်တွေကို မီးနဲ့ထည့်ပြုတ်တာကို မသနားပါဘူး ခရုစားရဖို့ပဲသိတာပါ။ပြုတ်ပြီး
တဲ့အခါ ခရုအဆံကိုထုခွဲပြီးအထဲက အဆံကိုထွတ်ပါတယ် ပြုတ်နေတဲ့အချိန်မှာထဲက အဆင်
သင့်ချက်ဖို့ ငရုတ်သီးကြက်သွန်ဖြူနီ ဂျင်းပြင်ဆင်ထားတာပါ။နောက်ကျနော်တို့ ကြီးလာတော့
ရွာရောက်တိုင်း ခရုပေါတဲ့အချိန်ဆို ခရုသွားကောက်ဖို့ လုပ်လို့ ကျနော်တို့ မစားရဲတော့ဘူးလို့
ညာရပါတယ်။ ဦးလေးတွေအဒေါ်တွေက ငရဲကြီးမှာကိုသိပေမဲ့ ကျနော်တို့ကြိုက်မှန်းသိလို့ချက်
ကြွေးချင်ကြတာပါ။

ကျနော်တို့(၅)တန်းနှစ် ဒီဇင်ဘာကျောင်းပိတ်ရက်မှာ ရွာလေးကိုအလည်သွားပါတယ် ကျနော်
တို့ငယ်ငယ်က အတန်းတတန်းကို ပထမအစမ်း ဒုတိယအစမ်း အစစ်ကြီးဆိုပြီးစာမေးပွဲသုံး
ကြိမ်စစ်ပါတယ်။ ပထမအစမ်းစာမေးပွဲက အောက်တိုဘာလ စာမေးပွဲလည်းအပြီး သီတင်း
ကျွတ်ပွဲတော်လည်းရောက် ဒုတိယအစမ်းစာမေးပွဲက ဒီဇင်ဘာလမှာပါ စားမေးပွဲလည်းအပြီး
ဒီဇင်ဘာကျောင်းပိတ်ရက် ခရစ်စမတ်ပွဲ ကရင်နှစ်သစ်ကူးပွဲ လွတ်လပ်ရေးနေ့တွေအတွက်
ပါပိတ်ပေးပါတယ်။

ကျနော်တို့သွားလည်တဲ့ ဒီဇင်ဘာကျောင်းပိတ်ရက်မှာ ကရင်နှစ်သစ်ကူးပွဲလည်း ရွာလေးမှာ
လုပ်ကြမှာပါ။ နောက်ရွာထဲက သူတွေနဲ့ အရပ်ပွဲလေးလဲလုပ်ကြမှာပါ အဲ့ဒီအရပ်ပွဲက ကရင်နှစ်
သစ်ကူးအကြိုပွဲလည်းဖြစ်ပါတယ် ဒုန်းယိမ်းတွေအခြားရွာတွေကလည်း လာကကြမှာ နောက်
ဦးလေးကိုတိုး ပြဇာတ်မင်းလုပ်ပြီးကမဲ့ပြဇာတ်မို့လည်းကြည့်ချင်နေပါတယ်။ ကျနော်ငယ်ငယ်
က ဇာတ်ကပွဲတွေ အငြိမ့်တွေဆို အလွန်ကြိုက်ပါတယ် ဇာတ်ကပွဲက(၄)ညကမယ်ဆို ကျနော်
လည်း(၄)ည ကြည့်ပါတယ်။အမေတို့ကလိုက်မကြည့်နိုင်တော့လို့ အိပ်ရေးပျက်လို့အလုပ်
ရှိလို့ပျက်ပေမဲ့ ဇာတ်တွေအငြိမ့်တွေကြိုက်တဲ့ အဖေ့ညီမ အဒေါ်မကြည်သန်းနဲ့ အမေကအပ်
ထည့်လိုက်ပြီးကြည့်တာပါ။ အဒေါ်တွေကလည်းပွဲကြိုက်ခင်တွေဆိုတော့ ကျနော်အကြိုက်ပေါ့
ဟိုရှေ့ဆုံးတန်း ဆိုင်းဝိုင်းရှေ့မှာ နေရာရအောင် အပြီးပုံသေ၀ယ်ကြည့်ကြသူတွေပါ။ပွဲလေးည
သူတို့လည်းလေးည ကြည့်ကြသူတွေပါ။

အဲ့ဒီတော့ ကျနော့်အဖွားတွေရွာမှာ ဦးလေးကိုတိုးကမဲ့ပြဇာတ်ကိုလည်း ကျနော်ကြည့်ချင်နေ
တာပါ။အဖွားကိုပူစာပြီး စာမေးပွဲပြီးပြီးချင်းရွာကိုကြိုသွားတာပါ။ရွာရောက်တော့ ဇာတ်တိုက်
နေကြတုန်းပါ။ ဇာတ်တိုက်တာက ရွာရဲ့ဇရပ်ကြီးပေါ်မှာပါ။ ဇာတ်လမ်းကတော့ လူအများအ
ကြိုက် ချစ်ခန်းကြိုက်ခန်း သေနတ်ပစ်ခန်းပါ ပါတယ်။နောက် မင်းသမီးကကျနော်တို့မြို့ပေါ်က
ငှါးလာတာပါ။ဇာတ်တွေမှာလိုက်ကဘူးတဲ့ ယိမ်းသမလို့ပြောပါတယ်။ သူက ပြဇာတ်မင်းသမီး
လုပ်မှာပါ။ ကျနော်တို့ ကလေးတွေက ဇာတ်တိုက်တဲ့အခန်းတွေကို ဇရပ်ပေါ်မှာကြည့်လိုက်
ပြေးဆော့လိုက်ပါ။

ဇာတ်လမ်းကလည်းအတိုလေးပါ။ သဘောကောင်းတဲ့တောသူ သူဌေးသမီးနဲ့ လမ်းမှားရောက်
သူပုန်ဗိုလ်ရဲ့အချစ်ဇာတ်လမ်းပါ။ နောက်ဆုံးမှာ သူတို့နှစ်ဦးချိန်းတွေ့ကြတဲ့အချိန် မင်းသမီးရဲ့
အဖေ သတင်းပေးလို့ ရဲတွေရောက်လာပြီး ပစ်ကြခတ်ကြရင်း မင်းသမီးကသေသွားပြီးမင်းသား
က အရှင်မိသွားတဲ့ ဇာတ်လမ်းပါ။ မင်းသမီးရဲ့အဖေကလည်း ပြဇာတ်မင်းသားကို ပိုမုန်းသွား
ပေါ့ မင်းသားကလည်း နောင်တရပေါ့ မင်းသမီးက မင်းသားကို လက်နက်ချခိုင်းသေးပေမဲ့
လက်နက်မချတဲ့မင်းသားကြောင့် နောက်ဆုံးကြားက မင်းသမီးသေဆုံးရတဲ့ဇာတ်ပါ။အစိုးရအ
ကြိုက်ဇာတ်လမ်းပေါ့၊

ဇာတ်ကမဲ့အချိန်ကြလာတော့ ကျနော်တို့တွေနေရာယူကြတာပေါ့ အခြားရွာနီးနားခြင်းတွေက
လည်းမြို့က ငှါးလာတဲ့မင်းသမီးနဲ့ပြဇာတ်ကမှာဆိုတော့ လှေတွေနဲ့လာကြ လှည်းတွေနဲ့လာ
ကြပေါ့။ကျနော်တို့ မောင်နှမတွေအုပ်စုကတော့ ရှေ့ဆုံးမှာဖျာခင်းပြီးနေရာယူထားပြီးပါပြီ။အ
ရပ်ဇာတ်တွေရဲ့ထုံးစံအတိုင်း တေးသရုပ်ဖေါ်တွေ ဒုန်းယိမ်းတွေ ကကြပါတယ်။ပရိတ်သတ်
ကလည်းတခဲနက် အားပေးကြပါတယ်။ကျနော်တို့ကလေးတွေ အဆိုးဆုံးပေါ့။ ပွဲဈေးတန်းလေး
မှာ မုန့်ထွက်ဝယ်စားလိုက် အားပေးလိုက်ပေါ့။ ကျနော်တို့မျှော်နေတာက ဦးလေးကိုတိုးရဲ့ပြ
ဇာတ် ဦးလေးကိုတိုးကို သူပုန်ဗိုလ်အ၀တ်အစားနဲ့ ကြည့်ချင်တာ တကယ့်စင်ပေါ်မှာဦးလေး
ကိုတိုးက ဘယ်လိုသရုပ်ဆောင်မလဲသိချင်နေကြတာ။

ရှေ့ပိုင်းအစီအစဉ်တွေပြီးတော့ ပြဇာတ်အတွက်ကြေငြာပါတယ်။ တကယ်တော့ဒီဇာတ်လမ်းကို
တရွာလုံးက သိပြီးပါပြီ ဇာတ်လမ်းဇာတ်တိုက်တာလည်း ကြည့်ပီးပါပြီ မကြည့်ရသေးတာက
ဝတ်စုံပြည့်နဲ့ပြဇာတ် ရွာနီးနားရွာတွေက လာကြည့်ကြမှာမို့ပါ။နေလည်ပိုင်းထဲက တချို့က
ရောက်နေတာပါ။ အားကစားပြိုင်ပွဲတွေကလည်းရှိတယ်လေ။ ပြဇာတ်စထွက်လာတဲ့အခန်းကို
လည်း အားလုံးကသိနေပါတယ်။ရွာနီးနားက သူတွေကလည်း ဦးလေးကိုတိုးတို့အပေါင်းအ
သင်းတွေပါ။ သူတို့လည်းကျနော်တို့လိုပါပဲ။ ၀တ်စုံပြည့်နဲ့ကြည့်လိုကြသူတွေပါ။

ဇာတ်လမ်းအစမှာ သေနတ်ဖေါက်ခန်းနဲ့ စပါတယ် ကျနော်တို့တွေလည်း ၀မ်းသာပါတယ် သေ
နတ်တွေက သစ်သားနဲ့ခြောက်လုံးပြူးပုံခုတ် ရိုင်ဖယ်ပုံခုတ်ထားပြီးဆေးဆိုးထားတာပါ။ဇာတ်
တိုက်ထဲက ကျနော်တို့ကလေးတွေက ကိုင်ကြည့်ကြပီးသား။ ဖေါက်ရမဲ့ယမ်းထုတ်တွေကို တူနဲ့
ထုပြီးဖေါက်တာပါ မင်းသားသေနတ်ဆွဲအထုတ်ကို သေချာကြည့်ပြီးဖေါက်ရတာပါ။လွဲလို့လဲမ
ရပါဘူး လွဲရင်မင်းသားက ကျည်မပါတဲ့ သေနတ်ကြီးကိုပစ်နေသလိုဖြစ်မှာပါ။အဲ့ဒါကြောင့်ယမ်း
ဖေါက်မဲ့သူတွေကို သေချာအောင်ပြင်ထားရတယ်တဲ့။

ဇာတ်လမ်းစစခြင်းပဲ သေနတ်တွေ တဖေါင်းဖေါင်းဖေါက်ပြီးရွာထဲကိုဝင်လာတာပါ။ကျနော်တို့
တွေ ဇာတ်တိုက်တာသွားကြည့်တုန်းက တကယ့်ယမ်းနဲ့မှမဖေါက်တာ ခုလိုတဖေါင်းဖေါင်း
ဖေါက်ကြတော့ ၀မ်းသာတာပေါ့ဗျာ တကယ်လို့ မှားသွားပြီးယမ်းမထွက်ရင်လည်း သေနတ်ကို
ပြဇာတ်မင်းသားကကြည့်ပေါ့ဗျာ ကိုယ့်ရွာနဲ့ကိုယ်ဆိုတော့ ယုတ္တိရှိတာမရှိတာထက် ၀ိုင်းပြီးခုလို
ကကြတာကိုက ပျော်စရာပါ။ နောက် မင်းသမီးအဖေက သူ့သမီးကို ဆူရမဲ့အခန်းမှာ စာသား
တချို့မေ့နေလို့ အကြာကြီးနောက် ဘေးကို ငါဘာပြောရမှာလဲကရင်လို လှမ်းမေးလို့ ရီကြတာ
လည်းဆူညံ့နေတာပေါ့ဗျာ။ မင်းသမီးကို ပြဇာတ်မင်းသားက ဖက်ရတဲ့အခန်းလဲရောက်ရော အား
လုံးက ဖက်ထားဖက်ထားအော်ကြတာပေါ့ ကျနော်တို့ကလေးတွေလဲ ဦးလေးကိုတိုးကွ ဖက်ထား
ဖက်ထား အသားကုန်လူကြီးတွေ အော်သလိုလိုက်အော်ကြတာပေါ့။

မင်းသမီးသေတော့မဲ့အခန်းမှာ မင်းသမီးက မင်းသားကိုလက်နက်ချဖို့ မှာပြီးမင်းသားကဂတ
ပေးပြီးလွမ်းစရာသီချင်းနဲ့ ဇာတ်သိမ်းရမှာပါ ရဲတွေကလည်းမင်းသားသေနတ်ကိုသိမ်းပြီးဖမ်း
ခေါ်သွားပေါ့အဲ့လိုလေ တကယ်က မင်းသမီးကသေသွားပေမဲ့ ရဲလုပ်တဲ့သူတွေက အရက်သွား
သောက်နေကြလို့ မနည်းကြီးလိုက်ခေါ်ရတယ် လူစုံအောင် မင်းသားလည်း မင်းသမီးကိုပဲ
ဖက်ငိုနေရတာအကြာကြီး ဇာတ်လမ်းအရ ရဲတွေကဘေးကုလားကာကနေပစ်ရမှာ အဲ့ဒီမှာမင်း
သမီးကို ထိသွားမှာလေ ယမ်းဖေါက်တဲ့သူတွေကလည်းဖေါက်ပြီးပြီ မင်းသမီးလည်းသေနတ်
မှန်ပြီ ရဲတွေက၀င်ဖမ်းရတော့မဲ့အခန်းမှာ ရဲတွေကရောက်မလာလို့ ရဲကိုလိုက်ခေါ်တဲ့သူတွေ
ကလည်းလိုက်ကြပေါ့ ပရိတ်သတ်က ဇာတ်လမ်းသိပြီးသားဆိုတော့ ရီလိုက်ကြတာ တအုံးအုံး
တကယ်ကလွမ်းခန်း ရဲတွေနဲ့ အတူလိုက်လာမဲ့မင်းသမီးအဖေ သူဌေးကလည်း မင်းသမီးသေ
တဲ့အခန်းမှာပြုံးပြုံး ပြုံးပြုံးဖြစ်ကုန်ရော ရဲလုပ်ရတဲ့ သူတွေကိုလည်း မနည်းတွဲထားရတယ်။ရီရ
တာဆူညံ့နေတာပဲဗျာ။ နောက်နေ့ဦးလေးကိုတိုးတို့အိမ်မှာ ထမင်းသွားစားတော့ မင်းသမီးက
ပြန်ရှင်နေလို့ “အဒေါ်ပြန်ရှင်လာပြီလားလို့”ကျနော့်ညီမလေးကမေးလို့ဝိုင်းရီကြရသေးတယ်။

ကျနော်တို့ငယ်ငယ် (၁၉၇၆)ခုနှစ်လောက်ကပါ ခုဆို နှစ်(၃၀)ကျော်သွားပါပြီ။ ဦးလေးကိုတိုး
လည်း မြေးရနေပါပြီ ကျနော်အဖွားက (၁၉၈၂) အောက်တိုဘာ(၂၇)ရက်နေ့မှာ ဆုံးသွားပါပြီ
ဘိုးလေးဦးဖိုးစိန်တို့ ဘွားလေးအရီးမူတို့လည်းဆုံးကုန်ပါပြီ ကျနော်ဦးလေးဝမ်းကွဲအမေ့အကို
များ အဒေါ်များလည်းမရှိတော့ပါ။ အဲ့ဒီအချိန်တုန်းက ကျနော်က(၁၁)နှစ် အမေက(၃၂)နှစ်
ခုအမေက (၆၆)နှစ်ပါ။ ကျနော်တို့နဲ့ကစားဖက်တွေ ညီအကိုတွေ သူငယ်ချင်းတွေထဲကတောင်
သေတဲ့သူတွေသေကုန်ပါပြီ ။

ကျနော်ရွာလေးကို နောက်ဆုံးရောက်တာ (၁၉၉၄)ခုနှစ်ပါ။ နောက်ပိုင်းသွားမယ် သွားမယ်နဲ့
မရောက်ဖြစ်တော့ပါ။ လူတွေလည်း စားဝတ်နေရေးကျပ်တည်းသထက်ကျပ်တည်းလာတော့
ရုန်းကန်ရရင်ဆိုင်ရ ပြေးရလွှားရ ရှာရဖွေရ ဖြစ်နေကြတာပါ။ ရွာမှာလည်းနောက်ပိုင်းအရပ်
ဇာတ်လည်းမကနိုင်တော့ပါဘူး။ မြန်မာပြည်က အခြားရွာလေးတွေလည်း အဖွားတို့ အမေတို့
ရွာလေးလိုနေမှာပါ။

2 comments:

ဆောင်းယွန်းလ October 26, 2009 at 6:29 PM  

လွမ်းခန်းတွေပါပဲဗျာ...
ကိုချစ်ဖေရဲ့ ငယ်ဘဝ တစိတ်တဒေသကို ဝင်ရောက်ဖတ်ရှုရရင်း..ငယ်ဘဝတွေကိုလွမ်းသွားမိပါရဲ့ဗျာ...ကိုချစ်ဖေရဲ့စာအရေးအသားတွေက စိတ်ဝင်စားစရာဖြစ်အောင် ဆွဲဆောင်မှုရှိလှပါတယ်ဗျ

k2tmaung October 30, 2009 at 1:11 AM  

လာဖတ်သွားပါတယ်...
လွမ်းတော့ လွမ်းစရာပေမယ့် ရယ်လည်းရယ်သွားပါတယ်... :P

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP