Thursday, October 22, 2009

ရင်ရဲ့အနမ်း





ရင်ရဲ့အနမ်း

ဆောင်းအကြိုရော်ရွက်တွေနဲ့
တုပထားတဲ့ပိတောက်တောအုပ်တခုလုံးကို
ရင်နဲ့နမ်းပြီးလျှောက်ခဲ့တယ်။

ကိုယ့်တိုင်းပြည်ကို ကိုယ်လွမ်းတာ
ရာဇ၀တ်မှုမြောက်တယ်ဆိုရင်
ပြည်ပြေးတယောက်ရဲ့ရင်အုံကို
မြားအစင်းစင်းနဲ့ ပစ်ခတ်ပါ။

သားက အမေ့ကိုလွမ်းတဲ့အခါ
မစ္စစပီမြစ်ကြီးဘေးမှာထိုင်တယ်
မစ်ချီကန်ပင်လယ်သေကြီးရဲ့
ချိချိနဲ့နဲ့လှိုင်းတွေကိုငေးတယ်
အလုပ်တွေဖိလုပ်တယ်။

အမေက သားကိုလွမ်းတဲ့အခါ
နှစ်လေးဆယ်ကျော်က
ကျနော့်ကိုထွေးပွေ့ခဲ့တဲ့အနှီးလေးကို
အမေငေးနေမလား
အမေမရေးတတ်ပေမဲ့
အမေ့မျက်ရည်တွေက ကဗျာပါ
အကြေကွဲရဆုံးကဗျာပါ။

အိပ်တန်းတက်ချိန်မှာ
ရင်အုံပျောက်နေတဲ့ကြက်ကလေးတွေလို
ကျနော်
လက်တွန်းလှည်းလေးတွေနဲ့အထီးကျန်ဈေးဝယ်ထွက်ရတဲ့
အမေတွေကို ချစ်တယ်အမေ။

အမေနေမကောင်းဘူး
ကြားရတိုင်း
မိုင်ထောင်ချီထွက်ပြေးခဲ့တဲ့
ကျနော့်ခြေထောက်တွေကို
ကျနော်မုန်းတယ်။

ကျနော်နေမကောင်းဖြစ်တိုင်း
အမေချက်တဲ့ကစွန်းရွက်ချည်ရည်ဟင်းလေး
စားချင်တယ်အမေ။

ခဏလေးဖြစ်ဖြစ်
အမေရယ်မောနိုင်ပါစေ
အမေရယ်မောတိုင်း
ကျနော်ကကြယ်လေးတစင်းဖြစ်သွားခဲ့တယ်။

အမေ့ကိုမနမ်းရတဲ့အခါ
ဆောင်းအကြိုရော်ရွက်တွေနဲ့
တုပထားတဲ့ပိတောက်တောအုပ်တခုလုံးကို
ရင်နဲ့နမ်းပြီးလျှောက်ခဲ့တယ်အမေ။

မိုးစဲနေ
၂၂.၁၀.၂၀၀၉ ညနေ ၆း၃၈ နာရီ

5 comments:

ဆောင်းယွန်းလ October 22, 2009 at 8:26 PM  

ဆောင်းအကြိုရော်ရွက်တွေနဲ့
တုပထားတဲ့ပိတောက်တောအုပ်တခုလုံးကို
ရင်နဲ့နမ်းပြီးလျှောက်ခဲ့တယ်။
ကြိုက်တယ်ဗျာ...ခံစားဖူးသူ ခံစားတတ်သူမှသိနိုင်မယ့် စကားလုံးစစ်စစ်တွေပါ

k2tmaung October 22, 2009 at 10:14 PM  

ကဗျာလေးက ကောင်းလိုက်တာဗျို့...
ကိုချစ်ဖေရဲ့ မေမေနဲ့ မြန်မြန်ပြန်ဆုံနိုင်ပါစေ...:)

thura October 23, 2009 at 8:43 AM  

ကဗျာလေးကောင်းတယ် ကိုချစ်ဖေ ရေ...
အနေဝေးလို့ လွမ်းရတာချင်းတူတူတောင်
အခုလို ကဗျာလေးနဲ့ လွမ်းဖွဲ့လေးဖတ်မိတော့
ပိုလွမ်း မိပေါ့ဗျာ....
ဘာပဲဖြစ်ဖြစ်ပေါ့ ကိုချစ်ဖေရဲ့ မေမေ နဲ့ ပိတောက်
အစစ်တွေရှိတဲ့ နေရာလေးမှာ အဆင်ပြေပြေနဲ့ အမြန်ဆုံး နွေးနွေးထွေးထွေး နေနိုင်ပါစေဗျာ..

Ko Toe Gyi ( Multiply Boo Boo Gyi ) October 23, 2009 at 12:03 PM  

ဟုတ်ကဲ့ပါဆရာမိုးစဲနေရေ
ကျတော်လည်းလွမ်းတာပါဘဲ ဒါပေမယ့် လွမ်းတဲ့အခါတိုင်းမျာ နာတာလေးနဲ့ဖြေပါတယ်

Moe Cho Thinn October 23, 2009 at 4:26 PM  

မိုးစဲနေ ကဗျာတွေ ကောင်းလှချည့် လို့ ကိုမောင်ရစ်ကို ပြောနေတာ လက်စသတ်တော့ ဒီလူကြီးကိုးးးး

ကိုနေ၀င်းအောင်နဲ့ ခပ်ဝေးဝေးရောက်နေလို့ ကဗျာကောင်းတွေ ပိုထွက်တာနေမယ်။
ကားဝယ်တယ်ဆိုပြီး ပိုက်ဆံတွေ လှူနေတယ်လဲ ကြားတယ်၊ ဆေးရုံကို ငွေတွေ လှူနေတယ်လဲ ကြားတယ်။ :))

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP