Friday, January 29, 2010

ရင်လွမ်းချိန်




ရင်လွမ်းချိန်

ငါ့ရဲ့သံတူကြောင်းကွဲလေး
ချစ်ခြင်းမှာ သမုဒ္ဒရာဟာ
ခရေတမွှေးစာပဲ ဝေးတာပါ။

တို့လျှောက်မဲ့လမ်းလေးတောင်
စပါယ်တွေ အပြိုင်းအရိုင်းပွင့်လို့ ကောင်မလေးရဲ့။

အဲ့ဒီည..
ညဟာ..ညလိုပဲ
ညကျင့်ညကြံနဲ့ ငါ့ကို
တယောက်ထဲထားခဲ့တယ်
လရောင်တွေ ဖွေးဖွေးလှုပ်တဲ့ အဲ့ဒီည
လှိုင်းခေါင်းဖြူတွေကို
ပေါက်ဓါးတချောင်းစီနဲ့ ပစ်ပေါက်ရင်း
ချစ်ခြင်းမှာ သမုဒ္ဒရာဟာ
ခရေတမွှေးစာပဲဝေးခဲ့ပါတယ် ။ ။

မိုးစဲနေ

(ချစ်ကိုယ်တွေ့ မဟုတ်ပါ သူငယ်ချင်းခံစားချက်ကို ရင်မိတ္တူကူးယူပါသည်)

Read more...

Tuesday, January 26, 2010

ရှေ့တန်းစခန်းတုန်းက

ဖြောင်းဖြောင်း..ဖြောင်း…

တချို့ လူမျိုးတွေနားထဲမှာ အမျိုးမျိုးကြားနိုင်ပါသေးသည်။

ဘမ်းဘမ်း…ဘမ်း
ဒိုင်းဒိုင်း…..ဒိုင်း

စသည်ဖြင့်ပေါ့..ကျိန်းသေတာကတော့ စစ်သုံးပစ္စတို တလက်ဆီက ထွက်လာတဲ့အသံပါ။ ကိုယ့်
ပါးစပ်ထဲကို သေနပ်ပြောင်းထည့်ပြီး ဆက်တိုက်သုံးချက် ပစ်လိုက်ရာမှ ထွက်ပေါ်လာသော
သေနတ်သံပါ။ သေနတ်ပြောင်းဝက ထွက်လာတဲ့ မီးခိုးနဲ့အတူ ထွေးထုတ်လိုက်တဲ့ကျည်ဆံ
ထိပ်ဖူး ၃ ခုက ကြမ်းပြင်ပေါ် ထွက်ကျလာသည်။

အံသြခြင်း ထူးဆန်းခြင်းကြောင့် ကျက်သေသေပြီး လောလောဆယ်ဘာပြန်ပြောရမှန်းကို မသိ
တော့.တကယ်လား မျက်လှည့်လား သေနတ်သံနဲ့ ကျည်ဆံထိပ်ဖူးလေးသုံးခုကွမ်းသွေးတောင်
ပေနေသေး။ ဘာမှ မဖြစ်ဘူးလား။ ကိုယ်နဲ့အတူအခြား ရဲဘော်သုံးယောက်လဲ ကိုယ့်လိုပဲအံ့သြ
မှုကြောင့် ချက်ချင်း စကားမပြောနိုင်ကြ။

အချိန်ကာလအားဖြင့် ၁၉၉၀-၉၁ ကာလ၊ နေရာကတော့ ကရင့်တပ်မဟာ ၂ နယ်မြေ ညောင်
လေးပင်ခရိုင်ခွင်ထဲမှာ ဖြစ်သည်။ နအဖ စစ်ကြောင်းများနှင့် ကေအန်ယူ အေဘီအက်စ်ဒီ
အက်ဖ် (ကျောင်းသားတပ်မတော်) ပူးတွဲ ဒီအေဘီ စစ်ကြောင်းများ ရောထွေးယှက်တင်နေကြသောအ
ချိန် လက်နက်ကိုင် တိုက်ခိုက်ရေးအင်အား ၈၀၀-၉၀၀။ ဒီအေဘီစစ်ကြောင်း သတင်းကြားပြီး
တော်ရုံ နအဖ စစ်ကြောင်းများမတိုက်ရဲ တချို့ရှောင်သွားကြရသောအချိန်၊ ကျနော်တို့ကျောင်း
သား တပ်မတော်သားများလဲ အလွန်စိတ်ဓါတ်မြင့်မား နေချိန်လဲဖြစ်သည်။

လက်ထဲမှာ သေနတ်ကိုသေသေချာချာဆုတ်ကိုင် ပြည်သူတွေကို အနိုင်ကျင့်နှိပ်စက်နေသော နအဖ စစ်သားများကို များများသုတ်သင်နိုင်မှသာ လူအများရွေးချယ်တင်မြှောက်ထားသော အ
မျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ဦးဆောင်သော ဒေါ်
အောင်ဆန်းစုကြည်နှင့် နအဖ(န၀တ) စစ်အာဏာရှင်များ အမှန်တကယ် တွေ့ဆုံဆွေးနွေးရေး
စားပွဲဝိုင်းကို တည်ဆောက်နိုင်ပေလိမ့်မည်လို့ ယုံကြည်သည်။ မိမိအင်အားချို့တဲ့ပါက ရန်သူက
လေးစားလိမ့်မည် မဟုတ်ပေ။ ရန်သူကို ရန်သူလို ပြတ်ပြတ်သားသား ထိထိရောက်ရောက်
တိုက်ခိုက်နိုင်မှသာ ရန်သူဒေါက်တိုင် ကြံဖွတ် စွမ်းအားရှင် သတင်းပေးများကို ရှင်းလင်းသုတ်
သင်နိုင်မှသာ တွေ့ဆုံဆွေးနွေး အဖြေရှာမှု စားပွဲဝိုင်းတွင် နအဖက ၀င်ထိုင်ပေလိမ့်မည်လို့ ယုံ
ကြည်ကြသည့်အတိုင်း မိမိတို့သေနတ်ကို ရဲဘော်များက တသသ ငတ်ပြတ်ဆင်းရဲမှုများကို ဂ
ရုမစိုက်နိုင်ကြ မိမိတို့သေနတ်သံသည် ပြည်သူတွေလွတ်မြောက်ရေးအတွက် ၀မ်းသာကြည်နူး
စရာ အသံအဖြစ် ပြောင်းလဲနိုင်မည် ဟုအလေးအနက်ယုံကြည်ကြသည်။

ထိုကာလအတွင်း ရွာလေးတရွာမှာ စစ်ကြောင်း စခန်းချနေချိန် ရွာသူကြီး အိမ်တွင် ခဏ၀င်
ရောက်စကားစမြည်ပြော အနားယူနေကြစဉ် ရွာသူကြီးမှ “ဆရာတို့ ဒါးပီးတယ်ဒုတ်ပီးတယ် ဆို
တာယုံကြည်ပါသလား” ဟုမေးသည်။ ကျနော်တို့က မယုံ “ဒါးပီးတယ်ဒုတ်ပြီးတယ်ဆိုတာမျက်
လှည့်ဆန်ဆန်ကိစ္စတွေ မဟုတ်လား ဦးလေး” လို့ပြန်ပြောကြသည်။

ထိုအခါ ထိုသူကြီးက ဒါဆို ဆရာတို့ သေနတ်ခဏလောက်ပေးပါဆိုပြီး ပါးစပ်ထဲငုံပြီး ခလုပ်ကို
ဆက်တိုက် ဆွဲထည့်လိုက်ခြင်းဖြစ်သည်။ သေနတ်ကို ပေးစဉ်က ထိုသို့ပြုလုပ်လိမ့်မည် မထင်
ပါ။ ထိုသို့စမ်းသတ်ရာမှ သေသွားခဲ့ရင် ကျနော်တို့ အရေးယူခံရမည် မိမိတို့စစ်ကြောင်း နာမည်
ပျက်မည် ထိုကြောင့် အတော်လေး လန့်သွားသည်။ လက်တွေ့ကျကျ မထင်မှတ်ပဲ ပစ်ပြလိုက်
ခြင်းဖြစ်သည်။

ထို့ကြောင့် ကျနော်တို့လဲ စိတ်ဝင်စားသွားသည် ထိုအခါ ဦးလေးကိုမေးကြည့်မိသည်။ “ဦးလေး
ဦးလေးစမ်းသပ်ပြတာကတော့ မယုံနိုင်စရာ လက်တွေ့ပါပဲ ဘာဖြစ်လို့ ခုလို ထူးဆန်းစွာ သေ
နတ်ပီးနေတာလဲ ကျနော်တို့ကို ပြောပြပါဦး” လို့ မေးသောအခါ တော်တော်နှင့် စကားပြန်မရ ကျနော်တို့က လဲ ထိုသို့မပြောလေ သိချင်လာလေ။ ဖြစ်နိုင်ရင် ဘာကြောင့် ထိုသို့စွမ်းနေသလဲ
ဆိုတာ သိချင်နေလို့ ပြောပြဖို့ တောင်းပန်ရလေသည်။

ထိုအခါ ရွာသူကြီးဦးလေးက “ ဆရာတို့ သိပ်သိချင်နေတယ် ဆိုတော့လဲ ကျနော်ပြပါ့မယ်” ဆို
ပြီး ခါး၌ပတ်ထားသည့် အတော်အတန်ကြီးမားသော အ၀တ်အိပ်ညစ်ညစ်တလုံးနှင့် ထည့်ထား
သည့် ဒါးပီးဒုတ်ပီး သေနတ်ပီးသော အရာများကို ကြမ်းပြင်ပေါ်သို့ သွန်ချလိုက်သည် ထိုအ
ထုပ်ထဲမှ ကျောက်သင်ပုန်း အပိုင်းအစအင်းများ လက်ဖွဲ့ခေါ်ငွေပြားလိတ် အခြားအမည်မသိ
နတ်ရုပ်ကလေးများ ကျောက်ခဲလုံးလေးများ ၀က်အစွယ် လက်ဝါးကပ်တိုင် ဗလီပုံငွေချည်ထိုး
သစ်သားအစလေးများ ကျောက်စိမ်းအရောင်ကျောက်လေးများ သင်္ဃန်းစများ ၀ါးခြမ်းလေးများ
အများအပြား တပုံကြီး တွေ့ရလေသည်။

ထို့နောက် ထိုဦးလေးက “ဒါ..ကျနော်ငယ်ငယ်ထဲက စုထားတဲ့ အဆောင်တွေပါ ဒါးပီး ဒုတ်ပီး
သေနတ်ပီးတယ်ဆိုလို့ ရသမျှ အင်းအိုင်လက်ဖွဲ့ မတေ အဆောင်အားလုံးစုထားတာပါ” တဲ့ ခု
ဘယ်တခုက စွမ်းနေတယ်ဆိုတာ မသိတော့လို့ ခုလို အ၀တ်ထုတ်နဲ့ အလေးခံပြီး သယ်နေရ
တာပါ် တခုခုပျောက်သွားလို့ရှိရင် မစွမ်းတော့မှာလဲ စိုးရိမ်တော့ မပျောက်အောင်လဲ သတိထား
ရပါတယ် ဟိုတောင်ပေါ်က သူကြီးလဲ ကျနော့်လိုပဲ သေနတ်ပီးပါတယ် သူ့အထုတ်ကြီးက ကျ
နော်ထက်ပိုကြီးပါတယ် သူလဲ ဘယ်တခုကနေစွမ်းမှန်းမသိတော့ ကျနော့်လိုပဲ သယ်သွားနေရ
တာပါပဲ နအဖ တပ်တွေ ကလဲ ခဏခဏ ရွာတွေဝင်ရင် မဲမဲမြင်ရာ ပစ်တတ်တော့ ဒီအထုတ်
ကြီးကို သယ်သွားနေရတာပါ တဲ့ သူတို့သိသွားလို့ လုသွားရင်လဲ ပါသွားမှာ စိုးပါတယ်ဆရာတို့
မို့ ပြောပြတာပါ တဲ့။

ကျနော်တို့လဲ စစ်ကြောင်းမထွက်သေးခင်အထိ အမျိုးမျိုးတွေးတောနေမိပါတယ် ခုပြန်တွေး
ကြည့်တော့ ထို သူကြီးဖထီးတယောက်ရှိသေးရဲ့လား ထိုဖထီးကွယ်လွန်သွားပြီလား ဒါမှမ
ဟုတ် ထိုအထုတ်ကြီးပဲ အလုခံရဦးမလား။ လုသွားတဲ့လူတွေလဲ ဖထီးလိုပဲ နေရာတကာ အ
လေးခံသယ်သွားနေရဦးမှာလား။ အစုံစုံတွေးနေမိပါတော့တယ်။

(ကိုကြီးကျောက်ကို အားကျပြီး တကယ့် အဖြစ်အပျက် ဂမ္ဘီရဇာတ်လမ်းတခုရေးချင်နေတာ
ကြာပါပြီ ခုတော့ ရေးဖြစ်ပါပြီ သူငယ်ချင်းဒုစစ်ကြောင်းမှုး လုပ်ဖူးခဲ့သူတဦးရဲ့ ကိုယ်တွေ့အဖြစ်
အပျက် ဖြစ်ပါသည် ကိုချစ်ဖေက ပြန်ခံစားတင်ပြပါသည် )






Type the rest of your post here.

Read more...

Sunday, January 24, 2010

ဟေး...........

ဟေး...........

ကျနော်ငယ်ငယ်က ကာတွန်းလေးတွေ တော်တော်ကြိုက်ပါတယ် ငယ်ငယ်က ကာတွန်းလေး
တွေကြိုက်တော့ အသက်ကြီးလာတော့ မကြိုက်တော့ဘူးလို့တော့ မထင်ပါနဲ့ ခုချိန်ထိလဲ ကာ
တွန်း အထူးသဖြင့် မဂ္ဂဇင်း ကာတွန်းတွေ တွေ့ရင် မဖတ်ရမနေနိုင်ပါဘူး။ ခု အားအားနဲ့ ဘ
လော့ ရေးဖြစ်နေတော့လဲ သူငယ်ချင်းတွေထဲမှာ ကာတွန်းလိုပုံလေးတွေ ဆွဲတတ်တဲ့ ကလူ
ထွင်း ကို သဘောကျပါတယ်။ ကျနော်လဲ သူ့လို ရုပ်ပြောင် ကာတွန်းလေးတွေ ဆွဲချင်တာပါ။
မဆွဲတတ်လို့ပါ။

အဲ့ဒါနဲ့ အွန်လိုင်းပေါ်မှာ သူငယ်ချင်း ကဗျာဆရာမ နဲ့ စာအကြောင်း ပေအကြောင်း ရောက်
တတ်ရာရာပြောရင်းနဲ့ ကျနော်တို့ ငယ်ငယ်က ဖတ်ဖူးတဲ့ ကြည့်ဖူးတဲ့ မဂ္ဂဇင်း လေးကွက် ကာ
တွန်းလေးအကြောင်းပြောဖြစ်ပါတယ်။ ဘယ်မဂ္ဂဇင်းမှာ ပါခဲ့လဲ ဆိုတာလဲ မမှတ်မိတော့ပါ။
၁၉၈၄ ၀န်းကျင်လောက်ကပါ။

ကာတွန်းရေးဆွဲသူက (ကို)မြေဇာ လို့ပဲ မှတ်မိပါတယ် မှားရင်လဲပြင်ပေးပါဦး။ ဒီလိုပါ ကာတွန်း
လေးက ပထမအကွက်က ဗလာပါ ဘာမှ မပါပါဘူး၊ ဒုတိယအကွက်က လဲ ဗလာ ပါပဲ ဘာမှ မပါပါဘူး၊ တတိယအကွက်ကျတော့ ထပ်ပြီး ဗလာပါပဲ၊ ဟော…နောက်ဆုံးအကွက်လေးကျမှ၊
စာလေးကို ကွင်းပြီးပါလာတယ် စာလေးကတော့ “ တောက်….နှင်းကလဲမကွဲသေးဘူး” တဲ့ ဆို
ပြီး အဆုံးသတ်ထားတာပါ။ ကာတွန်းခေါင်းစဉ်ကိုတော့ မမှတ်မိတော့ပါဘူး။ကျနော်တော်တော်
သဘောကျခဲ့ပါတယ်။ ခုချိန်ထိပဲဆိုပါတော့။

အဲ့ဒီအကြောင်းကို သူငယ်ချင်း ကဗျာဆရာမကို ပြောပြတော့ သူက သူမကြည့်ဖူးပါဘူး တဲ့ ဒါ
ပေမဲ့ သူကချက်ခြင်းပဲ သူလဲ ခု ကာတွန်းဆွဲချင်တယ်တဲ့ အဲ့ဒီလို လေးကွက်ကာတွန်းတဲ့ သူဆွဲ
ချင်တဲ့ကာတွန်းက ပထမအကွက်က အမဲ တဲ့၊ နောက်ဒုတိယအကွက်ကလဲ အမဲတဲ့၊ တတိယ
အကွက်ကလဲ မဲနက်နေတာပဲတဲ့ အဲ..စတုတ္ထအကွက်ကျမှ အဖြူတဲ့ အဲ…အဲ့ဒီအဖြူကွက်ထဲမှာ
က စာလေးပဲပေါ်လာတယ်တဲ့ စာက “ ဟေး…မီးလာပြီ” တဲ့.

သူက အဲ့လို ပြန်စိတ်ကူးမိသွားတာ သဘောကျမိတယ်။ နောက် “ ဟေး..ရေလာပြီ” တို့ ကိုယ်
ထူကိုယ်ထ ငွေခွဲတမ်းလွတ်သွားတာတို့ ဆန်ဈေး ဆီဆေး နည်းနည်းကျသွားတာတို့ ဘတ်စ်
ကားခ သက်သာသွားတာတို့ ဧည့်စာရင်းတိုင်စရာမလို အစစ်ခံစရာမလိုတော့တာတို့ နဲ့ အခြား
ခြားသောအရာတွေ သူများတွေအတွက် မလိုအပ်ပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အ
တွက်ဝမ်းသာရမှာတွေ များလှပါလားလို့.တွေးမိနေတယ်ဗျာ။ အခြားသောသူများ သူငယ်ချင်း
များနဲ့လဲကျနော်လိုကာတွန်း မဆွဲတတ်ပေမဲ့ ကာတွန်းဝါသနာပါသူတွေနဲ့လဲ စကားစမြည်ပြော
ချင် နေပါတယ်ဗျာ။ တချိန်ထဲမှာလဲ အခက်အခဲ အကြပ်အတည်းတွေကို ရယ်မောနိုင်တဲ့သူ လဲ
ဖြစ်ချင်နေမိပါတယ်။




Type the rest of your post here.

Read more...

Wednesday, January 20, 2010

ရင်ဖွင့်ငှက်တကောင်



ရင်ဖွင့်ငှက်တကောင်

အဆုံးအစ မရှိတဲ့ ကျောပြင်ကြီးပေါ်
ကမ္ဘာကျော်ပြောင်းရွှေ့မှု့များထဲ
မင်းနဲ့ငါ ချစ်ခဲ့
ငါ့ရဲ့ ၀ှက်ဖဲလေး
ငါ့ အဖြစ်သနစ်က မင်းဖြစ်သွားပြီး
မင်း စိုးရွံမှုတွေရဲ့ နားခိုရာ ငါ့ရင်ပါ
အရင်းနှီးဆုံးအနမ်းတွေ ဆောင်းမလာခင်ကြွေရမလား
ဒုက္ခကို ဒုက္ခနဲ့ပေါင်းခဲ့တဲ့ ငါ့ချမ်းမြေ့မှုလေးရယ်
မင်းပျံ မလာနိုင်တဲ့အခါ ငါပျံလာခဲ့မယ်။ ။

မိုးစဲနေ



Type the rest of your post here.

Read more...

Sunday, January 17, 2010

ကျီးကန်းကြီးရဲ့ မေတ္တာရွှေပေလွှာ

ကျီးကန်းကြီးရဲ့ မေတ္တာရွှေပေလွှာ

မြန်မာတွေပျော်စရာ ရေလာမီးလာသော် ပျော်ကြရမည် ကုန်ဈေးနှုန်းများ တက်၍ လခစားများ
(စစ်သားများ) မလောက်ငှသော် ပိုက်ဆံတိုးထုတ်၍ လခတိုးပေးမည်။ ခုရက်ပိုင်းအတွင်း အ
သားငါးဈေးများ တွင်တွင်တက်သော် သက်သတ်လွတ်စားသော် ဈေးမကျသလော။ ဥပုဒ်
စောင့်ကြသော် ပိုဈေးမကျပေလော ဥာဏ်နှင့်ယှဉ်၍ အသက်မွေးကြရမည်။ ထင်းဈေးမီးသွေး
ဈေးပါ တက်လာပါက မီးလွတ်စားကြသင့်သည်။ (လူတိုင်းဝယ်မစားနိုင်သော စားအုန်းဆီသည်
ကျန်းမာရေးကိုထိခိုက်နိုင်သည် ရောဂါကင်းစေရန် ဘာဆီမှ မစားသုံးသင့်ပေ)။

ကုသိုလ်ရရာရကြောင်း ကျီးကန်းကြီးမှ မေတ္တာရှေ့ထားပြောပေးချင်းဖြစ်သည်။ ရွေးကောက်ပွဲ
ကြီးမှာလဲ မြန်မာအများ ကိုယ်နှစ်သက်ရာ ဖေါ်လံဖားများ သာကူးများ တကိုယ်ကောင်းသမား
များ ဓမြများ သူခိုးများ လူမိုက်များ စစ်အရာရှိကြီးများ အား ကိုယ်စားလှယ်လောင်းအဖြစ် မ
ဖြစ်မနေ ရွေးကောက်တင်မြှောက်ခွင့်ရကြပေဦးမည်။

အကျယ်အကျယ် မငြင်းပဲ ထုံးစံအတိုင်း ခိုင်းတာလုပ် ခံမပြောနဲ့ ခါးဖုသွားမည်။ တိုင်းပြည်အ
ပြင်ဖက်ထွက်သွားသူတွေ သူတို့အချင်းချင်း ငြင်းကြလိမ့်မည် ရွေးကောက်ပွဲ အကြောင်းပြပြီး ဒို
နာရှာကြလိမ့်မည် ဆရာတပည့် မသိမသာရော သိသိသာသာရောမွေးကြလိမ့်မည်။

တိုင်းပြည်အ၀ှမ်း ငြိမ်းချမ်းသာယာ ဖွံဖြိုးတိုးတက်နေသဖြင့် ဘုန်းကြီးကျောင်းများမှတပါး ကင်း
ချစောင့်ကြည့် စရာလဲ မလိုတော့ပြီ မဟုတ်လော။ တိုင်းပြည်အတွင်း အလုပ်လုပ်နိုင်သူအ
ပေါင်း ပညာတတ်သူများပါမကျန် အိမ်နီးချင်းနိုင်ငံများ ပို၍လည်ဝယ်သောသူများ နိုင်ငံကြီးများ
၌ ရရာအလုပ်များလုပ် နိုင်ငံခြားငွေ ရှာဖွေ၍ တိုင်းပြည်အတွက် တဖက်တလမ်းမှ ကူညီပံပိုး
သော် မကောင်းကြပေသလော အကောင်းမြင်ကြစေလိုသည်။

တခါလာလဲ အဆိုးမြင် တခါလာလဲ အဆိုးမြင် မမြင်ကြကုန်လင့် ဤကား မော်ဒန်မဖြစ်တော့ ပိုစ့် မော်ဒန်ခေတ်ရောက်ပေပြီ လူအများ လိုချင်တောင်းတနေသောရွေးကောက်ပွဲ ပြီးလျှင်ပြီး
ချင်း မြန်မာပြည်အတွင်း ရွတ်ရွတ်ချွန်ချွန် တိုင်းပြည်တာဝန်ထမ်းဆောင်နေသူတပ်မတော်သား
များ ပြည်သူ့ရဲများ ကြံဖွတ်များ စွမ်းအားရှင်များ အားလုံးကို ရိုးရိုးသာမာန်ပြည်သူများက ကျေး
ဇူးအထူးတင်သောအားဖြင့် တအိမ်တယောက်နူန်း အိမ်ဦးခန်း၌ တင်၍ မရှိမဲ့ရှိမဲ့ဖြင့်ကျွေးမွေးပြု
စုသင့်ပေသည်။ အာဃာတ တရား မလိုမုန်းတီးခြင်းများ မထားသင့်ပေ။ ပြီးတာတွေ အားလုံး
ပြီးသင့်ပေသည်။ သို့မှာသာ သာယာသော စည်းလုံးညီညွတ်သော ခေတ်မှီ စက်မှုနိုင်ငံတော်
ကြီး ထူထောင်နိုင်ပေလိမ့်မည်။

ဤမေတ္တာစာကို အီးမေးက ရရှိပါက တရက်အတွင်း မြန်မာစာ ဖတ်တတ်သူများ ကိုဖြန့်ဝေနိုင်
သလောက်ဖြန့်ဝေရမည်။ မဖြန့်ဝေနိုင်ပါက စစ်ကျွန်အဖြစ် တသက်လုံးခံစားရပေမည်။ စစ်ကျွန်
အဖြစ်က လွတ်မြောက်လိုသူတိုင်း မီးနစ်မဆိုင်း ဖြန့်ဝေနိုင်ကြပါစေကြောင်း ကြီးကန်းကြီးမှ အဲ
ဟုတ်ပါဘူး.ကျီးကန်းကြီးမှ မေတ္တာရှေ့ထား ကုသိုလ်ပွား အများပြည်သူ အတူတူ ခံစားရစေ
ကြောင်း မေတ္တာရွှေမောင်း ထပ်လောင်း ခပ်လိုက်ရပါကြောင်း……..။

နတ်လူ သာဓုခေါ်စေသောင်..




Type the rest of your post here.

Read more...

Friday, January 15, 2010

အပြန်လမ်း

အပြန်လမ်း

ဒုက္ခစက်လက်ကို
ရင်နဲ့ထမ်းရတဲ့ အချိန်တွေပါ။

အရာရာမှာ
သားသတ်သမားက
သားကောင်ကို တစိမ့်စိမ့်ကြည့်သလို

မရှိခြင်းဆိုတာ
ခြေတဖက်ဆာနေတဲ့ အရပ်ပျက်မရဲ့
ဝမ်းစာလို

ရယ်မောခြင်းမှာ
အောင်ပွဲရ စစ်သားတွေက
သုံ့ပမ်းစစ်သားအိုကြိးကို လှောင်ရယ်ကြသလို

လက်လှုပ်တိုင်း ပါးစပ်မလှုပ်နိုင်တဲ့ဘ၀တွေပါ

နေညိုညို အိမ်ပြန်လမ်းမှာ
အရာရာ မရှိတဲ့ ရယ်မောခြင်းတွေနဲ့
ဘတ်စ်ကားအိုကြီးထဲ
ဘေးတိုက်ကြီးပါသွားတယ်
နောက်ပြန်ကြီးပါသွားတယ်
နှမချင်းစာနာပြီးပါသွားတယ်
ဖရုဿဝါစာ တရားနာပြီးပါသွားတယ်.

အမေရယ်
ပျော်စရာကဗျာ သားစပ်ချင်တယ်.
ခု..အလုပ်က လူလျှော့ဦးမယ်တဲ့..

မိုးစဲနေ
(၁.၁၄.၂၀၁၀)


Read more...

Sunday, January 10, 2010

ပရုတ်ဆိပ်

ပရုတ်ဆိပ်

ကိုချစ်ဖေ ငယ်ငယ်တုန်းက ဘောလုံးလဲမကန်တတ် စွန်လဲမလွှတ်တတ် ဂျင်လဲမပေါက်တတ်
မြစ်ဝကျွန်းပေါ်သားဖြစ်ပြီး ရေလဲမကူးတတ် ငါးလဲမမျှားတတ် ရှားရှားပါးပါး လေးဂွပဲ ကောင်း
ကောင်းပစ်တတ်တာရှိပါတယ် အမေးအမြန်းကလဲထူသမို့ အမေက ရွှေသွေး တေဇ ရှုမ၀ မြ
ဝတီ မဂ္ဂဇင်းတွေ ဖတ်ခိုင်းပါတယ် နေပူထဲ အပြင်ထွက်ကစားပြီး ဖျားနာမှာ ရေခိုးကူးရင်း ရေ
နစ်မှာ ဘောလုံးကန်ရင် ခြေထောက်ကျိုးမှာ ဂျင်ပေါက်ရင်းခြေထောက်ပေါက်မိမှာ မျက်လုံးကို
လွင့်မှန်မှာ ငါးမျှားရင် ငါးလေးတွေ ပါးစပ်နာမှာ အစုံစုံ စိတ်ပူတော့ ကိုချစ်ဖေကို တခါထဲ စာ
အုပ်နဲ့ မိတ်ဆက်ပေးထားပြီး (အမေ့စကားအတိုင်းဆို ငြိမ်ဆေးကျွေးထားတာ) ကိုချစ်ဖေကလဲ အကြိုက်ပေါ့ သောကြာနေ့ ညနေကနေ တနင်္ဂနွေနေ့မနက်အထိ ဖတ်ချင်တဲ့ကာတွန်း ပုံပြင်
အစုံစုံ တရားဝင်ဖတ်ခွင့်ရပြီ။



ဒီတော့ကာ ကိုချစ်ဖေက စိတ်ထဲစွဲနေတာက သူငယ်ချင်းတွေ မဖတ်ဖြစ်သေးတာမသိသေး
တာတွေကို ကိုချစ်ဖေက သိနေတယ်လို့ ကိုယ့်ကိုကိုယ်အထင်ကြီးနေ စိတ်ကြီးဝင်နေတာ အ
သက်ကြီးတဲ့အထိ။ ဒီတော့ ကိုယ့်ထက်နည်းနည်းငယ်တဲ့ သူငယ်ချင်းလေးတွေ အပေါ် ဆရာ
တတ်ချင်နေတာပေါ့ဗျာ ဒီလိုနဲ့ ဆရာတတ်ဖြစ်သွားတဲ့အကြောင်းလေး ပြောပြဦးမယ်ဗျာ ကို
ချစ်ဖေလဲ နာမည်ကို တွင်ရော။

ကိုချစ်ဖေကို ခင်တဲ့ ကိုယ်ချစ်ဖေကို အထင်ကြီးတဲ့ တယောက်ထဲသော သူငယ်ချင်းလေး တ
ယောက် ကိုချစ်ဖေမှာ ရှိ ပါတယ် သူက ကိုချစ်ဖေထက် ဆယ်နှစ်လောက်ငယ်တော့ ကိုချစ်
ဖေကလဲ ဆရာတတ်လို့ကောင်းသပေါ့..သူ့နာမည်က မောင်ဝင်းအောင် တဲ့ တနေ့တော့ ကိုချစ်
ဖေလဲ ဆရာတတ်ချင်လာတာနဲ့ မောင်ဝင်းအောင်ကို

“မောင်ဝင်းအောင် ညီလေး မင်း ပရုတ်ဆိပ်တွေ အကြောင်းမသိချင်ဘူးလား ငါတော့ပရုပ်
ဆိပ်တွေကို သဘောကြတယ်ကွာ သူတို့က အမြဲတခုခုတော့ လုပ်နေကြ ကြိုးစားနေကြတာပဲ
ညီလည်းညီညွတ်ကြတယ် ရန်ဖြစ်နေကြတာလဲမတွေ့ရဘူးကွာ အဲ့ဒီတော့ ပုရုတ်ဆိပ်တွေကို
အတုယူရရင်ကောင်းမယ် သူတို့အကြောင်းသိရရင်ကောင်းမယ်” လို့ ပြောလိုက်တယ်.

မောင်ဝင်းအောင်က လဲ ကိုချစ်ဖေရဲ့ တဦးတည်းသော သူငယ်ချင်း ကောင်ငယ်လေး ဆိုတော့
ကိုချစ်ဖေပြောသမျှ သေသေချာချာလဲနားထောင်တာပေါ့ နားလဲစွင့်ထားတာပေါ့.အထင်လဲကြီး
တာပေါ့.ပြီးတော့သူက
“ ကိုချစ်ဖေ. ကိုချစ်ဖေပြောတဲ့ ပရုတ်ဆိပ် ဆိုတဲ့အကောင်က ဘယ်လိုအကောင်မျိုးလဲ” လို့
လေးလေးနက်နက် မေးရှာပါတယ်။

ကိုချစ်ဖေကလဲ
“ ဟာကွာ မင်းကလဲ ပရုတ်ဆိပ် ကိုတောင်မသိဘူးလား ပရုတ်ဆိပ်ကွာ အကောင်သေးသေး
လေးတွေကွာ တန်းစီပြီးသွားကြတယ် တွင်းထဲမှာနေကြတယ်ကွာ” ဆိုတော့ သူက “ အ
ကောင်သေးသေးလေးတွေ တန်းစီပြီးသွားတယ် ဘယ်လိုမျိုး အကောင်လဲအကို ပြောတဲ့ ပ
ရုတ်ဆိပ်ဆိုတဲ့အကောင် ကျနော်မသိဘူး အကို” တဲ့ ဒီတော့ ကိုချစ်ဖေကလဲ “ဟာ..ဒီကောင်
ကွာ ဒီအကောင်လေးတွေကိုမသိဘူးလား အများကြီးပဲကွာ အမြဲတမ်းလဲမြင်နေရတယ်ကွာ မင်းကလဲမသိဘူးလား” လို့ ပြောပြီး “ လာကွာ ငါပြမယ်ဆိုပြီး ပရုတ်ဆိပ်တွေကို ရှာပြီးပြလိုက်
တာပေါ့” “ကဲကွာ..ဒီမှာကွာ ငါပြောတဲ့ ပရုတ်ဆိပ် မူလရည်ရွယ်ချက်တောင်ပျောက်သွားတယ်
မင်းကလဲ” ဆိုပြီးပြလိုက်တယ်

သူကလဲတအံ့တသြနဲ့ ကိုချစ်ဖေ ပရုတ်ဆိပ်တွေကိုကြည့်ပြီး.“ အကို..အကို ဒါ ပုရွက်ဆိပ်လေ
အကို ပရုတ်ဆိပ် မဟုတ်ဘူးလေ ကျနော်က အကိုပြောတဲ့ ပရုတ်ဆိပ်အကောင်ကို စဉ်းစားနေ
တာ ဒါက ပုရွက်ဆိပ်လေ အကို” တဲ့

ကိုချစ်ဖေရဲ့ ပရုတ်ဆိပ်သတင်းလဲ တဖြေးဖြေးပြန့်သွားပြီး ကိုချစ်ဖေကို တချို့က ခုထိ “ပရုတ်
ဆိပ်ကြီး” တဲ့.ကိုချစ်ဖေလဲ ဆရာတတ်ချင်တဲ့ စိတ်ကိုလဲ ဘရိတ်အုပ်ပြီးသားလဲ ဖြစ်ကရောပေါ့
ဗျာ..(အမှန်ကတော့ ကလူသစ်ပြောသလို အခြားအရပ်မှာ ပရုတ်ဆိပ်လို့ ခေါ်တယ် မင်းကဘာ
သိလို့လဲ.ဘာညာနဲ့ ဆက်ဖြီးရမှာ.ဟိ)



Read more...

Saturday, January 9, 2010

ပြေးခဲ့ခြင်းများ မနက်ဖန်

ပြေးခဲ့ခြင်းများ မနက်ဖန်

ငယ်ငယ်တုန်းက စာမရရင် ရိုက်တဲ့ကျောင်းမှာ မနေချင်ဘူး အမေ
သားကို မေမေစာသင်ပေးရင်လဲရ ရဲ့သားလို့.
နည်းနည်းကြီးလာတော့ ကျောင်းကပြေး…
အဖေကို မူဆိုလိုနီထင်လို့ အိမ်ကပြေး
အချစ်ကတော့ ကျနော့်ဆီက ပြေးတာပါအမေ…


အာဏာရှင်တွေကို ခုခံဖို့.
လွယ်အိပ်နဲ့ အမှန်တရားက လွဲလို့ဘာမှမရှိတဲ့ အခါ.
ထောင်ကတော့ မပြေးနိုင်ပါဘူး..အမေ.

အမေ့ရပ်ဝန်းလေးမှာ တ၀ဲလည်လည်.
အမေ့ကိုလှည့်ပတ်ပြီးလဲပြေးခဲ့တယ်..အမေ.

ပြေးပြီးရင်းပြေး မနားတမ်းပြေး မမောတမ်းတော့မပြေးနိုင်ပါဘူး အမေ
အမေ မရှိတဲ့အရပ်ဆီ အမေ့ကိုထားပြီးပြေး.
အမေမပါပဲ..
ကျနော်ဘယ်လို နားရမှာလဲအမေ..
အမေ့ထောင်ဝင်စာထုတ်လေး မစားရတော့ပေမဲ့..
သားအလှည့်မှာ..
အမေ့ကိုလဲ ထောင်ဝင်စာလေး မှန်မှန်မပို့နိုင်ပါဘူး..အမေ.

အခု
အမေကြိုက်တဲ့ လက်ဖက်ရည်လေး ဈေးတက်သွားပြီတဲ့..

အမေကြိုက်တဲ့ လက်ဖက်ရည်လေး ဈေးတက်သွားခဲ့ပြီ။ ။

မိုးစဲနေ
(၈.၁.၂၀၁၀) နံနက်






Read more...

Monday, January 4, 2010

ကိုချစ်ဖေ ရဲ့ လွတ်လပ်ရေး

ကိုချစ်ဖေ ရဲ့ လွတ်လပ်ရေး

ကိုချစ်ဖေ လွတ်လပ်ရေးနေ့ရယ်လို့ စစချင်းသိလာတာတော့ ပထမတန်းလောက်ကဖြစ်မယ်
ထင်ပါတယ် ဒုတိယအစမ်းစာမေးပွဲတွေဖြေအပြီး ဒီဇင်ဘာကျောင်းပိတ်ရက် ကုန်ခါနီးအချိန်
တွေမှာ ကျနော်တို့မြို့ မြို့မဘောလုံးကွင်းထဲမှာ ကျင်းပတာ အဲ့ဒီတုန်းကတော့ ဘာရယ်လို့မသိ
လူတွေအများကြီးတောထဲ အမေတွေ အမတွေ ဦးလေးတွေ အကိုတွေနဲ့ ဘေးကနေလက်တွဲ
ပြီးလိုက်သွားတာပါပဲ ။

လိုချင်စရာကစားစရာလေးတွေ နောက်ပြခန်းတွေ အမျိုးမျိုးနဲ့ ဇာတ်တခုခု လမ်းဘေးနားက
ရုံသေးသွင်းမျက်လှည့်ပွဲ မျောက်တွေကတဲ့ပွဲ ရုပ်သေးပွဲ အကြော်ဆိုင် အသုတ်စုံဆိုင် ရံပုံငွေ
ရှာဖွေရေးပွဲ စားသောက်ဆိုင်တွေထဲ လိုက်သွားပြီး မုန့်စားမယ် လိုချင်တဲ့ကစားစရာလေးတွေ
ဝယ်ခိုင်းမယ် လမ်းဘေးက ပွဲတခုခုဝင်ကြည့်မယ်ပေါ့ လိုက်ပို့တဲ့ လူကြီးတွေကိုပူဆာပြီးလူကြီး
တွေ လိုက်လျှောပေးသလို ကျနော်တို့ ကလေးတွေအတွက်ပျော်စရာပါ.အဲ့ဒီတုန်းကတော့ သေသေချာချာ အဓိပ္ပါယ်ရယ်လဲမသိ ပဲနဲ့ လွတ်လပ်ရေးနေ့ ခဏခဏရောက်စေချင်တာပါပဲ
ပျော်ရတာကိုး။


ကိုချစ်ဖေတို့ တတန်းနှစ်ဆိုတော့ လွန်ခဲ့တဲ့ ၃၈ နှစ် ၃၉ နှစ်လောက်ကပေါ့ ကိုချစ်ဖေကလဲစာ
စဖတ်တတ်ကာစ လမ်းဘေးဆိုင်းဘုတ်ကအစ တငေးငေးနဲ့ ဖတ်သွားချင်တာ ကိုချစ်ဖေ ကို ထိမ်းတဲ့အမကြီးဝမ်းကွဲရဲ့ ထမီစကိုကိုင်ပြီးလိုက်ငေးဖတ်နေတာပဲ အမကြီးက ကြာလို့တဲ့ ခဏ
ခဏအဆူခံရ ခေါင်းခေါက်ခံရ တခါတလေ အမကြီးနဲ့စိတ်ကောက်ပြီး ရန်ဖြစ်ပြီးငိုပြီး အိမ်ပြန်ရ
တာ ကိုချစ်ဖေက တောင်တောင်အီအီ သိချင်တာက များတာကိုး။ အဲ့ဒီတုန်းက အမကြီးကလဲ
အသက် (၁၃) (၁၄) အရွယ် အပျိုပေါက်လေးကိုး ခုတော့ အမကြီးလဲ အသက်(၅၀) ကျော်
သွားတွေ တချို့တောင် ကျိုးလို့တဲ့။

အဲ့ဒီလိုလွတ်လပ်ရေးပွဲတွေဆို တကယ်ပဲ ချိန့်ချိန့်သဲ ကျင်းပကြတာပါ လူတွေကလဲ စီးပွားရေး
မဆိုးကြသေး စားနိုင်သောက်နိုင်ကြတယ်ဆိုတော့ ပွဲလမ်းသဘင်တွေက စည်ကားတာပေါ့.
လွတ်လပ်ရေးပွဲပြီးလို့မှ မကြာသေး ပြည်ထောင်စုပွဲ ဒေသဆိုင်ရာဘုရားပွဲတွေမှာ စားကြ
သောက်ကြ ၀ယ်လိုရာဝယ်ကြ ပျော်စရာကြီးနေမှာပါ ။

ကိုချစ်ဖေတို့က ကလေးဆိုတော့ ဘယ်သိပ်သိမလဲ (၂၃)ကြိမ်မြောက်လွတ်လပ်ရေးနေ့ ဆိုတဲ့
စာတန်းလေးတောင် အကုန်လုံးအဓိပ္ပါယ်မသိလို့ မေမေ့ကိုမေးရတာပဲ ကြိမ်မြောက်ဆိုတာ
ဘာလဲ လွတ်လပ်ရေးနေ့ဆိုတာဘာလဲ အဲ့လိုမျိုးပေါ့.မေမေကတော့ အင်္ဂလိပ်ဆိုတဲ့ လူမျိုး
တွေ ဟိုအဝေးကြီးကလာပြီး မေမေတို့နေတဲ့ နေရာကိုလာတိုက်ခိုက်ပြီး အုပ်ချူပ်တာတဲ့ အဲ့ဒီ
တုန်းက နာမည်ကြီးနေတဲ့ ခေါင်းဖြတ်ကုလားဆိုသူတွေနဲ့ တူတယ်တဲ့ အသားဖြူသလိုလို နီသ
လိုလို မျက်နှာဖြူဖြူလူတွေဆိုတော့ ကိုချစ်ဖေလဲ မမြင်ဘူးပဲနဲ့ကို ကြောက်တာပေါ့။

နောက်အဲ့ဒီလိုကြောက်စရာကောင်းတဲ့သူတွေကို သားတို့အဖိုးတွေ အဖွားတွေက ပြန်ပြီးတွန်း
လှန်ခုခံကြပီး တိုက်ထုတ်ပြီး လွတ်လပ်ရေးကိုရအောင်ယူရတာတဲ့ အဲ့ဒီမျက်နှာဖြူကုလားတွေ
ကအဝေးကြီးကို ပြန်ပြေးသွားရတာပေါ့ ဆိုတော့ ၀မ်းသာရတယ် အကြောက်လဲပြေရတယ် အဲ့
ဒီ ကုလားဖြူတွေက ကျနော်တို့ရှုံးပါပြီဆိုပြီး ကျေငြာပြီး ခင်ဗျားတို့ပြန်အုပ်ချူပ်ကြပါ ဆိုပြီးပြန်
ပေးရတဲ့နေ့ကို လွတ်လပ်ရေးနေ့လို့ ခေါ်တာတဲ့။

ကိုချစ်ဖေကတော့ ခေါင်းဖြတ်ကုလားလို လူတွေကို အဝေးကြီးကို မောင်းထုတ်လိုက်တယ်ဆို
တဲ့ အဖိုးတွေအဖွားတွေကို ချစ်သွားတာပါပဲ အကြောက်လဲပြေသွားတာကိုး ဒါပေမဲ့လဲ တကယ့်
သဘောကျတာက အဲ့လိုနေ့မျိုးတွေ များများရှိချင်ခဲ့တာပါပဲ။

ကိုချစ်ဖေသိချင်တာတွေကို မေမေက မဖြေတတ်တဲ့အခါ ဘယ်သူ့ကိုမေး လို့ပြောတတ်သလို
အတန်းထဲမှာ ဆရာ ဆရာမတွေကို မေးဖို့လဲပြောတတ်ပါတယ် သူချက်ပြုတ်လျှော်ဖွတ်နေ
တုန်း အမေးအမြန်းထူတဲ့ ကိုချစ်ဖေက မေးမိတဲ့အခါဆိုရင်တော့ မေမေက ကိုချစ်ဖေနားလည်
နိုင်မဲ့ အဖြေမျိုးလွယ်လွယ်ပေးလိုက်တာပါပဲ။ ကိုချစ်ဖေငယ်ငယ်က ခဏခဏကြားရတဲ့ ဗိုလ်
ချူပ်အောင်ဆန်း ဗိုလ်ချူပ်နေ၀င်းတို့ကို ဘာတော်လဲလို့ မေးမိလို့ မေမေက လွယ်လွယ်ပဲ ညီ
အကိုတော်တယ် လို့ ပြောလိုက်လို့ တတိယတန်းရောက်တဲ့အထိ ညီအကိုပဲမှတ်နေတာ ကျောင်းမှာ ငါ့အမေပြောတယ်ဆိုပြီး ငြင်းလိုက်ရတာ နောက်ကျနော်ရှုံးသွားတယ်။ နောက်မေ
မေက သူ့ကိုမေးရင် သားသိချင်တာတွေ စာအုပ်တွေထဲမှာရှိတယ် သားဖြေးဖြေးဖတ်သွား သိ
လာလိမ့်မယ် လို့ပြောတာကို ကိုချစ်ဖေမှတ်ထားပြီးထဲက စာအုပ်တွေဖတ်ချင်တော့တာပါပဲ။

တဖြေးဖြေးကြီးလာတော့ ကိုချစ်ဖေသိချင်တာလေးတွေလဲ သိလာရပါတယ် မသိတာလေးတွေ
လဲ ဆရာတွေလမ်းညွှန်လို့ ပြောပြလို့ ဖတ်ရင်းသိလာတာလဲ ပါပါတယ်။ လွတ်လပ်ရေးနေ့ဆို
တာ နောက်တနေ့ရှိခဲ့သေးတယ်တဲ့ အင်္ဂလိပ်ကိုတိုက်တဲ့နေရာမှာ ကူတိုက်ပေးခဲ့တဲ့ ဂျပန်တွေ
က ပေးခဲ့တာတဲ့ ၁၉၄၃ ခုနှစ် သြဂုတ်လ (၁)ရက်နေ့မှာ ပေးခဲ့တာပါတဲ့ အဲ့ဒီလွတ်လပ်ရေးကို ရခဲ့ပေမဲ့ တကယ်မလွတ်လပ်လို့ ရွှေရည်စိမ်လွတ်လပ်ရေးလို့လဲ ခေါ်တယ်ဆိုတာလဲ ဖတ်ရ
သိရတော့ အံ့သြရသေးတယ် လွတ်လပ်ရေးအတုပေါ့။

ခုတော့ ကလေးတွေက လွတ်လပ်ရေးနေ့ကို ဘယ်လိုနားလည်တော့မလဲ မသိပါဘူး။ ၁၉၄၈ ခု
နှစ် ဇန်န၀ါရီလ (၄)ရက်နေ့မှာ ရခဲ့တဲ့ လွတ်လပ်ရေးနေ့ကကော စစ်ရဲ့လား ဂျပန်ကပေးတဲ့
လွတ်လပ်ရေးက အတု၊ အင်္ဂလိပ်ကပေးတဲ့ လွတ်လပ်ရေးကကော ခုစစ်တယ်ပြောလို့ ရပါ့မ
လား တကယ်ကောလွတ်လပ်ရဲ့လား စကားပြောတဲ့အခါ စာရေးတဲ့အခါ ခရီးသွားတဲ့အခါ ရပ်
ကွက်လူကြီးရွေးတဲ့အခါ ကိုယ်ဝါသနာပါတာလေးလုပ်တဲ့အခါ ပညာသင်ကြားရတဲ့အခါ သီချင်း
ဆိုကြတဲ့အခါ အင်တာနက်သုံးကြတဲ့အခါ တကယ်ကောလွတ်လပ်တယ်လို့ပြောလို့ရပါ့မလား
တကယ်ကောလွတ်လပ်ပြီလား လူတွေနဲ့တူတဲ့လွတ်လပ်မှုကို ရောရရဲ့လား။

ဂျပန်ကပေးတဲ့လွတ်လပ်ရေး အင်္ဂလိပ်ကပေးတဲ့လွတ်လပ်ရေး နဲ့ ဗမာကပေးတဲ့လွတ်လပ်ရေး
နေ့ရယ်လို့များ တိုင်းရင်းသားတွေစိတ်ထဲ မှတ်လာတော့မလား။ ရုပ်သေးအစိုးရတဲ့ နယ်ချဲ့အစိုး
ရတဲ့ဖေါက်ပြန်သောဓနရှင်ကိုယ်စားပြုအစိုးရတဲ့ အိမ်စောင့်အစိုးရတဲ့ မဆလအစိုးရတဲ့ စစ်အစိုး
ရတဲ့ စစ်အစိုးရတွေက ကကော တကယ့်လွတ်လပ်ရေးပေးပါ့မလား လွတ်လပ်ရေးကို မြတ်နိုး
တဲ့တဲ့သူတွေကို ဖမ်းဆီးထောင်ချနှိပ်စက်နေသရွေ့ကော လွတ်လပ်ရေးဆိုတာရှိပါ့မလား လွတ်
လပ်ရေးနေ့ ဆိုတာကော ထပ်ပေါ်လာရဦးမလား ကိုချစ်ဖေတို့ နောက်လာနောက်သား ကလေး
တွေ မေးရင် ဘယ်လိုပြောရတော့မလဲ မသိ။






Read more...

Saturday, January 2, 2010

ဒင်း..ငဦး..ငဦး.

ဒင်း…ငဦး..ငဦး


သြ..ကိုချစ်ဖေရယ်.နှစ်သစ်ဦးမှာ မနက်စောစော ဒေါသတွေထွက်နေတာ ဒေါသတွေထွက်နေ
တာ ဒေါသတွေထွက်နေတာကို ဒေါသတွေထွက်နေတယ်လို့ပြန်မှတ်နေရတယ်။ တောက်..ဒေါ
သဆိုတာလဲ ပြန်တွေးမိတိုင်းထွက်နေတတ်တာမျိုး…ဒေါသထွက်ခဲ့ရတာလဲကြာပါပြီ..



ကိုယ်လုပ်ချင်ရင်တောင်မှ အမိရယ် အဖရယ်မှ ဂုဏ်သိက္ခာမထောက်…
တောက်.မိဘတွေလဲမရှိတော့ဘူး ဒီညီမလေးတယောက်ရှိတာ..
ညီမလေးမှာ မိသားစုလေးလေးယောက်ရှိတာ လင်ယောက်ကျားနဲ့သေကွဲ အသုဘရှုတောင်
နောက်ဆုံးခရီးကိုတောင် လိုက်ပါပို့ဆောင်ဖို့ အခွင်မသာခဲ့ရ သားလေးနှစ်ယောက်နဲ့လဲ နှစ်
၂၀ နီးပါးရှင်ကွဲကွဲ။ နောက်လူယုတ်မာတွေ သတ်တာ ကံသီလို့မသေခဲ့တဲ့ညီမ။

အဲ့ဒီညီမကလဲ ဖေတော့မောင်တော့ ဂုဏ်သိက္ခာမဲ့ မိန်းမမျိုးမဟုတ် တကမ္ဘာလုံးက ချစ်ခင်
လေးစားကြသူ ထားပါတော့ တကမ္ဘာလုံးကပဲ အားအားယားယား ဆုတွေပေးကြတယ်ပဲထား
ပါတော့.ဒီညီမလေးမှာ ဒီအိမ်လေးရှိလို့ ဒီအိမ်လေးကို အကြောင်းပြပြီး နေအိမ်အကျယ်ချူပ်ချ
ထားတာမှလား ဒီအိမ်မှမရှိရင် သူမှာနေစရာမရှိလို့ အင်းစိန်ထောင်ထဲမှာ အဆင်သင့်ကြို
ဆောက်ထားရတဲ့ အိမ်မှာထားပေးရပါတယ်ဖြစ်ဦးမယ်.

သြ…အရပ်တကာမှ ကြားလို့မတော် ယိုသူမရှက်မြင်သူရှက်.
ဒင်းနာမည်ကြားတိုင်း မိုးနတ်မင်းကြီးက အဖေနာမည်ဖျက်ဖို့ လွှတ်လိုက်တယ်လို့ ခံစားနေရ
တယ်..မကောင်းပါဘူး.ခုမှ ၂၀၁၀ နှစ်ကူးယုံရှိသေး ကိုချစ်ဖေ ဒေါသတွေထွက်နေရတာ
မင်္ဂလာမရှိပါဘူး ပြောလဲမပြောချင်ပါဘူး မပြောပဲလဲ မနေနိုင်ပါဘူး ဒါ့ကြောင့်ပြောဖြစ်သွား
တာ.

ဘယ်သူသေသေ ငရွှေမာရင်ပြီးရော နိုင်ငံမှာ ငဦးက နှမအိမ်လေး ၀င်ဝင်လု သူမှာလဲစည်းစိမ်
အပြည့်နဲ့ ဟာ..မပြောချင်ပါဘူး..စောစောစီးစီး..

လူမှုရေးလုပ်ငန်းတွေကိုတောင် ထောင်နခမ်းနင်းပြီးလုပ်နေရတဲ့ နိုင်ငံမှာ.ဒီမိုကရေစီ သုံးမတ်
သား ပေးဦးမတဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲတွေလုပ်ပေးဦးမယ်တဲ့..


တောက်..ဒေါသထွက်တယ်..ဒေါသထွက်တယ် ဒေါသထွက်တာကို ဒေါသထွက်နေတယ်လို့
ပြန်မှတ်နေရတိုင်း ဒေါသထွက်နေတယ်..

သြ…ကိုချစ်ဖေ..ကိုချစ်ဖေ.တစ်ရာနဲ့သာဖြေနေရတယ်..ပြောပါတယ်..

Read more...

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP