Wednesday, October 27, 2010

ဘကြီးသာဒွန်းဇံ

ဘကြီးသာဒွန်းဇံ

ကိုချစ်ဖေတို့ရွာ အနီးအနားရွာတွေမှာ ဘကြီးသာဒွန်းဇံဆို မသိတဲ့သူမရှိ ဘကြီးသာဒွန်းဇံဆိုလို့
ရခိုင်လူမျိုးတော့ မဟုတ်ပါဘူး ဘကြီးသာဒွန်းဇံရဲ့ အမေ အဘွားက ရခိုင်လူမျိုးတွေပေးတဲ့ နာ
မည်မျိုးကို ကြိုက်လို့တဲ့ ဘကြီးသာဒွန်းဇံကို ကိုချစ်ဖေစသိတော့ ဘကြီးသာဒွန်းဇံက အသက်
၅၀ ကျော်ပြီ ဘကြီးသာဒွန်းဇံဇနီး အရီးဒေါ်စိန်ချုံနဲ့ ဘကြီးသာဒွန်းဇံနဲ့က ရွယ်တူ မတိမ်း မ
ယိမ်း။

၁၉၈၄ ခုနှစ်နွေရာသီမှာ ကိုချစ်ဖေက ဘကြီးသာဒွန်းဇံတို့ ရွာမှာရှိတဲ့ ဆန်စက်မှာအလုပ်သွား
လုပ်ရင်း ဘကြီးသာဒွန်းဇံနဲ့ ခင်မင်ရင်းနှီးခဲ့ရတာပါ။ ဘကြီးရဲ့ လူပုံပမ်းက အသားညိုညို အရပ်
က ၆ပေခန့် ကိုယ်လုံးကိုယ်ထည်က ထောင်ထောင်မောင်းမောင်း အသံကြီးကလဲ အကျယ်ကြီး
အင်္ကျိင်္ကလဲ တခါမှမ၀တ် ကိုချစ်ဖေက ဘကြီးအင်္ကျိင်္ကသိပ်ကောင်းတာပဲ ကျွန့်တော့်ကို ခဏ
လောက်ငှါးပါလားလို့ အမြဲနောက်နေကြ။ ဘကြီးက ဆောင်းတွင်းဖက်လဲ စောင်သာခြုံရင် ခြုံ
မယ် အင်္ကျီဝတ်တာ တခါလားပဲ မြင်ဘူးပါတယ် ငယ်ငယ်ထဲက အဲ့ဒီလိုပဲ မ၀တ်ဘူး တဲ့ ဖျားလဲ
တခါမှ မဖျားဘူးတဲ့ အင်္ကျီတခါဝတ်တော့ ထူးဆန်းနေရသေးတယ်။ မီးဖိုနားမှာလဲ အမြဲတမ်း
ချွေးတလုံးလုံးနဲ့ ချက်ပြုတ်နေတတ်သူ ဘကြီးနဲ့ ဇနီးမှာ သားသမီး အရင်းက ၁၂ ယောက် မွေး
စားသားက ၂ ယောက် စုစုပေါင်း ၁၄ ယောက်။ အကြီးတွေက အိမ်ထောင်ကျလို့မြေးတွေ
တောင် အတော်ကြီးပြီ။

ဘကြီးရဲ့ အသက်မွေးဝမ်းကြောင်းက ဆန်စက်ကို စပါးလာကြိတ်ခွဲတဲ့ သူတွေကို အစားအ
သောက်ချက်ပြုတ်ရောင်းချတာနဲ့ မိဘလုပ်ငုတ်လယ်လုပ်ငန်းပါ။ ကိုချစ်ဖေတို့ရဲ့ မြစ်ဝကျွန်းပေါ်
ကလဲ သားငါးပုဇွန်ကလဲပေါ အစားအသောက်ကလဲ မရှားတော့ သားသမီးတွေကို အများကြီး
မွေးထားနိုင်တဲ့အပြင် ရွာထဲက မိဘမရှိတော့တဲ့ ယောက်ကျားလေး ၂ ယောက်ကိုလဲ ခေါ်မွေး
ထားသေး၊ ဘကြီးက အဲ့ဒီလို သူ့သားသမီးတွေ အများကြီးနဲ့ တန်းတူ သား ၂ ယောက်ကို မွေး
ထား ကျွေးထားနိုင်တာကိုလဲ ဂုဏ်ယူပါတယ်။ “ငါ့သားကြီးဘယ်သူ ခု အောက်အရပ်သွားရင်း
အိမ်ထောင်ကျနေတာလေ ငါသွားလို့ကတော့ကွာ ပင်လယ်ငါးခူကို ကိုယ်တိုင်ထောင် ငါးဆုပ်
လုပ်ပြီး မကျည်းရည်နဲ့ ချည်ရည်ဟင်းချက် ပုဇွန်တုတ်နဲ့ တ၀စားလာခဲ့တာပဲကွာ” ဆိုတာမျိုး အစားအသောက်နဲ့ ပတ်သက်လို့ ပြောတတ်ပြီး ကိုယ်တိုင်လဲ စားသလို အခြားသူများကိုလဲ စားစေချင် သောက်စေချင်တဲ့ စေတနာရှိသူပါ။ တရွာလုံးကလဲ ဘကြီးသာဒွန်းဇံ အမျိုးတွေလို
လိုချည်းပါပဲ။ ဘကြီးက သားသမီး ၁၄ ယောက်။ ဘကြီးရဲ့ ညီမအလတ် ဒေါ်ခင်သန်းရွှေက က
သားသမီး ၈ ယောက်။ အငယ်ဆုံး ဒေါ်လှသက်နှင်းက ရ ယောက်။ သားသမီးတွေ မြေးတွေနဲ့
ဆိုတော့ တရွာလုံးက အမျိုးလိုလိုချည်းပေါ့ဗျာ။

ဘကြီးသာဒွန်းဇံ ရွာထိပ်က ဆန်စက်ကို အိမ်ကနေ ထွက်လာပြီဆိုကတည်းက ဓါတ်တိုင် နှစ်
တိုင် အကွာလောက် ကတည်းက အသံစကြားရပါတယ်။ အသံကလဲ ကျယ် အသံသြဇာလဲရှိ
ဆိုသလိုပါ။ လူကောင်ကလည်းကြီး အစားအသောက်ကလဲ ၀က်သားအမဲသား တခါချက်ရင် သုံးပိဿာ လေးပိဿာဆိုတာ အနည်းဆုံး။ ချက်ရင်းနဲ့ မြည်းတာက ငါးဆယ်သားလောက်
ကုန်တာပါ သူကိုယ်တိုင်လဲ မြည်းသလို လမ်းသွားလမ်းလာ ဖြတ်သွားသူတွေကို “ဟေ့..ကို
ဘယ်သူ..မဘယ်ဝါ ဘယ်က ပြန်လာကြတာတုန်း ဘယ်သွားမလိုတုန်း ဟင်းကျက်ခါနီးပြီ ထမင်းစားပြီးမှ ဆက်သွားပါလား” ဆိုတာမျိုးပြောတတ်သူပါ ပြောရုံတင်မက ခု “ ကျနော်
ချက်ထားတဲ့ ဟင်းလေးတော့ နည်းနည်းမြည်းသွားဦး” ဆိုပြီး ဟင်းကို အတင်းကျွေးတတ်
ပါသေးတယ်။ ဒါကြောင့် သူဟင်းချက်ရင် ငါးဆယ်သားက အမြည်းအတွက် ထည့်ချက်ထား
တယ် တဲ့။

ကိုချစ်ဖေနဲ့လဲ သိခါစ သူ့အိမ်မှာ လယ်ထဲက ရတဲ့ လင်းမြွေကို စွပ်ပြုတ်လုပ် အသားကို ပြန်
သုတ်စားဖို့ စွပ်ပြုတ်ပြုတ်ထားချိန် ကိုချစ်ဖေကလဲ သူ့အိမ်ရှေ့က ဖြတ်အလျှောက် အတင်းကို ခေါ်ပြီး လင်းမြွေသားကို မြည်းခိုင်းတော့တာပါပဲ ကိုချစ်ဖေက သူ့စေတနာကို သိနေတော့ အား
လဲနာတယ် ခင်လဲခင်တယ် ဆိုပါတော့ မြွေသားကလဲ တခါမှ မစားဘူးတော့ ကြောက်လဲ
ကြောက်တာပေါ့ဗျာ လင်းမြွေသားက ကြက်သားနဲ့ မလဲနိုင်ဘူးလဲ ကြားထားတော့ စားလဲ စားကြည့်ချင်ပေါ့ဗျာ ဒါနဲ့ကြောက်ကြောက်နဲ့ စွပ်ပြုတ်ကော အသုတ်ကော ဗိုက်ကားအောင်
စားခဲ့တာပေါ့ဗျာ မစားခင်ကသာ ကြောက်နေတာဗျ စားမိတော့ သူတို့လယ်ထဲက ယူလာတုန်း
ကမြင်ခဲ့တဲ့ လင်းမြွေကြီးကိုတောင် မျက်စေ့ထဲ မမြင်တော့ဘူး။ နောက်မြွေတွေ့တိုင်း လင်းမြွေ
များလားဆိုတာမျိုးကို ဖြစ်ကရောဗျာ။

ဘကြီးသာဒွန်းဇံကတော့ ပြုံးနေတာပဲဗျာ မြို့ကနေစက်ကို အလုပ်လာလုပ်တဲ့ ကောင်လေးလေ
လင်းမြွေသားကျွေးနေတာ သူလဲ စားတယ်ဗျ ဆိုပြီး အိမ်လာတဲ့ ဧည့်သည်တွေကိုပြောပြနေပြီး
ကျေနပ်နေတာ။ ဘကြီးရဲ့အိမ်က ဒါကြောင့်လဲ လူမပြတ်တာ ဧည့်သည်က အမြဲတမ်း ၀င်ထွက်
စားသောက်နေတာပါ။ ဘကြီးတို့ ဇနီးမောင်နှံကလိုက်ဖက်ညီတယ် အရီးဒေါ်စိန်ချုံကလဲ အ
စားအသောက် အချက်အပြုတ် ဆို မညည်းညူစတမ်းပါပဲ။ ဘကြီးလိုပဲ ကျွေးချင်မွေးချင်သူပါ။

ဘကြီးသာဒွန်းဇံငယ်ငယ် လွတ်လပ်ရေးရပြီးကာစ ပြည်တွင်းစစ်ဖြစ်တော့ ဘကြီးသာဒွန်းဇံက လူပျိုပေါက် အသက် ၁၅၊ ၁၆ နှစ်လောက်ရှိပြီဆိုပဲ။ လယ်သိမ်းပြီးချိန်ဆို သူသေသေချာချာမွေး
ထားတဲ့ နွားထီးလေးစီးပြီး တရွာဝင်တရွာထွက် နွားနဲ့ လျှောက်လည်နေတာ မိုးကျမှပဲ လယ်ထဲ
ဝင်ခါနီးမှ အိမ်ပြန်ကပ်တော့တယ်ဆိုပဲဗျာ။ ပျော်စရာလဲ တော်တော်ကောင်းတယ်ဆိုပဲ။ လူတွေ
က ဆင်းရဲပေမဲ့ လယ်လုပ်ငန်းနဲ့ စားနိုင်သောက်နိုင်ကျသေးတယ်လေ အစားအစာကလဲ ထ
မင်း စားခါနီး ဟင်းရံမရှိလို့ ချောင်းထဲဆင်း ကမ်းဘေးမှာ စမ်းလိုက်တာနဲ့ စားဖို့ ပုဇွန်က လေး
ငါးဆယ်ကောင်ရလာတာ တခါတလေ ပုဇွန်ထုတ်တောင်ရသေး။ အဲ့ဒီအချိန်ကနေ ၁၉၈၄-၈၅ ၀န်းကျင်ထိ ပေါများနေသေးတာပါ။

ဘကြီးက ရွာရိုးကိုးပေါက် လယ်ပြီးချိန်လျှောက်သွားနေတာဆိုတော့ ရွာတော်တော်များများမှာ ကသူ့သူငယ်ချင်းတွေက ရှိသကိုး ဒီတော့ ပြည်တွင်းစစ်ကြီးရယ်ဖြစ်လာတော့ ကွန်မြူနစ်သူပုန်
ထဲမှာရော ကော်သူးလေထဲမှာကော ရဲဘော်ဖြူ အလံနီ ထဲမှာကော အစုံသူငယ်ချင်းတွေရှိတာ
ပါ။ အဲ့ဒီခေတ်တခေတ်လုံး ဘကြီးသာဒွန်းဇံက ဘယ်ထဲမှာမှ မပါဘူးလား ဆိုတော့ မပါပါဘူး
တဲ့ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဖက်ကကော သူပုန်ဖက်ကကော လူတွေတော်တော် များများ
ကလဲ သူ့ သူငယ်ချင်းတွေ မကင်းရာမကင်းကြောင်းတွေ ဖြစ်နေလို့တဲ့ သူကတော့ အဲ့ဒီတိုက်
ပွဲတွေကို မဖြစ်စေချင်ဘူးတဲ့။

တိုက်ပွဲတွေရှိနေတော့ သူသွားချင်ရာ စားချင်ရာ ရှာချင်ရာ ရှာလို့မရလို့တဲ့။ နောက် အားလုံး
ကိုယ့်အချင်းချင်းတွေဖြစ်နေလို့ပါတဲ့။ လူမျိုးခြားနဲ့ဆိုရင်တော့ တမျိုးပေါ့ကွာတဲ့ သူပြောပြတဲ့အ
တိုင်းဆို “တခါတုန်းက သူ့ရွာနဲ့ အနားက ရွာမှာ ကရင်ရိုးရာ နတ်စားပွဲရှိလို့ သူငယ်ချင်းတွေ လာခေါ်တာနဲ့ သူလဲ ဘာရယ်မဟုတ်ဘူး လိုက်သွားမိတယ်တဲ့ လာခေါ်တဲ့သူငယ်ချင်းတွေက
ကော်သူးလေက သူငယ်ချင်းတွေ သောက်ဖေါ်စားဖက်တွေ အဲ့ဒီတုန်းက ဘကြီးက အရက်
ကလဲသောက်သေးတယ်တယ်တဲ့ အဲ့ဒါ လမ်းမှာ ကွန်မြူနစ်တွေက စောင့်ပြီးပစ်တာတဲ့ ကံ
ကောင်းလို့ မသေတယ်တဲ့ ရေကလဲ ရေကျချိန် ချောင်းတဖက်ကမ်းက နေပစ်တာတဲ့ သူတို့လဲ လမ်းသွားရင်းနဲ့ တိုးလို့ပစ်တာ ဒီတုန်းက ကရင်နဲ့ ကွန်မြူနစ်နဲ့က မတည့်ဘူးတဲ့ အဲ့ဒါ ပစ်လဲ
ပစ်ကြရော။

အစိုးရတပ်မဟုတ်မှန်းလဲသိတာနဲ့ သူက ထအော်တာပဲတဲ့ “ဟေ့ကောင်တွေ..ငါသာဒွန်းဇံပါ ငါ
ပါလာတယ် မပစ်ကြနဲ့ မပစ်ကြပါနဲ့” အော်တာနဲ့ တိုက်ပွဲက ရပ်သွားတယ်တဲ့ ပြီးတော့မှ သူတို့
က “ယောက်ဖ..မင်းဘယ်သွားမလို့လဲ နတ်စားတဲ့ဆီလား” တဲ့ ဘကြီးက အစားအသောက်နဲ့
ပတ်သက်ရင် နေရောညပါ မရှောင်သွားတာ ဘကြီးအသံကြီးကို မှတ်မိနေတာ ဒီတုန်းက သူ
က ကွန်မြူနစ်တွေလား ရဲဘော်ဖြူလား အလံနီလား မသိပါဘူးတဲ့ ညကလဲမှောင်နေတော့ သူ့
သံကြီးကိုတော့ အကုန်လုံးက မှတ်မိကြပါတယ်။ အဲ့ဒီပစ်ခံရခံနီးမှာ သူက လယ်စပ်က ခြုံထဲမှာ
ခဏ အလေးဝင်သွားနေတော့ ဘကြီးအသံက တိတ်နေလို့ ဘကြီးပါလာမှန်းမသိလို့ ပစ်တာပါ
တဲ့။ သူက ပစ်သံကြားတော့မှ လှမ်းအော်ရတာ။

ဒါတင်ဘယ်ကမလဲ ဟိုဖက်နေ ယောက်ဖ မင်းတို့မှာ ဆေးလိပ်အပိုပါသေးလား ငါတို့ဆေးလိပ်
ကုန်သွားလို့ကွာဆိုလို့ ချောင်းထဲဆင်း တဖက်ကမ်းကို ကူးပြီးသွားပေးသေးတယ် စကားတွေ
တဖေါင်ဖေါင်ပြောနေသေးတယ်။ ပြီးတော့မှ ပြန်ကူးလာပြီး နတ်စားတဲ့ဆီကို ဆက်သွားကြတာ
ဆိုပဲဗျ။ အစိုးရတပ်တွေလာလဲ ငါ့အိမ်မှာပဲ ချက်ပြုတ်စား ဖဲရိုက်ကြ ဘော်လီဘောပုတ်ကြနဲ့ နေကြတာပဲတဲ့။ ငါလဲ ကြားထဲက ပြေလည်ရာပြေလည်ကြောင်းပြောတာပြတာပါပဲကွာတဲ့ ။ ချက်ပြုတ်ကျွေးမွေးတာပါပဲတဲ့။ ဘာဖြစ်လို့ ဘယ်လိုဖြစ်လို့ ချနေကြလဲတော့လဲ ငါလဲမသိပါဘူး
တဲ့ အားလုံးကတော့ ငါ့သူငယ်ချင်း ဆွေနီးမျိုးစပ်တော်ကြတဲ့သူတွေချည်းပဲ အစိုးရတပ်က လာ
တဲ့ ရဲဘော်တွေကလဲ ငါနဲ့ရွယ်တူ သက်တူတွေ တိုက်ပွဲတွေဖြစ်ကြတော့ ငါတို့ ရွာသားတွေပဲ နာတာပေါ့ကွာ။ ဘယ်လိုလုပ်မလဲ။ ငါလဲ စိတ်မကောင်းရုံပေါ့ကွာ အေးအေးဆေးဆေးဖြစ်စေ
ချင်ပါတယ် တဲ့။

ခုမြစ်ဝကျွန်းပေါ်မှာ ပိတ်ဆို့ရေး ဖြတ်လေးဖြတ်တွေလုပ်ပြီးကတည်းက သူပုန်ရယ်တော့ မရှိ
တော့ဘူးပေါ့ကွာ ဒါပေမဲ့လဲ ငါတို့အားလုံးက သူ့ရွာ ငါ့ရွာရယ်မဟုတ်ဘူး ကရင်ရယ်ဗမာရယ်က
ရွာခြင်းကပ် ချောင်းဖျားမှာ ကရင်ဆို ချောင်းဝမှာ ဗမာ ဒီလိုနေကြတာလေ။ သူပုန်ရယ်သာမရှိ
တာ အချိန်မရွေး ပြန်သူပုန်ဖြစ်နိုင်တဲ့ သူတွေချည်းပဲကွ။ ကရင်တွေမှာ ရိုးရာလိုဖြစ်နေတဲ့ စ
ကားတောင်ရှိသေးတယ် “ဒို့ကရင်က နားကပ်မ၀ယ်ဘူး သေနတ်ပဲဝယ်မယ်” သေနတ်တချို့လဲ လက်ကျန်ရှိကောင်းရှိမယ်ကွ ဒီတော့ တကယ်အေးသွားတာမဟုတ်ဘူး ငြိမ်သွားတာလေ အား
လုံး ညှိနှိုင်းပြီးလုပ်မှ တကယ်အေးမှာပေါ့ကွာ ခုလဲ စစ်ပွဲသာမရှိတာ လူတွေက စီးပွားရေးကြပ်
လာတော့ စစ်ပွဲတွေရှိတုန်းကထက်တောင် ဆိုးပါသေးတယ်ကွာ ငါလဲ နိုင်ငံရေးတွေဘာတွေ
နားမလည်ပါဘူးကွာ တဲ့။

ဘကြီးသာဒွန်းဇံရော အရီးဒေါ်စိန်ချုံကော ခုတော့ မရှိတော့ပါ။ အင်္ကျီတခါမှမ၀တ်တဲ့ နှာစေး
ချောင်းဆိုးတောင်မဖြစ်တဲ့ ဘကြီးသာဒွန်းဇံ တခါပဲ နေမကောင်းဖြစ်ပါတယ် တခါပဲဆေးရုံ
တက်ရပါတယ် တခါပဲ ကွယ်လွန်ဆိုတာမျိုးပါပဲ။ ခုတော့ ဘကြီးရဲ့ သားသမီးမြေးမြစ်တွေလဲ
လယ်လုပ်ငန်းနဲ့ မစားလောက်ကြတော့ ရေကြည်ရာ မြက်နုရာကို ပြောင်းရွေ့ကြနဲ့ရွာမှာလဲ
သိပ်မကျန်တော့ပါ။ ကိုယ့်ဇာတိရွာလေးမှာတော့ ဆွေမျိုးသားခြင်း ညီအကို မောင်နှမတွေနဲ့
တည့်တည့်မတည့်တည့် မတည့်လဲခဏ အတူနေချင်ကြမှာပေါ့ဗျာ ကိုယ်ချင်းလဲ စာနာပါတယ်
ကိုချစ်ဖေကိုယ်တိုင်လဲ ရွာပြန်ရတယ် အိပ်မက်ခဏခဏ မက်မက်နေတာကိုး နော။

Read more...

Tuesday, October 19, 2010

ငယ်ကျင့်

လွန်ခဲ့တဲ့ အနှစ်လေးဆယ် အနှစ်လေးဆယ်ဆိုတော့ နည်းနည်းနှောနှောနှစ်တွေရယ်မှ မဟုတ်
ပါပဲလားလို့ တွေးမိတယ် တကယ့်တကယ်တော့လဲ ဟိုလိုလို ဒီလိုလိုနဲ့ပဲ နှစ်တွေတနှစ်ပြီးတ
နှစ် ကုန်လာခဲ့တဲ့ နှစ်တွေရှိသလို တနှစ်နဲ့တနှစ်ကို ခက်ခက်ခဲခဲ ခဲရာခဲဆစ် ဖြတ်ကျော်လာခဲ့ရ
တဲ့ နှစ်တွေလဲရှိရဲ့ ဘာပဲဖြစ်ဖြစ်ပြန်တွေးကြည့်တော့ မှတ်မိနေသေးပါတယ် နှစ်အားဖြင့် တွက်
ကြည့်တော့လဲ နှစ်ပေါင်းများစွာရယ်။

ပထမဆုံး ညီမလေးကို မေမေမွေးတဲ့ ည။ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်နှစ်နှစ်ကျော် ညတုန်း
က လူကြီးတွေအလုပ်ရှုပ်တာ အရေးကြီးနေတာ ဘာညာမသိပေမဲ့ မိုးလင်းနိုးနိုးချင်း ကျနော်
ထက်အသက် ၁၀ နှစ်ကျော်ကျော် အသက်ကြီးတဲ့ အမကြီးတ၀မ်းကွဲ က ကျနော့်ကို ဆေးရုံကို
သွားဖို့ အင်္ကျီအ၀တ်အစားလဲပေးပြီး မေမေညက ကျနော်အတွက်တဲ့ ညီမလေးမွေးပေးတယ်
တဲ့ အဲ့ဒါ ဆေးရုံကိုသွားပြီး ညီမလေးကို ကြည့်ကြမယ်တဲ့ ကျနော်က ၃ နှစ်နဲ့ လေးလ အရွယ်
ညီမလေးကို ဆေးရုံ ပခက်လေးထဲမှာတွေ့တော့ နီနီရဲရဲလေး မျက်လုံးလေးမှိတ်လို့ လူကြီးတွေ
ကတော့ ကိုချစ်ဖေအဖေနဲ့ တပုံစံထဲတဲ့ သိပ်တူတာပဲတဲ့ ကျနော်ကတော့ ကလေးမို့ ဘယ်လိုမှ
အဖေနဲ့ တူတယ်လို့ မကြည့်တတ် ညီမလေးကိုတော့ ကိုင်ကြည့်ချင်နေတာပဲ။ နီနီရဲရဲလေး
နောက် မေမေဆေးရုံက ဆင်းလာပြီး အိမ်ရှေ့မှာ စောင်ပုခက်လေးနဲ့ သိပ်ထားတုန်း ကျနော်ညီ
မလေးပါးကို ချစ်လို့ ကိုက်ဆွဲလိုက်တာ ညီမလေး အော်ငိုတော့မှ မေမေ မီဖိုထဲက အတင်းပြေး
လာပြီး ကျနော့်ကို မေးရတယ်။ ကိုချစ်ဖေလဲ ငိုပေါ့ ညီမလေး ချစ်လို့ ကိုက်မိတာ သူအော်ငို
တော့ ပြန်ကြောက်သွားပြီး ငိုမိတာဖြစ်မယ်။ မေမေဆူမှာစိုးတာလဲ ပါမှာပေါ့။

အဲ့ဒီအဖြစ်အပျက်လေးကို သေသေချာချာ မှတ်မိနေသေးတယ် ညီမလေးကို မွေးပြီးတဲ့အချိန်
က ပြည်သူ့ဆိုင်ခေတ် အစစအရာရာ ၀ယ်ချင်တိုင်းလဲ မရ အနှီးကအစ နို့မှုန့် နို့ဆီအဆုံးအစစ
ရှားပါးတဲ့အချိန်တဲ့ ညီမလေးက ကိုချစ်ဖေထက် ပိုဒုက္ခရောက်တယ်တဲ့ ဆေးကလဲ ရှားတယ်
စစ်အစိုးရ တက်လာပြီး ၁၀ နှစ်ဝန်းကျင်လောက်ပေါ့ သူ့ကို မေမေက နို့ဖြတ်တော့ ၀ယ်လို့ရသ
မျှလေး ၀ယ်ထားပေးပေမဲ့ သူက ဘာမှမစား ငိုပဲနေတယ် ထမင်းကြမ်းလေးကို ရေနဲ့ဆမ်းပေး
ထားတာလေးပဲ စားရှာတယ်။ ညဖက်ညီမလေး ငိုနေတာ သနားလိုက်တာ။ ခုချိန်ထိ ကျနော်
မျက်စေ့ထဲမှာ မြင်နေမိတယ် ကျနော်လဲ ကလေးပေမဲ့ အိပ်မရဘူး။ နောက်တော့လဲ အိပ်ပျော်
သွားတာပေါ့။

နောက် ကျနော်တို့ ကျောင်းစတက်ရတော့ နေခင်းမုန့်စား ကျောင်းဆင်းလွှတ်ချိန် မေမေက မ
လာဘူး ကျောင်းအပ်သွားတုန်းကထဲက မျက်နှာက ခပ်တည်တည်ပဲ သူများကလေးတွေဆို အ
မေ့ထမိန်စဆွဲထားပြီး ကျောင်းမနေချင်ဘူး အော်ငိုသလို ကိုချစ်ဖေလဲ အော်ငိုချင်တာပါပဲ ကျောင်းမှာ ထားခဲ့မယ်ဆိုတာလဲ သိနေပေမဲ့ ခပ်တည်တည်ဖြစ်နေတဲ့ အမေ့မျက်နှာကြောင့် မ
အော်ငိုရဲဘူး ကျနော်ငိုရင် အမေက စိတ်ဆိုးလိမ့်မယ် အမေမကြိုက်ဘူး အဲ့ဒါကို သိနေလို့ ငိုချင်ပေမဲ့ မငိုရဲဘူး အမေကထားခဲ့တာပါပဲ မုန့်စားကျောင်းဆင်းကိုလဲ “အမေလူကြုံနဲ့ စားစရာ
ထည့်ပေးလိုက်မယ် အမေမလာအားဘူး”တဲ့ ကျနော်ကတော့ မုန့်စားကျောင်းဆင်းတွေ ဘာ
တွေသိလို့ရယ်တော့မဟုတ်ပါဘူး အမေမလာဘူးဆိုတာသိတော့ ၀မ်းတော်တော်နည်းနေမိ
တယ်။

နေ့လည်မုန့်စားကျောင်းဆင်းတော့ အိမ်နားက အသိသူငယ်ချင်းအမနဲ့ စားစရာ ထည့်ပေး
လိုက်ပါတယ် အမေကတော့မလာပါဘူး နောက်တော့လဲ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတယ်
မုန့်စားကျောင်းဆင်းချိန်ဆို အမေ့ကို မမျှော်မိတော့ဘူး နောက် အတန်းနည်းနည်းကြီးလာ
တော့ အိမ်နဲ့ကျောင်းနဲ့ သိပ်မဝေးတော့ အမေမှာသလို ကားလမ်းဘေးက ကပ်ပြီးအိမ်ကိုပြန်
လာရတယ်။ အိမ်မှာ ကိုယ့်ဘာသာ ထမင်းပြန်စားတယ်ပေါ့။ နောက်ကိုချစ်ဖေ အသက်ကြီး
လာတော့ အမေက ပြန်ပြောပြတယ် အဲ့ဒီတုန်းက အမေက ကိုချစ်ဖေကို သူများကလေးတွေ
လို အမေရှိမှ ဖြစ်မယ်ဆိုတာမျိုး ဖြစ်မှာစိုးလို့တဲ့ အမေမရှိလဲ ကိုယ့်ဘာသာကိုယ် အားကိုး
တတ်အောင် ထားခဲ့တာတဲ့ တကယ်တော့လဲ ဟုတ်ပါတယ် ၀မ်းနည်းစရာကောင်းသလိုလိုဖြစ်
ပေမဲ့ အမေသင်ပေးတဲ့ တကိုယ်တော် နေထိုင်ခြင်း ရုန်းကန်ခြင်း သင်ခန်းစာကိုပါ တဆက်ထဲ
စသင်ရတာပါ။

ငါ့အမေဟာ သူများအမေတွေလို မလာဘူး သို့သော်လဲ ငါ့ကို ထားခဲ့လို့ ဖြစ်တယ်လို့ အမေက
ပြောတာပဲ ငါနေလို့ ဖြစ်ပါတယ်ဆိုတာကို စပြီးလက်ခံသွားတာပါ။ နောက်စာ ပေါင်းဖတ်တတ်
လာတော့ အမေက “ညည ပုံပြောပြတာလေးတွေ ကနေပုံပြင်လေးတွေဟာ ကာတွန်းစာအုပ်
လေးထဲမှာ ပါတယ် သားစာလုံးပေါင်းဖတ် နားမလည်ရင် မေမေ့ကိုမေး” ဆို ကျနော်လဲ ပေါင်း
ဖတ်တာပဲ နားမလည်တာတွေ အကုန်လုံးကိုလဲ အမေ့ကို မေးတာပါ။

နောက်အတန်းကြီးလာတော့လဲ ကျနော်သိချင်တာတွေကို အားလုံးသူဖြေရင် မပြည့်စုံမှာစိုးလို့
တဲ့ သိချင်တာရှိရင် ကျောင်းက ဆရာတွေ ဆရာမတွေကိုမေးကြည့်တဲ့ အဲ့ဒီက စလို့ အလွန်
အမေးအမြန်းထူတဲ့ ကျနော်လဲ အတန်းထဲမှာ သိချင်တာရှိရင် ဆရာဆရာမတွေကို မေးရဲလာ
ပါတယ် ဆရာဆရာမတွေကလဲ စာဖတ်သူတွေများတော့ ဖတ်စရာ စာအုပ်တွေပါ ပြောပြပေး
ပါတယ်။ အဲ့ဒီလိုနဲ့ စာဖတ်တာကို ၀ါသနာပါလာခဲ့တာပါ ။ ခုပြန်တွေးကြည့်တော့နှစ်ပေါင်း သုံး
ဆယ်ကျော် လေးဆယ်တုန်းက အဖြစ်အပျက်တွေ ဒါပေမဲ့ ကောင်းတဲ့အကျင့်ကို ကောင်းမွန်
တဲ့ ဓလေ့ကို ချပေးခဲ့တဲ့ အမေ့ကို ကျေးဇူးတင်မိနေပါတယ်။

အမေဆိုလို့ အဖေက ငါကောမပါဘူးလားလို့ မေးမှာ အဖေရယ်လဲ အတူတူပါပဲပေါ့ တကယ်ဆို
စာဖတ်ဝါသနာမပါတဲ့ အဖေက ကျနော်ဖတ်ချင်သမျှ သူမအားတဲ့ကြားထဲက အကုန်ရအောင်
ရှာဝယ်ပေးတာပါ။ ကိုချစ်ဖေ ဖတ်တဲ့စာအုပ်တွေက အဖေမကြိုက်တဲ့ စာအုပ်တွေ အဖေက ဒီ
စာအုပ်တွေဖတ်ရင် ဒိဌိဖြစ်လိမ့်မယ် ကွန်မြူနစ်ဖြစ်လိမ့်မယ် မဖတ်နဲ့တဲ့ ကျနော်ကတော့ ဖတ်
တာပါပဲ အဖေက ပြင်းပြင်းထန်ထန်တော့မတားပါ ၀ယ်လဲပေးပါတယ်။ ကျနော်လဲ ဒိဌိမဖြစ်သ
လို ကွန်မြူနစ်လဲ မဖြစ်ခဲ့ပါဘူး အဲ့ဒီလိုဖြစ်ဖို့ဆိုတာ အသဲမာမှ ဖြစ်တာလေ။ ကျနော်က အသဲမ
မာပါ။ ထစ်ကနဲဆို လက်တွန့်တယ် မသေရဲ မသတ်ရဲ အနိုင်မယူရဲ သဘောကျခဲ့တာတော့ရှိပါ
တယ် ကိုယ့်ကိုကိုယ်လဲ မာမယ်ထင်ခဲ့တယ်။ ယုံကြည်ရာတခုအတွက် အကုန်လုပ်ရဲမှလေ စွန့်
လွှတ်ရဲမှ ဆိုတော့ မဖြစ်နိုင်ပါ လို့ ရိုးရိုးသားသား ပဲ တွေးမိခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီအချိန်တုန်းက
ရရာ စာအုပ်ကို ၀ါးစားသလို ဖတ်ချင်နေတာတော့အမှန်ပါ စာအုပ်တွေကို လိုင်းတလိုင်းထဲ မ
ဖတ်ဖြစ်ခဲ့တာ ကတော့ အမေပြောပြတာကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်။

အမေက ကျနော်ဖတ်ချင်တဲ့ စာအုပ် ဖတ်သင့်တဲ့စာအုပ်ဟူသမျှ အကုန်ပေးဖတ်ပါတယ်။ မ
ဖတ်သင့်တဲ့ အသည်းကွဲ အရက်သမား အချစ်ကိုးကွယ်ရေး စာအုပ်တွေကလွဲလို့ အမေက မ
တားပါဘူး ရှာလဲပေးပါတယ်။ တဖက်မှာ တားမြစ်ထားလို့ ခိုးကြောင်ခိုးဝှက်ဖတ်ရတဲ့ စာအုပ်
ကို ခိုးဖတ်တဲ့အခါ မသိချင်ယောင်ဆောင်နေခဲ့သလို တဖက်ကလဲ သိုက်သမိုင်းစုန်းမှော်က
ဝေ စာအုပ်တွေကအစ ဗဟုသုတ အဖြစ်ဖတ်ခိုင်းတာမျိုးဆိုတော့ စာဖတ်ရတော့မဲ့ ရက်တွေဆို
ပျော်နေခဲ့တာပါ။ သောကြာနေ့ည ကနေ တနင်္ဂနွေနေ့ နေလည်အထိ အပြင်စာအုပ်ဖတ်နိုင်ခွင့် ရခဲ့တာကို ခုပြန်တွေးကြည့်တော့ အလယ်တန်းကျောင်းသား ဘ၀မှာ တကယ့်ပျော်ရွှင်စရာ။

အနှစ်လေးဆယ်ကျော် အတွင်းမှာ ကြည်နူးချမ်းမြေ့စရာ ပြန်ပြန်တွေးကြည့်မိတိုင်း ကျေးဇူး
တင်မဆုံး ဖြစ်မိတာကတော့ စာဖတ်ခြင်းအကျိုးကို ပျော်ရွှင်စရာအဖြစ် တဖြေးဖြေး ပြောင်းပေး
ခဲ့တဲ့ အမေနဲ့ အဖေကိုပါပဲ။ အခြားသော ကျေးဇူးတွေကတော့ များလွန်းလို့ ပြောပြမယ်ဆိုရင်
တောင်တော်တော်များမှာပါ။ ခုအချိန်ထိ မိဘတွေ သက်ရှိထင်ရှားရှိနေသေးပြီး အဝေးမှာနေ
နေရပေမဲ့ ကိုယ့်ကို တယောက်ထဲ နေရဲအောင် သိလိုတာတွေ ကို စာအုပ်တွေထဲက နေသိလာ
အောင် လမ်းပြပေးခဲ့ပါလားလို့ ကြည်နူးမိနေတယ်။

Read more...

Sunday, October 10, 2010

မင်္ဂလာ ကိုကြီးကျောက်

မင်္ဂလာကိုကြီးကျောက်

မချစ်ကြည်အေးရဲ့ ကိုကြီးကျောက် ကျမ်းမာရေးအခြေအနေကို အားလုံးသိရအောင်သတင်း
ပေးတဲ့ ကိုကြီးကျောက်ရဲ့စာ ပူးတွဲပါတဲ့ ပိုစ့် ကိုဖတ်ရရခြင်း ကိုကြီးကျောက်ဆီကို ဖုန်းဆက်
သတင်းမေး အားပေးစကားပြောဖို့ လုပ်တော့ ကိုကြီးကျောက်တို့ဆီမှာ ည ၁၁နာရီကျော်နေခဲ့
ပြီ ဒါပေမဲ့လဲ ကိုကြီးကျောက်အိပ်ချင်မှ အိပ်ဦးမှာလို့ တွေးမိပြီးဖုန်းဆက် ဖြစ်သွားပါတယ်။

ကိုကြီးကျောက်ဆီက ဖုန်းပြန်ခေါ်လာပါတယ် မအိပ်သေးပါဘူးတဲ့ တရားထိုင်နေတာ ဒီတော့
လဲ အားနာလိုက်တာ ကိုကြီးကျောက်က အရင်အတိုင်း စာထဲက လိုပါပဲ ကိုချစ်ဖေကိုတောင်
ပြန်အားပေးနေသေးတယ် ဒါမျိုးက ဆရာဝန်ကြီးတွေ ထင်ထားတဲ့အတိုင်း ဖြစ်ချင်မှလဲ ဖြစ်တာ
ပါ ဖြစ်တော့လဲ ရင်ဆိုင်ရမှာပေါ့ ဆိုတာမျိုး ပြန်ပြောပြနေတာပါ။

နောက်တော့ ကိုကြီးကျောက်တင်ထားတဲ့ ပိုစ့်ကို ဖတ်ရတော့ အော် ကိုကြီးကျောက်တို့များ တ
ကယ်ပဲ စိတ်ဓါတ်ကြံခိုင်ပါပေတယ် သေခြင်းကို ရင်ဆိုင်ရတာတောင် ရယ်စရာလှောင်ပြောင် စ
နောက်နေနိုင်သေး တကယ်လို့များ သေမင်းက သာ လူပုဂ္ဂိုလ်တဦးအဖြစ်နဲ့ လာခေါ်တယ်ဆို
ရင်တောင် “ အော်..သေမင်းဆိုတာ ခင်ဗျားလား အေးဗျာ ခင်ဗျားကိုတော့ သက်ရှိသတ္တ၀ါ
တိုင်းက ကြောက်ကြရပါတယ် တကယ့်တကယ်တွေ့တော့လဲ ခင်ဗျားက ခန့်ခန့်ချောချောကြီးပဲ
ကြောက်စရာလဲ မကောင်းပါဘူးဗျာ လူတွေများ ကြောက်စရာမရှိ ကြောက်နေကြတယ် ကဲကဲ
သွားကြတာပေါ့ဗျာ ကား ပါလား ဘတ်စ် နဲ့ဆို ဒီအချိန်လူကြပ်တယ်ဗျ” ဘာညာလျှောက်ပြော နေဦးမယ်ထင်ပါရဲ့ဗျာ။

ကျနော် ကိုကြီးကျောက်ကို ဘယ်လိုစခင်မင်မိတယ်ဆိုတာတော့ မမှတ်မိတော့ပါဘူး ရယ်စရာ
မောစရာ ပွင့်ပွင့်လင်းလင်းပြောတတ်တယ် သူများတွေက ကိုယ့် ဘလော့မှာ ဓါတ်ပုံလေးတင်
ဖို့ အကြောင်းကြောင်းနဲ့ မတင်ရဲကြ မတင်ကြချိန် ကိုကြီးကျောက်ကတော့ ဓါတ်ပုံတွေနဲ့ စာ
တွေကလဲ စိတ်ဝင်စားစရာ ရယ်စရာ ကော်မန့်တွေကလဲ ခင်မင်စရာ စနောက် ပေးတတ်သူ ဆို
တော့ လူချင်း အပြင်မှာ မတွေ့ဘူးပေမဲ့ ခင်မင်ရပါတယ် နေမကောင်းဖြစ်ပြီးနောက်ပိုင်း ကို
အောင် (ပျူနိုင်ငံ) ရဲ့ကောင်းမှုကြောင့် ဖုန်းနံပါတ်ရပြီး တခါတခါလဲ ဖုန်းဆက်ပြီးစကားပြောဖြစ်
သွားပါတယ်။ ကိုကြီးကျောက်က ဖုန်းထဲမှာ နေကောင်းသူရဲ့ အသံမျိုး မဖြစ်သေးပေမဲ့ အ
ကြောင်းအရာအားလုံးကတော့ နေကောင်းသူတွေ ထက်တောင် လန်းဆန်းနေပါသေးတယ်။ ခု
လောက်ထိ ကျမ်းမာရေးအခြေအနေ ဆိုးနေမယ်လို့လဲ မထင်မိပါ။ နောက်ဆုံး မချစ်ကြည်အေး
ရဲ့ အသိပေးတဲ့ ပိုစ့် ဖတ်ရတော့မှပဲ သေချာသိရတာပါ။

ကြိုကီးကျောက်ကို တကယ်ပဲ ချစ်ခင်ကြသူတွေများပါတယ် ပျော်ရွှင်ခင်မင်တတ်တဲ့ အကိုတ
ယောက် ဦးလေးတယောက် လိုပါပဲ အားလုံးလဲ ကျနော်လိုပဲ ခံစားမိကြမှာပဲလို့ တွေးမိပါတယ်။
ဘယ်လောက်ပဲ အခြေအနေက ထိန့်လန့်တုန်လှုပ်စရာဖြစ်နေနေ မိသားစုပေါ်မှာ မိတ်ဆွေ သူ
ငယ်ချင်းတွေအပေါ်မှာ တာဝန်ကျေခဲ့သူအနေနဲ့ စိတ်ရှင်းရှင်းထားနိုင်ခဲ့လို့လား မသိ ကိုကြီး
ကျောက်ကတော့ အရင်လိုပါပဲ စိတ်ဓါတ်ကျ အားငယ်မှု့မျိုး မရှိပါ။

ကျနော်အကျဉ်းအကြပ်ထဲမှာ ဒုက္ခသုက္ခပေါင်းစုံ နဲ့နေရတုန်းက ကျနော့်မေမေက မင်္ဂလသုတ်
ထဲက မြတ်စွာဘုရားဟော တရားပုဒ်လေးတပုဒ်ကို အမြဲ နှလုံးသွင်းဖို့ ခံနိုင်ရည်ရှိဖို့ အားပေးရှာ
ပါတယ်။ အဲ့ဒီတရားပုဒ်လေးက “ ဖုဒဿ လောက ဓမ္မေဟိ စိတ္တံယသ နကံပတ္တိ အာသောကံ ၀ိရဇံ ခေမံ ဧတံ မင်္ဂလ မုတ္တမံ” ဆိုတဲ့အပိုဒ်လေးပါ ကျနော့်ဘာသာ မြန်မာလိုနားလည်ထာက
တော့ “လောကဓံတရားဆိုး တရားကောင်း အခြေအနေကောင်းဆိုးတွေနဲ့ ကြုံရတဲ့အခါမှာ စိုး
ရိမ်သောကမရှိခြင်း စိတ်တည်ငြိမ်အေးဆေးစွာနဲ့ ရင်ဆိုင်နိုင်ခြင်းဟာ မင်္ဂလာရှိပါပေတယ်” လို့ ကျနော်နားလည်မိပါတယ် တိတိကျကျတော့ အဓိပါယ်မှန်ချင်မှ မှန်မှာပါ။ ခုလဲ ကိုကြီးကျောက်
ကမင်္ဂလာရှိပါပေတယ်။ ကျနော်တို့ ကိုကြီးကျောက်နဲ့ ခင်မင်ခွင့်ရတာ ၀မ်းသာစရာပါ။ ဂုဏ်ယူ
စရာပါ။ ကိုကြီးကျောက်မှာ လူပုဂ္ဂိုလ်တယောက် ပုထုစဉ်တယောက်အနေနဲ့ အမှားရှိတာမျိုး ရှိ
ရင်လဲ ရှိခဲ့မှာပါ သို့သော်လဲ ကျနော်နဲ့ ဆုံခဲ့ရစဉ်မှာတော့ ကိုကြီးကျောက်ဟာ ခင်မင်ဖွယ် ချစ်
ခင်ဖွယ် အားကျ အတုယူဖွယ်တွေနဲ့ မင်္ဂလာရှိတဲ့ ကိုကြီးကျောက်ပါပဲဗျာ။

ကျနော့်လိုပဲ ကိုကြီးကျောက်ကို ခင်မင်လေးစားသူတွေ အားလုံးကို တိုင်ပင်ချင်တာကတော့ ကျနော်တို့ ရေးတတ်သလို ရေးတတ်သလောက်ရေးခဲ့တဲ့ စာကိုတော့ ကိုကြီးကျောက်က ဖတ်
ရဖူးပါပြီ။ ကျနော်တို့ရဲ့ လှို့ဝှက်ထားတဲ့ (ချောလို့ပဲဖြစ်ဖြစ်) ရုပ်မျက်နှာ အသွင်အပြင်ကိုလဲ ကို
ကြီးကျောက်က တွေ့ဖူးချင်မှာပါ ကျနော်တို့ ကိုယ်တိုင်မလာနိုင်ပေမဲ့ ကျနော်တို့ရဲ့ ကိုကြီး
ကျောက်ကို ချစ်ခင်မှု့ကို ပြသတဲ့အနေနဲ့ ပိုစ်ကဒ်လေးတွေ လက်ရေးနဲ့ စာရေးပြီး ဓါတ်ပုံလေး
တွေ ပေးပို့ပြီး အားပေးပြီး နှုတ်ဆက်ရင် ကိုကြီးကျောက် အတော်ပဲ ၀မ်းသာနေမှာပါ ကျနော်
တို့တွေရဲ့ ခင်မင်မှု့ကို ကိုကြီးကျောက်ကလဲ အသိအမှတ်ပြုပေးဖို့ ခု ဒီနေရာကနေ တောင်းပန်
ပါတယ်။ ကျနော်တို့ အမြဲ ဖုန်းမဆက်နိုင်တောင် ကျနော်တို့ ပိုစ့်ကဒ်လေးတွေ က ကိုကြီး
ကျောက်ကို ခင်မင်လေးစား အားကြကြောင်း သက်သေလေး တခုတော့ ဖြစ်နေမှာပါ ။ ကိုကြီး
ကျောက် လိပ်စာကိုလဲ ကူးယူဖေါ်ပြလိုက်ပါတယ်ဗျာ။

Nai Pe
11 Grandin Circle
Rockville MD 20851
USA

ph;(210)7870932

maungnaipe@gmail.com

Read more...

Thursday, October 7, 2010

သဘောပေါက်ပါတယ်

သဘောပေါက်ပါတယ်။

ရွေးကောက်ပွဲ ရွေးကောက်ပွဲနဲ့ လူပြောသူပြောများနေတော့ ကိုချစ်ဖေလဲ မနေသာဘူးဗျာ ၀င်
ဝင်ပြောချင်တာပေါ့ တကယ်တော့ ကိုချစ်ဖေလဲ အသက်သာ ငါးဆယ်နားနီးလာတာ သုံးနှစ်ပဲ
လိုတော့တယ် ဘယ်ရွေးကောက်ပွဲရယ်မှ မဲထည့်ဖူးခဲ့သူလဲ မဟုတ်ပါဘူး ဘယ်ဖွဲ့ စည်းပုံ အ
ခြေခံ ဥပဒေကိုမှလဲ ထောက်ခံခြင်း ကန့်ကွက်ခြင်း လုပ်ခွင့်လဲ မရခဲ့ပါဘူး။ သို့သော်လဲ အများ
သူငှါလို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း သူမနာ ကိုယ်မနာ အညိုးအတေးမထား ပြော
ခွင့်ဆိုခွင့် တင်ပြခွင့် ညှိနှိုင်းဆောင်ရွက်ခွင့် ရှိတဲ့ ဘ၀မှာ လုံလုံခြုံခြုံ ငြိမ်းငြိမ်းချမ်းချမ်း( ပူညံပူ
ညံမလုပ်ပဲ) နေချင်သပေါ့ဗျာ။

ဒါပေမဲ့လဲ နေခွင့်ကတော့ မရရှာပါဘူး ဒါကတော့ ကိုချစ်ဖေတို့ ကြမှ မရရှာတာမဟုတ်ပါဘူး
ပြောရမယ်ဆိုရင် ကိုချစ်ဖေတို့ ဘိုးဘွား အစဉ်အဆက်မှာ ဘယ်တုန်းကရခဲ့သလဲ ပြောရမယ်
ဆို ခက်ပါ့ ဟိုတုန်းကလဲ ရေမြေ့အရှင် ဘ၀ရှင်မင်းတြားကြီးတွေက သေဆိုသေ ရှင်ဆိုရှင်
နေခဲ့ရ နောက်တော့လဲ ဗြိတိသျှလူကြီးမင်းများ အုပ်ချုပ်တာခံရ နောက်တော့လဲ သူတလူငါတ
မင်းနဲ့ ပြည်တွင်းစစ်ကြီးထဲ မွေးဖွားလာရ နောက်တော့ သိကြတဲ့အတိုင်းပဲ စစ်အာဏာရှင်တွေ
ထားရာနေ စေရာသွား ဘ၀ကိုရောက်လာကြရတာပါပဲ။

တခါတလေတော့လဲ ကိုယ့် အရှေ့က လွတ်လပ်ရေး ဘာရေးညာရေး ရအောင်ယူသွားတဲ့ ဘိုး
ဘွားတွေကိုပဲ ထထ စိတ်ဆိုးချင်ပါတယ် လွတ်လပ်ရေးတွေဘာတွေ ရအောင်ယူမသွားကြရင်
ပြည်တွင်းစစ်ကြီးလဲ ဖြစ်စရာမလို စစ်အာဏာရှင်ကြီးများလဲ ဗိုလ်လုပ်ချင်တိုင်းလုပ်ခွင့် မရနိုင်
တော့မှာလို့ ဘာဖြစ်လို့လဲ ဆိုတော့ တိုင်းတပါးကျွန် ဘာကျွန်ညာကျွန်အဖြစ်ကမှ လွတ်လပ်
နိုင်ပါသေးတယ် ဒို့ဗမာအစည်းအရုံးထောင်ခွင့် ဘာညာရှိပါသေးတယ်။ ဟော နိုင်ငံရေးလုပ်လို့
နေမ၀င်အင်ပါယာကြီးကို ပုပ်ခတ်စော်ကားလို့ ဘာလို့ဆိုရင်လဲ ထောင်ခြောက်လပဲကျသကိုး
ခု ကိုချစ်ဖေတို့ ၈၈မျိုးဆက်ကျောင်းသားတွေ ခေတ်နဲ့တော့ကွာပါ့ဗျာ။ နေမ၀င်အင်ပါယာ အုပ်
ချုပ်ရေးစနစ်ကြီးကို အတုယူပြီး လ နဲ့ နှစ် နားကြားမှားပြီး ၆၅ နှစ်ချလိုက်သလားမသိပါဘူး
ဗျာ။ နေရရ မနေရရ နှစ်စေ့မှ လွတ်မယ်ဆို ထောင်ထဲမှာပဲ သေရရုံပါပဲ ဆိုသလို။ အပြစ်ကလဲ
ကြီးပေသကိုး။

ခုရောဘာထူးသေးတုန်း တိုင်းတပါးမှာ ထွက်အလုပ်လုပ်ရတော့လဲ တိုင်းတပါးကျွန်ဖြစ်တာပါပဲ
မဟုတ်လားဗျာ။

ကိုချစ်ဖေအဲ့လိုပြောရင် ပြည်ပအားကို ပုဆိန်ရိုး ဘာရိုး ညာရိုး ပြောခံရဦးမယ် ဒါနဲ့ပြောချင်တာ
တောင်ဘယ်ရောက် သွားပါလိမ့် ရွေးကောက်ပွဲ ရွေးကောက်ပွဲ ကို ဘယ်တုန်းကမှ စစ်အစိုးရ
အဆက်ဆက်က ယုံကြည်လို့ ပါလဲ ဥပဒေဘောင်ထဲက ၀င်ပူးပြီး ရတဲ့နေရာလေးက ပြောမယ်
မလိမ်မိုးမလိမ်မာ စစ်သားတွေကို စည်းရုံးပြီး ဆရာကြီးတက်လုပ်မယ်ဆိုတဲ့သူတွေကော နောက်ဆုံးမှာ ဘယ်လို အဆုံးသတ်သွားတယ်ဆိုတာလဲ အားလုံးသိကြပါတယ်။

ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ရေးဆွဲထားပါတယ်ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွေကို ခေတ်
အဆက်ဆက် သူတို့ လိုသလို မဖြစ်လာရင် ပယ်ဖျက်တာလဲ စစ်တပ်ပါပဲမဟုတ်လား ၁၉၄၇ ဖွဲ့
စည်းပုံ အခြေခံဥပဒေကို ၁၉၆၄ အာဏာသိမ်းခြင်းနဲ့ ပယ်ဖျက်လိုက်သလို စစ်အစိုးရကိုယ်တိုင်
စိတ်ကြိုက် ရေးဆွဲထားတဲ့ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလဲ ၁၉၈၈ အာဏာသိမ်းခြင်းနဲ့ ပယ်ဖျက်ခဲ့တာပါပဲ ခုလဲ ၂၀၀၈ ဖွဲ့စည်းပုံကိုတော့ ဖျက်စရာမလိုအောင် အစထဲက နည်းနည်း
ပါးပါး ပြောင်းထားတာမျိုးနဲ့ လုပ်ခဲ့တာဆိုတော့ ခုလာမဲ့ ရွေးကောက်ပွဲ ကလဲ ရွေးကောက်ပွဲ ယုံပါပဲ ဆိုတာ ကိုချစ်ဖေတို့ ပြည်သူတရပ်လုံးက သိပါတယ်ဗျာ။

ဘုမသိဘမသိ နဲ့ တောသူတောင်သားတွေလဲ သိပါတယ် ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လိုလူ
တွေပဲ ချယ်လှယ်တယ် ဘယ်လိုလူတွေပဲ အနိုင်ကျင့်ကြတယ် ဘယ်လိုလူတွေပဲ လူတွင်ကျယ်
လုပ်ကြတယ်ဆိုတာကို သိပါတယ် ဘာပဲဖြစ်ဖြစ် ဒုတ်ကြီးကြီးနဲ့ အရိုက်ခံရတာထက် စာရင် ဒုတ်သေးသေး နဲ့ဆို အရိုက်ခံရတာလဲ တော်သေးသကိုး ဆိုသလိုပဲ သဘောထားကြတာပါ။

ရွေးကောက်ပွဲ မှာ မဲထည့်စရာ မဲထည့်ချင်စရာ လူကြီးလူကောင်းရယ်လို့မှ မရှိသလောက်ဖြစ်
နေရတဲ့ အခြေအနေမှာ မဲထည့်ရင်လဲ ဘယ်လိုလူမျိုးတွေကိုပဲ မဖြစ်မနေထည့်ရမယ်ဆိုတာ သိပါတယ်။ ဗိုလ်ကြီးတို့ သေနတ်ပြောင်းအောက်မှာ ညစ်ပတ်မှု့ မျိုးစုံအောက်မှာ နေလာခဲ့ကြ
တာ အသားကျနေကြပြီကိုး။

ဒီတော့ကာ မဲမထည့်ပဲနေလို့ရတယ်ဆိုလဲ မထည့်ကြပါဘူး ခြေညောင်းခံပြီးသွားမထည့်ကြပါ
ဘူး အဲ မဖြစ်မနေ မထည့်မနေရ မဲထည့်ရမယ်ဆိုလဲ ရှိတဲ့ မဲပုံးထဲ ထည့်ခဲ့ရမှာပါပဲ တခုပါပဲ
ပြောချင်တာက ဘာတွေညာတွေ လုပ်မနေကြပါနဲ့ဗျာ မီဒီယာခေတ်ကြီးမှာ အားလုံးမြန်မြန် မှန်
မှန်ကန်ကန်သိနိုင်တဲ့ ခေတ်ကြီးမှာ “မြန်မာရုပ်မြင်သံကြားကနေ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကနေ
တိုင်းပြည်ကို မိန့်ခွန်းပြောကြားမှာ ဖြစ်လို့ နီးစပ်ရာ ရုပ်မြင်သံကြားရှိသောအိမ်သို့ မရှိသော
သူများက ည ကိုးနာရီတွင် စုဝေးရမယ် မစုမနေရ မစုရင် နားမထောင်ရင် ပြင်းထန်စွာ အရေး
ယူမည်” လို့ ရယက ကနေ အမိန့်ပေးစုခိုင်း ပြီးရင် မြန်မာရုပ်မြင်သံကြားကနေ ဗိုလ်ချုပ်မှုးကြီးက ထွက်လာ ပရိတ်သတ်ကြီးဖက် မိုက်ကြည့်ကြည့်ပြီး ခါးကြားထဲက သေနတ်ကို ထုတ် “ဘောင်း ဘောင်း ဘောင်း” ဆိုပြီး မိုးပေါ်ထောင်ပစ်လိုက် ပြီးရင် “ကျုပ်နဲ့
ကျုပ်မိသားစု ကျုပ်တပည့်လက်သားတွေပဲ အမြဲအုပ်ချုပ်မယ် မကျေနပ်ရင် ကျုပ်လို စစ်တပ်ထောင်ထား ကျုပ်တို့ လုပ်ချင်ရာလုပ်သွားမယ်” လို့ ပြောလိုက်လဲပြီးတာပါပဲဗျာ။

ရွေးကောက်ပွဲတွေ ဘာတွေလဲ အပိုလုပ် မနေပါနဲ့တော့ ပိုက်ဆံလဲကုန်ပါတယ် ကိုချစ်ဖေတို့လဲ သဘောပေါက်ပါတယ်။

သဘောပေါက်လို့လဲ ပြေးတာ တန်းနေတာပါပဲ သူလိုကိုယ်လို ပြေးလာကြသူတွေထဲ ပြည်
တွင်းမှာ ဟိုလိုလုပ်လိုက် ဒီလိုလုပ်လိုက်တော့လို့လဲ အဝေးထိန်းစနစ်နဲ့ နိုင်ငံရေးလုပ်တယ်ဆို
တဲ့သူတွေကို လဲ သဘောပေါက်ပါတယ်ဗျာ။ ကိုချစ်ဖေလဲ သဘောမပေါက်လို့ ကျောပေါက်ခဲ့ရ
တာတွေလဲ များပြီကိုး ဒီတော့ သဘောပေါက်ပါတယ်ဗျာ။ သဘောပေါက်ပါတယ်။

Read more...

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP