Monday, November 30, 2009

ကျွန်တော်ကွင်းပြင်ကျယ်ကြီးတွေဆီထွက်လာခဲ့သည်။ ကျနော်ကွင်းပြင်ကျယ်ကြီးတွေဆီ ကို
ထွက်လာခြင်း က ထူးထူးဆန်းဆန်းရယ်တော့လဲ မဟုတ်ပါဘူး.ကွင်းပြင်ကျယ်ကြီးတွေဆီကို
ကျနော်က လာနေကြမို့ လာခဲ့ခြင်းပါ.

ထိုကွင်းပြင်ကျယ်ကြီးတွေဆီလာတဲ့အခါတိုင်း လမ်းဘေးက တောပန်းလေးတွေ အလေ့ ကျ
ပေါက်နေတဲ့ မြက်တွေနဲ့ ကွင်းပြင်ကြီးပေါ်ကကျော်ဖြတ်လာတဲ့ လေပြေ အားလုံးကို ကျနော်
နှုတ်ဆက်နိုင်ပါတယ်.ကျနော်ကနှုတ်မဆက်သော်လည်း သူတို့အားလုံးက ညိုညင်မှုတော့မရှိ
ပါ.

ထိုကွင်းပြင်ကြီးဆီကို ကျနော်ထွက်လာတယ်ဆိုတိုင်း ကျနော်တယောက်ထဲ အထီးကျန် ဆန်
လှတယ်လို့တော့လဲ မတွေးစေချင်ပါ ကွင်းပြင်ကြီးရဲ့တဘက် တောတန်းလေးအနီးမှ စမ်းချောင်း
လေးရစ်ခွေစီးဆင်းသွားသော တောင်ကုန်းလေးပေါ်က တောရကျောင်း သင်္ဃန်းလေးဆီကို
သွားကြတဲ့လူတချို့ ကွင်းပြင်ကြီးအလည်က လယ်တောအစု အိမ်လေးများနဲ့နေသာတဲ့နေ့
ရက်များမှာ စွန်လွှတ်နေကြသူ တချို့လည်းရှိနေခဲ့ပါတယ်.


ဆည်းဆာပျိုရဲ့ လှပခြင်းတွေကို ခိုးယူနမ်းရှိုက်ဖို့ စောင့်နေသောတချို့သော သူများလည်း ရှိနေ
နိုင်ပါသည်။ ကွင်းပြင်ကြီးပေါ်က ဖြတ်ပျံလာတဲ့ အိပ်တန်းပြန် ငှက်ကလေးများနှင့် ကွင်းပြင်ကြီး
ကိုဖြတ်စီးသွားတဲ့ ရေကြည်တဲ့ စမ်းချောင်းလေးမှာ ငါးမြားထွက်သူတွေလဲ ရှိနေနိုင်ပါသေး
သည်။ ဘာပဲဖြစ်ဖြစ် ကျနော်ခုလို ပြောပြနေခြင်းမှာ ကျနော်ကို အထီးကျန်ဆန်သည်လို့ မထင်
မှတ်စေချင်လို့ ပြောပြနေခြင်းလဲ ဖြစ်နိုင်ပါသည်။

အကယ်၍ ကျနော့်ကို အထီးကျန်ဆန်လှသည်ဟုထင်မှတ်သူများ လဲ ရှိနေနိုင်ပါသေးသည် ထို
သို့ ထင်မှတ်နေနိုင်ခွင့်လဲ ရှိပါသည်။ သူ့ထင်မြင်ယူဆမှုများကို ကျနော်က တန်းဘိုးထားစွာ ကွဲ
လွဲခွင့်ရှိပေးခဲ့သလို သူကလဲ သူ့၏ အထီးကျန် မဆန်ခြင်းကိုလဲ အတုယူ အားကြဖွယ် ပြောပြ
သွားနိုင်ပါသေးသည်။ ဘာပဲဖြစ်ဖြစ် နေရောင်ခြည်တောက်သောနေ့ မိုးဖွဲဖွဲလေးရွာနေသောနေ့
များ၌ လဲ ကွင်းပြင်ကြီးပေါ်မှာ ရောင်စုံသက်တန့်ကြီးတခု ပေါက်နေနိုင်ပါသေးသည်။

ကျနော် ထိုသို့ကွင်းပြင်ကျယ်ကြီးဆီကို အားလပ်သည့်အခါတိုင်း ထွက်ခွာလာတတ်သည် မှာ
ဆယ်စုနှစ်တစ်ခုသော အချိန်ကာလ သို့ ရောက်လာခဲ့ပါသည်။ ကျနော်ကဲ့သို့ မဟုတ်သည့်
တိုင် တနင်္ဂနွေတိုင်း ငါးလာမြှားတတ်သော မြက်ဦးထုတ်ဆောင်းထားတတ်သည့် အဖိုးကို ခု
နွေဦးရာသီ၌ မတွေ့တော့ပါ။ ကွင်းပြင်ကြီးအလယ် လယ်တောစုလေးမှ ကျောင်းလာတက် ကြ
သော ကျောင်းသားလေးများ သည်လည်း ကွင်းပြင်ကြီးထဲမှာ တချို့လုပ်ငန်းခွင် ၀င်နေကြပါပြီ
လယ်တောစုလေးသည်လဲ ယခင်ကကဲ့သို့ တဲစုသေးသာမက အိမ်ခြေအတော်များများ တိုးလာ
ပါပြီ။

ထူးခြားသော ပြောင်းလဲမှုများဖြင့် ပြောင်းလဲသွားခဲ့သည် တော့လဲ မဟုတ်ပါ ကျနော် ရပ်ကြည့်
ငေးမောရာ ပိတောက်ပင်ကြီးသည်လဲ ထူးထူးခြားခြားပြောင်းလဲမသွားသေးပါ ကျနော်မြင်တွေ့
နေကြလူတချို့ ပျောက်ကွယ်သွားကြပြီး ကျနော်မမြင်ဘူးသေးသော လူတချို့ရောက် လာကြပါ
သည်။

ကျနော့်ကို အထီးကျန်ဆန်လှသည် ပြောခဲ့သောသူများသည်ပင် ထိုမြို့လေး၌ ကြီးပွားတိုးတက်
ရာလမ်း မရှိဟု အထီးကျန်စွာခံစားပြီး ပြောင်းရွေ့သွားကြပါပြီ ကျနော်ကတော့ ကျနော့်စိတ်တွေ
နောက်ကျိလာတဲ့အခါ လေးလံတွဲလျ လာတဲ့အခါ အမျိုးအမည်ဖေါ်ပြလို့မရတဲ့ လွမ်းဆွတ်မှု ခ
ံစားလာရတဲ့အခါ ကွင်းပြင်ကြီးဖက်ကို ပိုရောက်ဖြစ်ပါတယ် ကွင်းပြင်ကြီး ပေါ်အေးဆေးလွတ်လပ်
စွာဖြတ်ပျံလာတဲ့ ငှက်ကလေးတွေရဲ့ လွတ်လပ်မှုကို အားကျပါတယ် တိမ်တွေ အဆုပ်လိုက် ရွေ့
လျားသွားခဲ့တာတွေကို သဘောကျပါတယ် ဘာပဲဖြစ်ဖြစ် ကျနော် ကတော့ ထိုမြို့ကလေး ကနေ
မရွေ့သွားချင်ပါ။

စာကူးသူစကား။ ။ ထို ကွင်းပြင်ကျယ်ကြီးဆီကို လာနေကျ ဦးလေး ထူးဆန်းစွာပျောက်
ဆုံးသွား ခဲ့သည်မှာ နှစ်ဆယ့် တစ်နှစ်ရှိခဲ့ပါပြီ် ကျနော်က ထိုလယ်တောစုလေးမှာ မွေးဖွား၍
ကျနော်တို့ ကျောင်းပြန်ချိန် ကောက်စိုက်ချိန် ကောက်လှိုင်းသိမ်းချိန် များတွင် ထိုဦးလေးကို တ
ချို့ရက်များမှာ တွေ့နေကျဖြစ်ပါသည်။ စကားပြောလေ့ပြောထ မရှိသော်လဲ ကျနော်တို့ အပေါ်
အပြုံးဖြင့်နွေးထွေးစွာ နှုတ်ဆက်တတ်သော ထိုဦးလေးကို ကျနော်တို့က ခင်မင်ပါသည်။

ကျနော်တို့ နေထိုင်ရာ လယ်တောစုသို့ အလည်ဖိတ်ခေါ်သောအခါ ကျေးဇူးတင်၍ ၀မ်းသာ
ကြောင်းပြောသော်လဲ ငြင်းပယ်လေ့လဲ ရှိပါသည်။ ထိုဦးလေးသည် တပတ်လျှင် နှစ်ကြိမ်ခန့်
ကျနော်တို့မိသားစု အိမ်စုလေးရှိရာ ကွင်းပြင်ကြီး တွေဖက်ကို ရောက်လာနေကျ မိုးဖွဲဖွဲရွာလျှင်
ပိတောက်ပင်ကြီးအောက် တခါတရံ ကတ္တရာလမ်းဘေး ရပ်တံ့ရင်း ဘယ်သူ့ကိုမှလည်း စကား
ပြောလေ့မရှိသော ထိုကွင်းငေးသူ ဦးလေး သူထိုင်နေကျနေရာ ပိတောက်ပင်ကြီးအောက်မှ
ရရှိသော သူရေးထားပုံရသော ဗလာစာအုပ်ထဲမှ ခွင့်မတောင်းပဲ( ခွင့်တောင်းခွင့်မရရှိပဲ) ကူးယူ
ဖေါ်ပြပါသည်။ ထိုစာရေးသူဦးလေးက ဘာအမည်မှမပေးလို့ ကျနော်လဲ ကူးရေးစရာမရှိတော့ပါ
ထိုဦးလေးနာမည်ကိုလည်း မသိပါ ။

ထိုဦးလေးကြီးက သေဆုံးသွားတာလဲ ဖြစ်နိုင်ပါတယ် ဒါမှမဟုတ် သူယုံကြည်ခြင်းတခု ပေါ်မှာ
နှစ်မြှုတ်သွားတာလဲဖြစ်မယ်ထင်တယ်ဗျ.ဒါမှမဟုတ် သူကိုယ်တိုင်လည်း ကွင်းပြင်ကြီးဖြစ်သွား
တာလား.ဒါမှမဟုတ် ကွင်းပြင်ကြီးက ယူငင်သောက်သုံးနေကျ စမ်းချောင်းလေးပဲဖြစ်သွား
လား ကိုချစ်ဖေလည်း မသိတော့ပါ။






Read more...

Friday, November 27, 2009

ကျနော်လွမ်းရတဲ့မြို့

ကျနော် လွမ်းရတဲ့မြို့

“ဟဲ့..ချစ်ဖေ သေနာကျ နင်ဒီနားမှာ ဘာလုပ်နေတာလဲ”

“ငါ ဘုရားလာတာလေဟာ. နင်ဘယ်တုန်းက ရန်ကုန်ရောက်လဲ.”

“ဟား..ဟားဟားဟား…”

“ဘာလဲဟ..ချီးပေ.ရဲ့ ”

“နင်နဲ့ ဘုရားနဲ့ ဘာဆိုင်လို့လဲ.ဟ”

“ဟ..ခုဆိုင်တယ်လေဟာ..နင်က ရီစရာလား..”

“ဟားဟား.နင် တော်တော်ပြောင်းလဲသွားသလို ထိပ်လဲပြောင်သွားပြီဟဲ့..”

“အောင်မယ်..နင်ကျတော့ နင့်အိမ်မှာ မှန်မရှိဘူးလား”

“ရှိတာပေါ့..ဟ ဘာဖြစ်လို့လဲ..”

“နင့်ဗိုက်ကြီး ဒီလောက်ပူနေတာဟာ..နင်လမ်းလျှောက်လာတာ ငါက အဝေးကနင်လို့မထင်လို့
ငါဒီဖက်ကို လျှောက်လာတာ ဘယ်က မိန်းမ၀၀ ကြီးလဲလို့ဟာ.”

“ဟဲ့..ငါက မျက်နှာလေးကတော့ အရင်လို လှတုန်းလေ..”

“နင့် မျက်နှာလေး.လှတာ ဘာသုံးလို့ ရမှာလဲ.ဟာ..”

“လုပ်ပြီ.သေနာ.ငယ်ငယ်တုန်းကလိုပဲ..ပေါက်ကရပြောချင်တုံး…”

“ဟဲ.နင့်ဆံပင်တွေက နက်လွန်းလှချည့်လား..“

“ဟားဟား..နင်သိသားပဲ ဒါမျိုးကြတော့.”

“သိတာပေါ့ဟ..ငါလည်း နင့်လိုပဲ လက်ကျန်ဆံပင်လေးကို နက်ထားရတာ”

“ချစ်ဖေ မသာကောင် နင့်က ငါ့ကိုသာပြောတာ နင့်ကျတော့ အရင် ၂ ဆလောက်ရှိတယ်..”

“အော..ငါအရင်က ၁၀၈ ပေါင် ခု ၁၆၀ ဟာ..လူသာဝလာတာပါ.သွေးတိုးကပါလာတယ်ဟ.”

“နင်အဆင်ပြေ တယ်လား..”

“ဟေ့အေး..သူလိုငါလိုပေါ့ဟာ.ငါက လူပဲဝတာဟ..ပါးတို့ ဘာတို့ မ၀ဘူး မတွေ့ဘူးလား..
အဲ့ဒီတော့ဟာ.ဘယ်လို အဆင်ပြေမလဲ.ထမင်းကြမ်းလေးပဲ ယပ်ခတ်စားမယ်ဟာ..အပူ
စာတွေ ငါညစ်မစားချင်ပါဘူး..ထုံးစံအတိုင်းစားတော့ စားရတာပေါ့.ဟာ.”

“အေး…နင်ကတော့ ကြီးပွားဦးမယ်”

“မကြီးပွားတော့ ဘာဖြစ်လဲဟာ..”

“နင့် မိသားစု နောင်ရေးရှိသေးတယ်လေ.ဟာ..”

“နင်ကတော့ လုပ်ပီ..ငါမိသားစု နောင်ရေးက နောင်ပဲ ဟာ..ငါတယောက်ထဲမှ မဟုတ်တာ..
အားလုံးပဲ အစိုးရမင်းများပေးမဲ့ ပင်စင်ရှိတာပဲ..”

“ဟားဟား…ဟား.နင် ငယ်ငယ်ကလိုပဲ..အတည်ပေါက်နဲ့ နောက်တတ်တုန်း..”

“ဟဲ့ချီးပေ.နင့်အမေတွေ အဖေတွေ နေကောင်းကြလား.”

“ဟဲ့ အမေဆုံးတာ ၅ နှစ်လောက်ရှိပြီ နင်မသိဘူးလား.”

“ဟေ့အေး..နင့်အဖေကော”

“အဖေကတော့ နေကောင်းပါတယ်.မြေးတွေနဲ့ အလုပ်ရှုပ်နေတာပဲဟ.”

“..နင်.ကလေးတွေကြီးပြီလား.”

“ဟဲ့..အကြီးမတောင် ဒုတိယနှစ် အင်္ဂလိပ်စာ တက်နေပြီ..”

“အော..ဒါဆို နင်မြေးချီရတော့မယ်..”

“သေနာ..”

“ငါနင့်မြေးတွေကို လာသင်ပေးမယ်..ဖွားဖွားချီးပေ.လို့ခေါ်လို့”

“ဟားဟား..အေး..ချီးပေ မျိုးဆက်ထောင်လိုက်မယ်.”

“ဟဲ့ သန်းသန်းဝင်းတို့ ခင်မာချိုတို့ကော.”

“သူတို့က အပျိုကြီးတွေပဲဟ..ခုထိ. သူ တခါတလေပြန်လာတယ်..သန်းသန်းဝင်းက ခု
အလယ်တန်းကျောင်းအုပ် ဆရာမကြီးဖြစ်နေပြီဟ.ခင်မာချိုက အထက်တန်းပြ သူကတော့
တို့ မြို့ပေါ်မှာပဲ.”

“အော်..သမျှောစရာကြီးဟာ…”

“ဘာသမျှောတာလဲဟာ..သူတို့ အဆင်ပြေပါတယ်.”

“ဟုတ်ဘူးလေဟာ..ယောက်ကျားမယူတော့ သမျှောစရာကြီးပေါ့.”

“ဟာ..လုပ်ပြန်ပြီပေါက်တတ်ကရ..သူတို့သိရင် နင့်ကို ၀ိုင်းဆဲနေမှာ”

“ဆဲ ဆဲ ဟာ.”

“တို့ဆယ်တန်းနှစ်က လင်နောက်လိုက်သွားတဲ့ မြင့်မြင့်မော်ဟာ.သိလား”

“အေး…”

“သူမြေးရနေပြီဟ..”

“ဟုတ်လားဟ.”

“အေးပေါ့ဟဲ့.နင်ကလဲ အနှစ်သုံးဆယ်လေ.ဟာ နင့်ကိုငါနောက်ဆုံးတွေ့တာတောင် ဆယ်နှစ်
ကျော်လောက်ရှိမှပဲ.”

“အေး..ခဏလေးလိုပဲဟာ..တချို့နှစ်တွေကျတော့လည်း ကြာလိုက်တာ..ချီးပေ ”

“ငါတို့ သူငယ်ချင်းတွေ ဆုံတိုင်း နင်တို့အကြောင်းတွေ ပြောဖြစ်ပါတယ်ဟာ..
နင်တို့ ကျောင်းဝမှာ ၀ဲဆေးရောင်းတာလေ..ကျောင်းဘောလုံးပွဲမှာ နင်တို့ကြေးစည်တလုံးနဲ့
အားပေးလို့.ဆရာကြီးခေါ်ဆူတာကော.စာကလေးဖမ်းလာပြီး ငါ့စာကလေးယူသွားပါဟာ.ပြော
ပြီး ရည်းစားစကား ပြောသလို နောက်တာတွေကော အစုံပါပဲဟာ..နင်က နဂိုက ပိန်ပိန်လေး
ဆိုတော့ တို့ စိတ်ထဲမှာ အဲ့လို
ပိန်ပိန်လေးရယ်ပဲ မျက်စေ့ထဲမြင်နေတာ.နင်.လည်း တို့မြို့ကို ပြန်လည်ဦးလေ.ဟာ.”

“အေး.ငါသူငယ်ချင်းတွေနဲ့ဆုံချင်တယ်..၀န်ထမ်းဆိုတော့ နင်သိတဲ့အတိုင်းဟာ.ငါပင်စင်ယူတော့မှပဲ.ပြန်လာနေဖြစ်တော့မယ်ထင်ရဲ့..”

“ဟဲ့..ငါမေ့နေလို့.. ငါ့ငယ်ချစ်ဦးလေး.မိချို တွေ့သေးလား..”

“သေနာ..ဒါကျတော့ မမေ့ဘူး..သူ့သားကြီးတောင် သင်္ဘောသားလားဘာလားမသိဘူး ဖြစ်နေပြီဟ..ရန်ကုန်မှာပဲ.နေတယ်.ငါတို့နဲ့ က သိပ်အခင်ကြီးမဟုတ်တော့ အဆက်ပြတ်
တယ်.”

“ဟုတ်လား..လွမ်းတယ်ဟာ..”

“နင့်က ဒီအရွယ်ကြီးနဲ့ လွမ်းရသေးလား.ငါမသောင်းညွန့်ကို တိုင်ပြောမယ်”

“နင်တိုင်ပြောလဲ မသောင်းညွန့် က ငါ့ကို မိဘအိမ် ကတော့ပွဲနဲ့ ပြန်အပ်ချင်နေတာ.နင်တိုင်ပြောလည်း သူက သ၀န်မတိုတော့ဘူး..ဟ.”

“ချစ်ဖေ ..တို့ငယ်သူငယ်ချင်း အောင်ဌေး ဆန်နီ ကျော်ထူး ၀င်းအေး ရဲနိုင် ကျော်ဝင်း အကုန်သေကုန်ပြီဟ.အကုန်ဖေါရှောနဲ့ပဲ..သောက်တယ်ဟာ နောက်ဖေါပြီးသေတာ.နင်တောင်
သေပြီမှတ်တာ.”

“သေနာမ..ငါက အမြဲမသောက်ဘူးဟ သောက်လိုက်ဖြတ်လိုက် အများကြီးလဲမသောက်နိုင်
တော့ဘူး.မိန်းကလေးတွေထဲကကော..”

“မိန်းကလေးတွေထဲက ခင်ခင်ဦးနင်သိလား.မြို့တဖက်ကမ်းက ဟယ်.သူသေတယ်.နောက် အေးမာသန့် သူလည်းသေတယ်.တို့ မိန်းကလေးတွေ သိပ်မသေဘူးဟ.သောက်မှမသောက်
တာ.ယောက်ကျားလေးတွေပဲသေတာ..ဟ”

“ဟုတ်လား..ငါသိတယ်.နှစ်ယောက်စလုံး.အေးဟယ်သနားပါတယ် ကလေးတွေလည်းကျန်ခဲ့
မှာပေါ့..”

“အေး”

“ဒါဆို မိန်းကလေးတွေ သေတဲ့နှုန်းများသွားအောင် နင်အားဖြည့်လိုက်ပါလား.”

“ဖေ- မသား..မသာ.ခွေးကောင် နမိတ်မရှိ နမန်မရှိ.”

“ငါကဟယ်..နင့်ကို မတွေ့တာကြာတော့ နင် အတော်ပြောင်းလဲသွားပြီမှတ်တာ.နင်က အရင်ကလိုပဲ.”

“အေး.ငါကရုပ်ပဲ ပိုချောလာတာဟ..ကျန်တာတွေမပြောင်းလဲဘူး..ဟားဟားဟား..”

“အောင်မယ်.နင့်ပုံနဲ့..အရှက်မရှိ..ဟားဟား..”

“ဟဲ့.တို့ ဒီတိုင်းကြီးရပ်ပြောနေကြတာ.တခုခု သွားစားရအောင် ”

“အေးသွားလေ.တော်သေးတယ် ကလေးတွေပါရင်.ငါတို့ကို မေတ္တာပို့နေလောက်ပီ.”

“အေး….”

“တို့ လက်ဖက်ရည်ဆိုင်မှာပဲ.တခုခု စားတာပေါ့.ဟာ..”

“အေး..”


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ထို ချီးပေခေါ် စိုးစိုးခိုင် နှင့် နောက်ဆုံး ဆုံခဲ့သည်
ပင် ၆ နှစ်ရှိခဲ့ပါပီ.သူလည်း သူ့မိသားစု ကိုယ်လည်းကိုယ့်မိသားစု ရုန်းရကန်ရ အလည်အပတ်
ခရီးလည်းမသွားနိုင်ကြ ကျနော်နှင့် သူ လက်ဖက်ရည်ဆိုင်မှာ ထိုင်၍ ဆရာဆရာမများ အ
ကြောင်း အခြားသူငယ်ချင်းတွေ အကြောင်းမြို့မှာ တိုးလာသောအဆောက်အဦများ အကြောင်း
ဆက်ပြော ဖြစ်နေသေးသည်။ ကျနော်တို့ ငယ်ဆရာ ဆရာမများ တချို့ကွယ်လွန်ကုန်ကြပီ.သူ
ငယ်ချင်းများ သည်ပင် တချို့ကွယ်လွန်ကုန်သွားပေပြီ အလယ်တန်းထဲက တခန်းထဲ ရင်းနှီးခဲ့
ကြတဲ့ သူငယ်ချင်းတွေ တကယ်ပဲ ပြောမနာ ဆိုမနာ ဆဲမနာ ငယ်ငယ်ထဲက စချင်သလို စ
နောက်ခြင်းအမျိုးမျိုးနဲ့ နောက်ခဲ့ကြသူတွေပင်။

ကျနော်တို့ သူ့ကိုနောက်ခေါ်သော ချီးပေသည်ပင်လျှင် ကျနော်တို့ခြင်းပြုံးစရာ အဖြစ်အပျက် ဟို တုန်းက သူစိတ်ဆိုးသည်။ နောက် စိတ်မဆိုးတော့ သူငယ်ချင်းများ ပျော်ပျော်ရွှင်ရွှင် စကြ
နောက်ကြခြင်းကို သူ စိတ်မဆိုး သူ ကျောင်းသို့အလာ ခွေးချေးပုံ နင်းမိရာမှ ထိုနာမည် တွင်
သွားသည်။ သူ့ကို စိတ်ဆိုးမှန်းသိလို့ ပိုစချင်သည်။ သူတကယ် စိတ်လဲ ဆိုးခဲ့သည်။

ကျနော်တို့က နောက်သူ့ကို “ နင် ဒီလို စိတ်ဆိုးရင် ငါတို့ နင့်ကို အဲ့လို မခေါ်တော့ပါဘူးဟယ်” လို့ တောင်းပန်သည် “နောက်ဆို နင့်ကို ချေပီး လို့ပဲခေါ်တော့မယ်” လို့ စပြီးပြေးသည်။ သူ့မိဘ
များက သဘောကောင်းသည်။ သမီးပျို ရဲ့သူငယ်ချင်း အနောက်အပြောင်တွေ ပေမဲ့ ခင်မင်ကြ
သည် စားချင်တဲ့ အချိန်ဝင်စားကြသည်။ သမီးကို ခေါ်၍ ခြံထဲဆင်းစကားပြောလဲ မဟန့်တား..
နောက် အကုန်အိမ်ထောင်ကျ ပြီးတော့မှ သူ့ အမေအဖေတို့ နှင့် ပြန်ဆုံလျှင် ပြောသည်။

“ချစ်ဖေ. ငါတို့က သမီးကို နင်တို့ အုပ်ထဲက တယောက်ယောက်နဲ့ ညားမယ် မှတ်နေတာ တ
ယောက်နဲ့မှလဲ မရကြဘူး” လို့ပြော သည်။ ကျနော်တို့ကလဲ ရင်းနှီးလွန်းတော့ နှမလိုဖြစ်သွား
တာလားမသိ သူတို့ကို ပိုးဖို့ ပမ်းဖို့ စိတ်ကူးထဲတောင် မရှိ မရှိလို့လဲ သူတို့အကူအညီနှင့် ပိုးပမ်း
ဖြစ် သောကောင်မလေးတွေပင် မနည်း။ ကျောင်းစာကို သိပ်စိတ်မ၀င်လှသော ကြီးပွားရေး ဇာ
တာ ပါပုံမရသော ကျနော်တို့ လူဆိုး ကျောင်းဆိုးများကိုလဲ ဘယ်အမျိုးကောင်း သမီးပျို က
ကော စိတ်ဝင်စားအံ့မည်နည်း။ ထိုချစ်လှပါသည် ဆိုသောကောင်မလေးများ သည်လည်း ခုချီး
ပေတို့လောက်ပင် ချစ်သည်ဟု မခံစားရတော့..

မည်သို့ပင် ဖြစ်စေ ငယ်ဘ၀ တို့သည် တရွေ့ရွေ့ကုန်သွားသည် အကြောင်းကြောင်းဖြင့် ငယ်သူ
ငယ်ချင်းများနှင့် ဝေးသွားသည်။ အခြားအရပ်ဒေသ တခုမှာ အခြားမိတ်ဆွေ သူငယ်ချင်းများ
ထပ်ပေါ်လာသည် သို့သော် ငယ်သူငယ်ချင်းတော့ မဟုတ် ကြီးသူငယ်ချင်းတွေ တယောက်နှင့်
တယောက် လေးစားချစ်ခင်ကြ သော်လည်း ခင်ဗျား ကျနော် ဟုတ်ကဲ့ ရှင် စသည်ဖြင့် တဦးနှင့်
တဦး ခေါ်ဝေါ်ကြ စကားပြောကြသည်။ “ကို ကကြီး ခင်ဗျားနေကောင်းလား” ဆိုတာနှင့် “ဟေ့
ကောင် က ကြီး.ချီးမှပဲ မင်းပုံက နေမကောင်းဘူးလား” လို့ မေးရတာခြင်းမတူ။

ထိုသို့သော ခေါ်ဝေါ်မှု ပြောဆိုနိုင်မှုကိုလည်း အခြားအရပ်ဒေသများမှ မရနိုင် ကျနော် ကျနော့်
ဇာတိမြို့လေးသို့ မရောက်ခဲ့သည်မှာ ကြာပါပြီ ခဏတဖြုတ်ပြန်ရောက်သော်လည်း ဧည့်သည်
နေ ဧည့်သည်သွား ကျနော်တို့ ငယ်ငယ်က ဂျင်ပေါက်ရာ စွန်လွှတ်ရာ ဘောကန်ရာ လေးခွ စမ်းသပ်ရာ ကျနော်တို့ တက်ခဲ့သောကျောင်း ကျနော်တို့ သူငယ်ချင်းတွေ စုရပ် လက်ဖက်ရည်
ဆိုင် တချို့ အရင်အတိုင်း တချို့ပြောင်းလဲသွား သည်မှာ နှစ်အတော်ကြာပီ။

အရင် အုံ့အုံ့ ဆိုင်းဆိုင်း ရှိခဲ့သော ကျောင်းရှေ့မှ သစ်ပင်ကြီးတို့ မရှိတော့ပြီ ကျနော်တို့ကို အ
မြင် မတော်တိုင်း ဆိုဆုံးမလေ့ရှိသော ဦးကြီး ဒေါ်ကြီးများ ကွယ်လွန်ကုန်ပြီ ချစ်ကြောက်ရိုသေ
ရသော ဆရာဆရာမများ တချို့ မရှိကြတော့ နှစ်ပေါင်းများစွာ ကြာမှ ပြန်ရောက်ဖြစ်သောအခါ
သူငယ်ချင်းများအားလုံး တပြိုက်နက် ရင်ရော်အိုမင်းသွားသလိုမြင်ရသည်။ သူတို့ကလည်း ကိုယ့်ကို အရွယ်ကျလိုက်တာ ပြောနေချိန် သူ့မှာလည်း ရှေ့သွားမရှိတော့ ငယ်ငယ်တုန်းက ဘယ် သောအခါမှ ထိုကဲ့သို့ ကိုယ်လုံးမျိုးကြီးဖြစ်လာလိမ့်မည် မထင်သော ဂီတာ ကိုယ်လုံး သ
ဏ္ဍာန် ကောင်မလေးများ မယုံကြည်နိုင်လောက်အောင် ပြောင်းသွားသည်။

ရပ်ကွက်ထဲက နပ်ချေးတွဲလောင်းနှင့် ကစားနေသော ကလေးများ သည်ပင် မိဘဆရာအသင်း
စည်းဝေးပွဲ ကပြန်လာသည် တဲ့ ရပ်ကွက်လူကြီးဖြစ်နေသည်။ ပြောင်းလဲမှု အမျိုးမျိုး ရင့်ရော်မှု
အမျိုးမျိုး ကြွေလင့်မှု အမျိုးမျိုးဖြင့် ပြောင်းလဲ သွားခဲ့ကြသော်လည်း ငယ်သူငယ်ချင်း တွေ က
တော့ မပြောင်းလဲ ခင်မင်မှုတွေ သာ ရင့်ရော်လာခဲ့သည်။ ငယ်သူငယ်ချင်းတွေကို တွေ့တိုင်း
ငယ်ဘ၀တွေကို ပြန်အမှတ်ရ ရင်ခုန်ရသည်။ ဘယ်လောက်ကြီးမားသည့် ရာထူးကြီးနှင့် ဖြစ်ပါ
စေ ငယ်ဘ၀တွေလို ဆက်ဆံရဲသည်။ ငယ်သူငယ်ချင်းများကြားမှာ ခြားနားထားသော စည်း
များ မရှိ ခြားနားထား သည် ဆိုလျှင်လဲ ငယ်သူငယ်ချင်းလို့ ကျန်သူတွေက သပ်မှတ်တော့
မည်မဟုတ် ပေ။

အခြားအခြားသော အရပ်ဒေသ တို့တွင် ရင်းနှီးမှု အမျိုးမျိုး ချစ်ခင်လေးစားမှု ယုံကြည်စိတ်ချ
နားလည်ပေးမှု အမျိုးမျိုးနှင့် မိတ်ဆွေကောင်း သူငယ်ချင်းကောင်းများ ရနိုင်သောလည်း ငယ်
သူငယ်ချင်းများလို ကိုယ်က ဆက်ဆံလို့မရ ငယ်သူငယ်ချင်းကတော့ ကြိုက်နှစ်သက် သလို ဆက်ဆံပြီး စိတ်ဆိုးသွားခဲ့လျှင်ပင် နောက်နေ့ မနက်စောစော အိမ်ရှေ့သွားပြီး လက်ဖက်ရည်
သောက်ရအောင်ကွာ ဆိုတာနှင့် အားလုံးကျေအေးပြီး ဖြစ်သည်။ ထိုငယ်သူငယ်ချင်းများ နှင့်
အတူနေထိုင်ခွင့် ရကြသူတွေ ဘယ်လောက် ကံကောင်းကြပါသလဲ။ ထို သူငယ်ချင်းများ ရှိရာ
ဇာတိမြေ ကို အခြားဘယ်နေရာမှ ရှာလို့ ရနိုင်တော့ပါမည်လည်း ကျနော် စဉ်းစားနေမိသည်။

ခုနေ ကျနော့်သူငယ်ချင်းတယောက်ကို အားရပါးရ ဆဲဆို၍ ကျောကို လက်မောင်းကို ထိုးပစ်
လိုက်ချင်သည်။ သူတို့၏ သားသမီးများ မြေးလေးများကို ဆွဲယူပွေ့နမ်း ပစ်ခွင့်ရချင်သည်။ငယ်
ငယ်တုန်းက ကစားခဲ့ရာ နေရာအနှံ့ ငယ်သူငယ်ချင်းများနှင့် လမ်းလျှောက်ရင်း အမှတ်တယ
ပြန်ပြောနေချင်သည်။ ထိုနေ့ မနက်စာဖြစ်ဖြစ် ညနေစာဖြစ်ဖြစ် ကြုံရာ ငယ်သူငယ်ချင်း အိမ်တ
အိမ် အိမ်မှာ ကြုံရာဟင်းဖြင့် ၀င်စားပစ်လိုက်ချင်သည်။ သီတင်းကျွတ်ကာလနှင့်ကြုံလျှင် ကျ
နော်တို့ အပေါ် စိတ်ညစ်ခဲ့ရသော ဆရာမ ဆရာ တဦးဦး ခြေကို ဦးခိုက်၍ ကန်တော့ခွင့်ရချင်
သည်။

ဒီနေ့ည ကျနော့်မြို့လေးကို ကျနော့်သူငယ်ချင်းများကို ကျနော်ပြန်လွမ်းနေသည် ကျနော်က အ
ဝေးမှာ။ မြို့လေးကကော ကျနော့်ကို လွမ်းပါ့မလား မသိ။

Read more...

Wednesday, November 25, 2009

နေစရာ









နေစရာ

ပြူတင်းပေါက်ကို ဖွင့်လိုက်တိုင်း
အုပ်ဖွဲ့ပျံသွားတဲ့ ငှက်တွေကိုတွေ့ရတယ်
တချို့ကခက်ရာခဲဆစ်ပျံသန်း
တချို့ပျံချင်ယောင်ဆောင်ရင်းပျံသန်း
ကိုယ့်အထင်သက်သက်လည်းဖြစ်နိုင်ပါတယ်

ဘ၀မှာ မိန်းမနှစ်ယောက် တိတိကျကျသစ္စာဖေါက်ခံရဘူးတဲ့.
သူ မစီးရက်လို့သူ့ ရဲဘော်တွေကို ချွတ်ပေးခဲ့တဲ့ ဖိနပ်နဲ့ ပါးရိုက်ခံခဲ့ရတဲ့
သူ့ တရားအတွက် သူပစ်ဖေါက်ဖို့ယုယထားတဲ့သေနတ်နဲ့ သူပြန်အဖမ်းခံခဲ့ရတဲ့
သူပုန်ပြေးကြီးတယောက်ကတော့ပြောတယ်
မင်းမြေကြီးကို မနိမ့်စေနဲ့တဲ့

ကျနော့်မြေကြီးကတော့ အစထဲကမမြင့်တာပါရဲဘော်ကြီးရဲ့
စိုက်လိုတဲ့လှံတွေလဲ စိုက်ပါစေတော့
ပျံကျတွေအုပ်ဖွဲ့ရာအရပ်ကို ကျနော်ပြန်လာဦးမယ်.
မျက်ရည်သုတ်မဲ့ ရင်ခွင်လေးကို မျှော်လင့်မိဦးမယ်.
ကျနော့်သမ္မာကျမ်းစာအုပ်နဲ့ကျနော် ဆောင်းခိုဦးမယ်.
အချို့အချို့သောသူတွေကို ကျေးဇူးတင်ဦးမယ်.

အမေရယ်.ဟိုး..ဆည်းဆာမှာ ငန်းတွေအုပ်ဖွဲ့ပျံလာတိုင်း.
သား နေစရာမရှိခဲ့ဘူး.

မိုးစဲနေ
(နိုဝင်ဘာ ၂၅ ။၂၀၀၅ ခုနှစ် နံနက် ၁၀း၂၆ နာရီ)

Read more...

Monday, November 23, 2009

စိမ်းလန်းရေး နေ့ရက်ရှည်များနှင့် ကျမ














စိန်းလန်းရေး နေ့ရက်ရှည်များ နှင့် ကျမ

မောင်နှင့် ကျမသည် ငယ်သူငယ်ချင်းများ ဖြစ်ကြသည် မောင်ကို ဘယ်အချိန်မှာ ကျမ စပြီး
မှတ်မိသွားသည်ကတော့ မမှတ်မိတော့ပါ လူကြီးတွေ ပြောပြတာက ကျမက မောင်ထက် ၃
လကြီးပြီး မောင့်ကို မောင်မေမေက နို့ တိုက်တဲ့အခါ ကျမပါ ၀င်ဝင်စို့ပါတယ်တဲ့ ကျမက မောင့်
မေမေ နို့ကို မောင်နှင့်အတူ ၀င်စို့ပေမဲ့ မောင်ကတော့ ဘယ်တော့မှ ကျမမေမေ နို့ကို ၀င်မစို့ပါ
မောင်ကို မေမေက တိုက်သော်လည်း မောင်က သိသည် မစို့ သူမေမေ နို့ကိုသာ အငမ်းမရ စို့
သည်။

ကျမ မှတ်မိနေသည်ကတော့ မောင်နှင့် ကျမ မူကြိုကျောင်းလေး ကို အတူတက်ရစဉ်က ပဲဖြစ်
ပါသည် ကျမတို့ နှစ်ယောက်ကို လူကြီး တဦးဦး ကလာကြိုပြီး အတူတူ ပြန်လာရသည် သာ မောင့် အိမ်ကဖြစ်ဖြစ် ကျမ အိမ်ကဖြစ်ဖြစ် တဦးထဲသာလာကြိုပါသည်။ မောင်တို့အိမ်က အရင်
ရောက်ပြီး နောက်တအိမ်ကျော်မှ ကျမတို့ အိမ်ရောက်ပါသည်။ ကျောင်းသွားလျှင်လည်း အတူ
သွားပါသည် ကျမ တို့က အမြဲဝင်ခေါ်ပါသည်။ ကျမတို့ အိမ်နှစ်အိမ်သည် နှစ်အိမ့်တအိမ် နေ
ကြ သူများလည်း ဖြစ်ပါသည်။

ကျမက အတန်းထဲမှာ အမြဲရန်ဖြစ်လေ့ ရှိသလောက် မောင်က ဘယ်တော့မှ ရန်မဖြစ်တတ်ပါ
ကျမရန်ဖြစ်တဲ့အခါ တိုင်း မောင်က ၀င်ဖြန်ဖြေလေ့လည်း ရှိသည်။ ကျောင်းအသွားကို မောင်
က သူ့အိမ်လေးရှေ့မှ စောင့်နေတတ်ပြီး ကျောင်းဆင်းချိန်မှာ ကျမကို သူ့အိမ်ရှေ့လေးမှ အမြဲ ရပ် စောင့်ကြည့်ပြီး ကျမ အိမ်ထဲဝင်ခါနီး လက်ပြပြီးမှ သူ့အိမ်ထဲသို့ ၀င်လေ့ရှိသည်။

ကျောင်းပိတ်ရက် ကျမတို့ အိမ် မောင့် အိမ်များမှာ ဆော့ကြရင် လူကြီးများက ကျမတို့ကို အမြဲ
မေးသည်။ မောင့်ကို မောင်ကြီးလာရင် ဘယ်သူ့ ကို ယူမှာလဲ ဟုမေးလျှင် မောင်က နှင်းနှင်းကို
ယူမယ် ကျမကို မေးလျှင်လည်း မောင့်ကို ယူမယ် အမြဲပြောကြပါသည်။ လူကြီးတွေက ရယ်
ကြပါသည်ကျမရော မောင်ရော ယူကြသည်ဆိုတာ နားမလည်ပါ။ ချစ်သည် ဟုပဲ နားလည်
တာဖြစ် မည်ထင်ပါသည်။

မောင်နှင့် ကျမတို့ မှာ မမေ့နိုင်ခြင်းတွေ အမြောက်အများပါ။ မောင့် နှင့်ကျမ တို့ အိမ်ရှေ့မှာ ၆
ပေ ခန့်ကျယ်သော ရေမြောင်းရှိပါသည် ထိုရေမြောင်း သည် မိုးအခါတွင် ရေပြည့်၍ ငါးကလေး
များ အမြဲကူးနေသည် ကို မောင်နှင့် ကျမ အမြဲစောင့်ကြည့် ရသည်မှာ မရိုးနိုင်ပါ တခါတခါ ကျ
မ တို့ ငါးကလေးများကို ခဲလုံးလေးများနှင့် ပေါက်ကြသော်လည်း မထိပါ။ သို့သော် ကျမတို့ အ
မြဲ ကစားနေကြ ကစားနည်းဖြစ်ပါသည်။

ထို ရေမြောင်း ဘေးတွင် ကစားနေရင်းက ကျမ စိတ်ထဲမှာ ရေကို နင်းကြည့်ရင် ဘယ်လို နေမ
လဲဟု အရမ်းသိချင်ပါသည်။ မောင့်ကို ကျမက အဖေါ်စပ်ပါသည် မောင့်ကို ထိုအချိန်က မောင်
လို့ မခေါ် မိသေးပါ မောင် အမများခေါ်သလို ထွန်း လို့သာလိုက်ခေါ်နေခြင်း ဖြစ်ပါသည်။ ကျမ
က မောင့်ကို “ထွန်း ငါတို့ ရေ ကိုနင်းကြည့်ရအောင်” လို့ ပြောတော့ မောင်ကလည်း သဘော
တူ သည်။ ကျမက စိတ်မြန်သူ ပီပီ ရေထဲကို အရင်နင်းကြည့်ပါသည်။ ရေမြောင်း က ကျမတို့ မူကြို ကျောင်းသားအရွယ်လေးတွေ အတွက်တော့ တကယ့်ချောင်းကြီးပါ။ ကျမ ရေနစ်ပါသည်
မောင်က ရေကို မနင်းကြည့်ရသေးပါ မောင့်က ကျမမြုတ်လိုက်ပေါ်လိုက်ဖြစ်နေသည် ကို သူ
လည်း မဆယ်တတ်ပါ ကျမ ကလဲ ရေတော်တော်မွန်းနေပါပီ မောင်က သူမဆယ်တတ်တော့
အော်ပြီး လူကြီးတွေကို ဆယ်ခိုင်းပါသည်။

ထိုအချိန်တုန်းက မောင်ရော ကျမရော စကားလုံးများကို အကုန်မသိကြသေးပါ မောင်နှင့်ကျမ
ရေပေါ် ပေါ်လာသောငါးလေးများကို ခဲ့နှင့် ပေါက်၍ ဆော့တိုင်းငုတ်သွားသော ငါးကလေးများ
ကို ရေငုတ် သွားသည်ဟုသာ သိသော့ကြောင့် ကျမရေ နစ်နေတဲ့အချိန် မှာ မောင်က ကျမရေ
ငုတ်နေတယ် ရေငုတ်နေတယ် လို့ လူကြီးတွေကိုပြေး ပြောတာကို လူကြီးတွေက မသိသေးပါ
မောင့်အမူအရာ ကို ကြည့်ပြီး ရေငုတ်တာတော့ မဖြစ်နိုင် ရေနစ်တာ ဖြစ်မည် ဆိုပြီးလိုက်ဆယ်
ရတာ ပါ။ တကယ်တော့ ကျမတို့ အိမ်ရှေ့ လမ်းကလေးသည် လူအမြဲ မပြတ်ပါ ကျမတို့ တခုခု
ဖြစ်ရင် လည်းသိမှာပါ ကျမတို့ကို လည်း ရေမြောင်းအနားကို မသွားခိုင်းပါ။ သို့သော် ထိုနေ့က
ဖြတ်သွား ဖြတ်လာများ ပြတ်သွားချိန် ကျမတို့ ကလဲအန္တရယ်ကို သေသေ ချာချာ မသိသော
ကြောင့်လဲ ကျမရေနစ်ခြင်း ဖြစ်ပါသည်။

ကျမကို လူကြီးတွေက စောက်ထိုး ဆွဲပြီး ထမ်းပြေးတာကိုလည်း မှတ်မိနေပါသည်။ နောက်ကျ
မနှင့် မောင် သူငယ်တန်း တက်တော့လည်း အတူတူပါ မိန်းကလေး အတန်းနှင့် ယောက်ကျား
လေး အတန်းခွဲထား သော်လည်း မောင်က ကျမဘေးမှာပဲ ထိုင်ချင်နေလို့ ဆရာမက ထားပေး
ရပါသည်။ ကျမတို့ ၂ ယောက်မှာ ကျမက အမြဲ ရှေ့က ဦးဆောင်လေ့ရှိသောကြောင့် မောင်က
ကျမ ကို အားကိုးခြင်းလည်းဖြစ်မည် ထင်ပါသည်။

ကျမတို့ မှာသူငယ်ချင်းများ တိုးလာသော်လည်း မောင်နှင့်ကျမ က တတွဲ အမြဲ အတူဆော့ပါ
သည်။ တကယ်တော့ မောင်က ကျမဆော့ချင် သည်များကို လိုက်ဆော့ခြင်းပါ ကျမ ဇယ်
တောက်ရင် လိုက်တောက်သည် ဖန်ခုန်တန်း ကစားလျှင် သူလည်းလိုက်ခုန်သည်။ ကျမကစား
သမျှ မောင်က လိုက်ကစားလို့ မိန်းကလေးများ ကစားနည်းအကုန်လည်း မောင်ကျွမ်းကျင်
သွားပါသည်။

ကျမတို့ ကာတွန်းဖတ်တတ်လာသော အခါမှာတော့ မောင်က ဦးဆောင်သူပါ ဘယ်ကာတွန်း
ဘယ်လို ဘယ်ကာတွန်းက ဘာ ဆိုတာ သူက ကျမထက်ပိုသိသည်။ တခါတလေ ကျမတို့ ၂
ယောက် ကာတွန်းတအုပ်ထဲ အတူဖတ်ကြပါသည်။ မောင်က သူ့ အကို အမများနှင့် အသက်
ကွာ၍ အငယ်ဆုံးပါ ကျမက အကြီးဆုံးဖြစ်ပြီး ကျမထက်ငယ်သော မောင်လေး ညီမလေးများ ရှိသည်။ ကျမတို့ ရန်တခါမှ မဖြစ်ခဲ့ကြပါ။ ကျမက ရန်ဖြစ်ချင်သော်လည်း မောင်က မဖြစ်ချင်လို့ လည်း ဖြစ်မည် ထင်ပါသည်။

ကျမတို့ လေးတန်း အောင်သောအခါ မှာတော့ ကျမက အလယ်တန်းပြအဖေ စာသင်သော အ
လ က (၁) အလယ်တန်းကျောင်း ကို ပြောင်းရ၍ မောင်ကတော့ မောင့် မေမေ ဈေးထွက် ရာ
လမ်းကြုံသော မောင် အမကြီးတွေရှိသော အ ထ က (၁) သို့ပြောင်းတက်ရပါသည်။ ကျမက
ကျောင်းတက်လျှင် ဖေဖေ စက်ဘီးနောက်မှာ ထိုင်လိုက်သွားရပြီး မောင်ကတော့ မောင့် အမ
ကြီးများ နှင့်အတူ လိုက်သွားတတ်ပါသည်။

ကျမတို့မှာ သူငယ်ချင်းအသစ် အသစ်များလည်း တိုးလာပါသည် မောင့်သူငယ်ချင်းများသည်
လည်း ကျမသူငယ်ချင်းများ ဖြစ်လာ၍ ကျမသူငယ်ချင်းများသည် လည်း မောင့်သူငယ်ချင်းများ
ဖြစ်လာပါသည်။ ကျမ တို့ ၂ ယောက် ကျောင်းခြင်း ကွာသွား၍ နည်းနည်းကြီး လာကြ၍ အရင်
ကလောက် အတူ မဆော့ဖြစ်တော့ပါ။ မောင်ကလည်း အားရင် ကာတွန်းစာအုပ် ပုံပြင်စာအုပ်
များနှင့် အတူ အချိန်ကုန်သောကြောင့်လည်း ဖြစ်မည် ထင်ပါသည်။

ကျမရော မောင်ရော စာမတော်ကြပါ အတန်းထဲတွင် အဆင့် ၅ မှ အဆင့် ၁၀ အတွင်းသာ ရ
ပါသည်။ ပထမ ဒုတိယ တတိယ တခါမှ မရပါ ငယ်ငယ်ထဲက ဖြစ်ပါသည်။ ကျမ မှတ်မိပါသည်
ကျမတို့ ၆ တန်းနှစ်တွင် ကျမက မောင့်ထက် အရပ်ရှည်လာပါသည်။ မောင့်ကို ထိုအချိန် စ ရ
သည်မှာ အလွန်ပျော်ပါသည် မောင်က ကျမထက် ၂ လက်မခန့် အရပ်နှိမ့်သွားချိန်ဖြစ်ပါသည်။

ကျမတို့ နှစ်ဦး တွေ့ချိန် အလွန်နည်းလာပါသည် ကျောင်းအားရက်များ တွင် တွေ့နိုင်သော်လဲ
မောင်က ဘောလုံးကစားခြင်း ကရာတေး ကစားခြင်းတို့ကြောင့် ကျမနှင့် သိပ်မဆုံ ဖြစ်တော့ပါ
ကျမကလည်း မောင်လေး ညီမလေးများကို ကူထိမ်းပေးခြင်း မေ့မေ့ကို ကူပြီး ချက်ပြုတ်ပေး
ရင်း မောင်နှင့် ကျမ မတွေ့ဖြစ်ပါ။ တခါတလေ တွေ့သည့်အခါမှာလည်း အရင်ကကဲ့သို့ ကျမ
တို့ မရင်းနှီးသလို ဖြစ်လာပါသည်။ လူကြီးတွေ စကြနောက်ကြခြင်းကို ကျမတို့ ရှက်လာကြ၍
လည်းဖြစ်မည်ထင်သည်။ မောင့်အမ များက အရမ်းအစသန်သည် ကျမကို “မောင့်ရှေ့တွင် ယောင်းမလေး လာလာ။ မတို့မောင်လေးကို ငယ်ငယ်တုန်းက ယူမယ်ပြောထားတယ်နော်။ မတို့ မောင်က လွဲလို့ အခြားဘယ်သူမှ မချစ်ရဘူး မယူရဘူး” စသည်ဖြင့် စကြပါတယ်။

ငယ်ငယ်တုန်းကလည်း စ ပါသည် ကျမရောမောင်ရော မရှက်ပါ ကျောင်းဆင်းရင် အပြေးမပြိုင်
ဖြစ်တဲ့နေ့တွေဆို ပခုံးဖက်ပြီး ကျောင်းကနေ ပြန်နေကျ နောက် မောင့်အမတွေကို ကျမကချစ်
လည်းချစ်သည် ကျမက အမကြီးတွေ မရှိဘူးလေ မောင်အမတွေကပဲ ရုပ်ရှင်ကြည့်တာ ပွဲ
ကြည့်တာတွေမှာ ကျမကို လာခေါ်သည် မေမေရော ဖေဖေရော မောင့်မမ တွေနှင့်ဆို စိတ်ချ
သည်။ ကျမရော မောင်ရော ဘာမှန်းမသိပဲ ရှက်နေကြရသည်။

နောက်တော့ ကျမ ရှစ်တန်းအောင်ပြီး မောင်တို့ကျောင်းကို ပြောင်းတက်ရသည်။ ထိုနေ့က မောင် ကျမတက်ရမဲ့ အတန်း မုန့်စားဆောင် ဆရာမ အားလုံးကို လိုက်ပြ ပြောပြသည်။ ကျမ
တို့ ၂ ယောက် အဲ့လိုမနေတာ ကြာပါပြီ။ ကိုးတန်းနှစ်မှာတော့ မောင်က အရပ်ကျမထက်ရှည်
သွားပါပြီ ကျမက မောင်ထက်အရပ်ရှည်သွားစဉ်က ကျမက ခဏခဏ အရပ်တိုင်း၍ စခဲ့သော်
လည်း မောင်က ကျမထက် အများကြီးအရပ်ရှည်သွားတဲ့ အခါမှာတော့ ကျမကို မစပါ။

ထို ကိုးတန်းနှစ် ကုန်ခါနီး တဆောင်တိုင်ပွဲအတွက် အခန်းလိုက် ကျောင်းကထိန် ပဒေသာပင်
တွေ လုပ်တဲ့ရက် မှာ ကိုယ့်အခန်းက ပဒေသာပင်ကို ဘုန်းတော်ကြီး ကျောင်းတိုက်များ ကိုကျ
ရာကျောင်းအလိုက် သွားလှုကြရပါသည်။ ဝေးဝေး ဘုန်းတော်ကြီးကျောင်း ဖြစ်လေ ကျောင်း
သားတွေက ပျော်လေဖြစ်သည်။ ပဒေသာပင်ကိုလည်း တခန်းနှင့်တခန်း အပြိုင် လှအောင် အ
ရုပ်အမျိုးမျိုး ချိုးကြပါသည် ငွေအင်အားကို များအောင်စုကြပါသည်။ထိုရက်များသည်ကျောင်း
သားအားလုံး ပျော်ရွှင်စွာ လှုတန်းကြသောရက်လည်းဖြစ်ပါသည်။

ကျမတို့ အခန်းမှ လှုဒါန်းရန်ကျသော ဘုန်းတော်ကြီးကျောင်းနှင့် မောင်တို့ အခန်းကကျသော
ဘုန်းတော်ကြီးကျောင်းမှာ တူပါသည်။ ကျမတို့ နှစ်ခန်း ပေါင်း ဘုန်းကြီးကျောင်း တခုထဲ ကျ
ခြင်းပါ အိုးစည်ဒိုးပတ်များ မတီးတတ် တီးတတ်နှင့် တီးကြသည်။ မောင်ကလည်း သူတို့ အ
ခန်း အတွက် သူ့အခန်းဖေါ်များ နှင့် အတူ ကျမကလည်း ကျမသူငယ်ချင်းများ နှင့်အတူ နေ
ကြပါသည်။ မောင့်ကို လည်း ကျမက သတိမထားမိပါ။ ကျမက သူငယ်ချင်းများနှင့် ပျော်ပျော်
ပါးပါး နောက်ပြောင် နေတတ်သော်လည်း မောင်က အေးအေးဆေးဆေး သာနေတတ်သူ ဖြစ်
၍ မောင်ဘာလုပ်နေသည် မောင်ဘယ်ရောက်နေသည် ကျမ မသိပါ။

ကျမတို့ ပဒေသာပင် လှုဒါန်းပြီး ဘုန်းတော်ကြီးကျောင်းမှ စီစဉ်ထားသော ထမင်းဟင်းများကို
စားသောက်ပြီး ပြန်လာကြပါသည်။ ကျမတို့ အခန်းမှ ယောက်ကျားလေး သူငယ်ချင်းများနှင့်
အတူပြန်လာကြပါသည်။ ထိုအချိန်မှာ ဆရာမများ မှ အပြန်ကို သေချာလိုက် မကြီးကြပ်တော့
ပါ။ ကျမတို့ သူငယ်ချင်းတွေလည်း သုံးယောက်တတွဲ လေးယောက်တတွဲ ပြန်လာကြပါသည်
စိတ်ထဲမှာလည်း လွတ်လပ်ပေါ့ပါးနေသည်။

ထိုအချိန် ကျမဘေးသို့ ယောက်ကျားလေး တယောက် ရောက်လာပါသည် ကျမတို့ နှင့်တခန်း
ထဲ အတူ ယောက်ကျားလေး သူငယ်ချင်း သူက“ နှင်းနှင်း ခဏ ငါ့စာလေး ယူသွားပါဟာ.”တဲ့
ကျမကိုပြောသည်။ သူအခန်းထဲမှာ ကျမကို ခဏခဏ စိုက်ကြည့်တာကိုလည်း ကျမသိသည်
သို့သော် ကျမ စိတ်ထဲ သူငယ်ချင်းတယောက်လို မြင်တာက လွဲလို့ ဘာမှမဖြစ်ပါ။ သူက အဲ့လို
စာပေးတော့လည်း ကျမ ဘာမှ မခံစားရပါ တနေ့နေ့ သူ တခုခု ပြောလာမည်ကိုလည်း ကျမက
ထင်ထားပါသည်။ သူကတော့ ကျမအဲ့ဒီစာပါသော စာအုပ်ကို လှမ်းမယူမီ အထိ မျက်နှာတခု
လုံးနီရဲနေပါသည်။ ကျမကတော့ မယူသေးပါ “ဘာစာလဲဟာ” “ နင့်ဖတ်ကြည့်လေဟာ” တဲ့ ဒါ
ပါပဲ “ အေး ငါဖတ်ကြည့်မယ်” ပေးဟု ယူထားလိုက်သည်။ သူက လိုက်လာပြီးပြောသေးသည်။
“နင်ငါ့ကို စဉ်းစားပေးနော်” တဲ့ ကျမက တော့ ကျမ မယူလျှင် စာအုပ်ကြီး အတင်းထိုးပေး နေ
သော သူနှင့် မယူသောကျမကြား အခြားသူတွေက ထူးဆန်းနေတော့မှာမို့ သာမာန် သဘော
နှင့် ယူထားလိုက်ခြင်းသာ။ သူက ထိုသို့ စဉ်စာပေးပ်ါပြောတော့လည်း စိတ်ထဲ အေးပေါ့ စဉ်း
စားရင်လဲ စဉ်းစားတာပေါ့လို့သာ သဘောထားလိုက်သည်။

ကျမ စိတ်ထဲ ရည်းစားထားဖို့ စိတ်ကူးမရှိသေး ရည်းစားထားလျှင်လဲ ကျမတို့ မြို့လေးက ကျဉ်း
တော့ အကုန်သိမည် နောက် စိတ်ရှုပ်စရာ စိတ်ညစ်စရာတွေ ပေါ်လာဦးမည် ကျမက ထိုသို့ သဘောထားသည်။ ထို့ကြောင့် ကျမ စာကိုယူလာလိုက်ခြင်းသည် ကျမအတွက် ဘာမှ မထူး
ခြား သူတို့က စဉ်းစားပါပြောသော်လည်း ကိုယ်က မစဉ်းစားနိုင် သူတို့ အဖြေလိုက်တောင်းတဲ့
အခါမှာလဲ မစဉ်းစားသေးပါဘူး ပြောရင် ပိုပေရှည်တော့မည်။ ထို့ကြောင့် ငါ ဆယ်တန်းအောင်
မှပဲ အဲ့ဒါတွေ စဉ်းစားတော့မယ် ငါကျောင်းစာပဲ စိတ်ဝင်စားတယ် ဘယ်လိုမှ သဘောမထားပါ
နဲ့ စောင့်လည်း မစောင့်နေပါနဲ့ လို့ပဲပြောလိုက်သည်။

မောင့်အမ များသည် လည်း ထိုသို့ အခြားသူများ ပေးလာသော စာကို ကျမရှေ့တွင် ဖတ်၍ စာ
ထဲက စာသားများကို နောက်နေကြ။ ရည်းစားစာသည် အခြားသော စာများနှင့်မတူ ရယ်စရာ
ကောင်းသည် ဟုသာ ကျမထင်သည်။ ရိုးရိုးပြောနိုင်သော စကားလုံးများကို ကွေ့ဝိုက်ပြီးရေး
သွယ်ဝိုက်ပြီးရေးနေသောကြောင့် ရယ်စရာကောင်းသည်ဟု ထင်သည်။

ထို့အချိန် မောင် ကျမဘေးကို ရောက်လာသည်။ “နှင်းနှင်း ဟိုကောင် ဘာပေးသွားတာလဲ”
“ စာလို့ပြောတယ်ဟ ဘာဖြစ်လို့လဲ“ မောင်က တော်တော် စိတ်အိုက်နေသော မျက်နှာနှင့်
“ ဘာလို့ယူတာလဲ ဟာ နင်အဲ့လိုယူထားတော့ ဟိုကောင်က နင်သူ့ကို ကြိုက်နေပြီထင်မှာပေါ့
တဲ့” ကျမကလည်း ရှင်းပြပါသည်။ ထိုစာကို ဘာကြောင့်ယူလာပြီး ဘယ်လိုသဘောထား
ကြောင်း မောင်ကတော့ မကျေနပ်ပါ။ မယူစေချင်။ ကျမကလည်း အရေးကြီးတယ် မထင်
နောက်တော့ သူ့ထုံးစံအတိုင်း ဘာမှ ဆက်မပြောတော့။

ကျမကိုလည်း ခပ်စိမ်းစိမ်းဖြစ်သွားသည် နောက်ပိုင်း ကျမကို သဘောကျသော ယောက်ကျား
လေး ကောင်လေးတွေကို လည်း ကျမ ထိုသဘောထားနှင့်ဆက်ဆံသည် တခါတလေ လွယ်
လွယ်ကူကူ မရသော ပစ္စည်းသည် အချို့သူတွေ အတွက် အလွန်အဖိုးတန် ပစ္စည်းဖြစ်နေတာ
လည်း ဖြစ်နိုင်ပါသည်။ ကျမက သိပ်ပြီးချောမောလှပသူလဲ မဟုတ်ပါ ဒါပေမဲ့ ကျမက ပျော်
ပျော်ပါးပါးနေတယ် နောက်ကျမမှာ ထူးခြားတဲ့ ပါးချိုင့်လေးတွေနဲ့ မျက်ခုံးထူထူနက်နက်လေး
တော့ ရှိတယ်။ ကိုယ်လုံးလေးကတော့ လှသည်ဟု ပြောရမည် ကာယအလှကစားသော ဖေ
ဖေနှင့် မြို့နယ် ကျွမ်းဘားမယ် မေမေ တို့ရဲ့သမီးလေ။

ယောက်ကျားလေးတွေ က သူတို့ ဘာသာ ပိုးပမ်းခြင်းအလုပ်ကို လုပ်ကြပြီး ကျမကလည်း ကျမ မူနှင့် ကျမနေခြင်းသာ။ သို့သော် မောင်နှင့်တော့ စိမ်းသွားသည် မောင်က ကျမကို စာ
ပေး သော ရည်းစားစကားပြောသော ယောက်ကျားလေးများနှင့် ကျမ ရယ်ရယ်မောမော စ
ကား ပြောတာကို မကြိုက်။

ကျမကလည်း ကျမကိုယ်ကျမယုံသည် တခါက ကျမကို စကားလိုက်ပြောသော အကိုကြီးတ
ယောက်နှင့် ကျမစကားပြောပြီးအပြန်မှာ မောင်နှင့် ကျမတွေ့သည်။ မောင်ကကျမကို “နှင်းနှင်း
လာဦး နင်ငါနဲ့ အိမ်လိုက်ခဲ့” တဲ့ သူစက်ဘီးနောက်က လိုက်ခိုင်းသည်။ ကျမကလည်း တခါတ
လေ သူ့ကို အနီးအနားပို့ ခိုင်းတတ်သည်။ ထို့ကြောင့် တက်စီးလိုက်လာခဲ့သည်။

ကျမကို စကားလိုက်ပြောသော အကိုကတော့ မကြည်လင် မောင့်ကို ခပ်စိမ်းစိမ်း ခပ်ရင့်ရင့်
ကြည့်သည်။ ကျမက မောင်နှင့်ရန်ဖြစ်မှာ စိုးရိမ်သည်။ ကျမကိစ္စကို ကျမရှင်းနိုင်သည်။ ထိုသို့
ရှင်းခဲ့သူလည်း မနည်းတော့ ဒီတခါတော့ မောင်က ဘာဖြစ်သည် မသိ ကျမကိုလည်း ဆူလာ
သည်။ ကျမကလည်း ထိုကဲ့သို့ သူ ကျမကို ဟောက်တာကို မကြိုက် ဆူတာကို မကြိုက် သူက
အကိုကြီးလို ကျမကို လာသင်နေသည် ဆရာကြီးလာလုပ်နေသည်ဟု ထင်သည်။

ထို့ကြောင့် အိမ်ရှေ့အရောက် စက်ဘီးပေါ်က အဆင်း မောင့်ကို ပြောလိုက်သည်။ “ ထွန်းနင်ငါ့
ကိစ္စမှာ ဆရာမလုပ်နဲ့ နင်ဝင်ဝင်မပါနဲ့ ငါ့ဘာသာရှင်းနိုင်တယ် ငါ့ အကြောင်းကို ငါမိဘတွေက
သိလို့ စိတ်ချတယ် ဘာမှမပြောဘူး နင်သာ ငါ့ကို လာဆရာမလုပ်နဲ့” လို့ ကျမ ပြောလိုက်မိ
သည် ထိုသို့ ကျမ ဘာလို့ ပြောဖြစ် သွားသည်ကိုတော့ ကျမ မသိ။ မောင်က ကျမကို အကြာ
ကြီးကြည့်နေသည်။ နောက်ဘာမှ မပြော စက်ဘီးကို ဆက်နင်းသွားသည်။ ထိုနေ့က စပြီး ကျ
မကို စကားမပြောတော့ ကျမကလည်း အဲ့လို စကားမပြောတာကို ဂရုမစိုက် ကျမကို နိုင်ထက်
စီးနင်းလုပ်နေသည် ဟုခံစားမိသောကြောင့် ပြောလိုက်သည်။

ကျမတို့ ၂ ယောက်သိသိသာသာ ဝေးသွားသည်။ နောက်ပိုင်း မောင် သူငယ်ချင်းတွေ နဲ့ပို တွဲ
လာတာ တခါတလေ သောက်တတ်လာတာ ဂီတာတီးတတ်လာတာ ရန်ဖြစ်တာတွေ ကျမ သိ
နေရသည်။ ကျမ တို့ နှစ်ယောက် ဆက်ဆံရေးကို သိသော မောင့်အမများက မေးသော်လည်း
ကျမက မဖြေ သူကလည်းမဖြေ ။ နောက်မောင် (၁၀)တန်း ကျသည်။ ကျမက ဂုဏ်ထူးတခုနှင့်
အောင်သည်။ ကျမက ကျမတို့ တိုင်းမြို့တော် တွင်ရှိသော ဒီဂရီကောလိပ် တခုကို ဓါတုဗေဒ အဓိက ဖြင့်ကျောင်းဆက်တက်သည်။

မောင်က နောက်နှစ် ကျမ ရှိရာ ဒီဂရီကောလိပ်သို့ ရူပဗေဒ အဓိကဖြင့် ကျောင်းဝင်ခွင့် ရသည်။
သို့သော် ကျမ တို့ နှစ်ယောက် လမ်းမှာတွေ့သော်လည်း တယောက်ကို တယောက် နှုတ်မ
ဆက် ကျမက လည်း သူက ယောက်ကျားလေးဖြစ်ပြီး ထိုကဲ့သို့ သူနေသောအခါ ကျမ တွေးမိ
သည် က မောင်သည် ငယ်ငယ်တုန်းက လိုမဟုတ် ကြီးလာတော့ ကျမကို မခင်တွယ် ခပ်စိမ်း
စိမ်း ဖြစ်နေရာကနေ ကျမကို လွှမ်းမိုး ချင်လွန်းသည် အခြားကောင်လေးတွေ ကျမကို စိတ်ဝင်
စား ချစ်ကြသော်လည်း မောင်က စိမ်းကားလွန်းသည် ဟု ကျမထင်နေသည်။

ထို ကဲ့သို့သော နှစ်များအတွင်း ကျမတို့ ၂ ယောက်ထိုသို့ ဆက်ဆံရေး ကျဲသွားကြသော်လည်း
မောင့်အမများက တော့ ကျမတို့ နှစ်ယောက်စိမ်း နေကြခြင်းကို စိတ်မကောင်းကြပါ ကျမ တို့
ငယ်ငယ်က တယောက်နှင့် တယောက်သိပ်ချစ်ကြ ကြောင်းတွေ ပြန်ပြောပြကြသည်။ ကျမကို
လည်း ငယ်ငယ်တုန်းကလိုပင် အစမပျက် တခါတလေ မောင်နှင့် ကျမ အဆင်ပြေ ကြလျှင်
ကောင်းမည် လို့လဲ စိတ်ကူးယဉ်မိသည်။ သို့သော် လက်တွေ့မှာတော့ မောင်က ခေါင်းမာလွန်း
သည်။ မောင်တခုခု ကျမကို ချော့လာလျှင် ကျမက ကျေအေးဖို့ အဆင်သင့်ပါ ဒါပေမဲ့ မောင်
က ကျမကို မုန်းနေသယောင်ယောင်ရှိသည်။

ကျမက လည်း မောင် ထိုကဲ့သို့ နေလေ သူ့ရှေ့တွင် မခံချင်ဖြစ်အောင် လုပ်ပြချင်လေဖြစ်သည်။
မောင့်သူငယ်ချင်းများပင် ကျမကို အမြင်မကြည် သို့သော် ကျမ ကံကောင်းသည် ထင်ပါသည်။
မောင့် နှင့်ကျမ ခုလို ဝေးနေသည်ကို နီးစေလိုတဲ့ မောင့်အမ များက အကြောင်းရှာ၍ ကျမအိမ်
က ကျောင်းကို ပစ္စည်းတခုခု ထည့်ပေးလိုပါက ထည့်ပေးရန် မောင်ပြန်လာတိုင်း ကျမအိမ်ကို အမြဲမေးသည်။ ကျမကို သယ်ခိုင်းလျှင်တော့ ကျမက သယ်မပေး။ ကျမ မောင့်ကို အောက်ကျ
မပေးချင်။ မောင်လည်း ထိုသို့ပဲ ဖြစ်မည်ထင်သည်။

စနေတနင်္ဂနွေ ကျောင်းပိတ်ရက်ကို ကျမရော မောင်ရော ဇာတိမြို့လေးသို့ အလည်ပြန်တတ်
သည်။ တခုသော ပိတ်ရက်မှာ ကျမက မပြန်ဖြစ်ပေမဲ့ မောင်က ပြန်သွားသည့် အခေါက်လည်း
ဖြစ်မည် မောင်ကို လည်း ကျမ မေမေ နဲ့ မောင့်အမများက ကျမအတွက် စားစာရာတချို့ အ
တင်း ထည့်ပေးလိုက်ကြသည်။ မောင့်ကိုလည်း ပြောကြသည် ကျမ နေမကောင်းနေကြောင်း
တကယ်လည်း ကျမက နေမကောင်းလို့ မပြန်ဖြစ်ခဲ့ပြီး ဖုန်းဆက်၍ ပြောသောကြောင့် အိမ်က
သိနေခြင်းလည်း ဖြစ်သည်။

မောင်က ကျမနှင့် စကားမပြော နှုတ်မဆက်သော်လည်း ကျမကို ချည်းကပ်လာသော ယောက်
ကျားလေးများ နှင့်တော့ တွဲသွားတွဲလာ တခါမှ မတွေ့ပါ ကျမကလည်း ကျမကို သူအဲ့လို မ
ဆက်ဆံလေ သူ့မြင်လောက်သည့် အခါတိုင်း အနားက ကျမကို ချစ်သည်ဟု ပြောခဲ့သည့် ယောက်ကျားလေးများနှင့် ရင်းရင်းနှီးနှီးနေပြသည်။ ကျမ ထိုသို့ နေပြနေခြင်းကို ဘာလို့ လုပ်မိ
နေ ခဲ့တာကိုတော့ ကျမသေချာမသိ။ မောင့်ကို တော့ မခံချင် ဖြစ်စေချင်တာ သက်သက်လို့ပဲ
ထင်သည်။

ထိုအခြေအနေ ထိုဆက်ဆံရေး အနေအထားတွင် မောင်က ကျမအတွက် အိမ်က ထည့်ပေး
လိုက်သော စားစရာ အထုတ်များကို ဆွဲ၍ ကျမတို့ အဆောင်သို့ တနေ့ ညနေဖက်တွင်ရောက်
ချလာသည်။ မောင် ၀င်လာသည်ကို လည်း ကျမမြင်သည်ဒါမေမဲ့ ကျမ အခန်းထဲ ၀င်နေလိုက်
သည် မောင့်အသံကို ကျမကြားနေရသည်။“ ကျနော် နှင်းနှင်းနဲ့ တွေ့ချင်လို့ပါ ” လို့ပြောနေ
သော မောင့်အသံကိုလည်း ကြားရသည်။

အဆောင်က အခြားသော မိန်းကလေးများက မောင့်ကို စ နေ ကြပ်နေကြတာလည်း ကြားနေ
ရသည်။ ဘယ်ကနှင်းနှင်းလဲ နှင်းနှင်းဆိုတာ အများကြီး မြို့နာမည်ပြော ခိုင်းသည်။ မိန်းကလေး
အများရှေ့တွင် မောင်အသက်ရှုကြပ်နေမှာ ကျမမြင်နေသည်။ တချို့က “စားစရာလာ ရောင်း
တာလားဟင်” ဟု လည်း မကြားတကြားနောက်နေကြသည်။ နောက် ကျမ ထွက်တွေ့လိုက်ပါ
သည်။

မောင်နှင့်ကျမ မျက်နှာခြင်းဆိုင် စကားမပြော ဖြစ်ကြသည်မှာ နှစ်တော်တော်ကြာသွား ပြီ
မောင်က ဧည့်သည်ဖြစ်၍ ကျမက အိမ်ရှင်ဖြစ်သော်လည်း ကျမက သာမာန်ဆက်ဆံရေး
ပုံစံဖြင့်သာ ဆက်ဆံသည်။ မောင်က ဘာမှလည်းမပြော ကျမအိမ်က လူကြုံထည့်ပေးလိုက်
ကြောင်း စပြောပါသည်။ နောက်အတော်ကြာငြိမ်သွား သည် ပြီးမှ ကျမကို နေကောင်းသွား
ပြီလားဟု မေးသည်။ စာတွေလိုက်နိုင်လားဟုမေးသည်။ အခြားဘာမှမပြော။ နောက် မောင်
ပြန်သွားသည်။

ထိုအချိန်မှာ ကျမတို့ ဘ၀ ကျမတို့ရည်မှန်းချက်ကို တဆစ်ချိုးပြောင်းလဲ သွားစေမဲ့ ရှစ်လေး
လုံး အရေးအခင်းကြီး ဖြစ်လာခဲ့သည်။ ကျောင်းတွေပိတ်သွားသည်။ မောင်နှင့်ကျမ ထိုရက်များ
အတွင်း မဆုံဖြစ်ခဲ့ နောက် ကျမတို့ မြို့နယ်ကိုလည်း ထိုအရေးတော်ပုံမီးကြီးကူးစက်လာသည်။
ဘယ်သောအခါကမှ စကားများများ မပြောခဲ့သော မောင့်ကို ကျောင်းသားသမဂ္ဂ တရားဟော
စင်ပေါ်တွင် တက်တက်ကြွကြွ တရားဟောနေတာတွေ့ ရတော့ မောင့်ကို အံ့သြရသည်။

မောင်နှင့် ကျမဝေးနေကြ သောနှစ်များအတွင်း မောင် စာအုပ်တွေ အများကြီးဖတ်နေခဲ့တာကို
တော့သိသည်။ မောင်ဖတ်သော စာအုပ်များကို ကျမစိတ်မ၀င်စားပါ။ ကျမတို့ မြို့တွင် ဖြစ်ပွား
သော ဆန္ဒပြသမားများကို ပစ်ခတ်နှိမ်နင်း မှုများ၌ မောင့်ကို ထိမှန်မှု မရှိခဲ့တာကို ၀မ်းသာနေရ
သည်။ ဒါဏ်ရာရ ကျောင်းသား လူငယ်များကို ဆွဲပြေးရင်း မောင်က ကံသီလို့ လွတ်သွားသည်။

ထိုရက်များအတွင်း မောင်အိမ်ကိုပြန် မလာတော့ အရေးအခင်းကြီးကို နှိမ်နင်းခံခဲ့ရအပြီး ၆ လ
လောက် အကြာမှာ မောင်အဖမ်းခံရသည်။ မောင်ဘာကြောင့် အဖမ်းခံရသည်ကိုတော့ ကျမ မ
သိပါ။ နိုင်ငံရေးလုပ်လို့ ဟုသာ သိထားသည်။ နောက်မောင် တို့ အမတွေ မောင်မိဘတွေမောင့်
ထောင်ဝင် စာကိုသွားတွေ ကြသည်။ ကျမမောင့်ကို လိုက်တွေ့လိုသော်လည်း မိသားစုမှ လွဲ၍
လိုက်တွေ့ ခွင့် မရ။ မိသားစုတောင် တခါတလေ လူကိုတွေ့ခွင့်မရ ထောင်ဝင်စာထုတ်ကို ထား
ခဲ့ရသည်။

ကျမစိတ်ထဲမှာတော့ မောင့်လို နိုင်ငံရေးမှာ မတက်ကြွခဲ့သော်လည်း မောင်တို့ လုပ်နေတာတွေ
ကို ထောက်ခံသည်။ မောင်တို့ တရားသည် ဟုထင်နေမိသည်။ ထောင်ဝင်စာလိုက်တွေ့လို့ မရ
ပေမဲ့လည်း မောင်စားဖို့ တခုခုတော့ ကျမ အမြဲထည့်ပေးဖြစ်ပါသည်။ မောင့်အမတွေက မောင့်
ကိုပြောပြကြပါလိမ့်မည် မောင်လည်း ၀မ်းသာနေသည် လို့သာသိရသည်။ မောင့်ကိုနောက်ပိုင်း
မြန်မာပြည် မြေလတ်ပိုင်းက မြို့လေးတမြို့ရဲ့ အကျဉ်းထောင်ကို ပြောင်းရွေ့ လိုက်ကြသည်။ ထို
ရက်များအတွင်း ကျမရဲ့ အဒေါ်တွေရှိရာ နိုင်ငံလေးတခုကို ထွက်ခွါဖို့ ပြင်ဆင်ထားမှုများ က
လည်း ထွက်ခွါဖို့နီးကပ်လာနေပါတယ် ကျမလည်း မအားလပ်တော့ ကျမမြို့လေးကိုပြန်ရောက်
တဲ့ အခါများမှာတော့ ကျမ မောင့်သတင်းကို အရင်စုံစမ်းမိသည်။

ကျမတို့ ၂ ယောက်ကြားက ဖြူစင်တဲ့ သံယောစဉ်လေး က ပိုခိုင်မာလာသည်။ မောင် နေ
ကောင်းစေရန် အမြန်လွတ်မြောက်လာစေရန် ကျမ ကောင်းမှုပြုလုပ်တဲ့ အခါတိုင်း ဆုတောင်း
ပေးမိသည်။ ကျမ ကိုယ်တိုင်လည်း တွေ့ချင်နေမိသည်။ ကျမပြည်ပ မထွက်ခွါမီ မောင်ကိုတွေ့
သွားချင်သည်။ မောင်အမကြီးတွေက တခုစီစဉ်ပေးသည်။ သူတို့ အိမ်ထောင်စု ဇယားထဲမှာ ကျမကို ထည့်ပေးထားပြီး မောင့်ကိုမိသားစု ၀င်တဦးအနေဖြင့် တွေ့ခွင့်ရဖို့ ကြိုးစားခဲ့ခြင်းပင် ကျမ တွေ့ခွင့်ရဖို့ က ထိုတနည်းသာရှိတော့သည်။

ကျမပြည်ပ မထွက်ခွါမှီ တလလောက်အလိုမှာ ကျမ မောင့်အမနှင့် အတူ မောင်ရှိရာ အကျဉ်း
ထောင်သို့ လိုက်ပါလာခဲ့သည်။ ကျမရင်ထဲမှာ မောင်ကျမ အပေါ် အမြဲ အလိုလိုက်ခဲ့တဲ့ ငယ်
ဘ၀ ပုံရိပ်လေးတွေ ပေါ်လာသည်။ ကျမတို့ ၂ ယောက် တကယ်တော့ မဝေး တယောက်နဲ့ တ
ယောက် အပြင်မှာ ခပ်ဝေးဝေးဖြစ်နေခဲ့ကြခြင်းသာ မောင့်ကို ကျမတွေ့တော့ မောင် အတော်
ဝမ်း သာသွားတာသိသာသည်။ မောင့် ကိုကျမ ကျမ်းမာစွာဖြင့်တွေ့ ရပါ့မလား ကျမ ထင်နေမိ
သည်။

ကျမထင်ထားသည် ထက် မောင်က ပိုကြံ့ခိုင်နေသည်။ မောင်မျက်နှာက ပိုပြီးရင့်ကျက် လာ
သည်။ လူကြီးတယောက်လို ဖြစ်သွားသည်။ ဘာပဲဖြစ်ဖြစ် မောင့် ကို ထိုကဲ့သို့ မြင်ရခြင်း ကို
ကျမ၀မ်းသာနေခဲ့သည်။ မောင့်မျက်နှာက ငြိမ်းချမ်းပြီး ကြံ့ခိုင်နေသည်။ မောင်ကို ကျမ က
“ ထွန်း နင်နေကောင်းတယ်နော် နင်အရမ်းပြောင်းလဲသွားတယ်ဟာ နင့်ကိုကြည့်ရတာ စိတ်မ
ကောင်းစရာနေရာမှာတောင် နင် အရမ်းကျက်သရေ ရှိနေတာပဲဟာ” လို့ပြောတော့ မောင်က
သူ့ ထုံးစံအတိုင်း ဘာမှပြန်မပြော ပြုံးနေခဲ့သည်။ မောင်က “ ငါခု ထောင်ထဲမှာ ပုံမှန် အားက
စားလုပ်တယ် နောက်ပုံမှန် တရား ထိုင်တယ်လေ” လို့ပြောပြသည်။

နောက် “ နင်ဘယ်တော့ နိုင်ငံခြားထွက်မှာ လည်း”လို့ မေးသည်။ “နင် နိုင်ငံခြားမထွက်ခင် ငါ
နင့်ကို ငါကိုယ်တိုင် လုပ်ထားတဲ့ လက်ဆောင်တခုခု ပေးမယ်ဟာ” လို့ပြောသည်။ ကျမ က
မောင် ပေးမဲ့လက်ဆောင်က သိပ်အဖိုး တန်ကြီး ဖြစ်မနေဘူး ဆိုတာတော့ သိပါတယ် သို့ပေမဲ့
ကျမ လိုလားသည်။ “နင်ပြန်လာဦး မှာ ဟုတ်လား တို့တွေ တွေ့မယ်လေ” တဲ့ တကယ်တော့
ကျမ မောင်နှင့် ထပ်မတွေ့တော့ သည်မှာ ခုဆို ဆယ်စုနှစ် ၂ ခုနီးပါး။

ကျမ နိုင်ငံခြားမထွက်မီ ကျမအိမ်သို့ ပါဆယ်ထုတ်လေး စာတစောင်နှင့် ရောက်လာသည်
မောင့်တို့ နိုင်ငံရေးသမားများ ထဲက လွတ်လာသောသူကို မောင်ကိုယ်တိုင်ထိုးထားသော သိုး
မွှေး ချည်သဘက်စောင်အ၀ါရောင်လေးနှင့် စာတစောင်ထည့်ပေးပြီး ကျမလိပ်စာနှင့် ပို့ခိုင်းခဲ့
ခြင်းဖြစ်သည်။ ကျမ အ၀ါရောင်ကို ငယ်ငယ်လေးထဲက နှစ်သက်တာ မောင်သတိယနေသေး
သည်။ အောက်ခြေမှာ မင်းကို အမြဲလွမ်းနေပါတယ် အဓိပါယ်ရတဲ့ အင်္ဂလိပ်စာတန်းလေး၊ ထို
ချည်သဘက်လေးမှာ ငါးရုပ်လေးတွေ ဖေါက်ထားသည်။

ထိုငါးရုပ်လေးများကလည်း ကျမတို့ ၂ယောက် ငယ်ငယ်က ငါးလေးတွေကို ခဲနဲ့ ပေါက်ခဲ့ကြ
တာ ကျမက ငါးရုပ်လေးများ ဆွဲပြီး ကပ်ကြေးနဲ့ကိုက် ငါးဟင်းချက်တန်း ကစားခဲ့ကြတာကို
မောင်သတိတရ နှင့် ထည့်ထားခြင်းဖြစ်သည်။ မောင့် သဘက်စောင်လေးနှင့် အတူပါလာ
သောစာလေးမှာ တိုတိုလေး “ နှင်းနှင်း ငါနင့်ကို အရမ်းချစ်တယ် နင်ငါ့ကို ချစ်ချစ်မချစ်ချစ်တဲ့”
ကျမရဲ့ သဘောထား ဘယ်လိုရှိတယ်ဆိုတာတော့ မမေး မောင့်ကို ကျမ စိတ်ဆိုးချင်သည်။

ဘာပဲဖြစ်ဖြစ် မောင်ကျမကို ချစ်တယ်ဆိုတာတော့ ယုံပါသည်။ မောင်လွတ်လာလျှင် ကျမပြန်
လာမည် ကျမတို့ လက်ထပ်ပြီး မောင့်ကို ကျမနဲ့ အတူခေါ်သွားမည်။ မောင့်ကို နိုင်ငံရေး ဆက်
မလုပ်စေချင်တော့ ကျမနဲ့ အတူ ဘ၀လေးတခုထူထောင်စေမည် မောင့်ကို မြန်မာပြည်မှာ ထားလျှင်စိတ်မချ မောင့်ကို ထပ်ဖမ်း ထပ်ညှင်းဆဲနေမှာ စိုးသည်။ မောင်ခံနိုင်ရည်ရှိတာက တ
ပိုင်း ကျမစိတ်ကူးလေးထဲမှာ ကျမ သူ့ကို မောင်လို့ ထိုအချိန်က စ ခေါ်ထားခဲ့သည်။

မောင်နှင့် အဆက်သွယ် ပြန်ရတဲ့နေ့ “ မောင် နှင်းလည်း မောင့်ကိုချစ်တယ်” လို့ ပြောမည်။
မောင် ထောင်က ၁၉၉၄ ခုအောက်တိုဘာလမှာ ပြန်လွတ်လာသည်။ မောင်ထောင်က လွတ်
လာခဲ့စဉ်က မောင်ကို ကျမဖုန်းရတော့ ကျမစိတ်ကူးလေးထဲက အတိုင်း“မောင်.နှင်းလည်း
မောင့်ကိုချစ်တယ်” လို့ ပြောလိုက်သည်။ မောင်က ထိုသို့ပြောမည် ဟုမထင် “ငါအရမ်းဝမ်းသာ
တာပဲ နှင်းနှင်းရာ” တဲ့ ကျမက မြန်မာပြည်ကို ပြန်လာမည် မောင်နှင့် လက်ထပ်ပြီး မောင့်ကို
ကျမရှိရာ နိုင်ငံကို ခေါ်သွားမည့် အကြောင်းပြောတော့ မောင် တော် တော်ကြီး တိတ်ဆိပ်သွား
သည်။

တို့တွေ တိုင်ပင်ကြတာပေါ့ ဟုသာပြောသည်။ မောင်အသံကို ကျမ နားမလည် ၀မ်းသာသည်
လည်းမဟုတ် ၀မ်းနည်းသည်လည်း မဟုတ် ချိန်ချိန်ဆဆ ပြောနေသည်ကိုတော့ ကျမသိသည်
ကျမ က ကျမကို ငယ်ငယ်တုန်းကလို မောင်အလိုလိုက်ပေးမည်ဟု သာထင်နေခဲ့သည်။

ကျမမြန်မာပြည် ကိုပြန်လာဖို့ ပြင်ဆင်နေချိန် မောင်နှင့် ဖုန်း ခဏခဏ ရပါသည်။ မောင် က
မြန်မာပြည်ကနေ ထွက်ခွာဖို့ပြောတိုင်း စကားကို ပြောင်းပစ်သည်။ ကျမကလည်းမောင့်ကို စိတ်မချ နောက် ကျမရှိရာ တိုင်းပြည်မှာဆို ကျမစိတ်ချသည် ကျမနှင့်အတူ ရှိနေမည် ပြောပြ
တိုင်း မောင့်အသံတွေ တိုးညှင်းဖျော့ကျ သွားတတ်သည်။

ကျမ မြန်မာပြည်ကို အရင်ပြန်လာပြီး သူနှင့်တွေ့ဖို့ရန်သာ ပြောသည်။ ကျမကလည်း မောင်ပို့
ပေးသော မောင့်လက်ရာ သိုးမွှေးချည် သဘက်စောင်လေးကို မောင့်ကိုသတိယတိုင်း ထုတ်
ကြည့်ရကြောင်း မောင်က ထိုသဘက်လေးကို ကျမလက်ခံရရှိကြောင်း သူ့ထောင်ဝင်စာမှာ သိ
သွားထဲက ၀မ်းသာနေကြောင်း သူ့ကို ပြန်ချစ်လိမ့်မည်လို့လည်း သူမထင်ကြောင်း ထို့ကြောင့်
သူ ထိုကဲ့သို့ ရေးထားခဲ့ကြောင်းပြောပါသည်။

ဘာပဲဖြစ်ဖြစ် ၁၉၉၆ ဒီဇင်ဘာနောက်ဆုံးပတ်မှာ ကျမပြန်ရောက်အောင်လာမည် နှစ်သစ်ကူးပွဲ
တော်ကို မောင်နှင့်အတူ ၂ ယောက်ထဲကျင်းပမည် ပင်လယ်ကမ်းခြေတခုခုကို ခရီးထွက်ကြ
မယ် လို့ တိုင်ပင်ထားခဲ့သည်။ ကျမ တကယ်ပဲ ဒီဇင်ဘာနောက်ဆုံးပတ်မှာ မြန်မာပြည်ကို ပြန်
ရောက်လာခဲ့ပါသည်။

သို့သော် မောင်မရှိတော့ မောင်တို့ကို ၁၃.၁၂.၁၉၉၆ ရက်နေ့ ညမှာ ဖမ်းဆီးသွားခဲ့သည်။ ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုကို နောက်ကွယ်မှ အားပေးကူညီ ထိမ်းချူပ် စီစဉ်ပေးမှု
ဖြင့် မောင် အဖမ်းခံရသည်။ မောင့်အိမ်မှ ကျမကို ဖုန်းဆက်ပြောပြတော့ ကျမ အံ့သြလွန်းလို့ စကားတောင်ပြန်မပြောနိုင် သို့သော် မောင့်ကိုတွေ့လို့ တွေ့ရငြား ကျမ ပြန်လာခဲ့ပါသည်။

မောင့်ကိုလည်း အရမ်းစိတ်ဆိုးသည်။ မောင်က ကျမထက် အခြားသူတွေကို ပိုချစ်လို့သာ ဒီ
အလုပ်တွေကို လုပ်နေချင်းဖြစ်သည် ဟုထင်သည် မောင့်ကို နှစ်ကာလကြာစွာ စောင့်နေခဲ့ရ ခြင်းကို မောင့် မငှဲ့ညာ မောင်လုပ်ချင်ရာ မောင် ၀ါသနာပါရာကိုသာ လုပ်နေခဲ့သည် လို့လည်း အကြိမ်ကြိမ် စွတ်စွဲရင်း ကြေကွဲနေခဲ့သည်။

ဒီတခါတော့ မောင့်ကို ကျမ တွေ့ခွင့်မရတော့ မောင့်မိသားစုပင် အဖမ်းခံရကြောင်း သိပြီး
မောင့်ကို ဘယ်နေရာမှာ ချူပ်နှောင်ထားကြောင်း မသိ။ ကျမရဲ့ ခွင့်ရက်များသာ ကုန်ဆုံးသွား
ပြီး မြန်မာပြည်က နေပြန်သွားရသည်။ ကျမရဲ့ စိတ်ကူးအိပ်မက်တွေ အကုန်ပြိုလဲသွားသည်။

တခါတလေ မောင့်ကို သနားသော်လည်း ကျမအပေါ် တကယ်ချစ်ခဲ့တာ ဟုတ်ပါ့မလား သံ
သယ၀င်သည်။ မောင်သည် ကျမထက် မြန်မာပြည်ကို ချစ်သည် ကျမထက် ဇာတိမြေကို ခင်
တွယ်သည်။ ကျမထက် လူအများအကျိုးကို ပိုမိုဆောင်ရွက်ချင်သည်။ ကျမထက် ပိုချစ်စရာ
တွေ မောင့်မှာက အပြည့် ကျမကတော့ မောင့်ကို ဆုံးရူံးရသည်ထက် မောင့် အချစ်များကို ထပ်မံ ဆုံးရှုံးခံလိုက်ရ သည်လို့ မြင်မိသည်။

နောက် မောင် နှစ်ရှည်ထောင်ဒါဏ်ကျ သွားကြောင်း သိရ မောင့်ဖေဖေ ဆုံးသွားကြောင်းသိရ
ပြီး မောင်အမ များလည်း အိမ်ထောင် အကုန်ကျကုန်ကြပါသည်။ မောင့်အိမ်နှင့် ဖုန်းရတိုင်း
မောင့်သတင်းကို မေးရတိုင်း မောင်က သူ့ကို မေ့လိုက်ဖို့ သူ့ကို စောင့်မနေဖို့ သူစိတ်မကောင်း
ကြောင်း သူ့ကို နားလည်ပေးပါ ရန်နှင့် ကျမကို အိမ်ထောင်ပြုလိုက်ဖို့သာ တိုက်တွန်းကြောင်း
သိရပါသည်။

မောင် ထပ်အဖမ်းခံရပြီး ၃ နှစ်အကြာမှာတော့ ကျမကို ချစ်သော ကျမပြောင်းရွှေ့သွားသော နိုင်ငံ အထိပါ လိုက်ပါလာပြီး ကျမက ငြင်းသော်လည်း စိတ်ရှည်စွာ ချစ်ခဲ့သောသူကို ကျမ လက်ထပ်လိုက်ပါသည်။ မောင့်ကို ကျမ စောင့်ချင်ပါသည်။ တကယ်တော့ မောင်နှင့် ကျမ
သည် နီးမလိုလိုနှင့် ဝေးကွာလွန်းခဲ့ပြီး ဝေးကွာမလိုနှင့် နီးခဲ့ကြသော သူများသာဖြစ်သည်။

ကျမ လက်ထပ်သွားတဲ့ သတင်းကို မောင့်အမေနှင့် မောင့်အမများက မောင်စိတ်ဆင်းရဲမှာစိုး
လို့မပြော မောင်က လွတ်လာပြီးမှ သိသည်။ သို့သော် မောင်နှင့်ဖုန်းရတော့ ကျမက မောင့်ကို
မောင်လို့ပဲ ခေါ် မိနေသည်။ မောင်ကတော့ မခေါ်စေချင် တော့ မောင့် အသံ ရွှင်ရွှင်လန်းလန်း
ကို ကြားရတော့ စိတ်ချမ်းသာ သည် မောင်အတော်ကြီးကို ခံနိုင်ရည်ရှိသွားနေပြီ ။ ကျမတို့
ထပ်မတွေ့ဖြစ်တော့ပါ။ ခုဆို နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ကျမ မောင်နှင့်ထပ်ဆုံ လိုပါ သေး
သည်။မောင့်မျက်လုံးတွေကို ကျမဖတ်ကြည့်ချင်ပါသေးသည်။ သို့သော် မောင် ခုတခေါက်ပြစ်
ဒါဏ်ထပ် ကျခံရခြင်းက မကြားဝံ့ မနာသာ ၆၅ နှစ် မောင့်အမေ သည်ပင် ကွယ်လွန်သွားခဲ့ပါ
ပြီ။ မောင်ကတော့ မောင်ယုံကြည်ရာ လမ်းကို လျှောက်နေဆဲ။ မြန်မာပြည်သူတို့ လွတ်မြောက်
ရေးအတွက် သူ့ ဘ၀ကို စတေးနေဆဲ။

မောင် ကျမ ဘာမှ ပြောခွင့်လည်း မရတော့ပါ ပြောခွင့်ရရင်တော့ ကျမ တခုပြောလိုပါသေး သည် “မောင်သိပ်ချစ် တဲ့ မောင့်တိုင်းပြည် ကျမရဲ့ ဇာတိမွေးရပ်မြေကို မောင်ချစ်သလို ကျမ
မချစ်ခဲ့ခြင်းက ကျမ မှားယွင်းသွား ခဲ့ပြီ ထင်တယ် မောင်” ဟု သာ။


ကိုချစ်ဖေ

(မှတ်ချက်။ ။ချစ်ကိုယ်တွေ့ မဟုတ်ပါ တကယ်ဖြစ်ရပ်မှန် တခုကို ဆီလျှော်အောင်ပြန်ရေး
သားပါသည်။ ကိုချစ်ဖေလည်း တ မောင် မောင် နှင့်..ဟီး..)

Read more...

Saturday, November 21, 2009

ကျနော်နဲ့ ခင်ဗျား ကြားက ၀ှက်ဓါးတွေ အကြောင်း

















ကျနော်နဲ့ ခင်ဗျား ကြားက ၀ှက်ဓါးတွေ အကြောင်း

ဝင်ကစွပ်တကောင်လို
ဟိုထဲဝင် ဒီကထွက်နဲ့
ကမ်းခြေမဲ့ရတဲ့ သူပါ။

ဆီသည်မ လက်သုပ်လို
အများသူငှါ ပြောပြောနေတဲ့
လှပတဲ့ တရားမျှတခြင်းဆိုတာ..

ခင်ဗျားက
တသက်လုံးဝှက်ထားတဲ့ ဖဲတွေကိုချပြပြီးမှ
ထပ်မံလုယှက်သွားသလိုမျိုး
ကျနော်ကရော
ကျနော့် မျက်လုံးတွေကို
အံဝှက်တွေထဲ ထည့်ထားခဲ့တာပဲ မဟုတ်လား.

သင်းကွဲတို့ရဲ့ အရပ်မှာ ဘ၀ပြိုချိန်

ခင်ဗျားက
ကျနော့်ကျောပေါ် ဖြတ်လျှောက်သွားခဲ့ပြီး
ကျနော်က ခင်ဗျားရင်ကို
မချစ်မနှစ်သက်ပဲ နမ်းရှုံ့ခဲ့တာမျိုး

သိက္ခာတရားဟာ
ဆိပ်ကွယ်ရာမှာ
ဝတ်လစ်စလစ် ဆံလွန်းတယ်..

ခင်ဗျားနဲ့ ကျနော်ကြား မှာတော့
ခေတ်ကြီးတခေတ်လုံးလိုလို
ယဉ်ကျေးခဲ့တယ်.

မိုးစဲနေ

Read more...

Wednesday, November 18, 2009

စစ်အစိုးရ အကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ(၉)













စစ်အစိုးရ အကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ(၉)


ကျနော် တို့ပုသိမ်ထောင်သို့ ရွှေတွင်းတူး ရဲဘက်စခန်းနှင့် တူးမြောင်းကျောက် ထုတ်လုပ်ရေး ရဲဘက်စခန်းမှ ရဲဘက်အကျဉ်းသားများ ရောက်လာသည်။ ရွှေတွင်းတူး ရဲဘက်စခန်း မှရဲဘက်
များ မကြာခဏ အကြောင်းအမျိုးမျိုးဖြင့် ရောက်လာတတ်သော်လည်း တူးမြောင်းကျောက် ထုတ်လုပ်ရေးစခန်းမှ ရဲဘက်များက လာလေ့ လာထမရှိ။ ကျနော်တို့ဆီကို ရောက်လာတော့ အံ့သြ ရသည်။

ဘာကြောင့် ကျနော်တို့ ထောင်သို့ ပို့လွတ်ခဲ့သနည်းတော့မသိ။ တကယ်ဆို မြောင်းမြအကျဉ်း
ထောင်နှင့် နီးသည်။ မြောင်းမြအကျဉ်းထောင်သို့ လည်း ပို့သည် ဟုသာသိရသည် တကယ်
ရောက်မရောက်တော့ မသိ။ ကျနော်တို့ ထောင်ကိုတော့ တကယ်ရောက်လာ ပါ သည်။ ထိုအချိန်က ၁၉၉၂ ခုနှစ် မိုးဦးကျ ကာစ။ ကျနော်ထောင်ကျပြီး ယက္ကန်းအလုပ်ရုံတွင် အလုပ်
ဆင်းနေသည့်ကာလ။

တူးမြောင်းရဲဘက်စခန်းဟု ခေါ်ဆိုသော်လည်း တကယ်က ကျောက်တန်းလေး ရွာအနီးမှာ ဖြစ်
သည်။ ထိုစခန်း သည် လိုင်းစခန်း အလတ်စား လိုင်းစခန်း လည်းဖြစ်သည်။ ရန်ကုန်မြို့မှ မူးယစ်ဆေးဝါးမှု့ဖြင့် ထောင်ကျလာသောသူ များကို လဒ်စား၍ ထိုရဲဘက်စခန်း သို့ ပို့လွှတ်ပေး
သည်။ ထိုရဲဘက်စခန်းသို့ ရောက်လာသောသူများမှာ ငွေကြေးတတ်နိုင်သော မူယစ်ဆေးဝါး
သုံးစွဲမှုဖြင့် ထောင်ကျလာကျသော လူငယ်လေးများ က အများစု ။ ထိုစခန်း တွင် ထိုကဲ့သို့ ငွေ
ယူ၍ ပို့လိုက်သော လူငယ်အများစု သို့သော် စခန်းတွင် အလုပ်လုပ်ကြရသည်။

ထိုကျောက်တန်းလေး ရွာသည် မြောင်းမြမြို့နယ် တွင်းရှိသည်။ ပင်လယ်နှင့် မဝေးတော့ ရေငံ
ထိစပ်သည့် ရေငန်သည့်ရွာ ဖြစ်သည်။ ရွာတွင်ရေချို ရှားသည်။ ရေချိုကို မိုးရေ တွင်းရေများ
မှ သာရသည်။ ထိုဒေသ သို့ ကျောက်ထုတ်လုပ်ရန် အတွက် ရဲဘက် အကျဉ်းစခန်း ဖွင့်လှစ်ခဲ့
ခြင်း ဖြစ်သည်။ ဖွင့်လှစ်ပြီး သုံးလလောက် အကြာတွင် ရေရှားပါးမှု အစားအသောက် ဆင်းရဲ
မှု အလုပ်ပင်ပမ်းမှု ဒါဏ်များကြောင့် အကျဉ်းသားများ မိုးဦးကျ ကာလတွင် ၀မ်းရောဂါ ဖြစ်
သည်။

ရောဂါဖြစ်ပွား မှုက မြန်သည်။ စခန်းထဲတွင် ရဲဘက်အကျဉ်းသား အင်အား (၂၄၀) မှာ နှစ်ပါတ်
အတွင်း လူ (၉၀) မပြည့်တော့ ကျနော်တို့ ထောင်သို့ လူ (၄၀) မြောင်းမြထောင်သို့ လူ (၅၀) ပို့လွှတ် စရာ လူကျန်သည်။ မြောင်းမြဆေးရုံသို့ လူ(၃၀) လောက်တင်နိုင်သည်။ ကျန်သူများ
မှာ သေဆုံးသွားသည်။ လူတ၀က်လောက်သေဆုံးခြင်းဖြစ်သည်။

ထိုရဲဘက် အကျဉ်းသားများ ကို အချိန်မှီ ဆေးရုံသို့ မပို့နိုင် စဖြစ်ဖြစ်ခြင်း အကျဉ်းစခန်းတွင် ဆေး မလုံလောက် သို့သော် လူအများမှာ အတူနေ အတူစားကြရသော ကြောင့် ရောဂါကူး
စက်ရန် လွယ်ကူသည်။ နဂိုထဲက အစာရေစာ ငတ်မွတ်မှု အလုပ်ပင်ပမ်းမှု ရာသီဥတု ဆိုးရွားမှု
ဒါဏ်တွေ ကြောင့်လူများက ခံနိုင်ရည်မရှိ ။ ထိုအခါ ကူးစက်ရောဂါဆိုးကြီးကို ခုခံစရာ ခံနိုင်
ရည် မရှိတော့။ ဖြစ်ပြီး တပါတ်အတွင်း လူအမြောက်အများ သေဆုံးကုန်သည်။

ကျန်သူများကိုလည်း ဆေးရုံသို့ အချိန်မီမပို့ နိုင် ဆေးရုံအချိန်မှီ ရောက်သော်လည်း ဆေးဝါး မရှိ။ ထိုလူတွေမှ မသေလျှင် ဘယ်သူတွေ သေမည် နည်း။ တကယ်ဆို ဆေးရုံကို အပို့ ပြခြင်း
သာ။ ဆေးရုံမပို့မီ သေဆုံးသူများက တ၀က်နီးပါး ထို့ကြောင့် စခန်းကိုပါ ပိတ်၍ လက်ကျန် အ
ကျဉ်းသား ဖိုးကံကောင်းများကို မြောင်းမြနှင့် ပုသိမ်ထောင်သို့ ခွဲပို့ လိုက်ကြခြင်းဖြစ်သည်။

ရဲဘက်စခန်းကို ငွေကြေးယူ၍ ပို့လွှတ်ခြင်း ဖြစ်သော်လည်း (ထိုသို့ လိုင်းစခန်းများ ကိုရောက်ဖို့
မလွယ်ကူပါ) သာမာန်အကျဉ်းသားများ လာနိုင်သော ရောက်နိုင်သော နေရာမဟုတ်သော်
လည်း ရောက်ရှိလာသော အကျဉ်းသားများကို အထွေထွေ မပြည့်စုံမှုများဖြင့် ၀မ်းရောဂါ ဆိုးကြီးက လက်ကမ်းကြိုဆို ခဲ့သည်။ သို့မဟုတ် သေမင်းက မျက်စေ့ကျခဲ့သည်။

ထိုနေ့က ကျနော်ရုပ်ရှင်တွေထဲမှာ မြင်ဘူးသော နာဇီစစ်အကျဉ်းထောင်များထဲမှ ဂျူး အကျဉ်း
သားများကို အပြင်မှာ သံခြေကျင်း အပိုဆောင်း ထားသော မြန်မာ ရဲဘက်ပြန်အကျဉ်းသားများ
အဖြစ် မြင်ဘူးလိုက်ရသည်။ ထို ကျောက်တန်းလေး စခန်းရဲဘက်ပြန်များ သည် လမ်းကိုလှုပ်
လီလှုပ်လဲ့ ပဲလျှောက်နိုင်သည်။ တကိုယ်လုံး ယားနာများပြည့်နေသည် မျက်တွင်းနက်နက် ပါးရိုးနားရိုးကျ အရိုးပေါ်အရေတင် လူများအဖြစ် မြင်ရခြင်းပါ။

သူတို့ရှေ့မှာ တဖြုတ်ဖြုတ်ကြွေသွားသော အတူနေရဲဘက်များ အပေါင်းအသင်း သူငယ်ချင်း
များ ကို မယုံကြည်နိုင်လောက်အောင် အံ့သြထိပ်လန့်မှုဖြင့် အိပ်မက်ဆိုးကြီးထဲမှ လမ်းထ
လျှောက် လာခဲ့ကြရလိုမျိုး တကိုယ်လုံးယားနာ ပေါက်သည်ဆိုခြင်းမှာ ပြည်အရွဲရွဲဖြင့် နေရာ
လပ်မရှိအောင် ပေါက်နေခဲ့ခြင်းကို ဆိုလိုပါသည်။ သူတို့အနီးမှဖြတ်သွားစဉ် အနာများမှ ထွက်
လာသော သွေး ပြည် အညီအပုပ်နံ့များ ပျံ့လွင့်လာသည်။ သူတို့သည် စိတ်ဓါတ်ကျခြင်း ယူ
ကြုံးမရ ခံစားနေရခြင်း ငတ်မွတ်ဆင်းရဲခြင်း ရှက်ရွံအားငယ်ခြင်းတို့ ခံစားနေရသည်။

ထိုသူတို့ ထဲမှ အများစု သည် မူးယစ်ဆေးစွဲလာသော လူလတ်တန်းစား ပညာတတ်အလွှာမိ
သားစု အထက်တန်းမိသားစု တို့မှ လည်းဖြစ်သည်။ သို့သော်သူတို့ ဘ၀တွေအကြောင်းကို မ
ပြောကျတော့။ ကျနော်တို့ အဆောင်သို့ ခွဲတန်း လူ(၂၀)ခန့် ရောက်လာသည်။ ထုံးစံအတိုင်း
အိမ်သာဝန်းကျင်တွင် နေရာချထားပေးသည်။ သူတို့ကလည်း ကြိုက်နှစ်သက်ပါသည်။ အ
ဘယ့်ကြောင့်ဆိုသော် ထို ၀မ်းရောဂါဆိုးကြီးဘေးမှ လွတ်မြောက်လာခဲ့သော်လည်း ၀မ်းကိုက်
ဝေဒနာ ကိုယ်စီခံစားနေရသောကြောင့် ဖြစ်သည် ထိုအခါ အိမ်သာသို့ ဝေးဝေးလံလံ မသွားရ
တော့။

ကျနော်တို့ အခန်းမှာ သူတို့အပါအ၀င် လူ(၁၀၀) ခန့် ဖြစ်သွားသည်။ ယခင်ကတည်းက အိမ်
သာ တလုံးထဲကို မျှသုံးနေရခြင်းဖြစ်ရာ ထိုဝမ်းကိုက် ဝေဒနာသည် ရဲဘက်ပြန်များ ရောက်
လာသော အခါ သူတို့ အဖွဲ့က နေရာဦးထားသလို ဖြစ်လာသည်။ သူတို့ အဖွဲ့က နေရာအ
ပြည့်ယူထားသည်။ သူတို့လူနှင့် အဆက်မပြတ်တော့ ကျနော်တို့ နှစ်ကြီးသမားတွေက အကျင့်
ဖြစ်နေသည်က တန်းဖွင့်ပြီးမှ အိမ်သာကို တက်သည့် အကျင့်ကြောင့် ပြဿနာမဖြစ်သော်
လည်း အိပ်ယာနိုး အိမ်သာသွားတတ်သူများအတွက် ပြဿနာကြီး ပါသည်။ အိမ်သာရှေ့တွင်
တသီတတန်းကြီး တန်းစီနေတော့ သည်။

နောက် သောက်ရေ ပြဿနာ သောက်ရေကို နှစ်ကြီးသမားတွေက ကိုယ်စီ ပလပ်စတစ်ပုလင်း
များပလပ်စတစ်ပုံးများဖြင့် သယ်ယူလာပြီး သီးသန့်သောက်ကျသော်လည်း အများစုမှာ အပြင်
၌ ချထားသော လေးဆယ်ဝင်အိုး နှစ်လုံးမှ ရေကို ပလပ်စတစ်ခွက်ဖြင့် ခပ်သောက်ကျရသော
ကြောင့် ခွက်ကို အများသုံးထားသောကြောင့် သောက်လိုသော် ရေအိုးထဲသို့ နှစ်ခပ်ကြရသည်။
ထိုအခါ ရောဂါကူးစက်မှုများက စလာသည်။ တော်တော်များများ ၀မ်းကိုက်လာကြသည်။

အကျဉ်းသားများ စွန့်ထားသော ကျင်ငယ်ကိုလည်း ဥယာဉ်တောင်ယာတာဝန်ကျအကျဉ်းသား
က ခွက်ဖြင့်ခပ်၍ စိုက်ပျိုးထားသော ကိုက်လံ မုန်လာ မုံ့ညှင်း များကို လောင်းသောကြောင့် ဟင်းသီးဟင်းရွက် စားသုံးမှုများမှလည်း ရောဂါကူးစက် သည်များလည်း ရှိနေပါမည်။ ကျနော်တို့ ဆောင်မှာ ရော အခြား သူများအဆောင်မှာရော ၀မ်းကိုက်သူ ယားနာပေါက်သူများ များ လာသည်။

ထိုရဲဘက်ပြန် အကျဉ်းသားများသည် ညဖက်တန်းဖွင့်ချိန်တွင် စုပေါင်းသီချင်းဆိုကြရာ တွင်
တော့ သူတို့က ဆိုတတ်သည်။ အားလုံးက မူးယစ်သမားများဖြစ်ကြ ၍ လားမသိ။ သူတို့ အုပ်စု
များသည် အထွေထွေ နိမ့်ကျမှုများ ကြုံနေကြရသော်လည်း ထောင်စကားဖြင့် ဂိ ဖြစ်နေသော်
လည်း အခြားသူများ ထံမှ တောင်းခြင်း မလုပ်ကြပါ။ အရင်ရောက်နှင့်နေသည့် အကျဉ်းသား
များက ပေးနိုင်သည်များကို လိုအပ်သလောက် ခွဲပေးကြသဖြင့် သူတို့ ရကြသည်။ သူတို့ အုပ်စု
၏ ထူးခြားချက်မှာ လူနည်းနည်းစီလျှော့သွား ခြင်းကို အစက သတိမထားမိ။ သူတို့ အုပ်စုထဲမှ
ကျနော်နှင့် ခင်နေသော တယောက် မတွေ့၍ မေးကြည့်သောအခါမှ လွန်ခဲ့သောသုံးလေးရက်
က ညနေပိုင်း အပြင်ဆေးရုံ ထုတ်သွားသည်။ ထိုညကဆုံးသွားကြောင်းပြောပြပါသည်။

ထိုလူငယ်လေးသည် သဘောကောင်းသည် သီချင်းဆိုကောင်းသည် ယဉ်ကျေး သိမ်မွေ့သည်
သူမိသားစု အကြောင်းကျနော်မေးသော်လည်း မပြော ကျနော်က သူ့ကို ခင်သည်။ သူကို စားဖို့
ဟင်း ဆေးလိပ် ပုံစံပုဆိုး အကျီများကို ပေးလျှင် သူတယောက်ထဲ မသုံး သူ့သူငယ်ချင်းများနှင့် မျှသုံးသည်။ သူက သူတို့အုပ်စုထဲက သီချင်းဆိုကောင်းသူများထဲက တယောက် သူကစိုင်းထီး
ဆိုင်ရဲ့သီချင်းများကို အဆိုများသည်။ သဘာဝရဲ့ ရင်သွေးငယ် သီချင်းက သူ့အကြိုက်သီချင်း။

သူရုတ်တရက် ပျောက်သွားလို့ မေးကြည့်တော့သေဆုံးသွား ကြောင်းပြောပြသည်။ ကျနော်က သူသေဆုံးလိမ့်မည် မထင် သူ လမ်းလျှောက်နိုင် စကားပြောနိုင်သည် မနက်ဖက်နေရောင်ခြည်
လာလျှင် သူနေပူဇာ လှုံနေတတ်သည်။

ကျနော်က သူ့ကို မတွေ့သဖြင့်မေးသောအခါမှ သူသေသွားသည်မှာ သုံးလေးရက်ရှိသွားပြီ။ သူ
သေဆုံးပြီးမှ သူ့အိမ်က အမေနှင့်အမ လိုက်လာသည်။ သူတို့ကား နှင့် သူတို့ လာသူများ သူအ
လောင်းကို ခြေကျင်းသွားဖြုတ် ပေးသော သူက ကျနော့်သူငယ်ချင်း မောင်စိုး သူခြေကျင်းသွား
ဖြုတ်တော့ ထိုလူငယ်လေး၏ အမေနှင့် အမကို တွေ့ရခြင်းဖြစ်သည်။ ကောင်းမွန်စွာ သဂြိုလ်
ပြီး မှ ပြန်သွားကြသည်။ ပိုက်ဆံအကုန်အကျ အတော်ခံသွားသည်။ သူ့နောက်ကြောင်းသည်
ဘာလို မျိုးဖြစ်ခဲ့သည် ကိုတော့ ကျနော်မသိ။

ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ ထိုလူငယ်လေးသည် လူစင်စစ်ဖြစ်၍ သူ၏ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့်
ထောင်ဒါဏ် ကျခံလာရခြင်း သာဖြစ်သည်။ ထိုလူငယ်လေးကို နောင်ကျဉ်အောင် ဒုက္ခကို အ
စားထိုး နှိပ်စက်သည် ဆိုလျှင် သေလောက်အောင်တော့ ဒုက္ခ မပေးသင့်ပေ။

မောင်စိုးကတော့ သေဆုံးသူများ ခြေကျင်းကိုဖြုတ်ပေးနေကျ ရဲဘက်သွားရမည့် အကျဉ်းသား
များကို ခြေကျင်းတပ်ပေးနေကျ ကြာပီ။ ကျနော့်သူငယ်ချင်း ခင်ဝင်းအောင် ထောင်(၇)နှစ်ကျ
ပြီး ထိုခြေကျင်းဘုတ်တွင် လုပ်ရသည်။ အလုပ်တာဝန်ချထားသည် သူကပန်းပဲသမားဖြစ်၍ ထို
နေရာသို့ ချထားခြင်းလည်း ဖြစ်သည်။ သူက ပန်းပဲလည်း လုပ်ရသည်။ ခြေကျင်းပြင်ခြင်း ခြေ
ကျင်း တပ်ဖြုတ်လုပ်ခြင်းတို့ သူတို့လုပ်ရ၍ ထောင်ထဲကနေ အပြင်ဆေးရုံသို့ လွဲပြောင်းပေးရ
သောအချိန်တွင် ဘယ်သူကို အပြင်ဆေးရုံထွက်သွားပြီကို သူတို့သိသည်။

ထိုလူငယ်လေး ခြေကျင်းဖြုတ်ချိန်က မောင်စိုးတယောက်သာရှိပြီး ကျနော်နှင့် မောင်စိုး မရင်း
နှီးသေးသောကြောင့် မသိ။ အပြင်ဆေးရုံကို ထုတ်သည်ဆိုသည်မှာ လည်းလွယ်လှသည်တော့
မဟုတ်ထောင်ကျသို့ အချူပ်တာဝန်ခံ ထောင်မှုးလက်မှတ် ထောင်ဆရာဝန်လက်မှတ် ထောင်
ပိုင်ကြီးလက်မှတ်လိုသည်။ ထောင်မှုး ထောင်ပိုင်များက တာဝန်ခံသော်လည်း ထောင်ဆရာဝန် မှ အပြင် မထုတ်သင့်ပါ ဘူးဆို ဘာမှမတတ်နိုင် ထောင်ဆရာဝန်၏ သဘော ထို့ကြောင့် ထောင်ဆေးရုံမှ အပြင်ဆေးရုံသို့ ထုတ်ယူဖို့က မလွယ်။

ထောင်ဆရာဝန်က သေဆုံးခါနီးလူမမာကို သာ အပြင်ထုတ်စေသည်။ ထိုသူသေဆုံးလျှင် အပြင်ဆေးရုံမှာသေဆုံးကြောင်း သက်သေပြရန်ဖြစ်သည်။ သူနှင့်အဆင်မပြေလျှင် သေခါနီး
နာရီပိုင်းအလိုမှ အပြင်ဆေးရုံထုတ်ခွင့်ပြုသည်။

ကျနော် စစ်အစိုးရ အကျဉ်းထောင်အတွင်း နေထိုင်စဉ် ယုတ်မာမှု ရက်စက်မှု လူမဆန်မှု ရမ်း
ကားစော်ကားမှု အနိုင်ကျင့်နှိပ်စက်မှု ပေါင်းစုံကို ကိုယ်တိုင်လည်းကြုံခဲ့ရ၍ အခြားသူများအပေါ်
ပြုမူကျင့်ကြံသည် များကိုလည်း ကြုံခဲ့ရသည်။ ရာဇ၀တ်သားထဲမှ တကယ့်ကမ်းကုန်အောင် ဆိုး
သွမ်း ရက်စက် ယုတ်မာသူများကိုလည်း တွေ့ဖူးပါသည်။ သို့သော် ထို အကျဉ်းထောင် ဆ
ရာဝန် ဒေါက်တာ ခင်မောင်ဝင်းလောက် ဆိုးသွမ်းယုတ်မာ သူကို မတွေ့ဘူးပါ။ ကျနော်နှင့် ပု
ဂ္ဂိုလ်ရေး အဆက်အစပ်မရှိပါ သူပေါ်ပုဂ္ဂိုလ်ရေးမုန်းတီးမှု မရှိပါ လူမဆန်မှု ယုတ်မာကောက်
ကျစ်မှု များကိုသာ တင်ပြချင်ပါသည်။ ထိုသို့ပြောမှသာလျှင် သေဆုံးသွားသူ ထိခိုက်နစ်နာသူ
များ အပေါ်တွင် ပြောခွင့်ရသော ကျနော် တာဝန် တစိတ်တဒေသ ကျေမည် ဟု ယူဆပါသည်။

ကျနော်နှင့်အတူ ထောင်ကျဖက် များ ကိုမေးကြည့်ပါက သိနိုင်ပါသည်။ ရဲဘက်စခန်းသို့ မ
လိုက်ပါလိုပါက ထိုဆရာဝန်က ရဲဘက်လိုက်ရန် ကျမ်းမာရေးအခြေအနေ မရှိ လုပ်ပေးလို့
ရသည်။ ထိုအခါလဒ်စားသည်။ လဒ်မရလျှင် ကျမ်းမာရေးအခြေအနေအရ ဘယ်လောက်ပင်
ဆိုးသည် ဖြစ်စေ လိုက်ပါခွင့်ပြုသည်။

ကျနော်အချူပ် အကျဉ်းသား ဘ၀က ဆေးခန်းလိုက်ခြင်း နှင့်ထောင်ဆေးရုံအကြောင်း ကျနော်
ပြောချင်သည်ဟု ကျနော်ပြောခဲ့ပါသည်။ မနက်စောစော ဆေးခန်းလိုက် ရမည့်သူများသည်။ မ
နက် တန်းဖွင့်ပြီးသည် နှင့် ဆေးခန်းရှေ့မှာ (၂) ယောက်တွဲ တန်းစီစောင့်နေရသည် ဆရာဝန် မ
လာမှီ မနက် (၈)နာရီ ခွဲလောက်မှာ အချူပ်ရုံးထွက်များနှင့် အတူ ထမင်းစားရုံသို့ သွားစား ရ
သည် ပြန်လာ လျှင် ဆေးခန်းရှေ့မှာ ဆက်တန်းစီရသည်။

ဆရာဝန် မလာမခြင်း ဆက်စောင့်နေရသည် ဆရာဝန်က မနက် (၁၀) နာရီဝန်းကျင်မှာ လာ
သည် ဆေးခန်းသို့ လာသည့် လူနာများကို ဆေးရုံ ဘုတ်ကိုင် တန်းစီးက နာမည်ခေါ် ပေးသည်
ထိုတန်းစီး သည် ဆရာဝန်၏ လက်ရင်းလူမိုက် လည်းဖြစ်သည် တောက်တိုမယ်ရလည်း ဖြစ်
သည်။ ထောင်ဆေးရုံသို့ ပိုက်ဆံပေး၍ တက်သော လိုင်းလူများ စားဖို့ ဆေးရုံရိက္ခာ စားဖိုမှုး
လည်း ဖြစ်သည်။ ထောင်တွင်း ထိုနေရာရဖို့ မလွယ် သူမှာ စားပေါက်တွေ တော်တော်ရှိသည်။

ထိုနာမည် ခေါ်ပေးသော တန်းစီးသည် ဆေးခန်းသို့ ရောဂါ လာပြသော သူများကို မကျေနပ်ပါ
က အကြောင်းရှာ၍လည်း ရိုက်နိုင်သေးသည်။ ထိုသို့ သဘောဆိုးဆိုး လူမိုက်ကို ဆက်ဆံရေး
မကောင်းသော လူမိုက်ကို ထားခြင်းဖြင့် ဆေးခန်းသို့ လူနာများ မလာစေရန် ဖြစ်သည်။ သို့သော်
ထောင်တွင်းတွင် ဆရာဝန် ခွင့်ပြုချက်မပါ ပဲ မည်သည့် အင်္ဂလိပ်ဆေး မှ မိမိတွင်ထားခွင့်မရှိ
မိလျှင် တိုက်ပိတ်ခံရမည်။

ဘာမီတွန် တလုံးနှစ်လုံးတွေ့ရုံနှင့် တိုက်သုံးလလောက် ပိတ်ခံရနိုင်သည်။ ထောင်အခြေအနေ
ပေါ်လည်း မူတည်သည်။ ထို့ကြောင့် ကိုယ့်ဘာသာ မဆောင်ထားရဲ။ ဆေးခန်းကို ပြပါကလည်း
ဆေးသုံးလေးမျိုးသာ ပေးသည်။ နေမကောင်းလျှင် ပါရာစီတမော နှင့် ဘာမီတွန် ၀မ်းကိုက်လျှင်
မက်ထရိုနှင့် ကလိုရိုဖီနီကော ၀မ်းသွားလျှင် သာရာဆပ် ဆေးသုံးလေးမျိုးကို ပဲပေးသည်။
တနေ့စာပဲ ပေးသည်။ နေ့စဉ်တန်းစီရသည်။

ဘာရောဂါဖြစ်ဖြစ် ထိုဆေးသုံးလေးမျိုး သို့သော် မေးတော့မေးသည်။ မင်းအိမ်က ဘယ်တော့
ထောင်ဝင်စာ လာမလဲ ထောင်ဝင်စာလာလျှင် ဆေးဘိုးတတ်နိုင်လား။ ခုမင်းဆေးဖိုးပေးနိုင်
လား ထောင်ထဲမှာ ပိုက်ဆံ မကိုင်ရပေမဲ့ ပွဲစားဆေးရုံ တန်းစီးသို့ ငွေပေးလျှင် ဆေးထိုး ပေး
သည်။ ဆေးထိုးပေးသည်ဆိုသည်မှာ တခါသုံးအပ်မဟုတ် တခါသုံးအပ်နှင့်သုံးလိုသော် ဈေးတ
မျိုး အမှန်တကယ် နေမကောင်းသောသူများမှာ တန်းစီစောင့်ရခြင်း ပုံစံ ထမင်းဟင်းသာ
စားရခြင်းများ ရှိသော်လည်း ပိုက်ဆံပေး၍ ဆေးရုံတက်ကြသော သူများမှာဆေးရုံပုံစံပို
ကောင်းသော ထမင်းနှင့် ဟင်းကို စားရနိုင်သည်။

(ဆက်လေပါဦးမည်)

Read more...

Tuesday, November 17, 2009

နှစ်သက်ခြင်းအကြောင်းများ




















နှစ်သက်ခြင်းအကြောင်းများ

နှစ်သက်ခြင်းအကြောင်းကို ကျနော် တွေးကြည့်ပါသည် နှစ်သက်ခြင်းက နှစ်သက်ခြင်း အ
ကြောင်း မတွေးပဲ ကျနော်က နှစ်သက်ခြင်း အကြောင်း အရာကို ၀င်တွေးတာ ကျူးကျော်မှု
တခု မဟုတ်ကြောင်း ကျနော်ရှင်းပါ ရစေ။

ကျနော်က နှစ်သက်ခြင်းအကြောင်းကို ပြောရာမှာ မနှစ်သက်မှာ စိုးလို့ ကျနော်ရှင်းပြနေခြင်း
လည်း ဖြစ်နိုင်ပါသည်။

သိပ်တော့မရေရာပါ။ ထိုမရေရာမှုတွေပဲ ရေရာနေခဲ့တယ်ဆိုတာတော့ ဆီသည်မ လက်သုတ်
လို လူတကာလည်း ပြောခဲ့ပြီးပြီ ဆိုတာ ခင်ဗျားလည်းသိတဲ့အတိုင်းပါပဲ။

တခါတလေမှာ နှစ်သက်ခြင်းအကြောင်းကို တွေးရတာ တကယ်ပဲ နှစ်သက်ဖို့ရှိပါသည်။

နှစ်သက်ခြင်းက အကန့်အသတ်မဲ့လွန်းပြီး စည်းကမ်းလည်း မရှိပါ။ လူကြီးလူကောင်းယောင်
ဆောင်မှုနဲ့ သနားကြင်နာခြင်းတွေကိုလည်း ဖေါ်ဖေါ်ပြတတ် သေးသည်။

ထိုအရာတွေကို တကယ်ဟု ခင်ဗျားခံစားမိပါသလား ခင်ဗျားခံစားမိခြင်း မမိခြင်းထက် အမှန်
တကယ်တော့ ရှိခဲ့ပါသည်။ ထိုသို့ခံစားမိခြင်းသည် မမှားယွင်းကြောင်း ဒီနေ့မနက်ခင်းမှာ ကျ
နော်သက်သေပြချင် နေပါသည်။

ကောင်မလေးတယောက်သည် ရေနှောက်ကျိနေသော ရေကန်တခုဘေး၌ ထိုင်၍ ရှိုက်ကြီး တ
ငင်ငိုနေသည်ကို ကျနော်ကြည့်နေသည်မှာ အချိန်ဘယ်လောက်ကြာသွားခဲ့ပြီဆိုတာတော့ ကျ
နော်မသိပါ။ ကျနော်မှာ နာရီမရှိသောကြောင့်လည်း ဖြစ်နိုင်ပါသည်။

ထိုကောင်မလေး၏ ပုံသဏ္ဌာန်ကို အမျိုးမျိုး တွေးတော ကြည့်နိုင်ပါသည်။

ထိုကောင်မလေးသည် အသားဖြူဖြူ နက်မှောင်သော ဆံပင်ရှည်များကို စုစည်းထားပြီး ရှည်
လျား သွယ်ပြောင်းသော လက်ချောင်းကလေးများရဲ့ပိုင်ရှင်လည်း ဖြစ်နိုင်ပါသည်။ သို့မဟုတ်
အသားညိုညို ဆံပင်မတိုမရှည်နှင့် ပိန်ပိန် ရွက်ကြမ်းရေကြို ရုပ်ရည်ရှိသော ကောင်မလေးလဲ
ဖြစ်နိုင်ပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် ထိုကောင်မလေးသည် ခပ်နွမ်းနွမ်း ဂျင်းဘောင်းဘီအဟောင်းလေး တထည်
ကို ၀တ်ဆင်ထားပါသည်။ ထိုသို့ဝတ်ဆင်မှုများ၌ ဂဏန်းသင်္ချာသဘောများ ပါဝင်နေသည်ကို
တော့ ထိုကောင်းမလေးပဲ ပိုသိပါလိမ့်မည်။

ထိုဘောင်းဘီလေးသည် ဂျင်းဘောင်းဘီ ဖြစ်နေခဲ့သောကြောင့် ဟောင်းနွမ်းသွားသော်လည်း
ထိုကောင်မလေးအတွက် သိက္ခာမကျပါ။ သို့သော် သူမ ထိုဂျင်းဘောင်းဘီလေးကို နှစ်သက်ခဲ့
ရခြင်းကိုက သူမကို သူမ နောက်ပြောင် ကျီစယ်စရာ ဖြစ်နေခဲ့ပါသည်။ သူမသည် ဂျင်းဘောင်း
ဘီကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့ပါ။

ကျနော် ထိုကောင်မလေးကို ဆက်မကြည့်ချင်တော့ ကြည့်ဖို့ရန် အားအင်မရှိသော ကြောင့်
လည်း ဖြစ်ပါသည်။ ထိုကောင်မလေးသည် အချိန်မည်မျှကြာအောင် ဆက်လက် ငိုကြွေးနေဦး
မည် ဆိုတာကို တော့မသိပါ။

ကျနော်အရက်ကို မနှစ်သက်ပါ နှစ်သက်စရာလည်းမလိုပါ သို့သော် အရက်သည် မကောင်း
ဆိုးရွား မိစ္ဆာဒိဌိတကောင်လည်း ကျနော့်အတွက် မဟုတ်ပါ ကျနော်သည် အရက်ဖြတ် ဆေးရုံ
ကြီးမှ ပုံမှန်ခွက်ပုန်းသောက်လေ့ သောက်ထ ရှိ၍ အရက်ဆိုတာ သောက်တတ်လျှင်ဆေး မ
သောက်တတ်လျှင်ဘေး ဟုလည်း ကိုယ့်ကိုကိုယ်ကာကွယ်ရင်း အခြားသော အရက်သမားများ
ကို ဆုံးမတတ်သူ ဆရာဝန်လည်း မဟုတ်ပါ။

အဘယ့်ကြောင့်ဆိုသော် ဆုံးမခြင်းကို ကျနော် မနှစ်သက်၍ ဖြစ်ပါသည်။ သို့သော် ကျနော့်ကို
ဆုံးမသူများကိုလည်း ကျေးဇူးတင်ပါသည်။ သူတို့မှာအကြောင်း အမျိုးမျိုးရှိနိုင်ပါသည်။ သူတို့
ဆိုဆုံးမလျှင် သူတို့ မနှစ်သက်သော အရာများကို ကျနော်လုပ်ခြင်းမှ ရပ်တန့်သွားမည်ဟု ထင်
သောကြောင့် ဆုံးမခြင်းဖြစ်သလို ဆုံးမရန် ၀တ္တရားတခုအနေဖြင့် ဆုံးမခဲ့ခြင်းလည်းဖြစ်ပါလိမ့်
မည်။ ဘာပဲဖြစ်ဖြစ် ထိုဆုံးမသူများ၏ ဆုံးမမှု အားလုံးကို ကျနော် မနှစ်သက်သော်လည်း ကျ
နော် ကျေးဇူးတင်ပါသည်။

ထိုကျေးဇူးတင်ခြင်းမှာလည်း ကျနော်က မနှစ်သက်ခဲ့သော်လည်း နှစ်သက်မှု တခုအဖြစ် လက်
ခံခဲ့ ရခြင်းကြောင့်လည်း ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ကျနော် မနှစ်သက်ခဲ့သော အရက်ကို နှစ်
သက်ချင်ယောင်ဆောင်၍ လည်းမသောက်ပါ။ ကျနော် နှစ်သက်ချင်ယောင်ဆောင်၍ သောက်
သော အခါ၌ ဆုံးမခဲ့သူများကိုလည်း ကျနော်မနှစ်သက်ပါ။

အချို့သောညများ၌ အရက်ကို ကျနော်နှစ်ခြိုက်ပါသည်။ ရာသီဥတုကောင်းမွန်သော ပင်လယ်
ကမ်းခြေတခုရဲ့ ည၌ အရက်သောက်၍ စောင်ပါးပါးတထည်ခြုံအိပ်ရခြင်းကို ကျနော်နှစ်သက်၍
လည်းဖြစ်ပါသည်။ ကံကောင်းလျှင် နံနက်ခင်း အိပ်တန်းပြန်သော ညဥ့်ငှက်ကလေး တကောင်
၏ ကြင်ကြင်နာနာ အနမ်းလေးတခုကို လည်း နှစ်သက်ဖွယ် ကျနော်ရရှိနိုင်ပါသေးသည်။

ထို့ကြောင့် နှစ်သက်ခြင်းများသည် အကန့်အသတ်ရှိ၍ စည်းမဲ့ကမ်းမဲ့နိုင်လှ သည်ဟု ကျနော်
ပြောခဲ့ခြင်းဖြစ်ပါသည်။ အခြားသူများသည်လည်း နှစ်သက်ခြင်းများစွာ ရှိနေနိုင်ပါသေးသည်။

(ပြီးပါပြီ)
တောလူသစ်

တောလူသစ်၏ စာနှင် ဂူးဂလ်ဓါတ်ပုံပိုင်ရှင်၏ ခွင့်ပြုချက်မပါ အမည်မသိ ကူးတင်မိပါသည်

Read more...

Sunday, November 15, 2009

စစ်အစိုးရ အကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ(၈)









စစ်အစိုးရ အကျဉ်းထောင်အတွင် ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ(၈)

ကျနော့်ကို လာရောက်စစ်ဆေးပြီး သိပ်မကြာ နှစ်ပါတ်အတွင်း ကျနော့်အမှုတွဲများ အများကြီး
ရောက်လာသည်။ ထိုအချိန်က ငါတော့အဖေါ်ရပြီ ကိုယ်ခေါ်တာ မဟုတ်ပဲ သူတို့ဘာသာ
ရောက်လာသည့် အပေါ် လူစုံတက်စုံ ပြန်ဆုံရတာမို့ ၀မ်းသာနေသည်။ ကျနော် နှင့်မသိသည့်
သူ မပါ (၄)ဦးပဲ မသိ ကျန်သူတွေကို တနည်းနည်းနှင့် သိထားသည်။ ထိုအခါမှ အော.ဒီလူ
တွေက ဒီလိုပါလားဟု ကျနော်သိသည်။

တရားဝင် ကျနော် သိသည်က (၄)ယောက် ထဲသာ တကယ်ရောက်လာတော့ လူ(၂၀)ကျော်
ဝမ်းသာစရာ မဟုတ်ပေမဲ့ ငြင်းမရတဲ့ဘ၀မှာ ခုလို တမြို့ထဲသားခြင်း ၀ါသနာတူသူခြင်း ဆုံကြ
ရတာ ၀မ်းသာသည် ကျနော့်နှင့်ကျောင်းနေဖက် သူငယ်ချင်း(၂)ယောက်ပါသည် အိမ်နီးချင်း
အကို တယောက်ပါသည် ကျနော် အကိုလို ဆရာလို ချစ်ခင်ရသူများပါသည် ကျနော်ဘကြီးလို
အဘလို လေးစားရသူများပါသည်။ ၀ါတော်(၄၀)ရှိ ဆရာတော်တပါး ပါသည်။ ကျိမ်းသေတာ
က ကျနော်ခေါ်ခြင်းမဟုတ်။

ကျနော်က ဘာမှမသိ ထိုလောက်လူအင်အား များများ အဖမ်းခံရခြင်းအပေါ် အံ့သြနေသည်။ သို့သော် ဗိုလ်ခင်ညွန့်ပြော သလိုပင် လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ပြင်နေသူများ သောင်းကျန်းသူနှင့် ဆက်သွယ်နေသူများမှာ သူငယ်ချင်းများ မကင်းရာမကင်းကြောင်းများ ဆ
ရာတပည့်များ သာဖြစ်သည် ပုဂ္ဂိုလ်ရေး အစုအဖွဲ့လေးများသာ ဖြစ်သည် ဟုသတင်းစာ ရှင်းလင်းပွဲ ၌ပြောခဲ့သည်။ ကျနော်တို့က လည်း သူငယ်ချင်းများ ယုံကြည်ရာတူ သူငယ်ချင်း
များ စုဖွဲ့လှုပ်ရှားခဲ့ကြခြင်းဖြစ်သည် သူပြောသည်မှာလည်း မှန်သည်။ ကျနော့်တို့ယုံကြည်ချက်
တူညီသူများသည် သူငယ်ချင်းများလည်း ဖြစ်နိုင်သည် မိဘဆွေမျိုး ဦးကြီးများလည်း ဖြစ်နိုင်
သည် ထိုသို့မဖြစ်ရဘူးလား ဖြစ်ခွင့်မရှိဘူးလား။

ကျနော့် ငယ်သူငယ်ချင်း နှင့် ရဲဘော်များရောက်လာတော့ တွေ့ချင်သည်။ စကားပြောခွင့်ရချင်
သည်။ သို့သော်မတွေ့ရ စကားပြောခွင့်မရ ကျနော်ကလည်း ဘယ်လိုအဖမ်းခံရသည်။ ထောက်လှမ်းရေးမှာ ဘာတွေထွက်ခဲ့သည် ကိုသိချင်နေသည်။ သုံးရက်ခန့်အကြာမှာတော့ ကျ
နော် တွေ့နိုင်ဖို့ လမ်းစပေါ်လာသည်။ ဆံပင်ညှပ်ဘုတ်မှ ဘုတ်ကိုင် ကိုသန်းသည် ကျနော်တို့ နှင့်တဆောင်ထဲ တခန်းထဲ ကိုသန်းကို အကူအညီတောင်းရသည် “ကိုသန်း လွန်ခဲ့တဲ့ တရက်
နှစ်ရက်က ရောက်လာတဲ့ ၅(ည)တွေက ကျနော်တို့မြို့က သူငယ်ချင်းတွေပါ ကိုသန်းဆံပင်
သွား ညှပ်ရရင် ကျနော့်ကိုပါ ခေါ်ပါ” လို့ပြောထား ခွင့်တောင်းထားသည်။

တကယ် သွားခွင့်ရသောနေ့တွင် ကျနော့်ကိုခေါ်သည် ကျနော်က ဆံပင်ညှပ်ဆရာ ဘုတ်ကိုင်ရဲ့
တပည့် ဆံပင်ညှပ်အကူ တာဝန်ဖြင့်လိုက်ခွင့်ရသည်။ ကျနော့်သူငယ်ချင်းကို လက်ပါးတိုက်ခေါ်
အရေပြားရောဂါသည်များ ယခင်ထားရာတိုက် သို့ နေရာချထားပေးသည်။ ထိုတိုက်ခန်းသို့ ကျ
နော် လိုက်ပါခွင့်ရသည် ။ ကျနော့် သူငယ်ချင်းမှာ စစ်ကြောရေး စခန်းမှာ အတော်လေး ထု
ထောင်းခံခဲ့ရသည် ထင်သည်။ လူကဖြူပတ်ဖြူရော် ဆံပင်ကညှင်းသိုးသိုး မုတ်ဆိပ်မွေးများနှင့်
သူနှင့် စကားပြောရင်း ကျနော်က အကြမ်းညှပ်ပေးရသည်။ အကြမ်းညှပ်မပေးပဲ ထိုင်လေပန်း
နေလျှင် မိသွားပါက အမှုကြီးသွားနိုင်သည်။

ကျနော့်ကို ကိုသန်းက အကျဉ်းထောင်အတွင်း ထားရသည့် ရှေ့တလက်မ နောက်ပြောင် ပုံစံ
ဆံပင်အတွက် အကြမ်းဆံပင်သားများကို စက်ကပ်ကြေးဖြင့် ထိုးချခိုင်းသည် ထိုသို့ ထိုးချရင်း
ကျနော် စကားပြောရသည် အခြေအနေအားလုံး သိနိုင်ရင်မေးရသည်။ နောက်ကျန်သည့်သူ
များနှင့် အဆက်သွယ်ရပါက ဆက်သွယ်နိုင်ရန် စီစဉ်ရသည်။ ကျနော်ဖွက်ယူသွားသော ဆေး
လိပ်တချို့က အသုံးတည့်သွားသည်။

ကျနော်အဖမ်းခံရ ပြီးချိန်မှစ၍ (၆)လအကြာတွင် သူတို့ကို ဖမ်းမိခြင်းဖြစ်သည်။ ကျနော်နှင့်ပြန်
ဆုံတော့ (၇)လခန့် ရှိနေပြီဖြစ်သည်။ နောက်သူတို့ကို ထောင်ဗူးဝတွင် ရုံးချိန်းပေးသည်။ တရားသူကြီးတဦးက လာ၍ ရမာန်ယူရုံးချိန်းပေးသည်။ မိသားစုများနှင့် ထောင်ဝင်စာတွေ့ခွင့်
ရသည်။ ထို့သို့ ရုံးချိန်းရမာန်ယူ ပြီး (၃)ပတ်မြောက် ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ(၅) ရက်နေ့တွင်
မနက်စောစော ကျနော့်နာမည်ကို ခေါ်၍ ဗူးဝကြီးသို့လာရန် ပြောပါသည်။ ကျနော်ရောက်သွား
သောအခါ ကျနော်တို့အမှုတွဲများ အားလုံးရောက်နေလေပြီ။

ထိုနေ့ ကျနော်တို့ကို တရားရုံးမှ အမှုပြန်ရုတ်သိမ်း ကြောင်းပြောသည် ထိုသို့ အမှုပြန်ရုတ်သိမ်း
လျှင် ကျနော်တို့ လွတ်ပြီပေါ့ သို့သော်မလွတ် ကျနော်ကတော့ ထားပါတော့ ကျန်သူတွေက မ
လွတ် မလွတ်သော်လည်း ရီစရာပြောနိုင်ကြသည်။ ရဲသတင်းတပ်ဖွဲ့(SB)က ကျနော်တို့ ရဲ့ တ
ရားလို ဖြစ်သည်။ ကျနော်တို့ လွတ်နေပြီလေဗျာ လို့ သူတို့ကို ပြန်ပြောနိုင်သည်။ သူတို့က
တော့ မအီမလည် မျက်နှာများနှင့်ပေါ့ တကယ်ကတော့ သူတို့ စိတ်ထဲမှာလည်း သိနိုင်သည်။
သူတို့ မတရားတာ ကို သို့သော် ကျနော်တို့က တကယ်မလွတ်ဘူး ဆိုတာလည်း သိသိ နှင့်စ
နိုင် နောက်နိုင် နေကြသည်။ ပျော်သလိုလို တောင်ရှိသည်။ ကျနော်တို့က အခြားတာဝန် ယူစ
ရာ ဘာမှ မရှိတဲ့ ပုဂ္ဂိလိကဘ၀တွေမို့ ပျော်နိုင်တာလည်း ဖြစ်နိုင်သည်။

ကျနော်တို့ မနက် ထမင်းစားပြီးချိန်တွင် တခါ ထပ်လာပြီးခေါ်သည် ထိုစဉ်မတိုင်ခင်ထဲက ကျ
နော့်ကို ရုံးထုတ်စဉ်ကပင် နောက်မှုကပ်ပြီ ဆိုတာသိပါသည်။ ဘယ်လောက်ကျမည် ဆိုတာ
တော့လည်း မသိ။ ကျချင်သလောက်သာကျ ပါစေတော့ တွေးမိသည်။ စိတ်ထဲမှာ အားလုံး
ကင်းကင်း လွတ်လွတ်သိတာ ကောင်းသည်။ ထောင်ထဲမှာလည်း ပြောလေ့ ပြောထရှိသည် ထို
သို့ ထောင်ကျသွားလျှင် လွတ်ရက်သိသွားတာပေါ့ ဟုပြောကြသည်။ ထိုစကားသည် မဆိုး ကျ
မည် မကျမည်ကို မသိရသော အခြေအနေကြီးထက် ပိုကောင်းသည်။

ထမင်းစားပြီးချိန် ရုံးထွက်ရသည်ကတော့ ထောင်ဗူးဝရှိ စာကြည့်တိုက်အမည်ခံ အဆောက်အ
ဦထဲတွင် ဖြစ်သည်။ ကျနော်တို့ကို နှစ်ယောက်တွဲ လက်ထိပ်ခတ်သည်။ ရဲ အစောင့် သေနတ်
နှင့် ဘေး ကအဆင်သင့် လိုက်ပါသည်။ ဗူးဝနှင့် စာကြည့်တိုက်က အလွန်ဆုံးဝေးမှ ကိုက် (၂၀) ၀န်းကျင် ကျနော်တို့ နှစ်ယောက်တတွဲ ထွက်တိုင်း ရဲအစောင့် (၂) ယောက်ကဘေးက
သေနတ်တွေ ကျည်ဘောက်တွေနဲ့ ကျောပိုးအိပ်ပါရင် ရှေ့တန်းထွက်လို့ရပြီ။ ထောင်ရှေ့ကို ၀င်
တဲ့ လမ်းတွေကိုလည်း သံဆူးကြိုးတွေချ ဘယ်သူမှ အ၀င်မခံ။

ကျနော်တို့လည်း ထွက်ပြေးမှာ မဟုတ် ကျနော်တို့ကလည်း စစ်ခုံရုံးဆိုတာ ကြားပဲကြားဖူးတာ
ခုလို အတည်ပေါက်ကြီး အရေးတကြီးလုပ်နေတော့ အမှုကတော့ကြီးနေပြီ ဆိုတာသိနေတယ်။
ကျနော်တို့ ကို စစ်ခုံရုံးနဲ့ ရုံးမထုတ်ခင် ကျနော်တို့ရှေ့က ပန်းတနော်ချဲ ဒိုင်ကို စစ်ခုံရုံးကနေ ထောင်ချလိုက်တာ နှစ်(၂၀)နဲ့ (၁၇)နှစ်ချည်းပဲ မ၀တ ဥက္ကဌ အတွင်းရေးမှုး ရဲမြို့နယ်မှုး အကုန်
နှစ်ကြီး အနည်းဆုံး (၈) နှစ် တိုင်းမှုးကြီး ဗိုလ်ချူပ်မြင့်အောင်ရဲ့ အမိန့် လဒ်ပေးလဒ်ယူ တို့ရန်သူ
တကယ်တော့ အတွင်းစကားပြန်သိရတာက တိုင်းမှုးကို အဲ့ဒီခေတ်က ငွေ သိန်း(၂၀) ပေးရ
သည်။ ထောက်လှမ်းရေး စစ်ချက်မှာ ထွက်ပေမဲ့ မ၀တ ဥက္ကဌ အထိပဲ အရေးယူခံရသည်။

မ၀တ ဥက္ကဌက တစ်နှစ် အတွင်းရေးမှုးက သုံးနှစ် သူတို့က ဗိုလ်မှုးနဲ့ ဗိုလ်ကြီးလေ။ တိုင်းမှုးကို
တက်ပေးတာလည်း သူတို့(၂)ယောက်ထဲက တယောက်။ ဒါပေမဲ့လေ သိတယ်မဟုတ်လား။ ဥ
ပဒေဆိုတာ ကျိန်းသေတာကတော့ ပေးသည်။ အဲ့ဒီအမှု့ကို စစ်ခုံရုံးနှင့် ချပြီးသည်မှာ တပါတ်မ
ပြည့်သေး ထို့ကြောင့် ကျနော်တို့ကို ရုံးထုတ်တော့ ကိုင်းတော့ကြီးပြီ နှစ်တော့ကြီးပြီ ဟု ထင်
ထား သည်။

ရုံးထုတ်ပြီး တရားသူကြီး ခ၀တ မ၀တ ဗိုလ်မှုးများမလာခင် ရဲသတင်းတပ်ဖွဲ့က ပြောသည်။ ခုအမှုမှာ ကျနော့်ကို နှစ်လျှော့ထားသည် ပထမအမှု့ကို (၂)နှစ်ထား မည် ခုအမှုကိုတော့ မကြာ
မီသိရပါလိမ့်မည် ပေါ့ တရားသူကြီးက မလာသေးခင်ကပင် ကျနော်ကျမည့်နှစ်က တခုသိနေရ
ပြီ တရားသူကြီးများ လာရောက်သည့် အခါမှာတော့ ကျနော်တို့ အပြစ်ရှိကြောင်း ရဲသတင်း
တပ်ဖွဲ့က စွဲချက်တင် သည်။ ထိုစွဲချက်မှာ နားထောင်နေရသော ကာယကံရှင် သည်ပင် သူတို့
အပြစ်တင်သလောက် မလုပ်ခဲ့ သူတို့စွဲချက်သည် ပြင်းထန်သည်။ ကျနော်တို့ရှေ့က ချဲဒိုင်များ
သည်ပင်လျှင် နှစ် (၂၀) ပြစ်ဒါဏ်ကျသေးသည် ဆိုလျှင် ကျနော်တို့မှာ သေဒါဏ် သို့ တသက်
တကျွန်း အနှစ်နှစ်ဆယ် တခုခု ကျတော့မည်။ သေချာနေသည်။

ကျနော်တို့က လူကြီးများ ဆန္ဒအတိုင်း အပြစ်ရှိကြောင်း ၀န်ခံရသည် အပြစ်မရှိပါဟု ၀န်မခံ
သော သူများလည်း ရှိသည်။ သို့သော် မရ။ တကယ့်ပြစ်ဒါဏ် ကျခံရန် အမိန့် မချမှတ်မှီ ကျ
နော်တို့ အကုန် ထောင်ထဲပြန်ဝင်ရသည်။

ထောင်ထဲမှ စစ်ခုံရုံးသို့ ပထမတစ် တရားခံနှင့် နှစ်တရားခံ နှစ်ယောက်ကို ခေါ်ထုတ်သွားသည်
(၁၅) မီးနစ်ခန့်ကြာတော့ ပြန်ဝင်လာသည်။ တဦးလျှင် ထောင်ဒါဏ်(၁၀)နှစ် ကျနော်တို့ ၀မ်း
သာ သွားသည်။ သူတို့(၂) ဦးတော့ သေဒါဏ်ကျလိမ့်မည် မှတ်နေသည်။ သူတို့သေဒါဏ်ကျပါ
က ကျနော်တို့လည်း သိပ်မကွာလှ အတူတူလည်းဖြစ်နိုင်သည် စွဲချက်တင်တုန်းက ကိုယ့်ကို
အပြစ်ရှိကြောင်းပြော သည်မှာ ကိုယ်တောင် ထိုကဲ့သို့ လုပ်လာခဲ့သည် ဟုပင်မထင်။ ထို့
ကြောင့် (၁၀) နှစ်ဆိုသော ပြစ်ဒါဏ်သည် ကျနော်တို့ အတွက်မများတော့။ နောက်ထပ် တတွဲ
(၈)နှစ် နောက်ထပ် တတွဲ (၇)နှစ် ကျနော်တို့ အလှည့် နှစ်ယောက်က ကျနော့်ငယ်သူငယ်ချင်း
ကျန်တဲ့ တယောက်က အိမ်နီးချင်းအကို နောက်တယောက်က လည်း ထိုအကို့ သူငယ်ချင်း
ကျနော်တို့ အလှည့်ရောက်တော့ ကျနော်တို့ ထောင်အပြင်သို့ ပြန်ထွက်ရသည်။

ကျနော်တို့ကို တရားသူကြီး ဗိုလ်မှုး သုံးဦးက စောင့်နေသည်။ ကျနော်တို့ကို နာမည်ခေါ်ပြီး မတ်တပ် ရပ်ခိုင်းသည်။ အားလုံးစုံသည့်အခါမှာတော့ စားပွဲပေါ်က စာအိပ်ကို ဖေါက်၍ တဦးချင်း စီ အပြစ်ထင်ရှားကြောင်း ထို့ကြောင့် အလုပ်ကြမ်းနှင့် ထောင်ဒါဏ်(၅)နှစ် ချမှတ်ကြောင်း တရားသူကြီးက ဖတ်ပြသည်။ (၅)ဦးကို တပြိုင်တည်း အမိန့်စာအိပ်ဖွင့်၍ တခါ
ထဲအမိန့်ချ မှတ်လိုက်သည်။ အမိန့်စာကို ဖြောင့်ဖြူးစွာ မဖတ်နိုင် သူတို့ရေးထားပုံလည်းမရ။ ဖြေးဖြေး ချင်းစီဖတ်နေရသည်။

ကျနော်တို့ကတော့ အစဉ်အတိုင်းဆို နှစ်မကြီးတော့ပြီ ကိုသိ၍ စိတ်ထဲတွင် ဘာမှမဖြစ် တရား
သူကြီး အမည်ခံပြီး သူများရေးပေးသော စာကိုဖတ်နေရသည့် တရားသူကြီးများကို ရယ်ချင်နေ
သည်။ ကျနော်တို့ အခြင်းခြင်းလက်တို့ပြီး ကမ္ဘာကျော်လျှောက်လဲချက်များထဲက ဖီဒယ်ကပ်စ
ထရို၏ လက်ညိုးထောင်၍ လျှောက်လဲနေသလို ပြန်လျှောက်ရမည် ဟု ရယ်စရာ ပြောသော
ကြောင့် ပိုဆိုးသည်။ ရယ်ချင်နေကြသည်။ တရားသူကြီးများကို ဘာမှပြန်မပြောနိုင်လျှင်တောင်
ခင်ဗျားတို့ဟာ ဗိုလ်မှုးကြီးတွေ စစ်သားရင့်မကြီးတွေ ဖြစ်ပြီး တရားသူကြီးယောင်ဆောင်ပြီး သူ
များရေးပေးတာ ဖတ်နေရတာ သနားပါတယ်ဗျာ လို့ အဓိပါယ်ပါတဲ့ မျက်နှာပေးနှင့်တော့ ကျ
နော် တို့ အားလုံး ကြည့်နေမိသည်။

သူတို့လည်းသိပါသည် တရားသူကြီးခုံပေါ်က အမြန်ပြန်ဆင်းသွားကြသည်။ ဘာပဲဖြစ်ဖြစ် ကျ
နော် က ၅(ည) မှုနှင့် ထောင်(၅)နှစ်တော့ ကျသွားပါသည်။ ကျနော်တို့နောက် ထွက်သူတွေက
(၄)နှစ် အနည်းဆုံးက (၃)နှစ်။ ထိုနှစ်ကာလ အပိုင်းအခြားသည် ကျနော်တို့အတွက် ဘာမှမ
ဖြစ် ခဲ့သော်လည်း ဖြစ်သည့်သူတွေ အတွက် အများကြီးဖြစ်သွားခဲ့သည်။ လူမသိသူမသိ ဖြစ်
ရပ်များ ကျနော်တို့ အမှုထောင်ချပြီး သိပ်မကြာခင်မှာ ပုသိမ်၌ တိုင်းမှုးဗိုလ်ချူပ်မြင့်အောင်
ဘုရား ရွာသားကောင်းမှု ဘုရားထီးတင်ပွဲ ပြုလုပ်သည်။

ထိုဘုရားထီးတင်ပွဲသို့ ရပ်ကွက် ကျေးရွာ ဥက္ကဌများမှ တာဝန်ခံ၍ ငွေ တသိန်းစီ အလှုငွေ မ
ထည့်မနေရ ထည့်ရသည်။ ထိုထည့်ဝင်မှုအလိုက် ဘုရားပွဲတွင် လောင်းကစားပွဲများ ပြုလုပ်၍
ရပ်ကွက် ကျေးရွာ ဥက္ကဌများမှ ရန်ပုံငွေ ပြန်ရှာခွင့်ရသည်။ ရပ်ကွက် ဥက္ကဌများမှ တဆင့်
လောင်းကစားဒိုင်များက ကစားခွင့်ပြန်ရသည် ထို ဘုရားထီးတော်တင်ပွဲ ဘုရားပွဲတွင် တိုင်းမှုး
ကိုယ်တိုင် တိုင်းရဲမင်းကြီးကို အမိန့်ပေး၍ တိုင်းရဲ အင်အားဖြင့် ထိုလောင်းကစားဝိုင်းများကို ဖမ်းခိုင်း သည်။

တိုင်းရဲမင်းကြီး က ဖမ်းဆီးမည့် ရဲမှုးအား ရှောင်တခင်ဝင်ရောက်ဖမ်းဆီးရန် မြို့နယ်ရဲစခန်းများ မပေါက်ကြားရန် စစ်ဆင်ရေးတခုကဲ့သို့ ၀င်ရောက်ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးချိန်တွင် အများအ
ပြား ထွက်ပြေးကြပါသည်။ ထိုအထဲကမှ မပြေးနိုင်သော သက်ကြီးရွယ်အိုများ ကလေးငယ်များ
ပါမကျန် လူလေးဆယ်တိတိ ကို ဖမ်းမိလာပါသည်။ ဖမ်းဆီးပုံမှာလည်း ထိုလောင်းကစားဝိုင်း
များရှေ့လာ၍ တွေ့သမျှလူကို အကုန်ဖမ်းဆီးခြင်းသာဖြစ်သည်။

ထိုသို့ဖမ်းခြင်းတွင်လည်း လူရည်လည်သော ပြေးနိုင်လွှားနိုင်သော သူများ အကုန် လွတ်ပါ
သည် သို့သော် ပွဲဈေးတွင် ဗူစီဗောင်းရောင်းရင်း မုန်လေပွေရောင်းရင်း မပြေးပဲ မိလာခဲ့သူများ
လည်းပါ ပါသည်။ ဖမ်းမိပြီး နောက်တရက်တွင် ခြောက်ကောင် ကစားသဖြင့်ဆိုကာ အကုန်လုံး
ကို ထောင် (၆)နှစ်ချလိုက်သည်။ စစ်ခုံရုံးမှ ပြန်သွင်းလာချိန်တွင် အကုန် ငိုတဲ့သူငို မမျှော်လင့်
ပဲ ထောင်ဒါဏ် (၆)နှစ်ချခံလိုက်ရခြင်းကို တောက်ခေါက်သူခေါက် ဖြစ်ကုန်ပါသည်။ တကယ်
ဝင်ထိုးနေသောသူ ခြောက်ကောင်ဒိုင်လုပ်သောသူများလည်း ပါ ပါသည်။

သို့သော် မြင်လေရာ အကုန်ဖမ်းခြင်းဖြင့် ဖြေရှင်းလိုက်သောအခါ မိသားစု အတော်များများ ဆင်းရဲ ဒုက္ခရောက်ရလေသည်။ ကျနော်နှင့် ထိုခြောက်ကောင်အဖွဲ့မှ ဗူစီဗောင်းရောင်းရင်း အ
ဖမ်းခံရသော ဦးလေးတယောက်နှင့် ခင်ပါသည်။ သူ့မှာ သားအကြီးဆုံးကမှ (၁၅)နှစ် ကလေး
(၆)ယောက် မိန်းမက နေမကောင်း ပန်းနာသည်။ သူက ဗူစီဗောင်းရောင်းခြင်း ဂတ်စ် မီးချစ်ဆီ
ဖြည့်ခြင်း ရေထမ်းခြင်း အုန်းပင်တက်ခြင်း အကုန်ရရာအလုပ်လုပ်သူ ကလေးတွေလည်း မုန့်
သည်လေးတွေဖြစ် ကျောင်းက ဘာမှအသုံးမတည့်ပါဘူးဆိုသော ပညာရေးမှာ လေးတန်း
တောင် အနိုင်နိုင် ကလေးအငယ်ဆုံးက (၅)နှစ် သူအဖမ်းခံရတော့ အကုန် ဒုက္ခတွင်း ပိုနက်
သွားသည်။

သူမှာ ထူးခြားချက်ကတော့ စိတ်ဘယ်လောက်ညစ်ညစ် ရယ်ရယ်မောမောနေသည် ပြုံးပြုံး ပြုံးပြုံးနေသည်။ ကျနော်တောင် မရယ်နိုင် နောက် သူ သိပ်မကြာ ရဲဘက်ပါသွား သည်။ ရဲဘက်မှ လေးလလောက် အကြာ သူသေဆုံးသည့် သတင်းထောင်သို့ ရောက်လာသည်။ သူ့
ကို လူသိများသည် ဗူစီဗေါင်းရောင်းရင်း အဖမ်းခံရသူအဖြစ် အားလုံးသိကြသည်။ လောင်းက
စား ဆိုလို့ အောင်ဘာလေထီတောင် မထိုး ။ အဖမ်းခံရတုန်းက သူဗူးစီဗေါင်း ရောင်းတဲ့ စင်
လေးကိုင်လို့ ရဲက ထားခဲ့ဆိုလို့ ထားခဲ့ရသည်။

ကျနော် ကုလားကား လို ဇာတ်နာအောင် ဇာတ်မနာနာအောင် ပြောနေခြင်းမဟုတ်ပါ တချိန်အ
ခွင့်အရေးပေးလို့ မတရားရား ဖမ်းဆီးခံရသူများ စာရင်းကို ပြန်အစဖေါ်လို့ ရနိုင်ပါသည်။ အစိုး
ရကို မုန်းတီး၍ မကောင်းမြင်ဖက်က ပြောနေခြင်းလည်း မဟုတ်ပါ။ လူမသိသူမသိ မတရားဖိ
နှိပ်မှုကြောင့် အပြစ်မဲ့ သေဆုံးရသော ပြည်သူများထဲက တချို့ကို ကျနော်သိသ၍ ပြောနေခြင်း
သာ ဖြစ်ပါသည်။ ထိုအဖြစ်အပျက်များသည် ကျနော်ကိုယ်တိုင် မြင်တွေ့ရသော ဘ၀တချို့များ
သာဖြစ်ပါသည်။ သို့သော် မှားယွင်းမှုမရှိ မှန်ကန်ကြောင်း အာမခံနိုင်ပါသည်။ ခုတော့ အနှစ်နှစ်
ဆယ်ကြာခဲ့ပါပြီ ကျနော်ကတော့ မမေ့သေး ကျနော်တို့က သူ့ကို ကိုဗူစီဗောင်း ဟုခေါ်သည် သူက ပြုံးပြုံး ပြုံးပြုံး ကျနော်ကို အဲ့လိုခေါ်ရင် နာမည်တွေ အားကြီးပဲဗျ ဟုပြောတာပြေး မြင်
သည်။

သူ့ကလေးတွေနှင့် မိန်းမကော ဘယ်လိုဖြစ်သွားသလဲ မသိရတော့ပါ ကျနော် တို့ထောင်ကျ
တာက တန်သည်ဟု ပြောလို့ရသည် ကျနော်တို့ ယုံကြည်ရာကို ကျနော်တို့ လုပ်၍ ကျနော်တို့ ခံရခြင်းကို ကျေနပ်သည် ထောင်ကျလည်း ဖြစ်သည် ၀မ်းနည်းစရာမရှိပါ။ ကျနော့်မိသားစု ထိ
ခိုက်မှုက ထိုသူများလောက် မကြီးမား။ သေဒါဏ်ကျ သောသူများကို မသတ်တော့သဖြင့် သေ
ဒါဏ်ကျသော သူများက မသေနိုင် သို့သော် ထောင်သုံးလကျ၍ ရဲဘက်ပါသွားပြီး အိမ်ပြန် မ
ရောက်လာသော သူများ အများအပြား တရားဝင် စာရင်းကောက်ခံခွင့် ပြုရဲသလား။ ရဲဘက်စ
ခန်းတွေမှာ သေဆုံးမှုများက ကြောက်ခမန်းလိလိ။

ကျနော် ထောင်ကျနေစဉ် ကာလအတွင်း မြစ်ကြီးနား ပူတာအို ကားလမ်း ရှမ်းပြည်တောင်ပိုင်း
နမ့်စမ်လေယဉ်ကွင်း မုဒုံ ကျောက်ထုတ်လုပ်ရေးစခန်း ကော့သောင်းဆီအုန်း စိုက်ခင်း။ ရန်ကုန်
မန္တလေး အဝေးပြေးကားလမ်း။ ရွှေတွင်းတူးရဲဘက်စခန်း တူမြောင်းကျောက်ထုတ်လုပ်ရေး စ
ခန်း နှင့်အခြား ရဲဘက်စခန်းများ ရဲဘက်စခန်းများမှ တဆင့် ရှေ့တန်းစစ်မြေပြင် ပေါ်တာ များ
သေဆုံးခဲ့သူများ အများအပြား။
(ဆက်ပါဦးမည်.ဗျို့)

Read more...

Saturday, November 14, 2009

သူရဲကောင်း သွေးသွန်းပန်းပုသစ် လှလှပပ ထုဆစ်သွားခဲ့တယ်- မောင်လှဝင်း (မြင်းခြံ)

ကိုအောင်ကျော်မိုး (၄၈၂၈) ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ရဲဘော် သူကျဆုံးသွားပုံ ကို သတင်း
အားဖြင့်သာ ကြားခဲ့ရဖူးပြီး ခု ကိုလှဝင်းရဲ့ ဂုဏ်ပြုကဗျာ ဖတ်မိတော့မှ တချို့သော အချက်တွေ
သေချာသိလာခဲ့ရပါတယ်.ထောင်ဆိုတာ အမြဲတမ်း မတရားနေမှတော့ ဘယ်လိုတုန့်ပြန်မှုပဲ ဖြစ်
ဖြစ် တရားပါတယ်ဗျာ.ကိုအောင်ကျော်မိုး မသေ။ ဖိနှိပ်မှု ကို ခုခံတဲ့ တိုက်ပွဲတွေ ပြင်းထန်တိုင်း
သူ တာဝန်ကျေခဲ့ခြင်း အတွက် သူပြုံးနေလေဦးမည်။ သူကျေနပ်နေပေဦးမည်။

ရဲဘော်သက်တော်ရာကျော် ရှည်ပါစေ..
(နေ့သစ် ၀က်ဆိုဒ်မှ ထပ်မံကူးယူဖေါ်ပြပါသည်)


သူရဲကောင်း သွေးသွန်းပန်းပုသစ်
လှလှပပ ထုဆစ်သွားခဲ့တယ်
မောင်လှဝင်း(မြင်းခြံ)
Thursday, November 12, 2009


“မပြီးဆုံးသေးတဲ့
တော်လှန်ရေးလမ်းခရီး
ပညာတတ်တို့ ပါဝင်ပေါင်းစည်း
အချည်းနှီးမဟုတ်
ပစ္စည်းမဲ့တို့ရဲ့ ပခုံးရိုးကို ပုတ်လို့
လှုပ်နှိုးထားခဲ့လိမ့်မယ်”
(လီနင်)


လီနင်ရဲ့
သွန်သင်စကား
နှလုံးသားမှာ သိမ်းဆည်းထား
နှုတ်ဖျားက တဖွဖွ ရွတ်ဆိုခဲ့တဲ့...သူ။

၁၉၉၈ မေလ ၅ ရက်
နံနက်ခင်း
လင်းအရုဏ် ရောင်ခြည်မျှင်က
အကျဉ်းခန်းထဲ ဖွဖွလေး တိုးဝင်လာတဲ့အချိန်
“အလင်း”ကို သူ ဖူးတွေ့ဦးခိုက်လိုက်တယ်
“နေလိမ္မော်”ကို သူ မျှော်ရည်
နှုတ်ဆက်လိုက်တယ်
သူ့လက်က သံတိုင်များကို
ပြတ်သားတဲ့ သန္နိဋ္ဌာန်နဲ့
တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ
လှိုက်လဲ လေးနက်စွာ
သူ သီဆိုလိုက်ပါပြီ
“ထလော့...အငတ်ဘေး ကျရောက်သူ
တို့တတွေ
ထလော့...ကမမ္ဘာတဝှမ်းက
ကျေးကျွန်တွေ” ...။

တကမမ္ဘာလုံး မကြားပေမယ့်
သာယာဝတီ ထောင်တံတိုင်းများအား
သူ့ တေးသံ ပျံ့လွင့်ရိုက်ခတ်သွား
ပါးကွက်သားတို့ တုန်လှုပ်ခြောက်ခြား
ပြေးလွှားသတင်းပို့ကြ
တိုက်ပွဲ စခဲ့ပြီ။

“အကျဉ်းသားထုအခွင့်အရေး-
အပြည့်အဝပေး”
မပေးလို့ ဖီဆန်တော်လှန်
အစာငတ်ခံတိုက်ပွဲ
စစ်အုပ်စုကို ရဲရဲကြီး စိန်ခေါ်လိုက်ပြီ။

ဘဝက တော်လှန်တဲ့ ပညာတတ်
ဖတ်တာက မာ့က်စ်ဝါဒ
စိတ်ဓာတ်က ပစ္စည်းမဲ့
“ကျွန်တော်တဦးတည်းရဲ့ ကိုယ်စားပြုမှုဟာ
ဗမာပြည် ကွန်မြူနစ်ပါတီပါ”တဲ့
သူ ရဲရဲ ကြွေးကြော်ခဲ့။

ထိတ်ပျာတုန်လှုပ်
ထောင်အာဏာပိုင်လူယုတ်တို့
စုတ်ပဲ့တဲ့အကြံဉာဏ်နဲ့
‘အစာငတ်ခံတိုက်ပွဲ’ ကို ဖြိုခွဲဖို့
စဉ်းလဲကောက်ကျစ်ကြပြီ။

“ရေဖြတ်ကြသတဲ့လား”
ပြည်သူကို ချစ်တဲ့
ပြည်ချစ်ဘက်တော်သား
မီးစားတောင် ခံဝံ့တဲ့ သံမဏိ ကွဲ့
အစာနဲ့ ရှင်သန်နေတာမဟုတ်
စိတ်ဓာတ်နဲ့ ရှင်သန်နေတာ
ရေနဲ့ ရှင်သန်နေတာမဟုတ်
ယုံကြည်ချက်နဲ့ ရှင်သန်နေတာ
“အသက်ရှူရပ်အောင် လေကိုပါ
ဖြတ်ကြဦးမလား”
တိုက်ပွဲကိုတော့ မရပ်
“သတ်လှည့်ကြဟေ့”
ပစ္စည်းမဲ့တို့ရဲ့ ဂုဏ်ကို မညှိုးနွမ်းစေရ
သေမင်းနှုတ်ခမ်းကိုသာ နမ်းရှိုက်မယ်။

“ရေဖြတ်ကြသတဲ့လား”
သူ့မှာ
အစာမရှိ အားမရှိ
ဒါပေမဲ့ တော်လှန်တဲ့ အားမာန်အပြည့်။

“ရေဖြတ်ကြသတဲ့လား”
သူ့မှာ ရေမရှိ
တစက်...တစက်...
ရေတစက်
ရေရဲ့ အသက် တမနက်
ရေတစက်ရဲ့ ထုထောင်းမှုဟာ
ထုထောင်းနေတဲ့
တချက်ချင်း...တချက်ချင်းမှာ
ပြင်းသထက် ပြင်းထန်လာ။

“ရေဖြတ်ကြသတဲ့လား”
ရေရဲ့ခြိမ်းခြောက်မှု အမှောင်ထုထဲ
တိုက်ပွဲဆင်ရတာဟာ
အခေါဘဏီတပ်ကြီးနဲ့ တိုက်နေရတဲ့ ပမာ...
မိုးသက်မုန်တိုင်းကြီး သုံးခု
စုစည်းထိုးနှက်ခံရတဲ့ပမာ...
ကျောက်တံတိုင်းကြီး ခုနစ်ခု
တခုချင်းခေါင်းနဲ့ ထိုးဆောင့်နေရတဲ့ပမာ...
သည်းအူသွေ့ခြောက်
အာတွေ လျှာတွေ မီးလိုတောက်
ခန္ဓာကိုယ် ပေါက်ကွဲပွင့်ထွက်မတတ်
ရေငတ်နေတဲ့ ခုလိုအချိန်မှာ
ကမ္ဘာပေါ်မှာ အချိုမြဆုံးအရသာ
လျှာပေါ်တင်လာတဲ့ ရေတစက်ပဲ ဖြစ်မှာပါ
ဒါပေမဲ့...မသောက်...မသောက်...
ရေ လုံးဝမသောက်
အသဲ မီးလို တောက်နေသလို
ဇွဲလဲ မီးလို တောက်တယ်ဟေ့။

“ရေဖြတ်ကြသတဲ့လား”
တစက်...တစက်...
ရေတစက်...
သူ့အိပ်မက်ထဲမှာ
အနာဂတ် နိုင်ငံတော်သစ်နဲ့
ရစ်ခွေစီးဆင်းနေတဲ့
စမ်းချောင်းလေးတခုလေ...
စမ်းရေအေးမြ
သူ တဝကြီး သောက်ပစ်လိုက်တယ်။

စိတ်ဓာတ်က သံမဏိလိုမာပေမယ့်
ခန္ဓာကိုယ်က ရေမရလို့
အဖျား စ ဝင်လာပြီ။

သူ မမြင်တာ မဟုတ်
မြင်တယ်...
သေမင်းကို သူ မြင်တယ်
ရဲရဲလဲ ကြည့်တယ်
သူ့အကြည့် စူးရှလွန်းတော့
အနာဂတ်အလင်းကိုလည်း
ဖောက်ထွင်းမြင်တယ်
စိုးမိုးနေတဲ့ အမှောင်ထုကို
မြင့်မြတ်မှုနဲ့ဖြိုခွဲခဲ့တဲ့
နောင်တော်တို့ရဲ့ ဂုဏ်ကျက်သရေကိုလည်း
သူမြင်နေတယ်
သေမင်းဆီ တည့်တည့်
မထီတရီ အပြုံးနဲ့
သူ
တည်ငြိမ်စွာ တလှမ်းချင်း ... ...။

အာဏာပိုင်တွေက
တိုက်ပွဲကို ဖြိုချဖို့
ရေဖြတ်လို့လဲ မရ
ချော့မြှူလို့လဲ မရ
“သည်တဦးသေသွားက
တိုက်ပွဲမှာ သူတို့ရှုံးရပြီ
စိတ်ဓာတ်အရ
သူတို့ ရှုံးပြီ”
မရှုံးမီအတွင်း
အချိန်မီချက်ချင်း
အတင်း ဆေးကုသ
အပ်တွေစိုက်
ပိုက်တွေသွင်း
ဆေးပုလင်းတွေ ချိတ်။

သူကလဲ
သေမင်းထံ
အသက်အပ်နှံထားပြီးသား
အပ်စိုက်မခံ ငြင်းဆန်
ဆေးပုလင်းတွေ တွန်းဖယ်ပစ်
ပိုက်တွယ်တာတွေ ဖြုတ်
ဒူးမထောက် နောက်မဆုတ်
တောက်ပတဲ့ ဂုဏ်ပုဒ်
မြင့်မြတ်တဲ့ အရောင်အသွေး
အသက်ပေးပြီး
လှလှပပ ရေးခြယ်သွားတယ်။

အသက်ပေးသူက
အောင်ပွဲရခဲ့တာ
တနေ့သောအခါ
ပို သိလာကြလိမ့်မယ်။

၈ ရက်နေ့ည
သူ့အလောင်းအား၊ အမှောင်ထုကြားကနေ
ခိုးကြောင်ခိုးဝှက် ကပ်နဲ့သယ်ထုတ်သွား
ကြေးစည်မထု တရားမနာ
မြှုပ်နှံမထင်မရှားသာ
ဒါပေမဲ့
သူရဲ့သေခြင်းကား
မြင့်မြတ်သည်နှင့်အမျှ ခမ်းနား
ခမ်းနားသည်နှင့်အမျှ ဂုဏ်ရောင်ပြောင်
သူကိုင်ဆောင်ခဲ့တဲ့ သည်အလံကို
ဆက်ခံမယ့်လူငယ်တွေ …
ဟောဟိုမှာ … လာပြီ … လာနေပြီ
တပ်ကြီးချီလို့ လာနေကြပြီ။

တိုက်ပွဲမပြီးသေးတဲ့
လမ်းခရီးမှာ
တကမ္ဘာလုံး သိကြားအောင်
အော်ဟစ်ပြောကြားလိုက်ချင်တယ်
“ရဲဘော်ရေ … ဂုဏ်ယူတယ် သင့်အတွက်”။

(သာယာဝတီထောင်အတွင်း ၁၉၉၈ တိုက်ပွဲမေလ ၈ ရက်နေ့ ညက အစာငတ်ခံတိုက်ပွဲဝင်ရင်း ဂုဏ်ပြောင်စွာ ကျဆုံးသွား ခဲ့ရသော “၄၈၂၈ ရဲ ဘော်” ကိုအောင်ကျော်မိုးကို ဂုဏ်ပြုဖွဲ့ဆိုပါတယ်။)

ပြည်သူ့ သူရဲကောင်းများနေ့ ဇူလိုင်(၃၀) အထိမ်းအမှတ်ကဗျာများမှ
http://www.cpburma.org

Read more...

Thursday, November 12, 2009

စစ်အစိုးရ အကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ(၇)










စစ်အစိုးရ အကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ(၇)

ထိုပုဆိုးကို လှဌေးဆိုသော ရွာထဲက သူငယ်ချင်းတယောက်က ၀တ်လာသည် ပုဆိုး၏
အောက်နားက မီးပူထိုးရင်း လောင်သွားတဲ့ အမှတ်ကအစ တူနေသည် သို့သော်လှဌေးက နာ
မည်ပျက်မရှိ ဒါဆိုရင် ပုဆိုးကို သူဘယ်လိုရလာလည်း မေးဖြစ်သွားသည် လှဌေးက သူ့အိမ်
ဘေးသို့ပြောင်းလာသောလူသစ် ကိုသံချောင်း ဖဲဝိုင်းမှာ လာရောင်းသွားကြောင်း ဈေးနှုန်းနှင့်
တကွပြောပြသည်။ ခင်ဝင်းအောင်ဒေါသထွက်သည် အစထဲကထင်ထားသည် သို့သော်လက်
ဆုပ်လက်ကိုင်မမိ ခုသက်သေနှင့်တကွမိပြီ မိသောတရားခံကို ရှင်းပုံရှင်းနည်းကတော့ မမှန်
တနေ့လုံး တနုံ့နုံ့ ဖြစ်နေသည်။
ထုံးစံအတိုင်း ညနေဖက် သောက်ပြီးချိန်မှာတော့ မအောင့်အီးနိုင်တော့ သံကောင်းကောင်း နှင့် ကိုယ်တိုင်လုပ် ဓါးမြှောင်တချောင်းခါးထိုး၍ လိုက်ရှာသည် သိပ်မရှာလိုက်ရ ဖဲဒိုင်ခံသော အိမ်
၌ သွားတွေ့သည်။ ကိုသံချောင်းမှာ ဖဲဝိုင်းဘေးမှ ပါလာသော ငွေတိုငွေစလေးများဖြင့် ဖဲဝင်ထိုး
နေသည် သူ့ကိုတွေ့တော့ “ကိုခင်ဝင်းအောင် လာလာ ခု ဒိုင်လျှော်နေတယ် ဘယ်အိမ်က ၀င်
ထိုးထိုး လျှော်နေတာပဲ” ဟုပြောသည်။

ခင်ဝင်းအောင်က “ ကိုသံချောင်း ခင်ဗျားနဲ့ပြောစရာရှိလို့ ခဏဗျာ လို့ပြောတော့” “ ဟုတ် ဟုတ် ညီလေး ခုပဲ ဆင်းလာခဲ့မယ်” လို့ပြောပြီး လျှော်ငွေကို လက်ခံပြီး နောက်က ဆင်းလိုက်
လာခဲ့သည် ခင်ဝင်းအောင်နှင့်တွေ့တော့“ ညီလေး ဘာကိစ္စရှိလို့လဲ” ဟုမေးသည်။ ခင်ဝင်း
အောင်က “ ခင်ဗျား ကျနော့်ပုဆိုးကို ခိုးပြီး ဖဲဝိုင်းမှာ လှဌေးကို ခင်ဗျားရောင်းလိုက်တယ် မ
ဟုတ်လား” ကိုသံချောင်းက ခဏတွေ သွားသည် ပြီးမှ “အေး ညီလေး အကိုခိုးမိပါတယ် အကို
အလျှော်” စကားတောင်မဆုံးလိုက် ခင်ဝင်းအောင်က ဓါးနဲ့ဗိုက်ကို ထိုးလိုက်သည်။

ကိုသံချောင်းက “အမလေးဗျာ” လို့ အော်ပြီးလဲကျသွားသည် ခင်ဝင်းအောင် လှည့်မကြည့်
တော့ မူးနေတာတွေ ဒေါသဖြစ်နေတာတွေ ပျောက်ကုန်ပြီ ဘာဖြစ်ကျန်ခဲ့သလဲ မသိ ဆေးရုံပို့
ဆေးရုံပို့ အသံတွေတော့ ကြားနေရသည်။ သေသလား ရှင်သလားမသိ။ အိမ်ကို အမြန်ပြန်၍
၁၅၀၀ ကျပ်ယူပြီး ဘူတာသို့ ဆင်းလာခဲ့သည်။ ဘူတာရှေ့က အရပ်ပုန်းဆိုင်လေးမှာ တစိတ်ဝင်
ချလိုက်မှ ရင်ထဲမှာ ငြိမ်သွားသည်။ မကြာခင်ပဲ ဟင်္သာတ ရထားဝင်လာ၍ တက်လိုက်လာခဲ့
သည်။ စိတ်ထဲလည်း ဖြစ်ချင်ရာဖြစ် စိတ်ကူးထားလိုက်သည်။ မြကြီးနှင့် သမီးလေး(၂)ယောက်
မျက်နှာပြေးမြင်သည်။

သို့သော်လည်း ကိုယ်လုပ်သောအလုပ်က မှန်သည်ဟု ပဲဖြေတွေးထားရသည်။ တညလုံးတော့
အိပ်မပျော် ဟင်္သတရောက်ပြီး မနက် မိုးလင်းတော့ မဲဇလီကုန်းမြို့လေးကို လိုင်းကားနှင့်ဆက်
လိုက်လာခဲ့သည်။ မဲဇလီကုန်းသည် ခင်ဝင်းအောင်ဇာတိ သူ(၆)တန်းနှစ်အထိ ကျောင်းနေခဲ့
ဘူးသည်။ ခင်ဝင်းအောင် အဒေါ်တွေ ဦးလေးတွေ ရှိသည်။ သူငယ်ချင်းတွေ ရှိသည်။ သူရုတ်
တရက် ရောက်လာတော့ အံ့အားသင့်ကြသည် မြကြီးနှင့်များအဆင်မပြေလို့လား ထင်ကြသည်
သူကလည်း ထိုသို့ပဲပြောသည် အဒေါ်အရင်းက“ ခုစိတ်ဆိုးရင်လည်း နေပေါ့ စိတ်ဆိုးပြေတော့
ပြန်ပေါ့ ဟာ သမီးလေးတွေ မျက်နှာက ရှိသေးတယ် မြကြီးလည်း သဘောကောင်းပါတယ်ဟာ
ဘာဖြစ်ကြတာလဲ အေးအေး နေနေ” ခင်ဝင်းအောင်ကတော့ ကိုယ့်အပူနှင့်ကိုယ် ဘာဆက်
လုပ်ရမည် ဘယ်လိုဖြစ်ကျန်ခဲ့သည် ကို သိချင်နေသည်။

မြကြီးကတော့သိမည် သူဘယ်ကို ထွက်သွားသည်သာ တိတိကျကျ မသိခြင်းသာဖြစ်သည်။ ဘယ်သွားသည် ဆိုတာတော့ ရိပ်မိမည် သို့သော် လက်တလော သူဓါးနှင့်ထိုးလာခဲ့သူ က ဘာ
ဖြစ်သနည်း သေသလား ရှင်သလားမသိ ခုထွက်လာတာ(၂)ညအိပ် ရှိပြီ။ ရွာကို ဖုန်းဆက်လို့
တော့မရ ထိုအကြောင်းကို ဘယ်သူ့ကိုမှလည်း မပြောချင် တခုခုတော့ သူ ဆုံးဖြတ်ချက် ချရ
မည်ဆိုတာတော့ နားလည်သည်။ ထိုသူ သေသည်ဖြစ်စေ မသေသည်ဖြစ်စေ သူကတော့ ရဲ
ဖမ်းခံရမည်။ ခုလည်း အိမ်ရှေ့က ပတ္တရောင်လှည့်သော ရဲများမြင်တိုင်း သူ့ဆီလာသည်ပဲ ခံစား
နေရသည်။ ဘယ်မှလည်း မသွားချင် အိမ်မှာနေသော်လည်း မလုံခြုံ အရက်ဆိုင်သို့လည်း သူမ
သွားချင် ငယ်သူငယ်ချင်းများ တွေ့လျှင် သူလျှောက်လိုက်နေရမည် ဒီနေ့တောင် ရောက်လာ
နိုင်သည်။ သူ့အဒေါ်ကိုလည်း သူရောက်နေသည်ကို သူငယ်ချင်းများ မပြောဖို့ စကားပိတ်မ
ထားရဲ အဒေါ်သိသွားက စိတ်ပူမည်။

ဒီတိုင်းဆက်နေသွားလို့ကလည်း မဖြစ် အသံတခုခုကြားတိုင်း ရဲလာဖမ်းပြီလား ငါ့အကြောင်း
များ ပြောနေကြတာလား ခံစားနေရသည်။ ကိုယ် ဓါးနဲ့ထိုးထားခဲ့သော ကိုသံချောင်းရဲ့ “အမ
လေးဗျ” အော်သံကလည်း နားထဲမှာလာကြားနေသည်။ အရက်ကို ဖိသောက်ပြန်တော့လည်း
လူက ထုံလာသည် မမူးတော့။ အဒေါ်ကတော့ ဘာမှမပြော အိမ်မှာ သူနှင့်ရွယ်တူ ညီမလေး
က အိမ်ထောင်ကျပြီး ယောက်ကျားရှိရာကို လိုက်သွားရသည်။ အဒေါ်နှင့် ဦးလေးသာရှိသည်
ဦးလေးက မြန်အောင်ဖက် ခဏ တက်သွားလို့ အိမ်မှာ အဒေါ်တယောက်တည်း ဖြစ်နေခြင်းဖြစ်
သည်။ အိမ်မှာ ခုလို ထိုင်သောက်နေတာ တွေ့လျှင် အထိုးခံရဦးမည်။ အနည်းဆုံးအဆူခံရမည်
ဦးလေးက မသောက် အဒေါ်ယောက်ကျားဆိုပေမဲ့ ဦးလေးအရင်းလိုချစ်ကြောက်ရသည်။

ထိုနေ့ မနက်မိုးလင်းထဲက တခုခုဆုံးဖြတ်ရဖို့ သူတွေးထားသည်။ အဖမ်းခံလိုက်မည်လား အ
ဖမ်း ခံရလျှင် လူသတ်မှုဆိုပါက အနည်းဆုံး(၇)နှစ် ဘာလုပ်ရမှန်းကို မသိတော့။ ထိုနေ့ နေ့
လည်ဖက်တွင် အဖေနှင့် မြကြီး ရောက်ချလာသည်။ သူဓါးနှင့်ထိုးခဲ့သူမှာ ဆေးရုံပေါ်မှာ ရှိနေ
ကြောင်း သက်သာလာပြီး ရဲစစ်ချက် လာယူသွားကြောင်း သူထိုးသွားသည်ကို တရွာလုံးသိ၍
ကိုသံချောင်း ထွက်ချက်ထဲမှာတော့ မည်သူမည်ဝါ မသိဟု ထွက်ပေးထားကြောင်း ထို့ကြောင့်
အမှုမှာ အခြေအနေကောင်းနေကြောင်း ရင်ဆိုင်ဖြေရှင်း လိုက်ပါက အမှုမကြီးနိုင်ကြောင်း ကို
သံချောင်းထိုသို့ ထွက်နိုင်အောင် မြကြီးနှင့် သူ့မိန်းမ ကျိတ်စီစဉ်ခဲ့ရကြောင်း ဆေးဖိုး ပိုက်ဆံ
၂ သောင်း ပေးထားကြောင်း မြို့သို့တက်၍ ရှေ့နေနှင့် အားချင်းတိုင်ပင်ပြီးလိုက်လာခဲ့ကြောင်း
ပြောပြပါသည်။

သူ ဘယ်ကိုပြေးမည်ကို အဖေသိနေ၍ အံ့သြရသေးသည် တကယ်တော့ အံ့သြစရာမရှိ သူ့မှာ
ဝေးဝေးလံလံ သွားစရာမရှိသည်ကို အဖေသိသည်။ အမေလည်း စိတ်ပူနေသည့် အကြောင်း
သူပါလိုက်လာ ချင်သေး၍ တောင်းပန်ပြီးထားခဲ့ရကြောင်း ပြောပါသည်။ ထို့ကြောင့် သူပြန်၍ အပိုင်ရဲစခန်းမှာ အဖမ်းခံလိုက်သည်။ ထောင်ထဲရောက်ပြီး (၅) ရက်အကြာတွင် ကိုသံချောင်း
ဆုံးသည်။ စဖြစ်သည်နေ့မှ စ၍ (၉) ရက်အကြာတွင် ဆုံးသွားသည်။ ဖြစ်ချင်တော့ ပုဒ်မပြောင်း
သွားသည်။ ပြင်းထန်စွာ နာကျင်စေမှုမှ လူသတ်မှု ဖြစ်သွားသည်။ သူ့ဘ၀မှာ ကြီးစွာ နောင်တ
ရခဲ့ရသည်။ အမှုကို သက်သာအောင် လုပ်ရတော့မည်။ သို့သော် ရဲစခန်းမှာ သူ့ဝန်ခံချက်ကြီး
ကရှိနေသည်။ တထိတ်ထိတ်နှင့် ရဲမြင်တိုင်း ကြောက်နေရခြင်းနှင့် စာလျှင်တော်သေးသည် ဟု
သာ သဘောထား ရတော့သည်။

ထိုခင်ဝင်းအောင် ထိုစိုးဦး တို့နှင့် ကျနော် ထမင်းစားဆောင် အတူသွားဖက် ဆေးလိပ်အတူ ခိုး
သောက်ဖက် ဖြစ်လာသည်။ ထိုခင်ဝင်းအောင်က ဒင်ဘုတ်မှာ ကျသည်။ ဒင်ဘုတ်ဆိုသည်မှာ
(၂) ပေခန့် အမြင့်ရှိသည့် ပျဉ်းကတိုး တုံးကြီးကို ဘေးနှစ်ဖက်မှ လက်ကိုင်တပ်ထားသည် ထို
သစ်သားတုံးကြီးကို အလုပ်မရှိအလုပ်ရှာ လမ်းဟောင်းကို တူးဆွ၍ အုတ်ခဲကျိုး အသစ်များ
ထပ်ထည့်ပြီး မြေသိပ်သွားအောင် မ ထုရသည်။ အလုပ်ကြမ်း အလေ့အကျင့် ရှိသူများ လည်း
မသက်သာ အစထဲက မသက်သာအောင်လုပ်ထားခြင်း လည်းဖြစ်သည်။ ထိုသို့ မသက်သာမှ
လည်း ယာယီအလုပ်ချသော တပ်ကြပ်ကြီးအိပ်ထဲသို့ ငွေဝင်လာမည် ဖြစ်သည်။

အလုပ်သစ် ဘုတ်ကိုင် စည်းကမ်းထိမ်းသိမ်းရေး ၏ အာမခံချက်ဖြင့် မြကြီး ထောင်ဝင်စာလာ
လျှင် ထိုတပ်ကြပ်ကြီး အိမ်သို့သွား၍ ငွေ(၂၀၀) ကျပ်ပေးရမည် ကြားက အာမခံပေးသော ဘုတ်ကိုင် ကို လောလောဆယ် ပါလာသော ပုဆိုးတထည်ပေးရသည်။ ခင်ဝင်းအောင် အလုပ်
ကသက်သာ သွားသည်။ သို့သော် အခန်းထဲ ပြန်နားနေ၍ မရ ဒင်ဘုတ်နားမှာ မယောင်မလည်
လုပ်နေရသည်။ ထိုအချိန် ဥယာဉ်စောင့်အလုပ်ချ ထားသော စိုးဦးနှင့် ခင်သွားသည်။ ထမင်းအ
တူတူ သွားစားသည့် အခါ( ၂)ယောက်တွဲ ကျနော်က တယောက် ထဲ ကြုံရာလူနှင့် တွဲရသည်။

အဆောင် တဆောင်ထဲဖြစ်၍ လူသစ်ချင်းလည်းဖြစ်၍ ထမင်းစားခုံလည်း အတူကျ၍ ခင်မင်
သွားကြသည် သူတို့ ခိုးသွင်းထားသော ဆေးလိပ်ကို တိုက်သည်။ ရုံးအထွက် ကျနော်ခိုးသွင်း
လာသော ပိုက်ဆံဖြင့် မျှသုံးသည်။ ပိုက်ဆံကို တရားဝင်ကိုင်၍ မရ ခိုးကိုင်ရသည် ။ ခိုးကိုင်
သော ပိုက်ဆံမိသွားလျှင် တိုက်ပိတ်ခံရမည် ထို့ကြောင့် မိသောပိုက်ဆံနည်းပါက ကိုယ့်ကိုဖမ်း
သော ၀န်ထမ်းကို တောင်းပန်၍ ပိုက်ဆံထပ်ရှာပေးရသေးသည်။ ကျနော်ကို လည်းငွေညစ်နေ
သည်ကို သိသည် သို့သော်ကျနော်က ပိုက်ဆံ မပေး မပေးချင် နောက် ထိုသို့ လဒ်ပေးပြီး သက်သာအောင်လည်း မလုပ်ချင် ကြုံလာသမျှကို ရင်ဆိုင်မည် ဟုတွေးထားသည်။

သို့သော် အပြစ်ရှာနေကြသော သူများအတွက် ကျနော့်ကို အပြစ်ရှာရတာ လွယ်သည်။ အပြစ်
လည်းတွေ့ ပါသည်။ နေ့လည် ထမင်းစားပြီးချိန် ခဏနား၍ နေ့လည်(၁၂) နာရီအလုပ် ပြန်
ဆင်းရ သည်။ ထိုအချိန်မှာ အလုပ်ပြန်စဖို့ တန်းစီရသည်။ အလုပ်တန်းစီမည်ကို ကျနော်မသိ၍
နောက်ကျသွားသည်။ အားလုံးတန်းစီပြီးပြီ ကျနော်က အလာနောက်ကျနေခြင်းသာ ဖြစ်သည်။
ကျနော် ၀င်တန်းစီသည့် အချိန်တွင် တပ်ကြပ်ကြီးမှ ထလာသည်။ “ မင်းဘာလို့ နောက်ကျနေ
တာလဲ ဒါ မင်း အမေလင်အိမ် မဟုတ်ဘူး” ဟု ပြောသည်။

ကျနော်လည်း တမနက်လုံး တမင်တကာ ညစ်၍ ခိုင်းနေမှန်းလည်း သိသည် ခုလို အပြစ်ယူ
ဖွယ်မဟုတ်သော ကိစ္စလေးကို ပြ၍ တမင်တကာ အနိုင်ကျင့်ပြောသည် ကိုလည်း မခံချင် ထို့
ကြောင့် ကျနော်ခံပြောသည် “ ဆရာကြီး စကားကို ယဉ်ယဉ်ကျေးကျေးပြောပါ ကျနော်မသိလို့
နောက်ကျတာ ကျနော်မလာတာမှ မဟုတ်ပဲ” “ ဟေ့ကောင် မင်းက ငါ့ကို ခံပြောရအောင် မင်း
က ဘာကောင်မို့လို့လဲ” “ ကျနော်ဘာကောင်မှတော့ မဟုတ်ဘူး ဒါပေမဲ့ သိပ်မတရားလာရင်
တော့ မခံဘူး” ဟုပြန်ပြောသည် ကျနော်က မတ်တပ်ရပ်ပြီးပြန်ပြောခြင်း ဖြစ်သည်။

သူပိုက်ဆံယူပြီး အလုပ်မခိုင်းပဲ ချန်ထားသူများ ရှိနေသည်ကို လည်းကျနော် သိနေသည် ထို့
ကြောင့် ဖြစ်ချင်ရာဖြစ်တော့ သူကျနော့်ကို မတရား ရိုက်လျှင် ကျနော်မခံ ကျနော့်ကို မရိုက်နဲ့
ခင်ဗျားအထက်က အရာရှိဆီ ရုံးတင်ပေး ပြောမည်။ ပြောလို့မရလျှင် သူသေကိုယ်သေ ခံချ
မည် ဟုတွေးထားသည်။ ကျနော်နှင့် မသိသော စည်းကမ်းထိမ်းသိမ်းရေး (၂)ယောက် ကျနော့်
ကို ရိုက်ဖို့ တိုးလာသည်။ ကျနော့်အနားမှာလည်း ထိုအချိန်က ဒင်ဘုတ်အတွက် သယ်လာ
သော အုတ်ခဲပိုင်းကျိုးများက ရှိနေသည်။ ကျနော် အုတ်ခဲပုံ ရှေ့ရောက်သွားသည်။

ကျနော် ထိုသို့ ဖြစ်နေချိန် အဆောင်အပေါ်ထပ်မှ တန်းစီး ကိုအောင်ထွေး ဆင်းလာသည်။ ကျ
နော့်ကို ရိုက်ဖို့ ပြင်ဆင်နေသော စည်းကမ်းထိမ်းသိမ်းရေးများကို “ဟေ့ကောင်တွေ မင်းတို့ ဘာ
လဲ ဘာလို့ရိုက်မှာလည်း သူရိုးရိုးနောက်ကျတာပဲ” ၀င်ပြောသည်။ ကျနော်သူ့ကို ကြည့်တော့ ပိန်ပိန်ပါးပါး ဖြူဖြူလေး အနွေးထည်လေး ထပ်ဝတ်ထားသည် ကျမ်းမာပုံမရ ထူးခြားသည်က သူ့ မျက်လုံးများ အလွန်စူးရှသည် အသံကလည်း လူနှင့်မလိုက် အလွန်မာသည် လူက အရပ်
သိပ်မရှည် လူဗလံလေးသာသာ သို့သော်သူဝင်ပြောသည်နှင့် အကုန်ရပ်သွားသည်။ တပ်ကြပ်
ကြီးကလည်း ဘာမှမပြောတော့။ ကျနော်ဖက်က အခြားအကျဉ်းသားများ ပါလာမှာကိုလည်း စိုးရိမ်၍ ဖြစ်မည်။

ကျနော်ကတော့ ဇဝေဇ၀ါဖြစ်သွားသည်။ ထိုစဉ်တုန်းကတော့ ထိုသို့ဝင်ပြောသူသည် ဘာတာ
ဝန်လဲ ဘာမှုလဲ အားလုံးက ဘာလို့ရပ်သွားတာလဲ ကျနော်မသိ ကျနော့်ဖက်က ၀င်ရပ်ပေးခြင်း
ကို ကျေးဇူးတင်သည်။ ထိုသို့ ကျနော်တို့ တန်းစီနေတုန်းမှာပဲ အချူပ်အကျဉ်းသား တာဝန်ခံ
ထောင်မှုးလေး ဦးမြင့်စိုး ၀င်ချလာသည်။ စည်းကမ်းထိမ်းသိမ်းရေးများက ပုံစံ ဟုအော်သည်။ ကျနော်တို့ အကျဉ်းသားများက ခေါင်းငုံထိုင်၍ အရိုအသေပေးရသည်။ ထောင်မှုးလေးက ကျ
နော် သီးခြားတိုက်ထဲတွင် ရှိစဉ်ကပင် ကျနော့်ကို သိနေသည်။ ခုကျနော် အလုပ်လုပ်မည့် သူ
များနှင့် ရောထိုင်နေသည် ကို တွေ့တွေ့ခြင်း ကျနော့်ကို ထခိုင်း၍ အဆောင်ကိုပြန် ခိုင်းသည်။

တပ်ကြပ်ကြီးကိုလည်း ဆူသည် “ဒီလူတွေ အလုပ်မချရဘူးဆိုတာ ခင်ဗျားမသိဘူးလား ပြဿ
နာဖြစ်ရင် ကျနော်ရော ခင်ဗျားရောနာမှာ ခင်ဗျားခက်ပါလား” ဟုပြောသည် ထိုအချိန် ကျနော်
နှင့်က ပြဿနာစတက်နေပြီ ထိုထောင်မှုးကလေး (တပွင့်)က မသိသေး။ ကျနော်အဆောင်ကို
ပြန်သွားရသည်။ ထိုနေ့မှ စ၍ ကျနော် အလုပ်မဆင်းရတော့။ ကျနော်ပြဿနာဖြစ်နေချိန် တွင်
ဆင်းလာ၍ ပြောသူမှာ ကိုအောင်ထွေးဖြစ်ကြောင်း ပထမတကြိမ် ကျေးရွာဥက္ကဌကို သတ်၍
သေဒါဏ်ကျပြီး ထိုသေဒါဏ်မှ နှစ်(၂၀) ပြောင်းပြီးနောက် ပြန်လွတ်သွားသည်။

သူ့ကို သေဒါဏ် ချခဲ့သော မဆလ ခေတ် တရားသူကြီးကို ထောင်က လွတ်ပြီး သွားသတ်
သည်။ သူ့ကို အမိန့် ချခဲ့ချိန်က ပင် “ ကျနော်မသေရင် ခင်ဗျားသေပြီလို့ သာမှတ်” ဟုလက်
ညိုးထိုး၍ ပြန်ပြောခဲ့သူ။ သူလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်ကလွတ်သွားချိန် မဆလပြုတ်
တရားသူကြီးကို လိုက်ရှာသတ်ခဲ့၍ ထောင် နှစ်(၂၀) ထပ်ကျလာသူ မတရားတာ ဘာမှမလုပ်
အကျဉ်းသားများက လေးစားသည်။ နှစ်ကြီးသမားများထဲတွင် အနေအထိုင်ရိုးသားပြီး အတော်
များများက ခင်မင်ကြသည်။

ကျနော်က နောက်မှ ထိုအကြောင်းတွေကို သိရသည်။ ကိုအောင်ထွေး က ကျနော့်ထက် (၂၀) နှစ်ခန့် အသက်ကြီးသည်။ ကျနော်နှင့် ရင်းနှီးသွားချိန်တွင် ကျနော့်ကိုပြောပြသည်“သူ့အဖေက
ရခိုင်ကွန်မြူနစ်ပါတီက ဂျပန်တော်လှန်ရေး နောက် ဖဆပလ အစိုးရကို လက်နက်ကိုင် တော်
လှန်ရင်း စစ်တပ်က အရှင်မိ၍ သတ်ပစ်လိုက်သည်” သူနှင့်သူအမေ ညီ တို့ကရွာမှာ ပြန်နေရ
သည်။

နောက်အဖေ ခိုးပြန်လာချိန် သတင်းပေး၍ သူ့အဖေကိုမိသွား သည်။ သူတို့ ရွာထိပ်မှာ ပင်
သတ်ပစ်လိုက်သည်။ သူကထိုအချိန်က (၈)နှစ်(၉)နှစ်သား အဖေ့ကို တခါတရံမှ တွေ့ရသော်
လည်း သူမမေ့ အဖေသည် သူ့နှင့် သူညီ သူ့အမေကို ချစ်သည်ဟု သူယုံသည်။ သူငယ်ငယ်က
စ၍ အုပ်ချူပ်သူ ဖိနှိပ်သူ များနှင့် သူအစေးမကပ်တော့။ သို့သော် သူဘာလို့ တန်းစီးဖြစ်နေရ
သနည်း တော့မသိ ထောင်တွင်းတွင် နေသားချည်းပဲ နှစ်(၂၀) နီးပါးနေခဲ့သူ ဖြစ်လို့လား အ
ကျဉ်းသားများ၏ လေးစားမှုကို ခံရသူဖြစ်၍ လားမသိနောက် သူ့ရာဇ၀င်ကို ကြောက်လို့လား
မသိ။ အခြေအနေ အားလုံးကြောင့်လည်း ဖြစ်နိုင်ပါသည်။ သူကနိုင်ငံရေးမှု သမားများကို ခင်
မင်သည့်သူ သူသည်နောက်တချိန်တွင် ထောင်တိုက်ပွဲများတွင် ကျနော့်နှင့်ရဲဘော် ရဲဖက်ဖြစ်
လာသည်။

ကျနော် ထောင်ထဲမှာ အလုပ်မရှိနေရသော်လည်း အေးဆေးစွာနေရသည်တော့ မဟုတ် ကျ
နော့်ကို မကျေနပ်သော တပ်ကြပ်ကြီး၏ ဘေးအန္တာရယ်က မသေး သူအပြစ်မရှိ အပြစ်ရှာ၍ ရိုက်နက်ခံရခြင်းမှ လွတ်အောင်ကြည့်နေရသည်။ နောက်ကျနော် တန်းစီး ကိုတင်သောင်းကို
ပြော၍ စိုးဦးနှင့် ခင်ဝင်းအောင်(၂) ယောက် အိပ်ယာနေရာဘေးသို့ ပြောင်းအိပ်သည်။ ညနေ
တန်းပိတ်ချိန်တွင်တော့ အနည်းငယ်လွတ်လပ်သည်။ တန်းမပိတ်မီ ညနေ ထမင်းစားပြီးချိန်
ခဏတဖြုတ် အဆောင်ရှေ့တွင်လမ်းလျှောက်နိုင်သည်။

ထိုအဆောင်မှာ သိပ်ကြာကြာ မနေလိုက်ရ မိန်းဂျေးမှ မီးရှို့ခံရသော အဆောင်များကို တထပ်
ဆောင်များ ပြန်ပြင်ဆောက်ပြီးသွား၍ ကျနော်တို့ အဆောင်ပြောင်းရသည်။ အဆောင်သစ်တွင်
ကျနော် စိုးဦး ခင်ဝင်းအောင် တို့ တခန်းထဲကျ၍ ၀င်းမောင်ကလည်း အဆောင်သို့ပြောင်းလာ
သည်။ သူက ထောင်ကျ ကျနော်တို့က အချူပ် သို့သော် ထောင်က သူ့ကို နေခွင့်ပေးသည်။

ဝင်းမောင် က ကျနော်တို့နှင့်နေချင်၍ တိုက်ထဲမှ အဆောင်ပြောင်းလာခြင်းဖြစ်သည်။ အ
ဆောင်တန်းစီးမှာ ကိုဇော်နိုင် ထို့ကြောင့် ကျနော်တို့လူနှင့် ကျနော်တို့ အနည်းငယ်လွတ်လပ်
သည်။ ခင်ဝင်းအောင်က ဥယာဉ်ဘုတ်တခုသို့ ကျသည် စိုးဦးက နဂိုဥယာဉ်မှ အဆောင်ရှေ့ ဥ
ယာဉ်သို့ပြောင်းလာသည်။ ပြောင်းလို့ရအောင် အချူပ်တာဝန်ခံ ထောင်မှုးကိုတော့ ကန်တော့
ရမည်သာ သို့သော် အဆင်ပြေရေးအတွက် ထောင်မှုးကလည်း ပြဿနာမဖြစ်ရေးအတွက် နေ
ရာရွေ့ပေး သည်။

ကျနော်က ထိုအချိန်တွင် နောက်မှုကပ်ပါသည်။ နောက်မှုမကပ်မီ ကျနော်တို့ အမှုတွဲများကို ဖမ်း ဆီးနေသည့် သတင်းကို ထိုအချိန်က ဧရာဝတီတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် တိုင်း
စည်းရုံးရေးမှုး လုပ်နေသော ကိုအောင်ဝေး သယ်လာသည်။ ကိုအောင်ဝေးက ထိုအချိန်က က
ဗျာတပုဒ်ကြောင့် နောက် ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ် ကြောင့်
အမှုရှာ၍ အဖမ်းခံထားရချိန် ထိုအချိန်က ရှစ်လေးလုံးအရေးတော်ပုံ အရှိန်ကြောင့် ထောင်ကျ
ဈေးနူန်းချိုသည်။ ကြမ်းခင်းဈေး(၆)လ (၁)နှစ် နောက်တဖြေးဖြေး တိုးလာသည်။ ၁၉၉၅ ခု ၉၆
ခုတွင် ကြမ်းခင်းဈေးက (၇)နှစ်ဖြစ်လာသည်။ ခုနောက်ပိုင်း (၂၀) ထိ တိုးလာသည်။ (၆၅) နှစ်
ဖြစ်လာသည်။ ထို့ကြောင့် ထိုအချိန်က ကိုအောင်ဝေး သိပ်မကြာလိုက် ပြန်လွတ်သွားသည်။

ခုရွှေဝါရောင် အရေးအခင်းမှာ အပြီးပြေးလာသည် ခု ကျည်ကွယ်မျက်ကွယ်မှာ ပြည်ပြေးကဗျာ
ဆရာ ရွှေ့ပြောင်းကဗျာဆရာ ရွှေ့ပြောင်းအလုပ်သမားပေါ့။ ထိုအချိန်က သူက ကျနော်အဖမ်းခံ
ရသည့် ကိစ္စကို ဂဃနဏ မသိသော်လည်း အကြမ်းဖျင်း ခန့်မှန်းမိသည်။ ထို့ကြောင့် သူရုံးအ
ဝင်မှာ လူလွှတ်ပြီး သူကို ချူပ်ထားရာ ဆေးရုံဆောင်အောက်ထပ်သို့ လာတွေ့ဖို့ အကြောင်း
ကြားသည်။ အရေးကြီးကြောင်းလည်း မှာသည်။ ကျနော်သွားခိုးတွေ့ရသည် သူကအကျိုးအ
ကြောင်းပြောပြသည်။

ကျနော်က လည်းခေါင်းကြီးသွားသည် ကျနော်ထံမှ တဆင့် အမှုကို တည်ဆောက်ဖို့ ခက်ခဲနေ
၍ ကျနော်ထွက်ချက်မှာ လွတ်နေ၍ ထိုအမှုတွဲများကို မဖမ်းခဲ့ခြင်းဖြစ်သည်။ ခုအဖမ်းခံနေရပြီ
ဖြစ်သည် မကြာမီ ကျနော်နှင့် အမှု လာဆက်တော့မည်။ ကျနော်ကို ဘာတွေမေး၍ ကျနော်က ဘာတွေ ဖြောက်ထားနိုင်မည် လည်း စဉ်းစားရတော့သည်။

သိပ်မကြာပါ။ နောက် တရက်နှစ်ရက် အတွင်းထောင်ဗူးဝက လာခေါ်သည်။ ကျနော့်ကို ထောက်လှမ်းရေး က တပ်ကြပ်ကြီးတင်မြင့်ထွန်း (ယခု အခြေခံပညာအဆင့်မြင့်ဦးစီးငှါန) က
မေးသည် ကျနော်က ငြင်းသည် တင်မြင့်ထွန်းဒေါကန်သည် စစ်ကြောရေးကို ပြန်ခေါ်၍ ရိုက်
မည်ဟု ပြောသည်။ နောက် ထောက်လှမ်းရေး(၄) တာဝန်ခံ ဗိုလ်မှုးဗိုလ်ဝင်း (ယခု အခြေခံပ
ညာ အဆင့်မြင့် ဦးစီးဌါန ညွန်ချူပ်) ရောက်လာသည်။

ကျနော်ဆက်ညာ၍ မရတော့ ကျနော့်နောက်ထပ် နာမည်တခုနှင့် လှုပ်ရှားမှုကို သိနေပြီ ထိုနာ
မည်သည် ကျနော်နှင့် အခြားတဦးသာ သိသည့် နာမည် ကျနော့်ကို ၀န်ခံခိုင်းသည်။ ၀န်မခံ
လျှင်လည်း မထူးတော့ အားလုံးသိထားပြီ။ ကျနော်တို့ နှစ်ဦးသာသိသော အမည်ကိုဖေါ်လိုက်
ရခြင်းဖြင့် ကျနော်ဝန်ခံရတော့သည်။ ထိုနာမည်ကြောင့် ကျနော် ထောင်(၅)နှစ် ထပ်ကျသွား
သည်။

ကျနော်စာနာပါသည် တကယ်လို့ ရန်သူ့လက်ထဲရောက်သွားလျှင် ဘာမှ သိမထားခြင်းက အ
ကောင်းဆုံး သိထားသည့်သူအတွက်က နောက်ဆုံးမခံနိုင်သည့်အဆုံးအရေးမကြီးဆုံးကို ဖေါ်
ပေးရမည်။ ထိုအခါ ကျနော်က အရေးသိပ်မကြီးသည့်လူ မဖေါ်၍လည်း မဖြစ်တော့ ထို့ကြောင့်
ဖေါ်လိုက်ရသည်။ ကျနော်ကလည်း ၀န်မခံ၍ မရ ၀န်ခံရသည်။

ကျနော့်ကို ဗိုလ်မှုး ဘိုဝင်းတခုတော့ပြောသွားသည်။ ထိုစကားကို မမေ့“ မင်းတို့ကလည်း တိုင်း
ပြည်အတွက် မင်းတို့ မှန်မယ်ကောင်းမယ် ထင်လို့ လုပ်ခဲ့ကြတယ် ငါတို့ကလည်း မင်းတို့ကို ပု
ဂ္ဂိုလ်ရေး အညိုးမရှိပဲ ဖမ်းသင့်တယ်ထင်လို့ ဖမ်းခဲ့ကြတယ် မင်းတို့ မှန်သလား ငါတို့ မှန်သ
လား ဆိုတာကတော့ သမိုင်းက အဖြေပေးပါလိမ့်မယ်” တဲ့ ကျနော်ကလည်း ပြန်ပြောပါသည်။

“ကျနော်တို့ ခုလိုအဖမ်းခံရနိုင်တယ် ဆိုတာကို သိပါတယ် ဒါပေမဲ့ ကျနော်တို့ ပြည်သူတွေ အ
တွက် ကျနော်တို့ ဒီလိုလုပ်ခဲ့ကြတယ် ဆိုတာ တချိန်မှာ ဗိုလ်မှုးပြောသလို အဖြေထွက်လာမှာ
ကို လက်ခံနိုင်ပါတယ်” လို့ ကျနော်ကို ထပ်ပြောသွားသည် “ မင်းကို ပထမအမှု နဲ့ ပဲထောင်
(၂ )နှစ်ချဖို့ လုပ်ထားပါတယ် ဒါပေမဲ့ မင်းက ဖေါ်ထုတ်တာမဟုတ်ပဲ ငါတို့ ဖေါ်ရတာကို မင်းက
ဝန်ခံတာ ဆိုတော့ မင်းလည်း လွတ်ချင်မှတော့လွတ်မယ် အထက်ကိုတင်ထားပါတယ်” တဲ့
တိုးတိုး မတိုးတိုး အရေးမကြီး အရေးကြီးသည်က ကျနော်တို့ လူတွေ မိကုန်ခြင်းသာ။ မိမှာသာ
စိုးရိမ်နေခဲ့သည်။

ကျနော်က ခု အနှစ်နှစ်ဆယ် ကြာပြီးသည့် အချိန်အထိ ကျနော်တို့ မှားခဲ့သည် လို့ မထင်မြင်မိ
သေး လက်နက်ကိုင်တော်လှန်ရေးအတွက် ပြင်ဆင်ရင်း ဖမ်းမိခံရသည် ကိုလည်း ယူကြုံးမရ
ဖြစ်ရတုန်း ဗိုလ်မှုးဘိုဝင်းနှင့် အေးအေးဆေးဆေး ပြန်တွေ့ရသည့် နေ့တနေ့ ကိုရောက်ချင်ပါ
သည်။ ထိုအချိန်မှာ သူရင်ထဲက ဘာပြောမလဲဆိုတာကိုလည်း နားထောင်ချင်ပါသည်။ ကျနော်
တို့ကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ပြီးသည့် (၁၅) နှစ်အကြာမှာတော့ ထိုနှိပ်ကွက်ရာ၌ အဓိက ပါ
ဝင်ခဲ့သော တာဝန်အရှိဆုံးဖြစ်သော စစ်အာဏာရှင်စနစ်ကို ကိုယ်စိတ်နှစ်ပါးနှစ်၍ အကာ အ
ကွယ်ပေးခဲ့သောသူ ဖြစ်သည့် ဗိုလ်ချူပ်ကြီးကိုယ်တိုင်ပင်လျှင် အကျဉ်းသား ဖြစ်နေရလေပြီ။

စစ်အာဏာရှင် တို့၏ အာဏာလုပွဲ၌ စစ်အာဏာရှင်စနစ်၏ မတည်ငြိမ် မခိုင်မြဲသည့်အခြေအ
နေအောက်မှာ စတေးခံကြရပြီဖြစ်ပါတယ်။ တကယ်လို့ပြောခွင့်ရှိလျှင် ပြည်သူတရပ်လုံးရှေ့မှာ
ကျနော်တို့ လုပ်ရပ် သူတို့လုပ်ရပ်ကို ချပြချင်ပါသည်။ ပြည်သူတွေရွေးချယ်မှုနဲ့ ကြိုးစင်တက်ပါ
ဆိုလျှင် ကျနော်တို့တက်မည်။ သူတို့သည်ကော…တက်မည်လား။ ဗိုလ်မှုးဘိုဝင်းကိုမေးချင်ပါ
သည်။ သို့သော် စည်းလုံးညီညွတ်သော ငြိမ်းချမ်းသာယာသော အနာဂါတ်ကို ကျနော်တို့ တမ်း
တပါသည်။ ကျနော့်တို့ ခံစားခဲ့ရခြင်းများကို ကျနော်တဦးထဲအနေဖြင့် သင်ပုန်းချေနိုင်ပါသည်။
သင်ပုန်းမချေနိုင်လောက်အောင် ခံစားခဲ့ရသူများ ကိုတော့ ကျနော်တို့ တားဖို့ မသင့်တော်ပါ။
ကျနော်အမြင် ထိုသို့မြင်ပါသည်။

(ဆက်ရေးပါဦးမည်.ဖတ်သည့်သူများ တော်ပါတော့ မရေးပါနှင့်တော့ ဟု မပြောမချင်း)

Read more...

Wednesday, November 11, 2009

စစ်အစိုးရ အကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ(၆)







စစ်အစိုးရ အကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ (၆)

တနေ့ ငယ်သူငယ်ချင်းကျောင်းနေဖက် အောင်မြင့်ရောက်လာသည် ဒီကောင်ပျောက်နေတာ
ကြာပီ အောင်မြင့်က “စိုးဦးရေ တို့လဖက်ရည်ဆိုင်သွားရအောင်ကွာ” ဟုလာခေါ်၍ သူလည်း
အမေ့ကို ပြော၍ စိုးဦး ဆိုင်ကယ်နောက်က လိုက်သွားသည်။ နောက်သူတို့ကျောင်းတုန်းက အ
ကြောင်းတွေပြော၍ ဟားကြသည်။ အောင်မြင့်က စီးပွားရေးအဆင်ပြေနေသူ ဈေးထဲမှာ ကွမ်း
ပွဲရုံဖွင့်ထားသည်။

မတွေ့တာကြာ၍ စကားလည်းကောင်းသည် တကယ်က စိုးဦးကအိမ်မှ အပြင်မထွက်ဖြစ်၍သာ
မတွေ့ခြင်းဖြစ်သည်။ ပြန်ခါနီး စိုးဦးကို အောင်မြင့်ကအကူအညီတခုတောင်းသည် “ စိုးဦးငါ့မှာ
ပြဿနာတခုရှိတယ်ကွာ ငါ့ကိုကူညီပါလား” ဟုပြောသည် “ငါဘာကူညီပေးရမလဲ ငါကူညီနိုင်
တာမျိုးလားကွာ” “ အေး ဒီလိုကွာ ငါပြီးခဲ့တဲ့ရက်က ချဲ (၁၀၀)ကျပ်ဖိုးပေါက်တယ်ကွာ အဲ့ဒါဒိုင်
လုပ်တဲ့သူကမလျှော်ဘူး ငါ့ကိုရှောင်နေတာနဲ့ နောက်ရက်ချိန်းတာနဲ့ ဒီနေ့ ငါ့ကိုချိန်းထားတယ်
ငါအဲ့ဒါသွားတောင်းချင်တယ်ကွာ မင်းလိုက်လာပေးပါလား ငါ့မှာအဖေါ်မပါလို့” လက်ဖက်ရည်
တခွက် တကျပ်ခေတ်က ငွေ ငါးသိန်းသည် နည်းသည့်ငွေကြေးမဟုတ် ငါတောင်းလို့ရရင် မင်း
ကျေးဇူးလည်း မမေ့ပါဘူးကွာ” “ အေးဒါဆိုလည်းသွားကွာ ငါ့ကိုတော့ကျေးဇူးမတင်ပါနဲ့ ငါတို့
သူငယ်ချင်းတွေပဲကွာ” ဟုစိုးဦးကပြောသည်။

သူတို့ ချဲဒိုင်အိမ်သို့ ဆိုင်ကယ်လေးနှင့်ရောက်သွားသည် ချဲဒိုင်က အိမ်ထဲမှာအဆင်သင့် တခုပဲ
ပြောသည် “ကိုအောင်မြင့်ရယ် ကျနော်က ဒိုင်လက်ခွဲပါ ပင်မဒိုင်ကြီးက မလျှော်တော့ ကျနော်
စိုက်လျှော်နေရတာပါ ဒီတော့ သုံးသိန်းနဲ့ကျေနပ်ပါ” “ဟာ မရဘူးဗျာ အစထဲက သူများတွေက
အဆ ၅၅၀ လျှော်တယ် ခင်ဗျားက ၅၀၀ ပဲလျှော်တယ် ဒါပေမဲ့ ခင်ဗျားကအလျှော်အစားမှန်
တယ်ဆိုလို့ထိုးတာ ကျနော်တို့ သည်းမခံနိုင်တော့ဘူး ခင်ဗျားလျှော်မလား မလျှော်ဘူးလား
ဒီနှစ်ခုပဲပြော ခုသုံးသိန်းကို ပေး ကျန်တာကိုတပါတ်အတွင်း ခင်ဗျားရှာပေး မရရင် ခင်ဗျားသိ
မယ် ခု အိမ်ရှေ့မှာ စောင့်နေတဲ့လူကိုသိလား အဲ့ဒါ လူမိုက်စိန်ဦးကို ဓါးနဲ့တချက်ထဲ ထိုးသတ်
လိုက်တဲ့ စိုးဦးပဲ” “ဟာ.ကျနော်သိပါတယ်ဗျာ.ကိုစိုးဦးလက်ယဉ်တာကို သိပါတယ် ကျနော်
ကြိုးစားပါ့မယ်” ထိုဒိုင်ပေးသော ငွေသုံးသိန်းကို စိုးဦးကို ကိုင်ခိုင်း၍ အိမ်ရောက်အောင် လိုက်
ပို့ပေးသွားသည်။ စိုးဦးကို“နောက်တပါတ်အကြာ မင်းလိုက်ပေးဦးကွာ မင်းက လဒ်ကောင်း
တယ်” ဟုပြောသည်။ စိုးဦးကလည်း သူငယ်ချင်း အလျှော်ရလာ၍ ၀မ်းသာသည်။ ကျန်တာ
တော့သူမသိ။

နောက်သိပ်ကြာခင် သိလာရသည်။ သူကအမေ့ဆိုင်အတွက် ကုန်စိမ်းတွေကို ပုသိမ်ဘူတာ သို့ လာရောက်ရောင်းချသော ခြံထွက်ရောင်းသော ကုန်စိမ်းတန်းလေးမှ သူစက်ဘီးဖြင့် သွား၍ ၀ယ်ပေးသည် ထိုဈေးတန်းလေးက ဈေးချိုသည် သူထိုဈေးတန်းလေးသို့ ရောက်ခါနီး အရပ်
ထောင်ထောင်မောင်းမောင်း (၆)ပေ ခန့် ဗလကောင်းကောင်း အသားညိုညို လူတယောက်က စိုးဦး စက်ဘီးဂိုက်ကို ကိုင်လိုက်သည်။

သူကြည့်လိုက်တော့ နေ၀င်း ပုသိမ်ဘူတာတ၀ိုက် ကျက်စားသောလူမိုက် နေ၀င်း သူနှင့် မရင်း
နှီး သူက “ မင်းစိုးဦးမှလား” “ဟုတ်ကဲ့ပါ” “မင်းလူမိုက်လား” “ မဟုတ်ပါဘူးဗျာ” “ဘာဖြစ်လို့ပါ
လည်း” ထိုအချိန်တွင် သူကုန်စိမ်းဝယ်ရန် ထည့်လာသော ငွေစက္ကူ ငါးဆယ်ကို သူ့ရှပ်အကျီထဲ
က အကုန်နှိုက်လိုက်သည် “ မင်းကျေနပ်လား” “ မင်းဟိုနေ့က ငါ့အကို ချဲဒိုင်မှာသွားရင့်လာတယ်
ဆို မင်းဘာကောင်လဲ မင်းစိန်ဦးလိုလူကို သတ်ဖူးတယ်ဆိုပြီး လူပါးဝတာလား ဟေ့ကောင်
စိုးဦး လူသတ်တယ်ဆိုတာ မပေါ်အောင်သတ်ရတယ်ကွ” “ ရင့်တယ်ဆိုလည်း ငါ့လိုရင့်ရတယ်
မင်းပိုက်ဆံပြန်မတောင်းနဲ့ တောင်းရင် မင်းစက်ဘီးပါ ယူထားလိုက်မှာ သွားတော့” ဟု ပြော
သည်။ သူပြန်လာခဲ့သည် ဈေးဝယ်စရာပိုက်ဆံမရှိတော့။ အမေစိတ်ပူနေမှာ စိုး၍ မပြော
သူစုထားတဲ ပိုက်ဆံကို ပြန်ယူ၍ ဈေးဝယ်လိုက်သည်။

စိုးဦးစိတ်ထဲမခံချင် ဘာဖြစ်တာလဲ ငါ ချဲဒိုင်အိမ်သို့ လိုက်သွားမိတာတော့ မှန်သည် သို့သော် သူမရင့်ခဲ့ အိမ်ထဲကို အောင်မြင့်မ၀င်ခိုင်း၍ သူမ၀င် အ၀မှာပဲစောင့်နေခဲ့သည်။ သူအောင်မြင့်
ကိုမေးတော့ အောင်မြင့်က ငါမရင့်ခဲ့ပါဘူး မင်းတွေ့တဲ့အတိုင်း ငါအေးဆေးတောင်းတယ် သုံး
သိန်းရလာတယ် တို့ပြန်လာတယ် နောက်တပါတ်ထပ်ချိန်းထားတယ်။ ဒါပဲလေ။ ဒါဆို လူမိုက်
နေ၀င်းက ဘာလို့ ရင့်တယ်လို့ကျနော့်ကိုစွတ်စွဲတာလဲ။

ဒါကတော့ကွာ မင်းကသူနယ်မြေထဲမှာဆိုတော့ ကျောထားတာနေမှာ နောက်ဒီကောင်နဲ့ အဲ့ဒီ
ချဲဒိုင်နဲ့ကလည်း ညီအကို သုံးဝမ်းကွဲဆိုလားတော်သေးတာ ဒီချဲဒိုင်က မလျှော်ရအောင် နေ၀င်း
နဲ့ခြောက်နေကျလေ မင်းဒီလိုဖြစ်တယ်ဆိုလည်း ငါကျန်တဲ့ နှစ်သိန်းကို ထားလိုက်တော့မယ်
ကွာ ဟုပြောသွားသည်။ စိုးဦးလည်း ဘာမှမပြောတော့။

ထိုသို့ဖြစ်ပြီး နောက်ကြားတရက်ကျော်မှာ ညနေဖက်သူဗွီဒီယိုသွားကြည့်သည်။ တယောက်ကို
(၁)ကျပ် ကလေး(၅၀)ပြား ဗွီဒီယိုဇာတ်ကားက ကောင်းသည် တရုတ်သိုင်းကား သူလည်းတ
ရုတ်သိုင်းကားကြိုက်သည် ထို့ကြောင့် ည(၇)နာရီပွဲ ကြည့်ဖို့သူထွက်လာပြီး သူတို့အိမ်ခန်းများ
နှင့် မဝေးသော ဗွီဒီယိုရုပ်ရှင်ရုံလေးတွင် ဗွီဒီယိုဝင်ကြည့်သည်။ သူခုလိုနေသည်ကို အမေသ
ဘောကျသည်။ ဖဲဝိုင်းမသွား အရက်လည်းမသောက်တော့ အလုပ်ကတော့ ပြုတ်သွားသည်။
သို့သော်ပြန်ရချင်လည်း ရနိုင်သည် အထက်လူကြီးများကို အကူအညီတောင်းထားသည်။ သူ
ကပြစ်ဒါဏ်ကျခံရသေးခြင်းမှ မဟုတ်တာ။

ဗွီဒီယို ပြပြီးသိပ်မကြာ ရုံဝမှာ ဆူဆူညံညံကြားရသည် “ဟေ့ကောင် စိုးဦး မင်းထွက်လာခဲ့ မင်း
ဘာခုမှ ပုန်းနေတာလဲ မင်းပါးကို ရိုက်ရမယ် အောင်မြင့်ပါးကိုရိုက်ပြီးပြီ မင်းလိုကောင်ကို -ီး ပဲ
ထင်တယ် ထွက်လာခဲ့” ဗွီဒီယို ဆက်မပြနိုင်အောင်ဆူညံ့နေသည်။ သူမထွက်လျှင်လည်း မဖြစ်
တော့ တိတ်တိတ်လေးထွက်သွားရင်လည်း ကျန်သူများကို ရစ်နေဦးမည် ထို့ကြောင့်သူထွက်
သွားသည်။ ထွက်ထွက်ခြင်း သူ့ကိုတွေ့တွေခြင်း ပြုံးသည် “ဟေ့ကောင် စိုးဦး မင်းဆီက ငါအ
ကြွေးလာတောင်းတာ ဟိုနေ့က ငါပိုက်ဆံပဲရင့်လိုက်ရတယ် ပါးမရိုက်ခဲ့ရဘူး ဒီမှာ ဒီလက်ဝါး”
ဘယ်လက်ဝါးကိုပြ၍ “ဒီလက်ဝါးနဲ့ ခုန အောင်မြင့်ပါးကိုရိုက်ပြီးပြီ ခုမင်း” ပြောလိုမဆုံးခင် သူ့
မျက်နှာကို ဖြတ်ရိုက်ချလိုက်သည်။ သူ့နှာခေါင်းထဲကသွေးတွေထွက်လာ မျက်နှာတခုလုံးပူထူ
သွားသည်။ “အေး ဒါပဏာမ ပဲရှိသေးတယ် နောက်ဒီထက်နာမယ်” ဟုပြော၍ ပြန်သွားသည်။
ဗွီဒီယို တရုံလုံးလည်း ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။

သူလည်း ဗွီဒီယို ဆက်ကြည့်ဦးမည် စဉ်းစားသည် သို့သော်သွေးက အတော်ထွက်သည်။ သူ
အိမ်ကိုပြန်လာသည်။ သူမခံနိုင်တော့ သူစိတ်ဆတ်၍ သူများအနိုင်ကျင့်ခြင်းကို မခံရအောင်
သူ လူမသိအောင် ဓါးဆောင်လေ့ရှိသည် ထောင်ကထွက်လာထဲက သူဓါးကို မဆောင် ဓါးရှိ
လျှင်သွေးကြွမှာစိုး၍ သူမဆောင် သို့သော်ထိုသို့ ရင့်သွားသည်က နှစ်ခါရှိပြီ စိတ်ထဲက မခံချင်
မခံနိုင် နောက်သူဆုံးဖြတ်လိုက်သည်။ အိမ်သို့ အမေမသိအောင် တိတ်တိတ်ခိုးဝင်သည် အမေ
မသိ နောက်ကြက်သွန်လှီးသည့် ဓါးပါးလေးကိုယူပြီး စက်ဘီးဖြင့် နေ၀င်း အိမ်ပြန်လမ်းကို
လိုက်သည်။

ရထားလမ်းပေါ်မှာ ဒယိမ်းဒယိုင်နှင့် လျှောက်နေသည် နောက်က ခပ်သွက်သွက်လိုက်သွား
လိုက်သည် နောက်ကနေမထိုးချင် ထို့ကြောင့်ခေါ်လိုက်သည် ဒီဖက်အလှည့်မှာ ထိုးချလိုက်
သည် “ဟေ့ကောင်နေ၀င်း ဒီမှာငါ့အကြွေး”။ ကြက်သွန်လှီးတဲ့ ဓါးက ဆေးထွက်ချက်မှာနှလုံး
အညှာကို တိတိကျကျ ဖြတ်ဝင်သွားသည်။ အပြင်မှာတော့ လှဲကျသွားသည်။ မျက်နှာကို နှစ်
ချက် သုံးချက် ကန်ပစ်မိသည်။

အိမ်ပြန်လာသည် သက်သေခံဓါးကို အိမ်ရှေ့မှာထားလိုက်သည် အမေ့ကိုမတွေ့ ဒီတခါတော့
သူ ရဲအလာကို မစောင့်တော့ ရဲစခန်းသို့ သွားအဖမ်းခံလိုက်သည်။ အမှုတွဲမှာ ပုဒ်မ ၃၀၂
(က) အပြင် နောက်ပုဒ်မ (……) ထပ်တွဲသည်။ ထပ်တွဲသည့်ပုဒ်မက သေဒါဏ်အထိကျနိုင်
သည်။ ထောင်အခေါ် လူသတ်ကျွမ်းကျင်မှု သူက ပုရွက်ဆိတ်တောင်သတ်တဲ့သူမဟုတ် သူ့
မဟုတ်မခံစိတ်က ထိမ်းမရ ထို့ကြောင့် လူသတ်မှုအထိဖြစ်သွားသည်။ ပုသိမ်ထောင်တွင်း ၀င်
လိုက်ထွက်လိုက် လုပ်နေသော နာမည်ကြီးလူမိုက် နှစ်ယောက်ကို ခပ်ကုတ်ကုတ် ပျော်တတ်
သော လူငယ်လေးတယောကက (၅)လ အတွင်း သတ်ပစ်လိုက်သည် ထိုစိုးဦးကို ထောင်က
နေရာပေးသည်။ သို့သော် အနိုင့်ကျင့်ခြင်းကို မကြိုက်သော သူသည် ဘယ်နေရာမှ မလုပ် အ
လုပ်မရှိ အလုပ်ပေးထားသော ဥယာဉ်စောင့်အလုပ်ပြထားသည်။

နောက် ခင်ဝင်းအောင် ကျနော်တို့က တခါတလေ သူ့ကို လင်ကွန်း ဟုခေါ်သည် အမေရိကန်
သမ္မတကြီးလင်ကွန်းလို မျက်နှာကျ ကိုယ်လုံးက အရပ်နှင့်စာလျှင် သေးလို့ ပိန်သည်ဟု ထင်
ရသည်။ သူကအရပ်ရှည်ရှည် သူကအဲ့လိုခေါ်သည်ကို မကြိုက် သူ့ကိုရွဲ့ခေါ်သည်ဟု ထင်သည်
ကျနော်တို့နှင့် မရင်းနှီးခင်က ပေါင်းရခက်သည့်သူ သို့သော်လမ်းတူတော့ ပေါင်းဖြစ်သွားသည်။
သူနှင့်ကျနော်က အသက်တူ စိုးဦးက ငယ်သည်။ နောက်သူက အိမ်ထောင်နှင့် သမီး(၂)
ယောက်နှင့် သမီးကြီးကအဲ့ဒီတုန်းက သူငယ်တန်းတက်နေပြီ သမီးငယ်က မူကြို သူ့မိန်းမ မြ
ကြီးနှင့် တခါတလေ(၂) ယောက်စလုံး ပါလာတတ်သည်။ သမီးကြီးက သူနှင့်တူသည် စကား
ပြော တတ်တာက သူ့အမေနှင့်တူတာ ဖြစ်မည်။ အငယ်မလေးက ပိုသွက်သည်။ နောင်သောအ
ခါ သမီး(၂) ယောက်အကြောင်းသည် ကျနော်တို့ ၏ အိပ်ယာဝင် ပုံပြင်များဖြစ်လာသည်။

သူက ပုသိမ်ရန်ကုန် ကားလမ်းမကြီးဘေးရှိ ရွာတရွာနေထိုင်သူ ပန်းပဲလုပ်ငန်းဖြင့် သက်မွေးမှု
လုပ်သူ သူရော ခင်ကြီးရောက ဂီတအနုပညာ ၀ါသနာထုံသူတွေ သူတို့ရွာတီးဝိုင်းမှာ ခင်ဝင်း
အောင်က ခေါင်းဆောင် မြကြီးက သီချင်းဆိုသူ တရွာထဲသားခြင်း သူတို့ရွာ သတင်းကျွတ်ပွဲ
မင်္ဂလာဆောင်တွေမှာ သူတို့ဝိုင်းက ကိုယ့်စရိတ်ကိုယ်စိုက် ဖြေဖျော်ကြသူတွေ ခင်ဝင်းအောင်
က မိသားစုထဲမှာ အကြီးဆုံး နှမ(၄)ယောက်ရှိသည်။ သူ (၈)တန်းကျတော့ အဖေရဲ့ ပန်းပဲလုပ်
ငန်းကို ၀င်လုပ်ပြီး ကျောင်းဆက်မတက်တော့ ဂီတာတီးသင်သည် ဂီတာတီးသည်။

သူ ဂီတာတီးရင်း ထုံးစံအတိုင်း နည်းနည်းသောက်တတ်လာသည် နောက် မြကြီးနှင့် ခိုးပြေး
သည်။ အဲ့ဒီတုန်းက သူက(၁၈)နှစ် မြ ကြီးက(၁၇)နှစ် သူတို့ နှစ်ယောက်အိမ်ထောင်ကျပြီး
သော်လည်း ဂီတာတီးခြင်း သီချင်းဆိုခြင်းမပျက် စီးပွားရေးအခြေအနေကတော့ လက်မှုသမား
များဖြစ်တော့ အများကြီးမပိုလျှံ နေဖို့စားဖို့ ကတော့ဖူလုံသည်။ ခင်ဝင်းအောင်အဖေက ထိုနယ်
တ၀ိုက် အောင်မြင်သည့် ပန်းပဲဆရာ အပ်ထည်ကမပြတ် အဖေက အလုပ်တချို့ကို ခွဲပေး
သည်။ ထို့ကြောင့် သူတို့ နှစ်ဦး အိမ်ထောင်ရေးမှာ ပူပင်စရာမရှိ သမီးလေး (၂) ယောက်ရ
သည် ။

ပြဿနာက ခင်ဝင်းအောင် အိမ်မှာနေတော့ သားအကြီးဆုံး အဖေက အားကိုးရသူ နှမများက
လည်း အကို တယောက်ထဲရှိလို့ ချစ်ကြသည်။ အိမ်ထောင်ကျတော့လည်း မြကြီးက ဆက်ဆံ
ရေးကောင်းသည် မိသားစုအားလုံးနှင့်တည့်သည်။ မြကြီးက ခင်မင်အောင်ပေါင်းတတ်သည်။
ပန်းပဲအလုပ်ကိစ္စ လာသမျှကို မြကြီးက ကလေးတဖက်နှင့် ပစ္စည်းအပ်သူများ အဆင်ပြေ
အောင် ၀င်လုပ်ပေးတတ်သည်။ ခင်ဝင်းအောင်က လူဖြောင့်စိတ်တိုသမျှကို မြကြီး နှင့်တွေ့
လျှင်ကျေနပ်စေရသည်။ မြကြီးက စကားပြောကောင်းတာသာမက စာလည်းအရေးကောင်းသည်
ခင်ဝင်းအောင်ဆီရေးသမျှ စာ ကျနော်နှင့်စိုးဦး ဖတ်ရသည်။

ခင်ဝင်းအောင် စိတ်တိုတတ်တာက ပြဿနာမဟုတ်သေးသော်လည်း သောက်တတ်လာသည့်
အခါမှာတော့ ပြဿနာဖြစ်လာသည် မဟုတ်ဘူးထင်လျှင် ၀င်ပြောသည် ၀င်ရန်ဖြစ်သည် စိတ်
ကောင်းသော ရက်ရောသော ခင်ဝင်းအောင်ကို အားလုံးက ခင်မင်ကြပါသည်။ သို့သော် အ
ရက် မူးလာလျှင်တော့ ပြောမရတော့ သူများလို ၀ုန်းဒိုင်းကျဲ နေတာလည်းမဟုတ် သူလုပ်ချင်ပြီ
ဆို ဖြစ်အောင်လုပ်တော့သည်။

ပြဿနာအစက ဘာမှမဟုတ် သူ့အိမ်က ပစ္စည်းလေးများ ခဏခဏပျောက်သည် ပန်းပဲရုံဆို
တော့ ပစ္စည်းတော်တော်များများက သံထည်များဆိုတော့ ရုံထဲမှာ ဒီတိုင်းပဲထားရသည်။ သို့
သော် သူတို့အိမ်ဘေးနားက အိမ်သို့ လူသစ်တွေ ရောက်လာပြီးကတည်းက ဓါးလေးပျောက်
ဆောက်လေးပျောက် တခါတခါ သူများပစ္စည်း အပ်ထည်များထဲက ပျောက်သည်။ တန်ကြေး
အားဖြင့်တော့ များများစားစား ကြီးမားတာမျိုးလည်း မဟုတ်။ စိတ်အနှောက်အယှက် ဖြစ်ရ
သည်။

နောက် ပန်းပဲရုံကို လုံလုံခြုံခြုံ လုပ်လိုက်ပြန်တော့ အ၀တ်လျှော်ပြီးလှမ်းထားသော ပုဆိုး အ
င်္ကျိပျောက် သည်။ ဆပ်ပြာခွက်က အစပျောက်သည် သူ သူခိုးကိုတော့ မမိ။ ထို့ကြောင့်သူ သူ
ခိုးစောင့်ဖမ်းရန် သူခိုးချောင်းရန် စီစဉ်ရသည်။ သူခိုးကလည်း လည်သည်။ သူစောင့်ဖမ်းသည့်
ရက်တွင် မခိုး နောက်တော့ မက်လောက်အောင် မျှားရသည်။ ဆပ်ပြာခွက် ကအစ ခိုးသောသူ
ခိုးသည် ပုဆိုး အသစ်ဆို မျက်စေ့ကျမည် ဖြစ်သည် ထိုကြောင့် ပုဆိုးအသစ်ဖြင့် မျှားထားသည်
သို့သော် သူမျှားထားစဉ် ပုဆိုးကပါသွားသည်။ မမိ မိမည့် မိတော့လည်း လွယ်သည်။

Read more...

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP