Saturday, October 31, 2009

အခုတလော အမူးပြေမြန်တယ်

အခုတလော အမူးပြေမြန်တယ်

၂၀၁၀ တောကြောင်တွေ
လက်ခမောင်းခတ်ဖို့ပြင်ဆင်ချိန်
ကမ္ဘာကြီးက ခဏခဏပျက်တယ်
ကျနော်က ခံတွင်းပျက်တယ်။

နိုင်ငံရေးမှာဆေးခါးကြီး
မသောက်ရဲသူတွေက
ပြစရာအကြောင်းတွေများလာတယ်။
ညီညွတ်ရေးစကားပြောကြသူချင်း
တယောက်လိပ်ပြာတယောက် မကြည်ညိုဘူး
သွေးစည်းညီညွတ်ရေး အလံတင်အခန်းအနားမှာ
တယောက်နားရွက်တယောက်
တံတွေးဆွတ်ခဲ့ကြတယ်။

ဆန်တပြည်ငါးကျပ်တုန်းက
မဖြတ်ဖြစ်လိုက်တဲ့ဦးခေါင်းတွေ
ခေါင်းပေါင်းစတလူလူလွှင့်တယ်
စကားကြီးစကားကျယ်တွေပြောတယ်။
ကမ္ဘာဦးဥပဒေသမှာ
သေနတ်တွေကလွှတ်တော်ခေါ်ခဲ့တယ်။

ဆင်းရဲကိုဒုက္ခနဲ့
အပေါင်ခံထားရတဲ့မြို့ကြီးမှာ မီးပျက်တုန်း
ဝန်ကြီးတွေကပြည်တန်ဆာရုံတွေဖွင့်တယ်။

လောကပါလတရားကိုစောင့်တဲ့နတ်တွေ
ဖဲသွားရိုက်နေတုန်း
အနှစ်နှစ်ဆယ်မှာ ဆယ်လေးနှစ်အဖမ်းခံထားရတဲ့
ညီမလေးနေတဲ့အိမ်လေးကို
အကိုလုပ်တဲ့သူက တရားစွဲပြီးဝင်လုတယ်။
(မိဘမျက်နှာမှ မထောက်)

တောကျောင်း ဆရာမလေးရဲ့အိပ်မက်မှာ
ကလေးလေးတွေ ဘွဲ့ရပညာတတ်တယ်။
မျက်နှာချိုချိုနဲ့ ကဗျာဆိုခဲ့တယ်။

ကျနော်ခံတွင်းပျက်လို့သောက်တဲ့အရက်ဝိုင်းမှာ
ခေတ်ကြီးက ကျနော့်ကိုခံတွင်းပြန်ပျက်တယ်
အခုတလော အမူးပြေမြန်တယ်ဗျာ။ ။

မိုးစဲနေ
၁၀။၃၁။၂၀၀၉ နေ့လည် ၁၂း၃၀ နာရီ(အမူးပြေချိန်)

Read more...

Thursday, October 29, 2009

စိတ်ကူးယဉ်အချစ်ဝထ္ထု












စိတ်ကူးယဉ်အချစ်ဝထ္ထု

ကျနော်သူ့ကိုချစ်သည်ဟုပြောခဲ့သည်။ထိုသို့ချစ်သည်ဟုပြောခြင်းသည် ကျနော်တို့လူမျိုး၏ဓ
လေ့တွင် ရည်းစားစကားပြောသည်ဟု ခေါ်သည်ကိုလည်း အထွေအထူးရှင်းပြစရာလိုမည်မ
ထင်ပါ။ အခြားလူမျိုးများတွင် ချစ်သည်ဆိုသည်မှာ ရည်းစားစကားပြောရာတွင်မက အခြား
သော မိဘနှင့်သားသမီး အမကြီးနှင့်မောင်လေး ဦးလေးနှင့်တူ ဆရာနှင့်တပည့်များ သူငယ်
ချင်း အခြင်းခြင်းတွင်လည်း သုံးစွဲကြသောကြောင့်သာ တကူးတကရှင်းပြရခြင်းဖြစ်ပါသည်။

ကျနော်က ထိုသူငယ်ချင်းကောင်မလေးကို “ချစ်သည်”ဟုပြောဆိုချိန်မှာထိုကောင်မလေးမျက်
နှာလေးက အံ့သြပြီးရှက်သွားသည် နောက်စိတ်လည်းမဆိုးပါ တကယ်ကလည်း စိတ်ဆိုးမည်
ထင်လျှင်လည်း ကျနော်ပြောမည်မဟုတ်ပါ။ဇာတ်လမ်းအစက ဒီလိုပါ သူကစာကဗျာလေးများ
ရေး၍ကျနော်က ဖတ်ပေးရပါသည်။ ကျနော်ရေးသော ဒိုင်ကြောင်များ ကဗျာများကိုလည်းသူ
ကဖတ်ပေးပါသည်။သူ့စာများကို ကျနော်ကဖတ်ရန်အတွက်သူကလက်ဖက်ရည်တိုက်တတ်သ
လိုကျနော့်စာများကို ဖတ်ရန်အတွက်လည်း ကျနော်ကလက်ဖက်ရည်တိုက်ရပါသည်။

သူ့စာများကို ကျနော်ဖတ်ပြီးတိုင်း ကောင်း ကောင်း မကောင်းကောင်း ကျနော်မကြိုက်သည့်အ
ထဲမှ အကောင်းဆုံးကိုရွေးပြီးကောင်းကြောင်းလည်းပြောတတ်ပါသည်။ကျနော့်စာများကိုလည်း
သူက ထိုသို့ပြောခြင်းဖြစ်ပါသည်။ဘာပဲဖြစ်ဖြစ် ကျနော်တို့ကိုယ်ကျနော်တို့ စာရေးဆရာကြီး
များဖြစ်ရန်အားထုတ်နေခြင်းဖြစ်၍ ကိုယ်ဘာသာရေး၍ ကိုယ့်ဘာသာမကြိုက်သော စာကဗျာ
များကို အခြားကိုယ့်လို့ သူငယ်ချင်းက ရှာကြံ၍ကောင်းသည်ဟုပြောသောအခါ ၀မ်းသာပါ
သည်။

ကျနော်တို့နှစ်ယောက်စလုံး မိသားစုနှင့်အဝေးမှာရောက်ရှိနေသဖြင့် မိဘများကိုလည်းသတိယ
နေမိပါသည်။သူကမိန်းကလေးဖြစ်ပေမဲ့ သတိယကြောင်းသိပ်မပြောပါ။ကျနော်ကခဏခဏ
ပြောတတ်ပါသည်။ ထိုနေရာတွင် အခြားသူများကဲ့သို့ မိန်းကလေးကယောက်ကျားလေးထက်
စိတ်အားငယ်၍ ပိုသတိရတတ်သည်ဟုကျနော်တရားသေမှတ်ယူမိသောကြောင့်သာဖြစ်ပါမည်
သို့မဟုတ် သူကခံစားမှုကိုကျနော့်လို လွယ်လွယ်ဖွင့်ပြောသော ဓလေ့မရှိတာလည်းဖြစ်နိုင်ပါ
သည်။ သူမပြောသောမိသားစုအလွမ်းကို ကျနော်ပြောသောအခါတိုင်း သူကအားပေးရပါသည်
ကျနော်တို့ နှစ်ယောက်ကြားတွင် အားနွဲ့သူမိန်းကလေး ဘာညာလာပြောရင်တော့ ထိုသူသည်
အဟားခံရမှာကျိန်းသေပါသည်။

ကျနော်က နေရာတကာမှာရန်ဖြစ်တတ်သူဖြစ်ပြီး သူကရန်မဖြစ်တတ်သူပါ။သူကကျနော့်လိုမခံ
ချင်တာနှင့် ထမပြောတတ်လို့ ရန်မဖြစ်တာလည်းဖြစ်နိုင်ပါသည်။တခါတခါ သူရေးသောစာများ
တွင် အပြင်၌သူစိတ်ဆိုးလိမ့်မည်မထင်သော အခြေအနေများကို သူတကယ်စိတ်ဆိုးနေတတ်
တာကိုဖတ်ရသောအခါ ကျနော်အံ့သြရပါသည်။ သူလည်းစိတ်ဆိုးတတ်ပါလားဟုသိရပါသည်။

ဘာပဲဖြစ်ဖြစ်ရန်ဖြစ်တတ်သောကျနော်နှင့် ရန်မဖြစ်တတ်သောသူနှင့်ရန်တခါမှမဖြစ်ကြပါ။ရန်
ဆိုသည်မှာလည်း တကူးတကဖြစ်စရာမလိုဟုလည်းကျနော်ထင်ပါသည်။သူရေးသောစာများ
သည် တခါတခါ ရယ်စရာမကောင်းပဲရယ်လဲရယ်ရပါသည်။ဥပမာ သူ့စိတ်ကူးထဲတွင်ရှိသောသူ့
ချစ်သူကောင်လေးမျိုး ကျနော်တခါမှ အပြင်မှာမတွေ့ဘူးပါ။ ကျနော့်လောက်သူငယ်ချင်းစုံ
သောလိုင်းပေါင်းစုံသော သူနည်းပါသည်။သူစိတ်ကူးထဲက ချစ်သူသည်။ကျနော်တို့ယောက်
ကျားလေးများကြားတွင်မရှိပါ။ ထို့ကြောင့်ကျနော်ရယ်ချင်ခြင်းဖြစ်ပါသည်။ရယ်လည်းရယ်ရပါ
သည်။ သူသည်ထို့ကြောင့်ရည်းစားတခါမှမထားဘူးသေးသောမိန်းကလေးဖြစ်ကြောင်းလည်း
ကျနော်သိသွားပါသည်။ကျနော်ရယ်သောအခါသူ “ဟိုငယ်ငယ်ကရေးထားတာ ခုမှနင့်ကိုပြတာ
ပါ ”လို့အရှက်ပြေလည်းပြောတတ်သည်။

ကျနော်ကသူအဲ့လိုရှက်တာကိုလည်း သနားပါသည်။နောက်သူ့ရှေ့တွင် မရယ်မိအောင်ဟန်
ဆောင်ရပါသည်။ ကျနော်ကအတည်ပေါက်နှင့် ကျနော်ကြားဖူးသော စာပေအယူအဆမှာ“နင့်
ရေးဟန်က ဘာနဲ့တူသည် ဘယ်စာရေးဆရာမကြီးရဲ့ငယ်ငယ်တုန်းကလက်ရာတွေနှင့်ဆင်၍
ခုအချိန်မှာ ဒီလိုမျိုးရေးသူတွေ မရှိသေးကြောင်းရေးဟန်ကအသစ်ဖြစ်ကြောင်း”ကြံဖန်အားပေး
ရပါသည်။ကျနော်ရေးသော စာများကိုတော့ သူက ကျနော့်လို ပလီတီးချေက်ချက်မပြောတတ်
လို့ “ကောင်းပါတယ် ဆက်ရေးပါ နင့်ဟိုတခါရေးတာက ခုလောက်မကောင်းဘူး”လေ။ဘာညာ
စသည်ဖြင့်အားပေးတတ်ပါသည်။ကျနော်ကလည်း အားပေးမှန်းသိပေမဲ့လည်းကျေနပ်ပါသည်။
သူကတော့တကယ်ပြောတာလည်းဖြစ်ရင်ဖြစ်နိုင်ပါသည်။

တခါတုန်းက ကျနော်စာထဲမှာ ကျနော်က “ကျနော်အဖြစ်ချင်ဆုံးမှာနို့သီးဘောက်ဘက်နှင့်သား
သည်အမေ သားပေါက်လေးတွေကို နို့ရည်ဝအောင်တိုက်ကျွေးရင်းကျေနပ်နေတဲ့အမေ” ဖြစ်
ချင်ကြောင်းရေးပါသည်။ ကျနော်မူးမူးနှင့်အမေ့ကို သတိယရင်းရေးထားခဲ့တာဖြစ်ပါသည်။သူ
ကအဲ့ဒီလိုမျိုး ဖတ်ရတဲ့အခါကြတော့ ကျနော့်ကို ခပ်တည်တည်ပဲပြောပါသည်။“နင်အဲ့လိုအမေ
ဖြစ်ချင်ရင်တော့ဟယ် နင်လိင်ပြောင်းရမှာပေါ့ ”တဲ့ အဲ့ဒီအခါကျနော်က ရှက်ရပါသည်။သူ့အဲ့လို
ပြော၍ ရှေးလူကြီးသူမများကတော့ ကြိုက်ချင်မှကြိုက်ပါမည်။ကျနော်ကတော့ကြိုက်ပါသည်။
သူနှင့် ကျနော်ကြားက ယောက်ကျားလေးမို့ မိန်းကလေးမို့ ဆိုသောစည်းကမ်းကြီးကျိုးပဲ့သွား
၍ဖြစ်သည်။

ကျနော်နှင့် သူငယ်ချင်းကောင်မလေးမှာ ပို၍ခင်လာပါသည် သူစိတ်ထဲတခုခု ဖြစ်နေလျှင်သူ
ဘယ်လောက်ရယ်နေနေ ကျနော်မှန်းတတ်လာပါသည်။ ခုရက်ပိုင်းများအတွင်းသူတခုခုဖြစ်
နေတာကတော့ သေချာသည်။ ဘာဖြစ်နေသည်ကိုတော့လည်းကျနော်မပြောတတ်ပါ။ကျနော့်
လိုဖြစ်ဖူးသူများလည်းရှိမည်ထင်ပါသည်။သူ့စာများကို ပေးဖတ်တဲ့အခါတော့ သူစာများထဲမှာ
သူတခုခုဖြစ်နေတာတွေကို ပေါ်လွင်အောင်ရေးနိုင်လောက်အောင်ပါလာပါသည်။ကျနော်ကသူ
တကယ်တခုခုဖြစ်နေကြောင်းသိ၍ မေးရင်တော့ “နင်ကလည်းဟာ စိတ်ကူးယဉ်ရေးတာတွေ
ဟာ တကယ်မှတ်နေတယ်” လို့ပြောပါသည်။ တကယ်က သူညာမပြောတတ်ပါ။

အညိုရောင်ပိတ်စတစကိုတခုခု နက်ပြာရောင်ပိတ်စတစကိုတခုခုစွန်းထင်းသွားလျှင်စွန်းထင်း
သွားမှန်းမသိသာပေမဲ့ အဖြူရောင်ပိတ်စ သို့မဟုတ် ပန်းရောင်နုနု ပိတ်စတခုပေါ်ကိုစွန်းထင်း
သွားလျှင်တော့ စွန်းထင်းသွားမှန်းသိသာပါသည်။ ကျနော်သူညာနေမှန်းသိတာ အဲ့လိုမျိုးသိ
တာမို့အဆန်းတကျယ်တော့လည်းမဟုတ်ပါ။ သူသည်အဖြူရောင်ပိတ်စလေးတစ သို့မဟုတ်
ပန်းနုရောင်ပိတ်စလေးလည်းဖြစ်ပါသည်။

သူတခုခုတော့ဖြစ်တာသေချာသည် ထိုတခုခုက ကျနော်နှင့်တော့မသက်ဆိုင်၍ ထိုတခုခုသည်
သူမိသားစုအရေး သူအလုပ်ထဲက ကိစ္စဟုသာပြောပါသည်။ထိုအရာလည်းဖြစ်နိုင်ပါသည်။သူ
ရေးတဲ့စာတွေနှင့်ဆက်စပ်ကြည့်သောအခါမှာတော့ သူအသည်းကွဲနေတာလည်းဖြစ်နိုင်ပါ
သည်။ သူ့ကိုအသည်းကွဲအောင် သို့မဟုတ် တခုခုဖြစ်နေအောင် သူမပျော်ရွှင်သွားအောင် ထို
တခုခုက တကူးတကလုပ်တာမျိုးတော့လည်း ဟုတ်မည်မထင်ပါ။ ကျနော်နှင့်သူငယ်ချင်းများ
က ထိုတခုခုကြီးကို အဝေးကြီးသို့ပစ်လွှင့်လိုက်စေချင်သည်။ သူပျော်ရွှင်စေရန် တတ်သမျှမှတ်
သမျှရယ်စရာများပြောသော်လည်း သူရယ်ပါသည် ရယ်ချင်ယောင်ဆောင်ပါသည်။

သူအသည်းကွဲရအောင် သူ့မှာရည်းစားမရှိတာလည်း အားလုံးသိပြီးဖြစ်ပါသည်။သို့သော်လည်း
သူ့ဖြစ်နေသောအခြေအနေအားလုံးမှာ အသည်းကွဲနေသူတယောက်၏ လက္ခဏာမျိုးဖြစ်နေ
ခြင်းကထူးဆန်းနေပါသည်။ကျနော်က သူ့လက္ခဏာကြည့်တတ်၍ ပြောသောလက္ခဏာမျိုးမ
ဟုတ်ပါ လက္ခဏာတခါကြည့်လျှင် ဥာဏ်ပူဇော်ခ ဘယ်လောက်ပေးရမည် အထူးကြည့်လျှင်
ဘယ်လောက် ဆိုတာမျိုးလက္ခဏာမဟုတ်ပါ။ ကျနော်က အသည်းကွဲဘူး၍ ကျနော်ဖြစ်ခဲ့ခြင်း
များနှင့်တူနေ၍သာဖြစ်ပါသည်။

သူထိုသို့ဖြစ်နေခြင်းကို ကျနော်သနားပါသည် တကယ်သနားစရာကောင်းမကောင်းတော့ကျ
နော်လည်းမသိပါ ကျနော်ကတော့သနားပါသည် အလုပ်ပင်ပမ်းရသည့်ကြားထဲတွင် သူအဲ့လို
ဖြစ်နေခြင်းကိုသနားနေပါသည်။သူကရယ်ရယ်မောမောနေတတ်သူလဲဖြစ်၍ သူအဲ့လိုဖြစ်နေ
သောအခါ သူရယ်နေတာလား ငိုချင်နေတာလားကျနော်မခွဲတတ်တာမျိုးလည်းကြုံရပါသည်။
သူအဲ့လိုဖြစ်နေခြင်းကိုလည်း သူဘာသာမကြိုက် ဟုသူ့စာများထဲတွင်လည်း ရိပ်ဖမ်းသံဖမ်းရေး
ထားပါသည်။ ဘာပဲဖြစ်ဖြစ် ကျနော်ကအတင်းကြီးကို ၀င်သနားနေခြင်းတော့မဟုတ်ပါ။သူကို
ကယ်ကြေကွဲစရာကောင်းလောက်အောင်သနားတာပါ။ အဲ့လိုသနားတာကိုလည်းသူကကြိုက်
မှာမဟုတ်တာကတော့သေချာပါသည်။

ထိုတခုခုကြီးကိုတော့ ထိုရက်ပိုင်းအတွင်း ကျနော်မသိပဲမုန်းနေမိပါသည်။ကျနော့်သူငယ်ချင်း
လေးကို စိတ်ထိခိုက်အောင်လုပ်နေခြင်း သို့ လုပ်သလိုအခြေအနေမျိုးဖြစ်နေသောကြောင့်ပါ။
ထိုတခုခုနှင့်ကျနော်နှင့်ရန်ညိုးရန်စလည်းမရှိပါ။ထိုတခုခုကလည်းရှိမည်မထင်ပါ။ကျနော်သူ့ကို
ချစ်သည်ဟုပြောဖြစ်သွားသော နံနက်ခင်းလေးကို ကျနော်ပြောပြပါဦးမယ် တကယ်ကပြောပြ
ချင်၍ရေးနေခြင်းလည်းဖြစ်ပါသည်။

ထိုနံနက်ခင်းလေးမှာ သူနှင့်ကျနော်လျှောက်နေကြလမ်းကလေး၌လည်းဖြစ်ပါသည်။လမ်းဘေး
ဝဲယာမှာ စပါယ်ပန်းခြုံကလေးများလည်းမရှိပါ။ ခပ်ကြမ်းကြမ်းပွင့်နေသော နေကြာခင်းတခင်း
လည်းမရှိပါ။ စမ်းချောင်းလေးကို ဖြတ်ဆောက်ထားသော တံတားလေးတခုကို လည်းကျော်မ
သွားရပါ။ ရိုးရိုးနံနက်ခင်းလေးပဲဖြစ်ပါသည်။ ငှက်ကလေးများလည်း သူ့ဘာသာအစာရှာထွက်
နေကြသောနံနက်ခင်းလေးလဲဖြစ်ပါသည်။

ကျနော်ညက ရေးလာသောအချစ်ကဗျာတပုဒ်ကို သူ့ကိုပေးဖတ်လေ့ရှိသည့်အတိုင်းပေးဖတ်ပါ
သည်။ တယောက်သောမိန်းကလေးကို ကျနော်ကချစ်မြတ်နိုး၍ ရေးထားခြင်းလည်းမဟုတ်ပါ
အခြားသူများကဲ့သို့ ကျနော်လည်းအချစ်အကြောင်းကိုရေးချင်းသာဖြစ်ပါသည်။သူကတော့သူ
ရေးလာသော ထိုတခုခုနှင့်ပတ်သက်သော ခံစားရသောစာကို ပေးဖတ်ပါသည်။နောက်ထုံးစံအ
ရမဟုတ်ပဲ သူပြောနေကြ “နင့်စာတွေပိုကောင်းလာတယ်ဟယ်” ကိုသူပြောပြီး ကျနော်လည်း
ပြောနေကြ “ နင့်စာတွေဖတ်ရတာ စာရေးဆရာမကြီးဘယ်သူထက်တောင်ကောင်းသေးတယ်
ဟာ ခုဟာက အခြားသူတွေမဖတ်ရသေးလို့ဟ ရေးသာရေးဟာ ဗင်းဆင့်ဗန်ဂိုး တောင်မှ ဘယ်
သူမှမကြိုက်တဲ့ သူပန်းချီကားတွေနောက် သန်းချီတန်သွားတာပဲ ဘယ်သူမကြိုက်ဘူးဆိုပေမဲ့
မကောင်းဘူးလို့မှ ပြောလို့မရတာ” ဘာညာကျနော် အားပေးရပါသည်။

သူက “အေးဟာ ဟိုစကားပုံလို ဘုတ်ကကျီးကိုမြှောက် ကျီးကဘုတ်ကိုမြှောက်ပေါ”့ တဲ့ အဲ့လို
မှမမြှောက်ရင်လည်း အခြားဘယ်သူကမှ လာအားပေးမှာမဟုတ်တော့ ကျနော်ကလည်း သွေး
ရိုးသားရိုးမြှောက်သင့်တယ်ဟုပဲထင်ပါသည်။ ကျနော်က“ ဒါဆို ငါကဘုတ်ဟာ နင်ကကျီး”
ဘုတ်ဆိုတာကို ကျနော်ခုချိန်ထိမမြင်ဘူးသေးပါ ကျီးထက်တော့လှမည် ထင်ပါသည်။ငှက်တ
မျိုးဆိုတာလောက်ပဲသိပါသည်။ သူက“ ငါကအသားဖြူတယ်လေ ဘုတ် ပဲဖြစ်မှာ” သူလဲ
ဘုတ်ကိုမမြင်ဘူးပါ။ ကျနော်တို့ နှစ်ယောက်စလုံး ကျီး မဖြစ်ချင်ကြသောကြောင့်ဖြစ်ပါသည်။

ကျနော်က ဒါဆိုဒီလိုလုပ်မယ်ဟာ“ နင်က ဟင်္သာလုပ် ငါကဒေါင်းလုပ်မယ်” အဲ့ဒါဆိုတို့နှစ်
လုံးမနာတော့ဘူး စကားပုံကိုပြင်လိုက်မယ် “ဟင်္သာကိုဒေါင်းမြှောက် ဒေါင်းကိုဟင်္သာမြှောက်”
လို့ ပြောတော့ ခါတိုင်းလို သူရယ်သံလေး ထိုနံနက်ခင်းလေး၌ပြန်ကြားရသည်။ “နင်က ငါ့ကို
ကိုဒေါင်းလို့ ခေါ် ငါကနင့်ကို မဟင်္သာလို့ခေါ်မယ်” သူကတော့ဘာမှ မပြောပါ။ သူအဲ့ဒီအချိန်
တွင် သူထိုတခုခု တစုံတရာကို မေ့သွားပုံရပါသည်။ ကျနော်က သူ့ကိုထိုကဲ့သို့ တစုံတခုခု ကို
မေ့သွားပြီး အရင်လို ပြန်ဖြစ်လာ စေချင်နေပါသည်။

သူနှင့်ကျနော် ထိုနံနက်ခင်းလေး၌ ကျနော်တို့လမ်းမခွဲမှီ ကျနော် ကဗျာတပုဒ်ကို လက်ဖက်
ရည်ဆိုင်မှာပဲရေးလိုက်မိပါသည်။ထိုကဗျာမှာ

ဆု

မဟင်္သာရယ်
လေပြေအသွေးမှာမဟင်္သာကိုလွမ်းပါတယ်
လရောင်အသွဲ့မှာမဟင်္သာကိုလွမ်းပါတယ်မဟင်္သာ
မဟင်္သာချစ်ခြင်းမချစ်ခြင်းက ကျနော်နဲ့မပတ်သက်ပဲ
မဟင်္သာကိုချစ်ခြင်းသာ ကျနော်နဲ့သက်ဆိုင်သွားမှာပါ.။

ကျနော့်ပုခုံးပေါ်ကို
နူးညံ့မှုတွေထမ်းပိုးစေတာ
မဟင်္သာကိုကျနော်ချစ်တာလို့ယုံကြည်ပါတယ်မဟင်္သာ။

ကျနော့်ကိုကျနော်ဘယ်တုန်းကမှ
မမှားယွင်းခဲ့ပါဘူးမဟင်္သာ
ကျနော့်ရင်ခွင်ကို ကျနော်ချိုးပြီး
မဟင်္သာတဲလေးကိုမိုးပေးချင်တာ အချစ်လို့ပြောကြမယ်ဆို
ကျနော်မဟင်္သာကိုချစ်ပါတယ်။

မဟင်္သာလာနေကြလမ်းလေးမှာ
မဟင်္သာကို ဆယ်စုနှစ်တခုနီးပါး
မပျက်မကွက် စောင့်ဆိုင်းနေရမှုက
ကျနော့်ကို ဘယ်လိုမှရိုးမသွားစေပါဘူးမဟင်္သာ။

ကျနော့်စမ်းချောင်းလေးကို မဟင်္သာကိုချစ်ခြင်းတွေနဲ့
ငွေ့ရည်ဖွဲ့ တိမ်တအုပ်အဖြစ်ဖန်ဆင်း
မဟင်္သာရဲ့ ခင်တန်းလေးကိုအမြဲစိမ်းလန်းစေချင်ပါတယ်မဟင်္သာ။

မဟင်္သာရယ် လွမ်းဆွတ်နေမှုသက်သက်သာ
ကျနော့်ရမဲ့ဆုဆိုရင်တောင်
အဲ့ဒီဆုအတွက် ကျနော်တိုက်ပွဲဝင်ခဲ့သူပါ
ချစ်ခြင်းကို ကျနော်ယုံခဲ့ပါတယ်
မဟင်္သာရှိတဲ့ ကမ္ဘာမြေပန်းတွေနဲ့မွှေးမြပါစေ။ ။

ကျနော် သူငယ်ချင်းလေးကို ပေးလိုက်ပါသည်။ “မဟင်္သာ မဟင်္သာဖတ်ဖို့ ရင်ထဲက ကဗျာပါ
မဟင်္သာကို ချစ်ပါတယ်”

ကျနော်က ကျနော့်ခံစားချက်ကို သူတစုံတခုခုဖြစ်နေစဉ်မှာ ဖွင့်ဟလိုက်သလိုမျိုးဖြစ်သွားခဲ့
ခြင်းအတွက် ကျနော်စိတ်မကောင်းပါ ကျနော်ကရော ဘာလို့အဲ့လိုပြောဖြစ်လိုက်တာလဲ ကျ
နော်တကယ်ချစ်သွားလို့ပဲဖြစ်မည်။သူတစုံတခုဖြစ်နေစဉ်မှာ သူကိုထွေးပွေ့လို၍လည်းဖြစ်မည်
ထင်သည်။နှစ်ခုစလုံးလည်းဖြစ်နိုင်ပါသည်။

သူကရော သူကတော့ တခါမှချစ်သည်ဟုမထင်ရပဲနှင့် ရည်းစားစကားပြောလာသောကျနော့်
ကို အံ့သြနေပါလိမ့်မည် သူငယ်ချင်းဖြစ်၍လည်း စိတ်မဆိုးပါ။ သို့သော်တခုတော့ရှိပါသည်။ထို
တခုသည် ကျနော်တို့ နှစ်ယောက်ကိုဝေးသွားစေခဲ့သည်။ သူကို့ ပြန်ချစ်နိုင်မနိုင်လည်းမမေးမိ
ပါ သူလည်းချစ်မည်မထင်ပါ (ကောင်မလေးများက ချစ်လျှင်သိသာသည်ဟု ကျနော်ဆုံးဖြတ်
ထားပါသည်) သို့သော် ထိုတခုခုသည် ဘာမှန်းတော့သေချာမသိပါ။ သူခါတိုင်းလိုမနေသည်က
တော့ကျိန်းသေသွားပါသည်။ သူခါတိုင်းလိုနေလျှင် သူကျနော့်ကိုချစ်သည်ဟု ကျနော်ဆုံးဖြတ်
မှာကို စိုးရိမ်ခြင်းလည်း ဖြစ်နိုင်ပါသည်။ ကျနော်လည်းထိုသို့ ချစ်သည်ပြောခဲ့ခြင်းအတွက်တခါ
မှနောင်တမရပါ။ သို့သော် ကျနော်တို့ ဝေးသွားသည်ကတော့သေချာပါသည်။ ကျနော်မှားယွင်း
သည်ဆိုလျှင်လည်း ထိုမှားယွင်းမှုများကို ကျနော်နောင်တရလေ့ရှိသူ မဟုတ်ပါ။

ထိုစာပုဒ်များကို ၀ထ္ထုတိုတပုဒ်ဟုထင်မြင်၍ ကျနော်စိတ်ကူးယဉ်ရေးသားခြင်းသာဖြစ်ပါသည်။
ဝထ္ထုမဟုတ်မှာလည်းစိုးပါသည် ထိုကြောင့် ကျနော် “စိတ်ကူးယဉ်အချစ်ဝထ္ထု” ဟုအမည်ပေး
လိုက်ပါသည်။

Read more...

Tuesday, October 27, 2009

တိမ်လျှင်စီးကြောင်းများ

တိမ်လျှင်စီးကြောင်းများ.

ကျနော်ထိုကောင်မလေးကို ကြည့်သောအခါ သူပြုံးသည်။ ဘာကြောင့်ပြုံးသည်ကိုတော့ကျ
နော်တိတိကျကျမသိပါ။ ကျနော်ကြည့်သည်ကို ရယ်စရာပြုံးစရာလို့ သဘောထား၍ ဖြစ်မည်။
သူ့ပါးမှာရေတွင်းတိမ်တိမ်လေးတဖက်စီနှင့်တူသော ပါးချိုင့်လေးများပါသည်။သူက ဥပဒေ
ကျောင်းသူလေးဖြစ်သည်။ဥပဒေကျောင်းသူလေးဟု ခန့်မှန်းရခြင်းဖြစ်သည်။သူတို့အုပ်စုထဲ
တွင် ကျနော်သိသောဥပဒေကျောင်းသူလေတွေအများအပြား ပါနေသောကြောင့်ဖြစ်သည်။
ကျနော်နှင့်တနှစ်ထဲ တတန်းထဲဖြစ်၍ အသက်ခြင်းတူမည်ဟုတော့မထင်သင့်ပါ။ ကျနော်က
(၁၀)တန်းစာမေးပွဲကို အောင်မြင်ရန်အကြာကြီးဖြေဆိုခဲ့ရသောကြောင့်ဖြစ်သည်။

ကျနော်တို့မြို့နယ်ကျောင်းသားများ ကျောင်းပိတ်ရက်စုပေါင်းခရီးထွက်ဖို့ အစည်းအဝေးပွဲမှာ
တွေ့ခြင်းဖြစ်သည်။ထို့နေ့က အစည်းဝေးမှာ ဘာတွေပြောကြလည်းကျနော်မသိတော့ပါ လာ
မည့် စနေနေ့တွင် ကားသုံးစီးဖြင့်ခရီးထွက်ကြမည်။ကျသင့်ငွေကို ကိုဘယ်သူ မဘယ်ဝှါကိုပေး
ရမည်ပဲသိပါသည်။ ကျနော့်လာမည့်မနက်ဖန်တွင် ကျရောက်မည့်စနေနေ့ကို စောင့်နေမိတော့
သည်။စနေနေ့ မနက်(၈)နာရီ စုရပ်နေရာမှကားထွက်မည်။ ပဲခူးရွှေမော်ထောဘုရားနှင့် ပတ်
ဝန်းကျင် ပဲခူးမြို့သို့သွားမည်ဖြစ်သည်။စုပေါင်းစားသောက်ခြင်းနှင့် ကစားပွဲအစီအစဉ်များလည်း
ပါမည်ဖြစ်သည်။ထိုစနေနေ့တွင် ထိုကောင်မလေးကိုထပ်မံတွေရမည်ဖြစ်၍ပျော်နေသည်။မိတ်
သွားဆက်မည်လည်းစဉ်းစားနေသည်။ သူ့ပါးချိုင့်လေးရင်ထဲသို့ အေးမြစွာစီးဝင်လာသည်။

စနေ့နေ့ကျနော်ခေါင်းတွေတအားကိုက်နေသည်။ညကအခန်းဖေါ် သူငယ်ချင်းနှင့်အရက်
သောက်များသွားသည်။ သောက်တုန်းကတော့များသည်မထင်ပါ သိပ်မမူးသေးဘူးဟုသာထင်
နေသည်။ သူကပဲခူးသားဖြစ်၍ ကျနော်တို့ပျော်ပွဲစားခရီးနှင့်လိုက်ပါ၍ သူလည်းမြို့ကိုပြန်မည်။
တနင်္လလာနေ့မနက်သူပြန်လာမည် ကျနော်တို့နွေရာသီကျောင်းပိတ်ရက်လည်းနီးလာပြီဖြစ်
သည်။ သူက အမှတ်တယ အကိုနဲ့ကျနော်အိုပီတူတူသောက်ရအောင်လို့ပြောလာသည်။ကျ
နော်က အိုပီ မသောက်ချင် အိုပီကို ကျနော်က အရက်အဆီလို့သာသိသည်။အိုပီဘယ်လောက်
သောက်ကြမလဲလို့မေးသည်။သူက ပုလင်းကြီးတလုံးကို နှစ်ယောက်အတူသောက်မည်။လို
လျှင်ထပ်မှာမည် ဟုပြောသည်။

ကျနော်က အရက်ဆီကို အဲ့လောက်သောက်ရင်သေမည်ထင်သည်။ သူကသောက်နိုင်သည်
ငြင်းသည်။ကျနော်ကမသောက်နိုင်ငြင်းသည်။နောက်သောက်ကြည့်ရန်ဆုံးဖြတ်ချက်ချကြသည်
ထိုနေ့က သောကြာနေ့ညနေဖြစ်သည်။

ကျနော်တို့(၂)ယောက်ညနေ(၅)နာရီခွဲထဲက တက်ကြွနေသည် အရက်ကိုသောက်ဖူးသော်
လည်း ခုလိုမသောက်တတ်သေး တခါတရံသောက်ခြင်းမျိုးဖြစ်၍ အရက်ကိုသောက်လိုခြင်း
ထက် အတွေ့အကြုံကိုသောက်လိုခြင်းဖြစ်မည်။ကျနော်တို့ မြေနီကုန်းမှတ်တိုင်တွင်ဆင်းသည်
မြေနီကုန်းတွင် အရက်ဆိုင်စားသောက်ဆိုင်အများရှိသည်။ ဘက်ထရီမီးသီးအလင်းရောင်နဲ့
ရောင်းတဲ့လမ်းဘေးဆိုင်လေးတွေလည်းရှိသည်။ ဆိုင်လေးတွေက အမြည်းစုံတယ် အမြည်း
ပိုရတယ် အရက်ပိုစစ်တယ် အလွယ်တကူမော့လို့ရတဲ့ ကောင်းချက်တွေရှိတယ်။ကျနော်တို့က
တခါတလေမှသောက်တဲ့အရက်သမားအတုတွေဆိုတော့ ဆိုင်ထဲမှာ ကျကျနနသောက်ချင်
ခဲ့သည်။

အရက်စမှာတော့ သူကအိုပီတလုံး လို့မှာလိုက်သည်။လာချပေးတော့ အဖြူ ကျနော်ကြောက်
နေသည် အရက်ဆီကို ဒီလောက်သောက်ရင် သေလိမ့်မည်ဟုထင်သည်။ သူကတော့မ
ကြောက် ကျနော်ကိုငှဲ့ပေးသည်။ အမြည်းတပွဲလည်းရောက်လာသည်။ကျနော်ကြောက်
ကြောက်နဲ့သောက်ကြည့်တော့ ဘီအီးတွေဖြစ်သည်။ကျနော်က ဒါဘီအီးလို့ပြောသည်။သူက
အိုပီလို့ပြောသည်။ဆိုင်ပိုင်ရှင်က ကျနော့်သူငယ်ချင်းကို ခင်ဗျားပဲခူးဖက်ကလားမေးသည်။ပဲ
ခူးဖက်မှာ အိုပီလို့ခေါ်သော ဘီအီးဖြစ်ကြောင်းပြောပြသည်။ အိုပီဖြစ်ဖြစ် ဘီအီးဖြစ်ဖြစ်ကျနော်
တို့ နှစ်ယောက်သောက်ကြသည်။

အတော်လေးမူးကုန်သည်။ သို့သော်မူးတယ်မထင်သေး နောက်တစိတ်ပုလင်းနှင့်ဝယ်သွား
သည်။အဆောင်မှာမော့ရန်ဖြစ်သည်။ ကျနော်တို့နှစ်ယောက်ပိုခင်သွားသလိုခံစားရသည်။သူ
ကားပေါ်မှ ပြုတ်ကျမှာစိုးရိမ်၍ ကျနော်ကားပေါ်ကပြုတ်ကျမှာ သူစိုးရိမ်သည်။ထိုည(၁၀.၃.၈၈)
ရက်နေ့ည အဓိပတိလမ်းဘေးမှာ ပါလာသော တစိတ်ကိုထပ်မော့ကြသည်။ဖြတ်သွားသောပါ
မောက္ခ မော်ကွန်းထိန်း မာစဒါဂျစ်ကားများကို ကျနော်တို့မကြောက်တော့။ ကားမီးရောင်
အောက်တွင် ပုလင်းကိုမြောက်ပြပြီးနှုတ်ဆက်သည်။ ကျနော်တို့ကိုယ်ကိုကျနော်တို့ တိုက်ပွဲဝင်
သူရဲကောင်းကြီးတွေလို့လည်းထင်ကြပြန်သည်။

အဆောင်ရောက်တော့ ကျနော်တို့အတော်မူးနေပြီ(အခြားသူငယ်ချင်းပြန်ပြောပြတာပါ)ကျနော်
တို့က မူးသည်မထင်သေး အဆောင်မှုးနှင့်ဟောကျူတာကို မကျေနပ်သမျှ သွားပြောရန်ရဲရင့်
နေကြပီ။ ထိမ်းမရတော့ လမ်းသူရဲဆေးလိပ်(ဆေးခြောက်) သောက်သော သူငယ်ချင်းက ကျ
နော်တို့ကို ဆေးလိပ်တိုက်လိုက်မှ ငြိမ်သွားသည် ကျနော်တို့လည်းပြန်အိပ်ကြသည်။ဘာဆေး
လိပ်လည်းမသိ။နောက်မှသိရသည်။ ဒီနေရာမှာ ဆေးခြောက်ကကောင်းသလိုလိုရှိသည် အ
ကယ်၍များ သွားရမ်းမိလျှင် အမှုကြီးမည်။

စနေနေ့ နိုးလာတော့ ခေါင်းတွေကိုက်နေသည် နာရီကြည့်လိုက်တော့(၁၀)နာခွဲပြီးပြီ ပျော်ပွဲစား
ကားမမှီလိုက်တော့ ခေါင်းကိုက်ကိုက် စိတ်ညစ်ညစ်နှင့်ထပ်အိပ်သည်။နောင်အရက်မသောက်
တော့ဘူးဟုလည်းနောင်တရသည်။ထိုနောင်တသည် အကြိမ်ကြိမ်ရဦးမည်ဖြစ်သောနောင်တ
မှန်းမသိ ထိုစဉ်တုန်းက ခုထိလည်းနောင်တရနေရသေး၍ဖြစ်သည်။ ကောင်မလေးနှင့်နီးစပ်ဖို့
ခွင့်ရေးမရတာကို ပိုနောင်တရနေသည်။

နောက်သူ့ကိုမတွေ့တော့ တွေ့လိုတွေ့ညားဥပဒေသမားတွေထိုင်သော ကင်န်တင်းဖက် အတန်း
တွေဖက် မယောင်မလည်သွားရှာသည် လုံးဝမတွေ့တော့ တမြို့ထဲသားချင်းဖြစ်၍ပြန်တွေ့ဦး
မည် ကြုံးဝါးထားသည်။ မတွေ့ သို့သော်လည်း ပါးချိုင့်လေး(ကျနော်ဘာသာပေးထားသောနာ
မည်)ကို လိုက်ရှာသည်။

တွေ့မည့်တွေ့တော့ ကျနော်တို့ထိုင်နေကျ ကန်န်တင်းမှာ လူတယောက်နှင့်အတူထိုင်၍ ရယ်စ
ရာတွေပြောနေသည်။ရီစရာစကားတွေတော့မကြားရပါ ခန့်မှန်းကြည့်ခြင်းဖြစ်ပါသည်။ထိုလူကို
ဘယ်သူမှန်းမသိသော်လည်း မနာလိုဖြစ်နေသည်။အင်္ကျိအ၀တ်အစားသပ်သပ်ရပ်ရပ်နှင့်ကျော
ပေးထိုင်နေသော သူကိုနေရင်းမကျေနပ်ဖြစ်နေသည် ပါးချိုင့်လေးက ကျနော့်ကိုတွေ့တော့အံ့
သြသွားသည်။သူမှတ်မိနေ၍ ကျနော်ပျော်သည် ပျော်လည်းမပျော်။ပါးချိုင့်လေး လူတယောက်
နှင့်အတူထိုင်နေ၍ဖြစ်သည်။ပျော်ပွဲစားမလိုက်ဖြစ်လိုက်တာကိုနောင်တထပ်ရသည်။

သူတို့ဝိုင်းကိုကျော်သွားပြီးအခြားဝိုင်းလွတ်မှာ ၀င်ထိုင်တော့မှ သူနှင့်အတူထိုင်နေသောသူက
ထလာပြီးနှုတ်ဆက်သည်။ ကျနော့်သူငယ်ချင်း သူငယ်တန်းလေးထဲကအတူကျောင်းသွားဖက်
အိမ်နီးချင်း အတန်းတူသူငယ်ချင်း သူ(၈)တန်းလောက်မှာ ကျနော်တို့မြို့မှ ရန်ကုန်သို့ မိဘများ
နှင့်ပြောင်းသွားသူ ရန်ကုန်ကိုကျနော်ရောက်တဲ့အခါ တခါနှစ်ခါထပ်ဆုံကြသည်။နောက်သူအိမ်
ထောင်အစောကြီးကျသွားသည်။ သူ့မိဘများကသဘောမတူဟုကြားသည်။နောက်သူနိုင်ငံခြား
သင်္ဘောလိုက်သွားသည်ဟုကြားသည်။ မတွေ့တာ(ရ)နှစ်နီးပါး ခုမှကောင်မလေးဘေးမှာပြန်
တွေ့ရသည်။သူနာမည်က မော်ဝင်းအောင်။

သူတို့ဝိုင်းနှင့်လာထိုင်ရန်အတင်းခေါ်၍ သွားထိုင်ရတော့သည်။ သူကကျနော့်ကို “မင်းငယ်ငယ်
တုန်းကလိုပဲ အတန်းထဲမှာ သူပုန်ထတုန်းလား”တဲ့ နောက် ပါးချိုင့်လေးကို “မင်းသူ့ကိုမှတ်မိ
လား” တဲ့ ကျနော်မှတ်မိသလိုလို မမှတ်မိသလိုလို တကယ်က မမှတ်မိတာပါ။

“သူ မိုးမိုး လေးကွာ.တို့လေးတန်းနှစ်က သူကသူငယ်တန်းလေး တက်ကာစ အတန်းထဲမှာအီး
တွေပါချလို့ မင်းနဲ့ငါသွားပြီးသန့်ရှင်းရေးလုပ်နောက်သူ့ကို အိမ်ပြန်ပို့ရတာလေ”တဲ့ ကျနော်မှတ်
မိသွားပြီ ပါချိုင့်လေးက မော်ဝင်းအောင်ရဲ့ ညီမလေး အဲ့ဒီတုန်းက သူကသူငယ်တန်းလေး အ
တန်းစတက်ကာစ သူအတန်းထဲမှာငိုနေတယ် တအားပဲရှိုက်လို့ ကျနော်တို့နှစ်ယောက်က(၄)
တန်းတက်ကာစ နောက်သူ သူ့ညီမလေးကို အိမ်ပြန်ပို့ပေးရသည်။နောက်ကျောင်းမတက်တော့
ပါဘူး လုပ်လို့ မနည်းချော့လိုက်ချောက်လိုက်လုပ်ရသည်။ခုမိုးမိုးက ပါးချိုင့်လေးဖြစ်နေသည်။

ပါးချိုင့်လေးက တော်တော်ရှက်သွားသည် သူကအသားကလည်းဖြူတော့ မျက်နှာကရဲတွက်
နေသည် သူ့အကို ကို“ကိုကြီးကလဲ ကိုကြီးကလ”ဲ နဲ့တော်တော်ရှက်နေသည်။ ကျနော်က ကျ
နော်တို့ မူလတန်းကျောင်းလေးထဲက သူငယ်တန်းလေးအခန်းထဲမှာ ငိုနေတဲ့ကောင်မလေးကို
ပြေးမြင်သည်။ သူလို့လုံးဝမထင်ထားခဲ့။ သူအကိုက မိတ်ဆက်ပေးသည် နောက်သူ့အဆောင်
ကို ကျနော်တို့ နှစ်ယောက်လိုက်ပို့ပေးသည်။သူကအပြင်ဆောင်ကနေကျောင်းတက်သည်။မိ
ဘများက မြို့ထဲမှာနေသည်။

သူ့အကိုက “ညီမလေးက တခါတလေရင်ကြပ်တယ်ကွ အားလည်းငယ်တတ်တယ် အိမ်ကို
လည်းမပြောဘူးအေးလဲတအားအေးတာ ဘာဖြစ်လို့ ရှေ့နေလုပ်ချင်လဲမသိဘူး ဒီ ဥပဒေကိုမ
ယူပါနဲ့ဆိုမရဘူး သူဥပဒေသင်ချင်လို့ ဆိုလို့ ထားရတာ မင်းတခါတလေ အဆောင်ကိုလာတွေ့
ပေးကွာ” တဲ့ ကျနော်က မျက်နှာပိုးသေအောင် မနည်းလုပ်ထားရသည်။နောက်ပါးချိုင့်လေးကို
နှုတ်ဆက်ပြီးပြန်လာခဲ့ကြသည်။ကျနော့်ရင်ထဲမှာ လေပြေလေညှင်းလေးတွေတိုက်နေသည်
အဲ့ဒီနေ့က။

မော်ဝင်းအောင် နှင့်ဘတ်စ်ကားဂိတ်မှာလမ်းခွဲရသည် သူကတနေရာ ကျနော်ကတနေရာ သူ
ရှေ့လထဲ သင်္ဘောပြန်တက်ရမည်ဟု တခါထဲနှုတ်ဆက်သွားသည်။ သူဘတ်စကားပေါ်တက်ခါ
နီး ကျနော်အောင့်ထားရသော စကားလေးတခွန်းကို သူ့ကိုအော်ပြောလိုက်သည်။

“အစစ အရာရာ စိတ်ချပါကွာ ယောက်ဖရာ ငါညနေတိုင်းနီးပါး သွားတွေ့ပါမယ်” လို့ သူရယ်
သွားသည်။တကယ်တော့ ကျနော်ညနေတိုင်းလဲသွားမတွေ့ဖြစ်တော့ တခေါက်မှလည်း ပါးချိုင့်
လေးကိုထပ်မတွေ့တော့။ (၁၉၈၈) ခု (၁၆)ရက်နေ့ တံတာနီအရေးအခင်း (၁၇) ရက်နေ့ ရန်ကုန်
တက္ကသိုလ်ဝင်း ဆန္ဒပြပွဲတွေမှာ ပါဝင်ဖြစ်သွားသည်။နောက်ကျောင်းတွေပိတ်သွားသည်။

နောက်ဇွန်အရေးခင်းထပ်ဖြစ်လာသည်။နောက် (၈.၈.၈၈)ရှစ်လေးလုံးအရေးအခင်း နောက်
ဥပဒေတွင်း တိုက်ပွဲ လက်နက်ကိုင်တော်လှန်ရေးအတွက်ပြင်ဆင်မှုတို့ဖြင့် ကျနော်နိုင်ငံရေးရေ
စီးထဲမျှောပါသွားသည် သို့မဟုတ် ခုန်ဆင်းလိုက်သည်။နောက်ထုံးစံအတိုင်း အများသူငှါလို
ထောင်ကျသွားသည်။

ကျနော့်သူငယ်ချင်း မော်ဝင်းအောင်နှင့် (၂၀၀၄)ခုမှာ တခေါက်ပြန်တွေ့သည်။ပါးချိုင့်လေးအ
ကြောင်းကိုမေးဖြစ်သွားသည်။ သူပြည်နယ်တခုရဲ့တက္ကသိုလ်မှာ လက်ထောက်ကထိက ဥပဒေ
ဌါနမှာ အိမ်ထောင်မကျသေး။ ကျနော်က (၂၀၀၄)မှာ ထိုင်းကိုထွက်ပြေးလာခဲ့သည်။

ပါးချိုင့်လေးကို ထပ်မတွေ့တော့ သို့သော်(၁၀.၃.၈၈)ရက်နေ့ညနေအဆောင်ကိုလိုက်ပို့ပြီး
အပြန်နှုတ်ဆက်ချိန်က ပါးချိုင့်လေးရဲ့ မျက်ဝန်းနက်နက်လေး တစုံကတော့ ကျနော့်ရင်ထဲမှာ
ခုထိသိမ်းထားခဲ့သည်။ကျနော်တို့ မဆုံဖြစ်ကြတော့ပါ။

Read more...

Sunday, October 25, 2009

အဖွားတို့ရွာ ကရင်နှစ်သစ်ကူးအကြိုကတဲ့ ဇာတ်ပွဲ

အဖွားတို့ရွာ ကရင်နှစ်သစ်ကူးအကြိုကတဲ့ဇာတ်ပွဲ


ကျနော့်အမေဇာတိ ကျနော့်အဖွားဇာတိရွာလေးက ကျနော်တို့ကြီးပြင်းတဲ့ မြို့နဲ့(၅)မိုင်လောက်
အကွာမှာမှာတည်ရှိပါတယ်။ကျနော့်အဖွားရဲ့ မိဘတွေ အဖိုးအဖွားတွေအခြေချနေထိုင်ခဲ့ကြတဲ့
ရွာလေးပါ တကယ်တော့ အဖွားရဲ့မိဘတွေ ဘိုးဘွားတွေက အဲ့ဒီအရပ်ဒေသမှာ လယ်ယာမြေ
ခုတ်ထွင် ဓါးမဦးချနေလာကြရင်း ရွာလေးဖြစ်လာတာပါ။ အဘိုးအဘွားတွေရဲ့ သင်္ချိင်းလည်းရှိ
ပါတယ် တရွာလုံးလိုလို ကျနော်တို့ အမျိုးတွေပါ။ အဖွားရဲ့မောင် အဖွားရဲ့ညီမ အဖွားမိသားစု
ကနေဆင်းသက်လာတဲ့မိသားစုတွေ အမေ့မောင် အမေ့အကို အမ ညီမ တ၀မ်းကွဲတွေ အများ
ကြီးနေထိုင်ကြတာပါ။ နှစ်ဝမ်းကွဲ မောင်အကို ညီမ အမတွေလည်းအများကြီးပါ။

အများကြီးဆိုပေမဲ့ ရွာကသေးသေးလေးပါ အိမ်ခြေ(၄၀)လောက်ပဲရှိတာပါ။ ခုတော့များလာပါ
ပြီ ကျနော်တို့မြို့လေးကနေ သွားရင်ကူးတို့လှေနဲ့(၂)နာရီကျော်ကျော်လောက်သွားရပါတယ်။
ချောင်းမကြီးကနေချောင်းလေး သေးသေးလေးဆုံးအောင် လှေနဲ့သွားကြရပါတယ်။
အဖေအလုပ်အားတဲ့ရက် ကျနော်တို့ကျောင်းပိတ်ရက်ဆို ရွာလေးကိုသွားလည်နေကြပါ။အဖွား
တို့ရိုးရာ ကရင်နတ်ပူဇော်တဲ့အခါမျိုးမှာလည်းသွားကြပါတယ်။အဲ့ဒီလိုအလည်သွားရတဲ့အခါ
တိုင်း ကျနော်ကတော့ပျော်ပါတယ်။ကျနော်တို့ကို ချစ်ခင်တဲ့ဦးလေး အဒေါ်တွေ ညီအကိုမောင်
နှမ၀မ်းကွဲတွေနဲ့ ရေသစ်မြေသစ်မှာ အတွေ့အကြုံသစ်တွေနဲ့ပျော်ရလို့ပါ။

ကျနော် ညီအကိုဝမ်းကွဲတွေနဲ့ ငါးမျှားတဲ့အတွေ့အကြုံ အိုင်ပက်တဲ့အတွေ့အကြုံ ရေကူးကြတာ
ရာသီစာ သရက်မရမ်း မလကာသီးတွေခူးစားကြတာ အလွန်ပဲပျော်ပါတယ်။ကျနော့်တို့ စမှတ်
မိတတ်အချိန်ထဲက အဒေါ်ဝမ်းကွဲတွေ ဦးလေးတွေ မြို့ကိုဈေးဝယ်လာတိုင်းလည်း ကျနော်တို့
အိမ်ကို ၀င်နေကြပါ။နောက်ကျနော်တို့ ငယ်ငယ်က မြစ်ဝကျွန်းပေါ်ဒေသမှာ လက်နက်ကိုင်
တော်လှန်ရေးအဖွဲ့တွေကလည်းရှိနေတော့ ကျနော်တို့တွေသွားလည်ပတ်တိုင်း လူကြီးတွေရဲ့
စကားဝိုင်းတွေမှာ စစ်တပ်နဲ့ သူပုန်ရဲ့တိုက်ပွဲအကြောင်းတွေပဲ ပြောသံကြားကြရတာပါ။ အစိုးရ
က သူပုန်လူလို့ထင်လို့သတ်သွားတာတွေ သူပုန်က အစိုးရသတင်းပေးလို့ထင်လို့သတ်သွား
တာတွေလည်း အများကြီးပါ တိုက်ပွဲတွေတော့မဖြစ်တော့ပါဘူး။

နောက်ရွာလေးမှာ ဘုန်းကြီးကျောင်းရယ်လို့မရှိပါဘူး စာသင်ကျောင်းရယ်လို့ သတ်မှတ်ထား
တဲ့ဇရပ်ကြီးတခုတော့ရှိပါတယ်။ဇရပ်ထဲမှာ မူလတန်းကျောင်းလေးမဆောက်ပြီးခင်အထိက
လေးတွေကို စာသင်ပါတယ်။ ကျနော်တို့ကကျောင်းပိတ်ရက်တွေမှ သွားကြတော့ တံကား
မရှိတဲ့ ထိုကျောင်းဇရပ်ကြီးကလည်း ကျနော်တို့ကစားကွင်းပါ။ဥပုဒ်နေ့တွေဆိုလည်း ဇရပ်ပေါ်
မှာပဲ စုပေါင်းသီလယူပါတယ်။ကျနော်က အဖွားကိုအပြောက်ခံတဲ့သူမဟုတ်တော့ အဖွားသီလ
ယူတဲ့အခါ လိုက်သွားပါတယ်။ သီလပေးတဲ့သူကတော့ ဘုန်းတော်ကြီးမဟုတ်ပါဘူး။အဖွားရဲ့
မောင်တ၀မ်းကွဲ ဘိုးလေးဦးဖိုးစိန်ပါ။

ကျနော်က အဖွားကို “အဖွားဘိုးလေးဦးဖိုးစိန်က ဘုန်းကြီးမဟုတ်ပဲ သီလပေးလို့ရလား” ခဏ
ခဏမေးလို့ ကျနော့်ကိုစိတ်ရှည်ပြီးချစ်တဲ့အဖွားတောင် စိတ်တိုပါတယ်“ကောင်လေး အဖွားပြီး
မှပြောပြမယ် ခုငြိမ်ငြိမ်နေတဲ့” အဖွားက ကရင်လိုပြောပါတယ်။အဖွားနဲ့ညအိပ်တဲ့အခါ အဖွား
က နှုတ်တိုက်သင်ပေးလို့ သြကာသတို့ သံဗုဒ္ဓေတို့ စက်ကြီးတစက်သုံးပါးတို့ ရနေပါပြီ အဓိ
ပါယ်ကိုမသိသော်လည်း ကျနော်တို့လိုက်ဆိုလို့ရလို့ အဖွားတို့ဆိုသလိုလိုက်ဆိုရပါတယ်။

အဖွားသင်ပေးတဲ့ဂါထာ စက်ကြီးတဆဲ့သုံးပါးကို ရွတ်ရတာကျနော်အကြိုက်ဆုံးပါ ကျနော်နား
လည်တာတွေပါလို့ပါ။ စားသားတချို့ထဲမှာ “ အာခံတွင်းက ၀င်းဝင်းတောက်တဲ့ နဂါးစက် မာန်
ဟုန်ပြင်းပြင်း အာဏာပြင်းတဲ့ဘီလူးစက် လေဟုန်စီးပြီးတောင်ပံဝင့်တဲ့ ဂဠုန်စက်”ဆိုတာတွေ
ပါလို့ပါ အဖွားညဖက်ပြောပြောပြတဲ့ ပုံပြင်တွေထဲမှာ ဘီလူးတို့ နဂါးတို့ ဂဠုန်တို့ ဆိုတာတွေကျ
နော်သိနေလို့ပါ စက်ဆိုတာကို အဖွားရှင်းပြပေမဲ့အဲ့ဒီအချိန်တုန်းက နားမလည်ပါ ရွက်ဆိုသင့်
တယ်ဆိုလို့သာရွက်ခဲ့တာပါ။ အဲ့ဒီစက်ကြီးတဆဲ့သုံးပါးဂါထာကို မရွတ်တာနှစ်ပေါင်းများစွာကြာ
သွားတော့ ကျနော်အလွတ်မရတော့ပါ ဂါထာကိုပြန်တွေ့ရင်တော့ ပြန်ရနိုင်ပါတယ် ဂါထာရဲ့
နောက်ဆုံးပိုဒ်ဖြစ်တဲ့ “စက်ကြီးတဆဲ့သုံးပါးရွတ်သံကြားက ဘေးများကင်းမြောင်လူတို့ဘောင်
ဝယ်”ဆိုတာလေးတော့မှတ်မိပါသေးတယ်။

ဘိုးလေးဦးဖိုးစိန်က လူကသေးသေး ဖြူဖြူ စကားပြောရင် တလုံးခြင်းစီဖြေးဖြေးပြောတာပါ။
လူကသေးသလို ဖြေးဖြေးလေးစကားပြောတာပါ။ ကရင်လိုပြောလဲဖြေးဖြေးလေးပြောပါတယ်။
ကျနော့်အထင်တော့ ဘိုးလေးက နူညံ့လွန်းလို့ ရွာမှာလည်း ဘုန်းတော်ကြီးမရှိလို့ ဘိုးလေးက
သီလပေးရတာဖြစ်မှာပါ။ ဘိုးလေးမှာ သားသမီးသုံးယောက်ရှိပါတယ်။ကျနော်တို့ထက် လေး
ငါးဆယ်နှစ်လောက် အသက်ကွာပါတယ်။ကျနော်တို့မောင်နှမတွေက ခုချိန်ထိ ဦးလေးဒေါ်
လေးပဲခေါ်ပါတယ်။

အငယ်ဆုံး ဦးလေးကိုတိုးက ကျနော်တို့ထက်(၈)နှစ်(၇)လောက်ပဲ အသက်ကြီးမယ်ထင်ပါ
တယ်လူပျိုပေါက်အရွယ်ထဲက ကျောင်းထွက်ပြီး လယ်ထဲဆင်းကြအလုပ်လုပ်ကြ တော့လူ
ကထွားပါတယ်။ ဘိုးလေးဦးဖိုးစိန်ရဲ့ဇနီး ဘွားလေးအရီးမူက တအိမ်လုံးကိုစီမံခန့်ခွဲသူပါ။သ
ဘောလည်းအင်မတန်ကောင်းပါတယ်။ဘွားလေးက သတင်းစာမပြတ်ဖတ်သူ ရသမျှစာအုပ်
အကုန်ဖတ်သူလည်းဖြစ်ပါတယ်။ကျနော်ရွာကိုရောက်တိုင်း ဖတ်စရာစာအုပ်တခုခုကို ဘွား
လေးတို့အိမ်က သွားယူပြီးဖတ်နေကြပါ။ မဂ္ဂဇင်းစာအုပ်မျိုးစုံ စာစောင် ၀ထ္ထုအကုန်စုံပါတယ်
ဘိုးလေးက အေးသလောက် ဘွားလေးကစကားသွက်ပါတယ်။အမေနဲ့စာအကြောင်းကဗျာ
အကြောင်းပြောနေကြပါ။

ကျနော်တို့ရွာကိုရောက်တိုင်း ဘွားလေးတို့အိမ်မှာ ထမင်းတနပ်တော့မဖြစ်မနေစားရပါတယ်
မစားရင်မဖြစ်ပါဘူး စိတ်ဆိုးခံရပါတယ် ဦးလေးတွေအဒေါ်တွေကလည်း တကယ်တော့အကို
ကြီးအမကြီးအရွယ်တွေပါ။ကျနော်တို့ မောင်နှမတွေဆော့သမျှ ကဲသမျှသည်းခံကြတာပါ။အိမ်
က ကရင်ရိုးရာအိမ်တွေပါ။အိမ်ရှေ့ခန်းမှာ ခန်းမကြီးလိုအကျယ်ကြီးဆောက်ထားတာပါတယ်။
အရင်တုန်းက သစ်တွေဝါးတွေကပေါတယ်လေ။အိမ်တိုင်တွေကလည်း အကြီးကြီး ထမင်းစား
ဆောင်ကလည်းအကြီးကြီး ကျနော်တို့အကြိုက်စိတ်တိုင်းကျကစားနိုင်တာပေါ့ဗျာ။ဦးလေးအ
လတ် ဦးလေးမြအောင်နဲ့ ဦးလေးအငယ် ဦးလေးကိုတိုးတို့က အလယ်တန်းလောက်နဲ့ကျောင်း
ထွက်ကြတာပါ။ ဒေါ်လေးမသန်းအေးက အထက်တန်းအောင် နောက်ဘွဲ့ရပါတယ်။

ကျနော်တို့ မောင်နှမတွေ အကြီးတွေကိုလည်းခင်ပေမဲ့ အခင်ဆုံးကတော့ ဦးလေးကိုတိုးပါ။
ဦးလေးကိုတိုးက အရပ်ရှည်ရှည် အသားဖြူဖြူ ရုပ်ရည်လည်းချောပါတယ် အမြဲတမ်းလဲပြုံးနေ
တတ်သူပါ။ကျနော်တို့ မောင်နှမတွေအကြိုက်ဆုံးကတော့ လယ်ခရုဖြစ်တဲ့ ကနစိုခရုပြုတ်ကို
ထွတ်ပြီး ငရုတ်သီးနဲ့ဆီပြန်ချက်ထားတဲ့ဟင်းပါ။ ကျနော်တို့ကြိုက်မှန်းသိတော့ ဦးလေးကိုတိုး
မရအရရှာပြီးချက်တာပါ။ သူကခရုတွေကိုလေးထောင့်သံဘုံးကြီးနဲ့ လယ်ထဲမှာလိုက်ကောက်
လာတာပါ။

နောက်တော်တော်များများရတဲ့အခါပြန်လာပြီး ခရုတွေကိုရေစင်အောင်ဆေးပါတယ်။ နောက်
ရေးဆေးပြီးသားခရုတွေကို ရေထပ်ထည့်ပြီးမီးဖိုပေါ်တင်ပြီးပြုတ်ပါတယ် ကျနော်တို့က မသေ
သေးတဲ့ ခရုအရှင်တွေကို မီးနဲ့ထည့်ပြုတ်တာကို မသနားပါဘူး ခရုစားရဖို့ပဲသိတာပါ။ပြုတ်ပြီး
တဲ့အခါ ခရုအဆံကိုထုခွဲပြီးအထဲက အဆံကိုထွတ်ပါတယ် ပြုတ်နေတဲ့အချိန်မှာထဲက အဆင်
သင့်ချက်ဖို့ ငရုတ်သီးကြက်သွန်ဖြူနီ ဂျင်းပြင်ဆင်ထားတာပါ။နောက်ကျနော်တို့ ကြီးလာတော့
ရွာရောက်တိုင်း ခရုပေါတဲ့အချိန်ဆို ခရုသွားကောက်ဖို့ လုပ်လို့ ကျနော်တို့ မစားရဲတော့ဘူးလို့
ညာရပါတယ်။ ဦးလေးတွေအဒေါ်တွေက ငရဲကြီးမှာကိုသိပေမဲ့ ကျနော်တို့ကြိုက်မှန်းသိလို့ချက်
ကြွေးချင်ကြတာပါ။

ကျနော်တို့(၅)တန်းနှစ် ဒီဇင်ဘာကျောင်းပိတ်ရက်မှာ ရွာလေးကိုအလည်သွားပါတယ် ကျနော်
တို့ငယ်ငယ်က အတန်းတတန်းကို ပထမအစမ်း ဒုတိယအစမ်း အစစ်ကြီးဆိုပြီးစာမေးပွဲသုံး
ကြိမ်စစ်ပါတယ်။ ပထမအစမ်းစာမေးပွဲက အောက်တိုဘာလ စာမေးပွဲလည်းအပြီး သီတင်း
ကျွတ်ပွဲတော်လည်းရောက် ဒုတိယအစမ်းစာမေးပွဲက ဒီဇင်ဘာလမှာပါ စားမေးပွဲလည်းအပြီး
ဒီဇင်ဘာကျောင်းပိတ်ရက် ခရစ်စမတ်ပွဲ ကရင်နှစ်သစ်ကူးပွဲ လွတ်လပ်ရေးနေ့တွေအတွက်
ပါပိတ်ပေးပါတယ်။

ကျနော်တို့သွားလည်တဲ့ ဒီဇင်ဘာကျောင်းပိတ်ရက်မှာ ကရင်နှစ်သစ်ကူးပွဲလည်း ရွာလေးမှာ
လုပ်ကြမှာပါ။ နောက်ရွာထဲက သူတွေနဲ့ အရပ်ပွဲလေးလဲလုပ်ကြမှာပါ အဲ့ဒီအရပ်ပွဲက ကရင်နှစ်
သစ်ကူးအကြိုပွဲလည်းဖြစ်ပါတယ် ဒုန်းယိမ်းတွေအခြားရွာတွေကလည်း လာကကြမှာ နောက်
ဦးလေးကိုတိုး ပြဇာတ်မင်းလုပ်ပြီးကမဲ့ပြဇာတ်မို့လည်းကြည့်ချင်နေပါတယ်။ ကျနော်ငယ်ငယ်
က ဇာတ်ကပွဲတွေ အငြိမ့်တွေဆို အလွန်ကြိုက်ပါတယ် ဇာတ်ကပွဲက(၄)ညကမယ်ဆို ကျနော်
လည်း(၄)ည ကြည့်ပါတယ်။အမေတို့ကလိုက်မကြည့်နိုင်တော့လို့ အိပ်ရေးပျက်လို့အလုပ်
ရှိလို့ပျက်ပေမဲ့ ဇာတ်တွေအငြိမ့်တွေကြိုက်တဲ့ အဖေ့ညီမ အဒေါ်မကြည်သန်းနဲ့ အမေကအပ်
ထည့်လိုက်ပြီးကြည့်တာပါ။ အဒေါ်တွေကလည်းပွဲကြိုက်ခင်တွေဆိုတော့ ကျနော်အကြိုက်ပေါ့
ဟိုရှေ့ဆုံးတန်း ဆိုင်းဝိုင်းရှေ့မှာ နေရာရအောင် အပြီးပုံသေ၀ယ်ကြည့်ကြသူတွေပါ။ပွဲလေးည
သူတို့လည်းလေးည ကြည့်ကြသူတွေပါ။

အဲ့ဒီတော့ ကျနော့်အဖွားတွေရွာမှာ ဦးလေးကိုတိုးကမဲ့ပြဇာတ်ကိုလည်း ကျနော်ကြည့်ချင်နေ
တာပါ။အဖွားကိုပူစာပြီး စာမေးပွဲပြီးပြီးချင်းရွာကိုကြိုသွားတာပါ။ရွာရောက်တော့ ဇာတ်တိုက်
နေကြတုန်းပါ။ ဇာတ်တိုက်တာက ရွာရဲ့ဇရပ်ကြီးပေါ်မှာပါ။ ဇာတ်လမ်းကတော့ လူအများအ
ကြိုက် ချစ်ခန်းကြိုက်ခန်း သေနတ်ပစ်ခန်းပါ ပါတယ်။နောက် မင်းသမီးကကျနော်တို့မြို့ပေါ်က
ငှါးလာတာပါ။ဇာတ်တွေမှာလိုက်ကဘူးတဲ့ ယိမ်းသမလို့ပြောပါတယ်။ သူက ပြဇာတ်မင်းသမီး
လုပ်မှာပါ။ ကျနော်တို့ ကလေးတွေက ဇာတ်တိုက်တဲ့အခန်းတွေကို ဇရပ်ပေါ်မှာကြည့်လိုက်
ပြေးဆော့လိုက်ပါ။

ဇာတ်လမ်းကလည်းအတိုလေးပါ။ သဘောကောင်းတဲ့တောသူ သူဌေးသမီးနဲ့ လမ်းမှားရောက်
သူပုန်ဗိုလ်ရဲ့အချစ်ဇာတ်လမ်းပါ။ နောက်ဆုံးမှာ သူတို့နှစ်ဦးချိန်းတွေ့ကြတဲ့အချိန် မင်းသမီးရဲ့
အဖေ သတင်းပေးလို့ ရဲတွေရောက်လာပြီး ပစ်ကြခတ်ကြရင်း မင်းသမီးကသေသွားပြီးမင်းသား
က အရှင်မိသွားတဲ့ ဇာတ်လမ်းပါ။ မင်းသမီးရဲ့အဖေကလည်း ပြဇာတ်မင်းသားကို ပိုမုန်းသွား
ပေါ့ မင်းသားကလည်း နောင်တရပေါ့ မင်းသမီးက မင်းသားကို လက်နက်ချခိုင်းသေးပေမဲ့
လက်နက်မချတဲ့မင်းသားကြောင့် နောက်ဆုံးကြားက မင်းသမီးသေဆုံးရတဲ့ဇာတ်ပါ။အစိုးရအ
ကြိုက်ဇာတ်လမ်းပေါ့၊

ဇာတ်ကမဲ့အချိန်ကြလာတော့ ကျနော်တို့တွေနေရာယူကြတာပေါ့ အခြားရွာနီးနားခြင်းတွေက
လည်းမြို့က ငှါးလာတဲ့မင်းသမီးနဲ့ပြဇာတ်ကမှာဆိုတော့ လှေတွေနဲ့လာကြ လှည်းတွေနဲ့လာ
ကြပေါ့။ကျနော်တို့ မောင်နှမတွေအုပ်စုကတော့ ရှေ့ဆုံးမှာဖျာခင်းပြီးနေရာယူထားပြီးပါပြီ။အ
ရပ်ဇာတ်တွေရဲ့ထုံးစံအတိုင်း တေးသရုပ်ဖေါ်တွေ ဒုန်းယိမ်းတွေ ကကြပါတယ်။ပရိတ်သတ်
ကလည်းတခဲနက် အားပေးကြပါတယ်။ကျနော်တို့ကလေးတွေ အဆိုးဆုံးပေါ့။ ပွဲဈေးတန်းလေး
မှာ မုန့်ထွက်ဝယ်စားလိုက် အားပေးလိုက်ပေါ့။ ကျနော်တို့မျှော်နေတာက ဦးလေးကိုတိုးရဲ့ပြ
ဇာတ် ဦးလေးကိုတိုးကို သူပုန်ဗိုလ်အ၀တ်အစားနဲ့ ကြည့်ချင်တာ တကယ့်စင်ပေါ်မှာဦးလေး
ကိုတိုးက ဘယ်လိုသရုပ်ဆောင်မလဲသိချင်နေကြတာ။

ရှေ့ပိုင်းအစီအစဉ်တွေပြီးတော့ ပြဇာတ်အတွက်ကြေငြာပါတယ်။ တကယ်တော့ဒီဇာတ်လမ်းကို
တရွာလုံးက သိပြီးပါပြီ ဇာတ်လမ်းဇာတ်တိုက်တာလည်း ကြည့်ပီးပါပြီ မကြည့်ရသေးတာက
ဝတ်စုံပြည့်နဲ့ပြဇာတ် ရွာနီးနားရွာတွေက လာကြည့်ကြမှာမို့ပါ။နေလည်ပိုင်းထဲက တချို့က
ရောက်နေတာပါ။ အားကစားပြိုင်ပွဲတွေကလည်းရှိတယ်လေ။ ပြဇာတ်စထွက်လာတဲ့အခန်းကို
လည်း အားလုံးကသိနေပါတယ်။ရွာနီးနားက သူတွေကလည်း ဦးလေးကိုတိုးတို့အပေါင်းအ
သင်းတွေပါ။ သူတို့လည်းကျနော်တို့လိုပါပဲ။ ၀တ်စုံပြည့်နဲ့ကြည့်လိုကြသူတွေပါ။

ဇာတ်လမ်းအစမှာ သေနတ်ဖေါက်ခန်းနဲ့ စပါတယ် ကျနော်တို့တွေလည်း ၀မ်းသာပါတယ် သေ
နတ်တွေက သစ်သားနဲ့ခြောက်လုံးပြူးပုံခုတ် ရိုင်ဖယ်ပုံခုတ်ထားပြီးဆေးဆိုးထားတာပါ။ဇာတ်
တိုက်ထဲက ကျနော်တို့ကလေးတွေက ကိုင်ကြည့်ကြပီးသား။ ဖေါက်ရမဲ့ယမ်းထုတ်တွေကို တူနဲ့
ထုပြီးဖေါက်တာပါ မင်းသားသေနတ်ဆွဲအထုတ်ကို သေချာကြည့်ပြီးဖေါက်ရတာပါ။လွဲလို့လဲမ
ရပါဘူး လွဲရင်မင်းသားက ကျည်မပါတဲ့ သေနတ်ကြီးကိုပစ်နေသလိုဖြစ်မှာပါ။အဲ့ဒါကြောင့်ယမ်း
ဖေါက်မဲ့သူတွေကို သေချာအောင်ပြင်ထားရတယ်တဲ့။

ဇာတ်လမ်းစစခြင်းပဲ သေနတ်တွေ တဖေါင်းဖေါင်းဖေါက်ပြီးရွာထဲကိုဝင်လာတာပါ။ကျနော်တို့
တွေ ဇာတ်တိုက်တာသွားကြည့်တုန်းက တကယ့်ယမ်းနဲ့မှမဖေါက်တာ ခုလိုတဖေါင်းဖေါင်း
ဖေါက်ကြတော့ ၀မ်းသာတာပေါ့ဗျာ တကယ်လို့ မှားသွားပြီးယမ်းမထွက်ရင်လည်း သေနတ်ကို
ပြဇာတ်မင်းသားကကြည့်ပေါ့ဗျာ ကိုယ့်ရွာနဲ့ကိုယ်ဆိုတော့ ယုတ္တိရှိတာမရှိတာထက် ၀ိုင်းပြီးခုလို
ကကြတာကိုက ပျော်စရာပါ။ နောက် မင်းသမီးအဖေက သူ့သမီးကို ဆူရမဲ့အခန်းမှာ စာသား
တချို့မေ့နေလို့ အကြာကြီးနောက် ဘေးကို ငါဘာပြောရမှာလဲကရင်လို လှမ်းမေးလို့ ရီကြတာ
လည်းဆူညံ့နေတာပေါ့ဗျာ။ မင်းသမီးကို ပြဇာတ်မင်းသားက ဖက်ရတဲ့အခန်းလဲရောက်ရော အား
လုံးက ဖက်ထားဖက်ထားအော်ကြတာပေါ့ ကျနော်တို့ကလေးတွေလဲ ဦးလေးကိုတိုးကွ ဖက်ထား
ဖက်ထား အသားကုန်လူကြီးတွေ အော်သလိုလိုက်အော်ကြတာပေါ့။

မင်းသမီးသေတော့မဲ့အခန်းမှာ မင်းသမီးက မင်းသားကိုလက်နက်ချဖို့ မှာပြီးမင်းသားကဂတ
ပေးပြီးလွမ်းစရာသီချင်းနဲ့ ဇာတ်သိမ်းရမှာပါ ရဲတွေကလည်းမင်းသားသေနတ်ကိုသိမ်းပြီးဖမ်း
ခေါ်သွားပေါ့အဲ့လိုလေ တကယ်က မင်းသမီးကသေသွားပေမဲ့ ရဲလုပ်တဲ့သူတွေက အရက်သွား
သောက်နေကြလို့ မနည်းကြီးလိုက်ခေါ်ရတယ် လူစုံအောင် မင်းသားလည်း မင်းသမီးကိုပဲ
ဖက်ငိုနေရတာအကြာကြီး ဇာတ်လမ်းအရ ရဲတွေကဘေးကုလားကာကနေပစ်ရမှာ အဲ့ဒီမှာမင်း
သမီးကို ထိသွားမှာလေ ယမ်းဖေါက်တဲ့သူတွေကလည်းဖေါက်ပြီးပြီ မင်းသမီးလည်းသေနတ်
မှန်ပြီ ရဲတွေက၀င်ဖမ်းရတော့မဲ့အခန်းမှာ ရဲတွေကရောက်မလာလို့ ရဲကိုလိုက်ခေါ်တဲ့သူတွေ
ကလည်းလိုက်ကြပေါ့ ပရိတ်သတ်က ဇာတ်လမ်းသိပြီးသားဆိုတော့ ရီလိုက်ကြတာ တအုံးအုံး
တကယ်ကလွမ်းခန်း ရဲတွေနဲ့ အတူလိုက်လာမဲ့မင်းသမီးအဖေ သူဌေးကလည်း မင်းသမီးသေ
တဲ့အခန်းမှာပြုံးပြုံး ပြုံးပြုံးဖြစ်ကုန်ရော ရဲလုပ်ရတဲ့ သူတွေကိုလည်း မနည်းတွဲထားရတယ်။ရီရ
တာဆူညံ့နေတာပဲဗျာ။ နောက်နေ့ဦးလေးကိုတိုးတို့အိမ်မှာ ထမင်းသွားစားတော့ မင်းသမီးက
ပြန်ရှင်နေလို့ “အဒေါ်ပြန်ရှင်လာပြီလားလို့”ကျနော့်ညီမလေးကမေးလို့ဝိုင်းရီကြရသေးတယ်။

ကျနော်တို့ငယ်ငယ် (၁၉၇၆)ခုနှစ်လောက်ကပါ ခုဆို နှစ်(၃၀)ကျော်သွားပါပြီ။ ဦးလေးကိုတိုး
လည်း မြေးရနေပါပြီ ကျနော်အဖွားက (၁၉၈၂) အောက်တိုဘာ(၂၇)ရက်နေ့မှာ ဆုံးသွားပါပြီ
ဘိုးလေးဦးဖိုးစိန်တို့ ဘွားလေးအရီးမူတို့လည်းဆုံးကုန်ပါပြီ ကျနော်ဦးလေးဝမ်းကွဲအမေ့အကို
များ အဒေါ်များလည်းမရှိတော့ပါ။ အဲ့ဒီအချိန်တုန်းက ကျနော်က(၁၁)နှစ် အမေက(၃၂)နှစ်
ခုအမေက (၆၆)နှစ်ပါ။ ကျနော်တို့နဲ့ကစားဖက်တွေ ညီအကိုတွေ သူငယ်ချင်းတွေထဲကတောင်
သေတဲ့သူတွေသေကုန်ပါပြီ ။

ကျနော်ရွာလေးကို နောက်ဆုံးရောက်တာ (၁၉၉၄)ခုနှစ်ပါ။ နောက်ပိုင်းသွားမယ် သွားမယ်နဲ့
မရောက်ဖြစ်တော့ပါ။ လူတွေလည်း စားဝတ်နေရေးကျပ်တည်းသထက်ကျပ်တည်းလာတော့
ရုန်းကန်ရရင်ဆိုင်ရ ပြေးရလွှားရ ရှာရဖွေရ ဖြစ်နေကြတာပါ။ ရွာမှာလည်းနောက်ပိုင်းအရပ်
ဇာတ်လည်းမကနိုင်တော့ပါဘူး။ မြန်မာပြည်က အခြားရွာလေးတွေလည်း အဖွားတို့ အမေတို့
ရွာလေးလိုနေမှာပါ။

Read more...

Saturday, October 24, 2009

သဘောကောင်းခြင်းသဘောဆိုးခြင်းနှင့် ပတ်သက်၍

သဘောကောင်းခြင်း သဘောဆိုးခြင်းနှင့် ပတ်သက်၍

ကျနော်ခုရက်ပိုင်းခဏခဏတွေးဖြစ်နေတာရှိတယ်ဗျာ လူကနားနေရတော့ပိုတွေးမိနေတာ
လည်းဖြစ်မယ် သဘောကောင်းတယ် သဘောကောင်းတယ် ဆိုတာ ဘာကိုပြောနေတာလဲလို့
ပေါ့ဗျာ သဘောကောင်းဖို့ ဆိုတာ လေ့ကျင့်မွေးမြူအပ်တဲ့စိတ်ထား စိတ်ရင်းကောင်းဖို့ မနော
ကောင်းဖို့လိုတယ် ကောင်းတာလုပ်မှကောင်းတာဖြစ်မယ် စသည်ဖြင့်ပေါ့ ကျနော်တွေးမိနေ
တာလည်း အဲ့ဒါပါပဲ။

လူတွေမှာ သဘောကောင်းတယ် ဆိုတာတကယ်ကောရှိလို့လား သဘောကောင်းတဲ့အချိန်မှာ
ကောင်းပြီး သဘောမကောင်းတဲ့အချိန်မှာမကောင်းကြတာ အခြေအနေနဲ့ကောဆိုင်နေမလား
လို့ ကျနော်ကိုကျနော်မူတည်ပြီးစဉ်းစားမိတာပါ။ အခြားသူတွေရဲ့စိတ်အခြေအနေကိုတော့ကျ
နော်မသိပါဘူး။

တချို့အချိန်တွေမှာသဘောကောင်းပြီး တချို့အချိန်တွေမှာသဘောမကောင်းတာ သဘောဆိုး
တာလည်းဖြစ်ကောင်းဖြစ်မလားလို့ပါ။ဥပမာပေါ့..ကျနော့်မှာ ပိုက်ဆံ (၁၀၀) ရှိတယ်ဆိုပါစို့
ကျနော် (၁) ကျပ်ဖိုးကို လွယ်လွယ်ကူကူ သဘောကောင်းနိုင်ပါတယ်။ (၈၀)ကျပ်ဖိုး သဘော
ကောင်းဖို့ကတော့မလွယ်ကူတော့ပါ။ ဒါမှမဟုတ် ကျနော့်မှာ ပိုက်ဆံ (၂၀) ကျပ်ပဲရှိတယ်ဆိုပါ
တော့( ၁) ကျပ်ဖိုးကို ကျနော်လွယ်လွယ်ကူကူ သဘောကောင်းနိုင်ပါတော့မလား။

နောက်တခါ ကျနော်က ကျနော်ချစ်ရတဲ့သူကို ကျနော်မှာရှိတဲ့(၁၀၀)ကျပ်ဖိုးလုံးလွယ်လွယ်ကူ
ကူကောင်းနိုင်ပါတယ်လို့ ကျနော့်ကိုယ် ကျနော်ထင်တယ် တကယ်လို့ ကျနော်ချစ်ရတဲ့သူက
ကျနော့်အပေါ် (၁)ကျပ်ဖိုးလောက်တောင် မကောင်းတော့ဘူးလို့ ကျနော်ထင်မိတဲ့အခါ ကျ
နော်(၁၀၀)ဖိုးကောင်းခဲ့တာတွေအတွက် ယူကျူံးမရဖြစ်မှာပါ။ ဘာလို့အဲ့လိုဖြစ်ရတာလဲ ကျ
နော် အစထဲက လွယ်လွယ်ကူကူ(၁၀၀)ဖိုး လုံးကောင်းနိုင်တယ် လို့ထင်မြင်ခဲ့ပြီးမှ နောက်တ
ချိန်မှာ ကျနော်ဘာလို့ယူကျူံးမရဖြစ်ရတာလည်း ကျနော်က(၁၀၀)ဖိုးကောင်းခဲ့ချိန်က ကျနော်
က (၁၀)ဖိုးလောက်တော့ ကျနော့်ကိုပြန်ကောင်းစေချင်တာကို မရခဲ့လို့လည်းဖြစ်မှာပါ။

အဲ့ဒါဆို ကျနော့်ရဲ့(၁၀၀)ဖိုးကောင်းတယ်ဆိုတာရော မှန်ပါ့ဦးမလား အဲ့ဒီကောင်းနေစဉ်ကာလ
အတွက်ကိုပဲ သဘောကောင်းတာရယ်လို့ မသတ်မှတ်နိုင်ဘူးလား။ နောက်(၁၀၀)ကျပ်ကျနော့်
ဆီမှာရှိနေစဉ်မှာ (၁)ကျပ်ဖိုးလွယ်လွယ်ကူကူကောင်းနိုင်တာ ကိုရော အထင်ကြီးစရာလေးစား
အားကျစရာကောင်းပါ့မလား။ (၁)ကျပ်ထဲပဲပိုင်ဆိုင်သူက(၁)ကျပ်ဖိုး ကိုလွယ်လွယ်ကူကူပေး
နိုင်တဲ့ စိတ်ကောင်းသဘောကောင်းဟာ (၁၀၀)ကျပ်ဖိုးရှိလို့ (၁)ကျပ်ဖိုးလွယ်လွယ်ကူကူးပေး
နိုင်တဲ့သူထက် ပိုမစွန့်လွှတ်ရဘူးလား ပိုကောင်းတာမဟုတ်ဘူးလား။

သဘောကောင်းတယ်ဆိုတာ ကျနော်တွေးမိနေတာပါ။ ကျနော်တို့တွေမျှော်တလင့်လင့်နဲ့သ
ဘောကောင်းမိနေကြသလား ပြန်တွေးမိတာပါ။ကျနော့်အပေါ်မှာ သဘောကောင်းသူတွေက
ရော ဘာလို့သဘောကောင်းခဲ့ကြပြီး ဘယ်အချိန်မှာသဘောမကောင်းကြတော့မှာလည်ဲး
တွေးနေမိတယ်။သဘောကောင်းတယ်ဆိုတာရောအမှန်တရားလား အခြေအနေတခုပေါ်မှာ
ဖြစ်ပေါ်လာတာလား။

ကျနော်တို့တွေ အသက်ရှင်သန်နေစဉ်မှာ ကိုယ့်ကိုကိုယ် ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ့်မိသား
စုကို တတ်နိုင်သမျှတော့ ကောင်းကျိုးဆောင်ကြရမှာပါ။ ဒီလိုကောင်းကျိုးဆောင်တာကို
တောင်ဖြူစင်တဲ့ကောင်းကျိုးဆောင်မှုရောဖြစ်ပါ့မလား။ လူတဖက်သားနစ်နာအောင်လုပ်ခဲ့
ထိခိုက်အောင်လုပ်ခဲ့မှ အသက်ရှည်ရပ်တည်ရတဲ့ ကောင်းကျိုးဆောင်ရတယ်ဆိုရင်ကောကျ
နော်တို့ ဘ၀အဓိပါယ်က ပြည်စုံပါ့မလား။ ကုသိုလ်တပဲ ငရဲတပိဿာ ဖြစ်နေခဲ့ရင်ကော အဲဒီ
ကောင်းမှုက အဓိပါယ်ရှိပါ့ဦးမလား။

တခါတုန်းက ကျနော့်ကို ပုံပြောကောင်းတဲ့အကို ပြောပြခဲ့တဲ့ပုံပြင်လေးလို “ကံကောင်းလို့လေ
ယာဉ်ပျံအလကားစီးရ ကံဆိုးတော့လေယာဉ်ပျံပျက်ကျ ကံကောင်းတော့လေထီးရ ကံဆိုး
တော့လေထီးကမပွင့် ကံကောင်းတော့ကောက်ရိုးပုံပေါ်ကျ ကံဆိုးတော့ကောက်ရိုးပုံပေါ်က
မြွေကိုက် ကံကောင်းတော့ ဆေးခန်းကဆရာမလေးနဲ့တွေ့ ကံဆိုးတော့ အသည်းကွဲ” တဲ့ကျ
နော်တို့တွေရဲ့ ကံကောင်းတယ်ဆိုးတယ်ဆိုတာက ကို ပလုံးပထွေးနဲ့ ဘယ်ဟာက တကယ်ကံ
ကောင်းတာလို့ပြောလို့မရပဲ အခြေအနေတခုမှာ အမှန်ဖြစ်နေတာလို့ ကျနော်တွေးနေမိတယ်။
မှားရင်လည်းမှားမှာပါ နောက်တချိန်ကျရင်မှန်ရင်လည်းမှန်လာမှာ။

ကျနော်တို့ပြုခဲ့ကြတဲ့ကံတွေကိုက ကောင်းတယ်ထင် ကောင်းတာလုပ်တယ်ဆိုပြီး မှားယွင်းခဲ့
သမျှ ပြန်ဖြစ်နေကြရတာပဲလားမသိပါဘူး ကျနော်ကတော့ ကောင်းမှုတွေကို သံသယရှိနေခဲ့
ပြီလား ဒီလိုသံသယရှိတာကိုက မကောင်းမှုလား။ တခါတလေမှာကောင်းမှုတွေကို လုပ်နေ
တယ်လို့ထင်နေရင်းက အခြားသူတွေက ငါ့လိုကောင်းမှုမလုပ်နိုင်ဘူး ငါတို့ဂေါပက အဖွဲ့ ငါတို့
ပါတီ ငါတို့တပ်မတော် ငါတို့ ဆွမ်းလောင်းအသင်း ငါတို့ကျောင်း လိုကောင်းမှုမလုပ်နိုင်တဲ့သူ
တွေလို့ အထင်သေးအမြင်သေးဖြစ်နေခဲ့ရင်ရော ကောင်းမှုနဲ့ရောထွေးနေတဲ့ မကောင်းမှုပြန်
ဖြစ်တာမဟုတ်ဘူးလားဗျာ။

ကျနော်အရင်တုန်းက “အကုသိုလ် ဥပဒါန် ကုသိုလ်ဥပဒါန် မကောင်းမှုကိုစွဲလန်းခြင်း ကောင်း
မှုကိုစွဲလန်းခြင်း မရှိကြကုန်လင့်” ဆိုတဲ့စကားကို လက်မခံနိုင်ခဲ့ပါ မကောင်းမှုကိုစွဲလန်းတာ
မကောင်းဘူးဆိုတာတော့လက်ခံနိုင်ပါတယ် ကောင်းမှုကိုစွဲလန်းတာကိုတော့မကောင်းဘူးဆို
တာကိုလက်မခံနိုင်ပါ။ ခုတော့ကျနော်နည်းနည်းသဘောပေါက်လာခဲ့ပါပြီ။

ဘာပဲဖြစ်ဖြစ် ကောင်းတာကတော့လုပ်သင့်တဲ့ကိစ္စပါပဲ ကိစ္စဆိုးမဟုတ်ပါ။ အခြေအနေအချိန်
အခါအရ ကောင်းကြတာလည်းဖြစ်ကောင်းဖြစ်နိုင်တာပါပဲ ဘယ်လိုပဲဖြစ်ဖြစ်မင်္ဂလာဖြစ်ထွန်း
စေတယ်ဆို လုပ်ကောင်းနေမှာ လုပ်နေကြရဦးမှာပါ။ ဘယ်သူလုပ်လုပ်မလုပ်လုပ် ကိုယ်တော့
လုပ်နေသင့်တယ် လို့လည်းထင်ပါတယ်။ စွဲလန်းမှုမဖြစ်အောင်တော့ သတိထားရတော့မှာပါ။
ကျနော့်သူငယ်ချင်း ကဗျာဆရာမိုးမြင့်ချိုပြောသလို ကိုချစ်ဖေရယ် “လူတာ လူလောက်ပဲမှန်ခဲ့
ပြီး လူလိုပဲမှားခဲ့မှာပါ” တဲ့ ဟုတ်ပါတယ် ကျနော့်ကိုယ် ကျနော်ခွင့်လွှတ်လို့ရသလို အခြားသူ
တွေကိုလည်း ခွင့်လွှတ်ချင်ပါတယ် ခွင့်လွှတ်သင့်တယ်လို့လည်းမြင်နေပါတယ်။ ဒါပေမဲ့ကျ
နော် ရင်ထဲက ဒါဏ်ရာနက်နက်တွေကိုတော့ မဖုံးဖိနိုင် မကျေအေးနိုင်သေးဘူးလည်းဖြစ်နေရ
ပါတယ်။ကျနော့်ကို အခြားသူတွေက ခွင့်မလွှတ်နိုင်သလို။

ခုခွင့်မလွှတ်နိုင်သေးရင်လည်း တချိန်ချိန်မှာ ခွင့်လွှတ်နိုင်မယ်လို့ ထင်ပါတယ် အရာရာအားလုံး
အချိန်တွေက ကုစားပေးခဲ့တာချည်းပါ မြတ်စွာဘုရား အကြိမ်ကြိမ်ဟောကြားခဲ့တဲ့နောက်ဆုံး
ပြောကြားခဲ့တဲ့ “သဗ္ဗေသင်္ခါရာ အနိစ္စ၀တ သင်္ခါရာ အပ္မမာဒေထ သမ္မဒေထ” စကားကိုပဲ ကျ
နော် နားလည်သဘောပေါက်ချင်နေမိပါတော့တယ်။

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

Read more...

Thursday, October 22, 2009

ရင်ရဲ့အနမ်း





ရင်ရဲ့အနမ်း

ဆောင်းအကြိုရော်ရွက်တွေနဲ့
တုပထားတဲ့ပိတောက်တောအုပ်တခုလုံးကို
ရင်နဲ့နမ်းပြီးလျှောက်ခဲ့တယ်။

ကိုယ့်တိုင်းပြည်ကို ကိုယ်လွမ်းတာ
ရာဇ၀တ်မှုမြောက်တယ်ဆိုရင်
ပြည်ပြေးတယောက်ရဲ့ရင်အုံကို
မြားအစင်းစင်းနဲ့ ပစ်ခတ်ပါ။

သားက အမေ့ကိုလွမ်းတဲ့အခါ
မစ္စစပီမြစ်ကြီးဘေးမှာထိုင်တယ်
မစ်ချီကန်ပင်လယ်သေကြီးရဲ့
ချိချိနဲ့နဲ့လှိုင်းတွေကိုငေးတယ်
အလုပ်တွေဖိလုပ်တယ်။

အမေက သားကိုလွမ်းတဲ့အခါ
နှစ်လေးဆယ်ကျော်က
ကျနော့်ကိုထွေးပွေ့ခဲ့တဲ့အနှီးလေးကို
အမေငေးနေမလား
အမေမရေးတတ်ပေမဲ့
အမေ့မျက်ရည်တွေက ကဗျာပါ
အကြေကွဲရဆုံးကဗျာပါ။

အိပ်တန်းတက်ချိန်မှာ
ရင်အုံပျောက်နေတဲ့ကြက်ကလေးတွေလို
ကျနော်
လက်တွန်းလှည်းလေးတွေနဲ့အထီးကျန်ဈေးဝယ်ထွက်ရတဲ့
အမေတွေကို ချစ်တယ်အမေ။

အမေနေမကောင်းဘူး
ကြားရတိုင်း
မိုင်ထောင်ချီထွက်ပြေးခဲ့တဲ့
ကျနော့်ခြေထောက်တွေကို
ကျနော်မုန်းတယ်။

ကျနော်နေမကောင်းဖြစ်တိုင်း
အမေချက်တဲ့ကစွန်းရွက်ချည်ရည်ဟင်းလေး
စားချင်တယ်အမေ။

ခဏလေးဖြစ်ဖြစ်
အမေရယ်မောနိုင်ပါစေ
အမေရယ်မောတိုင်း
ကျနော်ကကြယ်လေးတစင်းဖြစ်သွားခဲ့တယ်။

အမေ့ကိုမနမ်းရတဲ့အခါ
ဆောင်းအကြိုရော်ရွက်တွေနဲ့
တုပထားတဲ့ပိတောက်တောအုပ်တခုလုံးကို
ရင်နဲ့နမ်းပြီးလျှောက်ခဲ့တယ်အမေ။

မိုးစဲနေ
၂၂.၁၀.၂၀၀၉ ညနေ ၆း၃၈ နာရီ

Read more...

Tuesday, October 20, 2009

ကိုချစ်ဖေခရီး(၁)

ကိုချစ်ဖေ မိတ်ဆွေရဲဘော်များ သင်တန်းဆင်းပွဲ


လမ်းခွဲလေးတခုရောက်တော့ ကျနော့်ကို ကိုချစ်ဖေဒီရဲဘော်တွေနဲ့ ခဏလိုက်သွားကျနော်
နောက်ကလိုက်လာခဲ့မယ်တဲ့ ရဲဘော်(၂)ယောက်က ကျနော်ကို နေရာချထားပေးမဲ့နေရာကို
ဦးဆောင်ခေါ်လာပါ။နောက် အဲ့ဒီစခန်းကုန်းက ပိုလုံခြုံတယ်တဲ့ သင်တန်းဆင်းပွဲကလည်း အဲ့
ဒီတောင်ကုန်းစခန်းခွဲလေးမှာလုပ်မှာ ကျနော်တို့ (၁၀)မီးနစ်လောက်လမ်းလျှောက်လိုက်တယ်
ဆို ကမ္မဌါန်းကျောင်းလေးတွေနဲ့ ဆင်ဆင်တူတဲ့ အင်ဖက်မိုးရင်ကွဲတဲလေးတွေ (၆)လုံးလောက်
ကိုတွေ့လိုက်ရပါတယ်. ဆင်တူဆောက်ထားသလိုပါပဲ။ ရဲဘော်တွေနေကြတာတဲ့။

နောက်အဲဒီတဲတန်းလေးရဲ့ထိပ်မှာတော့ အတော်အသင့်ကြီးမားတဲ့ တဲကြီးတလုံး ဘေးနားက
အနည်းငယ်သေးတဲ့ ထမင်းစားဆောင် ကိုတွေ့ပါတယ် အားလုံးကို ၀ါးတွေအင်ဖက်တွေနဲ့
ယာယီဆောက်လုပ်ထားတာဆိုပေမဲ့သေသေသပ်သပ် ထိုတဲကြီးကသင်တန်းခန်းမပါ။ကျနော်
တို့ရောက်လာတော့ တဲထဲကရော ထမင်းစားဆောင်ထဲကရော သင်တန်းခန်းမထဲကရောရဲ
ဘော်တွေ ထွက်လာကြတယ်အားလုံး လက်နက်ကိုယ်စီနဲ့ သွားလေရာရာ“ကျနော်တို့ကိုလည်း
လှမ်းမေးပါတယ် တပ်ရင်းမှုးကော ပါလာတယ်ဆို”တဲ့ သူတို့အခေါ်ကာကင်းကုန်းကိုတက်သွား
တယ် လိုက်လာမည်လို့ ရဲဘော်လေးတွေက ပြန်ဖြေလိုက်ပါတယ်။ သူတို့ကိုကြည့်ရတာ တပ်
ရင်းမှုးကိုမျှော်နေကြတာမှန်းသိသာပါတယ်။

နောက်သူတို့တင်မဟုတ်ပါဘူး သင်တန်းခမ်းမထဲက ကိုလွမ်းဏီ(ဗဟိုအလုပ်အမှုဆောင်ကော်
မတီဝင် ကဗျာဆရာ) ကိုပုည( ကဗျာဆရာနေဇော်နိုင် ဒီမိုကရက်တစ်မြန်မာ့အသံ) ကိုထက်မိုး (၂၀၀၅ ခုနှစ်တွင်ကွယ်လွန် ဗဟိုကော်မတီဝင်-ကဗျာဆရာ) တို့နဲ့အတူ ဂျပန်ကျောင်းသူအမျိုး
သမီး နောက်ပြင်သစ်သူ တို့လည်း ထွက်လာကြပါတယ်။ သူတို့က ကျနော်တို့ တပ်မဟာ(ရ)
ဖက်ကမ်းကို ကူးပြီးသိပ်မကြာခင် ကူးလာခဲ့ပြီး စခန်းကိုရောက်နေတာပါ။ကိုလွမ်းဏီနဲ့ကိုပုည
က ကြိုရောက်နေတာပါ။ ကိုထက်မိုးက ဗဟိုစည်းရုံးရေးဌါနကနေ သင်တန်းမှုးတာဝန်ရှိသူ
နောက်တဖြေးဖြေးလည်း မှောင်လာပါပြီ သိပ်မကြာခင်မှာပဲ ကိုစောမိုး ရဲဘော်(၅)လောက်နဲ့
ရောက်လာပါတယ်။ မှောင်လာပြီမို့ သူတို့တပ်စည်းကမ်းအရ လုပ်သင့်တာတွေအကုန်လုပ်နေ
ပါတယ် ကျနော်တော့ မသိပါ။ ကင်းလည်းချထားပြီးပါပြီ။

ကိုစောမိုးနဲ့အတူပါလာတဲ့ ရဲဘော်လေးတွေက ချက်ပြီးသားဆိတ်သားဟင်းအိုးကိုပါသယ် လာ
ကြပါတယ်။ သူတို့ကာကင်းကုန်းမှာချက်တာတဲ့ ရဲဘော်လေးတွေ မျက်နှာအားလုံးကလန်း
လန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင် စစ်အာဏာရှင်စနစ်ကို လက်နက်နဲ့ လူထု
တိုက်ပွဲနဲ့ နည်းပေါင်းစုံ တိုက်ပွဲဝင်ရမှ စစ်ကျွန်ဘ၀က လွတ်မြောက်မယ်လို့ ယုံကြည်တဲ့သူတွေ
အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ သွားရောက်အခြေချ နေထိုင်မယ်ဆိုရင်လည်း နေထိုင်နိုင်တဲ့သူတွေ
ဒါပေမဲ့ သူတို့က သူတို့ကိုင်ထားတဲ့သေနတ်နဲ့ ပြည်သူကိုနှိပ်စက်ညှင်းပန်းနေသူတွေကို တော်
လှန်မှဖြစ်နိုင်မယ်လို့ ယုံကြည်ထားလို့ သူတို့ ယုံကြည်ချက်ကိုမစွန့် သူတွေပါ။

ဒီနေရာမှာတချိုသောသူများနှင့် သဘောကွဲလွဲစရာတော့ရှိပါတယ်။ တချို့ကပြောပါတယ်နှစ်
ပေါင်းများစွာ လက်နက်ကိုင်နည်းလမ်းနဲ့လုပ်လာတာမအောင်မြင်ပါဘူး။ တချို့ကတော့အင်
အားများတုန်းကတောင်မနိုင်တာ ခုအင်အားနဲ့ ဘယ်လိုလုပ်နိုင်မှာလဲ။ နောက်တချို့ကတော့အ
ကြောင်းအမျိုးမျိုးကြောင့် အခြားကွဲလွဲစရာတွေလည်း ရှိပါဦးမည်။ ကျနော့်အမြင်တော့ သ
ဘောကွဲမည် ဆိုလည်းကွဲလွဲခွင့်ရှိပါသည်။ ဘယ်သူတဦးတယောက်ကိုမှ မကွဲလွဲရဘူးလို့ အ
တင်းဆွဲခေါ်ထားကြတာလည်းမဟုတ်ပါ။ လက်နက်ကိုင်တိုက်ပွဲဝင်မှရမည်လို့ ယုံကြည်ခဲ့လို့
လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ကြပါတယ် မယုံကြည်လောက်စရာအခြေအနေတွေ ဖြစ်လာရင်
လည်း မယုံကြည်တော့တာ သဘာဝကျပါတယ်။ အင်အားနည်းတာများတာကတော့ များတဲ့
အခါများလာပြီး နည်းတဲ့အခါလည်း နည်းနေမှာပါ နည်းရာကနေများလာတာလည်းရှိမှာပါပဲ။

ဘာပဲဖြစ်ဖြစ် လက်နက်ကိုင်နည်းလမ်းနဲ့ တိုက်ပွဲဝင်သူတွေရဲ့ အခက်အခဲအခြေအနေကို ကျ
နော်နားလည်စာနာပါတယ်။ မှန်တယ်ရယ်လို့လည်းမြင်ပါတယ် အင်အားကြီးမားတဲ့ရန်သူကို
တိုက်ရတဲ့အခါ ရက်စက်ကြမ်းကြုပ်တဲ့ရန်သူကို ရင်ဆိုင်ရတဲ့အခါ နည်းလမ်းမျိုးစုံကိုသုံးကြရ
မှာပါ။ အခက်အခဲတွေမခံနိုင်လို့ ပုဂ္ဂိုလ်ရေးအရ ခေါင်းဆောင်တွေကိုမယုံကြည်တော့လို့ ထွက်
ခွါသွားခဲ့သူတွေလည်း ရှိနေမှာပါပဲ။ အခြေအနေတွေ ဘယ်လိုပြောင်းပြောင်း ကိုယ့်ယုံကြည်မှု
ကိုစွန့်လွှတ်မသွားတဲ့သူတွေ ကို ကျနော်သဘောကျနေတာပါ။ ကျနော်ကိုယ်တိုင် သူတို့လိုယုံ
ကြည်ပေမဲ့ သူတို့လို မကျင့်ကြံနိုင်တာလည်းဖြစ်မှာပါ။ လက်နက်အားကိုးပြီးအနိုင်ကျင့်လာတဲ့
သူကို လက်နက်စွဲကိုင်ပြီးခုခံရင် အနိုင်ကျင့်ချင်တိုင်းကျင့်လို့ မရတော့တာတော့ လက်တွေ့မှာ
အများကြီးတွေ့ကြရမှာပါ။ အကြမ်းမဖက်တဲ့ အနုနည်းလမ်းကို သုံးလိုသူတွေလည်းသုံးနိုင်ပါ
တယ် ကိုယ်နှစ်သက်သလို ကျင့်သုံးနိုင်သလို ကျင့်သုံးကြရမှာပါ။ တိုက်ပွဲဝင်ချင်ယောင်ဆောင်
နေသူတွေကို ဒီမိုကရေစီကို ထောက်ခံချင်ယောင်ဆောင်နေတဲ့ ဒီမိုကရေစီကိုအယောင်ပြပြီး
ကိုယ့်အိပ်ထဲထည့်တဲ့ သူတွေကိုပဲ ကျနော်မထောက်ခံတာပါ။

ကျနော်တို့ ညလေးရောက်လာတော့ အပြင်ထွက်ပြီး ရှာထားတဲ့ ထင်းတွေနဲ့ မီးပုံပွဲအသေးလေး
လုပ်ပါတယ်။ ထမင်းနဲ့ဟင်းကိုတော့ အဆင်သင့် စားလိုတဲ့သူလည်းစားနိုင်ပါတယ်။ကျနော်တို့
က အသောက်ဖက်ပိုတော့ သောက်ပဲသောက်ပါတယ်။ အရက်ကတော့တောအရက်ပါပဲ မြို့
ပေါ်က ပါလာတဲ့အရက်လည်း သောက်ကြတာပါပဲ ပင်တိုင်ကတော့ တောအရက်ပါပဲ တောအ
ရက်ပေမဲ့ တောအရက်ကောင်းကောင်းပါ ကျနော်တို့တွေ ရဲဘော်တွေနဲ့အားလုံး ၀ိုင်းလိုက်ကြ
တာပါ။ နီးစပ်ရာကို ခွက်သေးသေးလေးတွေနဲ့ ခွက်လှည့်ကြလို့ သိပ်လည်းမမူးကြပါဘူး။ ဧည့်
သည် ပြင်သစ်အမျိုးသမီးလေးကတော့ နည်းနည်းလေးသောက်ပါတယ် သောက်တယ်ဆိုရုံ
လေး ဂျပန်အမျိုးသမီးလေးကတော့မသောက်ပါဘူး ရီစရာတွေပဲပြောနေပါတယ်။နောက်ကို
ပေါက် (ကဗျာဆရာ-ကမာပုလဲ)လည်းရောက်လာပါတယ်။

ကျနော်တို့ ရောက်နေတဲ့စခန်းကုန်းလေးပေါ်မှာ အဲ့လိုမီးပုံပွဲလေးလုပ်ပြီး လွတ်လွတ်လပ်လပ်
ပျော်ပျော်ပါးပါး တဦးချင်းစီမိတ်ဆက်ကြ ပြောချင်တာလေးတွေပြောကြပေါ့ အခန်းအနားမ
ဆန်ပါဘူး သူငယ်ချင်းတွေပြန်တွေ့ကြသလိုပါပဲ။ နောက်ရဲဘော်လေးတွေက ဂီတာနဲ့ သီချင်း
တွေဆိုကြပါတယ်။စုပေါင်းဆိုလို့ရတဲ့ တော်လှန်ရေးသီချင်းတွေလည်းဆိုကြပါတယ်။တကယ်
ကိုနွေးထွေးတဲ့ညလေးပါပဲ။ နောက်ကျနော်တို့တွေ များများလည်းမသောက်ကြပါဘူး ရန်သူ့စ
ခန်းကုန်းနဲ့က နီးနီးလေးပါ။ အားလုံး အဲ့လိုဝိုင်းထိုင်နေတာတောင် သေနတ်ကိုအနားမှာထား
ကြတာပါ။

မှတ်မှတ်ရရ ကျနော်တို့ တွေ အားလုံးထမင်းစားနေတုန်း ကိုလွမ်းဏီဖုန်းက အသံမြည်လာပါ
တယ် တကယ်ဆို ပုံမှန် ဖုန်းမရတဲ့နေရာပါ။ ဆက်သွယ်ရေးစက်ပဲ အားကိုးကြရတာပါ။ခုလိုဖုန်း
သံမြည်လာတော့ ထူးဆန်းနေတာ ကိုလွမ်းဏီက ဖုန်းကိုင်လိုက်တော့ ဥရောပနိုင်ငံတခုက သူ
ငယ်ချင်းတယောက် ဆက်လိုက်တဲ့ဖုန်း ပါ ကိုလွမ်းဏီက“ ငါတို့မြန်မာပြည်ထဲပြန်ရောက်နေ
တယ် မင်းမယုံရင်နားထောင်ဆိုပြီး ကျနော်တို့ကို ရဲဘော်တို့ ကျယ်ကျယ်အော်ကြမယ် အရေး
တော်ပုံ-အောင်ရမည် အရေးတော်ပုံ-အောင်ရမည်- အရေးတော်ပုံ-အောင်ရမည်”လို့ကျနော်
တို့ အသံကုန်အော်ကြတယ် ကျနော်တို့စိတ်ထဲအဲ့လို အော်ချင်နေခဲ့တာကြာပါပြီ ဘယ်နေရာ
ရာမှ အော်ဖို့ အခွင့်မကြုံတော့တာလည်း (၁၉၈၈)(၈)လေးလုံးအရေးအခင်းပြီးထဲကပါပဲ တ
ဖက်က သူငယ်ချင်းလည်း တော်တော်အားကြသွားပါတယ်။ “ခုပြေးလာချင်လိုက်တာဗျာ” လို့
ဖုန်းကနေ ပြောသွားတာ မိုက်ဖွင့်ထားလို့ အကုန်ကြားနေရပါတယ်။အဲ့လိုပြေးလာချင်တဲ့ ရဲ
ဘော်သူငယ်ချင်းတွေလည်း အများအပြားရှိနေမှာပါ။

နောက်ကျနော်တို့ ညနက်လာတော့ အိပ်ဖို့နေရာတွေချပေးကြပါတယ် ကျနော့်ကို ကိုစောမိုးက
သူနဲ့တတဲ့ထဲ နေရာချပေးပါတယ် အမျိုးသမီးဧည့်သည်တွေကိုတော့ အတွင်းပိုင်းကျတဲ့ လုံခြုံ
တဲ့ အဆင်ပြေမဲ့နေရာတဲလေးမှာချထားပေးပါတယ်။ ကင်းလှည့်ချထားတဲ့ထဲရဲဘော်လေးတွေ
ထဲက တယောက်က “အကိုညစာရပြီလား”တဲ့ ကျနော်က“ ညစာ စားပြီးပြီ”ပြီလို့ပြောလို့ ရယ်
လိုက်တာ ဟုတ်ဘူးအကိုရ ညစာဆိုတာ ညဖက် “အပေါ့အပါးတွေဘာတွေသွားတဲ့အခါ ကင်း
သမားက အကို့ကို ရန်သူလားမိတ်ဆွေလားခွဲခြားအောင် မေးရတဲ့ စကားဝှက်လေအကို”ဆိုမှ
သဘောပေါက်သွားတယ် “အကိုမရသေးပါဘူး” ဆိုတော့ ကျနော့်ကို “တိုးတိုးကပ်ပြောတယ်
ကရင်လိုပေးထားတဲ့ နာမည်” ကျနော်လည်းမှတ်လိုက်တာပေါ့။

နောက်တပ်ရင်းမှုးနဲ့လိုက်သွားတော့ တပ်ရင်းမှုးက ကာဘိုင်တလက်ယူလာတယ် ကျနော်ကို
သူကိုင်တဲ့ပစ္စတိုတလက်ပေးထားတယ် “ကိုချစ်ဖေ အရေးအကြောင်းဆို ပစ်ရအောင်တဲ့ ဖြစ်
တော့မဖြစ်ပါဘူးတဲ့ ရန်သူနဲ့အပစ်ရပ်ထားတယ် ထုံးစံအတိုင်း ပေးထားတာပါ အရေးပေါ်သုံးရ
အောင်”လို့ပြောပါတယ်။ ကျနော်ကလည်း သေနတ်ကိုတခါမှမကိုင်ဘူးတာဆိုတော့“ဘယ်လို
ပစ်ရမလဲ တပ်ရင်းမှုး” လို့ပြန်မေးတော့ “မနက်ကျမှ ကျနော်ပြပေးမယ် မပြန်မချင်းခင်ဗျားကိုင်
ထားဗျာ ခုတော့ညနက်ပီ ခုတော့ အိပ်မှ မနက်ကို သင်တန်းဆင်းပွဲ လုပ်ကြရမယ်” လို့ပြောလို့ ကျနော်လည်းဆက်မမေးတော့ပါဘူး အရေးအကြောင်းဆိုလည်း တကယ်ပဲ သေနတ်နဲ့ ပစ်
ပေါက်ရတော့မှာပဲ။

ကျနော်လည်း သိပ်မကြာခင်မှာပဲအိပ်ပျော်သွားပါတယ်။ တရေးပြန်နိုးလာတော့ နာရီကြည့်
လိုက်တော့(၃) နာရီခွဲတော့မယ် ကင်းအလှည့်ကျနေတဲ့ ရဲဘော်လေးက သီချင်းတအေးအေးနဲ့ လမ်းလျှောက်နေတယ် ကျနော်လည်း အိမ်သာသွားချင်လာတာနဲ့ သွားဖို့ထပြီးမှ ညစာစကား
ဝှက်ကမေ့နေတယ် တကယ်လို့ကင်းသမားရဲဘော်လေးက ဘယ်သူလဲလို့ မေးရင်စကားဝှက်
ကိုပြောရမှာလေ ကျနော်ကမေ့နေပြီ တပ်ရင်းမှုးကိုနှိုးမေးရရင်လည်း အားနာစရာ အဲ့ဒါနဲ့မနည်း
ကြာပါတယ် နောက်တော့ မဖြစ်တော့ပါဘူး ရဲဘော်လေးကတော့ ခပ်လှမ်းလှမ်းမှာ လမ်း
လျှောက်ပြီးကင်းစောင့်နေပါတယ်။ ကျနော်က “ညီလေး”လို့ လှမ်းခေါ်ပြီး “အကိုညစာမေ့နေပြီ
သွားလို့ရမလား” ဆိုတော့ “ဟာ..အကိုသွားလေ အကိုလှုပ်လှုပ် လှုပ်လှုပ်နဲ့ နိုးနေတာ ကျနော်
သိတယ်ပြောရောပေါ့ အကိုရာ” တဲ့ ကျနော်က စစ်ဓလေ့တွေ ဘာတွေမသိဘူးလေ။

ကျနော်လည်းပြန်အိပ်မရတာနဲ့ ရေနွေးထကြိုတဲ့ရဲဘော်လေးနဲ့ စကားပြောရင်း မီးလှုံနေလိုက်
တယ် နောက်မိုးလင်းလာတော့ ထမင်းကြော်နဲ့ ကော်ဖီမစ်နဲ့ မနက်စာ စားကြတာပေါ့ဗျာသင်
တန်းဆင်းပွဲက မနက်(၉) နာရီမှ စပါတယ် တပ်ရင်း(၉) က တပ်ရင်းမှုး ကိုသိုက်လည်းရောက်
လာပါတယ် မနက်(၈)နာရီလောက် နောက် မဟာမိတ်တပ်က ကေအန်ယူ တပ်မှုးတချို့လည်း
တက်ပါတယ်။ သင်တန်းမှုးကိုထက်မိုး ကိုသိုက် ကိုစောမိုး တို့နဲ့ မဟာမိတ်တပ်မှုးအချို့ အမှာစ
ကားပြောပါတယ်။ အခန်းအနားထုံးစံအတိုင်း အလေးပြုတာ အစီအစဉ်အစဉ်ကြေငြာတာ အ
ခန်းအနားပြီးဆုံးတာအထိပါပဲ။ရဲဘော်တဦးချင်း သင်တန်းဆင်းလက်မှတ် ဂုဏ်ပြုဆုလည်းပေး
ပါတယ်။ခရစ်သက္ကရာဇ်(၂၀၀၄)ခုနှစ်ဇူလိုင်လတတိယပါတ် ဇူလိုင်(၁၉)မတိုင်ခင်ရက်မှာပါ။

သင်တန်းဆင်းပွဲပြီးတော့ ဧည့်သည်တွေ မနက်စာစားပြီးပြန်သွားကြပါတယ်။ တချို့လည်းကား
အခြေအနေအရ မစားကြတော့ပါဘူး ကျနော်က ကိုစောမိုးနဲ့နေခဲ့မဲ့သူဆိုတော့ လိုက်မသွား
တော့ပါဘူး ကိုထက်မိုးလည်းကျန်နေခဲ့ပါတယ်။

အဲ့ဒီလိုလူစုမခွဲခင် အမှတ်တယဓါတ်ပုံတွေရိုက်ကြပါတယ်။အမှတ်တယ တဦးချင်းသေနတ်နဲ့
ယူနီဖေါင်းနဲ့ရိုက်ကြတာလည်းရှိပါတယ် ရဲဘော်လေးတွေခင်မင်ရာတွဲရိုက်ကြတာလည်းရှိပါ
တယ် နောက်ရဲဘော်တွေနဲ့အားလုံးပါတဲ့ အုပ်စုဓါတ်ပုံလည်းရိုက်ကြပါတယ်။ကျောင်းသားတပ်
မတော်အလံနဲ့တကွပါ။ကျနော်ကိုနေရာချထားပေးတဲ့နေရာမှာ ကျနော်ရပ်နေတုန်း တပ်ရင်းမှုး
က အေကေ(၄၇)သေနတ်တလက်လာပေးပါတယ်။ဓါတ်ပုံထဲမှာသေနတ်ကိုင်ထားတဲ့ဓါတ်ပုံပါ
စေချင်လို့ပါ။ ကျနော့်မှာတပ်ရင်းမှုးပေးထားတဲ့ ပစ္စတိုရှိပေမဲ့ ခါးကြားထဲမှာဆိုတော့မပေါ်ပါဘူး။
ကျနော်ဝတ်ထားတာလဲ စစ်ဘောင်းဘီ အနွေးထည်က တပ်ရင်းမှုးပေးထားတဲ့ ပျောက်ကျားဖီး
လ်ဂျက်ကက် ဆိုတော့ ယူနီဖေါင်းဝတ်ထားသလိုပါပဲ တပ်ရင်းမှုးလာပေးတဲ့သေနတ်ကို ပုံမကြ
ပန်းမကျကိုင်ပြီး အုပ်စုလိုက်ဓါတ်ပုံရိုက်ခဲ့ကြပါတယ်။

ကိုစောမိုးကိုယ်တိုင်က ကျနော့်ကိုရဲဘော်တယောက်လို အသိအမှတ်ပြုတဲ့သဘောမို့ ခုချိန်ထိ
ကျနော်ကျနော်ပြန်တွေးမိတိုင်းဂုဏ်ယူပါတယ်။ ကိုချစ်ဖေလည်းပြောမယ်ဆိုရင်ဓါတ်ပုံရိုက်တဲ့
အချိန်(၅)မီးနစ်လောက်အတွင်း လက်နက်ကိုင်တော်လှန်ရေးထဲလုပ်ခဲ့ဘူးပါတယ်လို့ပြောရမ
လားပါပဲ။ဓါတ်ပုံကအုပ်စုပုံတွေထဲမှာ တော်တော်လေးကောင်းပါတယ် အလင်းအမှောင်ရဲဘော်
တွေမျက်နှာ အားလုံးကြည့်လို့ကောင်းပါတယ်။ကျနော့်မှာဓါတ်ပုံမရှိပါ။ တပ်ရင်းရုံးမှာပြန်ရှာရင်
တော့ရနိုင်မယ်ထင်ပါတယ်။ကျနော်လည်းခု အဲ့ဒီဓါတ်ပုံလေးလိုချင်နေပါတယ်။

ကျနော် (၁၉၈၉)ခုနှစ်မှာ အဖမ်းခံရတုန်းက မတရားအသင်းအက်ဥပဒေပုဒ်မ(၁၇)(၁)။နိုင်ငံ
တော်ငြိမ်ဝပ်ပိပြားမှုကိုနှောက်ယှက်ဖျက်ဆီးသူများ၏ဘေးအန္တရာယ်မှ ကာကွယ်သောဥပဒေ
ပုဒ်မ(၅)(ည) နဲ့ပစ်ဒါဏ်ကျခဲ့တာပါ။ ထောင်ထဲမှာကျနော်ကို နိုင်ငံရေးသမားတွေထားတဲ့
(၅)(ည) တိုက်မှာမထားပါဘူး။ကျနော့်ကို ရိုးရိုးရာဇ၀တ်မှုအကျဉ်းသားတွေနဲ့ အတူထားတာ
ပါ။အဲဒီတုန်းက ကျနော့်ပုဒ်မ(၁၇)(၁)က မတရားအသင်းကြေငြာခံထားရတဲ့လက်နက်ကိုင်
တော်လှန်ရေးအဖွဲ့အစည်းများနှင့်ဆက်သွယ်မှုလို့လည်း အဓိပါယ်ထွက်တော့ ကျနော့်ကိုသူ
ငယ်ချင်းတွေက သူပုန် လို့ခေါ်ပါတယ်။

ကျနော်ကလည်းသဘောကျပါတယ်။ မတရားတဲ့အစိုးရ ပြည်သူလူထုဆန္ဒမပါပဲအုပ်ချူပ်တဲ့အ
စိုးရ လက်နက်အားကိုးနဲ့ဖိနှိပ်တဲ့အစိုးရကိုပြည်သူပြည်သားတိုင်းလက်နက်စွဲကိုင်ပုန်ကန်ခွင့်ရှိ
တယ် ပုန်ကန်သင့်တယ်လို့ကျနော်ယုံကြည်ပါတယ်။ဒါကြောင့် သူပုန်လို့ခေါ်တာကျနော်ဝမ်း
သာပါတယ်။ သူပုန်တွေဟာ ပြည်သူတွေကိုဘယ်လောက်ချစ်တတ်တယ် တရားမျှတမှုကို
ဘယ်လောက်မြတ်နိုးတယ်ဆိုတာကို ပုဂ္ဂိုလ်ရေးအရ ကျနော်ဖေါ်ပြခွင့်ရနေခဲ့တာလို့တွေးမိနေ
လို့ပါ။အခြေအနေအရလက်နက်ကိုကိုင်ဆောင်ထားကြသူတွေက လက်တွေ့ကျကျတိုက်ပွဲတွေ
ထဲမှာအသက်ကို ချထားပြီးတိုက်ပွဲဝင်ကြရတာပါ။အင်အားခြင်း ဆက်သွယ်မှုခြင်းထောက်ပံ့မှု
ခြင်းအလွန်ကွာပါတယ်။ဒါပေမဲ့စိတ်ဓါတ်ရေးရာအရတော့ ကိုယ်တိုင်မတရားမှု့ကိုတော်လှန်ချင်
လို့ တိုက်ပွဲဝင်လာခဲ့သူတွေမို့ ရန်သူတပ်နဲ့တော့ အများကြီးကွာပါတယ်။

ကျနော်တို့လိုမြို့ပေါ်ကနေထောက်ခံတဲ့သူ ပူးပေါင်းတဲ့သူတွေကို သူပုန်ကျောရိုးတွေ သူပုန်
ဒေါက်တိုင်တွေလို့ အစိုးရကနှိမ်ခေါ်ပါတယ် ဖိနှိပ်ပါတယ် သူငယ်ချင်းတွေကကျနော့်ကိုသူပုန်
လို့ခေါ်တာ ရာထူးတက်ပေးတယ်လို့ ကျနော်ထင်တာပါ။ ပြည်သူတွေကိုဖိနှိပ်တဲ့ ရက်စက်တဲ့
အစိုးရစစ်တပ်မှာ ဗိုလ်ချူပ်လုပ်ရတာထက် မတရားမှုကိုတွန်းလှန်ကြတဲ့သူပုန်တပ်မှာတပ်သား
လေးဖြစ်ရတာ ဂုဏ်ယူပါတယ်။အဲ့ဒီလိုသဘောထားခုထိလည်းရှိပါတယ်။တပ်ရင်းမှုးကိုစောမိုး
က ကျနော့်ကို သူ့ရဲဘော်အဖြစ် အသိအမှတ်ပြုခဲ့လို့သာ ယူနီဖေါင်းနဲ့သေနတ်နဲ့ ဓါတ်ပုံရိုက်ခွင့်
ရတာပါ။ပြန်တွေးကြည့်တော့ကြည်နူးစရာ (၁၉၈၈)ခုမတ်လ တံတားနီအရေးအခင်းထဲကနေ
ဒီမိုကရေစီရေးတိုက်ပွဲထဲပါလာခဲ့တာခု(၂၀၀၉)ခုနှစ်အထိ လက်နက်ကိုင်တော်လှန်ရေးကိုလို
အပ်သည်လို့ယုံကြည်ခဲ့သလို အင်အားကြီးမားစေချင်မှုလည်းစိတ်ထဲမှာရှိပါတယ်။ဒါပေမဲ့ခုချိန်
ထိသေနတ်တချက်မှမပစ်ခဲ့ဘူးပါဘူး။ခုလည်း လက်နက်ကိုင်တော်လှန်ရေးရဲ့အဝေးမှာရောက်
နေတာပါ။သူများတွေပြောသလို တတိယနိုင်ငံတွေမှာ ချစရာလက်နက်လည်းမရှိခဲ့ဘူးသလို။
ခုချိန်ထိလည်းထောက်ခံအားပေးမှုသဘောထား ထားရှိတာလည်းကျနော့်လူ့အခွင့်အရေးလို့
သဘောထားပါတယ်။မြန်မာပြည်သူတယောက်အနေနဲ့ သဘောထားရှိခွင့်ရှိပါတယ်။

ကျနော်သဘောထားတွေပြောရင်းနဲ့ တရားဝင်ဝင်ဟောသလိုဖြစ်နေပါပြီ။ အားလုံးလူစုခွဲသွား
ကြပြီးတဲ့အခါကြတော့မှ ကျနော်တို့ ကာကင်းကုန်းဖက်ကိုသွားကြပါတယ်။ကာကင်းကုန်းကအ
တော်အတန်လေးမြင့်ပြီး ရန်သူစခန်းကို လှမ်းမြင်ရတဲ့နေရာပါ။ ကိုစောမိုးကမှန်ပြောင်းတလက်
ပါ ပါလာတော့ ကျနော်တို့ကုန်းလေးအရှေ့က ကတုတ်ကျင်းထဲကနေ နအဖရန်သူတပ်စခန်း
ကုန်းကိုလှမ်းကြည့်ကြပါသေးတယ်။ရာသီဥတုက မြူတွေဆိုင်းနေခဲ့လို့ ရန်သူ့စခန်းတွင်းကိုမ
မြင်ရပါ။ တပ်ရင်းမှုးက “အဲ့ဒီကုန်းက ကျနော်တို့အရင်ထိုင်ထားတာ ရန်သူကခုရသွားတာ ကျ
နော်တို့ အဲ့ဒီစခန်းမှာတုန်းက အစုံစိုက်ထားကြတာ ခုထက်ရိက္ခာပိုလျှံတယ် စခန်းကိုမကျသွား
ဖို့ကျနော်တို့ တပါတ်လောက်ခံပစ်သေးတာ ကျည်အင်အားနည်းလာတာရယ်ကြောင့် ရဲဘော်
တွေအထိအခိုက်လုံးဝမရှိပါဘူး ရန်သူနဲ့ ဒီကေဘီအေပဲနာသွားတာ” လို့ပြောပြပါတယ်။

တကယ်ပြန်တွေးကြည့်တော့ ကျနော့်သူငယ်ချင်း တပ်ထွက်ရဲဘော်တယောက်ပြောသလို“စစ်
ဆိုတာကို စစ်သားတွေက ပိုမုန်းပါတယ် ငြိမ်းချမ်းရေးကိုလည်း လိုလားကြပါတယ် တဖက်နဲ့တ
ဖက် ပုဂ္ဂလိက အမုန်းအညိုးတွေမရှိပဲနဲ့ သတ်နေကြရတာ ပြဿနာတွေကို ဆွေးနွေးညှိနှိုင်းအ
ဖြေရှာမှပဲ ပြေလည်မှာပါ အပြုတ်တိုက်ရေးနဲ့ဆိုရင် အောင်ပွဲတော့ခံရင်ခံနိုင်မယ် ငြိမ်းချမ်းရေး
တော့မရနိုင်ပါဘူး တချိန်ပြန် ပြဿာဖြစ်မှာပါ” တဲ့ စစ်အုပ်စုက သူပုန်သောင်းကျန်းသူနှိမ်နင်း
ရေးဆိုပြီး လူအင်အား လက်နက်အင်အား ငွေအင်အား သုံးပြီးနှိမ်နင်းလာခဲ့တာ နှစ်ပေါင်းများ
စွာကြာခဲ့ပါပြီ။ သူပုန်တွေကိုလည်းနည်းလမ်းပေါင်းစုံနဲ့ အင်အားဖြိုခွင်း ချေမှုန်းခဲ့ကြတာအစိုးရ
အဆက်ဆက်ပါပဲ။ သို့သော်လည်း သူပုန်ဖြစ်လာစေတဲ့ မတရားမှုတွေ မမှန်ကန်မှုတွေ အနိုင်
ကျင့်ညင်းဆဲမှုတွေကို တော့မရပ်ခဲ့ပါ။ ဘယ်သူကမှ စစ်ကိုမမက်မောပါဘူး ခုခံဖို့ တွန်းလှန်ဖို့
ရသင့်ရထိုက်တဲ့အခွင့်အရေးရဖို့သာ လက်နက်စွဲကိုင်သူပုန်ရယ်ဖြစ်လာကြတာပါ။အကြောင်း
တရားကို မရှင်းသ၍ အကျိုးတရားတွေလည်းရှိနေဦးမှာပါ။

ကျနော်တို့ စခန်းမှာ နောက်ထပ်တညအိပ်ရင်း ကားကြုံကိုစောင့်ကြပါတယ်။ကိုစောမိုး ကို
သိုက် ကိုထက်မိုး ကျနော်နဲ့ရဲဘော်တွေစကားပြောကြ ထမင်းစားကြ စမ်းချောင်းလေးထဲရေ
သွားချိုးကြ ပေါ့ နောက်နေ့ မနက်တော့ကားနဲ့ ကျနော်တို့ပြန်လာခဲ့ကြပါတယ်။ရဲဘော်လေး
တွေလည်း ကျနော်တို့ကိုလိုက်ပို့ပေးပြီးကျန်နေခဲ့ကြပါတယ်။ကိုစောမိုးကတော့ ခင်ဗျားမြင်ခဲ့ရ
တဲ့ ရွာကြီးကို ၀င်လည်ကြမယ်တဲ့ ကိုသိုက်နဲ့ ကိုထက်မိုးနဲ့ကပြုံးနေတယ်။ကိုစောမိုးပြောတာ
ကျနော်သိချင်နေတဲ့ ဒုက္ခသည်စခန်းကြီး ကိုပြောနေတာပါ။

Read more...

Monday, October 19, 2009

သစ္စာပန်းတွေပွင့်မဲ့နွေ








သစ္စာပန်းတွေပွင့်မဲ့နွေ

လူကြမ်းကလူကြမ်းပီသဖို့
ဝံပုလွေမျက်လုံးတွေတပ်
ဇာတ်ဝင်ခန်းမှာ
မင်းသမီးကြောက်လေလေ
ဇာတ်လိုက်အစွမ်းထက်လေလေ။
လူဆိုးနာလေလေ
ပုရိတ်သတ်လက်ခုပ်တီးလေလေ။
တရားဥပဒေက ဇာတ်သိမ်းခန်း
ပွဲအပြီးမှာရောက်ရောက်လာတယ်။

ကျနော့်ကို ကိုယ်ရည်သွေးတီးလုံးတွေနဲ့
လာလာမခြောက်နဲ့
လူကြီးလူကောင်းတွေစကားက
အဘိဓမ္မာဆန်ပြီး
အပေါစားရေမွှေးနံ့ထွက်တယ်။
ဒေါက်တာချေဂွေဗားရားရုပ်ပုံကို
သူတို့ရင်ဘတ်မှာတက်တူးထိုးခဲ့ကြသေးတယ်။
လောကနီတိကို လူထူထူမှာ
အော်ကျယ်အော်ကျယ်ဖတ်ကြတယ်။

ရှင်သန်ခြင်းမှာ၊
“လူဟာလူလောက်ပဲမှန်ခဲ့ပြီး
လူဟာလူလိုပဲမှားခဲ့တယ်”*

သစ္စာပန်းတွေပွင့်မဲ့ နွေခေါင်ခေါင်မှာ
ချော်လဲရင်းရောထိုင်ဖို့တော့
ရင်နဲ့ပျိုးခဲ့ကြတာမဟုတ်။
တချို့သူတွေကို ခင်းကျင်းပြသဖို့ရာ
ကျနော့်မှာ လွမ်းဆွတ်မှုတွေပါမလာခဲ့ပါဘူး။

ဘာပဲဖြစ်ဖြစ်
ကျနော့်ညနေခင်းလေးနဲ့
ခင်ဗျားရဲ့ နံနက်ခင်းလေးကို
ကြိုဆိုခဲ့ပါတယ်။

မိုးစဲနေ
အောက်တိုဘာ ၁၉။ နံနက်ခင်း (၃း၄၄)မီးနစ်။ ၂၀၀၉ခုနှစ်
*ကဗျာဆရာ မိုးမြင့်ချို စကားလုံး

Read more...

Saturday, October 17, 2009

ကိုချစ်ဖေရဲ့ ခရီး(၁)

ကိုချစ်ဖေရဲ့ မိတ်ဆွေရဲဘော်တွေဆီ ခရီး

(၁)
ကျနော်ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့လေးကိုရောက်တဲ့နေ့ ညနေမှာပဲ ကျောင်းသားတပ်မ
တော်က တပ်ရင်း(၈)တပ်ရင်းမှုး ကိုစောမိုးရောက်လာပါတယ် ကိုစောမိုးဆိုတာက(၁၉၈၈)ခု
ဘုန်းမော် အရေးအခင်းတွေစတင်ထဲက စတုထ္ထနှစ်အင်ဂျင်နီယာကျောင်းသား လူကတရုတ်လူ
မျိုးကပြား အသားဖြူဖြူ ရုပ်ချောချော ကျနော်က သူကိုမတွေ့ဘူးသေးခင်ကတည်းက နာမည်
ကြားပြီးရင်းနှီးနေပြီးသား တရုတ်သွေးနှောဗမာကျောင်းသားသူပုန်သူ့အမျိုးသမီးမကြည်ကြည်
ခင်နဲ့ကျနော်နဲ့က ထောင်တထောင်ထဲကျဖက်တွေ ကျနော်တို့က နှစ်ကြီးတော့ကျန်ခဲ့သူတွေ
မကြည်က အမျိုးသားဒီမိုကရေစီအဖွဲချူပ်က တက်ကြွတဲ့ မဟာသပ္ပံတန်းကျောင်းသူ တရုတ်
လူမျိုးစစ်စစ်မကြည်က အပြင်မှာ စစ်အစိုးရကို အကြောက်မရွံမရှိ အာခံရဲသူဗမာနိုင်ငံလုံးဆိုင်
ရာကျောင်းသားသမဂ္ဂများအဖွဲ့ချူပ် ပြန်လည်ဖွဲစည်းလှုပ်ရှားမှုနဲ့ ထောင်(၂)နှစ်ကျခံခဲ့တာ မျက်
နှာတချက်လေးမှ မပျက်ခဲ့တဲ့သူ။

ကျနော့်အမေက ကျနော့်ကိုထောင်ဝင်စာလာတွေ့တော့ မကြည်အမေကအားပေးခဲ့ရတာ ကျ
နော်ကနောက်ကျမှ ပြန်သိတာပါ။ စိတ်မပူပါနဲ့ရှင် ကျမသမီးလေးပါထောင်ကျနေတာပါ ဘေး
မကြောက်ဘာမကြောက် နောက်မိန်းကလေး ရှင်ကသားယောက်ကျားလေးဆိုတော့ တော်ပါ
သေးတယ် စိတ်မပူပါနဲ့လို့ ထောင်ဝင်စာတွေ့ချိန် စောင့်နေရင်းတွေ့ကြတာ။နောက်ကျနော်တို့
တအုပ်စုလုံး ကျမ်းမာရေး စားသောက်ရေး စာဖတ်နိုင်ရေး မိသားစုရေးတွေကအစ မြို့ခံရဲမေတ
ဦးအနေနဲ့ တာဝန်အစစယူခဲ့သူပါ။ မျက်မှန်လိုချင်တာကအစ လိုသမျှ သူနဲ့ ကိုအောင်မျိုးထွေး
(ခ)ကျောင်းဆရာ ကဗျာဆရာ မင်းဒိဗ္ဗ(၂၀၀၅ ဖေဖေါ်ဝါရီ ၂၆ရက်မယ်တော်ဆေးခန်းမှာကွယ်
လွန် ဧရာဝတီတိုင်းဗကသပြန်လည်ဖွဲ့စည်းလှုပ်ရှားမှုခေါင်းဆောင်) တို့ကအမြဲကူညီခဲ့ကြတာ
ပါ။ အဲ့ဒီအချိန်က ပုသိမ်ထောင်ထဲမှာ ဘုရားစာအုပ်ဖတ်ရင်တောင် ရမယ်ရှာပြီး စာမဖတ်ရ အ
မိန့်ထုတ်ထားတဲ့အချိန် သူတို့မြို့ခံတွေအကူအညီနဲ့ စာအုပ်တွေ ရေဒီယိုတွေတောင်ခိုးသွင်းပြီး
ထောင်ထဲက တိုက်ပိတ်ခံရဲဘော်တွေဆီရောက်အောင် သတင်းပို့ပေးသေးတာ သူတို့လွတ်
သွားပြီးမှထောင်ထဲက ဘာပဲလိုလို မကြည်နဲ့ ကိုအောင်မျိုးထွေးက ပို့ပေးနေကြ။ ကျနော်တို့
နှမလိုအမလိုခင်မင်ရတဲ့သူ။

နောက်ကျနော်တို့ ထောင်ကလွတ်ရက်စေ့လို့လွတ်လာတဲ့ နယ်ကိုပြန်ရမဲ့သူတွေကို သူတို့က
မပြန်မချင်း ပုသိမ်မြို့ပေါ်မှာနေသ၍ အကုန်ကူညီတဲ့သူတွေ ကားဂိတ်သင်္ဘောဆိပ်လိုက်ပို့ပေး
ပြီးမှ ပြန်သူတွေပါ။ နောက်(၁၉၉၆) ခုနှစ်မှာ အခြေအနေအရ ကျောင်းသားတပ်မတော်တပ်
ရင်းတရင်းဟာ ကယားလူမျိုးစုလက်နက် ကိုင်တော်လှန်ရေးဝတ်စုံတွေနဲ့ငြိမ်းချမ်းရေးတပ်
တွေအနေနဲ့ ပြန်လာခဲ့ကြပြီး ကိုစောမိုးနဲ့ မကြည်နဲ့ အိမ်ထောင်ကျသွားတာပါ မကြည်ကလည်း
သူကိုယ်ပိုင်စီးပွားရေးနဲ့ မိဘတွေတားတဲ့ကြားကပဲ ကယားပြည်နယ်ကိုလိုက်သွားခဲ့တာပါ။
သူတို့ဧည့်ခံပွဲလုပ်တဲ့နေကတော့ တကယ့်ပွဲပါပဲ မကြည်ဖက်က ဒေါ်အောင်ဆန်းစုကြည် ဦးတင်
ဦးတို့ ဗဟိုအမှုဆောင်လူကြီးတွေတက်ရောက်ခဲ့ကြပြီး ကိုစောမိုးဖက်က ကယားလူမျိုးစုငြိမ်း
လက်နက်ကိုင်အဖွဲ့လူကြီးတွေတက်ရောက်ခဲ့ကြပါတယ်။

မင်္ဂလာပွဲလာပရိသတ်တွေကလည်း ကယားပြည်နယ်က လက်နက်ကိုင်တော်လှန်ရေးရဲဘော်
တွေ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲချူပ်က ရဲဘော်တွေ အမျိုးသားဒီမိုကရေ
စီအဖွဲ့ချူပ်အဖွဲ့ဝင်တွေနဲ့ ရန်ကုန်မှာစည်စည်ကားကားကျင်းပခဲ့ကြတာပါ။ အဲ့ဒီတုန်းက ကိုစော
မိုးက ကျောင်းသားတပ်မတော်ရဲ့ ဒုတပ်ရင်းမှုး ကယားလူမျိုးစုတော်လှန်ရေးသမားတွေရဲ့ဝတ်စုံ
ကို အခြေအနေရ ခဏ၀တ်ထားခဲ့သူ စစ်အစိုးရက အပစ်ရပ်ငြိမ်းအဖွဲ့တွေနဲ့ အဖွဲချူပ်အကြား
လုံးဝဆက်သွယ်ခွင့်မပေး ကျောင်းသားတပ်မတော်က ရဲဘော်တွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများအဖွဲ့ချူပ်(ဗကသ)ဆိုတာ တွေဆုံဖို့ဆိုတာဝေလာဝေး အဲ့ဒီသူတို့မင်္ဂလာ
ဆောင်မှာတွေ့ဆုံနိုင်ခဲ့ကြတာပါ။

အဲ့လိုမမျှော်လင့်ပဲတွေဆုံခွင့်ရသွားဖို့ဆိုတာမလွယ်ပါဘူး နအဖစစ်အစိုးရက မျက်ခြေမပြတ်
စောင့်ကြည့်နေတာပါ။ အဲ့လိုဆုံတွေပြီးမှသိသွားတော့ တော်တော်အခဲမကျေဖြစ်သွားတယ်
မင်္ဂလာဆောင်ကိုတော့ ၀င်ဖျက်လို့မရဘူးလေ နောက်ပိုင်းမှာ တော်တော်လေးတင်းတင်းကြပ်
ကြပ်သဘောထားလာခဲ့ပါတယ် ကိုစောမိုးတို့လည်း မြို့ပေါ်လာခွင့်ရပ်သွားတယ် မကြည်က
တော့ ကိုစောမိုးရှိရာ ကယားပြည်နယ်ကိုလိုက်သွားတာပါ။ သူတို့မင်္ဂလာဆောင်ကျနော်က
တောနယ်လေးရောက်နေလို့ မသွားလိုက်ရပါဘူး။ ကျနော်ရန်ကုန်ကို လာတော့မှသိရတာပါ။

နောက်တနှစ်ကျော်(၂)နှစ်လောက်မှာ နအဖက ငြိမ်းအဖွဲ့တွေဆီကနေ ကျောင်းသားတပ်မ
တော်ရဲဘော်တွေကို အပ်ဖို့ တောင်းဆိုလာလို့ ကိုစောမိုးတို့အရေးပေါ် တပ်ကိုရွှေ့ရပါတယ်
နအဖစစ်တပ်တွေ ကိုရှောင်ကွင်းပြီးဆုတ်ရတာမို့ မလွယ်ကူပါဘူး လမ်းမှာတိုက်ပွဲလည်းဖြစ်
နိုင်သေးတာကိုးဗျာ အဲ့ဒီအချိန်မှာ မကြည်နဲ့ကိုစောမိုးတို့ရဲ့သားကြီးကို မွေးပြီးကာစ(ရ)ရက်
မပြည့်သေးပါ မကြည်နဲ့သားနဲ့ကိုထားခဲ့ပြီး တပ်ကရဲဘော်တွေနဲ့အတူဆုတ်ကြရတာပါ။
မကြည်ကလည်း အားမငယ်ပါဘူး သူတလကျော်လောက်နေပြီး မိဘတွေဆီပြန်လာပါတယ်
ပြန်လာလာခြင်းပဲ ကလေးရောအမေကိုပါ ဖမ်းပါတယ် မကြည်နောက်တကြိမ်သားနဲ့အတူထပ်
ဝင်သွားတာပါ။ နောက်ဆုံးတော့ သူတို့ဖက်က သိပ်ညစ်ပတ်ရာကျမှာစိုးလို့လား လူတွေကြား
ထဲမှာဖြစ်နေလို့လားမသိဘူး မကြည်ကိုပြန်လွှတ်လိုက်ပါတယ်။လပိုင်းလောက်တော့သူနေခဲ့ရ
သေးပါတယ်။

မကြည်လည်း ကလေးငယ်သေးတော့ ကိုစောမိုးဆီကိုမလိုက်သွားနိုင်သေးပါဘူး နောက်ကျ
နော် သူတို့မြို့လေးကိုရောက်တဲ့အချိန်တော့ မကြည်ဆိုင်ကိုရောက်ပါတယ် ၀င်တွေ့တာပေါ့
ဗျာ ကျနော်တို့ရဲဘော်ပဲလေ။

ကျနော်တို့ နယ်စပ်မြို့လေးကိုရောက်တဲ့အချိန် ရောက်ရောက်ခြင်းညနေ သူဆိုင်ကယ်လေးနဲ့
ကိုစောမိုးရောက်လာတာပါ။ တွေ့တွေ့ခြင်း ဟိုးတုန်းကတည်းကသိကျွမ်းခဲ့ကြသူတွေလို ခင်
သွားတယ်။ မကြည်နဲ့ကျနော်တွေ့တဲ့အကြောင်းပြောပြတော့ သူမျက်နှာမကောင်းပါ သူကပျော်
ပျော်ပါးပါးနေတတ်ပေမဲ့ သံယောစဉ်ကြီးသူတယောက် မိသားစုကိုခင်တွယ်သူတယောက်ပါ
ကျနော်တွေဖူးရင်းနှီးဖူးတဲ့ ကျောင်းသားတပ်မတော်က တပ်ရင်းမှုးတွေထဲမှာ တမျိုးစီခင်မင်
ဖို့ကောင်းပါတယ် ကိုစောမိုးကတော့ လူကသာကျားကျားယားယားနေတာ မျက်နှာကအမြဲချို
နေတာ သူကစစ်သားထက် သဘောကောင်းတဲ့ကျောင်းဆရာနဲ့ ပိုတူပါတယ် သီချင်းတွေလဲ
ဆိုတတ်တယ်။

ကျနော်တို့ မဲဆောက်ရောက်လာစ အပြင်မထွက်ရဲသေးတဲ့အချိန်မှာ သူလာခေါ်ပြီး ကျနော်တို့
စတည်းချနေတဲ့ အိမ်နားက အရက်ဆိုင်အအေးဆိုင်လေးကို ခေါ်သွားတာပါ သူကျနော်တို့ကို
အရက်တိုက်ပါတယ်။ကျနော်က နောက်တော့ သူတဟားဟားနဲ့ရီနေသေးတယ်။ကျနော်က“ကို
စောမိုးရယ် ဒီလိုမျိုးအရက်ကောင်းကောင်းသောက်နေရလို့ကတော့ တော်လှန်ရေးအဓွန့်ရှည်
ပါစေဗျာ” လို့နောက်တာ မလုပ်ပါနဲ့ဗျာဆိုပြီးရယ်နေတာ။ ကျနော်က မကြည်နဲ့ကလေးကိုခေါ်ဖို့
ပြောတော့ ကျနော်တို့ခရီးကကြမ်းပါတယ်ဗျာ သူမိသားစုကြားမှာဆို ကလေးလည်းပိုကောင်းပါ
တယ် ကျနော့်မိသားစုလည်းရှိနေတော့ သားကိုစောင့်ရှောက်နိုင်တာပေါ့ဗျာ။ ကံရှိသေးရင်
တော့ ပြန်ဆုံမှာပေါ့ဗျာလို့ပြောတယ်။

နောက်ကျနော်တို့ နယ်စပ်ရောက်ပြီး(၈)လောက်အကြာမှာ သားငယ်လက်ဆွဲပြီး ကိုစောမိုးရှိ
ရာကို မကြည်ကြည်ခင်လိုက်လာခဲ့ပါတယ်။ ခု ဒီမိုကရက်တစ်မြန်မာအသံသတင်းထောက် နာ
မည်ကြီးဘလော့ဂါ မခင်မင်းဇော် ပေါ့ဗျာ။ တွေ့တွေ့ခြင်း “ကိုချစ်ဖေတို့များဒီဖက်ထွက်လာတာ
ကျမတောင်မသိလိုက်ရဘူး” ပြစ်တင်နေသေးသဗျ။ ကျနော်ကလည်း ကမန်းကတန်းထွက်လာ
ရတာဆိုတော့ အသိမပေးနိုင်ခဲ့ပါဘူး။

ကိုစောမိုးက ကျနော်တို့ရောက်ခါစ မကြာမကြာလာလာလည်ပါတယ် သူတို့နေတဲ့အိမ်ကို
လည်း ခေါ်သွားပါတယ်ကျန်တဲ့ရဲဘော်တွေနဲ့ပေးတွေ့တယ် မပြတ်ပါဘူး နောက်ကျနော်
ရောက်ြပီး သီတင်းပတ်(၃)ပတ်လောက်ကြာတော့ ကျနော်ကိုလာပြောပါတယ်မနက်ဖန်ကျ
နော်ရှေ့တန်းစခန်းကိုသွားရမယ် ကိုချစ်ဖေ လိုက်ခဲ့မလားတဲ့ ကျနော်ကသူအဲ့လိုရှေ့တန်းစခန်း
သွားရင်လိုက်ချင်တယ်လို့ ပြောထားခဲ့ဘူးတာကိုး“စခန်းမှာ အခြေခံနိုင်ငံရေးသင်တန်းတခုလုပ်
တယ် အဲ့ဒါ သဘက်ခါသင်တန်းဆင်းပွဲရှိတယ် လိုက်ခဲ့မလားတဲ့ ကျနော်လဲရေငတ်နေတုန်းရေ
တွင်းထဲကိုဓါတ်လှေခါးနဲ့ချပေးသလို ၀မ်းသာသွားတယ် စစ်အစိုးရကိုလက်နက်ကိုင်ဆန့်ကျင်
တော်လှန်နေတဲ့ကျောင်းသားတပ်မတော်ကို ဓါတ်ပုံတွေထဲမှာသာ ယူနီဖေါင်းနဲ့ သေနတ်နဲ့တွေ့
ဖူးတာ အပြင်မှာမတွေ့ဖူးဘူးလေ နောက် ကျနော်က ကရင် ဗမာ တရုတ်လူမျိုးကသာသွေး
ရောနေတာ ကျနော်က ကရင်သိပ်ဖြစ်တဲ့သူ ကျနော်အဖွားက ကရင် အမေကလည်းကရင်မြစ်
ဝကျွန်းပေါ်ကရင် ကရင်စကားကိုမွတ်နေအောင်ပြောတတ်တာ ကရင်လူမျိုးကိုချစ်တတ်တာ
တွေက ကျနော့်ရင်ထဲစွဲနေတာပါ။ ငယ်ငယ်တုန်းကဆို ကရင်မလေးတွေကို ပိုးလိုက်ပမ်းလိုက်
ရတာ အမော အဲ့လို့ကောင်ဆိုတော့ ကရင်တော်လှန်ရေးရဲဘော်တွေ (ကေအန်ယူ) ကရဲဘော်
တွေကိုတွေ့ဘူးချင်တယ်။

သူတို့နဲ့ကျောင်းသားတပ်မတော်က ရဲဘော်တွေကအတူနေနေကြတာ တပ်သာကွဲတယ်ဆိုပေ
မဲ့ တိုက်စရာရှိတော့အတူတူ ငတ်စရာရှိလည်းအတူတူ ကရင်ဗမာသွေးစည်းညီညွတ်ရေးကို
ကျောင်းသားတပ်မတော်က ရဲဘော်တွေနဲ့ ကရင်ရဲဘော်တွေ အတူတည်ဆောက်ခဲ့ကြတာ
ဆယ်စုနှစ်(၂) ခုနီးပါး သေဖေါ်ရှင်ဖက်တွေ၊ ကျနော်တွေ့ချင်တယ် အားလုံးကို စကားပြော
ချင်တယ် အဲ့ဒီညက ကျနော်ရင်တခုန်ခုန်ပေါ့ဗျာ နောက်နေ့ညနေပိုင်းမှာ သွားကြမှာမို့ ကျနော်
လည်းလိုအပ်တဲ့ ပစ္စည်းလေးတွေ ထုတ်ပိုးထားတာပေါ့ ကိုစောမိုးက အဲ့ဒီနေ့မှာပဲ ကျနော်ကို
သူလက်ဆောင်ရထားတဲ့ အမေရိကန်လုပ် ပျောက်ကျား ဖီးလ်ဂျက်ကက် အသစ်တထည်လက်
ဆောင်ပေးပါတယ်။ ရှေ့တန်းမှာအေးတယ် ခင်ဗျားကိုလက်ဆောင်လည်းပေးတာ လို့ပြောသေး
တယ်

ပြောရဦးမယ်ဗျာ ကျနော်တို့ ထိုင်းဖက်ခြမ်းက နယ်စပ်မြို့လေးကိုရောက်တော့ အ၀တ်တထည်
ကိုယ်တခုနဲ့ပါ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားဟောင်းဆိုတော့ နိုင်ငံရေးအကျဉ်းသားများ
ကူညီစောင့်ရှောက်ရေးအဖွဲ့က နေစရာစားစရာ ၀တ်စရာအိပ်ယာ စောင် ခေါင်းအုံး အကုန်စီ
စဉ်ပြီးကူညီစောင့်ရှောက်ပါတယ်။ သုံးစွဲစရာတယောက်ကို ဘတ် ၂၅၀၀ စီလည်းပေးတယ်ဗျ
ဒါက နိုင်ငံရေးထောင်ကျအခြင်းခြင်းကူညီတာပါ။ အခြားအဖွဲ့အစည်းအသီးသီးကလည်း အ
ကုန်လုံးနီးပါး ပတ်လည်သိနေကြတော့ သီးခြားအ၀တ်အစား ငွေ မိတ်ဆက်ပွဲလေးတွေနဲ့ဧည်ခံ
ကြသေးပါတယ် ဒါကလည်းတော်လှန်ရေးနယ်မြေက ရဲဘော်တွေအခြင်းခြင်း ကူညီအသိမှတ်
တဲ့ နည်းပါပဲ အ၀တ်အစား ကို ကျနော်တို့သူငယ်ချင်းတွေကြားမှာ ၀ယ်ပေးခဲလက်ဆောင်ပေး
ခဲပါတယ် အဲ့ဒီမှာတော့ အလျှံပယ်ကြီးမဟုတ်ပေမဲ့ သူတို့ပေးနိုင်တာလေးတွေ စာအုပ်ကအစ
ပေးလိုက်ကြ ညနေဖက် အရက်လိုက်တိုက်လိုက်ကြနဲ့ မသောင်းညွန့်ကိုလွမ်းတာလေးတောင်
ပြေသွားတယ်။

အဲ့နောက်နေ့ ထမင်းစားပြီးကတည်းက ကျနော်စောင့်နေတာ နေလည်(၁)ခွဲလောက် ကားနဲ့ကို
စောမိုးရောက်လာတယ် မလာခင်ထဲက လှမ်းဖုန်းဆက်ထားတော့ ကျနော်အဆင်သင့်ကားပေါ်
လိုက်သွားရုံပါပဲ ကားက ရှေ့ခန်းကမောင်းသူ နောက်ဘေးကတယောက် နောက်အခန်းကျဉ်း
ထဲမှာက သုံးယောက်ကျပ်ကျပ် ဆံ့ပါတယ် နောက်ဖက်ကတော့ အမိုးဖွင့်ထားပြီးကုန်တင်နိုင်
တာပေါ့ အဲ့လိုကားမျိုး ကားမောင်းတဲ့သူဘေးမှာတယောက် နောက်ကိုစောမိုး ကျနော် နောက်
လမ်းမှာ ကားကြုံလိုက်မဲ့ အမျိုးသမီး(၂)ယောက်ဝင်ခေါ်ရမည်တဲ့။ လမ်းမှာသယ်သွားမည့်ပ
စ္စည်းတချို့လည်းလိုက်တင်ပြီး အမျိုးသမီး(၂)ယောက်ကို တယောက်တနေရာစီဝင်ခေါ်ရသည်

တယောက်က ဂျပန် အမျိုးသမီးကျောင်းသူ နောက်တယောက်က ပြင်သစ် အမျိုးသမီးတ
ယောက် သူတို့လည်း စခန်းကိုလေ့လာဖို့လိုက်ကြမှာတဲ့ ကိုစောမိုးက နေရာကျပ်နေတော့
နောက်ခန်းမှာ ကုန်တွေနဲ့သွားထိုင်တယ် အတူထိုင်ဖို့ခေါ်လည်း မထိုင်တော့ပါဘူး ကျပ်နေမယ်
တဲ့ ကျနော်နောက်မှာသွားထိုင်မယ်ဆိုတော့လည်း မရဘူး သူပဲထိုင်မည်တဲ့ အပြင်မှာလေ
ကောင်းလေသန့်ရပါတယ်တဲ့ ကျနော်ပါလိုက်ထိုင်မယ်ဗျာဆိုတော့ ခင်ဗျားထိုင်လို့မဖြစ်ဘူးတဲ့
ကျနော်ကမျက်နှာရင်းနေပြီးသားတဲ့ လမ်းမှာဂိတ်တွေရှိတယ်တဲ့ ခင်ဗျားကိုဆွဲထားရင် အကုန်
ရှုပ်ကုန်မယ်တဲ့ အဲ့ဒီနေရာကပဲလိုက်ရမယ်တဲ့ ကျောင်းသားတပ်မတော်က တပ်ရင်းမှုးကြီးက
အဲ့လိုဗျ။

ကျနော်ကတော့ဗျာ လမ်းမှာသိချင်တာလေးတွေ မေးရင်း စကားလေးတပြောပြောနဲ့သွားချင်
တာပေါ့ ကားပေါ်မှာပါလာတဲ့ သူတွေက မရင်းနှီးဘူးလေ ဒါပေမဲ့လည်း အားလုံးကခင်မင်ဖို့
ကောင်းပါတယ် ကားမောင်းတဲ့သူက ကေအန်ယူက ရဲဘော်ဟောင်း နောက်သူ့ဘေးကတ
ယောက်ကလည်း ကေအန်ယူက အရာရှိ ကျနော်ကတော့ မသိပါဘူး ရိုးရိုးအရပ်သားတွေပဲ
ထင်နေတာ နောက်မှပြန်သိတာ အဲ့လိုနဲ့မဲဆောက်မြို့လေးကနေမြောက်ဖက်အဝေးပြေးလမ်း
မကြီးကနေ ကားလေးကိုမောင်းလာခဲ့တယ် လမ်းတလျှောက်ရွာလေးတွေက နေချင်စရာရာ
သီဥတုကလည်း သာသာယာယာရှိတယ်လေ။ ထူးခြားတာကတော့ ဒေသခံထိုင်းလူမျိုးတွေရဲ့
ရိုးသားအေးချမ်းတဲ့ မျက်နှာတွေ စိုးရိမ်ကြောင့်ကြမှုမရှိတဲ့မျက်နှာတွေကိုတွေ့နေရတာပါပဲ။
စိုက်ခင်းလေးတွေကလည်း စိမ်းစိမ်းစိုစို ရွာလေးတွေပေမဲ့ လျှပ်စီးမီးရေခဲသေတ္တာ နဲ့နေနိုင်ကြ
ပါတယ်။ကျနော်တို့လူမျိုးတွေက ရုန်းကန်ရင်ဆိုင်ကြရ သင်္ကာမကင်းဖြစ်ကြ အလုပ်မှာခက်
ခက်ပင်ပင်ပမ်းပမ်းငွေရှာနေကြရပေမဲ့ သူတို့ထိုင်းတွေရဲ့လူနေမှုအဆင့်အတန်းက အတော်မြင့်
နေပါပြီ။ သူတို့လူမျိုးတွေအဲ့လိုနေနိုင်တာကိုလည်း ၀မ်းသာမိရတာပေါ့ဗျာ။ ကျနော်တို့ဗမာလူမျိုး
အလုပ်သမားတွေကိုခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့ အလုပ်ရှင်တွေကတော့လည်းရှိတာပေါ့ဗျာ။

သူတို့နိုင်ငံကိုဦးဆောင်သူတွေရဲ့ အမျှော်အမြင်ရှိမှု ငြိမ်းချမ်းရေးကိုမြတ်နိုးတတ်မှု စနစ်တကျစီ
မံခန့်ခွဲတတ်မှုရဲ့ အသီးအပွင့်တွေ အရိပ်တွေကို သူတို့စားသုံးနေနိုင်ကြပါပြီ။အထက်တန်း
ကျောင်းသားလေးတွေ အလယ်တန်းကျောင်းသားလေးတွေဆိုလည်း အပေါ်ကအဖြူရောင်
အောက်ကနက်ပြာရောင် ယူနီဖေါင်းသပ်သပ်ရပ်ရပ်လေးတွေနဲ့ အပေါ်ကအကျီအဖြူဆိုရင်
သစ်လွင်လို့ ကျနော်တို့ ကလေးတွေကျောင်းစိမ်းဝတ်စုံလေးတွေက ၀ါကျင့်ကျင့်ဖြစ်လို့ ကလေး
တွေရဲ့သာမန်ထွားကြိုင်းမှုကလည်း အများကြီးကွာကုန်ပါပြီ သူတို့ကလေးတွေက အရပ်မြင့်မြင့်အ
သား အရေစိုစိုပြေပြေပြုံးပြုံးရွှင်ရွှင် ကျနော်တို့ကလေးတွေက ငိုချင်နေတဲ့မျက်နှာနဲ့အမြဲအားငယ်
်နေရတာ လူမျိုးလိုက်ကိုဖြစ်နေပါပြီ ဒါတောင်နယ်စပ်မြို့လေးပါ။ ဟိုတုံးကယိုးဒယားကို ၀ါးရင်း
တုတ်နဲ့ တက်သိမ်းခဲ့ကြတာ ဘာညာပြောနေပေမဲ့ ခုဆို ထိုင်းက၀ါးခြမ်းပြားနဲ့ ပြန်တက်သိမ်းနိုင်
တယ်ပြောကြမလားမသိ ထိုင်းမှာကြီးပြင်းရတဲ့ကလေးတွေက ထိုင်းပုလိပ်ဆိုတာနဲ့ လူကြီးတွေ
မျက်နှာအကဲကြည့်ပြီးကြောက်ပီးသား နေရတဲ့အခြေအနေ ဗမာဆိုတာ သူတို့နိုင်ငံမှာဆင်းရဲလို့
ငါတို့ဆီမှာအလုပ်လာလုပ်ရတဲ့ အလုပ်သမားလူတန်းစား အဲ့လိုထိုင်းလူငယ်တွေ ကတွေးမှာပါ။
အခြေအနေတွေက အဲ့ဒီလိုအခြေအနေမျိုးဖြစ်လာခဲ့ရပါပြီ။

(၂)
အဝေးပြေးလမ်းမကြီးကလည်းဗျာ နိုင်လွန်ကတ္တရာနက်မှောင်နေတာမီးနစ် (၂၅)လောက်
မောင်းပြီးတဲ့အခါ အခါတော့ ပြောက်ကျားစစ်ယူနီဖောင်းဝတ်ထားတဲ့ ထိုင်းစစ်သားတွေက
ကားကိုတားပါတယ် နောက်ကားထဲကို လှမ်းကြည့်ပြီး ဆက်မောင်းခွင့်ပြုလိုက်ပါတယ် တ
ကယ်တော့ ကျနော်တို့စီးလာတဲ့ကားကို ခွင့်ပြုပေးထားတာပါပဲ သွားနေကြကားလည်းဖြစ်တာ
နေမှာပါ။နောက်ဆက်မောင်းလာလို့ (၁၀)မီးနစ်လောက်အကြာ လမ်းမကြီးရဲ့ဝိုက်သွားတဲ့ကွေ့
တခုကအထွက်မှာ ရွာကြီးတရွာကို အပေါ်စီးကနေလှမ်းမြင်လိုက်ရပါတယ် တခါဘူးမျှမတွေ့
ဖူးခဲ့ရွာကြီးပါပဲ အနောက်ဖက်မှာ ပေထောင်ကျော်မြင့်မားတဲ့ ကျောက်တောင်ကြီးအဲ့ဒီကျောက်
တောင်ကြီးရဲ့ အနောက်ဖက်မှာတော့ တောင်ကနေမြောက်ဖက်ကို စီးဆင်းသွားပြီး သံလွင်မြစ်
နဲ့သွားဆုံတဲ့ နာမည်ကျော်သောင်းရင်းမြစ် ထိုင်းမြန်မာ နယ်ခြားမြစ် မြစ်ရဲ့အရှေ့ဖက်ခြမ်းက
ထိုင်းနိုင်ငံပိုင် အနောက်ခြမ်းကမြန်မာနိုင်ငံပိုင် ကျနော်ကတော့ ရွာကြီးကိုကြည့်ပြီးအလွန်အံ့
အားသင့်နေတာ ကျနော်အဲ့လောက်ကြီးတဲ့ သက်ကယ်မိုးတဲအိမ်လေးတွေ အများကြီးရှိတဲ့ရွာ
ကိုမတွေ့ဘူးပါဘူး ကျနော်ရော ဧည့်သည် နိုင်ငံခြားသူ(၂)ယောက်ရော အံ့သြနေကြတာပါ။

ကျနော်တို့ တအံ့တသြဖြစ်နေတာကို သိတဲ့ ကေအန်ယူအရာရှိက “ဒါ မယ်လဒုက္ခသည်စခန်း
ပေါ့ဗျာ မြန်မာဖက်ခြမ်းကနေ ထိုင်းဖက်ခြမ်းကိုထွက်ပြေးလာကြရတဲ့ ကျနော်တို့လူမျိုးတွေရော
လူမျိုးအစုံပါပဲ စုစုပေါင်း အိမ်ခြေ(၅၀၀၀၀) သောင်းကျော်ပါတယ ထိုင်းမှာရှိတဲ့ ဒုက္ခသည်စခန်း
တွေထဲမှာအကြီးဆုံးစခန်းကြီးပါ”တဲ့ အဲ့ဒီဒုက္ခသည်စခန်းကြီးက ခုဆိုနှစ်(၃၀)နီးပါး အခြေတည
်ခဲ့ပြီ စခန်းထဲကနေ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေကို ထွက်ခွာအခြေချနေထိုင်ကြသူတွေရှိနေသလိုစခန်း
တွင်းဝင်ရောက်လာခဲ့ကြသူတွေလည်း တဖွဲဖွဲပါပဲ။လူရယ်လို့မစည်ကားအပ်တဲ့ အရပ်မှာလူတွေ
စည်ကားနေခဲ့ရပါတယ်။

ပြည်တွင်းစစ်ကြီးကနေမွေးဖွားပေးခဲ့တဲ့ ဘေးထွက်ဆိုးကျိုးပေါင်းများစွာထဲကပြယုဒ်တခုအရပ်
ဒေသကို ဇာတိမြေကို စွန့်ခွာလာကြရသောသူတွေအတွက် ခေတ္တနားခိုရာ အကျဉ်းစခန်းကြီး
တခု စခန်းတခုလုံးရဲ့လုံခြုံရေးကို ထိုင်းနိုင်ငံပြည်ထဲရေးဌါနက တာဝန်ယူထားပြီး နေထိုင်စား
သောက်မှုအခြေခံ ပစ္စည်းကိုတော့ ထိုင်းနိုင်ငံဆိုင်ရာ ဒုက္ခသည်များမဟာမင်းကြီးရုံးကတာဝန်
ယူထားပြီး နိုင်ငံတကာက အလှုရှင်များရဲ့ လှုဒါန်းမှုနဲ့ အသက်ဆက်နေရတဲ့ ရွာကြီးဆိုလည်းမ
မှားပါဘူး။ စခန်းတွင်းမှာလည်း တရားဝင်မဟုတ်ပေမဲ့လည်း အဆင်ပြေစေမှု နားလည်မှုနဲ့
ဈေးတွေ အလှပြင်ဆိုင် ရေဒီယိုတီဗွီပြင်ဆိုင် ဆေးပစ္စည်းအရောင်းဆိုင် လက်ဖက်ရည်ဆိုင် ဆံ
ပင်ညှပ်ဆိုင် စက်ချူပ်ဆိုင် ယက်ကန်းလုပ်ငန်း စိုက်ပျိုးရေးသင်တန်းကျောင်း ကွန်ပြူတာသင်
တန်းခန်းမ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ခရစ်ယာန်ဘုရားကျောင်း အစ္စလာန်ဘာသာဗ
လီကျောင်း အစုံစုံရှိသလို နေ့ကလေးထိန်းကျောင်းကစပြီး(၁၀)တန်းအောင်သည်အထိ လည်း
လည်းကျောင်းတက်နိုင်ကြပါတယ်။ ဆေးရုံ စာကြည့်တိုက် တိုင်းရင်းဆေးခန်း တွေလည်းရှိပါ
တယ်။အချို့စခန်းများမှာ သူနာပြုသင်တန်း နဲ့ အခြားသင်တန်းများလည်းဖွင့်လှစ်ပေးသည်လို့
လည်းသိလာရပါတယ်။

ကျနော်ကတော့ မြင်မြင်ချင်းအံ့သြမိနေတာပါ။ စခန်းရှေ့ကနေကားကို ဖြတ်မောင်းချိန်တောင်
(၁၀)မီးနစ်ခန့်ရှိမယ်ထင်ပါတယ်။ နောက်ခန်းက ကိုစောမိုးကိုလှမ်းကြည့်တော့ ဒုက္ခသည်စခန်း
ကြီးကို ရီဝေတဲ့မျက်လုံးနဲ့ငေးကြည့်နေလေရဲ့။နောက်ကားက မြောက်ဖက်ကိုဆက်မောင်းလာ
လေ တောတွေထူလာပြီး တောင်ပေါ်ကိုတက်လာနေတယ်လို့လည်း သိနေပါတယ် ကျနော်
လည်းလမ်းဘေးဝဲယာ တလျှောက်မှာရှိတဲ့ ရှု့မျှော်ခင်းတွေကိုငေးကြည့်ရင်း ကျနော်ဇာတိမြေ
ကိုလွမ်းဆွတ်ရပါတယ်။တောကြားကနေ တခါတခါ တောင်ပေါ်ရွာလေးတွေကို ဖြတ်ရတိုင်း
အများသုံး တယ်လီဖုန်းရုံ နိုင်ငံတကာဘီယာ အချိုရည် ရိုးရာ ကွတ်တီယို သင်္ဘောသီးထောင်း
ရောင်းဆိုင်လေးတွေ လှပသေသပ်တဲ့ကျောင်းလေးတွေ အိမ်လေးတွေ နေရောင်ခြည်စွမ်းအင်
သုံးတယ်လီဖုန်း လျှပ်စစ်မီးတောင်မှ အခြားလမ်းပန်းဆက်သွယ်ရေး ခက်တဲ့ လျှပ်စစ်မီးလိုင်း
လက်လှမ်းမမီတဲ့ ရွာလေးတွေကအစသုံးနိုင်နေကြပါတယ်။

အင်ဂျင်အားကောင်းကောင်းနဲ့ တရိပ်ရိပ်ပြေးနေတဲ့ ကားလေးက လမ်းမှာ အခြားထိုင်းနယ်ခြား
စောင့်တပ်ဂိတ်တွေကနေခွင့်ပြုပြီးတဲ့နောက် ခရီးစတင်ပြီး(၂)နာရီခရီးလောက်မှာ ထိုင်းရွာ
လေးတရွာကိုရောက်ပါတယ် ကားလေးက ရွာလေးထဲကိုမောင်းဝင်လိုက်ပြီး ကားဝင်လာထဲက
ရွာထဲက အိမ်အချို့က အမျိုးသမီးများ ကလေးများကို ကားပေါ်မှာပါလာတဲ့ ကေအန်ယူအရာရှိ
က ကရင်ဘာသာစကားနဲ့ အော်ပြောလာပါတယ် ထိုင်းရွာလေးတွေမှာ နေထိုင်နေကြတဲ့ ထိုင်း
နိုင်ငံသားကရင်ရွာသားတွေပါ။ သူတို့စကားပြောပုံဆိုပုံက ကျနော်တို့မြစ်ဝကျွန်းပေါ်ကရင်လူ
မျိုးလေယူလေသိမ်းနဲ့မတူ ထိုင်းလိုပြောနေသလိုလို တကယ်တော့ ထိုင်းဘာသာစကားနဲ့ လေ
ယူလေသိမ်းတူနေတာ။

မြစ်ဝကျွန်းပေါ်မှာနေထိုင်ကြတဲ့ ကရင်လူမျိုးတွေစကားကို ကျနော်အကုန်နားမလည်ပေမဲ့ ဘာ
ကြောင်းပြောနေတယ် ဆိုတာလောက်တော့သိပါတယ် တချို့စကားလုံးတွေကိုလည်း သေသေ
ချာသိနေပါသေးတယ် ထိုင်းမြန်မာနယ်စပ်ဒေသမှာ ပြောကြတဲ့ ကရင်ဘာသာစကားကိုတော့မ
သိတော့ပါဘူး ထိုင်းလိုပြောတယ်တောင်ထင်နေမိပါတယ်။ နောက်အိမ်တအိမ်ရှေ့အရောက်မှာ
တော့ ကားကိုရပ်လိုက်ပါတယ်။ခုနအော်ပြောခဲ့တဲ့အိမ်တွေက လူတွေလိုက်လာကြပြီး ကားပေါ်
ကလူကြုံမှာလိုက်တဲ့ပစ္စည်းတွေ လိုက်လာယူကြတာပါ အမျိုးသမီးတွေ အားလုံး ကရင်ထမီပဲ
ဝတ်ထားကြပါတယ်။

နောက် ကိုစောမိုးကားပေါ်ကဆင်းလာပြီး ကျနော်တို့လမ်းလျှောက်သွားတော့မယ်လို့ ကား
မောင်းတဲ့သူကိုပြောနေပါတယ် ကားဆရာက ကျနော်ရသလောက်လိုက်ပို့ပေးမယ်ဆိုလို့ ကား
ပေါ်ပြန်တက်ပြီး နည်းနည်းဆက်သွားလိုက်တယ်ဆို ကွင်းပြန့်လေးတခုကိုရောက်ပါတယ်။
ကွင်းပြန့်လေးရဲ့အနောက်ဖက်နားက ချောင်းလေးက သောင်းရင်းပါပဲ။ နိုင်ငံခြားသူ(၂)ယောက်
ကတော့ ကေအန်ယူကရင်အရာရှိနဲ့ ပြန်လိုက်သွားပါတယ်။ ကျနော်နဲ့ တပ်ရင်းမှုး ကိုစောမိုးပဲ
ကျန်ခဲ့တာပါ။ ချောင်းကမ်းပါးရောက်တော့ တဖက်ကမ်းက တပ်မဟာ(၇)ဌါနချူပ် ပဲ ကိုချစ်ဖေ
လို့ ကိုစောမိုးကပြောပါတယ်။ နောက်တဖက်ကမ်းက အစောင့်တပ်ဂိတ်ကို ကိုစောမိုးက ကရင်
လိုလှမ်းအော်ပြောလိုက်ပါတယ်။ ဟိုဖက်ကမ်းက ပျောက်ကျားယူနီဖေါင်းဝတ်ထားတဲ့ ကေအန်
ယူတပ်က ရဲဘော်ကလည်း ကိုစောမိုးကို တွေ့လို့ လှေနဲ့ကူးလာပြီးခေါ်တော့မလို့ပါပဲ။

နောက်ကျနော်တို့လှေနဲ့ကူးသွားပြီး ဟိုဖက်ကမ်းရောက်ပါတယ် မြန်မာပြည်ဖက်ခြမ်းကိုရောက်
တာပါ တပ်ဂိတ်လေးရှေ့မှာ ကရင်အလံတော်ကိုထူထားပါတယ် ဂိတ်ထဲကရဲဘော်တွေက ကို
စောမိုးကို လှမ်းနှုတ်ဆက်ကြပါတယ် ကျနော်ကလူစိမ်းအနေနဲ့ပါလာပေမဲ့ ကျနော့်ကို ဘယ်သူ
ကမှ မယုံသင်္ကာတဲ့ အကြည့်နဲ့တောင်မကြည့်ပါဘူး ကိုစောမိုးနဲ့ပါလာလို့လည်းဖြစ်မှာပါ။ကျနော်
စိတ်ထဲမှာလည်း ဒါငါတို့နိုင်ငံတော်ရဲ့မြေ မတရားမှုကို မတရားမှုအဖြစ် သိက္ခာရှိရှိ ရပ်တည်တော်
လှန်နေသူတွေရဲ့ သွေးနဲ့ရင်းထားတဲ့မြေ စစ်အစိုးရအဆက်ဆက်ကို လွတ်လပ်မှုအတွက် တိုက်ပွဲ
ဝင်နေကြသူတွေရဲ့ နေရာဒေသတပ်စခန်း ကျနော်ရောက်ဖူးချင်နေတာကြာခဲ့ပြီ။

ကျနော် ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေမှာ ဒုတိယနှစ်စတက်ချိန် ကရင်ပြည်နယ်ကောကရိတ်
ကနေ စိတ်ပညာအဓိကနဲ့ကျောင်းလာတက်ခဲ့တဲ့ ကရင်ပြည်နယ်ဘောလုံးလက်ရွေးစင် ကျ
နော့်သူငယ်ချင်း စောဖေါဝါး (တောတွင်းတနေရာကျဆုံး) က သူကျောင်းပြီးရင်ကရင်တော်
လှန်ရေးနယ်မြေသို့သွားပြီး ကရင့်တော်လှန်ရေးကို ဆက်လုပ်မယ်လို့ ကျနော့်ကိုတဖွဖွပြောနေ
ကျ ကျနော်နဲ့က စစ်အစိုးရဆန့်ကျင်ရေးစိတ်ဓါတ်တူညီသူတွေမို့ ပြောပြရဲတယ် နောက်သူ
ကျောင်းပိတ်တဲ့အခါ တပ်မဟာ(၇)တပ်မဟာ(၆) နယ်မြေတွေကို သူအမြဲသွားခဲ့ကြောင်း နာ
မည်ကျော် ၀မ်ခ ဖလူး မော်ဖိုးကေ ခံတပ်များအကြောင်း တော်လှန်ရေးထဲက သူတို့ညီအကို
တွေအကြောင်း ပြောပြနေကြ ကျနော်တို့ရဲ့နွေရာသီကျောင်းပိတ်ရက်မှာ သွားချင်ရင် သူလိုက်
ပို့ပေးမည့်အကြောင်းလည်းပြောပါတယ်။ ကျနော်ကလည်းသွားချင်တဲ့အကြောင်းပြောပြခဲ့ဖူး
ပါတယ်။

အဲ့ဒီတုန်းက ကိုစောဖေါဝါးက ကျနော်တို့အဆောင် သထုံဆောင်မှာဘောကန်ကောင်းသူ တဦး
ကွမ်းလေးတမြုံမြုံဝါးလို့ ဂီတာတီးလည်းကောင်းတဲ့သူ သူနဲ့ကျနော်အတူကျောင်းသွား
လို့ပဲဖြစ်ဖြစ် လက်ဖက်ရည်သောက်ထွက်တာပဲဖြစ်ဖြစ် သွားနေတုန်း စစ်သားအပြည့်နဲ့စစ်ကား
တွေ ဖြတ်မောင်းသွားတာမြင်တိုင်း သူအံတကြိတ်ကြိတ် “ဒီကောင်တွေ ကျနော်တို့ပြည်နယ်
တွေကို သွားနှိပ်စက်တော့မဲ့ကောင်တွေ ခုကျတော့ သေသေ၀ပ်ဝပ် သူတော်ကောင်းယောင်
ဆောင်နေတာ ကျနော်တို့ဒေသမှာဆို ဘီလူးသရဲတွေလို ရွာလေးတွေကိုဖျက် မုဒိန်းကျင့်လု
ယှက်ခိုးဆိုးနေတာ ခုတော့သူတို့မဟုတ်တဲ့အတိုင်းပဲဗျာ ခင်ဗျားတို့ ဗမာအခြင်းခြင်းမို့ထင်တယ်
တဲ့” ကျနော်ကလည်း “မဟုတ်ပါဘူး ကိုစောဖေါဝါး သူတို့အထက်အမိန့်မရသေးတာ ရရင် က
ရင်ရယ် ဗမာရယ်မခွဲပါဘူး လုပ်ကြမှာပါ ဟိုတုန်းက သူတို့ စစ်အစိုးရတက်လာချိန်က ဗမာ
ကျောင်းသားတွေကို ဗမာအများစုကျောင်းသားတွေကို ဒီရန်ကုန်တက္ကသိုလ်လိုနေရာတွေမှာ
တောင် မြို့လယ်ခေါင် သတ်ဖြတ်ခဲ့သေးတာပဲဗျာ” ဆိုတော့ သူက ဟုတ်ပါတယ်တဲ့။

အဲ့ဒီတုန်းက ကျနော်ကလည်း ကျနော်စိတ်ကူးနဲ့ကျနော် တော်လှန်ရေးနယ်မြေတွေကိုရောက်
ဖူးချင်နေခဲ့တာ အရှေ့မြောက်ဒေသမှာရှိတဲ့ ကျနော်တို့ရဲဘော်တွေရဲ့ နယ်မြေကို ကိုယ်တိုင်
သွားချင်နေခဲ့တာ သို့သော်လည်း အဲ့ဒီနှစ်(၁၉၈၈)ခုနှစ် နွေရာသီကျောင်းပိတ်ရက်ရောက်ခါနီး
မှာ ကိုဘုန်းမော်အရင်းအခင်းကဖြစ်လာပြီး သူနဲ့ ကျနော်ကွဲသွားပါတယ်။နောက်သူ(၁၉၈၈)ခု
ရှစ်လေးလုံးအရေးအခင်းမတိုင်ခင် သူတောခိုသွားခဲ့ပါတယ်။နောက်သူကျဆုံးသွားပြီး(၁၅)နှစ်
ကျော်ကျော်မှာမှ ကျနော် တပ်မဟာ(၇)ဌါနချူပ်ကိုရောက်ဖူးပါတယ်။ တကယ်လို့များသူသာ
သက်ရှိထင်ရှားလည်းရှိမယ် တပ်မဟာ(၇)မှာ တာဝန်ထမ်းဆောင်နေဆဲဆိုရင် ကျနော်ကိုတွေ့
ရင် ၀မ်းသာမှာပါ လှိုက်လှဲနွေးထွေးစွာကြိုမှာပါ။ ကျောင်းတုန်းကအကြောင်းတွေ ရှေးဟောင်း
နှောင်းဖြစ်တွေပြောရင်း မိုးအလင်းစကားပြောမိကြမလားပါပဲ။

ခုတော့ ကျနော့်သူငယ်ချင်းရဲ့ ရဲဘော်တွေ သေဖေါ်သေဖက်တွေ ယုံကြည်ချက်တူသူတွေရဲ့မြေ
ကို ကျနော်ရောက်ခဲ့ပါပြီ ကျနော့်သူငယ်ချင်းကတော့ မရှိတော့ပါ သူ့ရဲဘော်တွေ သူ့ခေါင်း
ဆောင်တွေ ကိုပဲ ကျနော်တွေ့ဆုံရတော့မှာပါ။ ကိုစောမိုးက ကျနော့်ကို အဆောက်အဦလေး
တခုရှေ့အရောက်မှာ ကိုချစ်ဖေ ဒါကျနော်တို့ တပ်မဟာဆေးရုံပါတဲ့ ဆေးရုံအဆောက်အဦး
လေးထဲခေါ်သွားပါတယ်။ဖျားနေတဲ့ ရဲဘော်တချို့ နဲ့ အနားယူနေရပုံရတဲ့ရဲဘော်တချို့ကိုလည်း
တွေ့ပါတယ်။

နောက်တော့ ကျနော်ကို “ဟိုရှေ့က တဲလေးက ကျနော်တို့တပ်ရင်းရုံးပါ” တဲ့ ကျနော်တို့လည်း
ရုံးထဲရောက်တော့ သူပုန်ကဗျာဆရာကိုပေါက်(ကမာပုလဲ)က ထွက်ကြိုပါတယ်။ရောက်ရောက်
ခြင်းကိုစောမိုးက မိတ်ဆက်ပေးပါတယ် ယာယီတည်ဆောက်ထားပုံရတဲ့ အတော်အတန်ကြီး
မားတဲ့ တဲလေးထဲမှာ လက်နက်ငယ်မျိုးစုံ ဆက်သွယ်ရေးစက် စာအုပ်တော်တော်အိပ်ယာစား
အိုးစားခွက်တချို့ အားလုံးစုပြုံနေပါတယ် နောက်ကိုပေါက်က “တွေ့ရတာဝမ်းသာတယ်ဗျာ ကျ
နော်လည်း ဒီညနေချမလို့ဗျ ကရင်ရဲဘော်တွေနဲ့ချိန်းထားတယ် သူတို့လာကြပါမယ်” ကိုချစ်ဖေ
ရော နည်းနည်းပါးပါးချတယ်မှလားတဲ့ ကျနော်ကလည်းရောက်ရောက်ချင်းပါပဲ နောက်ချင်နေ
တာနဲ့ “ဟာ..အရက်တွေဘာတွေလား ကျနော်မသောက်တတ်ပါဘူး.မလုပ်ပါနဲ့နေပါစေဗျာ”လို့
ပြောရော ကိုစောမိုးက ရယ်လိုက်တာတအား သူကနဂိုကတည်းက အရယ်သန်တဲ့သူ ပြီးတော့
မှ ကျနော်က “ကိုပေါက်ရယ် မသောက်စရာလား မတွေ့ရင်တွေ့အောင်ရှာပြီးတော့သောက်ရမဲ့
အရာဟာ” လို့ပြောတော့မှ ကိုပေါက်က ရယ်တယ် ရောက်ပြီးသိပ်မကြာဘူး ကရင်ရဲဘော်တွေ
(၂)ယောက် ပလပ်စတစ်ထုတ် သုံးထုတ်နဲ့ရောက်လာတယ် တောအရက်စစ်စစ် တကူးတက ရွာ
ထဲကူးပြီး သွားဝယ်လာခဲ့တာ။

ကျနော်နဲ့ ကိုစောမိုးကိုတွေ့ကြတော့နူတ်ဆက်တယ် “ကျနော်တို့ မသိဘူးဗျာ တပ်ရင်းမှုးတို့
ရောက်လာမှာကို သိရင်များများဆွဲလာပါတယ်တဲ” ကိုစောမိုးကလည်း ရပါတယ်ဗျာ ကျနော်
တို့စခန်းရောက်မှ ချတော့မယ်တဲ့ ကိုပေါက်ကတော့ ကျနော်လိုက်လာခဲ့မယ် ရင်းမှုးလို့ ကိုစော
မိုးကိုပြောပြီး ကျနော်တို့ (၂)ယောက် လာလမ်းအတိုင်းအားလုံးကို နှုတ်ဆက်ပြန်လာခဲ့ပြီး လေ
ှဆိပ်ကလေးကနေ တည့်တည့်လာရတဲ့လမ်းလေးအရောက် ညာဖက်ကိုကွေ့သွားရပြီး ကွင်းငယ်
လေးတခုဘေးက ဖြတ်သွားရပါတယ်။အဲ့ဒီကွင်းငယ်လေးထဲမှာ ဆောက်ထားခြေတံရှည်အိမ်တ
လုံးဘေးကနေဖြတ်သွားရပါတယ်။ အဲ့ဒီအိမ်ခေါင်းရင်းက ဖြတ်သွားရတာပါ အဲ့ဒီလိုဖြတ်အ
သွား တပ်ရင်းမှုးက ကျနော်ကိုပြောပါတယ် “ကိုချစ်ဖေ တပ်မဟာမှုးဗိုလ်ချူပ်ထိန်မောင်ကို သိ
တယ်မှလား ကျနော်တို့ မြစ်ဝကျွန်းပေါ်ဇာတိပဲ” ကျနော်က “ကြားတော့ကြားဖူးတာပေါ့ ကို
စောမိုးရယ် ကျနော်နဲ့ ဘယ်သိပါ့မလဲ” လို့ပြောတော့ ကိုစောမိုးက “ခုလူတွေရှုပ်နေတယ်ဗျ အ
ပြန်ကျမှ အဖိုးဆီဝင်လည်မယ် အဲ့ဒါ ဗိုလ်ချူပ်ထိန်မောင်ရဲ့ အိမ်ပဲတဲ့” ကျနော်တို့လည်းဆက်
လျှောက်လာတာပေါ့ဗျာ

အဲ့ဒီကွင်းလေးကိုကျော်တယ်ဆိုရင်ပဲ လမ်းကပိုမြင့်လာပါတယ် ကျဉ်းလည်းကျဉ်းလာပါတယ်
“ကျနော်တို့ရဲဘော်တွေက ဒီတပ်မဟာ(၇)ရဲ့ ကာကင်းကုန်းနေရာကို ယူထားတာ တကယ်လို့
ရန်သူတက်လာရင် ကျနော်တို့နဲ့အရင်ထိတွေ့မှာပေါ့ဗျာ ကျနော်ရဲဘော်တွေအမြဲသတိဝီရိယ
နဲ့နေဖို့ အလစ်အငိုက်မခံရဖို့ အမြဲပြောနေရတယ် ရန်သူစခန်းနဲ့ကလည်းသိပ်မဝေးလှဘူးဗျ။
မနက်ကျရင် ကျနော်ပြမယ် လှမ်းမြင်နေရတယ်” လို့ ကိုစောမိုးကပြောပါတယ်။

နောက်ရှေမှာရှိတဲ့လှိုလေးထဲဆင်းလိုက်တယ်ဆိုတာနဲ့ စစ်ယူနီဖေါင်းဝတ် ရဲဘော်သုံးယောက်
ကို သေနတ်တွေလွယ်လျှက် ၀မ်းသာအားရတွေ့လိုက်ရပါတယ် သူတို့က ကျနော်တို့ကိုမြင်
တယ်ဆို သူတိုသေနတ်တွေကိုလွယ်လိုက်ပြီး ပြေးလာကြတာပါ သူတို့ထဲက တယောက်က
“တပ်ရင်းမှုးတို့ရောက်နေပြီဆိုလို့ ကျနော်တို့လာကြိုတာ အိပ်တွေပေး ဟိုဖက်ကအကိုရောကျ
နော်တိုအိပ်တွေသယ်ပေးမယ်” ပြောပါတယ် ကျနော်ကတော့အခြားအပို အကျီတထည်သာပါ
တာမို့ သယ်ဖို့မလိုတော့တာမို့ ကိုစောမိုးအိပ်ကို အတင်းလုသယ်ကြပါတယ်။ အကိုကြီးကိုပြန်
တွေ့ကြရလို့ဝမ်းသာနေကြတဲ့ပုံ တော်လှန်ရေးနယ်မြေမှာ ရဲဘော်တွေနဲ့ တပ်မှုးနဲ့ အပြန်လေး
စားချစ်ကြည်နေခဲ့ကြတာ ကျနော်ခုမှပဲတွေ့ဘူးပါတယ်။ ရဲဘော်အများစုက ကျနော်တို့နဲ့အ
သက်ကွာပါတယ်။

ကိုစောမိုးကတော့နောက်ကနေ့ တဖြေးဖြေးမြင့်သွားတဲ့တောင်ကုန်းပေါ်ကို ပြုံးပြုံး ပြုံးပြုံးနဲ့သွား
နေပါတယ် ကျနော်ကိုလည်း လှမ်းလှမ်းမေးပါတယ် ကိုချစ်ဖေရလား တဲ့ ကျနော်က ဧည့်သည်
ပါ တခါတလေမှ ခုလိုတောထဲလမ်းလျှောက်ရတာ သူတို့က အမြဲတမ်းလူမနီးသူမနီး တောထဲ
ကင်းစောင့်ရ တိုက်နေကြရတာပါ တော်ရုံစိတ်ဓါတ်မကြံ့ခိုင်ပဲနဲ့ မနေနိုင်ပါဘူး ရဲဘော်လေးတ
ယောက်က ကျနော့်ကို အကိုလမ်းဘေးကို ရုတ်တရက်မဆင်းနဲ့နော်တဲ့ မိုင်းတွေရှိတယ်တဲ့ ကျ
နော်ကတော့ ဘယ်နားမှာလဲမိုင်းလို့ လိုက်ရှာနေမိသေးတယ် တကယ်ရှိတဲ့မိုင်းကို လူမြင်သူ
မြင် ဘယ်ထောင်ကျမှာလဲ ကျနော့်ဘာသာပြန်တွေးပြီးပြုံးရသေးတယ်။သူတို့တွေကတော့သူ
သူတို့တပ်မှုးနဲ့ စခန်းထဲကအကြောင်းတွေ ပြောလာကြပါတယ် ဆဲဗင်းဂျူလ်လိုင်အထိမ်းအမှတ်
အနေနဲ့ ဒီကေဘီအေ တပ်စခန်းတခုကို ပြီးခဲ့တဲ့ တပါတ်ကျော်ကျော်လေးတုန်းက သွားဆော်
လာကြတဲ့အတွေ့အကြုံတွေလည်းပြောနေပါတယ်။ အဲဒီပွဲမှာ သူတို့သေနတ်(၇)လက်ရလာတဲ့
အကြောင်းနောက်ပြန်အဆုတ်မှာ ပိုင်ပိုင်နိုင်နိုင်လက်နက်ကြီးနဲ့ ပစ်နိုင်ခဲ့တဲ့အကြောင်း ကိုယ့်ဖက်
ကလည်း ကေအန်ယူ ဆေးမှုးတယောက် စခန်ပြန်ရောက်အောင်ခေါ်လာနိုင်ပြီးမှ ဆုံးသွားတ
ဲ့အကြောင်းကို ကိုစောမိုးကို ပြောနေပါတယ်။

Read more...

Thursday, October 15, 2009

အဖိုးနဲ့အဖွားကျနော် ပြီးတော့ ဂျပန်တော်လှန်ရေး

အဖိုးနဲ့အဖွားကျနော် ပြီးတော့ ဂျပန်တော်လှန်ရေး

အဖိုးနဲ့အဖွားကိုကျနော်မှတ်မိတဲ့အရွယ်က ငယ်ငယ်လေးထဲကပါပဲ အဖိုးက အရပ်ရှည်ရှည်
အသားလတ်လတ်ထောင်ထောင်မောင်းမောင်း အဖွားက ဖြူဖြူသေးသေးသွယ်သွယ်လေး
အဖိုးနဲ့အဖွားက ခေါင်းတလုံးစာလောက်အရပ်ကကွာတယ် အဖိုးက(၆)ပေနီးနီး အဖွားက(၅)
ပေလောက်အဲ့ဒီတုန်းက အဖိုးနဲ့အဖွားရဲ့အသက်တွေကို ကျနော်မခန့်မှန်းတတ်သေးပေမဲ့ အဖိုး
ကို ကျနော်ကဘဘ အဖွားကို ဖွားဖွားလို့ပဲခေါ်ခဲ့ပါတယ် ခုနောက်ပိုင်းအသက်တွေပြန်တွက်
ကြည့်တော့ကျနော်ကို မွေးတဲ့အချိန် အဖိုးကအသက်(၅၀) အဖွားက(၄၅)လောက်တော့ရှိပါပြီ။

ကျနော်အဖိုးနဲ့အဖွားဆိုပေမဲ့ အဖိုးအဖွားတွေအရင်းတွေလိုပဲ ကျနော်ချစ်ရသူတွေပါ။ အဖိုးသခင်
ဦးအုန်းသွင်ကို ကျနော်အဘအရင်း ဘဘဦးဘငြိမ်းထက်တောင်ပိုမည်ထင်ပါတယ်။ငယ်ငယ်က
အဘဦးဘငြိမ်း(အဖေ့အဖေ)က မင်းဘဘဦးအုန်းသွင်နဲ့ ငါနဲ့ ဘယ်သူ့ပိုချစ်လည်းဆို ကျနော်
ကမညာတတ်တော့ ဘဘဦးအုန်းသွင်လို့ပဲအမြဲပြောခဲ့တာပါ။အဖိုးကလည်းတဟားဟားပါပဲ။
ဘာလို့ရီတယ်ဆိုတာတော့ကျနော်လည်း နားမလည်ပါ။ကျနော်ညာမပြောတတ်တာကို သ
ဘောကျတာပဲဖြစ်မှာပါ။ အဲ့ဒီတုန်းက ကျနော်အဖိုးအရင်းကငွေကြေးပြေလည်သူပါ။ အဖိုးသ
ခင်အုန်းသွင်ကတော့ မူလတန်းကျောင်းအုပ်ကလေးပါ။ အဘဦးဘငြိမ်းတို့က အဘဦးအုန်း
သွင်ကို အကိုကြီးတယောက်လို လေးစားခဲ့တာပါ ရုံးကိစ္စ စာရွက်စာတန်းကိစ္စ အစိုးရနဲ့ပတ်
သက်တဲ့ အလုပ်နဲ့ပတ်သက်တာ စာရင်းဇယားပုံစံကအစ ဘဘဦးအုန်းသွင်ကလုပ်ပေးနေကြ။
အဘဦးဘငြိမ်းတို့က ဘုန်းကြီးကျောင်းထွက် တောမှာငွေကြေးပြေလည်ပြီးမြို့ပေါ်ရောက်လာ
သူတွေပါ။ကျနော်အသက်တော်တော်ကြီးတဲ့အထိ အဖွားဒေါ်သိန်းရွှေကိုလည်း ကျနော်အဘ
ရင်းတွေက အသက်ခြင်းမကွာပေမဲ့ မိဘလို အမကြီးလိုစောင့်ရှောက်ခဲ့ကြတာပါ။

ကျနော့်ကို အဲ့ဒီအဖိုးဦးအုန်းသွင်နဲ့အဖွားဒေါ်သိန်းရွှေတို့အိမ်မှာမွေးခဲ့တာပါ။ကျနော်တို့မြို့ရဲ့
တောင်ဖက် အိမ်ခြံကျယ်ကျယ်ဝန်းဝန်း ပင်စင်စားတွေနေတဲ့ရပ်ကွက်မှာပါ။ ခြေတံရှည်အိမ်
တွေဆောက်ကျတယ် အဖိုးနဲ့အဖွားလည်း လွတ်လပ်ရေးရပြီးထဲက အဲ့ဒီအိမ်မှာတောကနေ
ပြောင်းလာပြီးနေခဲ့ကြတာ အဖိုးကမူလတန်းကျောင်းမှာ ကျောင်းဆရာလုပ်တယ် သတင်း
ထောက်အလုပ်လည်းလုပ်တယ် အဖွားကတော့တောသူဌေးသမီး သူကြီးသမီးလယ်တွေလည်း
အကုန်ရောင်းချခွဲဝေပေးခဲ့ပြီး မြို့မှာသားတွေသမီးတွေနဲ့လာနေတာသားသမီးတွေကျောင်း
လည်းထားရင်းပေါ့ အဖိုးနဲ့အဖွားနဲ့အတူ သား(၁)ယောက် သမီး(၄)ယောက် အဖွားနဲ့အဖိုးက
သားမမီးမရကြပါဘူး သားသမီးမရတော့ အဖွားရဲ့မောင် မုဆိုးဖိုရဲ့ကလေးတွေ အကုန်လုံးကို
မွေးစားထားတာပါအားလုံးက မေမေ ဖေဖေပဲခေါ်ကြပါတယ် အဖွားရဲ့မောင်ကတော့ နောက်
အိမ်ထောင်လည်းမပြုတော့ပါ။ အဲ့ဒီအိမ်မှာအဖွားရဲ့အမေ အမေ့ရဲ့ညီမအရင်း အပျိုကြီး ဒွေး
လေးကြီးလည်းအတူနေကြပါတယ်။အဖွားရဲ့ အဒေါ်အရင်းပါ။

အမေနဲ့အဖေအိမ်ထောင်ကျစက နှစ်ဖက်စလုံးက သဘောမတဲ့အချိန်မှာ အဘနဲ့အဖွားက အ
ဖေနဲ့အမေကို လာခေါ်ပြီးအိမ်မှာထားစောင့်ရှောက်ထားတာပါ နောက်မေမေကလည်း အိမ်
ထောင်ကျပြီး တနှစ်မှာကျနော့်ကိုမွေးတော့ ကျနော်က အဲ့ဒီအဖိုးအဖွား ဦးလေးအဒေါ်အမတွေ
လက်ထဲကြီးရတာပါ အားလုံးက၀ိုင်းထိမ်းကြတာပါ ကျနော်တို့မိသားစုက အဖိုးအဖွားတွေ အား
လုံးကွယ်လွန်ပြီးမှပဲ သီတင်းကျွတ်ကန်တော့တာကိုရပ်လိုက်တာပါ။အဖိုးနာမည်က မော်ကျွန်း
သခင်ဦးအုန်းသွင်တဲ့ အဖွားက ဒေါ်သိန်းရွှေပါ အဖိုးနဲ့အဖွားရဲ့ချစ်ဇတ်လမ်းကို အဖွားက ခဏခ
ဏဂုဏ်ယူစွာနဲ့ပြောပြတတ်ပါတယ်။

အဖွားက သူကြီးသမီး တောသူဌေးသမီး အဖိုးကတကောင်ကြွက် ဆွေမရှိမျိုးမရှိ ဘုန်းကြီးက
မွေးစားပြီး အဖိုးကိုကျောင်းထားပေးခဲ့တာ အဖိုးကို ရွာဦးကျောင်းဆရာတော်က ပြုစုစောင့်
လျှောက်ခဲ့ရတာပါ အဖိုးက အဲ့ဒီခေတ်က အင်္ဂလိပ်မြန်မာ(၁၀)တန်းအောင်ပါတယ်။မြို့မှာ
ကျောင်းတက်နေရင်းနဲ့ ဒို့ဗမာအစည်းအရုံးနဲ့ ဆက်သွယ်မိပြီး သခင်ဖြစ်လာတာပါ အဲ့ဒီခေတ်
တုန်းက သခင် ဆိုတာ အင်္ဂလိပ်နေမ၀င်အင်ပါယာကို အန်တုတဲ့ ကိုယ်ပိုင်လွတ်လပ်ရေးရချင်
တဲ့လူငယ်တွေ မျိုးချစ်မြန်မာလူငယ်တွေဝင်ကြတာပါ ခုလိုလွတ်လပ်ရေးကြီးကို ဗိုလ်ချူပ်
အောင်ဆန်းတို့နဲ့အတူ ရယူခဲ့သူတွေရယ်လို့ အထင်ကြီးလေးစားခံကြရတာမဟုတ်ပါဘူး။

“သခင်ပေါက်စထောင်ခြောက်လ အမေကမွေးထောင်ကကျွေး” ထောင်စော်နံသူတွေရယ်လို့
အနာဂါတ်ကိုပစ်ပြီး “ကိုယ့်ထမင်းကိုယ်စား ဂျီးဒေါ်နွားကျောင်း” သူတွေရယ်လို့ အထင်ခံကြရ
သူတွေပါ။

တော်ရုံတန်ရုံမိန်းကလေးရှင်တွေက သမီးတွေနဲ့သဘောဘယ်တူပါ့မလဲဗျာ ဒါမေမဲ့ အဖွားက
အဖိုးကိုချစ်ပါတယ် အဖွားကို အဲ့ဒီခေတ်က ဘီအေအောင်တဲ့မြို့အုပ်မင်းတို့ နယ်ပိုင်တို့က ရွာ
တွေကိုလှည့်တိုင်း လူပျိုတွေဆို အဖွားကို သဘောကျကြတာပဲတဲ့ အဖွားကလည်း ဖြူဖြူသေး
သေးချောချောလေး ထက်ကလည်းထက်တယ် အဲ့ဒီခေတ်က(ရ)တန်းထိကျောင်းလည်းနေဘူး
တယ်လေ အဲ့ဒီတုန်းက မြို့အုပ်တို့ နယ်ပိုင်တို့ အရေးပိုင်တို့ကို မြန်မာပြည်သူတွေက ဘုရားထူး
ကြရတဲ့ခေတ်ပါ တနေ့တော့ လူပျိုမြို့အုပ်တယောက်က အဖွားအဖေသူကြီးကို အခြားရွာက
သြဇာရှိတဲ့ တိုက်နယ်သူကြီးတယောက်နဲ့လာနားဖေါက်သတဲ့ အဖွားကလည်းတခါထဲဗြောင်ပဲ
ပြောလိုက်တယ်တဲ့ “အင်္ဂလိပ်နား အခစားနေရတဲ့ မြို့အုပ်ကတော်တော့မလုပ်ချင်ပါဘူး နောက်
မြို့အုပ်ကလည်း ခွေးပစ်တဲ့ဒုတ်လောက်ပဲရှိတာ” လို့ နားလာဖေါက်တဲ့ လာကြောင်းလမ်းတဲ့သူ
ကြီးကို တခါထဲပြောလွှတ်လိုက်တာတဲ့။

အဖွားကသူများသာပြောတာ သူကလည်း(၅)ပေလောက်လေးဗျ ကျနော်ထင်တာတော့တခါ
ထည်းပြတ်အောင်ပြောလိုက်တာဖြစ်မယ် အဖိုးက အဲ့ဒီတုန်းက သခင်ပေါက်စ နောက်အဖိုးနဲ့
ချစ်ပြီး မိဘတွေသဘောတူလို့ ယူလိုက်ကြတာတဲ့ သဘောမတူလည်း ငါက နင့်အဖိုးနောက်
လိုက်မှာတဲ့ အဲ့လိုမျိုးအဖွားက သူတို့အိမ်ထောင်ကျတော့ ဒုတိယကမ္ဘာစစ်ကြီးကစနေပြီ အဖိုး
ကလည်းသူ့နိုင်ငံရေးအလုပ်တွေနဲ့ရှုပ်နေတာ အိမ်မှာကိုမနေရဘူးတဲ့ ဒါပေမဲ့အဖွားကသူလည်း
အင်္ဂလိပ်အုပ်ချူပ်တာကို မကြိုက်တဲ့သူဆိုတော့ အဖိုးလုပ်သမျှ သဘောကျနေတာလည်း ဖြစ်
နိုင်တယ်နောက် ဂျပန်ခေတ်မှာ ဂျပန်အကြိုက် အာရှလူငယ်အစည်းအရုံးတွေဖွဲ့တော့ အဖွားက
တက်တက်ကြွကြွဝင်ပါတယ်။

အဖိုးတို့က အင်္ဂလိပ်ကို ဂျပန်နဲ့ပေါင်းမတိုက်ခင်ထဲက ဒို့ဗမာအစည်းအရုံးက အားကိုးရတဲ့သ
ခင်လူငယ်တွေဆိုတော့ ဂျပန်ကိုလည်းပြန်ချရမယ်ဆိုတာ သိထားတယ် အဲ့ဒီအချိန်မှာအဖွား
ကို ဂျပန်ကဖွဲ့ပေးတဲ့ အာရှလူငယ်အစည်းအရုံး ၀တ်စုံကိုခြုံခိုင်းထားခဲ့တာပါ ကျနော်တို့နယ်မှာ
ဂျပန်တော်လှန်ရေးတွေစခါနီး ဂျပန်သတင်းပေးတွေကသတင်းပေးခဲ့လို့ ဂျပန်ကလက်ဦးသွား
ပြီး အသတ်ခံခဲ့ရတဲ့ သခင်လူငယ်တွေနဲ့ အာရှလူငယ်အစည်းအရုံးက လူငယ်(၄၂)ဦးရှိပါတယ်
သူတို့အားလုံးကို ဂျပန်ပြေးခါနီးမှာ မြို့စွန်တနေရာမှာရှိတဲ့ ရေတွင်းတခုထဲကို ဓါးနဲ့ခုတ်ချပြီးဂျ
ပန်က သတ်ခဲ့တာပါ အဲ့ဒီနေရာကနေ နောက်တချိန် ပြန်တူးဖေါ်ပြီး လွတ်လပ်ရေးကျောက်
တိုင်အနီးလမ်းဆုံမှာ အာဇာနည်ကျောက်တိုင် လို့စိုက်ထူထားပါတယ်။ အရိုးတွေတူးဖေါ်ရခဲ့တဲ့
နေရာလေးက နောက်ဘုန်းကြီးကျောင်းဖြစ်လာတော့ အာဇာနည်ကျောင်းလို့ ခေါ်ပါတယ်။

အာဇာနည်ဆိုတာ အခေါ်ခံချင်တိုင်းတော့အာဇာနည်မဖြစ်ပါဘူး အာဇာနည်တွေကိုလည်း
ဖြောက်ပစ်လို့မရပါဘူး အများပြည်သူအတွက် အသက်စွန့်ရဲတဲ့ အသက်စွန့်ခဲ့တဲ့သူတွေကိုအ
များပြည်သူကလည်း ဘယ်တော့မှမမေ့နိုင်ပါဘူး။အဖိုးတို့ အဖွားတို့က ဂျပန့်လက်နက်နဲ့ ဂျပန့်
စစ်ပညာနဲ့ ဂျပန်ကိုလည်းပြန်ချရမယ်ဆိုတာ ကြိုတင်တွေးထားတော့ပြင်ဆင်ကြတယ်။အစည်း
အဝေးတွေ အကြောင်းပြချက်အမျိုးမျိုးနဲ့ တိုးတိုးတိတ်တိတ်လုပ်ခဲ့တယ် ဂျပန်ကိုချမဲ့နိုင်ငံရေး
ခေါင်းဆောင် စစ်ရေးခေါင်းဆောင်တွေစုကြတယ် လက်နက် လူ နည်းစနစ် စစ်ပညာ အကုန်စု
ဆောင်းပြင်ဆင်ကြတာလေ တဖက်ကလည်းအဖွားတို့အဖိုးတို့က ဂျပန်နဲ့ရင်းနှီးယောင်ဆောင်
ရသေးတယ် ဂျပန်ကို နှစ်သက်ကြောင်းဖေါ်ပြပြီး တဖက်က ဂျပန်ကို တိုက်ဖို့ပြင်ရတာ။စစ်အ
တွေ့အကြုံကလည်းနည်းသေးတယ်။

ဒါပေမဲ့ လုပ်ကြရတာပါပဲ။ အများအရေးမို့ ဓါးသွေးကြရတာပေါ့ ဗိုလ်ချူပ်အောင်ဆန်းက စစ်
နာပတိ သခင်သန်းထွန်းက လယ်ယာဝန်ကြီး တပ်မတော်ပိုင်း သခင်လူငယ်ပိုင်း နိုင်ငံရေးသ
မားကြီးတွေအပိုင်း အကုန်ခွဲနေကြပေမဲ့ ဂျပန်ကို ပြန်တိုက်ရမယ်ဆိုတာကတော့တူကြတယ်။
အောက်ခြေပိုင်းရော လူကြီးတွေရောပြင်ဆင်ကြတယ်။အဲ့ဒီအချိန်မှာ ဂျပန်ကို အယုံသွင်းထား
ကြတာပေါ့။ သို့သော်လည်း ကျနော်တို့ဗမာတွေက သိတဲ့အတိုင်း ဘယ်လောက်အယုံသွင်း
သွင်း တကယ့်စေတနာလေးပါ ပါတာလေဗျာ ဥပမာ ဂျပန်နဲ့မလွဲသာမရှောင်သာ အယုံသွင်း
ဆက်ဆံရသော်လည်း ကောင်းကောင်းလေး ချက်ပြုတ်ကျွေးတာမျိုးဗျာ ကုသိုလ်ရတယ်လို့ကို
မြင်ကြတာဗျ။

အဲ့ဒီလိုနဲ့ အဖွားတို့ ကလည်းကိုယ့်နယ်ကို လာလာလှည့်ရတဲ့ ဂျပန်စစ်တပ်က ဗိုလ်မှုးတ
ယောက်နဲ့ ခင်မင်သွားတယ်တဲ့ အဲ့ဒီဗိုလ်မှုးက အဖိုးဆီကိုလာတိုင်း တယောလေးယူလာတယ်
သူ့မိသားစုဓါတ်ပုံလေး ထုတ်ထုတ်ပြတယ် သူက စစ်မဖြစ်မီက တက္ကသိုလ်တခုက ကထိကတဲ့
စစ်ဖြစ်တော့ စစ်ထဲကိုလိုက်လာရတာတဲ့ သူစစ်မတိုက်ချင်ဘူး နောက်သူမူးရင်တယောလေး
ထိုးပြီးတိုင်းလဲ သူမိသားစုအကြောင်းပြောလိုက် စစ်မြန်မြန်ပြီးပါစေပဲဆုတောင်းတဲ့အကြောင်း
လည်းပြောပါတယ်တဲ့ လူကလည်း လူပုံကျ ဥပဓိရုပ်ကောင်းကောင်းတဲ့။

အဖိုးကော အဖွားကော သူ့ကို ပုဂ္ဂိုလ်ရေးအရ ခင်မင်သလို သူကလည်းခင်မင်ပါတယ်တဲ့ ဒါ
ပေမဲ့ လူမျိုးစုတစုလုံးအတွက် နိုင်ငံအတွက်လုပ်ကြရတော့ အဲ့ဒီခင်မင်မှုတွေကို ဘေးချထားရ
တာ အဖိုးနဲ့အဖွားက လွတ်လပ်ရေးရပြီးထဲက နောက်ပိုင်းနိုင်ငံရေးမလုပ်ဖြစ်တာလည်း အဲ့ဒီအ
ကြောင်းတချက်ပါမယ်ထင်တယ်။ နိုင်ငံရေးမှာက ပုဂ္ဂိုလ်ရေးထားလို့မှမရကြတာလေ။ ဒါ
တောင်အဖိုးနဲ့အဖွားက ရပ်ရေးရွာရေးမှာရှေ့ကပါ အဖွားဆို သူကိုယ်တိုင်သခိုးဖမ်းခဲ့လို့ လွတ်
လပ်ရေးရပြီးခေတ်မှာ ဆုတံဆိပ်လက်မှတ်မြို့နယ်အုပ်ချူပ်ရေးအဖွဲ့က ပေးခဲ့ရသေးတယ်တဲ့။

နောက်ကျနော်တို့ အထက်တန်းအရွယ်ထိ အဖွားက စက်ဘီးစီးနေတုန်း သူတို့ခေတ်က စက်
ဘီးဆိုတာ ယောက်ကျားတွေပဲစီးရမယ် ထင်နေတဲ့ခေတ် အဖွားက စက်ဘီးကို မြို့ရောက်ထဲက
စီးတာ အသက်(၇၀)ကျော်မှ ကျနော်အဖိုးအရင်းက မူးလည်းကျမှာစိုးလို့တောင်းပန်လို့ ရပ်
လိုက်တာ။ ကျနော့်အဖိုးအရင်းနဲ့ အဖွားနဲ့က(၂)နှစ်ကြီး (၂)နှစ်ငယ် ကျနော့်အဖိုးကငယ်ပါ
တယ် သီတင်းကျွတ်မှာ အဖွားဒေါ်သိန်းရွှေကို ထိုင်ကန်တော့ရင်းတောင်းပန်တာပါ။ ငယ်ငယ်
ထဲက အမေလိုအမကြီးလိုနေခဲ့ကြသူတွေပါ။အဖွားကအသက်(၆၀)ကျော်(၇၀)ထိ ကျနော်တို့
မြို့မှာမီးလောင်တယ်ဆို အဖွားကရောက်သွားပြီ ကမန်းကတမ်းပြေးလာတဲ့ သူတွေကို နေရာချ
ညွန်ကြားပေး ကူညီပေးနိုင်သလောက်ပေးပါတယ်။

ဗမာပြည်အထက်ပိုင်းကို ဗိုလ်မှုးကြီးဗထူးတို့က စတော်လှန်ချိန် ရခိုင်ဖက်က ရခိုင်တိုင်းရင်း
သားခေါင်းဆောင်တွေကလည်း စတော်လှန်လာတဲ့အချိန် ဂျပန်ကလည်းနီးစပ်ရာ သခင်ခေါင်း
ဆောင်တွေ အာရှလူငယ်ခေါင်းဆောင်တွေကို ဖမ်းကြတဲ့အချိန် အဖိုးတို့ကလည်းရှောင်နေကြ
ရတယ် နောက်ပြီး သူတို့တော်လှန်ရေးစမဲ့ မတ်လ(၂၇)ရက်နေ့ကိုလည်း စောင့်နေကြရတဲ့အ
ချိန်ပေါ့ သူတို့စုဆောင်းထားတဲ့ လက်နက်တွေ လူတွေအားလုံးအသင့်ဖြစ်ကုန်ကြပီ။

အဲ့ဒီရက်တနေ့ ညနေဖက်မှာ အဲ့ဒီဂျပန်ဗိုလ်မှုးက ရွာကိုနောက်လိုက်စစ်သား(၂)ယောက်နဲ့သ
င်္ဘောငယ်လေးနဲ့ ရောက်လာပါတယ် အရေးလဲအတော်ကြီးတဲ့ပုံပါပဲ သူ့အစောင့်စစ်သား(၂)
ယောက်ကို ခြံဝမှာထားခဲ့ပြီး အဖွားတို့အိမ်ထဲကိုဝင်လာပါတယ်။ အဖွားကလည်း အဆင်သင့်
စောင့်နေတာပါ အဖိုးကိုလာဖမ်းတော့မယ်ဆိုတာကို ဒါပေမဲ့ထူးဆန်းတာက အဲ့ဒီဗိုလ်မှုးရယ်သူ့
စစ်သား(၂)ယောက်ရယ်ပဲ လာတော့ ထူးဆန်းနေတယ်။

အဲ့ဒီဗိုလ်မှုးက အိမ်ထဲရောက်ရောက်ခြင်းပဲပြောတယ် “ဒေါ်သိန်းရွှေ သခင်အုန်းသွင်ကို ဒီည
ဆက်ဆက်သွားပြောပေးပါ။ ကျနော်တို့ အဲ့ဒီရွာနာမည် နေတဲ့အိမ်သူတို့ဘယ်မှာရှိတယ်ဆိုတာ
သိထားပါပြီ။ ခင်ဗျားအဲ့ဒီရွာကိုလည်းသိပါတယ် ကျနော်တို့နောက်နေ့မနက် လင်းအားကြီးမှာ တိုက်မှာပါ။
အဲ့ဒီရွာနာမည် နေတဲ့အိမ် အကုန်ပြောပြပြီး အထက်ကတပ်ကအမိန့်
ပေးလာတာပါ ကျနော်ရှောင်လို့မရပါဘူး ကျနော်တို့လည်း သူတို့ကို တိုက်အပြီးမှာ ဆုတ်ခွါရ
တော့မှာပါ အဲ့ဒီတော့ကျနော်တို့ ပြန်ဆုံချင်မှလည်းဆုံတော့မှာပါ ကျနော့်တယောလေးကို မြန်
မာမျိုးချစ်တွေအတွက် လက်ဆောင်ပေးခဲ့တယ်လို့ပြောပေးပါ သခင်အုံးသွင်ကို ကျနော်လေး
စားပါတယ် လို့ပြောပြီးသူ့တယောလေးကို လက်ဆောင်ပေးပါတယ်။ ကျနော်တို့တနေ့ ချစ်ချစ်
ခင်ခင်ပြန်ဆုံကြချင်ပါတယ်။ကျနော်ခင်ဗျားတို့လုပ်နေတာတွေအားလုံးကို သတင်းရထားပါ
တယ် ဒါပေမဲ့ကျနော်ကိုယ်ချင်းစာနာတာရယ် ခင်ဗျားတို့ကို ခင်မင်လေးစားတာရယ်ကြောင့်
ကျနော်မသိချင်ယောင်ဆောင်နေခဲ့တာပါ။ ဆက်ဆက်လိုက်သွားပြီးပြောပေးပါ” လို့ ပြောပြီးသူ
တယောလေးကိုထုတ်ပေးပါတယ် သရေအိပ်အဖုံးလေးနဲ့ထည့်ထားတာ။

အဲ့ဒါနဲ့ အဖွားလည်း သူတို့ထွက်သွားပြီးပြီးချင်း သူ့ရဲမေတယောက်ကို တိတ်တိတ်ခေါ် တ
ယောက်ကို လက်ပစ်ဗုံးတလုံး ခြောက်လုံးပြူးတလက် ရိုင်ဖယ်တလက်လွယ်ပြီး ချောင်းတွေ
ဖြတ်ကူး ကွင်းထဲဖြတ်ပြေးအမြန်သွားကြရတာပါ တရားဝင်ရွာထဲက အခြားဘယ်သူမှလည်းမ
သိကြသလို သွားလာရေးကလည်းခက်ခဲတော့ သူကိုယ်တိုင်သွားမှဖြတ်တာမို့ အဖွားတို့က သူ
တို့ စုထားတဲ့ ခြောက်လုံးပြူး ရိုင်ဖယ် လက်ပစ်ဗုံး တို့ကိုယူပြီး အမြန်ပြေးရတာပါ လမ်းမှာ
လည်း ဂျပန်စစ်တပ် ဂျပန်သတင်းပေးတွေနဲ့ မတိုးမိအောင်လည်းသွားရတာပါ မြစ်ဝကျွန်းပေါ်
သူတွေမို့လည်း ရေးကူးကျွမ်းကြတယ်လေ လမ်းခရီးက ကွေ့သွားရတော့နည်းနည်းတော့ပိုကြာ
ပေမဲ့ အဖွားတို့က ည ၁း၀၀ လောက်ရောက်သွားတယ်တဲ့ သေနတ်တွေကို ရွာထိပ်မှာဖွက်ပြီး
ရွာထဲက အဖိုးရှိတဲ့အိမ်ကို မေးပြီးရောက်သွားတယ်တဲ့ အဖိုးတို့က ကင်းကချထားတော့ အဖွား
တို့ ၀င်လာတာကိုလည်း မြင်နေတော့ အဖိုးဆီခေါ်သွားပြီး ချက်ချင်းဆုတ်ကြရတာတဲ့။

အဖိုးတို့က လူ(၁၀) ယောက်လောက် ဂျပန်က တရာကျော် ဘယ်လိုလုပ်မှ ပြင်ဆင်ချိန်မရရင်
တိုက်ဖို့မလွယ်ဘူးလေ တနေရာကို ဆုတ်ပြီးမှ ဂျပန်လာမဲ့လမ်းက စောင့်တိုက်ရင်တော့ရမယ်
ဒါပေမဲ့လည်း သူတို့အဲ့ဒီတပ်ကို မတိုက်ချင်တော့ဘူး တဲ့ အပြန်အလှန်လေးစားနားလည်လူပီ
သသွားကြတာပါ။ အဲ့ဒီဂျပန်ဗိုလ်မှုးရဲ့သတင်းကို သူတို့မရတော့ပါဘူး ကျနော့်ကိုတော့ အဖိုးနဲ့
အဖွားက အဲ့ဒီတယောလေး ထုတ်ပြခဲ့ပါသေးတယ်။ စစ်ကြီးပြီးသွားပြီး နှစ်တော်တော်ကြာတဲ့
အထိသူတို့မိတ်ဆွေ ဂျပန်ဗိုလ်မှုးကိုမျှော်နေမိကြသေးတယ်တဲ့။ နောက်ကျနော်တို့ငယ်ငယ်က
လွတ်လပ်ရေးမော်ကွန်းဝင် ပထမဆင့် ဒုတိယဆင့် တတိယဆင့်တွေပေးတော့ အဖွားရောအ
ဖိုးရော လွတ်လပ်ရေးမော်ကွန်းဝင်မလျှောက်ခဲ့ပါဘူး။အဖိုးတို့က စစ်အစိုးရဆီက ဘာအခွင့်
ရေးမှပြန်မယူချင်ဘူးတဲ့။ နောက်ခုလိုမျိုး ကိုယ့်လူမျိုးအချင်းချင်းသာ လက်နက်အားကိုးနဲ့ကျွန်
ဇာတ်သွင်းမယ်မှန်းသိရင် ဘီအိုင်အေ တပ်မတော်ကိုလည်း သူတို့မထူထောင်ခဲ့ပါဘူးတဲ့။ကျ
နော်ကငယ်သေးတော့ သေချာမမေးတတ်ခဲ့တာပါ။

အဲ့ဒီဇာတ်လမ်းကို ကျနော်ငယ်ငယ်တုန်းက အဖိုးရောအဖွားပါ ပြောပြခဲ့ကြတာပါ ကျနော်(၄)
တန်းလောက်ကပါ နောက်ကျနော် (၆) တန်းနှစ်မှာ အဖိုးက လေဖြတ်ပြီးရုတ်တရက်ဆုံးပါ
တယ်အဖွားက(၉၆) ခုနှစ်ဆန်းမှာဆုံးပါတယ် အဖိုးနဲ့အဖွားပြောပြတဲ့ ဇာတ်လမ်းလေးတွေထဲ
ကတခုပါ။ ကျနော်တို့ ဖက်ဆစ်နာဇီစနစ်ကြီးကို စမုန်းတတ်လာတဲ့အချိန် အဖိုးနဲ့အဖွားကပြော
ပြခဲ့တာပါ။ တကယ်တော့ လူကောင်းသူကောင်းတွေလည်း စနစ်ဆိုးတခုက ဆွဲခေါ်ရာအောက်
မှာ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ခဲ့ကြရ စစ်ဆိုတာလည်း ဘယ်လောက်မုန်းတီးဆက်ဆုတ်
စရာကောင်းတယ်ဆိုတာလည်း ခုတော့ သိလာခဲ့ပါပြီ ကျနော်ခုအသက်ရွယ်ထိ အဖိုးနဲ့အဖွား
နားမှာပြောခွင့်ရရင် ပြောချင်ပါတယ်“အဖိုးတို့က အင်္ဂလိပ်အုပ်ချူပ်တာ မခံချင်လို့ ဂျပန်ဖက်
ဆစ်တွေအုပ်ချူပ်တာမခံချင်လို့ ဗမာဖက်ဆစ်တွေလက်ထဲမှာထားခဲ့တာလား”လို့ အဖိုးနဲ့အဖွား
ကတော့ ခွင့်လွတ်တဲ့ အပြုံးလေးနဲ့ ပြုံးကြည့်နေကြဦးမည်လားမသိ။

ကိုချစ်ဖေတွေးကြည့်မိတာပါ။

Read more...

Tuesday, October 13, 2009

ယောက်ကျားလေးများရှောင်ရန်တဲ့...ဗျ.

အဟား... ယောက်ျားလေးများ... ရှောင်ပေလော့...:P ကျွန်ုပ် နှင့် ကျွန်ုပ်၏ သူငယ်ချင်းများသည် စာရင်းကိုင်များဖြစ်ကြ၍ ဤနေ့ဤအချိန်မှစကာ "အစ်မ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးလေ" ဟူသော ကျွန်ုပ်အား ပွဲစားလိုလို၊ အောင်သွယ်လိုလိုဖြစ်စေသော ထိုကဲ့သို့ စကားများ ကြားရခြင်းမှ သတင်းပတ် အတော်အတန်ကြာ နားချမ်းသာရာရဖွယ်ရှိလတ္တံ့...:D



Copied it from the following address ......

http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A274431&xgs=1


မိန်းမယူလျှင် မည်သို့ သော မိန်းမမျိုးကို ယူသင့်သနည်းဟု ယူသင့်တဲ့မိန်းမတော့ ဘယ်လို ဆိုတာမသိဘူး။
ယခု ဖော်ပြမယ့် မိန်းမတော့ ၃ မျိုး ၃ စားရှိတယ်။
ထို ၃ မျိုးကို အသေအချာ လေးလေးနက်နက် စဉ်းစားပြီးမှ ယူပါလေ
ထို စဉ်းစား သင့်သော မိန်းမများမှာ
၁) ဆရာဝန်မ
၂) ကျောင်းဆရာမ
၃) စာရင်းကိုင်
တို့ဖြစ်ပေသည်။

အကြောင်းမှာ
အမှတ်စဉ် ၁
ဆရာဝန်မကို ယူလျှင် သင်သည် အပြုစုခံရန် စိတ်မကူးချေနှင့်။
ဝါ့ဒ်ဂျူတီ။ အွန်ကောလ် ၊ နိုက်တ်ဂျူတီ စသည်တို့ဖြင့် တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် အလုပ်တာဝန်များ များပေလျက် သင်ကပင် သူ့ မျက်နှာရိပ်
မျက်နှာကဲ ကြည့်နေရချေမည်။
သူမ၏ အပြုစုကို ခံချင်လွန်းလှ၍ မူလကျီ သွန်ကျီ လုပ်ကာ ခေါင်းကိုက်သည်ဟုလည်း မူယာမာယာများ၍ မဖြစ်ပေ။ ခေါင်းကိုက်နေတယ်ကွာ ဇက် ကြောလေး ဆွဲပေးစမ်းပါဟု သင်ဆိုလျှင် သူမက ခေါင်းကိုက်နေလား..ရော့ ဒီမှာ ပါရာစီတမောလ် သောက် ဟုဆိုကာ ဆေးကဒ်ကိုသာ ပေးချေ လိမ့် မည်။
သင်တကယ် နေကောင်း၊ မကောင်းကိုလည်း သူမ သိချေမည်။ သင်မာယာများ၍ မရကုန်။ဒီနေ့ လူနာတွေ ပုံနေတာပဲကွာ။ မောလိုက်တာ လွန်ပါ ရော ဟု အစချီကာ အိမ်ပြန်ရောက်လာသော သူမအား သင်ကပင် ဆီးကြို ဇက်ကြောဆွဲ ပြုစုရချေမည်။

အမှတ်စဉ် ၂ ဖြစ်သော
ကျောင်းဆရာမကို ယူလျှင် ကျောင်းဆရာမတို့မည်သည် အကင်းပါး၏။ အင်မတန် ဆရာလုပ်တတ်၏။ သူမအား သင် ဆရာလုပ် ရန် စိတ်မကူးချေနှင့်။ သူမက သင့်ထက် ပိုသိနေပေမည်။
အရေးကြီးဆုံးမှာကား သင်သည် သူမအား လိမ်ညာ၍ မရခြင်းပင်။
သင်သည် အပေါင်းအသင်းများနှင့် ကာတီဗွီ၊ ကာရာအိုကေများသွားကာ ညဉ့်နက်အိမ်ပြန်ရောက်လျှင် တံခါးဝမှ ဆီးကြိုသော သူမ၏ မျက်ဝန်းများကို သင် ရင်ဆိုင်ရသော အခါ ကျောချမ်းအံ့။ သင် မည်သို့ပင် လိမ်ညာစေကာမူ သင့်အား ကျောင်းသားတစ်ယောက်ကို စာစစ်သလို မျက်လုံးမျိုးနှင့် ကြည့်နေသော သူမ၏ မျက်ဝန်းများကို ဆုံရသော အခါတွင် သင်သည် သူမကို မည်သို့မှ လိမ်လည်၍ မရနိုင်တော့ချေ။

အမှတ်စဉ်၃ ဖြစ်သော
စာရင်းကိုင်အမျိုးသမီးကို ယူလျှင် စာရင်းကိုင်တို့မည်သည် အင်မတန် စာရင်းဇယားတိကျ၏။ ငွေ တစ်ပြားကိုပင် အကွာမခံ တတ်။
ထိုသို့ဆိုလျှင် သင့်လခ အကုန် သူမထံအပ်ပြီးသော် သူမထံမှ သင် ပြန်လည်ရရှိရန် လမ်းမမြင်။
သင်၏ မိတ်ဆွေ အပေါင်းအသင်းများနှင့် ဘီယာဆိုင်၊ ကေတီဗွီတို့သွားလိုလျှင် သင် အခက်ကြုံရပေတော့မည်။
ထိုအခါတွင် စာရင်းကိုင်အမျိုးသမီးကို ယူထားမိသော ယောက်ျားများသည် ပေါ့ကက်မန်းနီး ခေါ် အိမ်သူဇနီးမသိအောင် ငွေပိုလေးများ ထားရချေ တော့မည်။

ထိုဝဋ်ဒုက္ခများ ကင်းဝေးစေရန် အလို့ငှာ ဆရာဝန်မ၊ ကျောင်းဆရာမ၊ စာရင်းကိုင် ထို ၃မျိုးအား အလေးအနက် စဉ်းစားပြီးမှ ယူပါလေ





--
May all your dreams come true!

Best Regards,
k2tmaung




ယောက်ကျားလေးများရှောင်ရန်တဲ့..ဗျ

တနေ့သ၌ ကျွန်ုပ်သည် အိမ်ရှေ့ဝရံတာလေး၌ထိုင်၍ ဆတ်သားခြောက်လေးမီးဖုတ် ရေနွေး
ကြမ်း လက်ဖက်ခြောက်ကျကျနှင့် ကျွန်ူပ်ဖတ်လိုသော ရာဟုလာသံကစ္စည်းရေးသား၍ ဦးဆန်း
ထွန်း(မန်းတက္ကသိုလ်)နှင့် ဆရာပါရဂူတို့ ဘာသာပြန်သော“ဗေါ်လဂါမှဂင်္ဂါသို့”စာအုပ်ကြီးကို
သည်းကြီးမဲကြီးဖတ်လိုက် စာမျက်နှာ လေးငါးမျက်နှာပြီးသော် ဆတ်သားခြောက်မီးဖုတ်လေး
စား၍ ရေနွေးကြမ်းကျကျလေးမှုတ်သောက်လိုက် ဇိမ်ကျနေစဉ် ကျွန်ုပ်ထံသို့စကာင်္ပူအရပ်ဒေ
သ၌နေထိုင်သော နောက်နောက်ပြောင်ပြောင် ကေတူးမောင်ဆိုသော အမျိုးသမီးထံမှအထက်
ပါအများသူငှါတို့ ဖတ်ရှု့ပြီးလောက်ပြီဖြစ်သော ယောက်ကျားတို့ဝေးစွာရှောင်ကျဉ်အပ်သော အမျိုးသမီး (၃)မျိုးအကြောင်းကို စေတနာရှေ့ထား၍ အီးမေးလ်ကြီးနှင့်ပေးပို့လာလေသည်။

အီးမေးလ်ကြီးဆိုတာ ဘယ်လိုဟာမျိုးကြီးလည်းမမေးကြပါကုန်နှင့် ထိုသို့စေတနာရှေ့ထား၍
ပေးပို့လာသော (သူ့သူငယ်ချင်း သူညီမများနှင့်မိတ်မဆက်ပေးယုံတင်မက)ထိုစာကြီးကို ကျွန်ပ်တို့ယောက်ကျားလေးများ စိတ်ဓါတ်ပျက်ပြားစေသောငှါ တင်ပြလာပါသည်။ လုံးဝအား
ငယ်သွားလိမ့်မည်ဟူ၍လည်း ယူဆထားပုံရလေသည်။ ထိုအနှီ(ဘာမှန်းလည်းမသိ အနှီဆို
တာ)မကေတူးသည် ကျွန်ုပ်တို့ယောက်ကျားလေးများကို စေတနာပါပါ နှင့်ထိုသို့တင်ပြလာ၍
ကျွန်ုပ်တို့၏ အမြင်ယူဆချက်များ နောက်ဆုတ်သွားလိမ့်မည်မဟုတ်ကြောင်း ပြန်လည်တင်
ပြ လိုပါသည်။

ကျွန်ပ်မောင်ချစ်ဖေခေါ် ကိုချစ်ဖေ ခေါ် ဘကြီးချစ်ဖေသည် ဂေါ်မစွံလူပျိုကြီးဖြစ်ကြောင်းအများ
သူငှါတို့သိကြသည့်အတိုင်း ၂၀ ကျော်အရွယ်ရောက်လို့ရယ်မှမစွံ ၃၀ ကျော်သော်လည်းထို့
နည်း၎င်း ခုဆို ၄၀ ကျော်ယုံတင်မက ၅၀ နားသို့ပင် ချည်းကပ်လာခဲ့ပါသည် ဆိုလည်းမမှားပါ.
ကျွန်ပ်သည် အရွယ်ရောက်၍ ပိုးတတ်ပန်းတတ် လာချိန်ကစ၍ ခုချိန်ထိလည်း ကိုယ်ချစ်ခင်နှစ်
သက်ပါက ပိုးပမ်းရန် လုံးဝနှောင့်နှေးတတ်သူမဟုတ်ပါ တနည်းအားဖြင့် ယောက်ကျားတ
ယောက် လွတ်လွတ်လပ်လပ် ချစ်သူဇနီးမယားမရှိပါက သို့တည်းမဟုတ်မိန်းမတယောက်ချစ်
သူယောက်ကျားလင် မရှိပါက(တိတ်တိတ်ပုန်း ဇနီးနှင့် လင်ပါမရှိပါက) ထိုမိန်းမ ထိုယောက်
ကျားကို မေတ္တာသက်ဝင်ချစ်ခင်သူသည် ပိုးနိုင်ပန်းနိုင်သည်ဟုပင် ရိုးရိုးသားသားခံယူထားပါ
သည်။သို့သော် မရှင်းမလင်း သူများကိုတော့ ဆက်လက်ပိုးပန်းလေ့မရှိခဲ့ပါ. ထိုဘကြီးကိုချစ်
ဖေ သည် ကူလီတကာ့ကူလီရိုးသားစွာလုပ်လိုပါသော်လည်း ကြာကူလီဆိုသောကူလီကိုမလုပ်
လိုပါ။ သို့သော်လည်းထိုဘကြီးကိုချစ်ဖေထံ၌ ချစ်ခင်မြတ်နိုးရသော မသောင်းညွန့်ဆိုသောအ
မျိုးသမီးတဦးရှိလေသည်။ ထိုမသောင်းညွန့်နှင့် ဘကြီးကိုချစ်ဖေတို့ အကြောင်းကို ကြုံကြိုက်
သောအခါသမယတွင် သီးခြားပြောပြပါဦးမည်။ဘယ်သူမှမမေးလည်းပြောပါဦးမည် (ဤကား စကားချပ်)

ဤကား ကိုချစ်ဖေလေကြောရှည်နေခြင်းလည်းဖြစ်ပါသည် ဘကြီးကိုချစ်ဖေသည် အနှီအီးလ်
မေးကြီးကိုဖတ်ရှုပြီးသောအခါ လေးလေးနက်နက်ပြောစရာအကြောင်းခြင်းရာပေါ်ပေါက်လာ
သဖြင့် ဤစာကြီးကိုအထက်ပါ မကေတူးနှင့် အခြားသောသူများသိရှိသွားစေရန်ရေးသားလိုက်
ပါတော့သတည်း။

ဘကြီးကိုချစ်ဖေအရွယ်ရောက်ကာစ ပိုးတတ်ပန်းတတ်ဖြစ်လာချိန်မှစ၍ အတန်းထဲတွင် စာမ
တော်ပါ စာတော်သောယောက်ကျားလေးသူငယ်ချင်းများနှင့် တည့်ပါသော်လည်း စာတော်
သောမိန်းကလေးများနှင့်မတည့်ပါ ထိုမိန်းကလေးအများစုသည် ကိုချစ်ဖေတို့လို အခန်းတွင်း
နောက်ပြောင်ဆော့ကစား၍ ကျောင်းနေပျော်၍ စာမတော်သောသူများကို နေရင်းထိုင်ရင်းအ
မြင်ကပ်လေသည် သူတို့သည် သူတို့၏လူငယ်ဘ၀ကိုလှည့်စား၍ စာမှလွဲ၍ ဘာကိုမှစိတ်မ၀င်
စားချင်ယောင်ဆောင်ကြသူများလည်းဖြစ်ပါသည်။ သူတို့ဘာသာစာကိုစိတ်ဝင်တစားသင်သ
လောက် မသင်ချင်သောသူများကိုလည်း အလိုလို အထင်သေးကြလေတော့သည်။ထိုအထင်
သေးခံရုသူများထဲ ကိုချစ်ဖေတို့ ပါလေတော့သည်။

ထိုမိန်းကလေး အများစုသည်လည်းများသောအားဖြင့် တရာတွင်(၈၅) ယောက်လောက်ကရုပ်
မချောကြပါ ရုပ်ရည်ပါချောမော စာလည်းတော် မိဘကလည်းစီးပွားရေးတောင့်တင်းသူမျိုးဆို
လျှင်တော့ ပြောစရာမလိုတော့ပါ ဘေးနားကဖြတ်လျှောက်သွားယုံနှင့်ပင် သူပိုင်သောကျောင်း
ကို မှီခိုကပ်ရပ်ပြီးလာတက်နေရသလို မျက်နှာပေးဖြင့်လည်းနေတတ်သေး၏ ထိုထိုစာတော်
သောမိန်းကလေးတို့သည် တချိန်တွင် သူတို့တကယ်တက်ချင်၍မဟုတ်ပဲ ဆေးကျောင်းသူစာ
တော်သောသူ ဖြစ်ချင်လွန်း၍ သာဆေးကျောင်းကို တက်ကြလေတော့သည်။ကိုချစ်ဖေတို့
ခေတ်အခါက မိန်းကလေးများကိုပြောပါတယ် ဒီဘက်ခေတ်မိန်းကလေးများအကြောင်းကို
တော့ တူငယ်ညီငယ်များညီမလေးများတူမလေးများပိုသိပါလိမ့်မည်။

ထိုမိန်းကလေးများဆရာဝန်ဖြစ်လာကြသောအခါ စဉ်းစားသာကြည့်ကြပါကုန် ထိုဆရာဝန်မ
ပေါက်စလေးများသည်လည်း သာမန်ဘွဲ့ရ လောက်ကို မဟာသိပ္ပံ မဟာဝိဇ္ဇာလောက် အရေး
မပေးနိုင်ခြင်းမှာလည်းသဘာဝကြပေတော့သည်။ ထိုအခါသူတို့သည်သူတို့နှင့်ဂုဏ်ရည်တူသူ
များကိုသာလက်ထပ်ကြကုန်၏ ဤကား ကောင်းပါလေ၏ ထိုအခါ ကိုချစ်ဖေသဘောနှင့်ပြော
ကာပြရရင်ဖြင့် ကိုယ်ကောင်းမည်ထင်သောအရာကိုလုပ်နေကြခြင်းသာဖြစ်၍ ကိုယ့်ဘ၀ကိုယ်
ရွေးခဲ့ကြခြင်း သာဖြစ်လေသည်။

ထိုအခါ ကိုချစ်ဖေတို့လို တေတေပေပေ လူများနှင့်လုံးဝမထိုက်တန်ခြင်းဟူ၍လည်းမှတ်သား
ထားပါသည် ကိုချစ်ဖေတို့သညလည်း ဤကဲ့သို့ အမှတ်စဉ်(၁)နေရာဖြစ်သောဆရာဝန်မများ
နှင့်မဆုံ စည်းရခြင်းကို ၀မ်းမြောက်ပါပေသည်ဟု ပထမပြောကြားလိုပါသည်။

ဒုတိယ အချက်အနေနှင့်တော့ ဆရာမလေးများကို ကိုချစ်ဖေလေးစားပါသည် ဆရာမလေးများ
သည် မလုံလောက်သောလစာလေးများဖြင့် စေတနာထားသင်ကြားပေးကြသူများလည်းဖြစ်ပါ
သည်။ သို့သော်လည်း ကိုချစ်ဖေအနေဖြင့် ထိုအနှီ(လာပြန်ပြီ အနှီ ဘာမှန်းလည်းမသိ)ဆရာမ
သူငယ်ချင်းများလည်းရှိပါသည်။ သူတို့သည် ဆရာမလုပ်မည်ဟုရည်ရွယ်ထားသည့်အချိန်ကစ
၍ သူငယ်ချင်း မောင်နှမ ညီအမများကို ဆရာ စလုပ်ပါတော့သည် နေရာတကာ ဆရာဖြစ်လို
လုပ်လိုလာကြသည် ဟင်းချက် အ၀တ်လျှော်မီးပူတိုက် ဈေးဝယ် သန့်ရှင်းရေးလုပ်တာကအစ
သူတို့က ပိုတတ်၍ သူများကိုပြန်နည်းပြပေးရမည် ဟုလည်းခံယူထားကြသူများလည်းဖြစ်ပါ
သည်။သူတို့သည် တမင်တကာ ဆရာလုပ်ကြသည်တော့ ဟုတ်ချင်မှဟုတ်ပေမည်။

သူတို့သည်ထိုသို့ညွန်ပြရန်လူလောက၌ တာဝန်ရှိသူများဟုယူဆထားခြင်းသာဖြစ်ပေမည်။သူ
တို့နှင့်နီးစပ်ပါက သူတို့တိုးတိုးပြောသောစကားသံသည်ပင် စာသင်ခန်းတခန်းလုံးကြားရ
အောင် အားစိုက်ကာအော်ပြောလေ့အော်ပြောထ ရှိသောကြောင့် အသံကျယ်လောင်၍ ရှဲရှဲ

ရှဲရှဲ အသံကွဲလေသည် နားလေးသောသူနှင့်စကားပြောနေရသကဲ့သို့လည်းရှိပေသည်ကျန်
သောအကင်းပါးခြင်းစစ်ဆေးမေးမြန်းတတ်ခြင်း အစရှိသော အရည်အသွေးများလည်းရှိကြပါ
သေးသကုန်။

ဘကြီးကိုချစ်ဖေသည် ထိုကဲ့သို့ အနည်းငယ်မျှ သူ့၏သဘောထားကိုလှစ်ပြပြီးသောအချိန်၌
အနည်းငယ်အာခြောက်လာသဖြင့် ရေနွေးကြမ်းအိုးလေးငှဲ့လေသည် ထို့နောက်ဆတ်သား
ခြောက်ကလေးကို အသာငုံလေသည်။ထိုနောက် ရေနွေးကြမ်းကျကျကို သောက်ပြန်လေ
သည်။ ခါတိုင်းနေ့များကဲ့သို့ လက်ဘက်ချဉ်စပ် ကြက်သွန်ကြော်နှမ်းပန်းကန်မပါရှိသဖြင့်စိတ်
ထဲတမျိုးတော့ဖြစ်လေသည် ကုန်သွားသည်ကို မေ့ပြီးမ၀ယ်ဖြစ်၍ ဒေါ်လေးမသောင်းညွန့်ကို
လည်းစိတ်ထဲ ငါကတော့ဂရုစိုက်လိုက်ရတာ သူကတော့ငါကြိုက်တတ်တာလေးမေ့လာလေ
သည်လို့လဲ အပြစ်တင်လိုက်မိသေးသည်။သို့သော်ငယ်စဉ်တောင်ကျေး ကလေးဘ၀အရွယ်က
တည်းကချစ်ခင်မြတ်နိုး စုံမက်ခဲ့ရသော အနှီ(လုပ်ပြန်ပြီ)မသောင်းညွန့်ကို အပြစ်မတင်ရက်ရှာ
ပေ။

ဘကြီးကိုချစ်ဖေသည် တတိယအမှတ်စဉ်(၃)ဖြစ်သော စာရင်းကိုင်အမျိုးသမီးများအကြောင်း
ကို အလေးအနက်ဆက်၍စဉ်းစားနေလေသည်။ ထိုထိုအမျိုးသမီးတို့သည် မည်ကဲ့သိုသောသူ
များနည်း ဘကြီးကိုချစ်ဖေ၏ အမြင်ကိုတင်ပြပါမည်။ ဘကြီးကိုချစ်ဖေတို့ ကောလိပ်တက်သော
နှစ်တွင်၎င်း ကောလိပ်မတက်ရသေးသောအချိန်ကာလကြာမြင့်စွာကပင် ရန်ကုန်တက္ကသိုလ်
(ပင်မ)ကို မိန်းမလှကျွန်း ဘာကျွန်းညာကျွန်းခေါ်ကြလေသည်။ ဘကြီးကိုချစ်ဖေလည်းသိလို
သဖြင့် ထို ရန်ကုန်တက္ကသိုလ်(ပင်မ)ကျောင်းထဲ တနေ့ကုန်တနေ့ခန်း အတန်းမတက်ပဲ လှည့်
ပတ်မွေနှောက်၍ ဗဟုသုတရှာမှီးလေသည်။ ထိုသို့ရှာမှီးလေတိုင်း ရန်ကုန်တက္ကသိုလ်(ပင်မ)
ကျောင်းဝင်းအတွင်းတည်ရှိသော စီးပွားရေးတက္ကသိုလ်ဖက်သို အကြိမ်တော်တော်များများ
ရောက်ဖြစ်ခဲ့လေသည် အဘယ်ကြောင့်ဆိုသော် ရန်ကုန်တက္ကသိုလ်ကြီးကို မိန်းမလှကျွန်းလို့
ခေါ်ငင်ရလောက်အောင် ကျက်သရေဆောင်ပေးနေသူများကား ထိုစီးပွားရေးတက္ကသိုလ်
ကျောင်းတော်သူများပင်ဖြစ်နေသောကြောင့်ပေတည်း။

ထိုသို့ဆိုလိုက်ယုံနှင့် အမှတ်တွေမပေးကြပါနှင့်ဦး သူတို့စီးပွားရေးကျောင်းသူများသည်။စီးပွား
ရေးဘာသာရပ်ကို ဘာလို့ယူငင်ခဲ့ကြသနည်း ဘာကြောင့်သင်ကြားလိုကြသနည်း အနည်းငယ်
ဆန်းစစ်ကြည့်ကြစေလိုပါသည်။ ထိုကျောင်းတော်သူများသည် တတန်းကို လူ(၁၀၀၀)ခေါ်ယူ
လျှင် လူ (၉၀၀)ကျော် (၉၅၀)လောက်က မိန်းကလေးများဖြစ်ကြ၍ ယောက်ကျားလေးများမှာ
လူ(၅၀)ခန့်ပင်မပြည့်ချင်လောက်အောင် မိန်းကလေးများပါသည်။ထိုသို့ ဘာကြောင့်များရပါသ
နည်း ကိုချစ်ဖေ စဉ်းစားကြည့်မိပါသည်။စီးပွားရေးတက္ကသိုလ်သို့ လျှောက်ထားသောကျောင်း
သူဦးရေမှာ ကျောင်းသားဦးရေထက်များနေခြင်းကတော့သေချာပါသည်။

ထိုနေရာတွင် စီးပွားရေးအတွက်အချက်ပညာကိုသာမက စီးပွားရေးစီမံခန့်ခွဲမှု စီမံကိန်းရေးဆွဲ
ခြင်းစသော ကိုချစ်ဖေနားမလည်သော ပညာရပ်များကိုလည်း သင်ကြားကြပေဦးမည်ကိုချစ်ဖေ
လည်းကြားဖူးနားဝနှင့်ပြောနေခြင်းပါ။ ကျိန်းသေတာကတော့ စာရင်းတွက်ချက်ရသော စီးပွား
ရေးပညာကို ယောက်ကျားလေးများထက် ပို၍စိတ်ဝင်စားသည်ဟုပင် တွက်ချက်ရပေတော့
မည်။

ကိုချစ်ဖေတို့ယောက်ကျားလေးများအမြင်တွင်တော့ ကြည့်၍တော့ကောင်းပါသည် သူထက်သူ
လှသူတွေချည်းပါ အနယ်နယ်အရပ်ရပ်က လာရောက်ကြသော့ကြောင့်လည်း လူမျိုးစုံတိုင်း
ရင်းသူများကိုတွေ့မြင်နိုင်ပေသည် သို့သော် သူကလေးတို့သည် သွားလေရာ ဂဏန်းတွက်စက်
ကြီးတကိုင်လုပ်နေကြသည်ကိုလည်းတွေ့ရပါသည်။ ကိုချစ်ဖေတို့ကတော့ သူတို့ဂဏန်းတွက်
စက်ကြီးများကို ပေသီး ဟုသာခေါ်ပါသည် ဂဏန်းတွက်စက်ကြီးကိုနှိပ်ပြီးတွက်ချက်နေကြပြီဆို
လျှင်လည်း ပေသီးခေါက်နေပြီဟုသာခေါ်ကြပါသည်။ထို့ကြောင့်စီးပွားရေးကျောင်းသူများကို
ကြည့်လျှင် ကြောက်စိတ်တ၀က်ဖြင့်သာကြည့်ရပါသည်။သူတို့မှာကပေသီးကြီးတွေနှင့်လေ။

ခုခေတ်လူငယ်များကတော့ ပေသီးဆိုတာကြီးကိုမြင်ဘူးရင်လည်းမြင်ဘူးကြပါလိမ့်မည် ကိုချစ်
ဖေတို့ငယ်ငယ်က ကုန်စုံဆိုင်များတွင် ဈေးလာဝယ်သူများကို ထိုပေသီးကရိယာအလုံးလေး
များကို ဟိုရွှေ့ဒီရွှေ့လုပ်ပြီး ဈေးရောင်းသူက ဘယ်လောက်ကျတယ်ပြောတာပါ မမှားပါ အလွန်
လည်းကြည့်ကောင်းပါသည်။ သိလိုပါက ထိုပေသီးကရိယာကို သီးခြားထပ်မံဖေါ်ပြပါဦးမည်။
ကုန်ရောင်းကုန်ဝယ်လုပ်ရာ၌ မမှားယွင်းအောင် အမြတ်ထွက်အောင် ဈေးကိုချိန်ကိုက်၍ ထိုပေ
သီးကို ရွှေ့ရခြင်းကို ပေသီးခေါက်သည်ဟုခေါ်ပါသည်။ ထိုစီးပွားရေးကျောင်းသူများ ဂဏန်း
တွက်စက်ကြီးနှင့်အလုပ်များနေပြီဆိုလျှင် ကျနော်တို့က ပေသီးခေါက်နေပြီနောက်ပါသည် သူ
တို့လည်းသိပါပေသည်။ သူကလေးတို့သည် ထိုအချိန်ကပင် အရှုံးအမြတ် ရေရှည်တွက်ချက်
တတ်သူလေးများလည်းဖြစ်၍ အမျှော်အမြင်လည်းကြီးမားသဖြင့် တော်ရုံတန်ရုံသူဖြင့်ချည်း
ကပ်၍မရတတ်ကြပါကုန်။အနှီ(လာပြန်ပြီ)ထို စီးပွားရေးကျောင်းသူလေးများ စီးပွားရေးဘွဲ့ရ၍
လူ့လောကအလည် အိမ်ထောင်ပြုကြမည်ဆိုပါကလည်း သူတို့သင်ကြားထားသောပညာကိုမ
လွဲသာမရှောင်သာသုံးကြပေဦးမည်။ အမှတ်စဉ်(၃)ကိုသေချာကျနစွာပြန်ဖတ်ကြပါကုန်။

ယောက်ကျားလေးများ၏ထုံးစံဖြစ်သော ကာရာအိုကေဆိုင်သွားခြင်း စင်မြင့်ဖျော်ဖြေပွဲသွား
ခြင်း အညောင်းအညာဖြေလျှော့ရန်အလို့ငှါ အနှိပ်ခန်းများသို့သွားခြင်းအတွက် သီခြားငွေစာ
ရင်းတခုကိုဖွင့်ရန် မပျက်မကွက်ဆောင်ရွက်ကြပါကုန်။ထိုသို့အကျယ်အကျယ်မငြိမ်းဖွယ်သော
ကိစ္စရပ်များမှာလည်း အမြဲတန်းဖြစ်လေ့ဖြစ်ထရှိသဖြင့် တွေး၍မကြောက်ကြပါကုန်နှင့်။ထင်သ
လောက်လည်းဆိုးချင်မှဆိုးပေမည်။ မထင်သောနေရာက ထ၍လည်းဆိုးလျှင်ဆိုးပါလိမ့်မည်။
ကျွန်ုပ်သည်လည်း တခါဘူးမျှသော် အိမ်ထောင်မပြုဘူးခဲ့၍ သိသလောက်မှတ်သလောက်ချိန်
ထိုးပြလိုက်ရပေတော့သည်။ ထိုနေရာ၌ ဥာဏ်ဖြင့်ချင့်ချိန်ကြပါကုန်သတည်း။ကိုချစ်ဖေသည်
ကား လူပျိုလေးဘ၀မှစ၍ မိန်းမမယူဘူးဟု တခါဘူးမျှ မဆုံးဖြတ်ခဲ့ပါကုန် မရ၍မယူခြင်းသာ
ဖြစ်ပါကြောင်းတင်ပြအပ်ပါပေသည်။

ချစ်ခင်မှုဖြင့်
ကိုချစ်ဖေ


ဤကား ကျွန်ုပ်ရေးလို သမျှတစိတ်တဒေသပြီးဆုံးလေသတည်း။ ။
ကျေနပ်နှစ်သက်မှုမရှိပါက ကျွန်ုပ်၏ အမှားသာဖြစ်ပါကြောင်း။ဂျိုကာသူငယ်ချင်းများထံမှ
လည်း လာ၍အော်ချက်ထုတ်နိုင်ပါကြောင်း.။

Read more...

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP