Monday, January 4, 2010

ကိုချစ်ဖေ ရဲ့ လွတ်လပ်ရေး

ကိုချစ်ဖေ ရဲ့ လွတ်လပ်ရေး

ကိုချစ်ဖေ လွတ်လပ်ရေးနေ့ရယ်လို့ စစချင်းသိလာတာတော့ ပထမတန်းလောက်ကဖြစ်မယ်
ထင်ပါတယ် ဒုတိယအစမ်းစာမေးပွဲတွေဖြေအပြီး ဒီဇင်ဘာကျောင်းပိတ်ရက် ကုန်ခါနီးအချိန်
တွေမှာ ကျနော်တို့မြို့ မြို့မဘောလုံးကွင်းထဲမှာ ကျင်းပတာ အဲ့ဒီတုန်းကတော့ ဘာရယ်လို့မသိ
လူတွေအများကြီးတောထဲ အမေတွေ အမတွေ ဦးလေးတွေ အကိုတွေနဲ့ ဘေးကနေလက်တွဲ
ပြီးလိုက်သွားတာပါပဲ ။

လိုချင်စရာကစားစရာလေးတွေ နောက်ပြခန်းတွေ အမျိုးမျိုးနဲ့ ဇာတ်တခုခု လမ်းဘေးနားက
ရုံသေးသွင်းမျက်လှည့်ပွဲ မျောက်တွေကတဲ့ပွဲ ရုပ်သေးပွဲ အကြော်ဆိုင် အသုတ်စုံဆိုင် ရံပုံငွေ
ရှာဖွေရေးပွဲ စားသောက်ဆိုင်တွေထဲ လိုက်သွားပြီး မုန့်စားမယ် လိုချင်တဲ့ကစားစရာလေးတွေ
ဝယ်ခိုင်းမယ် လမ်းဘေးက ပွဲတခုခုဝင်ကြည့်မယ်ပေါ့ လိုက်ပို့တဲ့ လူကြီးတွေကိုပူဆာပြီးလူကြီး
တွေ လိုက်လျှောပေးသလို ကျနော်တို့ ကလေးတွေအတွက်ပျော်စရာပါ.အဲ့ဒီတုန်းကတော့ သေသေချာချာ အဓိပ္ပါယ်ရယ်လဲမသိ ပဲနဲ့ လွတ်လပ်ရေးနေ့ ခဏခဏရောက်စေချင်တာပါပဲ
ပျော်ရတာကိုး။


ကိုချစ်ဖေတို့ တတန်းနှစ်ဆိုတော့ လွန်ခဲ့တဲ့ ၃၈ နှစ် ၃၉ နှစ်လောက်ကပေါ့ ကိုချစ်ဖေကလဲစာ
စဖတ်တတ်ကာစ လမ်းဘေးဆိုင်းဘုတ်ကအစ တငေးငေးနဲ့ ဖတ်သွားချင်တာ ကိုချစ်ဖေ ကို ထိမ်းတဲ့အမကြီးဝမ်းကွဲရဲ့ ထမီစကိုကိုင်ပြီးလိုက်ငေးဖတ်နေတာပဲ အမကြီးက ကြာလို့တဲ့ ခဏ
ခဏအဆူခံရ ခေါင်းခေါက်ခံရ တခါတလေ အမကြီးနဲ့စိတ်ကောက်ပြီး ရန်ဖြစ်ပြီးငိုပြီး အိမ်ပြန်ရ
တာ ကိုချစ်ဖေက တောင်တောင်အီအီ သိချင်တာက များတာကိုး။ အဲ့ဒီတုန်းက အမကြီးကလဲ
အသက် (၁၃) (၁၄) အရွယ် အပျိုပေါက်လေးကိုး ခုတော့ အမကြီးလဲ အသက်(၅၀) ကျော်
သွားတွေ တချို့တောင် ကျိုးလို့တဲ့။

အဲ့ဒီလိုလွတ်လပ်ရေးပွဲတွေဆို တကယ်ပဲ ချိန့်ချိန့်သဲ ကျင်းပကြတာပါ လူတွေကလဲ စီးပွားရေး
မဆိုးကြသေး စားနိုင်သောက်နိုင်ကြတယ်ဆိုတော့ ပွဲလမ်းသဘင်တွေက စည်ကားတာပေါ့.
လွတ်လပ်ရေးပွဲပြီးလို့မှ မကြာသေး ပြည်ထောင်စုပွဲ ဒေသဆိုင်ရာဘုရားပွဲတွေမှာ စားကြ
သောက်ကြ ၀ယ်လိုရာဝယ်ကြ ပျော်စရာကြီးနေမှာပါ ။

ကိုချစ်ဖေတို့က ကလေးဆိုတော့ ဘယ်သိပ်သိမလဲ (၂၃)ကြိမ်မြောက်လွတ်လပ်ရေးနေ့ ဆိုတဲ့
စာတန်းလေးတောင် အကုန်လုံးအဓိပ္ပါယ်မသိလို့ မေမေ့ကိုမေးရတာပဲ ကြိမ်မြောက်ဆိုတာ
ဘာလဲ လွတ်လပ်ရေးနေ့ဆိုတာဘာလဲ အဲ့လိုမျိုးပေါ့.မေမေကတော့ အင်္ဂလိပ်ဆိုတဲ့ လူမျိုး
တွေ ဟိုအဝေးကြီးကလာပြီး မေမေတို့နေတဲ့ နေရာကိုလာတိုက်ခိုက်ပြီး အုပ်ချူပ်တာတဲ့ အဲ့ဒီ
တုန်းက နာမည်ကြီးနေတဲ့ ခေါင်းဖြတ်ကုလားဆိုသူတွေနဲ့ တူတယ်တဲ့ အသားဖြူသလိုလို နီသ
လိုလို မျက်နှာဖြူဖြူလူတွေဆိုတော့ ကိုချစ်ဖေလဲ မမြင်ဘူးပဲနဲ့ကို ကြောက်တာပေါ့။

နောက်အဲ့ဒီလိုကြောက်စရာကောင်းတဲ့သူတွေကို သားတို့အဖိုးတွေ အဖွားတွေက ပြန်ပြီးတွန်း
လှန်ခုခံကြပီး တိုက်ထုတ်ပြီး လွတ်လပ်ရေးကိုရအောင်ယူရတာတဲ့ အဲ့ဒီမျက်နှာဖြူကုလားတွေ
ကအဝေးကြီးကို ပြန်ပြေးသွားရတာပေါ့ ဆိုတော့ ၀မ်းသာရတယ် အကြောက်လဲပြေရတယ် အဲ့
ဒီ ကုလားဖြူတွေက ကျနော်တို့ရှုံးပါပြီဆိုပြီး ကျေငြာပြီး ခင်ဗျားတို့ပြန်အုပ်ချူပ်ကြပါ ဆိုပြီးပြန်
ပေးရတဲ့နေ့ကို လွတ်လပ်ရေးနေ့လို့ ခေါ်တာတဲ့။

ကိုချစ်ဖေကတော့ ခေါင်းဖြတ်ကုလားလို လူတွေကို အဝေးကြီးကို မောင်းထုတ်လိုက်တယ်ဆို
တဲ့ အဖိုးတွေအဖွားတွေကို ချစ်သွားတာပါပဲ အကြောက်လဲပြေသွားတာကိုး ဒါပေမဲ့လဲ တကယ့်
သဘောကျတာက အဲ့လိုနေ့မျိုးတွေ များများရှိချင်ခဲ့တာပါပဲ။

ကိုချစ်ဖေသိချင်တာတွေကို မေမေက မဖြေတတ်တဲ့အခါ ဘယ်သူ့ကိုမေး လို့ပြောတတ်သလို
အတန်းထဲမှာ ဆရာ ဆရာမတွေကို မေးဖို့လဲပြောတတ်ပါတယ် သူချက်ပြုတ်လျှော်ဖွတ်နေ
တုန်း အမေးအမြန်းထူတဲ့ ကိုချစ်ဖေက မေးမိတဲ့အခါဆိုရင်တော့ မေမေက ကိုချစ်ဖေနားလည်
နိုင်မဲ့ အဖြေမျိုးလွယ်လွယ်ပေးလိုက်တာပါပဲ။ ကိုချစ်ဖေငယ်ငယ်က ခဏခဏကြားရတဲ့ ဗိုလ်
ချူပ်အောင်ဆန်း ဗိုလ်ချူပ်နေ၀င်းတို့ကို ဘာတော်လဲလို့ မေးမိလို့ မေမေက လွယ်လွယ်ပဲ ညီ
အကိုတော်တယ် လို့ ပြောလိုက်လို့ တတိယတန်းရောက်တဲ့အထိ ညီအကိုပဲမှတ်နေတာ ကျောင်းမှာ ငါ့အမေပြောတယ်ဆိုပြီး ငြင်းလိုက်ရတာ နောက်ကျနော်ရှုံးသွားတယ်။ နောက်မေ
မေက သူ့ကိုမေးရင် သားသိချင်တာတွေ စာအုပ်တွေထဲမှာရှိတယ် သားဖြေးဖြေးဖတ်သွား သိ
လာလိမ့်မယ် လို့ပြောတာကို ကိုချစ်ဖေမှတ်ထားပြီးထဲက စာအုပ်တွေဖတ်ချင်တော့တာပါပဲ။

တဖြေးဖြေးကြီးလာတော့ ကိုချစ်ဖေသိချင်တာလေးတွေလဲ သိလာရပါတယ် မသိတာလေးတွေ
လဲ ဆရာတွေလမ်းညွှန်လို့ ပြောပြလို့ ဖတ်ရင်းသိလာတာလဲ ပါပါတယ်။ လွတ်လပ်ရေးနေ့ဆို
တာ နောက်တနေ့ရှိခဲ့သေးတယ်တဲ့ အင်္ဂလိပ်ကိုတိုက်တဲ့နေရာမှာ ကူတိုက်ပေးခဲ့တဲ့ ဂျပန်တွေ
က ပေးခဲ့တာတဲ့ ၁၉၄၃ ခုနှစ် သြဂုတ်လ (၁)ရက်နေ့မှာ ပေးခဲ့တာပါတဲ့ အဲ့ဒီလွတ်လပ်ရေးကို ရခဲ့ပေမဲ့ တကယ်မလွတ်လပ်လို့ ရွှေရည်စိမ်လွတ်လပ်ရေးလို့လဲ ခေါ်တယ်ဆိုတာလဲ ဖတ်ရ
သိရတော့ အံ့သြရသေးတယ် လွတ်လပ်ရေးအတုပေါ့။

ခုတော့ ကလေးတွေက လွတ်လပ်ရေးနေ့ကို ဘယ်လိုနားလည်တော့မလဲ မသိပါဘူး။ ၁၉၄၈ ခု
နှစ် ဇန်န၀ါရီလ (၄)ရက်နေ့မှာ ရခဲ့တဲ့ လွတ်လပ်ရေးနေ့ကကော စစ်ရဲ့လား ဂျပန်ကပေးတဲ့
လွတ်လပ်ရေးက အတု၊ အင်္ဂလိပ်ကပေးတဲ့ လွတ်လပ်ရေးကကော ခုစစ်တယ်ပြောလို့ ရပါ့မ
လား တကယ်ကောလွတ်လပ်ရဲ့လား စကားပြောတဲ့အခါ စာရေးတဲ့အခါ ခရီးသွားတဲ့အခါ ရပ်
ကွက်လူကြီးရွေးတဲ့အခါ ကိုယ်ဝါသနာပါတာလေးလုပ်တဲ့အခါ ပညာသင်ကြားရတဲ့အခါ သီချင်း
ဆိုကြတဲ့အခါ အင်တာနက်သုံးကြတဲ့အခါ တကယ်ကောလွတ်လပ်တယ်လို့ပြောလို့ရပါ့မလား
တကယ်ကောလွတ်လပ်ပြီလား လူတွေနဲ့တူတဲ့လွတ်လပ်မှုကို ရောရရဲ့လား။

ဂျပန်ကပေးတဲ့လွတ်လပ်ရေး အင်္ဂလိပ်ကပေးတဲ့လွတ်လပ်ရေး နဲ့ ဗမာကပေးတဲ့လွတ်လပ်ရေး
နေ့ရယ်လို့များ တိုင်းရင်းသားတွေစိတ်ထဲ မှတ်လာတော့မလား။ ရုပ်သေးအစိုးရတဲ့ နယ်ချဲ့အစိုး
ရတဲ့ဖေါက်ပြန်သောဓနရှင်ကိုယ်စားပြုအစိုးရတဲ့ အိမ်စောင့်အစိုးရတဲ့ မဆလအစိုးရတဲ့ စစ်အစိုး
ရတဲ့ စစ်အစိုးရတွေက ကကော တကယ့်လွတ်လပ်ရေးပေးပါ့မလား လွတ်လပ်ရေးကို မြတ်နိုး
တဲ့တဲ့သူတွေကို ဖမ်းဆီးထောင်ချနှိပ်စက်နေသရွေ့ကော လွတ်လပ်ရေးဆိုတာရှိပါ့မလား လွတ်
လပ်ရေးနေ့ ဆိုတာကော ထပ်ပေါ်လာရဦးမလား ကိုချစ်ဖေတို့ နောက်လာနောက်သား ကလေး
တွေ မေးရင် ဘယ်လိုပြောရတော့မလဲ မသိ။






9 comments:

Nge Naing January 4, 2010 at 5:11 PM  

ကျွန်မကတော့ လွတ်လပ်ရေးပွဲကို ငယ်ငယ်တုန်းက ကျောင်းမနေခင်တုန်းကတောင် သတိထားမိတယ်။ နွားတွေ၊ ကြက်တွေကိုလည်း လွတ်လပ်ရေးနေ့ကျရင် တိုက်ဖို့ဆိုပြီး လေ့ကျင့်နေတာတွေ့ရတယ်။ အဲဒါတွေ အစ်ကိုတွေ အစ်မတွေက လွတ်လပ်ရေးနေ့မှာ အံစာတို့ ကြွေတို့ သွားပစ်ကစားကြလို့ ဘယ်လောက် ရှုံးလာတယ် ဘယ်လောက်နိုင်လာတယ် ဆိုတာ အမြဲကြားရတယ်။ ကျွန်မတို့ကတော့ ငယ်လို့ မသွားရဘူး။ ကျောင်းတက်တဲ့အရွယ် ရောက်တော့ ကျောင်းမှာ ဆရာဆရာမတွေက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောတိုင်း လွတ်လပ်ရေးအကြောင်းမပါရင် မပြီးတော့ ကျောင်းတက်တဲ့အခါမှာ လွတ်လပ်ရေးအကြောင်း ကောင်းကောင်းသိရတယ်။ အင်္ဂလိပ်တွေကို ကုလားဖြူလို့ ခေါ်တော့ ဖြူတယ်လည်း ပြောတယ်ကုလားလည်း ခေါ်သေးတယ်ဆိုပြီး ရီရသေးတယ်။ ကိုချစ်ဖေရေ ခုချိန်မှာ လွတ်လပ်ရေးရဲ့ အနှစ်သာရကတော့ တိုင်းပြည်တပြည်လုံး အချုပ်ထဲရောက်နေတာကို ကြည့်ပြီးပဲ သိနိုင်ပါတယ်။ ပြည်တွင်းမှာ မဟုတ်သေးဘူး ဘလော့ဂ် လောကမှာတောင် သိပ်မလွတ်လပ်ဘူး။ ကျွန်မ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပို့စ် တင်လိုက်တာ C-Box မှာ လာအဆဲခံရတယ်။

ဆောင်းယွန်းလ January 4, 2010 at 5:15 PM  

အကိုရေ..
လွတ်လပ်ရေးကို လွမ်းနေရရင်း လွမ်းနေရရင်းနဲ့ပဲ..အလွမ်းလွတ်လပ်ရေးကို တနှစ်ပြီးတနှစ်ဖြတ်ကျော်နေရပါပေါ့ဗျာ...
အကြိမ်မြောက်တွေလည်း တကြိမ်ပြီးတကြိမ်ပေါ့...

သတိရနေပါတယ်ဗျာ...

ရွှေရတုမှတ်တမ်း January 4, 2010 at 5:51 PM  

ကိုချစ်ဖေ နဲ့ ကိုကျောက် ..ဘာတော်သလဲမေးရင်
ညီအကိုတော်တယ်ဖြေဗျာ..ဘာလို့လဲဆိုတော့..ဖေ ချင်းတူလို့.. ဘလော့ထဲငြင်းရင် မရှုံးစေရဘူး...း)

ရီမိုးပြည့်  January 4, 2010 at 7:19 PM  

အစ်ကိုရေ..
ရီမိုးကတော့  လွတ်လပ်ရေးနေ့ ကိုမေ့ နေတာ ညရောက်မှပဲ သတိရတော့ တယ်.. အဲလိုနေ့ ဆို ရီမိုး တို့  လမ်းထဲမှာ ညဆို အခြောက်တွေ ကတဲ့ ပွဲ ရှိတယ်... အင်း.. ညက လွမ်းရင်း အိပ်ပျော်သွားတာပါပဲ။

Moe Cho Thinn January 4, 2010 at 8:04 PM  

လူနဲ့တူတဲ့ လွတ်လပ်ရေးရော ရရဲ့လား တဲ့။ ခေါင်းထဲမှာ question marks တွေ တပုံကြီး ဖြစ်သွားတယ်။ :)

ကလူသစ် January 5, 2010 at 4:13 AM  

အဝေးရောက်လွတ်လပ်ရေးနဲ့ ခံစားရတော့မှာပေါ့။ အထိုက်အလျှောက်တော့ လွတ်လပ်ပါလိမ့်မယ်။ အနီးရောက်မှ ခံစားချင်ရင်တော့ ခွိခွိ ငပိကျော်နဲ့ ဆေးပေါ့လိပ်နဲ့ပဲ နီးစပ်လိမ့်မယ်။

ဂျူနို January 8, 2010 at 11:11 AM  

လွတ်လပ်တဲ့သူများကြလည်း ဆေးရိုးလှန်းကောင်းနေပါတယ်။
မငယ်နိုင် ပြောတာကို သဘောကျမိပါရဲ့ ကိုချစ်ဖေ။

မအယ်ရေးတာတွေ လာဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။
ရေးတုန်းက ဖီလင်ထက် ကိုချစ်ဖေ ကော့မန့်ဖတ်ပြီးမှ နုံးခွေ သွားတော့တယ်။ မအယ်ရေးတာထက် ကော့မန့်က ပိုပြီး ထိထိမိမိ ကွင်းကွင်းကွက်ကွက် ပေါ်စေလို့။

မအယ်

ကိုလူထွေး January 9, 2010 at 3:26 AM  

ခေါင်းဖြတ်ကုလားတွေတော့ မသိဘူး...
ခေါင်းပုံဖြတ် လက်ဝါးကြီးအုပ်နေတဲ့သူတွေတော့ တနေ့ထက်တနေ့ ပိုပိုများလာတယ်ဗျ...

kiki January 18, 2010 at 7:40 PM  

ရွှေပြည်ကြီးမှာ လွတ်လပ်ချက်များကတော့ ပြောမဆုံးပေါင် ..ကိုချစ်ဖေ ရေ

သေတာတောင် လွတ်လွတ်လပ်လပ် မသေရရှာဘူး ။စရိတ် မရှိလို့  ဦးကျော်သူတို့ ရဲ့  နာရေးကူညီမှု အသင်းရဲ့  အကူအညီ နဲ့ ချရသူများ တောင် သင်းချိုင်းရောက်လို့  လွတ်လပ်သွားပြီ မထင်နဲ့  ဗျိုး ။။ နည်းမျိုးစုံနဲ့ ကို ရစ်နေတော့တာပဲလေ ။ ဘာထောက်ခံစာ လိုလို့  စောင့်ဦး ၊ ဟို စာရွက်လို လို့  သွားလုပ်အုံး နဲ့ အသုဘကြီးကတောင် ထိုင်ငိုလောက်တယ် ...
ဦးကျော်သူ တို့ အလုပ်ကိုတောင် ဝင်လုချင်သူများ ရှိနေကြတာ အံ့ပါရဲ့  ။

လွတ်လပ်မှ အမျှဝေပါ ဆိုရင်တော့ တခြားကမ္ဘာရောက်သွားကြသူများ ဘယ်သူမှ အမျှရကြတော့မယ် မထင်ပါ ။

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP