ပြေးခဲ့ခြင်းများ မနက်ဖန်
ပြေးခဲ့ခြင်းများ မနက်ဖန်
ငယ်ငယ်တုန်းက စာမရရင် ရိုက်တဲ့ကျောင်းမှာ မနေချင်ဘူး အမေ
သားကို မေမေစာသင်ပေးရင်လဲရ ရဲ့သားလို့.
နည်းနည်းကြီးလာတော့ ကျောင်းကပြေး…
အဖေကို မူဆိုလိုနီထင်လို့ အိမ်ကပြေး
အချစ်ကတော့ ကျနော့်ဆီက ပြေးတာပါအမေ…
အာဏာရှင်တွေကို ခုခံဖို့.
လွယ်အိပ်နဲ့ အမှန်တရားက လွဲလို့ဘာမှမရှိတဲ့ အခါ.
ထောင်ကတော့ မပြေးနိုင်ပါဘူး..အမေ.
အမေ့ရပ်ဝန်းလေးမှာ တ၀ဲလည်လည်.
အမေ့ကိုလှည့်ပတ်ပြီးလဲပြေးခဲ့တယ်..အမေ.
ပြေးပြီးရင်းပြေး မနားတမ်းပြေး မမောတမ်းတော့မပြေးနိုင်ပါဘူး အမေ
အမေ မရှိတဲ့အရပ်ဆီ အမေ့ကိုထားပြီးပြေး.
အမေမပါပဲ..
ကျနော်ဘယ်လို နားရမှာလဲအမေ..
အမေ့ထောင်ဝင်စာထုတ်လေး မစားရတော့ပေမဲ့..
သားအလှည့်မှာ..
အမေ့ကိုလဲ ထောင်ဝင်စာလေး မှန်မှန်မပို့နိုင်ပါဘူး..အမေ.
အခု
အမေကြိုက်တဲ့ လက်ဖက်ရည်လေး ဈေးတက်သွားပြီတဲ့..
အမေကြိုက်တဲ့ လက်ဖက်ရည်လေး ဈေးတက်သွားခဲ့ပြီ။ ။
မိုးစဲနေ
(၈.၁.၂၀၁၀) နံနက်
8 comments:
ကိုချစ်ဖေ အမေက ဘယ်မှာလဲ။ ညီအစ်ကို မောင်နှမတွေ သူငယ်ချင်းတွေဆီက တဆင့် ဆက်သွယ်ရင် ရနိုင်ပါတယ်။
အခုတော့ လက်ဘက်ရည်တွေ ထွက်ပြေးနေပြီပေါ့ လေ...း(
ဟုတ်တယ်ကိုလူထွေး လက်ဘက်ရည်တွေလဲပြေး အကြော်တဲလေးလဲပြေး အကုန်ပြေး...ပါပဲ..
မငယ်နိုင်ကျေးဇူးပါပဲ..
ပြေးပြေးပြေး
မနားတမ်းပြေးလိုက်ပါ ဦးချစ်ဖေ-----။
ကမ္ဘာလုံးကြီးပေါ်မှာ
ကိုယ့်နောက်က လိုက်နေတဲ့သူတွေကို မှီလာတဲ့တနေ့
သူတို့ ပြေးပြီး
ကိုယ်ကလိုက်နေတယ်လို့ နားလည်သွားမှာပါ----။
မေမေ့ကိုသနားသောအားဖြင့်
အမေ့ထောင်ဝင်စာထုတ်ကလေးလည်း
မစားချင်ပါနဲ့ တော့ဗျာ
သားအလှည့်မှာ အမေ့ကိုထောင်ဝင်စာလေးမပို့ နိုင်တောင်မှ
ငွေထုတ်ကလေးတော့ပို့ ပေးလိုက်ပါဗျာ-----။
စံချိန်သစ်တင်အောင်ပြေး...နဲနဲဝေးရင်ကားနဲ့ပြေး
အမေတွေအဖေတွေနဲ့စလာပြီးမှအချစ်နဲ့အဆုံးသတ်ထား
တယ်-ရေးတတ်လိုက်တာ-ကိုလူထွေးစီကတဆင့်ရောက်
ရှိလာသူပါ-ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
မနားတမ်းပြေး...မမောတမ်းတော့ မပြေးနိုင်ပါဘူး
ဒီလိုပဲ ပြေးနေခဲ့ရတဲ့ အချိန်တွေ
ကျောင်းပြေး
အိမ်ပြေး
ပြည်ပြေးနဲ့
နောင်ဆို စကြာဝဠာပြေးတောင် ဖြစ်ဦးမလားမသိဘူးဗျာ
ပြေးခဲ့ခြင်းများ မနက်ဖြန်ဆိုတော့ ..
မနက်ဖြန်တွေမှာရော ဆက်ပြေးနေကြရဦးမှာလား ..
Post a Comment