Friday, November 27, 2009

ကျနော်လွမ်းရတဲ့မြို့

ကျနော် လွမ်းရတဲ့မြို့

“ဟဲ့..ချစ်ဖေ သေနာကျ နင်ဒီနားမှာ ဘာလုပ်နေတာလဲ”

“ငါ ဘုရားလာတာလေဟာ. နင်ဘယ်တုန်းက ရန်ကုန်ရောက်လဲ.”

“ဟား..ဟားဟားဟား…”

“ဘာလဲဟ..ချီးပေ.ရဲ့ ”

“နင်နဲ့ ဘုရားနဲ့ ဘာဆိုင်လို့လဲ.ဟ”

“ဟ..ခုဆိုင်တယ်လေဟာ..နင်က ရီစရာလား..”

“ဟားဟား.နင် တော်တော်ပြောင်းလဲသွားသလို ထိပ်လဲပြောင်သွားပြီဟဲ့..”

“အောင်မယ်..နင်ကျတော့ နင့်အိမ်မှာ မှန်မရှိဘူးလား”

“ရှိတာပေါ့..ဟ ဘာဖြစ်လို့လဲ..”

“နင့်ဗိုက်ကြီး ဒီလောက်ပူနေတာဟာ..နင်လမ်းလျှောက်လာတာ ငါက အဝေးကနင်လို့မထင်လို့
ငါဒီဖက်ကို လျှောက်လာတာ ဘယ်က မိန်းမ၀၀ ကြီးလဲလို့ဟာ.”

“ဟဲ့..ငါက မျက်နှာလေးကတော့ အရင်လို လှတုန်းလေ..”

“နင့် မျက်နှာလေး.လှတာ ဘာသုံးလို့ ရမှာလဲ.ဟာ..”

“လုပ်ပြီ.သေနာ.ငယ်ငယ်တုန်းကလိုပဲ..ပေါက်ကရပြောချင်တုံး…”

“ဟဲ.နင့်ဆံပင်တွေက နက်လွန်းလှချည့်လား..“

“ဟားဟား..နင်သိသားပဲ ဒါမျိုးကြတော့.”

“သိတာပေါ့ဟ..ငါလည်း နင့်လိုပဲ လက်ကျန်ဆံပင်လေးကို နက်ထားရတာ”

“ချစ်ဖေ မသာကောင် နင့်က ငါ့ကိုသာပြောတာ နင့်ကျတော့ အရင် ၂ ဆလောက်ရှိတယ်..”

“အော..ငါအရင်က ၁၀၈ ပေါင် ခု ၁၆၀ ဟာ..လူသာဝလာတာပါ.သွေးတိုးကပါလာတယ်ဟ.”

“နင်အဆင်ပြေ တယ်လား..”

“ဟေ့အေး..သူလိုငါလိုပေါ့ဟာ.ငါက လူပဲဝတာဟ..ပါးတို့ ဘာတို့ မ၀ဘူး မတွေ့ဘူးလား..
အဲ့ဒီတော့ဟာ.ဘယ်လို အဆင်ပြေမလဲ.ထမင်းကြမ်းလေးပဲ ယပ်ခတ်စားမယ်ဟာ..အပူ
စာတွေ ငါညစ်မစားချင်ပါဘူး..ထုံးစံအတိုင်းစားတော့ စားရတာပေါ့.ဟာ.”

“အေး…နင်ကတော့ ကြီးပွားဦးမယ်”

“မကြီးပွားတော့ ဘာဖြစ်လဲဟာ..”

“နင့် မိသားစု နောင်ရေးရှိသေးတယ်လေ.ဟာ..”

“နင်ကတော့ လုပ်ပီ..ငါမိသားစု နောင်ရေးက နောင်ပဲ ဟာ..ငါတယောက်ထဲမှ မဟုတ်တာ..
အားလုံးပဲ အစိုးရမင်းများပေးမဲ့ ပင်စင်ရှိတာပဲ..”

“ဟားဟား…ဟား.နင် ငယ်ငယ်ကလိုပဲ..အတည်ပေါက်နဲ့ နောက်တတ်တုန်း..”

“ဟဲ့ချီးပေ.နင့်အမေတွေ အဖေတွေ နေကောင်းကြလား.”

“ဟဲ့ အမေဆုံးတာ ၅ နှစ်လောက်ရှိပြီ နင်မသိဘူးလား.”

“ဟေ့အေး..နင့်အဖေကော”

“အဖေကတော့ နေကောင်းပါတယ်.မြေးတွေနဲ့ အလုပ်ရှုပ်နေတာပဲဟ.”

“..နင်.ကလေးတွေကြီးပြီလား.”

“ဟဲ့..အကြီးမတောင် ဒုတိယနှစ် အင်္ဂလိပ်စာ တက်နေပြီ..”

“အော..ဒါဆို နင်မြေးချီရတော့မယ်..”

“သေနာ..”

“ငါနင့်မြေးတွေကို လာသင်ပေးမယ်..ဖွားဖွားချီးပေ.လို့ခေါ်လို့”

“ဟားဟား..အေး..ချီးပေ မျိုးဆက်ထောင်လိုက်မယ်.”

“ဟဲ့ သန်းသန်းဝင်းတို့ ခင်မာချိုတို့ကော.”

“သူတို့က အပျိုကြီးတွေပဲဟ..ခုထိ. သူ တခါတလေပြန်လာတယ်..သန်းသန်းဝင်းက ခု
အလယ်တန်းကျောင်းအုပ် ဆရာမကြီးဖြစ်နေပြီဟ.ခင်မာချိုက အထက်တန်းပြ သူကတော့
တို့ မြို့ပေါ်မှာပဲ.”

“အော်..သမျှောစရာကြီးဟာ…”

“ဘာသမျှောတာလဲဟာ..သူတို့ အဆင်ပြေပါတယ်.”

“ဟုတ်ဘူးလေဟာ..ယောက်ကျားမယူတော့ သမျှောစရာကြီးပေါ့.”

“ဟာ..လုပ်ပြန်ပြီပေါက်တတ်ကရ..သူတို့သိရင် နင့်ကို ၀ိုင်းဆဲနေမှာ”

“ဆဲ ဆဲ ဟာ.”

“တို့ဆယ်တန်းနှစ်က လင်နောက်လိုက်သွားတဲ့ မြင့်မြင့်မော်ဟာ.သိလား”

“အေး…”

“သူမြေးရနေပြီဟ..”

“ဟုတ်လားဟ.”

“အေးပေါ့ဟဲ့.နင်ကလဲ အနှစ်သုံးဆယ်လေ.ဟာ နင့်ကိုငါနောက်ဆုံးတွေ့တာတောင် ဆယ်နှစ်
ကျော်လောက်ရှိမှပဲ.”

“အေး..ခဏလေးလိုပဲဟာ..တချို့နှစ်တွေကျတော့လည်း ကြာလိုက်တာ..ချီးပေ ”

“ငါတို့ သူငယ်ချင်းတွေ ဆုံတိုင်း နင်တို့အကြောင်းတွေ ပြောဖြစ်ပါတယ်ဟာ..
နင်တို့ ကျောင်းဝမှာ ၀ဲဆေးရောင်းတာလေ..ကျောင်းဘောလုံးပွဲမှာ နင်တို့ကြေးစည်တလုံးနဲ့
အားပေးလို့.ဆရာကြီးခေါ်ဆူတာကော.စာကလေးဖမ်းလာပြီး ငါ့စာကလေးယူသွားပါဟာ.ပြော
ပြီး ရည်းစားစကား ပြောသလို နောက်တာတွေကော အစုံပါပဲဟာ..နင်က နဂိုက ပိန်ပိန်လေး
ဆိုတော့ တို့ စိတ်ထဲမှာ အဲ့လို
ပိန်ပိန်လေးရယ်ပဲ မျက်စေ့ထဲမြင်နေတာ.နင်.လည်း တို့မြို့ကို ပြန်လည်ဦးလေ.ဟာ.”

“အေး.ငါသူငယ်ချင်းတွေနဲ့ဆုံချင်တယ်..၀န်ထမ်းဆိုတော့ နင်သိတဲ့အတိုင်းဟာ.ငါပင်စင်ယူတော့မှပဲ.ပြန်လာနေဖြစ်တော့မယ်ထင်ရဲ့..”

“ဟဲ့..ငါမေ့နေလို့.. ငါ့ငယ်ချစ်ဦးလေး.မိချို တွေ့သေးလား..”

“သေနာ..ဒါကျတော့ မမေ့ဘူး..သူ့သားကြီးတောင် သင်္ဘောသားလားဘာလားမသိဘူး ဖြစ်နေပြီဟ..ရန်ကုန်မှာပဲ.နေတယ်.ငါတို့နဲ့ က သိပ်အခင်ကြီးမဟုတ်တော့ အဆက်ပြတ်
တယ်.”

“ဟုတ်လား..လွမ်းတယ်ဟာ..”

“နင့်က ဒီအရွယ်ကြီးနဲ့ လွမ်းရသေးလား.ငါမသောင်းညွန့်ကို တိုင်ပြောမယ်”

“နင်တိုင်ပြောလဲ မသောင်းညွန့် က ငါ့ကို မိဘအိမ် ကတော့ပွဲနဲ့ ပြန်အပ်ချင်နေတာ.နင်တိုင်ပြောလည်း သူက သ၀န်မတိုတော့ဘူး..ဟ.”

“ချစ်ဖေ ..တို့ငယ်သူငယ်ချင်း အောင်ဌေး ဆန်နီ ကျော်ထူး ၀င်းအေး ရဲနိုင် ကျော်ဝင်း အကုန်သေကုန်ပြီဟ.အကုန်ဖေါရှောနဲ့ပဲ..သောက်တယ်ဟာ နောက်ဖေါပြီးသေတာ.နင်တောင်
သေပြီမှတ်တာ.”

“သေနာမ..ငါက အမြဲမသောက်ဘူးဟ သောက်လိုက်ဖြတ်လိုက် အများကြီးလဲမသောက်နိုင်
တော့ဘူး.မိန်းကလေးတွေထဲကကော..”

“မိန်းကလေးတွေထဲက ခင်ခင်ဦးနင်သိလား.မြို့တဖက်ကမ်းက ဟယ်.သူသေတယ်.နောက် အေးမာသန့် သူလည်းသေတယ်.တို့ မိန်းကလေးတွေ သိပ်မသေဘူးဟ.သောက်မှမသောက်
တာ.ယောက်ကျားလေးတွေပဲသေတာ..ဟ”

“ဟုတ်လား..ငါသိတယ်.နှစ်ယောက်စလုံး.အေးဟယ်သနားပါတယ် ကလေးတွေလည်းကျန်ခဲ့
မှာပေါ့..”

“အေး”

“ဒါဆို မိန်းကလေးတွေ သေတဲ့နှုန်းများသွားအောင် နင်အားဖြည့်လိုက်ပါလား.”

“ဖေ- မသား..မသာ.ခွေးကောင် နမိတ်မရှိ နမန်မရှိ.”

“ငါကဟယ်..နင့်ကို မတွေ့တာကြာတော့ နင် အတော်ပြောင်းလဲသွားပြီမှတ်တာ.နင်က အရင်ကလိုပဲ.”

“အေး.ငါကရုပ်ပဲ ပိုချောလာတာဟ..ကျန်တာတွေမပြောင်းလဲဘူး..ဟားဟားဟား..”

“အောင်မယ်.နင့်ပုံနဲ့..အရှက်မရှိ..ဟားဟား..”

“ဟဲ့.တို့ ဒီတိုင်းကြီးရပ်ပြောနေကြတာ.တခုခု သွားစားရအောင် ”

“အေးသွားလေ.တော်သေးတယ် ကလေးတွေပါရင်.ငါတို့ကို မေတ္တာပို့နေလောက်ပီ.”

“အေး….”

“တို့ လက်ဖက်ရည်ဆိုင်မှာပဲ.တခုခု စားတာပေါ့.ဟာ..”

“အေး..”


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ထို ချီးပေခေါ် စိုးစိုးခိုင် နှင့် နောက်ဆုံး ဆုံခဲ့သည်
ပင် ၆ နှစ်ရှိခဲ့ပါပီ.သူလည်း သူ့မိသားစု ကိုယ်လည်းကိုယ့်မိသားစု ရုန်းရကန်ရ အလည်အပတ်
ခရီးလည်းမသွားနိုင်ကြ ကျနော်နှင့် သူ လက်ဖက်ရည်ဆိုင်မှာ ထိုင်၍ ဆရာဆရာမများ အ
ကြောင်း အခြားသူငယ်ချင်းတွေ အကြောင်းမြို့မှာ တိုးလာသောအဆောက်အဦများ အကြောင်း
ဆက်ပြော ဖြစ်နေသေးသည်။ ကျနော်တို့ ငယ်ဆရာ ဆရာမများ တချို့ကွယ်လွန်ကုန်ကြပီ.သူ
ငယ်ချင်းများ သည်ပင် တချို့ကွယ်လွန်ကုန်သွားပေပြီ အလယ်တန်းထဲက တခန်းထဲ ရင်းနှီးခဲ့
ကြတဲ့ သူငယ်ချင်းတွေ တကယ်ပဲ ပြောမနာ ဆိုမနာ ဆဲမနာ ငယ်ငယ်ထဲက စချင်သလို စ
နောက်ခြင်းအမျိုးမျိုးနဲ့ နောက်ခဲ့ကြသူတွေပင်။

ကျနော်တို့ သူ့ကိုနောက်ခေါ်သော ချီးပေသည်ပင်လျှင် ကျနော်တို့ခြင်းပြုံးစရာ အဖြစ်အပျက် ဟို တုန်းက သူစိတ်ဆိုးသည်။ နောက် စိတ်မဆိုးတော့ သူငယ်ချင်းများ ပျော်ပျော်ရွှင်ရွှင် စကြ
နောက်ကြခြင်းကို သူ စိတ်မဆိုး သူ ကျောင်းသို့အလာ ခွေးချေးပုံ နင်းမိရာမှ ထိုနာမည် တွင်
သွားသည်။ သူ့ကို စိတ်ဆိုးမှန်းသိလို့ ပိုစချင်သည်။ သူတကယ် စိတ်လဲ ဆိုးခဲ့သည်။

ကျနော်တို့က နောက်သူ့ကို “ နင် ဒီလို စိတ်ဆိုးရင် ငါတို့ နင့်ကို အဲ့လို မခေါ်တော့ပါဘူးဟယ်” လို့ တောင်းပန်သည် “နောက်ဆို နင့်ကို ချေပီး လို့ပဲခေါ်တော့မယ်” လို့ စပြီးပြေးသည်။ သူ့မိဘ
များက သဘောကောင်းသည်။ သမီးပျို ရဲ့သူငယ်ချင်း အနောက်အပြောင်တွေ ပေမဲ့ ခင်မင်ကြ
သည် စားချင်တဲ့ အချိန်ဝင်စားကြသည်။ သမီးကို ခေါ်၍ ခြံထဲဆင်းစကားပြောလဲ မဟန့်တား..
နောက် အကုန်အိမ်ထောင်ကျ ပြီးတော့မှ သူ့ အမေအဖေတို့ နှင့် ပြန်ဆုံလျှင် ပြောသည်။

“ချစ်ဖေ. ငါတို့က သမီးကို နင်တို့ အုပ်ထဲက တယောက်ယောက်နဲ့ ညားမယ် မှတ်နေတာ တ
ယောက်နဲ့မှလဲ မရကြဘူး” လို့ပြော သည်။ ကျနော်တို့ကလဲ ရင်းနှီးလွန်းတော့ နှမလိုဖြစ်သွား
တာလားမသိ သူတို့ကို ပိုးဖို့ ပမ်းဖို့ စိတ်ကူးထဲတောင် မရှိ မရှိလို့လဲ သူတို့အကူအညီနှင့် ပိုးပမ်း
ဖြစ် သောကောင်မလေးတွေပင် မနည်း။ ကျောင်းစာကို သိပ်စိတ်မ၀င်လှသော ကြီးပွားရေး ဇာ
တာ ပါပုံမရသော ကျနော်တို့ လူဆိုး ကျောင်းဆိုးများကိုလဲ ဘယ်အမျိုးကောင်း သမီးပျို က
ကော စိတ်ဝင်စားအံ့မည်နည်း။ ထိုချစ်လှပါသည် ဆိုသောကောင်မလေးများ သည်လည်း ခုချီး
ပေတို့လောက်ပင် ချစ်သည်ဟု မခံစားရတော့..

မည်သို့ပင် ဖြစ်စေ ငယ်ဘ၀ တို့သည် တရွေ့ရွေ့ကုန်သွားသည် အကြောင်းကြောင်းဖြင့် ငယ်သူ
ငယ်ချင်းများနှင့် ဝေးသွားသည်။ အခြားအရပ်ဒေသ တခုမှာ အခြားမိတ်ဆွေ သူငယ်ချင်းများ
ထပ်ပေါ်လာသည် သို့သော် ငယ်သူငယ်ချင်းတော့ မဟုတ် ကြီးသူငယ်ချင်းတွေ တယောက်နှင့်
တယောက် လေးစားချစ်ခင်ကြ သော်လည်း ခင်ဗျား ကျနော် ဟုတ်ကဲ့ ရှင် စသည်ဖြင့် တဦးနှင့်
တဦး ခေါ်ဝေါ်ကြ စကားပြောကြသည်။ “ကို ကကြီး ခင်ဗျားနေကောင်းလား” ဆိုတာနှင့် “ဟေ့
ကောင် က ကြီး.ချီးမှပဲ မင်းပုံက နေမကောင်းဘူးလား” လို့ မေးရတာခြင်းမတူ။

ထိုသို့သော ခေါ်ဝေါ်မှု ပြောဆိုနိုင်မှုကိုလည်း အခြားအရပ်ဒေသများမှ မရနိုင် ကျနော် ကျနော့်
ဇာတိမြို့လေးသို့ မရောက်ခဲ့သည်မှာ ကြာပါပြီ ခဏတဖြုတ်ပြန်ရောက်သော်လည်း ဧည့်သည်
နေ ဧည့်သည်သွား ကျနော်တို့ ငယ်ငယ်က ဂျင်ပေါက်ရာ စွန်လွှတ်ရာ ဘောကန်ရာ လေးခွ စမ်းသပ်ရာ ကျနော်တို့ တက်ခဲ့သောကျောင်း ကျနော်တို့ သူငယ်ချင်းတွေ စုရပ် လက်ဖက်ရည်
ဆိုင် တချို့ အရင်အတိုင်း တချို့ပြောင်းလဲသွား သည်မှာ နှစ်အတော်ကြာပီ။

အရင် အုံ့အုံ့ ဆိုင်းဆိုင်း ရှိခဲ့သော ကျောင်းရှေ့မှ သစ်ပင်ကြီးတို့ မရှိတော့ပြီ ကျနော်တို့ကို အ
မြင် မတော်တိုင်း ဆိုဆုံးမလေ့ရှိသော ဦးကြီး ဒေါ်ကြီးများ ကွယ်လွန်ကုန်ပြီ ချစ်ကြောက်ရိုသေ
ရသော ဆရာဆရာမများ တချို့ မရှိကြတော့ နှစ်ပေါင်းများစွာ ကြာမှ ပြန်ရောက်ဖြစ်သောအခါ
သူငယ်ချင်းများအားလုံး တပြိုက်နက် ရင်ရော်အိုမင်းသွားသလိုမြင်ရသည်။ သူတို့ကလည်း ကိုယ့်ကို အရွယ်ကျလိုက်တာ ပြောနေချိန် သူ့မှာလည်း ရှေ့သွားမရှိတော့ ငယ်ငယ်တုန်းက ဘယ် သောအခါမှ ထိုကဲ့သို့ ကိုယ်လုံးမျိုးကြီးဖြစ်လာလိမ့်မည် မထင်သော ဂီတာ ကိုယ်လုံး သ
ဏ္ဍာန် ကောင်မလေးများ မယုံကြည်နိုင်လောက်အောင် ပြောင်းသွားသည်။

ရပ်ကွက်ထဲက နပ်ချေးတွဲလောင်းနှင့် ကစားနေသော ကလေးများ သည်ပင် မိဘဆရာအသင်း
စည်းဝေးပွဲ ကပြန်လာသည် တဲ့ ရပ်ကွက်လူကြီးဖြစ်နေသည်။ ပြောင်းလဲမှု အမျိုးမျိုး ရင့်ရော်မှု
အမျိုးမျိုး ကြွေလင့်မှု အမျိုးမျိုးဖြင့် ပြောင်းလဲ သွားခဲ့ကြသော်လည်း ငယ်သူငယ်ချင်း တွေ က
တော့ မပြောင်းလဲ ခင်မင်မှုတွေ သာ ရင့်ရော်လာခဲ့သည်။ ငယ်သူငယ်ချင်းတွေကို တွေ့တိုင်း
ငယ်ဘ၀တွေကို ပြန်အမှတ်ရ ရင်ခုန်ရသည်။ ဘယ်လောက်ကြီးမားသည့် ရာထူးကြီးနှင့် ဖြစ်ပါ
စေ ငယ်ဘ၀တွေလို ဆက်ဆံရဲသည်။ ငယ်သူငယ်ချင်းများကြားမှာ ခြားနားထားသော စည်း
များ မရှိ ခြားနားထား သည် ဆိုလျှင်လဲ ငယ်သူငယ်ချင်းလို့ ကျန်သူတွေက သပ်မှတ်တော့
မည်မဟုတ် ပေ။

အခြားအခြားသော အရပ်ဒေသ တို့တွင် ရင်းနှီးမှု အမျိုးမျိုး ချစ်ခင်လေးစားမှု ယုံကြည်စိတ်ချ
နားလည်ပေးမှု အမျိုးမျိုးနှင့် မိတ်ဆွေကောင်း သူငယ်ချင်းကောင်းများ ရနိုင်သောလည်း ငယ်
သူငယ်ချင်းများလို ကိုယ်က ဆက်ဆံလို့မရ ငယ်သူငယ်ချင်းကတော့ ကြိုက်နှစ်သက် သလို ဆက်ဆံပြီး စိတ်ဆိုးသွားခဲ့လျှင်ပင် နောက်နေ့ မနက်စောစော အိမ်ရှေ့သွားပြီး လက်ဖက်ရည်
သောက်ရအောင်ကွာ ဆိုတာနှင့် အားလုံးကျေအေးပြီး ဖြစ်သည်။ ထိုငယ်သူငယ်ချင်းများ နှင့်
အတူနေထိုင်ခွင့် ရကြသူတွေ ဘယ်လောက် ကံကောင်းကြပါသလဲ။ ထို သူငယ်ချင်းများ ရှိရာ
ဇာတိမြေ ကို အခြားဘယ်နေရာမှ ရှာလို့ ရနိုင်တော့ပါမည်လည်း ကျနော် စဉ်းစားနေမိသည်။

ခုနေ ကျနော့်သူငယ်ချင်းတယောက်ကို အားရပါးရ ဆဲဆို၍ ကျောကို လက်မောင်းကို ထိုးပစ်
လိုက်ချင်သည်။ သူတို့၏ သားသမီးများ မြေးလေးများကို ဆွဲယူပွေ့နမ်း ပစ်ခွင့်ရချင်သည်။ငယ်
ငယ်တုန်းက ကစားခဲ့ရာ နေရာအနှံ့ ငယ်သူငယ်ချင်းများနှင့် လမ်းလျှောက်ရင်း အမှတ်တယ
ပြန်ပြောနေချင်သည်။ ထိုနေ့ မနက်စာဖြစ်ဖြစ် ညနေစာဖြစ်ဖြစ် ကြုံရာ ငယ်သူငယ်ချင်း အိမ်တ
အိမ် အိမ်မှာ ကြုံရာဟင်းဖြင့် ၀င်စားပစ်လိုက်ချင်သည်။ သီတင်းကျွတ်ကာလနှင့်ကြုံလျှင် ကျ
နော်တို့ အပေါ် စိတ်ညစ်ခဲ့ရသော ဆရာမ ဆရာ တဦးဦး ခြေကို ဦးခိုက်၍ ကန်တော့ခွင့်ရချင်
သည်။

ဒီနေ့ည ကျနော့်မြို့လေးကို ကျနော့်သူငယ်ချင်းများကို ကျနော်ပြန်လွမ်းနေသည် ကျနော်က အ
ဝေးမှာ။ မြို့လေးကကော ကျနော့်ကို လွမ်းပါ့မလား မသိ။

6 comments:

ဆောင်းယွန်းလ November 27, 2009 at 8:35 PM  

လူတိုင်းကိုယ်စီမှာ လွမ်းရတဲ့ ငယ်သူငယ်ချင်းတွေနဲ့ မြို့ကလေး ရွာကလေးတွေ ကိုယ်စီရှိနေကြမှာပါပဲဗျာ..
ဒါပေမယ့် ကျနော်တို့အလွမ်းကမှ ပိုနေသလိုလို....
ဒီညလည်း လွမ်းစရာရှိတာ လွမ်းလိုက်ကြရအောင်ဗျို့

Nge Naing November 27, 2009 at 10:11 PM  

ကိုချစ်ဖေရေ မွေးရပ်မြေကို ပြန်မရောက်တာ ကြာပါပြီ။ ကြာဆို ထွက်လာကတည်းကပဲ ၂၁ နှစ်တောင် ကျော်နေပါပြီ။ ဒါကြောင့်မို့ မွေးရပ်မြေကို ပြန်တွေးမိတိုင်း ကြားမှာ ဖြတ်သန်းလာတဲ့ ကာလတွေက မွေးရပ်မြေနဲ့ ဘာမှ မသက်ဆိုင်တော့ ကိုယ့်ကိုယ်ကိုယ် အသက် ၂၁ နှစ် ပြန်ငယ်သွားသလို ခံစားရတယ်။ အသက် ၄၀ ပတ်ဝန်းကျင်မှာ သေကြတယ် ဆိုတာတော့ စောလွန်းတယ်ထင်တယ်။ ဒီလောက်အသက်မတိုသင့်ဘူး။ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်သင့်ပါတယ်။

ကိုလူထွေး November 28, 2009 at 2:05 PM  

ကိုချစ်ဖေကြီး ပြောမနာ ဆိုမနာ သူငယ်ချင်းနဲ့ အပြန်အလှန်စကားပြောဟန်ကို ရေးပြထားတာ ပျော်စရာကောင်းတယ်ဗျာ...

ဖောရှောသွားတဲ့ သူငယ်ချင်းတွေအကြောင်း ကြားရတာတော့ စိတ်မကောင်းစရာပဲ...

ကိုချစ်ဖေကြီးလည်း လျှော့ဗျာ...း)
(ခင်လို့သတိပေးသလိုလိုနှင့် ဆရာဝင်လုပ်သွားသည်)

းဝ)

k November 29, 2009 at 1:14 AM  

ကိုချစ်ဖေရေ

ကျနော်အခုမှပဲ ကိုချစ်ဖေဘလော့ကို တက်ဖတ်နိုင်တော့တယ်။ ကမ့်တခုထဲမှာ အင်တာနက်သုံးရတာဆိုတော့ နဲနဲ ခက်ခဲသဗျာ။
ကိုချစ်ဖေရဲ့ လွတ်လပ်တဲ့ ပြောဟန်ဆိုဟန်အရေးအဖွဲ့ကို အားကျလိုက်တာမှဗျာ။
ငယ်ဘ၀ကို မငယ့်တငယ်ဘ၀တွေကို ချက်ချင်းပြန်ရောက်သွားတယ်။
ဒီလိုပေါ့ပေါ့ပါးပါးနဲ့ ဘ၀ကို ပြန်လည်လွမ်းဆွတ်ရတာ ချမ်းမြေ့ဖို့လဲကောင်း တမ်းတဖို့လဲ ကောင်း၊ လွမ်းဆွတ်ဖို့လဲ ကောင်း။
နောက်အမြဲတမ်းလာလည်မယ်ဗျာ။
စာငယ်သူငယ်ချင်းသာ ဖြစ်လိုက်ချင်စမ်းပါဘိတော့။

ကိုချစ်ဖေ November 29, 2009 at 6:05 AM  

ကို k ခင်ဗျား ကမ့်ထဲက ဆိုတော့ သူငယ်ချင်းတွေ အမျိုးတွေပါပဲဗျာ.တနေရာစီ မှာကြီးပြင်းခဲ့ကြပေမဲ့ ယုံကြည်ချက်တူသူခြင်းမို့ တလမ်းထဲ တမြို့ထဲ တကျောင်းထဲ နေခဲ့ကြတဲ့
ငယ်သူငယ်ချင်းတွေလိုပါပဲဗျာ.ဗမာတပြည်လုံးကို ကျနော်တို့ ကိုယ့်အိမ် ကိုယ်ယာမှတ်ခဲ့ကြ တာပဲမဟုတ်လား..ကျနော်လည်း နို့ဘိုးကမ့်ထဲထွက်ပါပဲ.

Anonymous,  November 30, 2009 at 4:55 AM  

ဟုတ်ပ ဟုတ်ပ ကိုကြီးချေဖစ် ရ...

ဗမာတပြေလုံး ကိုယ့်အိမ်ကိုယ်ယာမှတ်ကြသူတွေ ..... အော်... တနေ့ နေ့ တော့ တွေ့ ကြအုံး(ဦး)မယ်(မည်)ပေါ့လေ။ အဲဒီတနေ့ ကို စောင့်နေတာမဟုတ်၊ အဲဒီတနေ့ ကိုရောက်ဖို့  သွားနေတာဖြစ်တယ်။ ။ ။

တောက်

(တောက်= တောက်ခတ်သံ )
ဒင်းတို့ နဲ့  ကျိန်းသေတနေ့  တွေ့ ဦးမည်ပေါ့လေ

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP