Wednesday, November 18, 2009

စစ်အစိုးရ အကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ(၉)













စစ်အစိုးရ အကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ(၉)


ကျနော် တို့ပုသိမ်ထောင်သို့ ရွှေတွင်းတူး ရဲဘက်စခန်းနှင့် တူးမြောင်းကျောက် ထုတ်လုပ်ရေး ရဲဘက်စခန်းမှ ရဲဘက်အကျဉ်းသားများ ရောက်လာသည်။ ရွှေတွင်းတူး ရဲဘက်စခန်း မှရဲဘက်
များ မကြာခဏ အကြောင်းအမျိုးမျိုးဖြင့် ရောက်လာတတ်သော်လည်း တူးမြောင်းကျောက် ထုတ်လုပ်ရေးစခန်းမှ ရဲဘက်များက လာလေ့ လာထမရှိ။ ကျနော်တို့ဆီကို ရောက်လာတော့ အံ့သြ ရသည်။

ဘာကြောင့် ကျနော်တို့ ထောင်သို့ ပို့လွတ်ခဲ့သနည်းတော့မသိ။ တကယ်ဆို မြောင်းမြအကျဉ်း
ထောင်နှင့် နီးသည်။ မြောင်းမြအကျဉ်းထောင်သို့ လည်း ပို့သည် ဟုသာသိရသည် တကယ်
ရောက်မရောက်တော့ မသိ။ ကျနော်တို့ ထောင်ကိုတော့ တကယ်ရောက်လာ ပါ သည်။ ထိုအချိန်က ၁၉၉၂ ခုနှစ် မိုးဦးကျ ကာစ။ ကျနော်ထောင်ကျပြီး ယက္ကန်းအလုပ်ရုံတွင် အလုပ်
ဆင်းနေသည့်ကာလ။

တူးမြောင်းရဲဘက်စခန်းဟု ခေါ်ဆိုသော်လည်း တကယ်က ကျောက်တန်းလေး ရွာအနီးမှာ ဖြစ်
သည်။ ထိုစခန်း သည် လိုင်းစခန်း အလတ်စား လိုင်းစခန်း လည်းဖြစ်သည်။ ရန်ကုန်မြို့မှ မူးယစ်ဆေးဝါးမှု့ဖြင့် ထောင်ကျလာသောသူ များကို လဒ်စား၍ ထိုရဲဘက်စခန်း သို့ ပို့လွှတ်ပေး
သည်။ ထိုရဲဘက်စခန်းသို့ ရောက်လာသောသူများမှာ ငွေကြေးတတ်နိုင်သော မူယစ်ဆေးဝါး
သုံးစွဲမှုဖြင့် ထောင်ကျလာကျသော လူငယ်လေးများ က အများစု ။ ထိုစခန်း တွင် ထိုကဲ့သို့ ငွေ
ယူ၍ ပို့လိုက်သော လူငယ်အများစု သို့သော် စခန်းတွင် အလုပ်လုပ်ကြရသည်။

ထိုကျောက်တန်းလေး ရွာသည် မြောင်းမြမြို့နယ် တွင်းရှိသည်။ ပင်လယ်နှင့် မဝေးတော့ ရေငံ
ထိစပ်သည့် ရေငန်သည့်ရွာ ဖြစ်သည်။ ရွာတွင်ရေချို ရှားသည်။ ရေချိုကို မိုးရေ တွင်းရေများ
မှ သာရသည်။ ထိုဒေသ သို့ ကျောက်ထုတ်လုပ်ရန် အတွက် ရဲဘက် အကျဉ်းစခန်း ဖွင့်လှစ်ခဲ့
ခြင်း ဖြစ်သည်။ ဖွင့်လှစ်ပြီး သုံးလလောက် အကြာတွင် ရေရှားပါးမှု အစားအသောက် ဆင်းရဲ
မှု အလုပ်ပင်ပမ်းမှု ဒါဏ်များကြောင့် အကျဉ်းသားများ မိုးဦးကျ ကာလတွင် ၀မ်းရောဂါ ဖြစ်
သည်။

ရောဂါဖြစ်ပွား မှုက မြန်သည်။ စခန်းထဲတွင် ရဲဘက်အကျဉ်းသား အင်အား (၂၄၀) မှာ နှစ်ပါတ်
အတွင်း လူ (၉၀) မပြည့်တော့ ကျနော်တို့ ထောင်သို့ လူ (၄၀) မြောင်းမြထောင်သို့ လူ (၅၀) ပို့လွှတ် စရာ လူကျန်သည်။ မြောင်းမြဆေးရုံသို့ လူ(၃၀) လောက်တင်နိုင်သည်။ ကျန်သူများ
မှာ သေဆုံးသွားသည်။ လူတ၀က်လောက်သေဆုံးခြင်းဖြစ်သည်။

ထိုရဲဘက် အကျဉ်းသားများ ကို အချိန်မှီ ဆေးရုံသို့ မပို့နိုင် စဖြစ်ဖြစ်ခြင်း အကျဉ်းစခန်းတွင် ဆေး မလုံလောက် သို့သော် လူအများမှာ အတူနေ အတူစားကြရသော ကြောင့် ရောဂါကူး
စက်ရန် လွယ်ကူသည်။ နဂိုထဲက အစာရေစာ ငတ်မွတ်မှု အလုပ်ပင်ပမ်းမှု ရာသီဥတု ဆိုးရွားမှု
ဒါဏ်တွေ ကြောင့်လူများက ခံနိုင်ရည်မရှိ ။ ထိုအခါ ကူးစက်ရောဂါဆိုးကြီးကို ခုခံစရာ ခံနိုင်
ရည် မရှိတော့။ ဖြစ်ပြီး တပါတ်အတွင်း လူအမြောက်အများ သေဆုံးကုန်သည်။

ကျန်သူများကိုလည်း ဆေးရုံသို့ အချိန်မီမပို့ နိုင် ဆေးရုံအချိန်မှီ ရောက်သော်လည်း ဆေးဝါး မရှိ။ ထိုလူတွေမှ မသေလျှင် ဘယ်သူတွေ သေမည် နည်း။ တကယ်ဆို ဆေးရုံကို အပို့ ပြခြင်း
သာ။ ဆေးရုံမပို့မီ သေဆုံးသူများက တ၀က်နီးပါး ထို့ကြောင့် စခန်းကိုပါ ပိတ်၍ လက်ကျန် အ
ကျဉ်းသား ဖိုးကံကောင်းများကို မြောင်းမြနှင့် ပုသိမ်ထောင်သို့ ခွဲပို့ လိုက်ကြခြင်းဖြစ်သည်။

ရဲဘက်စခန်းကို ငွေကြေးယူ၍ ပို့လွှတ်ခြင်း ဖြစ်သော်လည်း (ထိုသို့ လိုင်းစခန်းများ ကိုရောက်ဖို့
မလွယ်ကူပါ) သာမာန်အကျဉ်းသားများ လာနိုင်သော ရောက်နိုင်သော နေရာမဟုတ်သော်
လည်း ရောက်ရှိလာသော အကျဉ်းသားများကို အထွေထွေ မပြည့်စုံမှုများဖြင့် ၀မ်းရောဂါ ဆိုးကြီးက လက်ကမ်းကြိုဆို ခဲ့သည်။ သို့မဟုတ် သေမင်းက မျက်စေ့ကျခဲ့သည်။

ထိုနေ့က ကျနော်ရုပ်ရှင်တွေထဲမှာ မြင်ဘူးသော နာဇီစစ်အကျဉ်းထောင်များထဲမှ ဂျူး အကျဉ်း
သားများကို အပြင်မှာ သံခြေကျင်း အပိုဆောင်း ထားသော မြန်မာ ရဲဘက်ပြန်အကျဉ်းသားများ
အဖြစ် မြင်ဘူးလိုက်ရသည်။ ထို ကျောက်တန်းလေး စခန်းရဲဘက်ပြန်များ သည် လမ်းကိုလှုပ်
လီလှုပ်လဲ့ ပဲလျှောက်နိုင်သည်။ တကိုယ်လုံး ယားနာများပြည့်နေသည် မျက်တွင်းနက်နက် ပါးရိုးနားရိုးကျ အရိုးပေါ်အရေတင် လူများအဖြစ် မြင်ရခြင်းပါ။

သူတို့ရှေ့မှာ တဖြုတ်ဖြုတ်ကြွေသွားသော အတူနေရဲဘက်များ အပေါင်းအသင်း သူငယ်ချင်း
များ ကို မယုံကြည်နိုင်လောက်အောင် အံ့သြထိပ်လန့်မှုဖြင့် အိပ်မက်ဆိုးကြီးထဲမှ လမ်းထ
လျှောက် လာခဲ့ကြရလိုမျိုး တကိုယ်လုံးယားနာ ပေါက်သည်ဆိုခြင်းမှာ ပြည်အရွဲရွဲဖြင့် နေရာ
လပ်မရှိအောင် ပေါက်နေခဲ့ခြင်းကို ဆိုလိုပါသည်။ သူတို့အနီးမှဖြတ်သွားစဉ် အနာများမှ ထွက်
လာသော သွေး ပြည် အညီအပုပ်နံ့များ ပျံ့လွင့်လာသည်။ သူတို့သည် စိတ်ဓါတ်ကျခြင်း ယူ
ကြုံးမရ ခံစားနေရခြင်း ငတ်မွတ်ဆင်းရဲခြင်း ရှက်ရွံအားငယ်ခြင်းတို့ ခံစားနေရသည်။

ထိုသူတို့ ထဲမှ အများစု သည် မူးယစ်ဆေးစွဲလာသော လူလတ်တန်းစား ပညာတတ်အလွှာမိ
သားစု အထက်တန်းမိသားစု တို့မှ လည်းဖြစ်သည်။ သို့သော်သူတို့ ဘ၀တွေအကြောင်းကို မ
ပြောကျတော့။ ကျနော်တို့ အဆောင်သို့ ခွဲတန်း လူ(၂၀)ခန့် ရောက်လာသည်။ ထုံးစံအတိုင်း
အိမ်သာဝန်းကျင်တွင် နေရာချထားပေးသည်။ သူတို့ကလည်း ကြိုက်နှစ်သက်ပါသည်။ အ
ဘယ့်ကြောင့်ဆိုသော် ထို ၀မ်းရောဂါဆိုးကြီးဘေးမှ လွတ်မြောက်လာခဲ့သော်လည်း ၀မ်းကိုက်
ဝေဒနာ ကိုယ်စီခံစားနေရသောကြောင့် ဖြစ်သည် ထိုအခါ အိမ်သာသို့ ဝေးဝေးလံလံ မသွားရ
တော့။

ကျနော်တို့ အခန်းမှာ သူတို့အပါအ၀င် လူ(၁၀၀) ခန့် ဖြစ်သွားသည်။ ယခင်ကတည်းက အိမ်
သာ တလုံးထဲကို မျှသုံးနေရခြင်းဖြစ်ရာ ထိုဝမ်းကိုက် ဝေဒနာသည် ရဲဘက်ပြန်များ ရောက်
လာသော အခါ သူတို့ အဖွဲ့က နေရာဦးထားသလို ဖြစ်လာသည်။ သူတို့ အဖွဲ့က နေရာအ
ပြည့်ယူထားသည်။ သူတို့လူနှင့် အဆက်မပြတ်တော့ ကျနော်တို့ နှစ်ကြီးသမားတွေက အကျင့်
ဖြစ်နေသည်က တန်းဖွင့်ပြီးမှ အိမ်သာကို တက်သည့် အကျင့်ကြောင့် ပြဿနာမဖြစ်သော်
လည်း အိပ်ယာနိုး အိမ်သာသွားတတ်သူများအတွက် ပြဿနာကြီး ပါသည်။ အိမ်သာရှေ့တွင်
တသီတတန်းကြီး တန်းစီနေတော့ သည်။

နောက် သောက်ရေ ပြဿနာ သောက်ရေကို နှစ်ကြီးသမားတွေက ကိုယ်စီ ပလပ်စတစ်ပုလင်း
များပလပ်စတစ်ပုံးများဖြင့် သယ်ယူလာပြီး သီးသန့်သောက်ကျသော်လည်း အများစုမှာ အပြင်
၌ ချထားသော လေးဆယ်ဝင်အိုး နှစ်လုံးမှ ရေကို ပလပ်စတစ်ခွက်ဖြင့် ခပ်သောက်ကျရသော
ကြောင့် ခွက်ကို အများသုံးထားသောကြောင့် သောက်လိုသော် ရေအိုးထဲသို့ နှစ်ခပ်ကြရသည်။
ထိုအခါ ရောဂါကူးစက်မှုများက စလာသည်။ တော်တော်များများ ၀မ်းကိုက်လာကြသည်။

အကျဉ်းသားများ စွန့်ထားသော ကျင်ငယ်ကိုလည်း ဥယာဉ်တောင်ယာတာဝန်ကျအကျဉ်းသား
က ခွက်ဖြင့်ခပ်၍ စိုက်ပျိုးထားသော ကိုက်လံ မုန်လာ မုံ့ညှင်း များကို လောင်းသောကြောင့် ဟင်းသီးဟင်းရွက် စားသုံးမှုများမှလည်း ရောဂါကူးစက် သည်များလည်း ရှိနေပါမည်။ ကျနော်တို့ ဆောင်မှာ ရော အခြား သူများအဆောင်မှာရော ၀မ်းကိုက်သူ ယားနာပေါက်သူများ များ လာသည်။

ထိုရဲဘက်ပြန် အကျဉ်းသားများသည် ညဖက်တန်းဖွင့်ချိန်တွင် စုပေါင်းသီချင်းဆိုကြရာ တွင်
တော့ သူတို့က ဆိုတတ်သည်။ အားလုံးက မူးယစ်သမားများဖြစ်ကြ ၍ လားမသိ။ သူတို့ အုပ်စု
များသည် အထွေထွေ နိမ့်ကျမှုများ ကြုံနေကြရသော်လည်း ထောင်စကားဖြင့် ဂိ ဖြစ်နေသော်
လည်း အခြားသူများ ထံမှ တောင်းခြင်း မလုပ်ကြပါ။ အရင်ရောက်နှင့်နေသည့် အကျဉ်းသား
များက ပေးနိုင်သည်များကို လိုအပ်သလောက် ခွဲပေးကြသဖြင့် သူတို့ ရကြသည်။ သူတို့ အုပ်စု
၏ ထူးခြားချက်မှာ လူနည်းနည်းစီလျှော့သွား ခြင်းကို အစက သတိမထားမိ။ သူတို့ အုပ်စုထဲမှ
ကျနော်နှင့် ခင်နေသော တယောက် မတွေ့၍ မေးကြည့်သောအခါမှ လွန်ခဲ့သောသုံးလေးရက်
က ညနေပိုင်း အပြင်ဆေးရုံ ထုတ်သွားသည်။ ထိုညကဆုံးသွားကြောင်းပြောပြပါသည်။

ထိုလူငယ်လေးသည် သဘောကောင်းသည် သီချင်းဆိုကောင်းသည် ယဉ်ကျေး သိမ်မွေ့သည်
သူမိသားစု အကြောင်းကျနော်မေးသော်လည်း မပြော ကျနော်က သူ့ကို ခင်သည်။ သူကို စားဖို့
ဟင်း ဆေးလိပ် ပုံစံပုဆိုး အကျီများကို ပေးလျှင် သူတယောက်ထဲ မသုံး သူ့သူငယ်ချင်းများနှင့် မျှသုံးသည်။ သူက သူတို့အုပ်စုထဲက သီချင်းဆိုကောင်းသူများထဲက တယောက် သူကစိုင်းထီး
ဆိုင်ရဲ့သီချင်းများကို အဆိုများသည်။ သဘာဝရဲ့ ရင်သွေးငယ် သီချင်းက သူ့အကြိုက်သီချင်း။

သူရုတ်တရက် ပျောက်သွားလို့ မေးကြည့်တော့သေဆုံးသွား ကြောင်းပြောပြသည်။ ကျနော်က သူသေဆုံးလိမ့်မည် မထင် သူ လမ်းလျှောက်နိုင် စကားပြောနိုင်သည် မနက်ဖက်နေရောင်ခြည်
လာလျှင် သူနေပူဇာ လှုံနေတတ်သည်။

ကျနော်က သူ့ကို မတွေ့သဖြင့်မေးသောအခါမှ သူသေသွားသည်မှာ သုံးလေးရက်ရှိသွားပြီ။ သူ
သေဆုံးပြီးမှ သူ့အိမ်က အမေနှင့်အမ လိုက်လာသည်။ သူတို့ကား နှင့် သူတို့ လာသူများ သူအ
လောင်းကို ခြေကျင်းသွားဖြုတ် ပေးသော သူက ကျနော့်သူငယ်ချင်း မောင်စိုး သူခြေကျင်းသွား
ဖြုတ်တော့ ထိုလူငယ်လေး၏ အမေနှင့် အမကို တွေ့ရခြင်းဖြစ်သည်။ ကောင်းမွန်စွာ သဂြိုလ်
ပြီး မှ ပြန်သွားကြသည်။ ပိုက်ဆံအကုန်အကျ အတော်ခံသွားသည်။ သူ့နောက်ကြောင်းသည်
ဘာလို မျိုးဖြစ်ခဲ့သည် ကိုတော့ ကျနော်မသိ။

ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ ထိုလူငယ်လေးသည် လူစင်စစ်ဖြစ်၍ သူ၏ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့်
ထောင်ဒါဏ် ကျခံလာရခြင်း သာဖြစ်သည်။ ထိုလူငယ်လေးကို နောင်ကျဉ်အောင် ဒုက္ခကို အ
စားထိုး နှိပ်စက်သည် ဆိုလျှင် သေလောက်အောင်တော့ ဒုက္ခ မပေးသင့်ပေ။

မောင်စိုးကတော့ သေဆုံးသူများ ခြေကျင်းကိုဖြုတ်ပေးနေကျ ရဲဘက်သွားရမည့် အကျဉ်းသား
များကို ခြေကျင်းတပ်ပေးနေကျ ကြာပီ။ ကျနော့်သူငယ်ချင်း ခင်ဝင်းအောင် ထောင်(၇)နှစ်ကျ
ပြီး ထိုခြေကျင်းဘုတ်တွင် လုပ်ရသည်။ အလုပ်တာဝန်ချထားသည် သူကပန်းပဲသမားဖြစ်၍ ထို
နေရာသို့ ချထားခြင်းလည်း ဖြစ်သည်။ သူက ပန်းပဲလည်း လုပ်ရသည်။ ခြေကျင်းပြင်ခြင်း ခြေ
ကျင်း တပ်ဖြုတ်လုပ်ခြင်းတို့ သူတို့လုပ်ရ၍ ထောင်ထဲကနေ အပြင်ဆေးရုံသို့ လွဲပြောင်းပေးရ
သောအချိန်တွင် ဘယ်သူကို အပြင်ဆေးရုံထွက်သွားပြီကို သူတို့သိသည်။

ထိုလူငယ်လေး ခြေကျင်းဖြုတ်ချိန်က မောင်စိုးတယောက်သာရှိပြီး ကျနော်နှင့် မောင်စိုး မရင်း
နှီးသေးသောကြောင့် မသိ။ အပြင်ဆေးရုံကို ထုတ်သည်ဆိုသည်မှာ လည်းလွယ်လှသည်တော့
မဟုတ်ထောင်ကျသို့ အချူပ်တာဝန်ခံ ထောင်မှုးလက်မှတ် ထောင်ဆရာဝန်လက်မှတ် ထောင်
ပိုင်ကြီးလက်မှတ်လိုသည်။ ထောင်မှုး ထောင်ပိုင်များက တာဝန်ခံသော်လည်း ထောင်ဆရာဝန် မှ အပြင် မထုတ်သင့်ပါ ဘူးဆို ဘာမှမတတ်နိုင် ထောင်ဆရာဝန်၏ သဘော ထို့ကြောင့် ထောင်ဆေးရုံမှ အပြင်ဆေးရုံသို့ ထုတ်ယူဖို့က မလွယ်။

ထောင်ဆရာဝန်က သေဆုံးခါနီးလူမမာကို သာ အပြင်ထုတ်စေသည်။ ထိုသူသေဆုံးလျှင် အပြင်ဆေးရုံမှာသေဆုံးကြောင်း သက်သေပြရန်ဖြစ်သည်။ သူနှင့်အဆင်မပြေလျှင် သေခါနီး
နာရီပိုင်းအလိုမှ အပြင်ဆေးရုံထုတ်ခွင့်ပြုသည်။

ကျနော် စစ်အစိုးရ အကျဉ်းထောင်အတွင်း နေထိုင်စဉ် ယုတ်မာမှု ရက်စက်မှု လူမဆန်မှု ရမ်း
ကားစော်ကားမှု အနိုင်ကျင့်နှိပ်စက်မှု ပေါင်းစုံကို ကိုယ်တိုင်လည်းကြုံခဲ့ရ၍ အခြားသူများအပေါ်
ပြုမူကျင့်ကြံသည် များကိုလည်း ကြုံခဲ့ရသည်။ ရာဇ၀တ်သားထဲမှ တကယ့်ကမ်းကုန်အောင် ဆိုး
သွမ်း ရက်စက် ယုတ်မာသူများကိုလည်း တွေ့ဖူးပါသည်။ သို့သော် ထို အကျဉ်းထောင် ဆ
ရာဝန် ဒေါက်တာ ခင်မောင်ဝင်းလောက် ဆိုးသွမ်းယုတ်မာ သူကို မတွေ့ဘူးပါ။ ကျနော်နှင့် ပု
ဂ္ဂိုလ်ရေး အဆက်အစပ်မရှိပါ သူပေါ်ပုဂ္ဂိုလ်ရေးမုန်းတီးမှု မရှိပါ လူမဆန်မှု ယုတ်မာကောက်
ကျစ်မှု များကိုသာ တင်ပြချင်ပါသည်။ ထိုသို့ပြောမှသာလျှင် သေဆုံးသွားသူ ထိခိုက်နစ်နာသူ
များ အပေါ်တွင် ပြောခွင့်ရသော ကျနော် တာဝန် တစိတ်တဒေသ ကျေမည် ဟု ယူဆပါသည်။

ကျနော်နှင့်အတူ ထောင်ကျဖက် များ ကိုမေးကြည့်ပါက သိနိုင်ပါသည်။ ရဲဘက်စခန်းသို့ မ
လိုက်ပါလိုပါက ထိုဆရာဝန်က ရဲဘက်လိုက်ရန် ကျမ်းမာရေးအခြေအနေ မရှိ လုပ်ပေးလို့
ရသည်။ ထိုအခါလဒ်စားသည်။ လဒ်မရလျှင် ကျမ်းမာရေးအခြေအနေအရ ဘယ်လောက်ပင်
ဆိုးသည် ဖြစ်စေ လိုက်ပါခွင့်ပြုသည်။

ကျနော်အချူပ် အကျဉ်းသား ဘ၀က ဆေးခန်းလိုက်ခြင်း နှင့်ထောင်ဆေးရုံအကြောင်း ကျနော်
ပြောချင်သည်ဟု ကျနော်ပြောခဲ့ပါသည်။ မနက်စောစော ဆေးခန်းလိုက် ရမည့်သူများသည်။ မ
နက် တန်းဖွင့်ပြီးသည် နှင့် ဆေးခန်းရှေ့မှာ (၂) ယောက်တွဲ တန်းစီစောင့်နေရသည် ဆရာဝန် မ
လာမှီ မနက် (၈)နာရီ ခွဲလောက်မှာ အချူပ်ရုံးထွက်များနှင့် အတူ ထမင်းစားရုံသို့ သွားစား ရ
သည် ပြန်လာ လျှင် ဆေးခန်းရှေ့မှာ ဆက်တန်းစီရသည်။

ဆရာဝန် မလာမခြင်း ဆက်စောင့်နေရသည် ဆရာဝန်က မနက် (၁၀) နာရီဝန်းကျင်မှာ လာ
သည် ဆေးခန်းသို့ လာသည့် လူနာများကို ဆေးရုံ ဘုတ်ကိုင် တန်းစီးက နာမည်ခေါ် ပေးသည်
ထိုတန်းစီး သည် ဆရာဝန်၏ လက်ရင်းလူမိုက် လည်းဖြစ်သည် တောက်တိုမယ်ရလည်း ဖြစ်
သည်။ ထောင်ဆေးရုံသို့ ပိုက်ဆံပေး၍ တက်သော လိုင်းလူများ စားဖို့ ဆေးရုံရိက္ခာ စားဖိုမှုး
လည်း ဖြစ်သည်။ ထောင်တွင်း ထိုနေရာရဖို့ မလွယ် သူမှာ စားပေါက်တွေ တော်တော်ရှိသည်။

ထိုနာမည် ခေါ်ပေးသော တန်းစီးသည် ဆေးခန်းသို့ ရောဂါ လာပြသော သူများကို မကျေနပ်ပါ
က အကြောင်းရှာ၍လည်း ရိုက်နိုင်သေးသည်။ ထိုသို့ သဘောဆိုးဆိုး လူမိုက်ကို ဆက်ဆံရေး
မကောင်းသော လူမိုက်ကို ထားခြင်းဖြင့် ဆေးခန်းသို့ လူနာများ မလာစေရန် ဖြစ်သည်။ သို့သော်
ထောင်တွင်းတွင် ဆရာဝန် ခွင့်ပြုချက်မပါ ပဲ မည်သည့် အင်္ဂလိပ်ဆေး မှ မိမိတွင်ထားခွင့်မရှိ
မိလျှင် တိုက်ပိတ်ခံရမည်။

ဘာမီတွန် တလုံးနှစ်လုံးတွေ့ရုံနှင့် တိုက်သုံးလလောက် ပိတ်ခံရနိုင်သည်။ ထောင်အခြေအနေ
ပေါ်လည်း မူတည်သည်။ ထို့ကြောင့် ကိုယ့်ဘာသာ မဆောင်ထားရဲ။ ဆေးခန်းကို ပြပါကလည်း
ဆေးသုံးလေးမျိုးသာ ပေးသည်။ နေမကောင်းလျှင် ပါရာစီတမော နှင့် ဘာမီတွန် ၀မ်းကိုက်လျှင်
မက်ထရိုနှင့် ကလိုရိုဖီနီကော ၀မ်းသွားလျှင် သာရာဆပ် ဆေးသုံးလေးမျိုးကို ပဲပေးသည်။
တနေ့စာပဲ ပေးသည်။ နေ့စဉ်တန်းစီရသည်။

ဘာရောဂါဖြစ်ဖြစ် ထိုဆေးသုံးလေးမျိုး သို့သော် မေးတော့မေးသည်။ မင်းအိမ်က ဘယ်တော့
ထောင်ဝင်စာ လာမလဲ ထောင်ဝင်စာလာလျှင် ဆေးဘိုးတတ်နိုင်လား။ ခုမင်းဆေးဖိုးပေးနိုင်
လား ထောင်ထဲမှာ ပိုက်ဆံ မကိုင်ရပေမဲ့ ပွဲစားဆေးရုံ တန်းစီးသို့ ငွေပေးလျှင် ဆေးထိုး ပေး
သည်။ ဆေးထိုးပေးသည်ဆိုသည်မှာ တခါသုံးအပ်မဟုတ် တခါသုံးအပ်နှင့်သုံးလိုသော် ဈေးတ
မျိုး အမှန်တကယ် နေမကောင်းသောသူများမှာ တန်းစီစောင့်ရခြင်း ပုံစံ ထမင်းဟင်းသာ
စားရခြင်းများ ရှိသော်လည်း ပိုက်ဆံပေး၍ ဆေးရုံတက်ကြသော သူများမှာဆေးရုံပုံစံပို
ကောင်းသော ထမင်းနှင့် ဟင်းကို စားရနိုင်သည်။

(ဆက်လေပါဦးမည်)

9 comments:

yawnetthan November 19, 2009 at 12:41 AM  

မျှော်နေပါတယ် ကိုချစ်ဖေရေ့။

Anonymous,  November 19, 2009 at 2:14 AM  

I like to read this very much.
Always waiting to read.
Thanks a lot for your's sharing.

မဆုမွန် November 19, 2009 at 2:15 AM  

စိတ်မကောင်းခြင်းများစွာနဲ့ ပို့စ်လေးကို ဖတ်ပြီး စိတ်ထဲ တော်တော်ထိခိုက်မိတယ်...အမေ့ခံအကျဉ်းသားတွေ ဘ၀တွေကို ရေးပြပေးလို့ကျေးဇူးတင်တယ်..လူမဆန်မူတွေက လွတ်မြောက်ဖို့ ပိုပြီး တာဝန်တွေကြိးလာတယ်လို့မြင်မိတယ်..

Anonymous,  November 19, 2009 at 2:16 AM  

Carry on! Everytimes... waiting for reading yours.

tatto November 19, 2009 at 8:39 AM  

ညီလေး လာဖတ်သွားပါတယ်

ကဗျာဦး November 19, 2009 at 2:07 PM  

အစ်ကိုချစ်ဖေ
အစ်ကိုတိုးဆီမှာမန့်ခဲ့တဲ့ ပုရှကင်ရဲ့ ဆိုက်ဗေးရီးယားကဗျာလေးကိုပဲ
ထပ်မန့်ခဲ့ပါတယ်။

ဆိုက်ဗီးရီးယားသို့
လေးလံလံ သံခြေကျင်းများ ပြုတ်ကျရမယ်
ထောင်တွေပြိုလဲကျရမယ် လွတ်လပ်ခြင်းဟာ
သင်တို့ကို တံခါးဝက ဝမ်းပန်းတသာ ကြိုနေမယ်
ညီနောင်များက သင်တို့ကို ဓါးတွေပြန်နှင်းကြမယ်

Nge Naing November 19, 2009 at 2:28 PM  

အကျဉ်းသားတွေရဲ့ ဘ၀ကို တင်ပြပေးလို့ အခုလို သိခွင့်ရတာ ကျေးဇူးတင်ပါတယ်။ ဒီလို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်နေတာ မြန်မာပြည်မှာ အကျင့်သားရနေပြီထင်တယ်။ ထောင်သွင်းအကျဉ်းကျ ခံနေရတဲ့ သူတယောက်ရဲ့ ကျန်းမာရေးက သက်ဆိုင်ရာက ပဲတာဝန်ယူရမှာ ဖြစ်တယ်။ မတရားဘူးထင်လို့ တရားပြန်စွဲလို့လည်း မရနဲ့ တခြားနိုင်ငံမှာ သာမာန်မဟုတ်တာတွေအားလုံး မြန်မာပြည်မှာ သာမာန်ကိစ္စတွေ ဖြစ်နေကုန်ပြီ။

Ko Oo November 19, 2009 at 5:41 PM  

ရောက်ပါတယ်ခင်ဗျာ။ ကျနော်တို့ဆီ လာလည်သွားတဲ့အတွက်ရော လင့်ဂ် လုပ်ပေးထားအတွက်ပါ ကျေးဇူးပါပဲ။

ဆောင်းယွန်းလ November 20, 2009 at 8:22 PM  

ထောင်တွင်းအတွေ့အကြုံတစိတ်တဒေသကို အမှတ်(၉)
ရောက်မှပဲ လာဖတ်ဖြစ်တယ် ကိုတင်နိုင်ထွန်းရေ..
အရင်အဟောင်းတွေကိုပြန်ဖတ်ဖို့လည်း ကြိုးစားပါဦးမယ်ဗျာ.....

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP