Wednesday, May 26, 2010

ကိုယ်ထူကိုယ်ထ

ကိုယ်ထူကိုယ်ထ
ကိုချစ်ဖေ ငယ်ငယ်ထဲက ကိုယ်ထူကိုယ်ထ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး အများစု
ပေါင်း စကားလုံးကို ကြားဖူးလာတာခဲ့တာပါ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ(စစ်တပ်ပါတီ)
ခေတ်မှာ မွေးလာခဲ့သကိုး အစိုးရက လုပ်ပေးရမဲ့အလုပ်တွေကို မလုပ်ပေးနိုင်တဲ့အခါ ကိုယ်
ပြည်သူပြည်သားတွေသာ စုပေါင်းပြီးအမြဲလုပ်ရသကိုးဗျာ။

ခုတော့ ကိုချစ်ဖေတို့လဲ ကိုယ်အားကိုယ်ကိုး စကားလုံးအဓိပါယ်ကို တော်တော်သဘော
ပေါက်နေကြပီလေ။ အဲ့ဒီတော့တွေးကြည့်မိတာပါ အစစကိုယ့်အားကိုယ်ကိုးနေကြရတဲ့
သူတွေဆိုတော့ အားလုံးကိုယ့်အားကိုယ်ကိုးကြရင်ဘယ်လိုနေမလဲလို့ပါ ကိုချစ်ဖေ ဥာဏ်
မှီသလောက်လေးနဲ့တွေးကြည့်တာပါ မြန်မာပြည်သူပြည်သားတွေအနေနဲ့ အလုပ်အကိုင် ခက်
ခဲလာတဲ့အခါ အလုပ်အကိုင်တည်ရှိရာကို ကိုယ်ထူကိုယ်ထပဲ သွားလုပ်ကြရတာပဲ လမ်းပမ်း
ဆက်သွယ်ရေးမကောင်းတဲ့အခါလဲ ကိုယ်ထူကိုယ်ထပဲ လမ်းဖေါက်ကြရတာပဲ စာသင်ကျောင်း
တွေမှာလဲ ကိုယ်ထူကိုယ်ထပဲ အစိုးရဆေးရုံတွေမှာလဲ ကိုယ့်ဆေးနဲ့ကိုယ်ပဲ ဆေးရုံဆရာ ဆ
ရာမတွေ ကိုယ်ထူကိုယ်ထ မလုပ်ရတာပဲကျေးဇူးတင်ရသေး။

ဟော ဟိုတလောက ပြည်ပရောက် အဝေးရောက်မြန်မာပြည်သားတွေက အများစုပေါင်းပြီး
ကိုယ်ထူကိုယ်ထ မြန်မာနိုင်ငံသားတွေကို အကူအညီပေးနေတဲ့သူတွေကို “ပြည်သူဂုဏ်ရည်”
ဆိုပြီး ဆုပေးကြ ဂုဏ်ပြုကြရသေး အစိုးရက အသိအမှတ်မှမပြုတာကိုး ဒီတော့လဲ မြန်မာပြည်
သားတွေထဲက စုပေါင်းပြီးအသိအမှတ်ပြု အားပေးကြရတာကိုးဗျာ။ ဒီတော့ အစစ အစိုးရနဲ့အ
ပြိုင်လုပ်ကြရတာမဟုတ်လား ဟို အဝေးရောက်ညွန့်ပေါင်းအစိုးရ ဆိုပြီး အစိုးရတောင် အပြိုင်
ရှိသေး အဝေးရောက်ညွန့်ပေါင်းအစိုးရက လဲ ကိုချစ်ဖေတို့ ပြည်သူပြည်သားတွေကို ဘာမှထိ
ထိရောက်ရောက် အကူအညီပေးနိုင်တာမျိုးမရှိတော့လဲ မထူးခြားလှပါဘူး မနေနိုင်တဲ့သူတွေ
က အစိုးရလုပ်ရမဲ့အလုပ်တွေကို လိုက်လုပ်ကြရတာပေါ့ဗျာ။

ဒီကြားထဲ မြို့ထဲမှာတမျိုး နယ်စပ်တွေမှာတသွယ် အမျိုးမျိုးနှိပ်စက်နေတဲ့ တပ်မတော်ဆိုတာ
ကြီးကိုလဲ အပြိုင်ကိုယ်ထူကိုယ်ထ စစ်တပ်တခုလုပ်ပြီး နှိပ်စက်မှုတွေလျှော့သွားအောင် နှိပ်
စက်မှုတွေရပ်သွားအောင် ကိုယ်ထူကိုယ်ထပဲ အံတုကြ လုပ်ကြရတော့မလိုပါပဲဗျာ (ပြောသာ
ပြောရတာကိုချစ်ဖေကိုလဲ ကိုယ်ထူကိုယ်ထအကြမ်းဖက်သမား စာရင်းသွင်းလိုက်ရင်ဒုက္ခ)
ကိုချစ်ဖေကတွေးကြည့်တာပါ ခုတော့ လက်ခံခံမခံခံ မြန်မာနိုင်ငံသားတွေအနေနဲ့ ကိုယ်ထူ
ကိုယ်ထပဲလုပ်နေကြရတာဆိုတော့ ဆက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ပဲ ကိုယ့်အားပဲကိုယ်ကိုး
ရတော့မှာပဲထင်ပါတယ် အစိုးရဆိုတာတွေကိုမှ အားကိုးလို့မရပဲနော။

ဒီတော့ အစိုးရမလုပ်နိုင်တာတွေကို ကိုယ့်ဘာသာ ကိုယ်ထူကိုယ်ထလုပ်ကြရတော့ ပြည်သူ
ပြည်သားတွေအနေနဲ့ အစိုးရဆိုတာကြီးတောင် တကယ်ဆိုသိပ်မလိုတော့သလိုပဲ သူတို့မလုပ်
ပေးရင်လဲ ကိုယ်ထူကိုယ်ထ ရဲတို့ မီးသတ်တို့ လုပ်ကြရတော့မဲ့ပုံပါပဲ ဘယ်တတ်နိုင်မလဲပေါ့
အားလုံးလုပ်နေကြရမှပဲ ခုတလော ရေရှားတော့လဲ မနေနိုင်တဲ့သူတွေကပဲ လုပ်ကြရတာပဲမ
ဟုတ်လား အသုဘစရိတ်စက ကြီးမားလာတော့လဲ ကိုကျော်သူတို့ပဲ ကိုယ်ထူကိုယ်ထ အလှု
ငွေတွေနဲ့ သင်္ဂြိုလ်ကြရတာပဲမဟုတ်လား။ တချို့ကတော့ ဒါတွေက လူမှုရေးလုပ်ငန်းတွေပါ ဘာညာပြောကြတာပဲ ပြည်ပမှာလဲ အလုပ်သမားအခွင့်အရေးအတွက် အခြင်းခြင်းကိုယ်ထူ
ကိုယ်ထရိုင်းပင်းကြတော့လဲ အဝေးရောက်အစိုးရမင်းများက ဘာများကူညီလို့လဲဗျာ အလုပ်
သမားဝန်ကြီးဆိုတာကြီးတော့ရှိတာပေါ့။

သြ.ကိုချစ်ဖေလဲ ပြောချင်တာတွေ ဘယ်ရောက်သွားပါလိမ့် ဒီလို အားလုံးကိုယ့်ဘာသာကိုယ်
လုပ်ကြရတဲ့အတူတူ ဟိုမျှော်ဒီမျှော်မမျှော်ပဲ အစစအရာရာ ကိုယ်အားကိုယ်ကိုးကြမှပဲ အောင်
မြင်တော့မယ်ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတော့ ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ရေး ဒို့အရေး လုပ်ကြရပြန်ကော ဒေါ်အောင်ဆန်းစုကြည်မလွတ်သော်လဲ ဒေါ်
အောင်ဆန်းစုကြည်လုပ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်နှစ်သက်တဲ့ အရာတွေ ဆက်လုပ်ကြ
ရင်ပိုကောင်းမလားလို့ပါ။ အဘဦးဝင်းတင်တို့လို ဆရာကြီးလူထုစိန်ဝင်းတို့လို လမ်းပြကြယ်ဦး
အေးမြင့်တို့လို ကိုမင်းကိုနိုင်တို့ ၈၈ကျောင်းသားတွေလို မစုစုနွေးလို မဖြူဖြူသင်းတို့လို ပြည်
တွင်းမှာလုပ်နိုင်သူတွေ များလာရင် ပိုကောင်းသွားမယ် တဖက်ကလဲ ကိုယ်ထူကိုယ်ထ တပ်မ
တော်တခုလဲတည်ထောင်ကြ မြန်မာပြည်သူတွေကို ဒုက္ခပေးတဲ့သူတွေကို ပညာပေးကြရင် တ
နေ့နေ့တော့ ကိုချစ်ဖေတို့ ပြည်သူပြည်သားတွေ အတွက် ပိုမိုကောင်းမွန်တဲ့ ပိုမိုလွတ်လပ်တဲ့
ပိုမိုတရားမျှတတဲ့ လူ့အဖွဲ့စည်းတခုတော့ဖြစ်လာမလားလို့ တွေးမိတာပါ။

ဒါနဲ့ ကိုချစ်ဖေလဲ သူငယ်ချင်းတယောက်ကို ပြောပြတော့ သူက အင်တာနက်ကြီးကိုကောတဲ့
မြန်မာမှာဘယ်လိုလုပ်မလဲတဲ့ ကိုယ်ထူကိုယ်ထ ဂြိုလ်တုတခုငှါးကြရမလား ဘာလား ကိုချစ်
ဖေလဲ လက်လှမ်းမမှီတော့ သိတဲ့သူတွေလဲ ပြောပြပါဦး တဖက်က နည်းပညာကို သူတို့တွေ
လဲ အကုန်မပိတ်နိုင်တော့ သတင်းတွေဘာတွေဆို ခုတော်တော်များများ မြန်မာပြည်သူတွေက
သိနိုင်လာကြတာတော့အမှန်ပါပဲ။ အဲ့ဒီလို သူတို့ အစိုးရမင်းများ မပိတ်ပင်နိုင်တဲ့ အံတုနိုင်တဲ့ အလုပ်တွေ သူတို့ အမိန့်နဲ့ အာဏာနဲ့ ဖိအားနဲ့ လုပ်လို့မရတဲ့အလုပ်တွေများလာရင်တော့ တ
နေ့နေ့မှာ သူတို့ထက်အားကောင်းတဲ့ ကိုယ်ထူကိုယ်ထ အစိုးရတခု ဖြစ်လာမလားပဲဗျာ။ တွေး
ကြည့်တာပါ။ ကိုချစ်ဖေဥာဏ်တထွာတမိုက်ကယ်ရယ်နဲ့ပေါ့ဗျာ။

Read more...

Thursday, May 20, 2010

ကိုချစ်ဖေအတွေး

ကိုချစ်ဖေအတွေး

ကိုချစ်ဖေခုတလောမှ စဉ်းစားမိနေတာပါ ကိုယ်က တောသားဆိုတော့ တောသားလိုတွေးမိ
နေတာလဲ ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ သဘောချင်းမကိုက်ရင် မကိုက်တာရှိမှာပေါ့ ဒီလိုပါ ကိုချစ်
ဖေ တို့ မွေးထဲက မဆလ စစ်အစိုးရခေတ်မှာ မွေးလာခဲ့တော့ စစ်အစိုးရရဲ့ မတရားမှုမမျှတမှု့
တွေကို တဆင့်ကြားရော မျက်မြင်ရောနဲ့ စုံနေအောင်တွေ့တာပေါ့ဗျာ ဒါပေမဲ့လဲ အဲ့ဒီတုန်းက
အပူက သိပ်မပူသေးပေမဲ့ အေးရာကနေပူလာတာဆိုတော့ ပူသပေါ့ဗျာ စစ်အစိုးရတွေ မ
ကောင်းကြောင်းပြောကြတာဆိုကြတာ အိမ်မှာ ရပ်ကွက်ထဲမှာ ကြုံရင်ကြုံသလို လူကြီးတွေ
ပြောတာကြားနေရတာပေါ့။ အဲ့ဒီတုန်းက ပူကြောင်းပြောနိုင်ကြသေးတယ်ဗျ ခုတော့ ပြောဖို့နေ
နေသာသာဗျာ အားလုံးက အပူဆိုတာရိုးရာထုံးစံလို ကျနော်တို့ မြန်မာနိုင်ငံသားတွေက ဖြစ်
လို့။

အားလုံးက တညီတညွတ်ထဲ တအိမ်တယောက်ထွက် သူများနိုင်ငံမှာ သူများခိုင်းရာမျက်နှာ
ငယ်လေးနဲ့သွားလုပ်ကြရတာကိုပဲ ဂုဏ်လေးတခုလိုဖြစ်နေသလားလို့လဲ တွေးမိပါတယ်။ ဘာ
ဖြစ်လို့လဲတော့ ကိုချစ်ဖေလဲမသိ ကျိန်းသေတာကတော့ အရပ်ဒေသကို စွန့်ခွာကြရသူတွေ
သန်းနဲ့ချီရှိလာတာပါ နည်းနည်းနောနောလူအုပ်ကြီးမှတ်လို့ အဲ့ဒီလူအုပ်ကြီးထဲ ကိုချစ်ဖေလဲပါ
လာခဲ့တာပေါ့.ဒီတော့ဗျာ အများနည်းတူ အိမ်ကိုလွမ်းတာ မြို့လေးကိုလွမ်းတာ ရွာကိုလွမ်းတာ
ဘာညာသာဓကာတွေလဲ ရှိလာရတာပေါ့ဗျာ။ တနေ့တနေ့ သန်းနဲ့ချီတဲ့ လူအုပ်ကြီးက ကိုယ့်
ဇာတိမြေကို သတိရနေကြတယ်(ချွင်းချက် တချို့ကတော့ အဝေးမှာပိုကောင်းတဲ့နေရာမှာပျော်
ပါတယ် အစထဲကလဲ ဇာတိမြေရဲ့ တန်ဘိုးကို နားမလည်ကြလို့ပဲ သဘောထားပါတယ် ဒါမှမ
ဟုတ် ကိုချစ်ဖေ တုံးတာအတာလဲ ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ) ဆိုရင် အဲ့ဒီအလွမ်းဟာ အကြီးကြီးပါ။

အိမ်ကနေ သားရှိရာ သမီးရှိရာကို ချို့ချို့ငဲ့ငဲ့နဲ့ လွမ်းနေကြတဲ့ မိဘတွေကလဲ သိန်းချီနေမှာပါပဲ
လူဆိုတာ တန်ဘိုးရှိရှိမရှိရှိ ကိုယ်တန်ဘိုးထားရာဟာ ကိုယ့်အတွက် အရေးပါတာ အရေးကြီး
တာပါပဲ။ ကိုချစ်ဖေ ရွာမှာတုန်းက မိုးတွင်းညနေဖက် ရွက်လှေလေးနဲ့မြစ်ရိုးမှာ လှိုင်းစီးရင်း
တောအရက်လေးနဲ့ သူငယ်ချင်းတယောက် ၂ယောက်နဲ့ စကားစမြည်ပြော လတ်လတ်ဆပ်
ဆပ်အမြည်းလေးနဲ့ ဇိမ်ကိုကျနေတာဟာ ကိုချစ်ဖေအတွက် တန်ဘိုးကြီးတာပါပဲ။ အသွားရေ
စီးနဲ့မျှောချင်ရာမျှော အပြန်မုတ်သုန်လေနဲ့ ရွက်တိုက်ပြန် ရွာနားကဈေးမြို့လေးမှာ ဈေးဝယ်ပြန်
လို့ရသေးသပေါ့ဗျာ။

အော ဘယ်ရောက်သွားပါလိမ့် ဒီလိုပါ တပြည်လုံးက လူတွေ စီးပွားရေးမပြေလည်တော့ ပြေ
လည်ရာပြေလည်ကြောင်းရိုးရိုးပါပဲ နီးစပ်ရာ နိုင်ငံတွေမှာ ထွက်အလုပ်လုပ်ကြရတာကိုပြောပါ
တယ် တော်တော်များများကတော့ မသွားချင်ပဲသွားကြရတယ်ထင်ပါတယ်ဗျာ အဲ့ဒီလို ထွက်ခွါ
ရသူတွေ တနေ့ထက်တနေ့လဲ များများလာနေဆဲပါ။ အားလုံးသိကြတဲ့အတိုင်း စစ်အစိုးရအ
ဆက်ဆက်က ပြည်သူတွေကိုဒုက္ခပေးခဲ့တာကို ပြောတာပါ။

ကိုချစ်ဖေတို့ ငယ်ငယ်က ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ မဆလ စစ်အစိုးရကို တခဲနက်တ
ပြည်လုံးကနေ ဆန့်ကျင်ကြတော့ အော်ကြတာပေါ့ဗျာ “ဒီမိုကရေစီရရှိရေး ဒို့အရေး ဒို့အရေး”
လို့ အားရပါးရကိုအော်ခဲ့ကြတာ မြို့တိုင်းမြို့တိုင်း တပြည်လုံးအုံးအုံးကျွက်ကျွက် ကိုဖြစ်လို့ လွတ်လွတ်လပ်လပ်မနေကြရသူတွေဆိုတော့ ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ ပြောဆိုခွင့်
ရေးသားခွင့် စုရုံးခွင့် စီတန်းဆန္ဒပြခွင့် အစိုးရကိုလဲဝေဖန်ခွင့် (ကိုချစ်ဖေကတော့ ရပ်ကွက်လူ
ကြီးတွေကို ခံပြောနိုင်ခွင့်)ရှိတယ်ဆိုတော့ သဘောကျလို့အော်ခဲ့တာပါ အော်တာမှ ထောင်
တွေတန်းတွေပါကျလို့..။ အဲ့ဒီလွတ်လပ်ခွင့်တွေလဲ ကျနော်တို့ရွာမှာ မရခဲ့ပါဘူးဗျာ။ ဒါပေမဲ့လဲ
ရလိုရငြားတော့ တခါတခါထထတောင်းကျတာပဲဗျ ကိုချစ်ဖေလဲ အားပေးပါတယ် အားလဲရပါ
တယ်။ ဒါပေမဲ့လဲ အဲ့ဒီ ဒီမိုကရေစီကြီးက မရခဲ့ပါဘူးဗျာ။

အဲ့ဒီတော့ ကိုချစ်ဖေစဉ်းစားလာမိတာက ဒီမိုကရေစီဆိုတာ စာရွက်နဲ့ ကြေငြာချက်ထုတ်ပြီး
တောင်းတောင်း ပါးစပ်နဲ့ လူသိရှင်ကြားထွက်အော်တောင်းတောင်း ရပါ့မလားလို့ အဲ့ဒီလို
တောင်းတိုင်းပေးပါ့မလားလို့ စဉ်းစားမိတာပါ။ ဒီမိုကရေစီဆိုတာ တောင်းယူရတဲ့ ဟာမျိုးလား
ဘာညာစဉ်းစားမိတာပါ။ တချို့ကတော့ ကျင့်စဉ်တဲ့ ဘာညာတဲ့ပြောကြတာပဲဗျ။ အဲ့ဒါများဟုတ်
လေသလားလဲ စဉ်းစားပါတယ်။ နီးတော့နီးစပ်သား ဒီလိုဗျ ကိုချစ်ဖေ ဒီမိုကရေစီအတောင်း
လွန်သွားတော့ အိမ်ကို ၅ နှစ်ကြာမှပြန်ရောက်တယ်ဗျာ။ အိမ်ပြန်ရောက်တော့ အမျိုးတွေ သူ
ငယ်ချင်းတွေ ဆရာဆရာမတွေနဲ့ ကိုယ့်ရွာသူရွာသားတွေကို နှုတ်ဆက် တချို့ ကိုယ့်ထက်အ
သက်ဝါကြီးသူတွေ လိုက်တွေ့နှုတ်ဆက်တာပေါ့။ အဲ့ဒီမှာ ကိုချစ်ဖေရဲ့အမေဘက်က အမေ့အ
ကိုအကြီးဆုံး (ခုတော့ကွယ်လွန်သွားပါပြီ) က ငယ်ငယ်တုန်းက ကိုချစ်ဖေလိုပဲ စပ်စပ်စပ်စပ်
ဟိုပါဒီပါထင်ပါတယ် သူက တောတွေဘာတွေလဲခိုဘူးသဗျာ နောက်ဖဆပလအစိုးရက အရှင်
မိလို့ ထောင်ကျခဲ့သေး။

ဒါပေမဲ့ ဦးလေးက ဒီဖက် ခေတ်မှာ မဆလ န၀တခေတ်မှာ ဘယ်အဖွဲ့အစည်း ဘယ်နေရာမှမ
ပါတော့ဘူးဗျ သူတို့ခေတ်က တပ်ကနေတောခိုကြတာ ရဲဘော်သုံးကျိတ်ဝင် ဗိုလ်ဇေယျ (အခု
ကလေးတွေသိတဲ့ ရာဇာနေ၀င်းတို့ ဟေမာနေ၀င်းတို့ အိန္ဒြာကျော်ဇင်တို့ရဲ့ အဖိုး)တပ်နဲ့ပါသွား
တာ။ တောခိုမှန်းလဲမသိဘူးဆိုပဲ တောထဲရောက်မှ “ငါတို့တောခိုလာပီ အစိုးရကို လက်နက်
ကိုင်ပြန်တိုက်မယ် မင်းတို့နေချင်လဲနေနိုင်တယ် ပြန်ချင်ရင်လဲ ကိုယ့်သေနတ်နဲ့ကိုယ် ပြန်နိုင်
တယ်” ဆိုတော့ သူက သူခင်တဲ့လေးစားတဲ့ တပ်ရင်းမှုးဗိုလ်ဇေယျနဲ့ပဲ နေခဲ့တာဆိုပဲ။ သူနိုင်ငံ
ရေးတွေ ဘာတွေလဲမသိပါဘူးတဲ့ စစ်တပ်ဆိုတာပြည်သူတွေကို အကာအကွယ်ပေးတာ သေ
နတ်ကိုင်ရတာ သဘောကျလို့ တပ်ထဲဝင်ခဲ့တာတဲ့ သူချစ်ခင်တဲ့ တပ်ရင်းမှုးက အစိုးရက မ
ကောင်းဘူး ပြည်သူတွေအတွက်တိုက်ကြရမယ်ဆိုလို့ တိုက်ခဲ့တာပါပဲတဲ့ အဲ့ဒီတုန်းက တကယ်
တော့ စစ်တိုက်ချင်နေတာပဲသိတယ်ဆိုပဲ။

အဲ့ဒီဘကြီးပေါ့ဗျာ ကိုချစ်ဖေသွားနှုတ်ဆက်တာ သူက ကိုချစ်ဖေတို့ “ဒီမိုကရေစီကြီးဆိုတာ တော်တော်လိုချင်တယ်ဆိုတာ သူသိတယ်တဲ့ သူလဲလိုချင်တယ်တဲ့ အဲ့ဒီဒီမိုကရေစီကြီးကို မင်းအစိုးရဆီက မရပေမဲ့ ငါ့အိမ်မှာတော့ မင်းရတယ်ကွာ ငါပေးတယ် မင်းကြိုက်တာပြော ကြိုက်သလို လွတ်လွတ်လပ်လပ်နေ ရပ်ကွက်လူကြီးတွေကလဲ ငါ့ကိုမဖမ်းဘူး ဒီကောင်တွေ မင်းကိုလဲ မဖမ်းစေရဘူးကွာ” တဲ့ ။

သူအဲ့ဒီလိုပြောတုန်းကတော့ ပေါ့ပေါ့ပါးပါးပါပဲ ငါ့ဦးလေး ဘကြီးက ငါ့ကိုချစ်ရှာသားပဲလို့ပဲ တွေးမိတာပါ။ ခုပြန်စဉ်းစားမိတော့ ဟုတ်တာပဲ ငါဘကြီးပြောတဲ့ ဒီမိုကရေစီကို သူပေးတယ်
ဆိုတာ သူပေးနိုင်သားပဲ သူအိမ် သူ့သားကျနော်အကိုအိမ် အမကြီးတွေအိမ်မှာ သူပေးတယ်
တဲ့ သူပေးနိုင်တာပေါ့ အဲ့ဒီအိမ်တွေမှာ သူက အာဏာပိုင်ပဲ သူ့သဘောနဲ့သူ့သြဇာနဲ့ သူက ဒီမို
ကရေစီကို ထူထောင်ထားတာကိုး ဒီမိုကရေစီလွတ်မြောက်နယ်မြေလေးတွေဖြစ်နေတာကိုး အဲ့
ဒီလိုဖြစ်ဖို့တော့ ဘကြီးက ရွာမှာ အင်အားပြရတာ ဘာညာတော့ရှိမှာပေါ့ဗျာ။ ဒီတော့ ဒီမိုကရေ
စီဆိုတာကြီးကို အစိုးရတွေကပေးပေး မပေးပေး ကိုယ့်ရွာမှာ အိမ်မှာ ကိုယ့်ဘာသာထူထောင်
မယ်ဆိုဖြစ်တာပဲ။ တရားတွေ များလာရင် မတရားတာတွေ ချဲသွားမှာပေါ့။

စစ်အာဏာရှင်တွေကို တိုက်ရိုက်မဖယ်ရှားနိုင်သော်လဲ ကျောက်တောင်ကြီးဖြိုသလို တနေ့
နည်းနည်း အားလုံးဝိုင်းဖြိုနိုင်ရင် တနေ့ စစ်အာဏာရှင်တွေ ကျရှုံးမှာပဲ ကိုယ်လုပ်နိုင်တာသေး
သေးလေးဖြစ်ချင်လဲဖြစ်မယ်ဗျာ စစ်အာဏာရှင်တွေကို ထိခိုက်အောင် သူ့ကို အားပေးထောက်
ကူနေတဲ့ ကြံဖွတ်တို့ စွမ်းအားရှင်တို့ကို ဒုက္ခပေးရပ်သွားအောင် အနည်းဆုံး လုပ်နိုင်တာလေး
တွေကနေလုပ်မယ် ကိုယ့်ရပ်ဝန်းဒေသကို ပိုမိုလွတ်လပ်အောင်တိုးချဲ့သွားမယ်ဆိုတာမျိုးပေါ့
ဗျာ။သူ့ဖက်ကလို တပ်ကြီးမရှိပေမဲ့ သိတယ်မှလား။ ဒုက္ခပေးတဲ့သူတွေ တန့်သွားအောင်အဲ့ဒါ
ကို ကိုချစ်ဖေတွေးမိသွားတယ်။ နို့မို့ သူတို့ကချည်းပဲ နှိပ်စက်နေတာမဟုတ်လား ကိုယ်ကလဲ
ခုခံပိုင်ခွင့် တွန်းလှန်ပိုင်ခွင့်ရှိတာပေါ့ တွန်းလှန်သင့်တာပေါ့ဗျာ တွန်းလှန်မှုတွေများလာရင်
ကျောက်တောင်ကြီးပြိုသလိုပေါ့။ သူတို့ကမှ ကျောက်တောင်ကြီးမဟုတ်တာဗျာ။ မဟုတ်လား
ကိုချစ်ဖေစဉ်းစားမိတာပါ။ သဘောမညီရင်လဲ လွတ်လပ်စွာသဘောကွဲလွဲကြတာပေါ့။

Read more...

Sunday, May 9, 2010

တကယ်ချစ်တာလား

တကယ်ချစ်တာလား

အဲဒီအချိန်တုန်းက စီးပွားရေးကြပ်တည်းမှုက ခုအချိန်ခုအနေလောက်မဆိုးသေး ခုအချိန်
လောက်မဆိုးသေးဆိုသော်လဲ တော်တော်ကြီးတော့ဆိုးဝါးနေပြီ မနက်မိုးလင်းနံနက်စာစားဖို့
လူအများစုက ကလေးတွေအဆာပြေစားနိုင်ဖို့ ထမင်းကြမ်းတောင်မထာားနိုင်ကြတော့ ဒါပေ
မဲ့လဲ ဗမာနည်းဗမာဟန်နဲ့တော့ ဇွဲရှိရှိ ချီတက်နေရတဲ့အချိန်ပါ။

အဲ့ဒီအချိန်မှာ ကိုချစ်ဖေရောက်လေ့ရောက်ထရှိတဲ့ ရွာကနေဈေးတက်ဝယ်လေ့ရှိတဲ့ မြို့လေး
မှာ ငယ်သူငယ်ချင်းတွေလို ရင်းနှီးလှတဲ့သူတွေ ဆရာသမားလိုချစ်ခင်ရတဲ့သူတွေနေတဲ့မြို့
ကိုချစ်ဖေရွာနဲ့ဆို ၉ မိုင် ၆ ဖါလုံ တခါတလေလိုင်းသင်္ဘော မမှီတဲ့အခါ လက်နှိပ်ဓါတ်မီးဆွဲပြီး
ကိုယ်ထူကိုယ်ထ ကားလမ်းတာကြီးအတိုင်းလမ်းလျှောက် ပြန်နေကြမြို့လဲဖြစ်တော့ အိမ်ဦး
နဲ့ကြမ်းပြင် တလတခေါက် ၂ခေါက် ၃ခေါက်ရောက်နေကြမြို့ မြို့ခံတွေကိုယ်တိုင်က ငယ်သူ
ချင်းတွေ လက်ဖက်ရည်ဆိုင်မှာ အချိန်အားကြတဲ့အခါ လူစုနေကြ သူ့အိမ်ကိုယ့်အိမ်ထမင်း
လိုက်စားနေကြတဲ့မြို့ သာရေးနာရေးရှိရင် ၀ိုင်းဝန်းကြတဲ့မြို့လေးလဲဖြစ် ရန်ကုန်ကအသစ်
ထွက်သမျှစာအုပ် မဂ္ဂဇင်းတော်တော်များများ ချက်ချင်းရောက်တဲ့မြို့ ဆိုတော့ ကိုယ်ချစ်ဖေ
လဲ ခဏခဏ အားတဲ့အခါ ဈေးတက်ဝယ်တဲ့အခါ လမ်းကြုံတဲ့အခါ သူငယ်ချင်းတွေရှိရာ ထို
မြို့လေးကို ရောက်ဖြစ်ပါတယ်။

အဲ့ဒီအချိန်ပိုင်းက ကိုချစ်ဖေလဲ မရောက်ဖြစ်တာ တလခွဲ နှစ်လလောက်ကြာသွားတော့ မြို့
လေးနဲ့အဆက်ပြတ်သွားတဲ့အချိန်မှာ ကိုချစ်ဖေရောက်သွားတော့ သူငယ်ချင်းတွေနဲ့လဲ ဆုံ
ဖြစ်တော့ သူငယ်ချင်းတွေက လက်ဖက်ရည်ဆိုင်မှာ ၀မ်းသာအားရ တိုးတိုး တိုးတိုးပြန်ပြော
ပြလို့သိရတာ ၀မ်းသာအားရအဖြစ်အပျက်ကို ဘာလို့ တိုးတိုး တိုးတိုးပြောရတာလဲဆိုတော့
ကိုချစ်ဖေမရောက်လာတဲ့ရက်မှာ ကိုချစ်ဖေဆရာ မြို့လေးရဲ့ ကျောင်းဆရာဟောင်း ကျူရှင်
ဆရာကြီးနဲ့ တပည့်တွေကနေစုပြီး လက်တလော ကိုယ်လုပ်နိုင်တာ လုပ်သင့်တာထဲကနေ
အလှုလုပ်ကြတာပါ။

ဆန်ရေစပါး သားငါးပုဇွန်ပေါတဲ့မြို့လေးမှာ ခုလိုမျိုးအလှုလုပ်ရတယ်ဆိုတော့ ရှေးရှေးတုန်းက
လူကြီးတွေသာ အသက်ပြန်ရှင်လာရင် မင်းတို့ကလဲကွာ ငါတို့မြို့လေးမှာ လူတွေစားနိုင်ပါသေး
တယ်ကွာ အခါကြီးရက်ကြီးကြမှ ကောင်းကောင်းလှုကြတန်းကြပါလားလို့ပြောကြမှာ ဒါပေမဲ့ မ
နေနိုင်တဲ့သူတွေ ကိုယ်ချင်းစာတရားရှိတဲ့သူတွေကတော့ လတ်တလောအခြေအနေမှာ ကိုယ်
လုပ်ပေးနိုင်တာလေးကနေစကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်မင်္ဂလာလဲရှိပါတယ်။ ၀မ်းသာစရာလဲ
ကောင်းပါတယ် မျှဝေစာနာရာလဲရောက်ပါတယ်။

အဲ့ဒီအလှုကတော့ ကြီးကြီးကျယ်ကျယ်လုပ်နိုင်တာမျိုးတော့လဲမဟုတ်ပါဘူး ဒါပေမဲ့ စစ်အာ
ဏာရှင်တွေကတော့ မကြိုက်ဘူးဗျ လုပ်နိုင်သလောက်ရယ် လုပ်နိုင်တဲ့သူတွေရယ်စုပြီး လုပ်
တဲ့ ဆန်ပြုတ်အလှုပါ ပထမတော့ ကလေးတွေ တော်တော်များများ လာစားကြပါတယ် နောက်
တော့ တဖြေးဖြေး မိုးပြဲဒယ် ၆ လုံး ရလုံးလောက်လဲဖြစ်လာတယ် ဆန်ပြုတ်ကလဲစုံလာတယ်
ဘဲသား ကြက်သား နွားနို့ အုန်းနို့ နဲ့ အစုံချက်နိုင်လာတယ် လာစားတဲ့ လူစုလူဝေးနဲ့အလှုငွေ
ထည့်ဝင်တဲ့သူတွေကလဲရှိလာတယ် လုပ်အားအကူ ငွေအကူ အကြံဥာဏ်အကူအစုံနဲ့လုပ်နိုင်
လာတယ် ဆန်ပြုတ်ဆိုပေမဲ့ကောင်းကောင်းချက်တာပါ ဘုန်းကြီးကျောင်းဘေးကွက်လပ်မှာ
သေသေချာချာကောင်းကောင်းမွန်မွန် ကျွေးမွေးတာပါ အိမ်ကိုပါဆယ်သယ်ချင်တဲ့သူတွေကို
လဲ ထည့်ပေးပါတယ်။ စားနိုင်သောက်နိုင်လှုနိုင်တဲ့အလှုရှင်တွေကိုယ်တိုင်ကလဲ သွားစားသွား
ဝိုင်းကူလုပ်ပေးကြတော့ လာစားတဲ့သူတွေ ပါဆယ်ယူသွားဖို့ တန်းစီတဲ့သူတွေ များလာပါ
တယ်။

အဲ့ဒီတော့ ထုံးစံအတိုင်းပေါ့ဗျာ လူစုစုဖြစ်လာတာကို မြို့နယ်ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးအ
ရာရှိတွေက ရွှေစိတ်တော်ညိုလာတာပေါ့ ညိုဆို ရှစ်လေးလုံးအရေးအခင်းကြီးတုန်းက တက်
တက်ကြွကြွပါဝင်ခဲ့တဲ့သူတွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ကအလံမလှဲတဲ့သူတွေက ဦး
ဆောင်တာကိုး ဘာပဲဖြစ်ဖြစ် ဘယ်သူပဲလှုလှု မရှိတဲ့သူတွေအဖို့တော့ အဆာတော့ပြေသွား
ရတာပေါ့ဗျာ ဒါပေမဲ့မရဘူးခင်ဗျ ဦးဆောင်တဲ့သူတွေကို ခေါ်ပြီး ခင်ဗျားတို့လှုတာရပ်မလား
ကျနော်တို့ အကြောင်းတခုခုနဲ့ဖမ်းရမလား ဆိုပြီးပြောတော့ ရပ်ပေးလိုက်ရပါတယ်။ အဲ့ဒီအ
လှုမှာ နိုင်ငံရေးနောက်ခံ မရှိတဲ့ ရိုးရိုးစီးပွားရေးသမားတွေ အများကြီးအကူအညီပေးပါတယ်။
တကယ်ဆို သူတို့မလုပ်နိုင်တဲ့အလုပ် ပြည်သူတွေအတွက်လဲ အကျိုးရှိတဲ့အလုပ်ပေမဲ့ သူတို့
အာဏာကို ထိပါးမယ်လို့ယူဆတယ်ဆို သည်းမခံပါဘူး။ ခုတော့ သည်းမခံတဲ့ အာဏာရှင်
ဒေါက်တိုင်တွေလဲ ထောင်နန်းစံရတော့ သဘောတော့ပေါက်တဲ့သူတွေလဲပေါက်ကြမှာပေါ့ဗျာ။

တချို့ကတော့ လူမှုရေးအလုပ်ဆိုတာ သေးသေးမွှားမွှားပါ နိုင်ငံရေးမှ နိုင်ငံရေးအာဏာရမှ အများကြီး ထိထိရောက်ရောက်လုပ်နိုင်မှာပါဆိုပြီး လူမှုရေးအလုပ်တွေကို သိပ်အထင်မကြီး
ကြဘူးဗျ လူမှုရေးဆိုတာ နိုင်ငံရေးရဲ့ လက်အောက်ခံပါ ဘာညာပြောကြသေး ဟုတ်ပါတယ်
နိုင်ငံရေးကတော့ခေါင်ပေါ့ဗျာ ဒါပေမဲ့လဲ နိုင်ငံရေးဆိုတာ လဲကိုယ့်ပြည်သူတွေအတွက်လုပ်
တာပဲမဟုတ်လား များများမလုပ်နိုင်ခင်မှာ နည်းနည်းလုပ်နိုင်သလောက်လုပ်တော့လဲ ကောင်း
တာပါပဲ ကန္တာရကြီးထဲက အိုအေစစ်လေးတွေ များလာရင်လဲ ကန္တာရကြီးဆိုတာ ဘယ်ရှိတော့
မလဲမဟုတ်လား။

နောက်နိုင်ငံရေးအဓိကလုပ်မယ်လို့ အော်နေတဲ့ နိုင်ငံရေးသမားရင့်မကြီးတွေကလဲ လူမှုရေး
အလုပ်သမားလယ်သမားရေးတွေကို သူတို့ဖြစ်ချင်တာဖြစ်ဖို့ လောက်သာစည်းရုံးတာ သူတို့
မဲရရေးအတွက်သာ စည်းရုံးတာဖြစ်ပြီး တကယ်စိတ်ပါဝင်စားပြီးကိုယ်တိုင်ကိုယ်ကြ ကူညီပါ
ဝင်သူတွေက နည်းပါတယ် ရွာမှာဆို အစိုးရပါတီ အတိုက်အခံပါတီ ဘယ်ပါတီပဲလာလာ အိမ်
ကကြက်လေးရိုက်သတ် မရှိရှိတာလေးချက်ကျွေး မစားရ၀ခမန်းနိုင်ငံရေးစကားတွေနားထောင်
ပြီးပြန်သွားကြ မြို့မှာတွေ့တော့ လက်ဖက်ရည်လေးတောင်ပြန်မတိုက်ချင်ကြတဲ့သူတွေများပါ
တယ်။

ကိုချစ်ဖေစဉ်းစားတာကတော့ အဲ့ဒီအလုပ်သမား လယ်သမား ခေါင်းရွက်ဗျတ်ထိုးဈေးသည် ဆိုက်ကားသမား ပွဲစား ကုန်သည် ၀န်ထမ်းအားလုံးက မိုးပေါ်ကကျလာကြတာမဟုတ်ပါဘူး
သူတို့ရဲ့အရေးကို လက်တွေ့ကျကျ ကူညီလုပ်ကိုင်ပေးမှ စည်းရုံးရေးလုပ်မှ သူတို့ကလဲ ကိုယ်နဲ့
အတူပူးပေါင်းပါဝင်လာမှာပါ။ ၁၀ တန်းအောင်ဖို့အဓိကဆိုပေမဲ့ သူငယ်တန်းကနေ စသင်ကြရ
တာပဲ မဟုတ်လား။ ခု စစ်အစိုးရရဲ့ အခြေခံဥပဒေကို သဘောမတူတဲ့ လက်မခံတဲ့ နိုင်ငံရေး
ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်ကြီးကနေ လူထုကိုမျက်နှာမူတဲ့ လူထုအကျိုးကို
ရှေးရှု့တဲ့ လူထုကို ကူညီတဲ့ လူထုနဲ့တသားထဲဖြစ်တဲ့ နိုင်ငံရေးကို ဆက်လုပ်ကြမယ် ပါတီရှိရှိ
မရှိရှိ နိုင်ငံရေးတော့ရှိတယ် ဆက်လုပ်နိုင်တာတွေ နက်ဝက်တွေဖွဲ့ စုစည်း ပေါင်းစပ်လုပ်ကြ
မယ်ဆိုတော့ ၀မ်းသာစရာဗျာ။

နို့မို့ နိုင်ငံရေးပါတီဆိုတာဗျာ စစ်အာဏာရှင်တွေ ခွင့်ပြုသလောက်လေးပဲ လုပ်ကြတာပါ ယူနီ
ဖေါင်းလေးဝတ်လမ်းသလား(ဒါတောင်ပြည်တွင်းမှာ မလွယ်ကူဘူးနော တော်ရုံသတ္တိဗျတ္တိနဲ့မ
လုပ်ရဲ) ပြည်ပမှာဆို လက်တော့လေးတွေရှေ့ချ လခရတဲ့သူတွေလဲရကြလို့နောက်လာနောက်
သားတွေက ထင်သွားရင်မခက်လား စစ်ကျွန်ဘ၀က သက်ဆိုးဆက်ရှည်နေရတော့မှာပေါ့။
ကိုချစ်ဖေဥာဏ်လေးနဲ့ ကိုချစ်ဖေထင်တာပြောတာပါ မှားရင်လဲမှားနေမှာပေါ့။

လူထုကို တကယ်ချစ်တဲ့ သူတွေလုပ်တဲ့အနစ်နာခံမှုမျိုးကိုတော့ သူတို့လိုက်မလုပ်နိုင်ကြပါဘူး
ကိုကျော်သူရဲ့ နာရေးကူညီမှုအသင်းလိုမျိုး ကို ကြံဖွံက အံတုလို့မှ မရပဲဗျာ။ လူထုကိုတကယ်
ချစ်တယ်ဆို လုပ်ကြပေါ့နော။ မဟော်သဓါသားတရားစီရင်ခန်းလို အမေအစစ်က ဘယ်သူလဲ
ပြည်သူတွေကိုတကယ်ချစ်တာလား မချစ်ဘူးလားဆိုတာဆိုတာ လက်တွေ့ကပဲ ပြည်သူတွေ
အတွက် အဆုံးအဖြတ်ပေးနိုင်မှာပါ။ ကိုယ့်လူရော သူ့လူရောပေါ့။

Read more...

Sunday, May 2, 2010

ရှင်ကွဲ

ရှင်ကွဲ

တောင်တန်းကြီးရဲ့ကျောပေါ်မှာ
တင်ထားတဲ့ ရထားသံလမ်းလေးဟာ
ဂီတာကြိုးဆိုရင်
ရထားဥသြသံလေးက ဂီတာသံပေါ့မေမေ။

စက္ကူစွန်တွေ တိမ်စားတဲ့ကစားပွဲမှာ
သားမပါခဲ့ဘူး။
(သားကိုသား လွှတ်တင်ဖို့ ကြိုးတချောင်းမရှိခဲ့တာလဲပါမှာပေါ့)

အဲ့ဒီည

အိမ်ခြေယာမဲ့တယောက်ရဲ့ ညမှာမှ
လှိုင်းတွေက
သားကိုလာလာစီးတယ်
သားကတော့ ပင်လယ်ကိုမေမေ့ရင်ခွင်လို
တိုးဝှေ့ခဲ့ပေါ့။

မိုးစဲနေ

Read more...

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP